Chapter 173
နောက်ဆုံးတွင် ကျိယွီရှောင်ကို သူနာပြုက တွန်းထုတ်လာလေသည်။
ဝေ့ကျွင်းဟယ်က ကျိယွီရှောင်ထံ ချက်ချင်း ပြေးသွားလိုက်သည်။
"ဘယ်လိုလဲ..."
လင်းလော့ချင်းက စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။
'ယောကျာ်းလေးလား...မိန်းကလေးလား...'
"အဆင်ပြေပါတယ်..."
ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဘာလို့ ဒီနေ့ ဒီလောက်တောင် ကြာနေရတာလဲ..."
"တခြားစစ်ဆေးမှုလေးတွေ ထပ်လုပ်နေလို့ပါ..."
ထိုစကားကို ကြားသောအခါ ဝေ့ကျွင်းဟယ်က စိတ်သက်သာရာရသွားလေသည်။
"ကောင်းတယ်...ငါက မင်းရဲ့အခြေအနေဆိုးသွားမှာကို စိုးရိမ်နေတာ..."
ကျိယွီရှောင်က သူ့ကို ဆွလိုက်သည်။
"ဘယ်လိုတွေ တွေးနေတာလဲ..."
ဝေ့ကျွင်းဟယ် ရယ်မောလိုက်သည်။
"ဟုတ်ပါရဲ့...စစ်ဆေးပြီးသွားပြီဆိုတော့ ငါ မင်းနဲ့မရီးကို ထမင်း ဖိတ်ကျွေးမယ်...သွားရအောင်..."
ထိုအခါ ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်ပြီး လင်းလော့ချင်းကလည်း ကျိယွီရှောင်၏အကြည့်ကို ခံစားမိသောကြောင့် ပြုံးပြလိုက်သည်။
ကျိယွီရှောင်လည်း ပြန်ပြုံးပြလိုက်၏။
"သွားကြရအောင်..."
"အိုကေ..."
စားသောက်ပြီးနောက် သူတို့ ကားထဲသို့ ရောက်သောအခါ လင်းလော့ချင်းက ကျိယွီရှောင်ကို မေးလိုက်သည်။
"ဘာဖြစ်လို့ ရုတ်တရက် ထပ်စစ်ဆေးနေရတာလဲ...တစ်နေရာရာက အဆင်မပြေလို့လား..."
"နည်းနည်းပေါ့..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
လင်းလော့ချင်းက အံ့ဩသွားပြီး ကျိယွီရှောင်၏လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"ဘယ်နားလဲ...ဘာဖြစ်နေလို့လဲ...ကုသဖို့ လိုသလား..."
ပြောနေစဉ် သူက ကျိယွီရှောင်၏ခြေလက်များကို စိုးရိမ်တကြီးစစ်ဆေးလိုက်လေသည်။
"ဆရာ၀န်က မိသားစု၀င်တွေကို ဘာမှာလိုက်လဲ...ငါ ဘာလုပ်သင့်တယ်တဲ့လဲ..."
ကျိယွီရှောင်က လင်းလော့ချင်း၏စိုးရိမ်ပူပန်မှုကို မြင်သောအခါ လင်းလော့ချင်းကို ပွေ့ဖက်လိုက်လေသည်။
"ဘာလို့ မင်းက ဒီလိုဖြစ်နေရတာလဲ..."
"မင်း ဘာမှားနေတာလဲ ပြောလေ..."
"ကောင်းတာရော မဖြစ်နိုင်ဘူးလား..."
လင်းလော့ချင်း :"???"
လင်းလော့ချင်းက ကျိယွီရှောင်ကို သံသယရှိစွာ ကြည့်လိုက်သည်။
ကျိယွီရှောင်က ခြေထောက်တင်မဟုတ်ဘဲ ဦးနှောက်ပါ မကောင်းတော့ဘူးလား...
"မင်းက ငါ မသိအောင် ဘာတွေစီစဉ်နေတာလဲ..."
လင်းလော့ချင်း မေးလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏မျက်လုံးထဲမှသံသယများကို မြင်သောအခါ ပြောလိုက်သည်။
"ငါ အဆင်မပြေသလို ခံစားနေရတာက ကောင်းတာ မဟုတ်ဘူးလား..."
“ကောင်းတာလား...ဒါက ဘာလို့ကောင်းတာဖြစ်ရမှာလဲ..."
လင်းလော့ချင်း ရှုပ်ထွေးသွားသည်။
"မဟုတ်ရင် ဘာမှမခံစားရတာက ကောင်းတာလား..."
လင်းလော့ချင်းက ပါးစပ်ကို ဖွင့်ကာ ပြန်ချေပမည်လုပ်စဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး တစ်ဖက်လူကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"မင်း..."
လင်းလော့ချင်းက ကျိယွီရှောင်ကို မယုံနိုင်စွာ စိုက်ကြည့်နေလေသည်။
သူ ဘာပြောလိုက်တာလဲ...တစ်ခုခုကို ခံစားနေရတယ်တဲ့လား...
"မင်း...မင်း ခံစားနိုင်ပြီလား..."
ကျိယွီရှောင်က လက်ညှိုးဖြင့် လင်းလော့ချင်း၏နှုတ်ခမ်းပေါ် ဖိလိုက်သည်။
"ရှူး..."
"နည်းနည်းပဲ ခံစားရတာ...တကယ်နည်းနည်းပဲ...ဆရာ၀န်ကသာ အဲ့ဒါကို ဂရုမစိုက်မိခဲ့ရင် ငါ အဲ့ဒါကို သိတောင်သိမှာ မဟုတ်ဘူး..."
ကျိယွီရှောင်၏အသံက အလွန်နူးညံ့နေလေသည်။
"အဲ့အဓိပ္ပာယ်က..."
လင်းလော့ချင်းက အလွန်၀မ်းသာသွားလေသည်။
ကျိယွီရှောင်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
"မင်း ဒီကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူး...မင်း အရင်အတိုင်းနေသွားဖို့ပဲလိုတယ်..."
လင်းလော့ချင်းက အလွန်အမင်းပျော်ရွှင်နေပြီး မျက်နှာပေါ်ရှိ အပြုံးကို ဖုံးဖိရန်ပင် ခဲ့ယဉ်းလေသည်။
ကောင်းတယ်...အရမ်းကောင်းတယ်...ကျိယွီရှောင်ရဲ့ခြေထောက်တွေက ပြန်ခံစားနိုင်ပြီ...နည်းနည်းလေးပဲ ခံစားရစေဦး...ဒါက ပြန်မတ်တပ်ရပ်နိုင်ဖို့ မျှော်လင့်ချက်ပဲ...
လင်းလော့ချင်းက ခေါင်းကို မော့ကာ ကျိယွီရှောင်၏မျက်နှာကို နမ်းလိုက်သည်။ သူ့မျက်လုံးများက ကြယ်သဖွယ် တောက်ပနေလေသည်။
"ကောင်းတယ်...ဒါက အရမ်းကောင်းတယ်..."
နောက်ဆုံးတွင် လင်းလော့ချင်းက တစ်ဖက်လူကို ပွေ့ဖက်လိုက်ပြီး တစ်ဖက်လူ၏လက်မောင်းထဲပစ်၀င်လိုက်လေသည်။
သူက အလွန်ပျော်ရွှင်နေပြီး သူ့တစ်ကိုယ်လုံးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ ကျိယွီရှောင်ပင်လျှင် လင်းလော့ချင်းထံမှ ပျော်ရွှင်မှုများ ကူးစက်ကာ အနည်းငယ် ပိုပျော်ရွှင်လာလေသည်။
ဆေးရုံတွင် ဆရာ၀န်၏စကားကို ကြားသောအခါ သူ ပျော်ရွှင်ခဲ့ရသော်လည်း ယခု လင်းလော့ချင်း၏စိတ်လှုပ်ရှားပျော်ရွှင်မှုများကို မြင်သောအခါ နှလုံးသားအောက်ခြေကပင် အဆုံးအဆမရှိ ပျော်ရွှင်နေလေသည်။
နောက်ဆုံးတွေ မတ်တပ်ရပ်ပြီး သူ့ချစ်သူကို ပွေ့ဖက်ဖို့ အခွင့်အရေး ရှိလာပြီ..."
"ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူကိုမှ ပြောပြလို့ မရဘူးနော်..."
ကျိယွီရှောင်က ပြောလိုက်သည်။
"အဲ့ထဲမှာ ဝူရှင်းယွမ်နဲ့တခြားလူတွေလည်း ပါတယ်..."
"ဟုတ်ပါပြီ..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"စိတ်မပူပါနဲ့...ငါ ဘယ်သူကိုမှ ပြောမှာ မဟုတ်ဘူး..."
"ငါသိပါတယ်..."
ကျိယွီရှောင်က လင်းလော့ချင်း၏နဖူးကို နမ်းလိုက်၏။
သူ့ချင်းချင်းက အရမ်းထက်မြက်တဲ့သူ...ဘယ်တော့မှ စကားအပိုမပြောသလို မေးခွန်းတွေ အများကြီးကိုလည်း မမေးဘူး...သူက သူ့ဘေးမှာ တိတ်တိတ်လေး ရပ်နေပြီး သူ့ကို ပံ့ပိုးပေးနေတာ...
ကျိယွီရှောင်က သူ့လက်မောင်းထဲမှ လင်းလော့ချင်းကို တိတ်တဆိတ် ပွေ့ဖက်လိုက်သည်။
ဘယ်လောက်ပဲ ဆိုးရွားပါစေ..ကံကောင်းတဲ့အချိန်က ရှိဦးမှာပဲ...
ကျိယွီရှောင်က တိုးညှင်းစွာ ရယ်မောလိုက်သည်။
ဒီနေ့က တကယ်ကောင်းတဲ့နေ့ပဲ...
လင်းလော့ချင်းနှင့်ကျိယွီရှောင်ပြန်လာသည်ကို မြင်သောအခါ ကျိလဲ့ယွီက တစ်ဖက်လူထံ အပြေးအလွှားမေးလိုက်သည်။
"ဒယ်ဒီ...ပိုကောင်းလာပြီလား..."
ကျိယွီရှောင်က ဆရာ၀န်ထံ သွားပြတိုင်း သူက ယခုလိုမေးလေ့ရှိပြီး ထိုသို့မေးသည့် အချိန်တိုင်း ကျိယွီရှောင်က သူ့ကို နှစ်သိမ့်ပေးပြီး ပိုကောင်းလာပြီဟု ပြန်ဖြေလေ့ရှိလေသည်။
ထိုအချိန်တိုင်း သူက ၀မ်းသာအားရ ရယ်မောလေ့ရှိလေသည်။
ဤတစ်ကြိမ်တွင်မူ ကျိယွီရှောင်က သူ့ကို မနှစ်သိမ့်ပေးချေ။ သူက ကျိလဲ့ယွီကို အမှန်အတိုင်းပြောပြလိုက်သည်။
"ပိုကောင်းလာပြီ..."
ကျိလဲ့ယွီ ပြုံးလိုက်သည်။
လူကြီးများက ကလေးများ၏မေးခွန်းကို ၀တ်ကျေတမ်းကျေသာ ပြန်ဖြေလေ့ရှိလေသည်။ ကျိယွီရှောင်က အမှန်အတိုင်းကို ဖုံးကွယ်ထားပြီး သူသည်လည်း ကျိယွီရှောင်၏စကားကို မယုံကြည်ပေ။
လင်းလော့ချင်းက တစ်မနက်လုံး ပင်ပန်းနေခဲ့ခြင်းဖြစ်သည့်အတွက် ကျိယွီရှောင်ကို စာဖတ်ခန်းထဲ လိုက်ပို့ပြီးသောအခါ အိပ်ခန်းထဲ ပြန်အနားယူလိုက်လေသည်။
သူက မှေးခနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာသောအခါ ကျိယွီရှောင်၏ခြေထောက်များ ပိုကောင်းလာသည်ကို ပြန်သတိရသွားပြီး ကုတင်ပေါ်တွင် ထိုင်ကာ ရယ်မောလိုက်လေသည်။
သူ ရယ်မောနေစဉ် သူ့ဖုန်းက မြည်လာလေသည်။ လင်းလော့ချင်းက ဖုန်းကို ကြည့်လိုက်သောအခါ ချန်ဖုန်းက ဖုန်းခေါ်လာခြင်းဖြစ်သည်။
လင်းလော့ချင်းက စိတ်ခံစားချက် ကောင်းနေသောကြောင့် ဖုန်းကို ကိုင်လိုက်သည်။
"ဟဲလို..."
ချန်ဖုန်းက လင်းလော့ချင်း၏အသံကို ကြားသောအခါ ဒေါသတကြီး ပြောလိုက်သည်။
"လော့ချင်း နင် ဘာလှည့်ကွက်တွေ ကစားနေတာလဲ...နင်က အခုကျိယွီရှောင်နဲ့ လက်ထပ်ပြီး ရှင်းရီရဲ့စီးအီအိုဖြစ်နေပြီလေ...ဘာလို့ လင်းမိသားစုက ရှယ်ယာတွေကို လိုချင်နေရသေးတာလဲ...နင် မကျေနပ်နိုင်သေးဘူးလား..."
လင်းလော့ချင်းက ပျင်းရိစွာ ပြောလိုက်သည်။
"ကျွန်တော်က ရှယ်ယာတွေကို လိုချင်နေတာမှ မဟုတ်ဘူး...အဖေက ကျွန်တော့်ကို တကယ်ချစ်တယ်ဆိုတာကို ယွီရှောင်က မခံစားရလို့သာ ရှယ်ယာတွေ တောင်းလိုက်တာလေ...ကျွန်တော် လိုချင်တယ်လို့ မပြောမိပါဘူး..."
“အဲ့လိုဆိုလည်း ကျိယွီရှောင်ကို ငါတို့မိသားစုကိစ္စထဲ ၀င်မပါအောင် သိမ်းသွင်းလေ..."
"ကျွန်တော် သူ့ကို ပြောပြီးပါပြီ...သူက ပြောတယ်...ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ဖြတ်လိုက်ရင်၀င်မပါတော့ဘူးတဲ့..."
ချန်ဖုန်းက ထေ့ငေါ့လိုက်သည်။
"လင်းလော့ချင်း မမေ့နဲ့...နင် ကျိယွီရှောင်နဲ့လက်ထပ်ခဲ့ရတာက ငါနဲ့လော့ကျင်းကြောင့်ပဲ...နင်က ငါတို့ကို ကျေးဇူးပြန်ဆပ်ရမဲ့အစား ရှယ်ယာတွေကို ယူချင်သေးတယ်ပေါ့...နင်က လူရော ဟုတ်ရဲ့လား...နင်သာ ဒါကို ဆက်လုပ်နေဦးမယ်ဆိုရင် နင် ကျိယွီရှောင်ကို ဘာကြောင့် လက်ထပ်ခဲ့လဲဆိုတာကို ကျိယွီရှောင်ကို ပြောပြလိုက်မယ်...လက်ထပ်ဖို့ သုံးသန်းတောင်းခဲ့တယ် ဆိုတာကို ပြောပြလိုက်မယ်..."
လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။
"အဲ့ကိစ္စကို အဖေနဲ့ အရင်ဆွေးနွေးလိုက်ရင် ပိုကောင်းမယ်နော်...အဖေက ဒါကို သိသွားရင် ဒေါသထွက်နေဦးမယ်..."
"နင်က နင့်အဖေနဲ့တောင် ငါ့ကို ခြိမ်းခြောက်နေတယ်ပေါ့...ကောင်းတယ်...သိပ်ကောင်းတယ်...လင်းလော့ချင်း နင်က လင်းမိသားစုရဲ့ရှယ်ယာတွေကို လိုချင်နေတာပဲ..."
"ကျွန်တော် လိုချင်တာမဟုတ်ဘူး...ကျိယွီရှောင်လိုချင်တာပါဆို...အန်တီ ဘာဖြစ်လို့ ဒါကို နားမလည်ရတာလဲ..."
“ကောင်းပြီ လင်းလော့ချင်း...နင်စောင့်ကြည့်နေ..."
ချန်ဖုန်းက ပြောပြီးနောက် ဖုန်းကို ချလိုက်သည်။
သူက ကုတင်ပေါ်တွင် ထိုင်ကာ ဒေါသထွက်နေစဉ် အဖေလင်းက သူ့ကို ပြောလာလေသည်။
"ငါ အဲ့ကိစ္စကို စဉ်းစားကြည့်ပြီးပြီ...လင်းလော့ကျင်းရဲ့ရှယ်ယာတစ်၀က်ကို လင်းလော့ချင်းကိုပေးလိုက်မယ်...အဲ့လိုဆို လင်းလော့ချင်းနဲ့ပြန်ဆက်သွယ်နိုင်ပြီး ကျိယွီရှောင်ကလည်း ငါတို့ကုမ္ပဏီကို တခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးလိမ့်မယ်...ဥပမာ လင်းလော့ချင်း အခုရှိနေတဲ့ရှင်းရီပေါ့...ကုမ္ပဏီက ဖျော်ဖြေရေးကုမ္ပဏီနဲ့ ချိတ်ဆက်လိုက်ရင်လည်း အရှုံးမရှိပါဘူး...လုပ်လိုက်ကြတာပေါ့..."
“မရဘူး..."
ချန်ဖုန်း ငြင်းဆန်လိုက်သည်။
"ကျွန်မပြောပြီးပြီလေ...ရှောင်ကျင်းရဲ့ရှယ်ယာတွေက ရှောင်ကျင်းဟာတွေပဲ...အဲ့ဒါကို ထိဖို့ မစဉ်းစားနဲ့..."
"ဒါဆို ငါ့ရှယ်ယာတွေကို လော့ချင်းဆီ ပေးရမှာလား...အဲ့ဒါက သင့်လျော်ရဲ့လား...ငါ ဂရုမစိုက်ဘူး...ရှောင်ကျင်းဟာကို ခွဲပေးလိုက်..."
"ရှင် ရှောင်ကျင်းအတွက် မစဉ်းစားပေးဘူးလား..."
ချန်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး အော်ုက်သည်။
အဖေလင်းက ယင်းကို ဂရုမစိုက်ပေ။
"ကုမ္ပဏီက နောက်ဆို သူ့ဟာဖြစ်လာမှာပဲလေ...ဒီအခွင့်အရေးကို သုံးပြီး ကုမ္ပဏီကို တိုးတက်အောင် လုပ်တာက ပိုမကောင်းဘူးလား...ဒါလေးကိုတောင် သူ နားလည်မပေးနိုင်ဘူးလား..."
ချန်ဖုန်းက ယင်းကို လုံး၀ သဘောမတူနိုင်ပေ။ သူက လင်းမိသားစုထဲသို့ ဇနီးသည်အဖြစ် ၀င်နိုင်အောင် နှစ်များစွာ ကြိုးစားခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် လင်းလော့ချင်းနှင့်လင်းလော့ရှီးကိုလည်း အကျိုးကျေးဇူးများ ခွဲမပေးချင်သောကြောင့် ကြိုးစားနှင်ထုတ်ခဲ့ရလေသည်။
အခု အဲ့လိုလုပ်လိုက်ရင် သူ့ကြိုးစားမှုတွေက အချည်းနှီးဖြစ်သွားမှာ မဟုတ်ဘူးလား...
လင်းမိသားစုမှာရှိတဲ့ အရာအားလုံးက သူနဲ့သူ့သားဟာတွေပဲ...ဘာဖြစ်လို့ လင်းလော့ချင်းကို ပေးရမှာလဲ...
"ကျွန်မ သဘောမတူဘူး...ရှင်သာ အဲ့လို ဆက်လုပ်နေရင် လင်းလော့ချင်းက ကျိယွီရှောင်ကို ဘာလို့လက်ထပ်ခဲ့လဲဆိုတာကို ကျိယွီရှောင်ဆီ သွားပြောပြမယ်...သုံးသန်းယူပြီး လက်ထပ်ခဲ့တယ်ဆိုတာကိုသွားပြောပြမယ်..."
"မင်း လုပ်ရဲလား..."
အဖေလင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"သတ္တိရှိရင် စမ်းကြည့်လိုက်...အဲ့အချိန်ကြရင် ငါ ရှောင်ကျင်းရဲ့ရှယ်ယာတွေ အားလုံးကို လော့ကျင်းဆီ ပေးပစ်လိုက်မယ်...ငါ မသေသေးဘူး...ကုမ္ပဏီက ငါ့အပိုင်ဖြစ်နေတုန်းပဲ...မင်းက ဘယ်လိုအရည်အချင်းနဲ့များ ဒီလိုပြောရဲတာလဲ..."
အဖေလင်းက သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ စိတ်ပျက်နေလေသည်။
"မင်း ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...မင်း အရင်လို မဟုတ်တော့ဘူး...အရင်တုန်းကဆို မင်းက အရမ်းသိမ်မွေ့တာ...အခုတော့ ယုံရှင်းလောက်တောင် မတော်တော့ဘူး..."
ချုံးယုံရှင်းက အဖေလင်း၏ပထမဇနီးဖြစ်ပြီး လင်းလော့ချင်းနှင့် လင်းလော့ရှီး၏မိခင်ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ချန်ဖုန်းက ချက်ချင်းတိတ်ဆိတ်သွားလေသည်။
သူက အဖေလင်းအပေါ် မှီခိုနေရဆဲဖြစ်ပြီး သူ့ကို ငြီးငွေ့သွားအောင် မလုပ်နိုင်ပေ။ မဟုတ်လျှင် အဖေလင်းက ချုံးယုံရှင်းကို လှည့်စားခဲ့သကဲ့သို့ သူ့ကို လှည့်စားလာနိုင်ပေသည်။
ချန်ဖုန်းက မျက်ရည်များ ကျလာလေသည်။
"ရှောင်ကျင်းအတွက် စိတ်မကောင်းလို့ အဲ့လိုပြောမိတာပါ...ဒေါသမထွက်ပါနဲ့...ကျွန်မ ထပ်စဉ်းစားကြည့်ပါမယ်..."
အဖေလင်းက ချန်ဖုန်းကို မနှစ်မြို့စွာ ကြည့်လိုက်ကာ စကားပြောပြီးနောက် အခန်းထဲမှ ထွက်သွားလိုက်သည်။
"မင်း ထပ်စဉ်းစားကြည့်ပေါ့...ဘာပဲဖြစ်ဖြစ် ငါကတော့ ဆုံးဖြတ်ပြီးပြီ...*
ချန်ဖုန်းက အဖေလင်းထွက်သွားသည်ကို ကြည့်ကာ ကုတင်ပေါ်သို့ ထိုင်ချလိုက်လေသည်။
သူက အလွန် ဒေါသထွက်နေကာ လက်နှစ်ဖက်ဖြင့် အိပ်ရာခင်းကို ဆုပ်ကိုင်ထားပြီး လင်းလော့ချင်းကို အပြစ်တင်နေလေသည်။
ဒါတွေ အားလုံးက လင်းလော့ချင်းကြောင့်ပဲ...လင်းလော့ချင်းကြောင့်သာ မဟုတ်ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး...
လင်းလော့ချင်းက ဘယ်အချိန်ကစပြီး ပြောင်းလဲသွားတာလဲ...သူက အရင်လို မိုက်မဲပြီး ထင်ရာစိုင်းတတ်တဲ့သူ မဟုတ်တော့ဘူး...သူက တွက်ချက်ပြီး သူ့ကို မောင်းထုတ်ခဲ့တဲ့အိမ်ထဲကို တစ်လှမ်းပြီး တစ်လှမ်း တိုး၀င်လာတာပဲ...
ချန်ဖုန်းက နောက်ဆုံးအကြိမ် လင်းလော့ချင်းနှင့်နှစ်ယောက်တည်း တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်သတိရသွားသည်။ လင်းလော့ချင်းက ထိုအချိန်မှစ၍ ပြောင်းလဲသွားပုံပေါ်လေသည်။
လင်းလော့ချင်းက အလွန်ပြောင်းလဲသွားခဲ့ပြီး လင်းဖေးနှင့်ဆက်ဆံရေးကပင် ပြောင်းလဲသွားခဲ့သည်။
အစပိုင်းတွင် လင်းလော့ချင်းက လင်းဖေးကို မကြိုက်ခဲ့ပေ။ တိုက်ခန်းတွင် လင်းဖေးနှင့်တွေ့ခဲ့စဉ်က လင်းဖေး၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်အချို့ရှိသည်ကို သူ သတိထားမိခဲ့သည်။ သို့သော် လင်းလော့ချင်းနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က လင်းလော့ချင်းက လင်းဖေးအတွက် စိတ်ပူနေခဲ့လေသည်။ လင်းလော့ကျင်း၏ပြောစကားအရဆိုလျှင် ရှော့ပင်းမောလ်တွင် လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီအတွက် အ၀တ်အစားများ ၀ယ်ပေးနေခဲ့လေသည်။
အကြောင်းရင်းက ဘာလဲ...
ချန်ဖုန်း နားမလည်နိုင်ပေ။
လင်းလော့ချင်းက ဘာဖြစ်လို့ လင်းဖေးအပေါ် ရုတ်တရက် ကောင်းသွားရတာလဲ...
ကျိလဲ့ယွီကြောင့်လား...
ကျိယွီရှောင်ရဲ့မိသားစုမှာ ကလေးတစ်ယောက်ရှိတဲ့အတွက် ကျိလဲ့ယွီကို ခြောက်မိမှာ ကြောက်လို့လား...
ဒါမှမဟုတ် ကျိလဲ့ယွီက လင်းဖေးကို ကြိုက်တဲ့အတွက် သူ့ကို ကောင်းကောင်းဆက်ဆံနေရတာလား...
အဲ့လိုတွက်ကြည့်ရင် လင်းဖေးက သူနဲ့ကျိလဲ့ယွီကို ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းပဲ...
ချန်ဖုန်းက လင်းဖေးနှင့်ကျိလဲ့ယွီ အိမ်သို့ရောက်လာသည့်နေ့ကို ပြန်သတိရသွားလေသည်။
လင်းဖေး မစားရင် ကျိလဲ့ယွီကလည်း မစားဘူး...သူက လင်းဖေးရဲ့လက်ကို ကိုင်ပြီး ကိုကိုလို့ခေါ်နေတာ...
ကျိလဲ့ယွီက လင်းဖေးကို ချစ်တယ်...တကယ်လို့ သူသာ သူ့အစ်ကိုက လင်းလော့ချင်း အနိုင်ကျင့်တာကို ခံခဲ့ရတယ်ဆိုတာကို သိသွားရင် ဘယ်လိုဖြစ်သွားမလဲ...
ဒါမှမဟုတ် သူ့ချစ်ရတဲ့အစ်ကိုက လင်းလော့ချင်းနှိပ်စက်တာကို ခံရလို့ သူ့ကို ထားသွားမယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ...
ကျိလဲ့ယွီက လင်းလော့ချင်းကို အရမ်းမုန်းသွားမှာမလား...
ကျိယွီရှောင်က ကျိလဲ့ယွီကို သူ့အသက်ကို ရင်းကာ ကာကွယ်ပေးခဲ့ခြင်းဖြစ်ပြီး ကျိလဲ့ယွီနှင့်လင်းလော့ချင်းကြား ပဋိပက္ခဖြစ်လာလျှင် ကျိယွီရှောင်က ကျိန်းသေပေါက် ကျိလဲ့ယွီကိုရွေးချယ်မည်ဖြစ်ကာ လင်းလော့ချင်းကို စွန့်ပစ်လိုက်မည်ဖြစ်သည်။
ထိုအချိန်ရောက်လာလျှင် လင်းလော့ချင်းက ကျိယွီရှောင်၏အထောက်အပံ့ကို ရတော့မည် မဟုတ်ပေ။ အဖေလင်းကလည်း လင်းလော့ချင်းကို ဂရုစိုက်တော့မည် မဟုတ်ပေ။
ချန်ဖုန်းကို ထိုသို့တွေးပြီးနောက် ထေ့ငေ့ါရယ်လိုက်လေသည်။
အမှန်တွင် သူ ဖုံးကွယ်ထားသောကိစ္စ ရှိလေသည်။ နောက်ဆုံးတွင် ထိုကိစ္စက သူနှင့် မသက်ဆိုင်သောကြောင့် ဖော်ထုတ်ရန် ပျင်းရိလေသည်။ သို့သော် လင်းလော့ချင်းက သူ့ကို တွန်းအားပေးနေပြီး လင်းလော့ချင်းကမူ သက်တောင့်သက်သာဖြင့် အသက်ရှင်နေလေသည်။
လင်းလော့ချင်းက သူ့ကို ကောင်းကောင်းမွန်မွန် မနေခိုင်းမှတော့ လင်းလော့ချင်းကလည်း ကောင်းကောင်းမွန်မွန် မနေစေရဘူး...
ချန်ဖုန်းက အံဆွဲကို ဖွင့်လိုက်ပြီး အံဆွဲထဲရှိ သေတ္တာထဲကို ရှာဖွေလိုက်ကာ နောက်ဆုံးတွင် ဓာတ်ပုံကို ရှာတွေ့သွားလေသည်။
ဓာတ်ပုံထဲတွင် အမျိုးသားနှင့်အမျိုးသမီးတစ်ယောက်ရှိနေပြီး အမျိုးသားက အလွန်ချောမောကာ အမျိုးသမီးက ပို၍ပင် လှပချောမောလေသည်။ ထိုပုံထဲရှိ အမျိုးသမီးက လင်းလော့ရှီးမှလွဲ၍ အခြားလူမဟုတ်ပေ။
ချန်ဖုန်းက ဓာတ်ပုံနောက်ကို လှန်လိုက်ကာ ဓာတ်ပုံနောက်တွင် ရေးထားသော ဖုန်းနံပါတ်ကို ဖုန်းထဲမှတ်လိုက်ပြီး ဓာတ်ပုံထဲ ပြန်ထည့်လိုက်သည်။
လင်းလော့ချင်းက ဖုန်းချပြီးနောက် ကျိယွီရှောင်ကို သွားရှာလိုက်ပြီး ကျိယွီရှောင်ရှိသည့် စာဖတ်ခန်းထဲတွင် ထိုင်လိုက်လေသည်။
လင်းလော့ချင်းက ဝူရှင်းယွမ်ပို့ပေးသော ဇာတ်ညွှန်းကို နှင်းများက ရုတ်တရက် ကျဆင်းလာလေသည်။ လင်းလော့ချင်းက မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူ ပြတင်းပေါက်အပြင်ကို ကြည့်နေစဉ်တွင်ပင် လင်းဖေးနှင့်ကျိလဲ့ယွီက ခြဲထဲသို့ ဆင်းလာကြလေသည်။
ကျိလဲ့ယွီက ၀က်ဝံဂျက်ကတ်စ်ကို ၀တ်ဆင်ထားပြီး သူ့ကြည့်ရသည်မှာ နူးညံ့ပြီးချစ်စရာကောင်းနေလေသည်။ လင်းဖေးက အနက်ရောင်ဂျက်ကတ်စ်လက်တိုကို ၀တ်ဆင်ထားကာ မိမိုက်နေ၏။
“နှင်းတွေ ကျနေတယ်...တကယ်နှင်းတွေ ကျနေတယ်..."
ကျိလဲ့ယွီက အံ့အားသင့်ပျော်ရွှင်နေလေသည်။
လင်းဖေးက သာမာန်ကာလျှံကာ ဖြေလိုက်၏။
"ဟုတ်တယ်..."
"သားတို့နှင်းလူသား လုပ်ကြရအောင်..."
ကျိလဲ့ယွီ ပြောလိုက်သည်။
လင်းဖေးက စိုစွတ်နေသည့် မြေပြင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ခဏစောင့်ဦး..."
"ဟုတ်ကဲ့..."
ကျိလဲ့ယွီက အလွန်ပျော်ရွှင်နေပြီး ကောင်းကင်ယံထက်မှ ကျဆင်းလာသော နှင်းပွင့်များကို လက်ဖြင့် ဖမ်းနေလေသည်။ ထိုအခါ နှင်းပွင့်နှင်းဖတ်များက သူ့လက်ထဲသို့ ကျဆင်းလာပြီး သူ့လက်ထဲတွင် အရည်ပျော်သွားလေသည်။
သူက ဆက်လက်ဆော့ကစားနေပြီး သူ့လက်များနှင့်လည်ပင်းက အေးလာသောအခါ လင်းဖေးကိုပြောလိုက်သည်။
"အထဲပြန်၀င်ကြရအောင်..."
လင်းဖေးက ကျိလဲ့ယွီလက်ကို ကိုင်လိုက်သောအခါ ကျိလဲ့ယွီ၏လက်က အေးစက်နေလေသည်။
သူတို့နှင်းလူသားလုပ်ရင် လက်အိတ်၀တ်ပြီး လုပ်ရမယ်...
သို့သော် ကျိလဲ့ယွီက အနည်းငယ် အံ့ဩနေလေသည်။
"ကိုကိုရဲ့လက်တွေက အရမ်းနွေးတာပဲ..."
ထို့နောက် သူ့၏အခြားလက်တစ်ဖက်ဖြင့်လည်း လင်းဖေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"နွေးတယ်..."
လင်းဖေးက ကျိလဲ့ယွီ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး လေမှုတ်ကာ လက်နှစ်ဖက်ကို ပွတ်တိုက်ပေးလိုက်သည်။
“နောက်တစ်ခါကြရင် လက်အိတ်တွေ ၀တ်ဖို့ မမေ့နဲ့...”
“ဟုတ်ကဲ့..."
ကျိလဲ့ယွီက နာခံစွာ ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက စာဖတ်ခန်း၏ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ယင်းမြင်ကွင်းကို ကြည့်နေလေသည်။ ယင်းမြင်ကွင်းကို ကြည့်ပြီး သူ့၏စိတ်က အေးချမ်းသွားလေသည်။
"နှင်းတွေ ထူလာရင် ဖေးဖေးနဲ့ရှောင်ယွီကို ခြံထဲ ခေါ်သွားပြီး အတူတူကစားကြရအောင်..."
"ကောင်းပြီ..."
ကျိယွီရှောင်က မငြင်းဆန်ခဲ့ပေ။
"ငါတို့မိသားစုလေးယောက် နှင်းလူသား အတူတူလုပ်ကြပြီး နှင်းဘောလုံးတိုက်ပွဲကို တိုက်ကြရအောင်..."
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။ ပြောပြီးနောက် သူက တစ်ခုခုကို သတိရသွားပြီးထပ်ဖြည့်ပြောလိုက်၏။
"နှင်းဘောလုံးတိုက်ပွဲကြရင် ငါ မင်းကို ကာကွယ်ပေးမယ်..."
ကျိယွီရှောင် : “……”
“နှင်းတောထဲမှာ ဘယ်လိုသွားရလဲကို ငါ့ဆီကတောင် သင်ယူရဦးမှာ..."
လင်းလော့ချင်း :"..."
"ဒါဆို ငါ စောင့်ကြည့်နေမယ်..."
"မင်း မကြာခင် တွေ့ရမှာပါ..."
ကျိယွီရှောင်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။