အပိုင်း ၁၇၄
Viewers 35k

Chapter 174




ညစာစားချိန်တွင် ခြံထဲ၌ နှင်းများက ထူထပ်စွာ ကျဆင်းနေပြီဖြစ်သည်။ ကျိလဲ့ယွီက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာ လင်းလော့ချင်းကို ပျော်ရွှင်စွာ ပြောလိုက်သည်။


"ပါးပါး သား နှင်းလူသားလုပ်ချင်တယ်..."


"အိုကေ..."


လင်းလော့ချင်း သဘောတူလိုက်သည်။


သူက ကျိလဲ့ယွီနှင့်လင်းဖေးကို ပဝါများ၊ လက်အိတ်များ ၀တ်ပေးလိုက်ပြီး ကျိယွီရှောင်ကိုတွန်းကာ ခြံထဲသို့ ဆင်းသွားလိုက်သည်။


ကျိလဲ့ယွီက တက်ကြွစွာ နှင်းဘောလုံးကို လှိမ့်လိုက်ပြီး လင်းဖေးကိုလည်း နှင်းဘောလုံးလှိမ့်ရန် ဆွဲခေါ်လိုက်လေသည်။


လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ကူညီလိုက်သည်။ ကျိယွီရှောင်ကလည်း နှင်းလူသား၏ လက်နှစ်ဖက်အတွက် သစ်ကိုင်းနှစ်ကိုင်းကို ချိုးချလိုက်လေသည်။


မှောင်စပြုလာသောအခါ ခြံထဲ၌ မီးရောင်များ ထိန်လင်းလာပြီး နေ့ကဲ့သို့ တောက်ပနေလေသည်။


ယင်းအလင်းရောင်က ခြံထဲရှိ နှင်းများနှင့် ပနံသင့်လှသည်။


ကျိလဲ့ယွီက နောက်ဆုံးနှင်းဘောလုံးကို လုပ်ပြီးနောက် နှင်းလူသားကို စလုပ်လိုက်ပြီး မျက်လုံးနေရာအတွက် ကျောက်တုံးနှစ်တုံးကို ထည့်လိုက်ကာ လက်နှစ်ဖက်နေရာအတွက် သစ်ကိုင်းများကိုလည်း သွင်းလိုက်လေသည်။ သူက နှင်းလူသားကို ကြည့်ကာ ပျော်ရွှင်မှုအပြည့်ဖြင့် လက်ခုပ်တီးလိုက်သည်။


"ကောင်းတယ်..."


လင်းလော့ချင်းက ကျိလဲ့ယွီကို ပြောလိုက်သည်။


"မ‌ကောင်းပါဘူး...ဒါက နှင်းလူသားဖေဖေလေ...နှင်းလူသားမေမေနဲ့ နှင်းလူသားလေးကျန်သေးတယ်..."


လင်းလော့ချင်း ပြုံးလိုက်သည်။


"ဒါဆို နောက်ထပ်နှင်းလူသားသုံးယောက်ကို ဆက်လုပ်ရဦးမှာပေါ့..."


"လေးယောက်..."


ကျိလဲ့ယွီက လက်ဆန့်ကာ လင်းလော့ချင်း၊ လင်းဖေးနှင့် ကျိယွီရှောင်ကို လက်ညှိုးထိုးပြလိုက်သည်။


"တစ်...နှစ်...သုံး..."


ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်၏။


"လေး..."


လင်းလော့ချင်း နားလည်သွားသည်။


"သားက မိသားစုတစ်စု လုပ်ချင်တာလား..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး နှင်းဘောလုံးများကို ဆက်လှိမ့်လိုက်လေသည်။


လင်းလော့ချင်းကလည်း ကျိလဲ့ယွီ၏စိတ်ကို ခံစားမိကာ ကျိလဲ့ယွီနှင့်အတူ နှင်းဘောလုံးများ လှိမ့်လိုက်သည်။


မကြာမီ သူတို့ နှင်းလူသားလေးယောက်ကို လုပ်ပြီးဖြစ်လေသည်။


ကျိလဲ့ယွီက အိမ်ထဲမှ ဦးထုပ်နှင့်ပဝါများကို ယူလာပြီး ပဝါကို နှင်းလူသားကြီးနှစ်ယောက်ပေါ် ပတ်ပေးလိုက်ကာ ဦးထုပ်ကို နှင်းလူသားသေးနှစ်ယောက်ပေါ် ၀တ်ပေးလိုက်သည်။


“ဒယ်ဒီရယ်၊ပါးပါးရယ်၊ ကိုကိုရယ်၊ သားရယ်..."


သူက နှင်းလူသားလေးယောက်ကို ပျော်ရွှင်စွာ ရေတွက်လိုက်သည်။


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကို ထိလိုက်သည်။ 


‌ရက်စက်သော‌‌ဗီလိန်ပင်လျှင် ပျော်စရာကောင်းသော ကလေးဘ၀ရှိလေသည်။


“သား နှင်းမိသားစုပုံကို ဓာတ်ပုံရိုက်ထားချင်တယ်..."


ကျိလဲ့ယွီ ပြောလိုက်သည်။


"အိုကေ..."


လင်းလော့ချင်းက ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံများစွာ ရိုက်လိုက်သည်။


‌ထို့နောက် အန်တီကျန်းကို ခေါ်ကာ မိသားစုလေးယောက်က နှင်းမိသားစုနှင့် ဓာတ်ပုံအချို့ရိုက်လိုက်လေသည်။


ကျိလဲ့ယွီက မိသားစုဓာတ်ပုံကို ကြည့်လိုက်ပြီး ပျော်ရွှင်စွာ ‌ပြုံးလိုက်သည်။


ကျိယွီရှောင်၏ဗီလာခြံ၀န်းက အလွန်ကျယ်လေသည်။ ခြံရှေ့တွင် နှင်းလူသားမိသားစုရှိသောကြောင့် နှင်းဘောလုံးတိုက်ပွဲကစားလျှင် နှင်းလူသားများကို ထိမိသွားမည်ကို စိုးရိမ်သဖြင့် လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီကို နှင်းဘောလုံးတိုက်ပွဲဆင်နွှဲရန် ခြံနောက်ဖေးသို့ ဆွဲခေါ်သွားလိုက်သည်။


ထို့နောက် လင်းလော့ချင်းနှင့်ကျိယွီရှောင်က တစ်ဖွဲ့၊ ကလေးနှစ်ယောက်က တစ်ဖွဲ့ အဖွဲ့လိုက်ပြီး နှင်းဘောလုံးတိုက်ပွဲကို စတင်လိုက်သည်။


ကျိယွီရှောင်က ကျိလဲ့ယွီထံသို့ နှင်းဘောလုံးများကို မတုံ့မဆိုင်း ပစ်‌ပေါက်လိုက်ပြီး ကျိလဲ့ယွီကလည်း ကျိယွီရှောင်ကို နှင်းဘောလုံးများ ပြန်ပစ်ပေါက်လိုက်လေသည်။


လင်းလော့ချင်းက မူလက ကျိယွီရှောင်ကို ကာကွယ်ချင်သော်လည်း ကျိယွီရှောင်က ဝှီးချဲလ်ဖြင့် ပြိုင်ကားသဖွယ် သွားလာနေသည်ကို မြင်လိုက်ရပြီး ကလေးနှစ်ယောက်က သူ့ကို ထိမှန်အောင် မပစ်နိုင်သည်ကို မြင်လိုက်ရလသည်။


လင်းလော့ချင်း :"..."


ထို့ကြောင့် သူက ကလေးနှစ်ယောက်အဖွဲ့သို့ ၀င်ပူးပေါင်းလိုက်ပြီး ကျိယွီရှောင်ထံသို့ နှင်းဘောလုံးများ ပစ်ပေါက်လိုက်သည်။


ထိုအခါ ကျိယွီရှောင်က အံ့အားသင့်သွားလေသည်။


"ဘာလို့ ထပုန်ကုန်ရတာလဲ..."


"ဟီးဟီး..."


လင်းလော့ချင်း ရယ်မောလိုက်ပြီး ကျိယွီရှောင်ထံသို့ နှင်းဘောလုံးများ ထပ်မံပစ်ပေါက်လိုက်သည်။


ထို့နောက် ခြံ၀န်းထဲတွင် ရယ်မောသံများနှင့်ပြည့်နှက်နေပြီး နှင်းလွှာထက်တွင် ခြေရာများနှင့်ဘီးရာများက နေရာအနှံ့ရှိနေလေသည်။


နှင်းဘောလုံးတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ကျိယွီရှောင်က လက်နက်ချလိုက်မှသာ ပြီးဆုံးသွားလေသည်။


ကျိလဲ့ယွီက အလွန်ပျော်ရွှင်နေပြီး လင်းဖေး၏မျက်နှာထက်တွင်ပင် ရှားရှားပါးပါး အပြုံးတစ်ပွင့်ရှိနေလေသည်။


ကလေးများ ပျော်ရွှင်နေသည်ကို ကြည့်ပြီး လင်းလော့ချင်းလည်း အလွန်ပျော်ရွှင်နေလေသည်။ 


ထို့နောက် သူက ကလေးနှစ်ယောက်ကို အိမ်ထဲ ပြန်ခေါ်သွားလိုက်ပြီး ရေနွေးဖြင့်ရေချိုးပေးရန် ပြင်ဆင်ပေးလိုက်သည်။


လင်းဖေးက လင်းလော့ချင်းနောက်ကို လိုက်သွားစဉ် နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါထူထပ်စွာ ကျဆင်းနေသော နှင်းများက ဦးထုပ်မပါသည့် နှင်းလူသားကြီးနှစ်ယောက်ပေါ်ကျဆင်းနေပြီး သူတို့၏ခေါင်းများက ပိုကြီးလာလေသည်။


ထို့ကြောင့် သူက အခန်းထဲသို့ အမြန်ပြေးသွားလိုက်ပြီး အံဆွဲထဲမှ ထီးနှစ်ချောင်းကို ထုတ်ယူလိုက်၏။


ထို့နောက် နှင်းလူသားအဖေနှစ်‌ယောက်၏နောက်တွင် နှင်းများကို စုပုံကာ ထီးကို စိုက်ကာထီးဆောင်းပေးလိုက်လေသည်။


အပြာရောင်ထီးများပေါ်တွင် နှင်းပွင့်များ စုပုံလာပြီး အဝေးမှကြည့်လျှင် နှင်းအိမ်လေးသဖွယ်‌ဖြစ်နေ၏။


လင်းဖေး ကျေနပ်သွားသည်။


သူက နှင်းလူသားအဖေနှစ်ယောက်၏ခေါင်းကို ပုတ်လိုက်ပြီး အိမ်ထဲသို့ ပြန်၀င်သွားလိုက်သည်။


လင်းလော့ချင်းက ကျိလဲ့ယွီကို ရေနွေးဖြင့်ရေချိုးပေးနေစဉ် လင်းဖေးပြန်လာသည်ကို မြင်သောအခါ လင်းဖေးကို ဆွဲခေါ်လိုက်သည်။


"မင်းလည်း အအေးမမိသွားအောင် ရေနွေးနဲ့ရေချိုးသင့်တယ်...ဒါနဲ့ မင်း ဘယ်သွားနေတာလဲ...ငါ မင်းအခန်းထဲကို သွားရှာတာ မင်းကို မတွေ့ဘူး...''


လင်းလော့ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။


"ကျွန်တော် နှင်းလူသားအဖေနှစ်ယောက်ကို ထီးသွားဆောင်းပေးနေတာ..."


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


လင်းလော့ချင်း ခေါင်းရှုပ်သွားသည်။


"ဟမ်..."


"ထီးမဆောင်းပေးရင် နှင်းလူသားအဖေတွေက မနက်ကျရင် ပိုကြီးလာလိမ့်မယ်..."


လင်းဖေး ရှင်းပြလိုက်သည်။


လင်းလော့ချင်း ရယ်မောလိုက်သည်။


ကလေးတွေရဲ့ကမ္ဘာက ရိုးရှင်းလိုက်တာ...လင်းဖေးက နှင်းလူသားတွေ ၀သွားမှာကို စိုးရိမ်နေတာပဲ...ချစ်စရာလေး...


"ဖေးဖေးက စဉ်းစားတတ်လိုက်တာ...ရှုရှုက နှင်းလူသားအဖေတွေအစား သားကို ကျေးဇူးတင်တယ်နော်..."


လင်း‌ဖေး ဘာမှပြန်မပြောပေ။ သူ နှင်းလူသားများက ဘာမှမခံစားနိုင်ကြောင်း သိသော်လည်း ကျိလဲ့ယွီက နှင်းလူသားများကို သူတို့မိသားစုလေးယောက်ဟုပြောသောအခါ လင်းဖေးက နှင်းလူသားများက သူတို့မိသားစုကို ကိုယ်စားပြုနေသည်ဟု ခံစားရသောကြောင့် နှင်းလူသားအဖေနှစ်ယောက်ကို ထီးသွားဆောင်းပေးခဲ့ခြင်းဖြစ်လေသည်။


'နည်းနည်းတော့ ကလေးကလားဆန်တယ်...'


ထို့ကြောင့် လင်းဖေးက ထိုစကားကို ပြန်မတုံ့ပြန်ခဲ့ပေ။


လင်းလော့ချင်းက လင်းဖေး၏ထိုပြန်မတုံ့ပြန်တတ်သည့်အကျင့်ကို ကျင့်သားရနေပြီဖြစ်သောကြောင့် ယင်းကို ဂရုမစိုက်တော့ပေ။


"သွား ရှောင်ယွီနဲ့ရေသွားချိုးတော့...သူက မင်းကို စောင့်နေတာ..."


လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး ကျိလဲ့ယွီ၏အိပ်ခန်းထဲသို့ ၀င်သွားလိုက်သည်။


ရေချိုးပြီးနောက် လင်းလော့ချင်းက အောက်ထပ်သို့ ဆင်းလာသောအခါ ထီးဆောင်းထားသော နှင်းလူသားနှစ်ယောက်ကို တွေ့လိုက်ရလေသည်။


ထီးက အလွန်ကြီးမားပြီး ဘယ်ညာဆောင်းထားခြင်းဖြစ်‌ကာ နှင်းမိသားစုက အကာအကွယ်အောက်တွင် ပျော်ရွှင်နေသည့်ပုံပေါ်လေသည်။


ဖေးဖေးက တကယ်နူးညံ့တာပဲ...


လင်းလော့ချင်းက ဖုန်းကို ထုတ်လိုက်ပြီး နှင်းလူသားမိသားစုပုံကို ဓာတ်ပုံထပ်ရိုက်လိုက်သည်။


နောက်တစ်နေ့မနက်စောစောတွင် ကျိလဲ့ယွီက နှင်းလူသားကိုကြည့်ရန် ခြံထဲသို့ ဆင်းလာ‌သောအခါ နှင်းလူသားများက ဆက်ရှိနေဆဲဖြစ်သောကြောင့် သူက ပျော်ရွှင်စွာဖြင့် ပန်းများကို ကောက်ယူလိုက်ကာ နှင်းလူသားများကို အလှဆင်ပေးလိုက်သည်။


လင်းလော့ချင်းက အလုပ်မသွားမီ ကျိလဲ့ယွီ၏ခေါင်းကို ပုတ်လိုက်သည်။


"ပြန်လာရင် သားနဲ့အတူ ကစားပေးမယ်နော်..."


"ဟုတ်ကဲ့ တာ့တာ ပါးပါး..."


ကျိလဲ့ယွီက လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။


လင်းလော့ချင်းလည်း လက်ဝှေ့ယမ်းကာ ပြန်နှုတ်ဆက်လိုက်ပြီး ကားထဲသို့ ၀င်လိုက်သည်။


ချင်မန်၏အကူအညီဖြင့် ကုမ္ပဏီကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြီးဖြစ်လေသည်။ ထို့ကြောင့် CEOဖြစ်သည့် လင်းလော့ချင်းက ထွေထွေထူးထူးလုပ်စရာကိစ္စမရှိသောကြောင့် ဝူရှင်းယွမ်က သူ့ကို ကူညီကာ ဇာတ်ညွှန်းရွေးပေးနေလေသည်။


ဒါရိုက်တာလီ၏အလုပ်သစ်က ရက်အနည်းငယ်အတွင်း စတင်တော့မည်ဖြစ်ကာ ထိုဇာတ်ကားအတွက် တတိယအမျိုးသားဇာတ်ဆောင်ကို မ‌ရွေးချယ်ရသေးချေ။ ထို့ကြောင့် ဝူရှင်းယွမ်က လင်းလော့ချင်းကို ထိုကိစ္စအား ပြောပြလိုက်သည်။


"ဒါရိုက်တာလီရိုက်တဲ့ ရုပ်ရှင်တွေရဲ့ Bok Officeက အမြဲကောင်းတယ်...မင်းသာ တတိယအမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်နိုင်ရင် လူတွေက မင်းကို မြင်လာကြမှာပဲ...ဒါရိုက်တာလီရဲ့ရုပ်ရှင်မှာပါတဲ့ အမျိုးသားဇာတ်ဆောင်တွေကလည်း နာမည်ကြီးပြီးသားပဲ...သူတို့နဲ့ အချိတ်အဆက်ကောင်းကောင်းရလိုက်ရင် ကောင်းသွားမှာ...ဒါပေမဲ့ ဒါရိုက်တာလီရဲ့ရုပ်ရှင်တွေက ဟာသကားတွေများတယ်...ဒါက မင်းရဲ့ပထမဆုံးရုပ်ရှင်လေ...ငါ မင်းကို အဲ့လိုဇာတ်ရုပ်နဲ့ လူတွေရှေ့ချပြရမှာကို တွန့်ဆုတ်နေမိတယ်..."


“ကျွန်တော် ကြိုးစားကြည့်ချင်တယ်...ကျွန်တော့်ကို ဇာတ်ညွှန်းပြကြည့်...ဇာတ်ညွှန်းကောင်းသရွေ့ကျန်တာအကုန်အဆင်ပြေတယ်...သရုပ်ဆောင်ဆိုတာက ဟာသဇာတ်ရုပ်လည်း သရုပ်ဆောင်ရမှာပဲ...ပြီးတော့ ဒီလိုဇာတ်ရုပ်က ပရိသတ်တွေနဲ့သရုပ်ဆောင်ကြား အကွာအဝေးကို ကျဉ်းသွားစေတယ်...ကျွန်တော် ဟာသဇာတ်ရုပ်ကို ငြင်းပယ်မှာ မဟုတ်ဘူး..."


“ဒါဆို ငါ မင်းကို ဇာတ်ညွှန်းပို့ပေးလိုက်မယ်...Auditionရှိတယ်ပြောပေမဲ့ နေရာကို ဆုံးဖြတ်ပြီးပြီလား မသိပါဘူး...ဒါရိုက်တာလီရဲ့ရုပ်ရှင်တွေက အမြဲအပြိုင်အဆိုင်များတယ်...စမ်းကြည့်ကြတာပေါ့..."


"ဟုတ်ကဲ့..."


လင်းလော့ချင်းက အီးမေးလ်ကို ဖွင့်ကြည့်လိုက်သောအခါ သူက တရား၀င်သရုပ်ဆောင် မဟုတ်သောကြောင့် ဇာတ်ညွှန်းက အလွန်ရိုးရှင်းနေလေသည်။ အကျဉ်းချုပ်ဆိုရလျှင် ဦးလေးနှစ်ယောက်နှင့် လူငယ်တစ်ယောက်၏ဟာသစွန့်စားခန်းဖြစ်သည်။


သူ သရုပ်ဆောင်ရမည့် တတိယအမျိုးသားဇာတ်‌ကောင်က ဉာဏ်ကောင်းပြီး ဘာမှ မထူးခြားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက စက်ကဲ့သို့ တိကျပြီး အသေးစိတ်ကျကာ အလွန်အသန့်ကြိုက်လွန်းပြီး IQမြင့်ကာ EQနိမ့်သူဖြစ်၏။


ဇာတ်ကောင်က အသက်၁၇/၁၈အရွယ်ဖြစ်သောကြောင့် သူ့နေရာတွင် သရုပ်ဆောင်ရမည့်သရုပ်ဆောင်က အသက်ကြီးလို့ မရပေ။ ထို့အပြင် သရုပ်ဆောင်က အိုက်တင်ကောင်းမွန်ရန်လည်း လိုအပ်လေသည်။


ရယ်စရာနှင့်ရှက်စရာကြားရှိလိုင်းက ပါးလွှာလေသည်။ ထိုအသက်အရွယ်နှင့် သရုပ်ဆောင်စွမ်းရည်ပြည့်၀သော သရုပ်ဆောင်ကို ရှာရန် ခက်ခဲလှ၏။


လင်းလော့ချင်းက ထိုဇာတ်ရုပ်ကို စိတ်၀င်စားသွားပြီး ဒါရိုက်တာလီ၏ယခင်ဇာတ်ကားများကို ရှာကြည့်လိုက်သည်။ ထိုအခါ ဇာတ်ကားအများစုက Box officeမြင့်ပြီး အကဲဖြတ်မှုကလည်း ကောင်းမွန်လေသည်။ သူက တည်ငြိမ်သော စီးပွားဖြစ်ရုပ်ရှင်ဒါရိုက်တာဖြစ်သည်။


ထိုသို့သော ဒါရိုက်တာများနှင့် ရိုက်ရသည့်အားသာချက်မှာ box officeမြင့်မားလာသည်နှင့်အမျှ သရုပ်ဆောင်များ၏ကြော်ငြာကြေးလည်း မြင့်မားလာခြင်းဖြစ်သည်။ အားနည်းချက်မှာမူ စီးပွားရေးရုပ်ရှင်ဒါရိုက်တာဖြစ်သည့်အတွက် သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရုံသာမက သရုပ်ဆောင်များ၏Box officeအခြေအနေကိုလည်း ကြည့်လေသည်။


လင်းလော့ချင်းက သူ့၏သရုပ်ဆောင်စွမ်းရည်အတွက် စိတ်မပူသော်လည်း သူက မအောင်မြင်သေးသည့်လူဖြစ်သောကြောင့် အခြားbox officeမြင့်သည့် သရုပ်ဆောင်များနှင့် နှိုင်းယှဉ်လျှင် ရှုံးနိမ့်နေပြီဖြစ်သည်။ ထို့ကြောင့် ဒါရိုက်တာလီက သူ့ကို ရွေးချယ်နိုင်ချေ နည်းပါးလေသည်။


“ဒါဆို ကျွန်တော် Auditionအရင်ဖြေကြည့်လိုက်မယ်...အခွင့်အရေးက ကျွန်တော့်ရှေ့မှ ရှိနေမှတော့တိုက်ပွဲ၀င်ရမှာပေါ့...စုထုံကိုလည်း Auditionဖြေခိုင်းရမယ်...သူက နာမည်ကြီးတော့ ဒါရိုက်တာလီက သူ့ကို သဘောကျလောက်တယ်...ရေက ကိုယ့် လယ်ကွင်းထဲမှ စီးရမှာပေါ့...ကျွန်တော် မရရင် စုထုံ ရမှဖြစ်မယ်..."


ဝူရှင်းယွမ် :"..."


'ခေါင်းဆောင်တွေက တကယ့်ကို ကွာခြားတာပဲ...သူတို့ရဲ့ အတွေးအခေါ်တွေက သာမာန်သရုပ်ဆောင်တွေနဲ့ မတူဘူး...'


"ကောင်းပြီ...မင်း ဆန္ဒရှိရင် ငါ မကန့်ကွက်တော့ဘူး...အဓိကအမျိုးသားဇာတ်ဆောင်နဲ့ ဒုတိယအမျိုးသားဇာတ်ဆောင်တွေကတော့ ငါတို့ မရနိုင်ဘူး...မင်းသာ တတိယအမျိုးသားဇာတ်ဆောင်နေရာမှာ ပါ၀င်နိုင်သရွေ့ box officeက အရေးမကြီးဘူး...ဒါပေမဲ့ မင်း စိတ်ကို ပြင်ဆင်ထားဖို့လိုတယ်...သရုပ်ဆောင်တွေ အများကြီး Auditionဖြေကြမှာ...စုထုံလည်း စိတ်ပြင်ဆင်ထားဖို့လိုတယ်..."


"ကျွန်တော် သိပါတယ်..."


လင်းလော့ချင်း ပြောလိုက်သည်။


ထို့နောက် သူက စုထုံကို ဆက်သွယ်လိုက်ပြီး Auditionအကြောင်း ပြောပြလိုက်သည်။


စုထုံက ထိုမျှကောင်းသော အရင်းအမြစ်ကို လင်းလော့ချင်းက သူ့ကို မျှဝေပေးလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။


"ငါ ကြည့်ကြည့်လိုက်မယ်...ကျေးဇူးပဲ...ငါသာ ပါသွားရင် မင်းကို စားပွဲတစ်ပွဲလိုက်ကျွေးမယ်..."


"ဒါဆို ကြိုးစားထား..."


"မင်းလည်း ကြိုးစားထား...တကယ်တော့ မင်း ကိုယ့်ကိုကိုယ်အတွက် ပိုတွေးသင့်တယ်..."


လင်းလော့ချင်း ပြုံးလိုက်သည်။


"မင်းသာ ပိုက်ဆံရှာနိုင်ရင် ငါလည်း ပိုက်ဆံရှာနိုင်တာပဲလေ...မင်းရမလား၊ ငါရမလားဆိုတာကို ဂရုမစိုက်ဘူး...ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး မရရင်တော့ ငါ ကြေကွဲမိမှာပဲ..."


"ပါးစပ်ပိတ်ထား...ကျီးကန်းပါးစပ်နဲ့ လျှောက်မပြောနဲ့..."


"ဟုတ်ပါပြီ...ဒါဆို မင်း ဇာတ်ညွှန်းဖတ်တော့...ငါ မင်းကို အနှောင့်အယှက်မပေးတော့ဘူး..."


‌ပြောပြီးနောက် လင်းလော့ချင်းက ဖုန်းချလိုက်ပြီး အခြားဇာတ်ညွန်းများကို ဖတ်လိုက်သည်။


ဇာတ်ညွှန်းအားလုံးဖတ်ပြီးလုနီးပါးတွင် အိမ်ပြန်ရန်အချိန် ရောက်နေပြီဖြစ်သည်။


နှင်းများက မကျဆင်းတော့သောကြောင့် လမ်းပေါ်တွင် လူများက နှင်းများကို ရှင်းလင်းနေကြလေသည်။ လင်းလော့ချင်းက ရုတ်တရက် ခြံထဲရှိ နှင်းလူသားမိသားစုကို တွေးမိသွားသည်။


နှင်းလူသားတွေ အရည်ပျော်သွားပြီလားမသိဘူး...


သူတို့သာ အရည်ပျော်သွားရင် ကျိလဲ့ယွီနဲ့လင်းဖေးက ၀မ်းနည်းနေတော့မှာပဲ...


သူက အိမ်ပြန်ရောက်၍ ခြံထဲကို ကြည့်လိုက်သောအခါ နှင်းလူသားများက စတင်အရည်ပျော်နေပြီဖြစ်လေသည်။


လင်းလော့ချင်းက ရုတ်တရက် ၀မ်းနည်းသွား၏။ လောကတွင် ပျော်ရွှင်စရာများက နှင်းလူသားကဲ့သို့ ပင် သိမ်းဆည်းထား၍ မရနိုင်ချေ။


သူက လင်းဖေးနှင့်ကျိလဲ့ယွီ စိတ်မကောင်း ဖြစ်မသွားရန်သာ မျှော်လင့်မိလေသည်။


ကျိလဲ့ယွီ အောက်ထပ်သို့ ညစာစားရန် ဆင်းလာသောအခါ ခြံထဲရှိ နှင်းလူသားများက အရည်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့က မူလအသွင်အပြင် မရှိကြတော့ချေ။


ကျိလဲ့ယွီက ရုတ်တရက် စိတ်မသက်မသာဖြစ်သွားပြီး ခြံရှေ့တွင် ရပ်ကာ နှင်းလူသားများ အရည်ပျော်နေသည်ကို တိတ်တဆိတ် ရပ်ကြည့်နေခဲ့သည်။


မျှော်လင့်ထားသည့်အတိုင်းပင် မနက်နေထွက်လာသောအခါ နှင်းလူသားများက လုံး၀ ပျောက်ကွယ်သွားလေသည်။ ထီးများ၊ ပဝါများ၊ ဦးထုပ်များကသာ သူတို့ရှိခဲ့ကြောင်း သက်သေပြနေခဲ့သည်။


အန်တီကျန်းက ပစ္စည်း‌များကို ကောက်ယူလိုက်ပြီး ဆေးကြောပြီးနောက် ပြန်ပေးလိုက်သည်။


ကျိလဲ့ယွီက သူ့လက်ထဲမှ ဦးထုပ်ကို ကြည့်လိုက်သည်။ ဦးထုပ်အသစ်လေးကို နှင်းလူသားလေးအတွက် ထုတ်သုံးခဲ့ခြင်းဖြစ်သော်လည်း နှင်းလူသားများက ပျောက်ကွယ်သွားပြီဖြစ်သည်။


သူ့ရဲ့မိသားစုလိုပဲ...


ကျိလဲ့ယွီက ရုတ်တရက် စိုးရိမ်သွားပြီး လင်းဖေးထံ ပြေးသွားလိုက်ကာ လင်းဖေးကို စိုက်ကြည့်နေလိုက်သည်။


လင်းဖေးက တစ်ဖက်လူ၏အကြည့်ကို ခံစားမိသောကြောင့် မေးလိုက်သည်။


"ဘာဖြစ်လို့လဲ..."


"နှင်းလူသားမိသားစု မရှိတော့ဘူး..."


လင်းဖေးက ထိုကိစ္စကို မနက်ခင်း၌ အန်တီကျန်း ထီးပြန်လာပေးကတည်းက သိပြီးဖြစ်လေသည်။


"ဟုတ်တယ်..."


လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။


ကျိလဲ့ယွီက လင်းဖေး၏ပုံမှန်အပြုအမူကို ကြည့်ကာ ရေရွတ်လိုက်သည်။


"သားတို့မိသားစုလည်း တစ်နေ့ကျရင် အဲ့လို ပျောက်ကွယ်သွားမှာလား..."


လင်းဖေးက ကျိလဲ့ယွီ၏စကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။


"မင်း ဘာပြောလိုက်တာလဲ..."


ကျိလဲ့ယွီက လင်းဖေးကို တိတ်တဆိတ် စိုက်ကြည့်နေလေသည်။


နှင်းလူသားမိသားစု မရှိတော့ဘူး...သူ့ရဲ့မူလ မိသားစုလည်း မရှိတော့ဘူး...သူ့မှာ ဒီမိသားစုပဲ ရှိတော့တယ်...


"ကိုကိုက သားနဲ့အမြဲ အတူရှိနေမှာမလား...ဟုတ်တယ်မလား..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ကိုကိုက သားကို မထားသွားဘူးမလား...ပါးပါးနဲ့ဒယ်ဒီကိုလည်း မထားသွားဘူးမလား..."


"ဟုတ်တယ်..."


"အဲ့လိုဆို ကောင်းတယ်..."


သူ့မှာ ဒီမိသားစုပဲ ရှိတော့တာ...ထာ၀ရ အတူတူ နေရမယ်...


သူ့ရှုရှုက သူ့ကို ထားသွားမှာ မဟုတ်ဘူး...သူ့အဒေါ်ကလည်း ရှုရှုနဲ့ လက်ထပ်ထားတာဆိုတော့ သူ့နဲ့အတူ အမြဲရှိနေမှာ...လင်းဖေးကသာ ထွက်သွားနိုင်တဲ့သူ...ဒါပေမဲ့ လင်းဖေးက သူတို့ကို ထားမသွားဘူးလို့ပြောတယ်...ဒီလိုဆို သူတို့ ထာ၀ရ အတူ‌ရှိနေနိုင်ပြီ...


ကျိလဲ့ယွီက လင်းဖေး၏ဘေးတွင် ထိုင်လိုက်ပြီး သူ့ကို ပွေ့ဖက်လိုက်သည်။


သူ့အိမ်၊ သူ့မိသားစုကို ထပ်ပျောက်ကွယ်သွားခွင့်မပေးနိုင်ဘူး...