အပိုင်း ၁၂၆
Viewers 30k

Chapter 126




ရှန်းလျိုရှန့်၏အသိစိတ်က ဝေဝါးဝါးဖြစ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အခြားနေရာသို့ ရွေ့လျားသွားကာ သူ့ကိုယ်သူ မပိုင်ဆိုင်တော့သကဲ့သို့ ခံစားနေရသည်။ သူ အလွန်ပင်ပန်းနေသောကြောင့် လက်ချောင်းများကိုပါ မလှုပ်ရှားချင်ပေ။ 


ထိုအနေအထားဖြင့် အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း ဘေးပတ်ဝန်းကျင်တွင် တဝီဝီနှင့်အသံများဆူညံနေ၍ လျှို့ဝှက်နယ်ပယ်မှထွက်လာပြီး နတ်ဆိုးမြို့တော်ထဲ ပြန်ရောက်လာသည်ဟု ခံစားလိုက်ရသည်။


ရှန်းလျိုရှန့်၏ အနက်ရောင်မျက်တောင်ရှည်များ တစ်ချက်တုန်ယင်သွားပြီးနောက် သူ့ခေါင်းကို ဘေးနားမှပခုံးတစ်ခုနှင့် ပွတ်သပ်နေကာ သက်တောင့်သက်သာဖြစ်သည့်နေရာတစ်ခုကိုရှာပြီး ဆက်အိပ်နေသည်။


ထို့နောက် သူ့နားထဲ ကြားနေရသော ဆူညံသံများ ပျောက်ကွယ်သွားပေသည်။


ကျိုးရွှမ်လန်က အသံလုံနည်းစနစ်သုံးလိုက်၍ သူ့ရင်ခွင်ထဲမှလူက တစ်ဖန်ပြန်လည်အိပ်ပျော်သွားသည်ကို မြင်သည့်အခါ ခေါင်းပြန်မော့လာသည်။ ထို့နောက် ပြုံးနေလျက်ဖြင့် ကိုယ်အလေးချိန်တိုးလာပြန်သည့် အောင်းယွဲ့ကိုကြည့်လိုက်မိသည်။

" တစ်ခုခုဖြစ်လို့လား..."


အောင်းယွဲ့ကပြောလိုက်သည်။

" ငါကတော့ အဆင်ပြေတယ်ထင်တာပဲ... ဒါပေမဲ့ မင်းကတော့ တစ်ခုခုလွဲနေတယ်..."


နတ်ဆိုးဘုရင်များအားလုံး လျှို့ဝှက်နယ်ပယ်သို့သွား၍ နတ်ဆိုးအရိုးဆေးကို ရှာကြသည်ကို အားလုံးသိသည်။ ဆေးက မည်သည့်နတ်ဆိုးဘုရင်၏လက်ထဲ ကျရောက်သွားမည်ကို အားလုံးက မှန်းဆနေကြသည်။ မမျှော်လင့်ထားသည်မှာ လျှို့ဝှက်နယ်ပယ်ပွင့်လာပြီး မကြာမီအချိန်၌ အနီရောင်အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို အပြင်ဘက်မှလူအားလုံး မြင်လိုက်ရသည်။ ရှေးဟောင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားခဲ့သော နတ်ဆိုးအရိုဆေးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။


နတ်ဆိုးအရိုဆေးက လျှို့ဝှက်နယ်ပယ်ထဲမှ ထွက်ပြေးသွားခဲ့သည်မှာ သိသာထင်ရှားလှပြီ အားလုံးက အောင်မြင်မှုမရှိဘဲ ပြန်လာကြရတော့မည်ဖြစ်သည်။


နတ်ဆိုးဘုရင်များက မိုးရွာသွန်းနေသည့် လျှို့ဝှက်နယ်ပယ်ထဲတွင် အချိန်ကြာမြင့်စွာ ရှာခဲ့ကြသော်လည်း မည်သည့်ပစ္စည်းတစ်စုံတစ်ရာကိုမှ ရှာမတွေ့ခဲ့ပေ။ သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် လျှို့ဝှက်နယ်ပယ်၏အပြင်ဘက်ကို ထွက်လာမှသာ ဖြစ်ကြောင်းကုန်စင်ကို သိခြင်းဖြစ်သည်။ နတ်ဆိုး အရိုးဆေး၏ လှည့်စားခံလိုက်ရ၍ သူတို့အားလုံး၏ မျက်နှာများက ချက်ချင်းမည်းမှောင်ကုန်သည်။


ထိုအချိန်တွင် နတ်ဆိုးဘုရင်များအကြားရောနှောနေသည့် ကျိုးရွှမ်လန်က အများနဲ့မတူ တစ်မူထူးခြားနေသည်။


သူ့ရင်ခွင်ထဲတွင် ပိန်ပိန်သွယ်သွယ်ပုံရိပ်လေးတစ်ခုကို ပွေ့ချီထားပြီး အမြဲတမ်းခက်ထန်နေတတ်သောသူ့မျက်နှာက ပြုံးရိပ်သန်းနေကာ သူ၏ ချောမောခံ့ညားသောမျက်နှာထက်တွင် ထိန်းချုပ်၍မရနိုင်သည့် ပျော်ရွှင်မှုတို့ ရှိနေသည်။


အကယ်၍ နတ်ဆိုးအရိုဆေး ထွက်ပြေးသွားသည်ကို အပြင်ဘက်မှလူအားလုံး တပ်အပ်မမြင်ခဲ့ပါက မြင့်မြတ်သန့်စင်သော နတ်ဆိုးအရိုဆေးမှာ နဝမနတ်ဆိုးဘုရင်၏လက်ထဲရောက်သွားသည်ဟု ထင်မိကြပေမည်။ 


သူ ဘာတွေ ဒီလောက်တောင် ပျော်နေတာလဲ...


အောင်းယွဲ့က ကျိုးရွှမ်လန် လူငယ်လေးဘဝမှ နဝမနတ်ဆိုးဘုရင်ဖြစ်ချိန်အထိ စောင့်ကြည့်ခဲ့သူဖြစ်၍ သူ့အကြောင်းသိနေသည်။ သူ မေးစေ့ကိုပွတ်ပြီး ဆံနွယ်များက မျက်နှာတစ်ဝက်ခန့်အထိ ဖုံးနေသည့် ရှန်းလျိုရှန့်ကို တွေးတွေးဆဆဖြင့် ကြည့်လိုက်သည်။


ဒဏ်ရာလည်း မရထားဘူး...


တကယ်လို့ သူသာ ဒဏ်ရာရထားမယ်ဆိုရင် ကျိုးရွှမ်လန်က အဲလောက်အထိ ပျော််နေမယ်မထင်ဘူး... မဟုတ်မှလွဲရော...


အောင်းယွဲ့ ချက်ချင်းလက်ငင်း နှာခေါင်းရှုံ့ပြီး အနံ့ခံကြည့်လိုက်သည့်အခါ ရှန်းလျိုရှန့်၏ကိုယ်ပေါ်မှ အော်ရာက ကျိုးရွှမ်လန်နှင့် တစ်ထပ်တည်းဖြစ်နေသည်ကို သိလိုက်ရသည်။ အော်ရာနှစ်ခုက ရောနှောနေ၍ သူ စိတ်မထိန်းနိုင်တော့ဘဲ တအံ့တဩပြောလိုက်သည်။

" မင်းနဲ့ မကောင်းဆိုးဝါး အင်မော်တယ်သခင်..."


" ကျိုးရွှမ်လန် ––"

သူ့စကားမဆုံးမီမှာပင် အနောက်ဘက်မှ ဒေါသတကြီးအော်သံကြီး ထွက်ပေါ်လာသည်။


အောင်းယွဲ့က သူ့စကားဖြတ်ပြောခံလိုက်ရ၍ ဇဝေဇဝါဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်ဘေးတစ်ယောက်က လက်ထဲတွင် ဓားကိုင်ထားလျက် သူတို့ရှိရာသို့ ‌ဒေါသတကြီးဖြင့် ပြေးလာသည်။


ထိုလူက ရှုရှင်းချန်ဖြစ်သည်။ 


ရှန်းလျိုရှန့်နှင့် လမ်းခွဲသွားပြီးသည့်နောက် ရှုရှင်းချန်က အဆောင်သို့ပြန်လာပြီး တာဝန်ကို အလေးအနက်ထား လုပ်ကိုင်ခဲ့ကာ မျက်တောင်တစ်ချက်ပင်မခတ်ဘဲ စာလိပ်ကို ကြည့်နေခဲ့သည်။ ညနေပိုင်းရောက်သည်အထိ ရှန်းလျိုရှန့်ပြန်မလာသေးသည့်အခါ လူလွှတ်၍ ရှာခိုင်းခဲ့သော်လည်း သူက နဝမနတ်ဆိုးဘုရင်နှင့်တွေ့ပြီး နတ်ဆိုးအရိုးဆေးကိုရှာရန် လျှို့ဝှက်နယ်ပယ်ထဲ ဝင်သွားကြောင်း သိလိုက်ရသည်။


ရှုရှင်းချန် အလွန်ဒေါသထွက်လွန်း၍ နိုးကြားဆေးလုံးကိုသောက်၍ နှစ်ရက်သုံးရက်ခန့်အထိထိန်းထားကာ စာလိပ်နှစ်ခုလုံးမှ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။


ယနေ့မနက်တွင်လည်း သွေးနီရောင်တောက်နေသည့် မျက်လုံးနှစ်လုံးကို ပွတ်၍ စာလိပ်ကိုကြည့်နေခဲ့ပြီး သူ့စိတ်ထဲ မကျေမနပ်ဖြစ်လာမိသည်။ ထိုအချိန်တွင် အားလုံးက လျှို့ဝှက်နယ်ပယ်မှ ထွက်လာပြီဖြစ်ကြောင်း ကြားသိလိုက်ရ၍ သူ၏ အားမကိုးရသောအစ်ကိုထံမှ တရားမျှတမှုကိုရယူရန် ဤနေရာသို့ ချက်ချင်းရောက်လာခြင်းဖြစ်သည်။


ငါ့ကိုပြောတော့ ညပိုင်းကို စောင့်ကြည့်ပေးမယ်ဆိုပြီး အခုတော့ တစ်ယောက်တည်း အပျော်ရှာဖို့ ထွက်သွားတယ်ပေါ့လေ...


သို့ရာတွင် ရှန်းလျိုရှန့်က ကိုမာရောဂါရနေသူတစ်ယောက်သဖွယ် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ပွေ့ချီခံလာရမည်ဟု သူ မထင်ထားခဲ့ပေ။ 


ရှုရှင်းချန်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။

ဒါဆိုရင် သူ လျှို့ဝှက်နယ်ပယ်ထဲမှာ ဒဏ်ရာအပြင်းအထန် ရလာတာများလား...


ကျိုးရွှမ်လန်၏ပြုံးစစဖြစ်နေသော မျက်နှာကြီးကိုကြည့်ကာ ဒေါသထွက်လာ၍ ဆံပင်များပါထောင်တက်လာသည်။


" ငါ့အစ်ကိုတော်ဘာဖြစ်တာလဲ... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ..."


ကျိုးရွှမ်လန်က ခဏတာငြိမ်ကျသွားသည်။

" ရှစ်စွမ်းက အိပ်ချင်နေတာနဲ့ အနားယူနေတာလေ..."


ရှုရှင်းချန် : " ဟမ်..."


သူ စိတ်တည်ငြိမ်သွားပြီးနောက် ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ရှည်ကြီးကို လိပ်တင်လိုက်သည်။

ဘာလို့ သူနဲ့ မတော်တဲ့ အဝတ်အစားတွေကို ဝတ်ထားတာလဲမသိဘူး... ပိုက်ဆံမရှိလို့များလား...


သူ့လက်ချောင်းများကိုဆန့်ထုတ်ပြီး ရှန်းလျိုရှန့်၏ ပိန်ပိန်သွယ်သွယ် လက်ကောက်ဝတ်လေးပေါ်တင်ကာ သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်နေလိုက်သည်။


စီးဆင်းနေသည့် ဝိညာဉ်စွမ်းအားက သွက်လက်နေသည်မှလွဲ၍ မူမမှန်သည့်တစ်စုံတစ်ရာကိုမှ ရှာမတွေ့ပေ။ 


ရှန်းလျိုရှန့်၏ဆံပင်ကို နားရွက်နောက် သပ်တင်လိုက်သည့်အခါ မျက်နှာကလည်း ပန်းနုရောင်သန်း၍ အသားအရေက ပုံမှန်အတိုင်းပင်။


သူ ဒဏ်ရာမရလာသည်ကို အတည်ပြုပြီးသွားသည့်အခါ ရှုရှင်းချန်က စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး အေးတိအေးစက်ဖြင့် နှာမှုတ်ကာ အိပ်ပျော်နေသူကို ပြောလိုက်သည်။

" ကျွန်တော်ဆို မအိပ်ရတဲ့ ရက်ပေါင်းမနည်းဘူး ဒီလောက်ကြီးအထိတော့ အိပ်မငိုက်ပါဘူး..."


ကျိုးရွှမ်လန်က ပြောလိုက်သည်။

" စိတ်မပူနေပါနဲ့ ငါ ရှစ်စွမ်း အနားယူလို့ရအောင် ခေါ်သွားပေးလိုက်မယ်..."


ရှုရှင်းချန် ခေါင်းညိတ်ပြလိုက်သည်။

" အင်း သူ အိပ်ပါစေ..."


စကားဆုံးသည်နှင့် သူ့မျက်နှာထက်တွင် တွန့်ဆုတ်နေသောအမူအရာဖြင့် လက်ဆန့်ထုတ်လိုက်သည်။

" ငါ့ကိုပေးလေ... မင်း လမ်းလျှောက်ရင် လေးနေမှာပေါ့..."


အနားယူဖို့ခေါ်မယ်ဆိုရင် ငါတို့အဆောင်ကိုပဲ ခေါ်ရမှာပေါ့...


သို့ရာတွင် ကျိုးရွှမ်လန် ဤသို့ပြောလာလိမ့်မည်ဟု ရှုရှင်းချန် မထင်ထားခဲ့ပေ။

" ရှစ်စွမ်းက ငါ့နေရာကိုသွားမှာ..."

ထို့နောက် ရှန်းလျိုရှန့်ကိုခေါ်၍ နေရာမှချက်ချင်းပျောက်ကွယ်သွားသည်။


ရှုရှင်းချန် : " ရပ်လိုက်စမ်းးး " 


သူ တစ်ဖက်သို့လှည့်ပြီး အမြန်ပြေးလိုက်တော့သည်။ လမ်းတစ်ဝက်ရောက်မှ ကျိုးရွှမ်လန် မည်သည့်နေရာတွင်နေကြောင်း မသိ၍ နောက်ပြန်လှည့်လာသည်။ ချွန်ထက်လှသည့် ရွှမ်ဟွမ်ဓားကို အောင်းယွဲ့၏လည်ပင်းပေါ်တင်၍ ‌ခြိမ်းခြောက်လိုက်သည်။

" မင်းတို့နေတဲ့သားရဲတွင်းကို ခေါ်သွားပေး..."


အောင်းယွဲ့ : "..."


.....


ရှုရှင်းချန် ရှန်းလျိုရှန့်ကို ရှာတွေ့သည့်အချိန်၌ ရှန်းလျိုရှန့်က နူးညံ့သောအိပ်ရာပေါ်တွင် အေးအေးချမ်းချမ်းအိပ်စက်နေသည်။ မူလက သူ့ကိုပြန်ခေါ်သွားရန် တွေးခဲ့သော်လည်း နှစ်နှစ်ခြိုက်ခြိုက်ညအိပ်မောကျနေသည်ကို မြင်သောအခါ စိတ်ပြောင်းသွားပြီးပက်လက်ကုလားထိုင်ကို အိပ်ရာနားရွှေ့၍ လာထိုင်လိုက်သည်။


ခုံပေါ်တွင် မှီ၍လှဲလိုက်ပြီးသည့်အခါ စာလိပ်ကိုဖြန့်၍ လေပေါ်ဝဲနေစေရန် မန္တန်တစ်ပုဒ်ရွတ်လိုက်သည်။ သို့မှသာ ရှန်းလျိုရှန့် မျက်လုံးပွင့်လာသည်နှင့် စိတ်လိပ်ကို တွေ့ရမည်ဖြစ်သည်။

" အပျင်းမထူနဲ့... ခင်ဗျား အိပ်ပျော်နေရင်တောင် စာလိပ်ကို စောင့်ကြည့်ရမယ်..."


ကျိုးရွှမ်လန် အခန်းထဲဝင်လာသည့်အခါ ပက်လက်ကုလားထိုင်ပေါ်မှလူက မျက်လုံးများမှေးစင်းနေပြီး ငိုက်မျဉ်းစွာဖြင့် စာလိပ်ကိုကြည့်နေသည်။


ကျိုးရွှမ်လန်က သူ့ကိုမောင်းထုတ်လိုက်သည်။

" မင်း ပြန်တော့လေ ငါပဲ စောင့်ကြည့်လိုက်မယ်..."


စာလိပ်က အလွန်အရေးပါပြီး လျှို့ဝှက်ချက်ထားရမည့်အရာဟုလည်း ဆိုနိုင်သည်။ ရှုရှင်းချန်က အခြားလူများထံတွင် လက်လွှဲထားရမည်ကို စိုးရိမ်သောကြောင့် ဤရက်ပိုင်းများတွင် သူတစ်ယောက်တည်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ကျိုးရွှမ်လန်ပြောသည်ကို ကြားသည့်အခါ ငြင်းပယ်သည့်အနေဖြင့် ခေါင်းခါပြလိုက်ပြီးမှ ကျိုးရွှမ်လန်လည်း ထိုကိစ္စကိုသိကြောင်း ရုတ်တရက် သတိရလိုက်သည်။


သူ စိတ်ပြောင်းသွားပြီး မျက်လုံးများကိုပွတ်၍ ပြောလိုက်သည်။

" ဒါဆိုရင်တော့ ရှန်းလျိုရှန့်ကိုယ်စား မင်းပဲ စောင့်ကြည့်လိုက်တော့..."


ထို့နောက်တွင် ရှုရှင်းချန်က အဆောင်သို့ပြန်ပြီး တစ်ရေးတစ်မောအိပ်စက်အနားယူရန် ပြင်လိုက်သည်။ တံခါးနားသို့ လျှောက်သွားပြီးသည့်နောက်တွင် ကိစ္စတစ်ခုကို သတိရသွား၍ သိုလှောင်အိတ်ထဲကို မွှေနှောက်ရှာဖွေပြီးနောက် ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်၍ ကျိုးရွှမ်လန်၏လက်ထဲ ထည့်လိုက်သည်။

" ပြီးရင် ဆေးလိမ်းပေးလိုက်ဦး..."


ကျိုးရွှမ်လန် : " ဘာဖြစ်လို့လဲ..."


" မင်း သတိမထားမိဘူးလား..."

ရှုရှင်းချန်က ခေါင်းစောင်းလိုက်ပြီး အိပ်ရာပေါ်တွင် လှဲနေသူကို လက်ညှိုးထိုးပြလိုက်သည်။

" သူ့လည်ပင်းမှာ အနီစက်တွေ နှစ်စက်သုံးစက်တွေ့တယ်... လျှို့ဝှက်နယ်ပယ်ထဲ ရောက်တဲ့အချိန်တုန်းက ခြင်ကိုက်ခံထားရတာဖြစ်မယ်... ဆေးလိမ်းပေးထားလိုက်လေ မဟုတ်ရင် ယားနေလိမ့်မယ် နေရထိုင်ရ မသက်မသာဖြစ်မှာပေါ့..."


ကျိုးရွှမ်လန် ခဏတာ ငြိမ်ကျသွားပြီးနောက် ခေါင်းညိတ်ပြလိုက်၍ ရှုရှင်းချန်က စိတ်အေးလက်အေးဖြင့် ထွက်သွားသည်။ 


တံခါးပိတ်သွားသည်နှင့် ကျိုးရွှမ်လန်က ကျောက်စိမ်းပုလင်းကို စားပွဲပေါ်တင်ထားလိုက်ပြီး အိပ်ရာနားသို့လျှောက်သွားသည်။ ဖြူဖွေးသွယ်လျသော လည်တိုင်ပေါ်သို့ အကြည့်ရောက်သွားသည်နှင့် သူ့မျက်ဝန်းများက မည်းနက်ပြီး ရီဝေဝေဖြစ်လာသည်။


အနီရောင် အမှတ်အသားများက တဖြည်းဖြည်းအရောင်ဖျော့လာပြီဖြစ်၍ အချိန်တိုအတွင်း လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။


ကျိုးရွှမ်လန်က အပြင်ဝတ်ရုံကိုချွတ်ကာ အိပ်ရာပေါ်တက်လာပြီး အိပ်ပျော်နေသူကို သူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။ ခဏအကြာတွင် ရှန်းလျိုရှန့်၏ ပခုံးနှင့် လည်ပင်းနေရာများတွင် ခေါင်းနှစ်ပြီးနောက် သာမန်မျက်စိဖြင့်မြင်နိုင်သော အမှတ်အသားများဖြင့်ပြည့်လာအောင် ထပ်မံပြုလုပ်လိုက်သည်။


ယခုအခါတွင်မူ နှင်းတမျှဖြူဖွေးလှသည့်အသားအရည်ပေါ်ရှိ အနီရောင်အမှတ်အသားများက ပိုမိုထင်ရှားလာပြီး အနည်းဆုံး ပိုးကောင်ကိုက်ရာများနှင့် မမှားနိုင်တော့ပေ။ 


.....


ညနေခင်းဘက်ရောက်သည့်အခါ ရှန်းလျိုရှန့်၏ မျက်တောင်များ လှုပ်လာသည်။ သူ့မျက်လုံးကို တဖြည်းဖြည်းဖွင့်လိုက်သည့်အခါ ရင်းနှီးနေသော ပခုံးနှင့် တောင့်တင်းနေသော ရင်အုပ်ကြီးကို မြင်လိုက်ရသည်။ အကယ်၍ ဂရုတစိုက်ကြည့်မည်ဆိုလျှင် ထိုပခုံးနှင့် ရင်ဘတ်များတွင် သွားရာများ ရှာတွေ့နိုင်ပေသည်။


ရှန်းလျိုရှန့် ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် သူ့ပါးပြင်က ချက်ချင်းရဲတွတ်လာသည်။


ထိုအချိန်တွင် သူ့ခါးကိုရစ်ပတ်ထားသည့် လက်မောင်းများက ရုတ်ချည်းတင်းကြပ်သွားသောကြောင့် နာကျင်ကိုက်ခဲမှုများက ချက်ချင်းပေါက်ကွဲထွက်လာသကဲ့သို့ဖြစ်ပြီး သူ့ခါးမှ ခန္ဓာကိုယ်တစ်ခုလုံးအထိ ပျံ့နှံ့သွားသည်။


ရှန်းလျိုရှန့် ညည်းညူလိုက်မိပြီးနောက် ထိုကိစ္စ၏ အဓိကလက်သည်ဖြစ်သူကို မျက်စောင်းထိုးပြီး စကားပြောလိုက်သည်။ 

 "..."


စကားပြောပြီးသွားသည့်အခါ အံ့အားသင့်သွားပြီး လည်ချောင်းရှင်း၍ ကျိုးရွှမ်လန်ဟူသည့် စကားလုံးသုံးလုံးကို ခေါ်လိုက်သော်လည်း စကားပြောရအလွန်ခက်နေသည့်အပြင် အသံများပါဝင်နေသည်။


ရှန်းလျိုရှန့်: "..." 

ငါ အသံတောင် မထွက်တော့ပါလား...


သူ ဝမ်းနည်းပက်လက်ဖြင့် မျက်ဝောာင်တစ်ချက်ခတ်လိုက်ပြီးနောက်တွင် အစိမ်းရောင်ဆေးလုံးတစ်လုံး တိုက်ကျွေးခံလိုက်ရသည်။

" ရှစ်စွမ်း စကားမပြောပါနဲ့ဦး... ခဏလောက် လည်ချောင်းကို အနားပေးလိုက်..."


ရှန်းလျိုရှန့်က မကြားရလုနီးပါးဖြစ်နေသည့်အသံဖြင့် အထစ်‌ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

" ဒါပေမဲ့ ငါ စိတ်မထိန်းနိုင်ဘူး..."


အမှန်တွင် သူ ပြောစရာစကားမဲ့နေသည်။ သို့သော် ထိုအကြောင်းကိုတွေးလေ စိတ်ထဲ မသက်မသာဖြစ်လာလေဖြစ်ပြီး စိတ်ထဲမသက်မသာဖြစ်လေ စကားပြောချင်လာလေဖြစ်သည်။


ကျိုးရွှမ်လန် ရယ်လိုက်သည်။

" ရှစ်စွမ်းရဲ့ အခြေတည်ဝိညာဉ်ကို သုံးလို့ရတယ်လေ..."


ရှန်းလျိုရှန့်၏မျက်လုံးများ အရောင်လက်သွားပြီး နောက်အခိုက်အတန့်တွင် လက်ဖဝါးစာခန့် အခြေတည်ဝိညာဉ်လေးက အိပ်ရာပေါ်ရောက်လာသည်။ သူ ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်လိုက်ပြီး လက်မြှောက်၍ ခေါင်းပေါ်မှ ပြုတ်ကျလုဆဲဆဲဖြစ်သွားသော ရွှေရောင်သရဖူလေးကို နေရာတကျပြန်ထားလိုက်သည်။


ယခုနောက်ပိုင်းတွင် ဝိညာဉ်ကို ကာကွယ်ပေးနေသည့် ဝိညာဉ်စွမ်းအင်ပမာဏ များပြားလာသောကြောင့် ယွမ်ယင်း၏ စိတ်အခြေအနေက တစ်နှစ်ခန့် ပိုကြီးလာကာ သူ့ပုံပန်းသွင်ပြင်လည်း အနည်းငယ်မျှ ပြောင်းလဲသွားသည်။ နူးညံ့သည့် ဖြူဖြူဖွေးဖွေးမျက်နှာလေးက ပိုမိုသေးငယ်လာပြီး ကလေးအဆီလေးများက တဖြည်းဖြည်းပျောက်ကွယ်ကာ မျက်နှာပုံစံကလည်း ပို၍ရှင်းသန့်လာသကဲ့သို့ ဖြစ်သွားသည်။


ချီစွမ်းအင်ရင်းမြစ်နေရာမှ ရုတ်ချည်းထွက်လာရသော်လည်း ယခင်ကဲ့သို့ တိုးတိုးတိတ်တိတ် စိတ်ဆိုးမနေတော့ပေ။ 


သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် "နာခံမှု" ဟူသည့်စာလုံးကို ရေးသားထားသကဲ့သို့ ထင်ရသည်။


ထိုပုံစံက သူနှင့်မတူဟု ရှန်းလျိုရှန့် ခံစားလိုက်ရသည်။ သူ ခေါင်းညိတ်ပြလိုက်သည့်အခါ လက်ဖဝါးပေါ်ရပ်နေသည့် အခြေတည်ဝိညာဉ်က ကျိုးရွှမ်လန်ကို ပြောလိုက်သည်။

" ငါ ရေသောက်ချင်တယ်... သရေစာမုန့် စားချင်တယ်... ဇာတ်လမ်းစာအုပ်ဖတ်ချင်တယ်..."


ကျိုးရွှမ်လန်က နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးပြလိုက်သည်။

" တပည့် သွားပြင်ဆင်ထားလိုက်ပါ့မယ်..."


ယွမ်ယင်းက သူစားချင်သည့် သရေစာနာမည်များကို တန်းစီ၍ရွတ်ပြပြီးသွားသည်နှင့် ကျိုးရွှမ်လန်က မတ်တပ်ထရပ်ပြီး ထိုအရာများသွားယူရန် အခန်းပြင်ထွက်သွားသည်။


ရှန်းလျိုရှန့် ရေသောက်ပြီးသည့်အခါ ခွက်ကိုချထားလိုက်ပြီး လုံးဝ မထချင်သည့်ပုံဖြင့် အိပ်ရာပေါ်လှဲနေလိုက်သည်။ အခန်းက တိတ်ဆိတ်ငြိမ်သက်လွန်းသောကြောင့် သူ ပျင်းနေမိသည်။ ထို့နောက် လှိုဏ်ဂူထဲတွင် ဖြစ်ပျက်သွားခဲ့သည့်ကိစ္စများကို ပြန်တွေးမိသောအခါ သူ့မျက်နှာက ချက်ချင်းရဲတွတ်လာသည်။


ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီး မှတ်ဉာဏ်များကို ခါထုတ်လိုက်ကာ ယွမ်ယင်းပေါက်စလေးကို စနောက်နေလိုက်သည်။


ယွမ်ယင်းလေး၏အသိစိတ်များ ပြန်လည်ရရှိလာသည့်အခါ ယွင်ရှန်(ရှေးဦးဝိညာဉ်)ထဲတွင်ရှိနေသော မှတ်ဉာဏ်များပါ ပြန်သတိရလာမည်ဟု တိယွင်ယွီပြောထားခဲ့သည်။


ရှန်းလျိုရှန့်က ယွမ်ယင်းလေး၏ မျက်နှာသေးသေးလေးကို ဖျစ်ညှစ်လိုက်သည့်အခါ သူ့ဘက်က မခုခံသောကြောင့် အံ့အားသင့်သွားရသည်။ ဤမတိုင်မီကဆိုလျှင် သူက မပျော်မရွှင်ဖြင့် နှုတ်ခမ်းစူပြီး သူ့လက်ကို ဖယ်ထုတ်ပစ်ရန် ကြိုးစားလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက ခေါင်းအုံးပေါ်တွင် လိမ်လိမ်မာမာဖြင့်ထိုင်နေပြီး ရှန်းလျိုရှန့်ကို ဖျစ်ညှစ်ခွင့်ပြုထားပေသည်။


သူက ယခင်ကဲ့သို့ တက်ကြွမနေတော့သည့်အပြငါ ပိုမိုပိန်ပါးလာပေသည်။


ရှန်းလျိုရှန့်က ယွမ်ယင်းလေးနှင့် ဆက်သွယ်ကြည့်သည့်အခါ သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုအချို့ ရစ်ဝဲနေသည်ကို ခံစားလိုက်ရသည်။ သူ ယွမ်ယင်းလေးကိုကြည့်ပြီး တီးတိုးမေးလိုက်သည်။

" ဘာဖြစ်လို့လဲ..."


အခြေတည်ဝိညာဉ်လေးက အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သူ့ဒူးပေါ်တက်ထားသည့်လက်လေးနှစ်ဖက်ကိုလိမ်ကျစ်နေပြီးနောက် ခဏအကြာတွင် တိုးတိုးလေး ပြော‌လာသည်။

" ကျွန် ကျွန်တော့်မှာ အမေမရှိတော့ဘူး..."


ရှန်းလျိုရှန့် ထိတ်လန့်သွားခဲ့ရသည်။

မူရင်းရှန်းလျိုရှန့်က အသက်လေးနှစ်အရွယ်တွင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ပေသည်။


သူ့စိတ်ထဲ မဖော်ညွှန်းပြနိုင်သည့် စိတ်ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာပြီး ယွမ်ယင်းလေးနှင့် မကွာခြားသည့်အမူအရာတစ်မျိုး ပြသလာသည်။ ခဏအကြာတွင် လက်မြှောက်၍ ယွမ်ယင်းလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။

" ငါ သိပြီ..."


အသက်လေးနှစ်အရွယ် ယွမ်ယင်းလေး၏မှတ်ဉာဏ်များက ဝေဝေဝါးဝါးဖြစ်နေကာ ထိုနှစ်တွင် သူ့မိခင်ကို ဆုံးရှုံးခဲ့ရသော်လည်း သူ့ဘဝက ကောင်းကောင်းမွန်မွန်နေခဲ့ရသည်ကိုသာ သိပေသည်။ စိတ်ထားကောင်းသော အမျိုးသမီးတစ်ယောက်က သူ့ကိုဂရုစိုက်ပေးခဲ့ပြီး သူနှင့် သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက်ကလည်း သူ့အနားတွင် ရှိပုံရသည်။


ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များက အောက်သို့ကော့ညွတ်သွားပြီး မျက်ရည်မကျအောင် စိတ်ထိန်းထားသည့် အခြေတည်ဝိညာဉ်လေးကို သူ့ချီသွေးကြောထဲ ပြန်ထည့်လိုက်သည်။

သူ့ပုံစံက ရေခဲတောင်ပေါ်က ခရမ်းသီးလေးလိုဖြစ်နေတာ မထူးဆန်းတော့ပါဘူး...

 

သူ့ဆံပင်များကို ဆွဲဖွနေစဉ် ရှန်းလျိုရှန့်က သူ့တာဝန်ကိုသတိရသွား၍ လေပေါ်ဝဲနေသည့်စာလိပ်ကို ကြည့်လိုက်သည်။ 


ရှန်းလျိုရှန့် : အမ်...


သူတို့ကဘာလို့ တစ်ခုနဲ့တစ်ခု ထပ်သွားတာလဲ...


ရှန်းလျိုရှန့် ရုတ်တရက် မျက်လုံးအပြူးသားဖြစ်သွားပြီး နောက်အခိုက်အတန့်၌ သူ့အိပ်ရာရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။


ရောက်ရှိလာသူက အစိမ်းနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်လူတစ်ယောက်ဖြစ်ပြီး ခါးတွင်လည်း စာလိပ်နှစ်လိပ်ကို ချိတ်ဆွဲထားကာ ရှန်းလျိုရှန့်ကိုကြည့်နေသည်။


သူ၏ ကျောက်စိမ်းသဖွယ် မျက်နှာထက်တွင် နူးညံ့ညင်သာသောအပြုံးတစ်ခု ဖြစ်တည်လာသည်။


" မတွေ့ရတာကြာပြီ ဆရာတူညီလေး... နေကောင်းရဲ့လား..."


🌸🌸🌸🌸🌸


တို့ကိုကြီးလင်ယဲ့ ပြန်လာပြီကွ😭😭