အပိုင်း ၁၂၇
Viewers 30k

Chapter 127



ချင်းလင်ဂိုဏ်းမှ ထွက်လာခဲ့စဉ်အချိန်ကစ၍ ရှန်းလျိုရှန့် လင်ယဲ့ကို မတွေ့ခဲ့သည်မှာ ခုနစ်နှစ်တိုင်ပြီဖြစ်သည်။


ထိုနေ့က ဧကရာဇ်ယွင်က ရှန်းလျိုရှန့်ကိုခေါ်ရန် ချင်းလင်ဂိုဏ်းသို့ လူအချို့စေလွှတ်ခဲ့သည်။ လင်ယဲ့က သူထွက်သွားလိုပါက ထွက်သွားနိုင်ကြောင်း ပြောခဲ့ပေသည်။ ရှန်းလျိုရှန့်က သူ့ဆန္ဒပါကြောင်း ခေါင်းညိတ်ပြလိုက်သည့်အခါ ဂိုဏ်းဝင်ပေါက်သို့ ကိုယ်တိုင်လိုက်ပို့ခဲ့‌၏။ 


ရှန်းလျိုရှန့် နန်းတွင်းသို့ရောက်ပြီးသည့်နောက် အစပိုင်းတွင်မူ သူတို့နှစ်ယောက်က စာအပြန်အလှန်ရေးခဲ့ကြသေးသည်။ များသောအားဖြင့် လင်ယဲ့က သာကြောင်းမာကြောင်းမေးသည့် စကားအချို့သာပြောပြီး ရှန်းလျိုရှန့်ကမူ စာဆယ်ရွက်ထက်မနည်းရေး၍ အမြဲစာပြန်လေ့ရှိသည်။ 


သူက စကားများသူဖြစ်သောကြောင့်မဟုတ်ဘဲ နန်းတွင်းသို့ ပထမဆုံးရောက်လာချိန်တွင် ရှန်းလျိုရှန့်က ‌ထိုနေရာနှင့် မရင်းမနှီးဖြစ်နေသည့်အပြင် သူက မင်းသားလေးတစ်ပါးဖြစ်သောကြောင့် သူ့အနားမှလူများက သူ့အပေါ် ဒွိဟဖြစ်စွာဆက်ဆံကြပြီး သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်စစ်ဆေးနေခဲ့ခြင်းကြောင့်ဖြစ်သည်။


အထူးသဖြင့် ရှုရှင်းချန်က သူ့အပေါ်အလွန်ရန်လိုပြီး တစ်နေကုန်ပြဿနာရှာကာ အမြဲတစေ အခက်တွေ့အောင် ပြုလုပ်လေ့ရှိသည်။ မင်းသားလေးရှင်းချန်က ထိုသို့ပြုမူနေ၍ နန်းတွင်းမှလူအများစုကလည်း သူ့အလိုလိုက်အကြိုက်ဆောင်ပြီး တစ်ပုံစံတည်းပြုမူကြပေသည်။ 


ရလဒ်အနေဖြင့် ရှန်းလျိုရှန့်မှာ ပြဿနာကြီးများမဖြစ်ခဲ့သော်လည်း ပြဿနာအသေးစားများက တစ်ခုပြီးတစ်ခု ဖြစ်နေခဲ့ရသည်။ 


ထိုအချိန်က ရှန်းလျိုရှန့်မှာ မည်သူ့ကိုမှ စောဒကမတက်နိုင်သောကြောင့် စိတ်ပြေရာအနေဖြင့် သူ့ရှစ်ရှုန်းကို စာရေးခြင်းဖြစ်သည်။ ညနက်ချိန်ရောက်တိုင်း ခုံတွင်ထိုင်၍စာများရေးကာ သူ့ကိုထိုနေ့အတွက် အနိုင်ကျင့်သူများကို ပြန်ပေးဆပ်ရအောင် ကြုံးဝါးလေ့ရှိသည်။


နောက်ပိုင်းတွင် သူ့ကို အနိုင်ကျင့်သည့်မည်သူ့ကိုမဆို နှစ်ဆပြန်ခံစားရအောင် ပြဿနာပြန်ရှာသောကြောင့် နောက်ဆုံးတွင် နန်းတွင်းထဲ၌ သူ့ကိုမည်သူမှ အနိုင်မကျင့်ရဲတော့ပေ။ 


ရှန်းလျိုရှန့်၏ နန်းတွင်းတွင် နေထိုင်ရသောဘဝက တဖြည်းဖြည်းသက်တောင့်သက်သာဖြစ်လာပြီး သူ့ရှစ်ရှုန်းထံမှ စာများကလည်း ထပ်မံမရောက်ရှိလာတော့ပေ။


ရှန်းလျိုရှန့်က နှစ်ဝက်ခန့်အထိ စာများဆက်တိုက်ရေးသားခဲ့သော်လည်း ပြန်စာမရခဲ့ပေ။ သူ့ရှစ်ရှုန်းက သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ နောက်ဆုံးတွင် စာများရေးသားခြင်းကို တဖြည်းဖြည်းရပ်တန့်လိုက်သည်။ မကြာမီအချိန်အတောအတွင်းတွင် နတ်ဆိုးလောက၌ ခြေကုပ်ရရှိလာသော ကျိုးရွှမ်လန်က မနည်းကြိုးစားအားထုတ်၍ ကျောက်စိမ်းပြားကို သူ့လက်ထဲရောက်အောင် ထည့်ခဲ့သောကြောင့် သူတို့နှစ်ယောက် အဆက်အသွယ်ပြန်ရခဲ့ခြင်းဖြစ်သည်။


ယခုအချိန်တွင်မူ လင်ယဲ့က ရုတ်တရက်ပေါ်လာပြီး စာလိပ်နှစ်လိပ်ကိုယူလာကာ သူ့ကို တည်ငြိမ်စွာဖြင့် နှုတ်ဆက်နေသည်။


ရှန်းလျိုရှန့် ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် အချိန်အတန်ကြာသည်အထိ အသိစိတ် ပြန်မဝင်လာနိုင်သေးပေ။

" အစ် အစ်ကိုကြီး..."


လင်ယဲ့က သူ့ကိုခေါင်းညိတ်ပြလိုက်သည်။ 

" မင်း နတ်ဆိုးမြို့တော်ကို ရောက်လာတယ်ကြားလို့ ငါလာတွေ့တာ..."


အစောပိုင်းတွင် လင်ယဲ့က လျှို့ဝှက်နယ်ပယ်မှ ထွက်လာပြီးသည့်နောက် ဖြတ်သွားသည့်စုပိုင်ချယ့်နှင့် မတော်တဆဆုံခဲ့သည်။ စုပိုင်ချယ့်က သူ့လည်ပင်းကိုပွတ်၍ "ရှန်းလျိုရှန့်"ဟူသည့်နာမည်ကိုခေါ်ကာ ကျိန်ဆဲနေသောကြောင့် လင်ယဲ့က သူ့ထံသွား၍မေးခဲ့ခြင်းဖြစ်သည်။


စုပိုင်ချယ့် အလွန်ကြောက်လန့်သွားပြီး သူ့ကိုယ်မှသန့်စင်ထားသောကျူးယန်အကြောင်း သိသွားမည်ကို ကြောက်လန့်နေခဲ့သည်။ ကံကောင်းသည်မှာ လင်ယဲ့က သတိမပြုမိဘဲ သူ့ကိုမေးခွန်းအနည်းငယ်မေးပြီး သွားခွင့်ပြုလိုက်ပေသည်။ 


သူတို့နှစ်ယောက် လမ်းမခွဲကြမီတွင် ပြဿနာ တစ်စုံတစ်ရာရှိပါက သူ့ကိုလာပြောနိုင်ကြောင်း လင်ယဲ့က စုပိုင်ချယ့်ကိုပြောခဲ့သည်။


စုပိုင်ချယ့်က အံ့ဩသွားမိသော်လည်း သူ့စိတ်ထဲမှထုံရှီးက အသက်ကယ်မည့်ကောက်ရိုးမျှင်ကို တွေ့သွားသောကြောင့် ချက်ချင်းအော်ပြောလိုက်သည်။

" အဆင်ပြေလိုက်တာ အဆင်ပြေလိုက်တာ... တောအုပ်မရှိတော့ပေမယ့် အနည်းဆုံး မှီခိုစရာသစ်ပင်ကြီး ရှိနေသေးတယ်..."


ထိုစကား၏အပေါ်ယံအဓိပ္ပါယ်နှင့် အတွင်းကျသော အဓိပ္ပါယ်နှစ်ခုလုံးတွင် လင်ယဲ့က စုပိုင်ချယ့်အပေါ် နက်နက်ရှိုင်းရှိုင်းချစ်နေခဲ့ပြီး နှစ်ပေါင်းများစွာတိုင်အောင် သူ့ကိုမမေ့နိုင်သေးကြောင်း သိသာထင်ရှားလှပေသည်။


စုပိုင်ချယ့်က သူ့စကားကို သရော်ပြီးတုံ့ပြန်လိုက်သည်။


လင်ယဲ့က သူ့ကို ထူးဆန်းသည့်ခံစားချက်တစ်မျိုးပေးနေသည်။ ထုံရှီး၏အပြောအရ လင်ယဲ့က သူ့ကိုကြိုက်သည်ဟုဆိုသော်လည်း သူ့ကိုနှစ်သက်သဘောကျသည့် အပြုအမူများလည်း မပြသပေ။ သို့ရာတွင် သူ့ကိုမနှစ်သက်ပါကလည်း အခြားလူများနှင့် ကွဲပြားစွာဆက်ဆံမည် မဟုတ်ပေ။ 


ချင်းလင်ဂိုဏ်းတွင် နေထိုင်ခဲ့စဉ်က ရှန်းလျိုရှန့်က သူ့ကို အမြဲအနိုင်ကျင့်ခဲ့သည်။ လင်ယဲ့က မည်မျှအလုပ်ရှုပ်သည်ဖြစ်စေ သူ့ထံရောက်လာပြီး ဖျောင်းဖျနှစ်သိမ့်ပေးကာ သူ့ဆရာတူညီလေးက ဆိုးသွမ်းသောကြောင့် ဂရုစိုက်ပေးရန်သာ ပြောခဲ့သည်။


စုပိုင်ချယ့်မှာ မူလက လင်ယဲ့ ရှန်းလျိုရှန့်ကို သူ့အတွက် သင်ခန်းစာပေးပေးရန် မျှော်လင့်ခဲ့မိသော်လည်း နောက်ပိုင်းတွင်မူ လင်ယဲ့က ကိစ္စများကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။ တရားစီရင်ရေး အကြီးအကဲတစ်ယောက်ကမှ ရှန်းလျိုရှန့်ကို ပညာမပြရဲကြပေ။ 


သို့ဖြစ်၍ ထိုစဉ်အချိန်မှစ၍ လင်ယဲ့က သူ့ကိုသဘောကျနေသည်ဟု ထုံရှီးမည်မျှပြောသည်ဖြစ်စေ စုပိုင်ချယ့် မယုံကြည်တော့ပေ။ 


သူ့ကိုဂရုစိုက်သည်မှာ သူစိမ်းတစ်ယောက်အပေါ် လေးစားစွာဆက်ဆံခြင်းဟုသာ သတ်မှတ်ထားလိုက်သည်။


" သူစိမ်းတစ်ယောက်အပေါ် လေးစားစွာဆက်ဆံခြင်း " ဟူသော စကားက စုပိုင်ချယ့်၏အမြင်တွင် အလွန်အန္တရယ်များလှသည်။ လင်ယဲ့က သူ့အတွက် စက်ဝိုင်းတစ်ဝိုင်း ဝိုင်းပေးထားပြီး သူ့ကို ထိုစက်ဝိုင်းအတွင်းတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးထားသော်လည်း အကန့်အသတ်ကျော်လွန်သွားသည်နှင့် "လေးစားမှု" ဟူသောစာလုံးက ပျောက်ကွယ်သွားကာ နောက်ဆက်တွဲ ဖြစ်လာမည်များက မတွေးရဲစရာဖြစ်နေမည်ကို သူ ကြောက်နေမိသည်။


လင်ယဲ့က ပြဿနာရှိပါက သူ့ကိုလာပြောနိုင်သည်ဟု ဆိုသော်လည်း ထို"ပြဿနာ" ထဲတွင် ကျူးယန်ကိုကိုင်တွယ်ရာ၌ ကူညီပေးမည်ဟု မဆိုလိုကြောင်း စုပိုင်ချယ့်သိသည်။ အကယ်၍ သူ နတ်ဆိုးကျင့်စဉ်များကျင့်နေကြောင်းဝန်ခံပြီး လင်ယဲ့ကို အကူအညီတောင်းမိပါက ရလဒ်မှာ ယခုထက်ပိုဆိုးလာတော့မည်ဖြစ်သည်။


သို့ဖြစ်၍ စုပိုင်ချယ့်က သူ့စကားကို မယုတ်မလွန်ဖြစ်အောင်သာတုံ့ပြန်၍ ထုံရှီးဒေါသတကြီး အော်ဟစ်နေသည့်အကြားမှ အမြန်ထွက်လာခဲ့သည်။


လင်ယဲ့က သူလုပ်သင့်သည်ကို လုပ်ပြီးပြီဟု ခံစားလိုက်သောကြောင့် ဝတ်ရုံလက်ကိုတစ်ချက်ခါပြီး ထွက်လာခဲ့သည်။ နတ်ဆိုးမြို့တော်တွင် အချိန်အတန်ကြာအောင် ရှာဖွေပြီးသည့်နောက်၌ အိပ်ရာပေါ်တွင် ယွမ်ယင်းလေးကို စနောက်နေသည့် ရှန်းလျိုရှန့်အား ရှာတွေ့သွား၍ အခန်းထဲတွင် ပေါ်လာခြင်းဖြစ်သည်။


လင်ယဲ့ မျက်လွှာအသာချလိုက်ပြီး ခုနစ်နှစ်တိုင်အောင် မတွေ့ခဲ့ရသော သူ့ဆရာတူညီလေးကိုကြည့်လိုက်သည်။ ရှန်းလျိုရှန့်၏ပုံစံက သူ့မှတ်ဉာဏ်ထဲတွင် အမြဲတစေရှိနေသည့်အတိုင်း မပြောင်းလဲသော်လည်း သူ့ကိုရုတ်တရက် မြင်လိုက်ရ၍ သူ့စိတ်ထဲ ရုတ်ချည်းဗလာကျင်းသွားသည်။


ဆယ်ကျော်သက်ဘဝက ဆိုးသွမ်းသည့်အရာများပြုလုပ်နေစဉ် လူမိသွားသကဲ့သို့ အစတွင်မှင်သက်နေပြီးနောက် ခွင့်လွှတ်ပေးရန် သနားစဖွယ်တောင်းပန်နေသည်နှင့် တစ်ပုံစံတည်းဖြစ်သည်။


အခုလည်း သူ ပြဿနာတစ်ခုခု ရှာထားပြန်တာများလား...


လင်ယဲ့ အိပ်ရာပေါ်မှလူကို ဂရုတစိုက်ကြည့်နေမိသည်။ ထိုသူ၏ အနက်ရောင်ဆံနွယ်များ၊ မျက်ခုံး၊ မျက်လုံး၊ နှာတံစင်းစင်း၊ ရဲတွတ်နေသည့်နှုတ်ခမ်းများ...


သူ တစ်ခုချင်းစီကို အသေးစိတ်ကြည့်နေပြီး နောက်ဆုံးတွင် သူ့အကြည့်က ဖြူဖွေးသွယ်လျသော လည်တိုင်ပေါ် ရောက်သွားသည်။


လည်တိုင်ဖြူဖြူလေးပေါ်မှ အနီရောင်အမှတ်အသားများက ဖွေးဆွတ်လှသည့်နှင်းများပေါ် မက်မန်းပွင့်များ ကြွေကျနေသည်နှင့်တူ၍ အလွန်လှပပြီး ဆွဲဆောင်မှုရှိလှပေသည်။


သို့ရာတွင် လင်ယဲ့ ထိုအမှတ်အသားများကိုမြင်သည့်အခါ သူ့မျက်လုံးများ မှေးကျဉ်းသွားပြီး သူ၏ချောမောသောမျက်နှာထက်မှ ညင်သာသောအပြုံးက ပျောက်ကွယ်သွားသည်။


သူ မျက်မှောင်ကြုတ်လိုက်ပြီး အချိနအတန်ကြာအောင် တွေးတောနေကာ သူ့အမူအရာက ခန့်မှန်းမရနိုင်ဖြစ်နေပြီး ခေါင်းရှုပ်သွားသည့်ပုံစံမျိုး ဖြစ်နေသည်။ ရှန်းလျိုရှန့်၏ စူးစမ်းနေသည့်မျက်ဝန်းများကို သတိပြုမိမှသာ မူရင်းပုံစံပြန်ဖြစ်သွားသည်။

" မင်း ဘာလို့နတ်ဆိုးမြို့တော်ကို ရောက်နေတာလဲ..."


သူ အသည်းအသန်ကြိုးစား၍ ရှာဖွေနေသောစာလိပ်က လင်ယဲ့၏ကိုယ်ပေါ်တွင် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုမျှသာမက လင်ယဲ့က စာလိပ်ကို အရေးမကြီးသည့်အရာတစ်ခုသဖွယ် ခါးတွင် ချိတ်ထားပေသည်။


အကယ်၍ အခြားလူတစ်ယောက်ယောက်သာ ဖြစ်နေခဲ့ပါက ရှန်းလျိုရှန့် အခွင့်အရေးယူလိုက်မည်ဖြစ်သည်။


ဒါပေမဲ့ အခုတော့...


ရှန်းလျိုရှန့် ရှက်ရွံ့စွာဖြင့် သက်ပြင်းချလိုက်ပြီး သူ့အကြည့်များက လင်ယဲ့၏ခါးနေရာသို့သာ ရောက်နေသည်။ ခဏစဉ်းစားပြီးသောအခါ လက်ချောင်းသွယ်သွယ်များကို ဆန့်ထုတ်လိုက်ပြီး မဝံ့မရဲဖြင့် စာလိပ်နှစ်လိပ်ကို လက်ညှိုးထိုးပြလိုက်သည်။


" ရှစ်ရှုန်း... ကျွန်တော့်ကို ဒီစာလိပ်တွေ ပေးပါလား... အဟွတ် အဟွတ်..."

ရှန်းလျိုရှန့်၏အသံက အက်ရှနေပြီး လည်ချောင်းထဲမှ စကားသံထွက်လာအောင် မနည်းပြောနေရသည်။

" ကျွန်တော် ကြည့်ကြည့်လို့ရလား..."


အက်ရှရှအသံကိုကြားသည်နှင့် လင်ယဲ့ မျက်မှောင်ကြုတ်လိုက်မိပြီး သိုလှောင်အိတ်ထဲမှ ဆေးပုလင်းတစ်ပုလင်းကိုထုတ်ကာ ခါးတွင်ချည်ထားသည့်ကြိုးကိုဖြည်ပြီး ပေးလိုက်သည်။

" ကျိုးရွှမ်လန်လား..."


ရှန်းလျိုရှန့်က မယုံကြည်နိုင်စွာဖြင့် စာလိပ်ကို အနီးကပ်ကြည့်နေပြီး လင်ယဲ့ကိုနောက်တစ်ကြိမ် ပြန်မော့ကြည့်ကာ နှလုံးခုန်သံက အနည်းငယ်မြန်ဆန်လာသည်။


ငါ့ကို ဒီ ဒီတိုင်း ပေးလိုက်တာလား...


ရှန်းလျိုရှန့်၏ရင်ထဲ ခံစားချက်များ ရောပြွန်းနေလျက်ဖြင့် စိတ်ခံစားချက်များ ရောပြွန်းလာသည်။ သူ စိတ်လှုပ်ရှားနေသောကြောင့် လင်ယဲ့၏ အတောမသတ်နိုင်သည့်မေးခွန်းများကို လျစ်လျူရှု့ထားမိသည်။


ဖွင့်ကြည့်ဖို့ မစောင့်နိုင်တော့ဘူး...


တိယွင်ယွီက စာလိပ်ကို အတည်ပြုနည်းနှင့်  ချိပ်စည်းမှ ထူးခြားသောနေရာကိုကြည့်နည်းပါ ပြောပြထားခဲ့သည်။


သူ ပထမဆုံးဖွင့်ကြည့်လိုက်သောစာလိပ်က အတုဖြစ်နေသည်။


ရှန်းလျိုရှန့်က ထိုစာလိပ်ကိုဘေးနားချထားလိုက်ပြီး နောက်တစ်ခုကို ချက်ချင်းဖြန့်ကြည့်လိုက်သည်။ ထိုအချိန်တွင် အိပ်ရာရှေ့၌ရပ်နေသူက သူ့ကို ရုတ်တရက်ခေါ်လိုက်သည်။


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

လင်ယဲ့က ငါ့ကိုစာလိပ်ပေးမိတာ နောင်တရသွားတာများလား...


စာလိပ်ကို သူ့လက်ချောင်းများဖြင့် အသာကိုင်ထားပြီးနောက် သတိထား၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ နှာဖျားတွင် ငရုတ်သီးအနံ့တစ်မျိုး ရလိုက်သည်။ 


" ပါးစပ်ဟလိုက်..."


ရှန်းလျိုရှန့်၏ လက်ထဲတွင်ကိုင်ထားပြီး မေ့နေသော ဆေးပုလင်းကို လင်ယဲ့ကဖွင့်လိုက်ပြီး အစိမ်းရောင်ဆေးရည်ကို ရှန်းလျိုရှန့်၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။


ရှန်းလျိုရှန့် ကြောင်အသွားပြီး ဆေးကို အမြန်မျိုချလိုက်သည်။

" လည်ချောင်းရှင်းဆေးက ကျွန်တော်သောက်ထားပြီးပြီ..."


" ထပ်သောက်ရင်လည်း အန္တရာယ်မရှိပါဘူး..."

လင်ယဲ့က သူဖြန့်ထားသည့် စာလိပ်နောက်တစ်ခုကိုကြည့်ပြီး ပြောလိုက်သည်။

" ဒါကို ဟမ်ကျု့ယင်ရဲ့လက်ထဲက ယူခဲ့တာ... နေရာအတိအကျကို သူက တမင်ဖျောက်ထားတယ်... ငါတောင် အကြမ်းဖျင်းပဲကြည့်လို့ရတယ်... နန်းတွင်းကလည်း ဒီကိစ္စမှာပါလာပြီဆိုတော့ မင်းလည်း အဲ့စာလိပ်ကို ရှာနေတာလား..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ထဲမှ စာလိပ်မှာ ပျက်စီးနေပေသည်။ တစ်စုံတစ်ယောက်က စွမ်းအားကြီးအစီအရင်ကိုသုံး၍ အလယ်ဗဟိုနေရာကို ဖျက်စီးထားသော်လည်း ချုန်းချီကို ချိပ်ပိတ်ထားသည့် နေရာက နတ်ဆိုးမြို့တော်တွင်ရှိသည်ဟု ရှန်းလျိုရှန့်က ရေးတေးတေး ခံစားနေမိပေ၏။ 


သူ့စိတ်ထဲ အလွန်ကြောက်လန့်သွားမိသည်။ အကယ်၍ အခြားနေရာတစ်ခုဖြစ်ပါက ရှာဖွေရန် မခက်ခဲလှသော်လည်း နတ်ဆိုးမြို့တော်တစ်ဝိုက်တွင် ထောင်နှင့်ချီသော လျှို့ဝှက်နယ်ပယ်များရှိနေပြီး နေရာအတိအကျကိုလည်း သူတို့မသိရပေ။ သို့ဖြစ်၍ ချုန်းချီက မည်သည့်လျှို့ဝှက်နယ်ပယ်တွင်မဆို ပုန်းအောင်းနေခြင်းဖြစ်နိုင်ပေသည်။ 


သူ မျက်ခုံးနှစ်ဖက်ကိုပွတ်ပြီးနောက် စာလိပ်ကိုပြန်ပိတ်လိုက်သည်။

" ရှစ်ရှုန်း အဲဒီစာလိပ်ထဲမှာ ဘာပါလဲဆိုတာ သိတာလား..."


" နတ်ဆိုးသားရဲတွေ ချိပ်ပိတ်ထားတဲ့နေရာလေ..."


ရှန်းလျိုရှန့် စာလိပ်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။

" ရှစ်ရှုန်းဘယ်လိုလုပ်သိတာလဲ... တခြားစာလိပ်တစ်ခုကိုရော ဘယ်နေရာက ရလာတာလဲ..."


လင်ယဲ့ ယခင်က ပါ့ဟွမ်တွင် ပေါ်လာခဲ့ခြင်းမှာ စာလိပ်အတု၏ လမ်းပြမှုကြောင့်ဖြစ်နိုင်ပေသည်။ 


သူ ဘာလုပ်ချင်နေတာများလဲ...


" မင်း မမှတ်မိတော့ဘူးလား..."

လင်ယဲ့က သူဘေးနားချထားသည့်စာလိပ်ကို လက်ညှိုးထိုးပြကာ မှန်းဆရခက်သည့်လေသံဖြင့်ပြောလိုက်သည်။ 

" အရင်တုန်းက ငါတို့တွေ ဂိုဏ်းအပြင်ထွက်လေ့လာတဲ့အချိန် မင်းက အဲ့စာလိပ်တွေနဲ့ သကြားလုံးချောင်းနှစ်ချောင်းကိုပတ်ပြီး ငါ့ကိုပေးခဲ့တာလေ... ငါကလည်း အဲ့ဟာကို စာလိပ်အဟောင်းတွေထင်နေခဲ့တာ... သိပ်မကြာခင် သူတို့ ထူထူးဆန်းဆန်းပြုမူလာတော့မှ ဒီစာလိပ်တွေကို ဧကရာဇ်ပိုင်မှန်း ငါသိခဲ့တာ... အဲဒါနဲ့ ငါသေချာစုံစမ်းကြည့်လိုက်တော့မှ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ရှိခဲ့တဲ့ နတ်ဆိုးသားရဲတွေနဲ့ ဆိုင်နေတယ်ဆိုတာ သိလိုက်ရတာ..."


ရှန်းလျိုရှန့် မှင်သက်သွားတော့သည်။


ကြည့်ရတာ မူလကိုယ်က ဧကရာဇ်ဆီက လက်ဆောင်ရထားတဲ့စာလိပ်ကို သကြားလုံးချောင်းပတ်ဖို့ သုံးခဲ့တာပဲ...


သူ ချောင်းဟန့်လိုက်ပြီးနောက် မေးလိုက်သည်။

" ရှစ်ရှုန်း ဒီစာလိပ်တွေက နတ်ဆိုးသားရဲတွေနဲ့ ဆိုင်နေတယ်ဆိုတာသိတယ်ဆိုတော့ ကျင့်ကြံရေးလောက ကနေ ဒီအထိ ဘာလို့လာတာလဲ..."

[ သူ့စိတ်ထဲ လင်ယဲ့က ဒီစာလိပ်အကြောင်းသိပြီး နတ်ဆိုးလောကကို ရောက်လာတော့ ကိုယ်ကျိုးအတွက်သုံးဖို့ နတ်ဆိုးသားရဲတွေ ချိပ်ပိတ်ထားတဲ့နေရာကို ရှာနေတယ်ထင်ပြီး  လင်ယဲ့ကလူဆိုးဖြစ်နေမလားလို့ စိုးရိမ်သွားတာပါ ]


လင်ယဲ့က ပြောလိုက်သည်။

" ချိပ်စည်းကို အားဖြည့်ပေးဖို့လေ..."


ရှန်းလျိုရှန့် မျက်လုံးပြန်ဖွင့်လိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ လင်ယဲ့က လောကကြီးကို အန္တရာယ်ပြုရန်အတွက် ချုန်းချီကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိနိုင်ဟု သူ ခံစားလိုက်မိပေသည်။


သူ ခဏစဉ်းစားပြီး ပြောလိုက်သည်။

" ကျွန်တော် စာလိပ်ကို ခမည်းတော်ဆီပေးချင်တယ်... သူဆိုရင်တော့ ပြင်ရင်ပြင်နိုင်မှာ..."


လင်ယဲ့က အကင်းပါးသူဖြစ်၍ ဧကရာဇ်က နတ်ဆိုးသားရဲ၏ တည်နေရာကိုမသိကြောင်း တွေးမိသွားပေသည်။ ထိုသို့မဟုတ်ပါက ရှန်းလျိုရှန့်ကို ထိုစာလိပ်အား ပေးလိုက်မည်မဟုတ်ပေ။ သူ သိလိုသည့်အချက်အလက်များကို စာလိပ်ထဲမှ ‌ရှာတွေ့ပြီးပြီဖြစ်၍ ဆက်သိမ်းထားလျှင်လည်း သူ့အတွက် အသုံးမဝင်မည် မဟုတ်သောကြောင့် ရှန်းလျိုရှန့်မြင်သာနေသည့်နေရာတွင် တမင်ထားပြီး ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။


လင်ယဲ့က ဤရက်ပိုင်းများတွင် လျှို့ဝှက်နယ်ပယ်များစွာ၌ ရှာဖွေနေခြင်းဖြစ်ပြီး ရှန်းလျိုရှန့်ကိုမူ မမျှော်လင့်ဘဲ တွေ့လိုက်ခြင်းဖြစ်သည်။ ရှန်းလျိုရှန့် အဆင်ပြေပြေရှိနေကြောင်း မြင်သည့်အခါ မြို့ပြင်တွင် နတ်ဆိုးသားရဲများကို ဆက်လက်ရှာဖွေနေရန် တွေးလိုက်သော်လည်း သူ့လည်ပင်းမှ အနီရောင်အမှတ်အသားများကို တွေ့သည်နှင့် ရပ်တန့်သွားရသည်။


သူ ခဏတာငြိမ်ကျသွားပြီးနောက် ထပ်မေးလိုက်သည်။

" ကျိုးရွှမ်လန် လား..."


ရှန်းလျိုရှန့်က စာလိပ်များကိုချထားလိုက်စဉ် သူမေးသည်ကိုကြား၍ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်သည်။

" ရှစ်ရှုန်း ဘာကိုပြောတာလဲ..."


လင်ယဲ့က စကားတစ်ခွန်းမှမပြောဘဲ သူ့လည်ပင်းကို လက်ညှိုးထိုးပြလိုက်သည်။ ရှန်းလျိုရှန့် ကြောင်အသွားပြီးနောက် လည်ပင်းနေရာကို လက်ဖြင့်ထိကြည့်ပြီး သိုလှောင်အိတ်ထဲမှ ကြေးမုံတစ်ချပ်ထုတ်၍ ကြည့်လိုက်သည်။


အင်...


တစ်ခဏတွင်းချင်းမှာပင် ချောမော‌ဖြူဖွေးသည့်မျက်နှာလေးက ရဲတွတ်သွားသည်။


ရှန်းလျိုရှန့် ခေါင်းငုံ့ထားလိုက်ပြီး အိပ်ရာပေါ်၌ တွင်းတစ်တွင်းတူး၍ ဝင်နေချင်စိတ်ပေါက်လာသည်။ သူ စောင်ကိုယူ၍ လည်ပင်းကိုလုံအောင်ခြုံထားလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

" အာ ဒီဟာက ခြင်ကိုက်ထားတာပါ... ဒါပေမယ့် အဲဒီခြင်ရဲ့နာမည်က ကျိုး... ဖြစ်နေတယ်..."


အဆုံးတွင် သူ နေရခက်စွာဖြင့် ခပ်ဟဟရယ်လိုက်သော်လည်း လင်ယဲ့က ငြိမ်သက်နေသည်ကိုမြင်၍ သူ ထပ်မရယ်နိုင်တော့ပေ။ 


" ရှစ်ရှုန်း..."


ရှန်းလျိုရှန့်၏ရင်ထဲတွင် ရုတ်တရက် မသက်မသာဖြစ်လာသည်။

" ရှစ်ရှုန်း ဘာလို့ သူ့ကိုသတ်ချင်နေရတာလဲ... သူက နတ်ဆိုးဖြစ်နေတာကြောင့်ဆိုရင်တော့ အခုလက်ရှိ နတ်ဆိုးမျိုးနွယ်မှာ နတ်ဆိုးတွေအများကြီးရှိနေတာပဲ သူကလည်း အဲဒီနတ်ဆိုးတွေထဲက တစ်ယောက်လေ... ဘာလို့ သူ့ကိုမှ ပစ်မှတ်ထားနေရတာလဲ...


လင်ယဲ့၏မျက်ဝန်းများက အရေးမစိုက်ဟန် ဖြစ်နေသည်။

" ဘာလို့လဲဆိုတော့ သူက မင်းနဲ့ မသင့်တော်လို့ပဲ ပြီးတော့ သူက လက်ရှိနတ်ဆိုးမျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး..."


ရှန်းလျိုရှန့်၏ရင်ထဲတင်းကြပ်သွားပြီးနောက် သူ့လေသံက ကလေးတစ်ယောက်ကို ချော့မြူနေသည့်နှယ် ပျော့ပြော

င်းသွားသည်။

" ရှစ်တိ တခြားလူဆိုရင်ရော ဘယ်လိုလဲ... သူ့ထက်ပိုကောင်းပြီး ပိုသင့်တော်တဲ့သူတစ်ယောက် ရှိမှာပါ..."


ရှန်းလျိုရှန့်၏မျက်နှာက ချက်ချင်းအေးစက်သွားသည်။

" အဲလိုတော့ မဖြစ်နိုင်ဘူး..."