Chapter 128
ရှန်းလျိုရှန့် ရုတ်တရက် ဒေါသထွက်သွားလိမ့်မည်ဟု လင်ယဲ့ မမျှော်လင့်ထားခဲ့ပေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏအကြာတွင် သက်ပြင်းခပ်ဖွဖွချလိုက်သည်။
" သူကလွဲလို့ ဘယ်သူ့ကိုမဆို ရွေးလို့ရတယ်..."
" ဒီစကားတွေနဲ့ ရင်းနှီးနေသလိုပဲ..."
ရှန်းလျိုရှန့်က မျက်လုံးများမှေးကျဉ်းလိုက်သည်။
" ကျွန်တော် မှတ်မိနေသေးတယ်... ကျွန်တော် စုပိုင်ချယ့်ကို သဘောကျနေတယ်လို့ အထင်လွဲတုန်းက စုပိုင်ချယ့်ကလွဲပြီး ဘယ်သူမဆိုရတယ်လို့ ပြောခဲ့တယ်လေ... အခု ကျိုးရွှမ်လန်ဖြစ်သွားတော့လည်း မရဘူးတဲ့... ရှစ်ရှုန်းဘာလို့ အဲ့လောက်အပြောင်းအလဲမြန်ရတာလဲ..."
လင်ယဲ့က ထိုစကားကိုမှတ်မိသွား၍ လန့်သွားပုံပေါ်သည်။
" ဟုတ်တယ် စုပိုင်ချယ့်ဆိုရင်လည်း မရဘူး..."
ရှန်းလျိုရှန့် : " ဒါဆို ရှစ်ရှုန်းကရော ဘာလို့ သူ့ကိုသဘောကျတာလဲ..."
" သဘောကျတယ်တဲ့လား... မင်း ကျိုးရွှမ်လန်အပေါ် ခံစားရသလိုမျိုးလား..."
လင်ယဲ့၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း သူ့လေသံက မထီမဲ့မြင်ဖြစ်နေသည်။
" ငါ့မှာ အဲ့လိုမျိုး အသုံးမဝင်တဲ့ စိတ်ခံစားချက်တွေ မရှိဘူး..."
" မင်း စုပိုင်ချယ့်ကို ကြိုက်မှာကို ဘာကြောင့်ခွင့်မပြုရတာလဲဆိုတာကတော့... သူက ငါ့ရဲ့ ကံကြမ္မာက သတ်မှတ်ထားတဲ့ တာအိုလက်တွဲဖော်လေ... အဲဒါကြောင့် မင်းကိုပေးလို့တော့ မဖြစ်ဘူး..."
လင်ယဲ့က ရှင်းပြလိုက်သည်။
ရှန်းလျိုရှန့် လွှတ်ခနဲ ပြောထွက်သွားသည်။
" သုံးဘဝကျောက်တုံးကြောင့် သိတာလား..."
လင်ယဲ့ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။
" ရှစ်ရှုန်း ဘာလို့ဒီကိစ္စကို အတည်ယူနေတာလဲ... ကိုယ့်စိတ်တိုင်းကျ နေထိုင်ရင်ရတာပဲ... တကယ်လို့ ရှစ်ရှုန်း သူ့ကိုမချစ်ရင် သူက ရှစ်ရှုန်းရဲ့ တာအိုလက်တွဲဖော်ဖြစ်လာဝောာ့ရော ဘာထူးလဲ... အနာဂတ်မှာ ကိုယ်တကယ်ချစ်တဲ့လူကို ရှာတွေ့ခဲ့မယ်ဆို..."
" မှားနေပြီ..."
လင်ယဲ့က သူ့ကိုဖြတ်ပြောလိုက်သည်။
ရှန်းလျိုရှန့် : " ဘာမှားလို့လဲ..."
" အဲဒါ မင်းရဲ့လမ်းစဥ်လေ ငါ့အတွက်တော့ အဲ့လိုမဟုတ်ဘူး..."
လင်ယဲ့က လေးနက်တည်ကြည်သောမျက်နှာဖြင့် ပြောလာသည်။
" လူတချို့ကတော့ ကံကြမ္မာအတိုင်း လိုက်လျောညီထွေဖြစ်အောင်နေတယ်... တချို့ကတော့ ကံကြမ္မာကိုဖီဆန်ကြတယ်... ငါကတော့ ပထမလမ်းစဉ်ကို ကျင့်သုံးတယ်... ကံကြမ္မာနဲ့ သဟဇာတဖြစ်အောင်နေမယ်ဆို ကောင်းကင်ဘုံကို ရောက်သွားမှာပဲ..."
ထိုစကားများကိုကြားလိုက်ချိန်၌ ထပ်ပြောနေပါကလည်း အသုံးမဝင်တော့ကြောင်း ရှန်းလျိုရှန့်သိလိုက်သည်။
ကံကြမ္မာအတိုင်းလိုက်နာခြင်းက လင်ယဲ့၏လမ်းစဉ်ဖြစ်နေသောကြောင့် ထိုလမ်းစဉ်ကို ဖီဆန်မိပါက ကျင့်ကြံခြင်းတွင် မပြုလုပ်အပ်သောအရာကို ပြုလုပ်မိသည်ဖြစ်၍ နှစ်ပေါင်းများစွာ ကျင့်ကြံလာခြင်းများ ပျက်စီးသွားမည်ဖြစ်သည်။
သူကရှန်းလျိုရှန့်က အရေးကြီးဆုံးဖြစ်သည့် နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်သည်။
" ဒါဆို ကျိုးရွှမ်လန်ကို အပြတ်ရှင်းပစ်ဖို့ကလည်း ရှစ်ရှုန်းရဲ့လမ်းစဉ်ထဲ ပါတာလား..."
လင်ယဲ့ : " ဟုတ်တယ်..."
ရှန်းလျိုရှန့် ကူကယ်ရာမဲ့သွားသည်။
" ဒါဆိုရင်တော့ ကျွန်တော် အနာဂတ်ကျရင် ရှစ်ရှုန်းနဲ့..."
လင်ယဲ့က သူ့ကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေပြီး သူ့မျက်နှာထက်တွင် မြင်တွေ့နေကျဖြစ်သည့် သိမ်မွေ့သောအပြုံးက ပျောက်ကွယ်သွားသည်။
" ရန်သူဖြစ်သွားပြီ " ဟူသောစကားကိုမူ ရှန်းလျိုရှန့် ပြောမထွက်ခဲ့ရက်ပေ။
ရှန်းလျိုရှန့်က အိမ်မက်ဆိုးသားရဲ တူးဆွခဲ့သည့် မှတ်ဉာဏ်များကို ပြန်တွေးနေမိသည်။
ယခုခန္ဓာကိုယ်က ဝတ္ထုထဲမှ ရှန်းလျိုရှန့်အစစ်မဟုတ်၍ သူက ဆရာတူအစ်ကိုဖြစ်သော လင်ယဲ့နှင့် ဆယ်စုနှစ်တစ်ခုအကြာ သိကျွမ်းခဲ့ခြင်းမဟုတ်သည့်အပြင် သူ ငယ်စဉ်ကတည်းက ရှစ်ရှုန်း နောက်မှ တကောက်ကောက်လိုက်ခဲ့သည်ကိုလည်း ပြန်တွေးနေရန် မလိုပေ။ "ရန်သူ" ဟူသောစကားလုံးကို ပြောထွက်ရန် မခက်ခဲလှသော်လည်း လည်ချောင်းဝကိုရောက်သည်နှင့် တစ်ဆို့သွားရသည်။ တစ်စုံတစ်ရာက သူ့ကိုပိတ်ဆို့ဟန့်တားထားသကဲ့သို့ ထိုစကားကိုမပြောနိုင် ဖြစ်နေသည်။
ထိုစကားကိုပြောလိုက်ပါက နောက်ပြန်လှည့်မရတော့ဟု ခံစားနေရ၏။
နာကျင်သွားရသူက လင်ယဲ့တစ်ယောက်တည်း မဟုတ်ချေ။
ရှန်းလျိုရှန့် စိတ်ပြောင်းသွားပြီး ပြောလိုက်သည်။
" ကျွန်တော် ရှစ်ရှုန်းဆန္ဒအတိုင်း ဖြစ်ခွင့်မပြုဘူး..."
လင်ယဲ့က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် လက်မြှောက်၍ သူ့ခေါင်းကိုပွတ်ပြီး စကားတစ်လုံးမှ မပြောဘဲ ထွက်သွားသည်။
...
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်သဘောကျလောက်သည့် စာအုပ်များရွေးနေရသောကြောင့် အချိန်အနည်းငယ်ကြာသွားပေသည်။ သူ အခန်းထဲ ပြန်ဝင်လာသည့်အခါ နတ်ဆိုးမျိုးနွယ်၏ စူးရှသောပင်ကိုအသိကြောင့် အခန်းထဲမှ လုံးဝမပျောက်ကွယ်သွားသေးသော အခြားလူတစ်ယောက်၏ကိုယ်နံ့ကို ရလိုက်သည်။
ကျိုးရွှမ်လန် အိပ်ရာနားသို့ တဖြည်းဖြည်းလျှောက်လာသည့်အခါ ရှန်းလျိုရှန့်က ခေါင်းအုံးပေါ်မေးထောက်ထားပြီး ခန္ဓာကိုယ်ကို ပိုးတုံးလုံးတစ်ကောင်သဖွယ် စောင်ဖြင့်လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။
" ရှစ်စွမ်း ဘာဖြစ်လို့လဲ..."
သူ့တပည့်ပြန်လာသည်ကို တွေ့သောအခါ ရှန်းလျိုရှန့် ဝမ်းသာသွားပြီး အိပ်ရာပေါ်တွင် စောင်ခြုံထားလျက်ဖြင့် ထထိုင်လိုက်သည်။
" အကုန်လုံး ယူလာခဲ့လား..."
ကျိုးရွှမ်လန်က ပစ္စည်းအားလုံးကို သူ့ရှေ့တွင် ချထားလိုက်ပြီးနောက် အမည်မသိအော်ရာ အိပ်ရာနားတွင်ရပ်နေစဉ်၌ အပြင်းထန်ဆုံး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
သူ၏ မျက်ခုံးများ အနည်းငယ်တွန့်သွားရတော့သည်။
" ခုနက ဘယ်သူလာသွားတာလဲ..."
ရှန်းလျိုရှန့်၏ စိတ်ထဲတွင် တီးတိုးပြောမိတော့သည်။
လင်ယဲ့ထွက်သွားတာကြာပြီကို သူ ချက်ချင်းသိသွားဝာာပဲလား...
သို့ရာတွင် သူက ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိ၍ မေးထောက်ထားပြီး ပြောလိုက်သည်။
" ငါ့ကို သကြားလုံးချောင်းကျွေးရင် ပြောပြမယ်လေ..."
ကျိုးရွှမ်လန်က နှုတ်ခမ်းထောင့်များ ပင့်တက်သွားပြီး သကြားလုံးချောင်းကိုကိုင်၍ ကျွေးလိုက်သည်။
ရှန်းလျိုရှန့်က ပျော်ရွှင်မှုကြောင့် မျက်လုံးများမှေးကျဉ်းထားပြီး အစာကျွေးခံနေရသည့် ငါးဆားနယ်တစ်ကောင်သဖွယ် ကျေနပ်နေသည်။
သူ ခေါင်းမော့၍ နီရဲနေသည့် နှုတ်ခမ်းပါးများကို ဖွင့်ဟလိုက်သည်။
" အာ အာ ~ အာ ~ ဟမ်..."
******
နတ်ဆိုးမြို့တော်၏ ညကောင်းကင်ထက်တွင် လေပြင်းများတိုက်ခတ်ကာ တိမ်မည်းများ ဖုံးလွှမ်းနေပြီး လူများဖြင့်ပြည့်နှက်စည်ကားနေသည့်လမ်းအထက်၌ အလင်းရောင်များဖြင့် ပြည့်နေသည်။
သကြားလုံးချောင်းရောင်းသည့် ဈေးဆိုင်ငယ်လေးရှေ့တွင် လူအုပ်ကြီးဖြင့် ပြည့်နေသည်။ ဆိုင်ရှင်က အလွန်အလုပ်ရှုပ်နေသော်လည်း အားပါးတရပြုံးနေကာ ဈေးဝယ်များကိုဆွဲဆောင်ရန် ဆက်တိုက်အော်ဟစ်နေသည်။
" နဝမနတ်ဆိုးဘုရင် ဒီနားကဖြတ်သွားတဲ့အချိန် ကျုပ်ဆိုင်ကို တစ်ချက်ကြည့်ပြီးတော့ နတ်ဆိုးမြို့တော်ရဲ့ အချိုဆုံးသကြားလုံးချောင်းရောင်းတဲ့သူလို့ သတ်မှတ်ပြီး ဝယ်သွားတာနော်... တစ်ကိုက်ကိုက်လိုက်ရုံနဲ့ ရင်ထဲအထိ ချိုမြသွားစေရမယ်..."
.....
နှုတ်ခမ်းပါးထက်တွင် ချိုမြိန်မှုတို့ ဖူးပွင့်လာသည်ဟု ထင်ရသည်။
အိပ်ရာပေါ်ထိုင်နေသည့် ဆံပင်အနက်ရောင်လူငယ်လေးက မျက်လုံးအနည်းငယ်ပြူးသွားပြီး သူနှင့်အလွန်နီးကပ်နေသည့် မျက်နှာကိုကြည့်ကာ ခဏတာ မှင်သက်သွားရသည်။
ကျိုးရွှမ်လန်က သကြားလုံးချောင်းကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် ရှေ့သို့တိုးကပ်လာ၍ သူ့နှုတ်ခမ်းပါးများကို ငုံ့နမ်းလိုက်ကာ နက်စွေးစွေးမျက်ဝန်းများကလည်း ပြုံးရိပ်သန်းနေသည်။
ချီလင်မြို့တွင် ရှိနေခဲ့စဉ် ရှန်းလျိုရှန့်က သူ့ကို သကြားလုံးချောင်းကျွေး၍ ချိုမြိန်မှုကို ခံစားစေခဲ့သောကြောင့် တပည့်ဖြစ်သည့်သူကလည်း ရှစ်စွမ်းအတွက် ချိုမြိန်မှုများ ပြန်လည်ယူဆောင်လာရမည်ဖြစ်သည်။
ရှန်းလျိုရှန့်၏ မျက်တောင်နက်များ အနည်းငယ်တုန်ယင်သွားပြီးနောက် သတိလက်လွတ်ဖြစ်သွားကာ သူ့အမူအရာက မှင်သက်မိန်းမောနေသည့်ပုံစံ ဖြစ်သွားသည်။
သူ စိတ်လှုပ်ရှားနေသည်ကိုမြင်၍ သူ့ရှေ့တည့်တည့်တွင် ရှိနေသောတပည့်၏အမူအရာက ဝံ့ကြွားနေသည်ကို သူ သတိပြုမိလိုက်သည်။ ကျိုးရွှမ်လန်၏ပုံစံက ခမ်းနားကြီးကျယ်သောကိစ္စတစ်ခုကို ပြုလုပ်လိုက်ရ၍ ရက်ပေါင်းများစွာကြာသည်အထိ စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်တော့မည့်ပုံစံ ဖြစ်နေသည်။
ရှန်းလျိုရှန့်၏ စိတ်အခြေအနေက ချက်ချင်းပြောင်းလဲသွားသည်။
သူက လှုံ့ဆော်ရန်စမှုကို သည်းမခံနိုင်၍ ပြန်လည်မတိုက်ခိုက်ပါက သူ့ရင်ထဲတွင် ယားကျိကျိဖြစ်လာမည်ကို သိနေသည်။
သို့ဖြစ်၍ သူ့လက်နှစ်ဖက်ကို စောင်အောက်မှထုတ်၍ ကျိုးရွှမ်လန်၏လည်ပင်းတွင် ချိတ်လိုက်ပြီး ချောမောသည့်မျက်နှာလေးက သင့်တော်သည့်အနေအထားတစ်ခုသို့ စောင်းလိုက်သည်။
နီရဲနူးညံ့နေသည့်လျှာလေးကို ထုတ်လိုက်ပြီးနောက် သူ့ရှေ့မှ နှုတ်ခမ်းပါးလေးကို အသာလျက်လိုက်သည်။
အခန်းထဲတွင် ချက်ချင်းငြိမ်သက်သွားပြီးနောက် ရှန်းလျိုရှန့်က ခေါင်းအနည်းငယ်စောင်း၍ သကြားလုံးအပိုင်းအစလေးကို လျက်လိုက်သည်။
ကျိုးရွှမ်လန်၏မျက်ဝန်းထဲမှ အပြုံးက ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်။
အနက်ရောင်အတွင်းဝတ်ရုံဝတ်ထားသော လူငယ်လေးက သူ့ပခုံးပေါ် လက်နှစ်ဖက်ယှက်တင်ထားပြီး ခေါင်းငုံ့ကာ ဆိုးသွမ်းသည့်ကြောင်လေးတစ်ကောင်သဖွယ် ညစ်ကျယ်ကျယ်ပြုံးနေသည်အား တွေ့လိုက်ရသည်။
" တော်တော်လေး ချိုသားပဲ..."
ထိုအခိုက်အတန့်တွင် မမြင်ရသော ကြောင်လက်ဖဝါးလေးက ကျိုးရွှမ်လန်၏နှလုံးသားကို အသာကုတ်ခြစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ မျက်လွှာချလိုက်ပြီးနောက် အမျိုးအမည်ဖော်မရသော အဓိပ္ပါယ်ဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။
သိပ်တောင် မကြာသေးဝာာကို ရှစ်စွမ်းက မေ့သွားပြီပေါ့လေ...
လွန်ခဲ့သည့်ရက်ပိုင်းတွင်မူ ကျောက်စိမ်းအိပ်ရာထက်မှ ရှန်းလျိုရှန့်မှာ ခေါင်းတွင်တွင်ခါ၍ ငိုယိုတောင်းပန်နေခဲ့ကာ သူ့ကို ရပ်တန့်ရန် ပြောခဲ့ပေသည်။ သူ မတောင့်ခံနိုင်တော့ဟုဆို၍ ချောမောလှသည့် မျက်နှာထက်တွင်လည်း မျက်ရည်များဖြင့် ပြည့်နေခဲ့ပေသည်။
ထိုသို့ သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေသည့်ပုံစံလေးကြောင့် ကျိုးရွှမ်လန်၏စိတ်ထဲ နူးညံ့ပျော့ပျောင်းသွားရသော်လည်း တစ်ချိန်တည်းမှာပင် ပို၍ကြမ်းတမ်းပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာရပြီး သူ့ရင်ခွင်ထဲမှလူကို သာယာစိတ်ကြောင့် သတိလစ်မေ့မျောသွားသည်အထိ ဖြစ်အောင်ပြုလုပ်ခဲ့မိသည်။ နောက်ဆုံး သူကိုယ်တိုင်လည်း စိတ်ကျေနပ်သွားချိန်မှ လွှတ်ပေးခဲ့ပေသည်။
ယခုအချိန်တွင်မူ ထိုစဉ်အချိန်က သနားစရာကောင်းစွာဖြင့် တောင်းပန်ခဲ့သူက ထိုအကြောင်းကို မမှတ်မိတော့သည့်ပုံပေါ်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းအစခြေအဆုံးအထိ အပြုအမူများက ကျိုးရွှမ်လန်၏ ကြမ်းတမ်းပစ်ချင်စိတ်ပို လွတ်ထွက်သွားအောင် လှုံ့ဆော်နေသကဲ့သို့ ဖြစ်နေသည်။
ကျိုးရွှမ်လန် ငြိမ်သက်နေခဲ့ပြီးနောက် သူ့စိတ်ထဲ အတွေးတစ်မျိုးဖြစ်လာသော်လည်း သူ့ရှစ်စွမ်းက ယခုမှ နိုးလာသည့်အကြောင်း တွေးမိသွားသောအခါ လွှတ်ပေးထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူက တစ်ကိုက်ကိုက်ထားပြီးသား သကြားလုံးချောင်းလေးကို ရှန်းလျိုရှန့်၏ပါးစပ်ထဲထည့်ပေးလိုက်သည်။
" ခုနက ဘယ်သူလာသွားတယ်ဆိုတာ မပြောပြသေးဘူးနော် ရှစ်စွမ်း..."
ရှန်းလျိုရှန့်က လက်တစ်ဖက်ဆန့်ထုတ်၍ သကြားလုံးချောင်းကိုလှမ်းယူကာ အသေးစိတ်အကြောင်းများကို ပြောပြလိုက်သော်လည်း ကျိုးရွှမ်လန်က လက်ရှိနတ်ဆိုးမျိုးနွယ်နှင့် မသက်ဆိုင်ဟု လင်ယဲ့ပြောခဲ့သည်ကို ချန်ထားခဲ့သည်။
စကားပြောပြီးသည်နှင့် ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကိုထုတ်ပြီး တိယွင်ယွီကို ထိုအကြောင်း သတင်းပေးရန် ပြင်လိုက်သည်။ ချုန်းချီကို ချိပ်ပိတ်ထားသည့်နေရာက နတ်ဆိုးမြို့တော် အနီးတစ်ဝိုက်တွင် တည်ရှိနေပေ၍ တိယွင်ယွီက ထိုနေရာကို သိကောင်းသိနိုင်ပေသည်။
သူ့လက်ဖျားထိပ်တွင် ဝိညာဉ်စွမ်းအင်ကို စုဝေးလိုက်ပြီး ကျောက်စိမ်းပြားကို ထိတော့မည့်အချိန်၌ တံခါးက ဘန်းခနဲပွင့်သွားသည်။
ရှုရှင်းချန်က အခန်းထဲသို့ ဝရုန်းသုန်းကားဖြင့်ဝင်လာပြီးနောက် ရှန်းလျိုရှန့်၏လက်ထဲမှ ကျောက်စိမ်းပြားကိုမြင်သည်နှင့် သူ၏ ဖြူဖျော့နေသည့် မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားပြီး တွန့်ဆုတ်ခြင်းမရှိဘဲ မန္တန်တစ်ခုကိုရွတ်ကာ ကျောက်စိမ်းပြားကို ပြုတ်ကျသွားစေလိုက်သည်။
" ရပ်လိုက်... ခမည်းတော်ကို ဒီအကြောင်းတွေ မပြောနဲ့..."
ရွှေရောင်ပန်းဖွားများ ဖြာကျနေသည့် ကျောက်စိမ်းပြားက စောင်ပေါ်ဘုတ်ခနဲ ပြုတ်ကျသွားသည်။ ၎င်းက ရှန်းလျိုရှန့်၏ဝိညာဉ်စွမ်းအားဖြင့် မထိရသေး၍ အရောင်မှိန်နေဆဲဖြစ်သည်။
ရှုရှင်းချန်က အိပ်ရာနားသို့ ဒယိမ်းဒယိုင်ဖြင့် အမြန်ရောက်လာသည်။ ထို့နောက် သူ ခါးမတ်မတ်ထား၍ ပါးစပ်ဟလာပြီး တုန်ယင်စွာဖြင့် ပြောလိုက်သည်။
" အစ်ကိုတော် အစ်ကိုတော်..."
သူ့မျက်နှာက သွေးဆုတ်ဖြူရော်ကာ မျက်လုံးများက သွေးထွက်နေသည့်နှယ် နီရဲနေသည်ကို မြင်သောအခါ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။
" ဘာဖြစ်လို့လဲ မင်းကိုတစ်ယောက်ယောက် အနိုင်ကျင့်လို့လား..."
ရှုရှင်းချန်က ခေါင်းခါယမ်းလိုက်ပြီး ရှန်းလျိုရှန့်၏လက်ကို ရုတ်တရက် ထကိုင်လိုက်သည်။ သူ့လက်ချောင်းများက ရေခဲတမျှအေးစက်ပြီး အားဖြင့်ဆုပ်ကိုင်ထား၍ ဖြူဖျော့နေသည်။
သူ့တစ်ကိုယ်လုံး တုန်ယင်နေလျက်ဖြင့် ပြောလိုက်သည်။
" ဟုတ်တယ် အဲဒါခမည်းတော်ပဲ..."
ရှန်းလျိုရှန့်၏မျက်ဆံများ ကျုံ့ဝင်သွားရတော့သည်။
နေ့ခင်းပိုင်းတွင် ရှုရှင်းချန် ထွက်သွားပြီးသည့်နောက် အနားယူရန် အဆောင်သို့ တိုက်ရိုက်ပြန်သွားခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ သူ့ကို အရပ်သားအဝတ်အစားဝတ်ထားသည့် အမျိုးသားတစ်ယောက်က ဟန့်တားလိုက်သည်။ ထိုလူ၏ မျက်နှာက ကြင်နာဟန်ရပြီး လည်ပင်းတွင်လည်း အနက်ရောင်အစက်အပြောက်များ ရှိနေသည်။ သူ ညင်သာစွာပြုံးလိုက်ပြီးနောက် မင်းသားလေးရှင်းချန်ဟု ခေါ်လာသည်။
ရှုရှင်းချန်က သတိအနေအထားဖြင့် နေနေလိုက်သည်။ ထိုအခိုက်အတန့်တွင် လမ်းပေါ်ရှိ အခြားလူများက ထိုလူကို တစ်ယောက်ပြီးတစ်ယောက် အရိုအသေပြုလာကြသည်။ အရပ်သားအဝတ်အစားများဝတ်ကာ သူ့ကိုလာတွေ့သူက မဟာနတ်ဆိုးဘုရင် ဟမ်ကျု့ယင် ဖြစ်သည်။
ဟမ်ကျု့ယင်ဖြစ်ကြောင်း သိသော်လည်း ရှုရှင်းချန်က ကြောက်လန့်သွားခြင်း မရှိပေ။
လူများစွာရှိနေသည့် နေ့ခင်းအချိန်တွင် ဟမ်ကျု့ယင်က သူ့ကိုစားပစ်နိုင်မည်လည်း မဟုတ်ပေ။ သူ့ ဝတ်ရုံလက်နှင့် ဝတ်ရုံကို တစ်ချက်ခါလိုက်ပြီးနောက် ရှုရှင်းချန်က မေးလိုက်သည်။
" ဘာကိစ္စများ ရှိလို့ပါလဲ..."
" မင်းသားလေး နတ်ဆိုးမြို့တော်ကို ရောက်လာဖို့ဆိုတာ ကြုံတောင့်ကြုံခဲကိစ္စပဲ... ကျုပ်နဲ့အတူ လက်ဖက်ရည်ဆိုင်ကိုသွားပြီး ခဏလောက် စကားစမြည်ပြောကြရင်ရော..."
အခြားလူများဖြစ်ပါက မဟာနတ်ဆိုးဘုရင်ဖိတ်ခေါ်လျှင် သူ့နောက်သို့ တရိုတသေဖြင့် လိုက်လာပေမည်။ ထိုသို့မဟုတ်ဘဲ တုံ့ဆိုင်းနေပါကလည်း တစ်ဖက်လူကို မျက်နှာသာပေးသည့်အနေဖြင့် ယဉ်ယဉ်ကျေးကျေးငြင်းဆန်လိုက်မည်ဖြစ်သည်။
သို့ရာတွင် ရှုရှင်းချန်ကမူ အလွန်ပင်ပန်းနေပြီဖြစ်၍ သူ့ကိုလျစ်လျူရှု့ထားသည်။ ထို့အပြင် လွန်ခဲ့သည့်ရက်ပိုင်းကတွေ့ခဲ့သော ဟမ်ဖေးရှန့်ကို တွေးမိသည့်အခါ သားအဖနှစ်ယောက် တစ်ပုံစံတည်းဖြစ်မည်ဟုသာ သဘောထားလိုက်၍ ဟမ်ကျု့ယင်ကိုလည်း သူက အထင်မကြီးတော့ပေ။
" နောက်တော့မှတွေ့တာပေါ့ ကျွန်တော် အနားယူချင်သေးတယ်..."
ဟမ်ကျု့ယင်က မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြုံးလိုက်သည်။
" ဒီလိုဆိုရင်လည်း အင်မော်တယ်ရှန်းကိုပဲ သွားရှာရတော့မှာပေါ့..."
ထို့နောက် သူ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ရှုရှင်းချန်က ထိုစကားကိုကြားသည်နှင့် သူ့ကိုအမြန်တားလိုက်သည်။
" ခင်ဗျား သူ့ကိုရှာပြီး ဘာလုပ်မှာလဲ... ကျွန်တော်လည်း ကလေးမဟုတ်တော့ပါဘူး.."
ဟမ်ကျု့ယင် : " မင်းသားလေးက အနားယူချင်နေတာ မဟုတ်ဘူးလား..."
ရှုရှင်းချန် : " သူလည်း အနားယူနေတယ်..."
ဟမ်ကျု့ယင် ရယ်လိုက်ပြီး မှန်းဆရခက်သောလေသံဖြင့် ပြောလာသည်။
" ဒါပေမဲ့ ကျုပ်ကတော့ သူ ချက်ချင်းထလာပြီး နားထောင်ချင်မယ်လို့ ထင်တာပဲ..."
ရှုရှင်းချန်က သူ့စကားကြောင့် သိချင်စိတ်ဖြစ်လာပြီး ချက်ချင်းပြောလိုက်သည်။
" ကောင်းပါပြီ ကျွန်တော် ခင်ဗျားနဲ့ တူတူလိုက်ခဲ့ပါ့မယ် ဘယ်လက်ဖက်ရည်ဆိုင်ကို သွားမလဲ... တစ်ခုတော့ပြောထားမယ် ခမည်းတော်ပြီးရင် ကျွန်တော်ပြောတဲ့စကားတွေက အရာရောက်ဆုံးပဲ... အရေးကြီးကိစ္စဆိုရင် ကျွန်တော်နဲ့ဆွေးနွေးလည်းရတယ်..."
ဟမ်ကျု့ယင်က ပြုံးလိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ ရှုရှင်းချန်ကို တိတ်ဆိတ်ငြိမ်သက်သော လက်ဖက်ရည်ဆိုင်တစ်ခုသို့ ခေါ်သွားသည်။
Chapter 129
သို့ရာတွင် သူက မည်သူ့ကိုမှ လက်ဖက်ရည်ကြမ်းမငှဲ့ခိုင်းဘဲ လက်ကာပြလိုက်ပြီး လက်ဖက်ရည်အမျိုးအစားများစွာကို ယူလာခိုင်းကာ စားပွဲပေါ် တင်ခိုင်းထားလိုက်သည်။
" မင်းသားလေးက တခြားလူတွေထက် အဆင့်အတန်းမြင့်တဲ့သူပဲ... စာလိပ်တစ်လိပ်ကြောင့် ရှန့်ချီတောင်ကနေ နတ်ဆိုးမြို့တော်အထိ မိုင်ထောင်ချီ ခရီးနှင်လာရတာ တော်တော်လေး ခက်ခဲမှာပဲ..."
ရှုရှင်းချန်က ဇဝေဇဝါဖြစ်သွားသည့် အမူအရာဖြင့် ပြောလိုက်သည်။
" နေရာကူးပြောင်းအစီအရင် ရှိနေတာပဲ ဘာများပင်ပန်းလို့လဲ..."
ဟမ်ကျု့ယင် မပြုံးဘဲ မနေနိုင်ဖြစ်သွားသည်။ ကံကောင်းသည်မှာ ရှုရှင်းချန်က ထိုအချိန်တွင် သူဆန္ဒရှိသည့်အတိုင်း တုံ့ပြန်လာပြီး သတိကြီးကြီးထား၍ ပြောလာသည်။
" ခင်ဗျား စာလိပ်အကြောင်းကို သိနေတာပဲ... ဘာများထပ်ပြောချင်နေသေးတာလဲ..."
ဟမ်ကျု့ယင် : " ဧကရာဇ်က ချုန်းချီကို ချိပ်ပိတ်ထားတဲ့နေရာကို ရှာချင်နေတာ ဘာလို့လဲသိလား..."
ရှုရှင်းချန် : " တကယ်လို့ တစ်ယောက်ယောက်က ချုန်းချီကိုလွှတ်ပေးချင်နေတယ်ဆိုရင် ဧကရာဇ်က အဲ့လူကို ကျွန်တော်တို့တားနိုင်အောင် နေမှာပေါ့..."
ဟမ်ကျု့ယင် ခေါင်းခါလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြောင်းပြန်မှောက်ချလိုက်ပြီး အခြားလက်ဖက်ရည်ခွက်ကို ထိုခွက်ပေါ်တင်၍ တဖြည်းဖြည်းချင်းစီနေသည်။
" ဧကရာဇ်ရဲ့ချိပ်စည်းကို ဘယ်သူမဆို ချိုးဖျက်နိုင်မယ်လို့များ မင်းတကယ် ထင်နေတာလား... ဧကရာဇ်ကလွဲရင် ဒီလောကကြီးထဲမှာ ချိပ်စည်းကို ချိုးဖျက်နိုင်တဲ့သူက ကောင်းကင်ဘုံကိုတက်နိုင်တဲ့ ထာဝရသားရဲတွေပဲ..."
ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့စကားအများစုကို စိတ်ထဲတွင် ယုံကြည်လိုက်မိသည်။ သူ့ခမည်းတော်၏ကျင့်ကြံဆင့်ဖြင့်ဆိုပါက ဟမ်ကျု့ယင်ပြောသည်မှာ ယုတ္တိရှိပေသည်။
သူ ခဏစဉ်းစားလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် စာလိပ်ကို နေရာရွှေ့လိုက်တဲ့သူတွေမှာတော့ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိနေတာပဲ..."
ဟမ်ကျု့ယင်က ခွက်များကို တဖြည်းဖြည်းချင်းဆင့်နေလျက် စကားလမ်းကြောင်းလွှဲလိုက်သည်။
" ကောင်းကင်ဘုံကိုတက်တဲ့အကြောင်း မင်း ဘယ်လောက်ထိသိလဲ..."
ရှုရှင်းချန် အချိန်အတန်ကြာသည်အထိ ပြောစရာစကားမဲ့သွားသည်။
" ဟမ်ဖေးရှန့်က ခင်ဗျားသားလေ သူ့အကြောင်းရော ခင်ဗျားဘယ်လောက်အထိသိလဲ..."
အရပ်သားဝတ်စုံနှင့်လူက နှုတ်ခမ်းများမဲ့သွားပြီး လက်ညှိုးကို အပေါ်ထောင်ပြလိုက်သည်။
" ကောင်းကင်ဘုံပေါ်တက်နိုင်သွားပြီဆို တာအိုကလည်း မြင့်သွားမှာပဲ..."
ရှုရှင်းချန် : " ဒီကိစ္စက လူတိုင်းသိကြပါတယ်... ခင်ဗျား ကျုပ်ဆီကနေ တစ်ခုခု စကားနှိုက်ဖို့ကြံနေရင်တော့ လူမှားသွားပြီ... ပြီးတော့ နတ်ဆိုးမျိုးနွယ်တွေကတော့ ကောင်းကင်ဘုံကို မတက်နိုင်တာ သေချာတယ်..."
ဤသို့ပြောရသည်မှာ ထူးဆန်းသော်လည်း ကောင်းကင်ဘုံသို့တက်ရန်လမ်းစဉ်က အလွန်ခက်ခဲသည်မှာ မှန်သော်လည်း နှစ်ရာပေါင်းများစွာအတွင်းတွင် ပင်မကုန်းမြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ခဲ့သော ကျင့်ကြံသူများက အောင်မြင်သွားခဲ့ဖူးပေသည်။
သို့ရာတွင် နတ်ဆိုးမျိုးနွယ်ကမူ ထိုသို့မဟုတ်ပေ။ မှတ်တမ်းမှတ်ရာများအရဆိုလျှင် ကောင်းကင်ဘုံတက်ရာ၌ ကျော်ဖြတ်ရသည့် မိုးကြိုးအတိဒုက္ခကို ကျော်လွန်နိုင်သည့် နတ်ဆိုးကျင့်ကြံသူက မရှ်ိသလောက်နည်းပါးသည်။ ယခုလက်ရှိအချိန်ထိ မည်သူကမှ အတိဒုက္ခကိုကျော်လွန်ပြီး ကောင်းကင်ဘုံသို့ မတက်ခဲ့ဖူးပေ။ ကောင်းကင်ဘုံသို့တက်ရန် ကြိုးစားသည့် နတ်ဆိုးကျင့်ကြံသူအားလုံး သုတ်သင်ခံလိုက်ရသည်ဟု ဆိုနိုင်ပြီး သူတို့အားလုံးက မိုးကြိုးအတိဒုက္ခ၏ဝိညာဉ်များ ဖြစ်သွားကြပေသည်။
ဟမ်ကျု့ယင်က ခွက်ကိုးခွက်ကို ဆင့်ပြီးသည့်အခါ ပြောလိုက်သည်။
" နောက် လဝက်လောက်ဆိုရင် ဧကရာဇ်ကောင်းကင်ဘုံပေါ်တက်ခဲ့ပြီးတာ နှစ်လေးရာပြည့်တဲ့အချိန်ပဲ..."
ရှုရှင်းချန် ခဏတာ အံ့အားသင့်သွားမိသည်။ ဟမ်ကျု့ယင်က နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီး ပီသပေသည်။ သူက ဧကရာဇ်အကြောင်းကို ကလေးဘဝတည်းက တူတူနေထိုင်ခဲ့သော သားအရင်းဖြစ်သူထက် အသေးစိတ်ပိုသိနေခဲ့သည်။
" ဧကရာဇ်က ကောင်းကင်ဘုံကိုတက်ဖို့အတွက် မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်ခဲ့တာမှန်ပေမယ့် လောကကြီးမှာ နတ်ဆိုးသားရဲပေါ်လာခဲ့လို့ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်ရတာပဲ..."
" ဧကရာဇ်က တော်တော်လေးကို သဘောထားကြီးမြတ်လွန်းတော့ ကျုပ်ကိုယ်ကျုပ်တောင် ရှက်မိပါတယ်..."
ဟမ်ကျု့ယင်က သူ့ရှေ့တွင် ထပ်ထားသည့်ခွက်များကို လက်ညှိုးထိုးလိုက်သည်။
" ဒါပေမဲ့ သူတစ်ယောက်တည်းကပဲ ဒီလိုလုပ်နိုင်တဲ့သူဖြစ်နေဝာာ... တကယ်လို့ သူ အတိဒုက္ခကို မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်တွေ အကုန်ဆုံးရှုံးပြီး အသက်ပါ သေသွားနိုင်တယ်..."
ရှုရှင်းချန်၏ရင်ထဲ ထိတ်လန့်သွားသည်။
" ဒါ ဒါက ပုံမှန်ပါပဲ... ခမည်းတော်က ရှန့်ချီတောင်မှာ ဉာဏ်အလင်းပွင့်သွားခဲ့လို့ ဘယ်သူမှ သူ့ကိုမယှဉ်နိုင်တော့တာ... ဒါပေမဲ့ ကျင့်ကြံဆင့်တွေ ဆုံးရှုံးသွားမယ်လို့ပြောတာ ဘာသဘောလဲ... ကောင်းကင်ဘုံကိုတက်ဖို့ကျရှုံးသွားတယ်ဆိုတာ မိုးကြိုးအတိဒုက္ခကြောင့် တိုက်ရိုက်ဖြစ်သွားတာ မဟုတ်ဘူးလေ... ဘာလို့ အသက်ပါသေရမှာလဲ... မိုးကြိုးအတိဒုက္ခမှာသာ အသက်ရှင်ခဲ့မယ်ဆိုရင် အဆင်ပြေနေမှာကို..."
ဟမ်ကျု့ယင်က ရယ်လိုက်သည်။
" မှားနေပြီ ဒါက အပေါ်ယံသွင်ပြင်လောက်ပါပဲ..."
သူ့အမူအရာကိုကြည့်ပြီး ရှုရှင်းချန် စိတ်ထဲ မကောင်းသည့်ကိစ္စ တစ်စုံတစ်ရာဖြစ်လာတော့မည်ဟု ခံစားလိုက်မိသည်။
ဟမ်ကျု့ယင်က လက်ဖက်ရည်တစ်ခွက်တစ်ခွက် ထပ်ယူပြီး ထောက်ခနဲ အသံပြုလိုက်သည်။
" ကောင်းကင်ဘုံပေါ်တက်တယ်ဆိုတာ ကျယ်ပြန့်တဲ့လောကကြီးတစ်ခုကို ရောက်သွားရုံမကဘူး ဒီ ပင်မကုန်းမြေကြီးတစ်ခုလုံးက သူ့လိုလူကို ဆက်မထိန်းထားနိုင်တော့ဘူးဆိုတဲ့ သဘောပဲ... အတိဒုက္ခကို မကျော်ဖြတ်နိုင်တဲ့သူတိုင်းက သေတာတော့ မဟုတ်ပါဘူး... အတိဒုက္ခအတွင်းမှာတော့ ပင်မကုန်းမြေကြီးတစ်ခုလုံးက အဲဒီလူကိုပေးထားတဲ့ ဝိညာဉ်စွမ်းအားတွေအားလုံးကို ပြန်ယူသွားမှာ..."
" နောက်တစ်မျိုးပြောရရင်တော့ အတိဒုက္ခကို မကျော်ဖြတ်နိုင်တဲ့သူတွေရဲ့ ကျင့်ကြံဆင့်တွေက တဖြည်းဖြည်းပျောက်ကွယ်သွားပြီးတော့ ဒီလောကကြီးရဲ့စွမ်းအင်စီးဆင်းမှု သဟဇာတဖြစ်အောင် ဝိညာဉ်စွမ်းအင်အဖြစ် ပြန်ပြောင်းသွားမှာပဲ..."
ရှုရှင်းချန်၏မျက်နှာက သူ သတိမထားမိမည်အချိန်မှာပင် ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့လာသည်။
သူ့စကားသာ အမှန်ဆိုရင် ဒီတစ်ချိန်လုံးမှာ ခမည်းတော်ရဲ့ ကျင့်ကြံဆင့်တွေက ပျက်စီးနေခဲ့တာလား...
" မဟုတ်ဘူး... ဒါ မှားနေပြီထင်တယ်..."
သူ အသည်းအသန် ခေါင်းခါလိုက်သည်။
" ခင်ဗျားပြောတဲ့အတိုင်းသာဆိုရင် နှစ်ပေါင်းလေးရာလောက်ကြာပြီးတာတောင်မှ ခမည်းတော်ရဲ့ကျင့်ကြံဆင့်က ဘာလို့ ပင်မကုန်းမြေတစ်ခုလုံးရဲ့ ထိပ်တန်းနေရာမှာ ရှိနေရတာလဲ..."
" သူက ဧကရာဇ်ဖြစ်နေလို့လေ..."
ဟမ်ကျု့ယင် ပြုံးလိုက်မိသည်။
" ဒါပေမဲ့ သူ့အပေါ်မှာ သက်ရောက်မှုအား ပြင်းထန်သွားတယ်ဆိုတာတော့ သံသယဝင်စရာမလိုဘူး... တကယ်လို့ ကျုပ် ပြောတာ မမှားဘူးဆိုရင် ဧကရာဇ်ရဲ့ ကျင့်ကြံဆင့် တဖြည်းဖြည်းပျောက်သွားတာနဲ့အတူ သူ့မှတ်ဉာဏ်တွေလည်း ဝေဝေဝါးဝါးဖြစ်လာတာနေမယ်... မဟုတ်ရင် သူက ဒီလောက်စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲကို ချိပ်ပိတ်ထားတဲ့နေရာကိုမေ့ပြီး စာလိပ်ကို အစွမ်းကုန် ရှာနေမယ်တဲ့လား..."
" ဒါက မယုံနိုင်လောက်စရာကိစ္စကြီးဆိုပေမယ့် ပြောရမယ်ဆိုရင်တော့ ရိုးရိုးလေးပါပဲ..."
ဟမ်ကျု့ယင်က နောက်ထပ် လက်ဖက်ရည်ခွက်တစ်ခွက်ကိုဆင့်ပြီး ပြောလိုက်သည်။
" သာမန်လူတွေက ဒီလက်ဖက်ရည်ခွက်အဆင့်တွေလောက်မြင့်တဲ့ ကျင့်ကြံဆင့်ကိုရောက်ပြီဆိုရင် ကောင်းကင်ဘုံကိုတက်တဲ့အဆင့်ကို ရောက်နိုင်တယ်... ဒါပေမဲ့ ဧကရာဇ်ကတော့ ရှန့်ချီတောင်ပေါ်မှာ တာအိုဝါဒီကို သိမြင်သဘောပေါက်ပြီးသွားတော့ သူ့ကျင့်ကြံဆင့်က လက်ဖက်ရည်ခွက်ထက်မြင့်လာပြီ... သူရဲ့ကျင့်ကြံဆင့်က ကောင်းကင်ဘုံကိုတက်ဖို့ လိုအပ်တာထက် ပိုများနေခဲ့တယ်..."
ဟမ်ကျု့ယင်က လက်ဖက်ရည်ခွက်များကို တစ်ခုချင်း ပြန်ချနေသည်ကို ရှုရှင်းချန် စောင့်ကြည့်နေမိသည်။
" သူ့ရဲ့ကျင့်ကြံဆင့်တွေပျောက်ဖို့ နှစ်ပေါင်းများစွာလည်း အချိန်ယူရဦးမယ်လေ...နှစ်တစ်ရာ၊ နှစ်နှစ်ရာ၊ နှစ်သုံးရာ၊ နှစ်လေးရာ..."
ဟမ်ကျု့ယင်က စကားပြောနေလျက်ဖြင့် နောက်ဆုံးလက်ဖက်ရည်ခွက်ကို လက်ညှ်ိုးထိုးပြလိုက်သည်။
" နောက်ဆုံးတော့ သူက ကောင်းကင်ဘုံတက်ခြင်းအဆင့်ရဲ့ သာမန်လူတစ်ယောက်ကျင့်ကြံဆင့်လောက်တော့ ကျန်ပါသေးတယ် ..."
ရှုရှင်းချန် မှင်သက်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။
" ကျွန်တော်သဘောပေါက်ပြီ သဘောပေါက်ပြီ... ခင်ဗျားပြောချင်တာ ခမည်းတော်က အတိဒုက္ခကိုကျရှုံးသွားတဲ့ တခြားလူတွေလိုမျိုး ကျင့်ကြံဆင့်တွေပျောက်ပြီး သေသွားတာမျိုးမဖြစ်ဘဲ နောက်တစ်ကြိမ်ကောင်းကင်ဘုံပေါ်တက်ဖို့ အခွင့်အရေးရှိသေးတယ်ဆိုတဲ့ သဘောလား..."
ရှုရှင်းချန်က နောက်ဆုံးကျန်ရှိနေသော လက်ဖက်ရည်ခွက်ကို အသက်ကယ် ကောက်ရိုးမျှင်သဖွယ် တင်းကြပ်စွာကိုင်ထားသည်။
" ဒါက ကောင်းကင်ဘုံတက်ခြင်းအဆင့်မှာရှိနေတဲ့ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ဆိုတော့ မိုးကြိုးအတိဒုက္ခတွေ ဖြစ်လာနိုင်သေးတာပေါ့..."
ရှုရှင်းချန်၏အမူအရာက မသေမချာဖြစ်သွားပြီး ခဏအကြာတွင် ထပ်မေးလာသည်။
" ကျွန်တော့်ကို ဘာလို့ ဒီအကြောင်းတွေ ပြောပြနေတာလဲ..."
ဟမ်ကျု့ယင်က မျက်လုံးလှန်ကြည့်လိုက်သည်။
" ကျုပ်က ဧကရာဇ်ကို အမြဲတမ်းလေးစားခဲ့တဲ့သူပါ... အဲဒါကြောင့်မို့ သူ အမှားတစ်ခုကို ထပ်ခါထပ်ခါလုပ်ပြီး နောက်ဆုံးအခွင့်အရေးကို လက်လွတ်သွားမှာကို မလိုလားလို့ပါ..."
ရှုရှင်းချန်၏ အမူအရာပြောင်းလဲသွားပြီး ရုတ်ချည်း မတ်တပ်ထရပ်လိုက်သည်။
" ဘာလို့ လက်လွတ်သွားမှာလဲ... ဘာကို လက်လွတ်မှာလဲ... ကျေးဇူးပြုပြီး သေချာရှင်းပြပေးပါ..."
သူ စိုးရိမ်တကြီးဖြစ်လာသည်ကို မြင်သောအခါ ဟမ်ကျု့ယင်၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ဖြစ်တည်လာသည်။
" ဘာလို့လဲဆိုတော့ ချုန်းချီကြောင့်ပဲ... ကောင်းကင်ဘုံအတိဒုက္ခက ရောက်လာခါနီးနေပြီဆိုပေမယ့် သူက မင်းတို့ကို ချိပ်စည်းနေရာ ရှာခိုင်းနေတယ်လေ... ကြည့်ရတာတော့ သူ မထွက်သွားခင်မှာ သုံးလောကအတွက် ပြဿနာကြီးကို ဖြေရှင်းပေးသွားမလို့ထင်တယ်... ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က အတိတ်ကလောက် မမြင့်တော့ဘူးဆိုတော့ တကယ်လို့ သူသာ အတင်းအကြပ်လုပ်မယ်ဆိုရင် နတ်ဆိုးသားရဲကို နှိမ်နင်းနိုင်ပေမယ့် အားပြင်းတဲ့ အတိဒုက္ခနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူ ဘယ်လိုခုခံမလဲ..."
" တကယ်လို့ သူသာ အတိဒုက္ခကို နောက်တစ်ကြိမ် မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင် သူ့ကိုဘယ်သူမှ ကယ်နိုင်တော့မယ်မထင်ဘူး..."
ဟမ်ကျု့ယင်က ရှုရှင်းချန်ကိုစိုက်ကြည့်နေပြီး တစ်လုံးချင်းမေးလိုက်သည်။
" ဧကရာဇ်ကတောင် ဒီလိုလောင်းကြေးထပ်ရဲမှတော့ မင်းသားလေးကရော... မင်းသားလေးက ဧကရာဇ် သူ့ကိုယ်သူ ဘယ်လောက်သန်မာလဲလို့ စစ်ဆေးတာကို မြင်ချင်နေတာလား..."
ရှုရှင်းချန်၏ရင်ထဲ တုန်လှုပ်သွားပြီး ကျောပြင်တွင်လည်း ချွေးစေးများပြန်ကာ ကြက်သီးထလာသည်။ သူ တွေဝေငေးငိုင်စွာဖြင့် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာချိန်၌ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မည်းနေပြီဖြစ်သည်။
သူ့ကိုယ်သူပင် မသိလိုက်ဘဲ ရှန်းလျိုရှန့်ထံ အလိုလိုရောက်လာချိန်တွင် ထိုသူက ဧကရာဇ်ကို အကြောင်းကြားရန်လုပ်နေသည်ကိုမြင်၍ ချက်ချင်း တားမြစ်လိုက်ခြင်းဖြစ်သည်။
" မလုပ်နဲ့... နတ်ဆိုးသားရဲအကြောင်းသတင်းကို ခမည်းတော်ကို အကြောင်းမကြားနဲ့..."
ရှုရှင်းချန်၏ လက်ဖျားထိပ်များက တုန်ယင်နေပြီး ရှန်းလျိုရှန့်၏လက်က်ို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
" အစ်ကိုတော်လည်း ဒီလိုပဲတွေးနေတယ်မလား... နတ်ဆိုးသားရဲဆိုတော့လည်း ဘာဖြစ်လဲ... ချုန်းချီဆိုလည်း ဘာဖြစ်လဲ... ဘာဖြစ်လို့ ခမည်းတော်က ဒီကိစ္စတွေကို ဖြေရှင်းရမှာလဲ... သူ နန်းတွင်းထဲမှာပဲ အေးအေးချမ်းချမ်းနေပြီး ကောင်းကင်ဘုံကိုတက်ဖို့ စောင့်နေရင်ရတာပဲ... ဘာလို့ ဒီကိစ္စတွေကို လုပ်နေရမှာလဲ..."
ရှန်းလျိုရှန့်၏ရင်ထဲတွင် ကသောင်းကနင်းဖြစ်နေမိသည်။ အကယ်၍ ဟမ်ကျု့ယင်ပြောသည်က အမှန်ဖြစ်နေပါက မူရင်းဝတ္ထုနှင့် တစ်ပုံစံတည်းသာ ဖြစ်နေပေမည်။
သူ့စိတ်ထဲတွင် မူလတည်းက စိတ်ရှုပ်ထွေးနေခြင်းဖြစ်သည်။ မူရင်းဝတ္ထုထဲတွင်မူ ချုန်းချီက ချိပ်စည်းမှလွတ်မြောက်ပြီး လောကကြီးကို အန္တရာယ်ပေးခဲ့သည်ဟု မပါဝင်ခဲ့ပေ။ ယခုတွေးကြည့်သည့်အခါတွင်မူ တိယွင်ယွီက သူ့ကိုအောင်အောင်မြင်မြင်ဖြင့် ဟန့်တားနိုင်ခဲ့သောကြောင့် တန်ရာတန်ကြေးကို ပေးဆပ်ခဲ့ရပုံပေါ်သည်။
ဧကရာဇ်ယွင်ယွီ သေသွားခဲ့တဲ့အချိန်က ပင်မကုန်းမြေကြီးတစ်ခုလုံး အအေးချမ်းဆုံးနှင့် အတည်ငြိမ်ဆုံး ဖြစ်နေတဲ့အချိန်ပဲ...
ဒါပေမဲ့...
ရှန်းလျိုရှန့်က ပြောလိုက်သည်။
" စိတ်အေးအေးထားပါ... ဒါတွေအားလုံးက ဟမ်ကျု့ယင်ရဲ့ အပြောသက်သက်ပဲလေ... သူက ငါတို့ ချိပ်စည်းနေရာကို ရှာတွေ့သွားမှာစိုးပြီး ဒီနေရာက သတင်းတွေကို ခမည်းတော်ဆီ ပြန်ပို့မှာစိုးလို့ တမင်ပြောလိုက်တာလည်း ဖြစ်နိုင်တယ်... သူ အခုလုပ်နေတာတွေကတော့ ခမည်းတော်ကြောင့်မဟုတ်တာ သေချာတယ်... သေချာတာကတော့ သူ့ကိုယ်ကျိုးအတွက် ဖုံးကွယ်ထားတဲ့ကိစ္စတစ်ခုခု ရှိနိုင်တယ်..."
" မဟုတ်ဘူး မဟုတ်ဘူး... ခမည်းတော်က တကယ်ကြီး ကိစ္စတွေ တော်တော်များများကို မေ့သွားခဲ့တာ ပြီးတော့ ရှိသေးတယ်..."
ရှုရှင်းချန်က မည်သည့်စကားကိုမှ နားမထောင်နိုင်တော့ဘဲ ဂနာမငြိမ်စွာဖြင့် ခေါင်းခါလိုက်သည်။
" ပြီးတော့ နန်းတွင်းမှာ လျှို့ဝှက်ခန်းတစ်ခန်းရှိတယ်... အဲဒီအခန်းထဲမှာ ခမည်းတော်ရဲ့ မှော်လက်နက် ဖုန်းလင်(ဇာမဏီငှက်မွေး) ပါတဲ့ ကြယ်တာရာမီးအိမ်တစ်ခု ရှိတယ်... အတိတ်တုန်းကဆိုရင်တော့ ခမည်းတော်က နေ့တိုင်း အဲ့အခန်းထဲမှာ တစ်နာရီလောက်နေတတ်တယ် ဒါပေမဲ့ အခုနောက်ပိုင်း ရှင်းလျန်ကိုမေးကြည့်တော့ သူ အဲ့အခန်းထဲမှာ အကြာကြီးနေနေပေမယ့် ပြန်ထွက်လာတဲ့အချိန် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ကအော်ရာတွေက ပိုနည်းလာတယ်တဲ့..."
ရှုရှင်းချန် ရေရွတ်လိုက်သည်။
" ဒါက ခမည်းတော်ရဲ့ ကျင့်ကြံဆင့်တွေ တဖြည်းဖြည်းပျောက်လာတယ်ဆိုတဲ့ သဘောပဲ..."
ထိုအချိန်တွင် သူ့ဘေးနားမှလူတစ်ယောက်ပေါ်လာပြီး သူ့ကိုဖန်ခွက်တစ်ခွက်ပေးလိုက်သည်။
" မိုးကြိုးအတိဒုက္ခအကြောင်းကလွဲရင် ဒီလောကကြီးက လူတွေက ကောင်းကင်ဘုံတက်တဲ့အကြောင်းကို နည်းနည်းပဲသိကြတယ်... ကြည့်ရတာ ဟမ်ကျု့ယင်က ဒီကိစ္စမှာ တော်တော်လေး အားစိုက်ထုတ်ထားသလိုပဲ... သူ တစ်ခုခုကိုတော့ ဖုံးကွယ်ထားတယ်... ဟမ်ကျု့ယင်နဲ့ ယှဉ်မယ်ဆိုရင် မင်း ဧကရာဇ်ကို ပိုယုံသင့်တာ မဟုတ်ဘူးလား..."
ရှုရှင်းချန် တအံ့တဩဖြစ်သွားပြီးနောက် ကျိုးရွှမ်လန်ကို ကျေးဇူးတင်ကာ ရေတစ်ငုံသောက်လိုက်ပြီးသည့်နောက်တွင် အနည်းငယ် စိတ်တည်ငြိမ်သွားသည်။
" ငါ ခမည်းတော်ကို ယုံပါတယ် ဒါပေမဲ့..."
သူ့လည်ချောင်းထဲတွင် တစ်ဆို့နေမိသည်။
" တကယ်လို့ ခမည်းတော်က တကယ်ကို အဲ့တိုင်းဖြစ်နေတယ်ဆိုရင်လည်း ငါ မအံ့ဩတော့ပါဘူး..."
တိယွင်ယွီက သူ လုပ်ချင်သည့်ကိစ္စတစ်ခုကို မည်သည့်အခါကမှ မပြောပြဖူးသကဲ့သို့ မည်သူနှင့်မှ ဆွေးနွေးတိုင်ပင်ခြင်းလည်း မပြုလုပ်ပေ။ ရှုရှင်းချန်က သူ၏သွေးသားရင်းဖြစ်ပြီး ငယ်စဉ်ကလေးဘဝတည်းက သူ့ဘေးတွင် ကြီးပြင်းလာသူဖြစ်သော်လည်း တိယွင်ယွီစအတွေးများကို လုံးလုံးလျားလျား နားမလည်သကဲ့သို့ ထိုးဖောက်မြင်နိုင်ခြင်းလည်း မရှိခဲ့ပေ။
သူသိသော တိယွင်ယွီအကြောင်းအနည်းငယ်နှင့် ဟမ်ကျု့ယင်ပြောသည်က အမှန်ဖြစ်နိုင်လောက်သည်ဟူသော အလိုလိုသိစိတ်ကြောင့်သာ ပျာယာခတ်သွားရခြင်းဖြစ်သည်။
ရှန်းလျိုရှန့် မျက်ခုံးများကိုပွတ်နေမိသည်။ အကယ်၍ တိယွင်ယွီက အမှန်ပင် ကောင်းကင်ဘုံသို့တက်တော့မည်ဆိုပါက အနည်းဆုံး သူတို့ထဲမှတစ်ယောက်ကို ပြောသင့်သည်။ သူက မည်သူ့ကိုမှမပြောဘဲ ထွက်သွားကာ ပြင်ဆင်မှုမပြုလုပ်ဘဲ မလဲပြိုသွားသင့်ပေ။
သို့သော် တိယွင်ယွီက ရှုရှင်းလျန်ကို မည်သည့်အခါမှ နန်းတွင်းမှ ထွက်သွားခွင့်မပြုသည့်အကြောင်းရင်းအား မပြောပြခဲ့ဖူးသည်ကို သူ တွေးမိသွားသော၍ ခဏတာ ငြိမ်သက်သွားသည်။
တိယွင်ယွီမှာ အကြံတစ်ခုတော့ ရှိနေတာများလား...
ရှန်းလျိုရှန့် : "..." ငါ ခေါင်းကိုက်လာပြီ...
တိယွင်ယွီတစ်ယောက်တည်းကသာ ချုန်းချီကို ပိတ်လှောင်ထားနိုင်ပြီး ချိပ်စည်းက်ို ချိုးဖျက်နိုင်ကြောင်း ဟမ်ကျု့ယင်က ဗြောင်ကျကျပြောထားခြင်းဖြစ်၍ အရေးကြီးကိစ္စ တစ်စုံတစ်ရာမဖြစ်လာပါက တိယွင်ယွီက လက်ဦးမှုယူပြီး ထိုချိပ်စည်းကို ရှာဖွေမည်မဟုတ်ပေ။
ချိပ်ပိတ်ထားတဲ့သားရဲက သူ့ဘာသာ လွတ်ထွက်လာဝောာ့မှာများလား...
လင်ယဲ့က ချိပ်စည်းကို အားဖြည့်ပေးမည်ဟု ပြောသည့်စကားကို ရှန်းလျိုရှန့် သတိရသွားသည်။
သူ့စကားကို အကဲခတ်ကြည့်ပါက တိယွင်ယွီ၏ကျင့်ကြံဆက့် အားနည်းလာသည်နှင့် ချိပ်စည်းက အားပျော့လာသောကြောင့် ချုန်းချီကို ပိတ်လှောင်ထားသော အရံအတားက အားနည်းလာရခြင်း ဖြစ်ပေမည်။
ရှုရှင်းချန်က နတ်ဆိုးသားရဲ၏တည်နေရာကို တိယွင်ယွီအား ပြောပြခွင့်မပြုဟု ခေါင်းမာနေသည်။
" အတိဒုက္ခဆိုတာက အရမ်းကြောက်စရာကောင်းတာလေ... ဘယ် ကျင့်ကြံသူမဆို အတိဒုက္ခကို မရင်ဆိုင်ရခင် ဒီလောက်စွမ်းအင်ကုန်မယ့်ကိစ္စမျိုး မလုပ်သင့်ဘူး... ခမည်းတော်မှာ အချိန်က လဝက်လောက်ပဲ ကျန်တော့တာ... လဝက်ပဲ..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး အချိန်အတန်ကြာအောင် စဉ်းစားနေပြီးမှ ပြောလိုက်သည်။
" ငါတို့တွေ ချုန်းချီရှိတဲ့ နေရာအတိအကျကို မသိရသေးဘူးဆိုတော့ ဧကရာဇ်ကို အခုချိန် မသိမပေးလည်း ရပါတယ်... ငါတို့ နှစ်ဖွဲ့ခွဲလိုက်မယ်... ငါက ချိပ်စည်းနေရာကိုဆက်ရှာမယ်... မင်းက ဟမ်ကျု့ယင်ရဲ့စကားတွေ အမှန် ဟုတ်မဟုတ် သွားစုံစမ်း..."
ရှုရှင်းချန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်စိမ်းပြားကိုထုတ်၍ ဝိညာဉ်စွမ်းအား ထည့်သွင်းလိုက်သည်။ ကျောက်စိမ်းပြားထဲမှ အမျိုးသမီးငယ်လေးတစ်ယောက်၏ သာယာသောအသံထွက်လာသည်နှင့် သူမေးလိုက်သည်။
" ခမည်းတော် အခုတလော ဘာတွေလုပ်နေလဲ..."
ရှုရှင်းလျန် : " သူ လျှို့ဝှက်ခန်းထဲကိုတော့ မကြာမကြာ သွားတယ်... ဒါပေမဲ့ ညီမလေးလည်း အခုနောက်ပိုင်း သူ့ကို သိပ်မတွေ့မိဘူး..."
ရှုရှင်းချန်၏မျက်နှာက ချက်ချင်းမဲမှောင်သွားသည်။ ထိုအချိန်တွင် ရှုရှင်းလျန်က ခပ်တိုးတိုးပြောလာသည်။
" အစ်ကိုတော်ပြောတော့ ညီမလေးကို ခေါ်ခိုင်းဖို့ လူတစ်ယောက်လွှတ်လိုက်မယ်ဆို သူ ဘယ်တော့မှလာမှာလဲ..."
ရှုရှင်းချန်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
" ဘယ်ကိုသွားမလို့လဲ ဘယ်မှမသွားရဘူး... နန်းတွင်းထဲမှာပဲနေပြီး ခမည်းတော်ကို စောင့်ရှောက်နေ..."
သူ့စကားဆုံးသည်နှင့် ကျောက်စိမ်းပြားနှစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှုရှင်းချန်က သူ့လေသံမာသွားကြောင်း သဘောပေါက်သွား၍ ခဏတာ အံ့ဩသွားသည်။
" အစ်ကိုတော် တောင်းပန်ပါတယ်... အဲ့လို လေသံမမာလိုက်သင့်ဘူး... ညီမလေး နန်းတွင်းထဲမှာ လိမ်လိမ်မာမာနဲ့နေပြီး အစ်ကိုတော့်အစား ခမည်းတော်ကို စောင့်ရှောက်ပေးနေနော် ဟုတ်ပြီလား..."
ခဏအကြာတွင် တစ်ဖက်မှ ခပ်အုပ်အုပ်အသံတစ်သံထွက်လာသည်။ ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို
လှမ်းယူပြီး ရှုရှင်းလျန်ကို ရှင်းပြတော့မည့်အချိန်တွင် ရှုရှင်းချန်က ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။
" အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး ကိုယ့်တာဝန်ကိုယ် လုပ်ကြတာပေါ့..."