Chapter 130
နတ်ဆိုးမြို့တော်၏ဘေးပတ်ပတ်လည်တွင် လျှို့ဝှက်နယ်ပယ်များစွာရှိသည်။ လင်ယဲ့က မြို့အရှေ့ပိုင်းရှိ လျှို့ဝှက်နယ်ပယ်များတွင် ရှာဖွေနေ၍ ရှန်းလျိုရှန့်က မြို့အနောက်ပိုင်းတွင် ရှာနေသည်။ လျှို့ဝှက်နယ်ပယ်များကိုဖြတ်သန်း ခရီးသွားလာရခြင်းက မလွယ်ကူလှပေ။ လျှို့ဝှက်နယ်ပယ်တစ်ခုစီတိုင်းတွင် အန္တရာယ်များဖြင့်ပြည့်နေသော လောကငယ်တစ်ခုစီ ရှိနေသည်။
ရှန်းလျိုရှန့်က လျှို့ဝှက်နယ်ပယ်များထဲ သွားလာနေစဉ် ရေခဲများက ခြေထောက်အထိပါနစ်နေသည့် နေရာများကို ဖြတ်သန်းသွားရပြီး နောက်ခဏတွင်းချင်း ချော်ရည်များ စီးကျမတတ်ဖြစ်နေသည့် နေရာများကိုလည်း ရောက်ရှိသွားတတ်ပေသည်။
သူ မအိပ်မနေဖြင့် သုံးရက်တိုင်အောင် ရှာဖွေခဲ့ပြီး လျှို့ဝှက်နယ်ပယ်ခုနစ်ခုသို့ ရောက်ရှိခဲ့သော်လည်း နတ်ဆိုးသားရဲ၏ အရိပ်အယောင်တစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။ ရှစ်ခုမြောက်နယ်ပယ်ထဲသို့ ဝင်ရောက်မည့်အချိန်တွင် သူ့လက်မောင်းကို လှမ်းဆွဲခံလိုက်ရသည်။
ကျိုးရွှမ်လန် : " ရှစ်စွမ်း အနားယူသင့်နေပြီ..."
ရှန်းလျိုရှန့်က သူ့ဝတ်ရုံလက်ပေါ်မှ မိုးမခရွက်များကို ခါချလိုက်ပြီးနောက် လျှို့ဝှက်နယ်ပယ်ကို သူ့စိတ်စွမ်းအင်ဖြင့် လေ့လာနေသည်။
" ရပါတယ် ငါ မပင်ပန်းဘူး..."
ရှုရှင်းချန်ထံမှ သူ သတင်းများရရှိထားခဲ့သည်။ ရှုရှင်းချန်က ကျင့်ကြံဆင့်မြင့်နေသည့် ဆရာသခင်သုံးယောက်ထံသို့သွားပြီး ကောင်းကင်ဘုံသို့တက်ခြင်းအကြောင်း မေးမြန်းခဲ့ပြီး နတ်ဆိုးသားရဲ၏မွေးဖွားမှုကို ကြုံတွေ့ခဲ့ဖူးသော လူအုပ်စုကိုလည်း ရှာတွေ့ခဲ့သည်။ အကြိမ်ပေါင်းများစွာ စစ်ဆေးအတည်ပြုပြီးသည့်နောက်တွင် ဟမ်ကျု့ယင်ပြောသည့်အကြောင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းက မှန်ကန်နေခဲ့ကြောင်း သိလိုက်ရသည်။ သို့ရာတွင် တိယွင်ယွီက ယခုလက်ရှိအချိန်၌ မည်သည့်ကျင့်ကြံဆင့်တွင် ရှိနေကြောင်းကို
တစ်ယောက်မှ မသိကြပေ။
ရှုရှင်းချန်ကို "ကောင်းမှုကုသိုလ်"ဟူသည့် အရာအကြောင်း ပြောပြလိုက်ပြီး အခြားကိစ္စတစ်ခုကိုမှ မဟလိုက်သည့် လျှို့ဝှက်ဆရာသခင်တစ်ယောက်လည်း ရှိနေသေးသည်။
ကောင်းမှုကုသိုလ်အားဖြင့် ယှဉ်ပါက လောကကြီးတွင် တိယွင်ယွီနှင့် ယှဉ်နိုင်သူ မရှိသေးပေ။
ကောင်းကင်ဘုံသို့ တက်နိုင်ရန် ကျော်လွှားရသည့် အတိဒုက္ခက တစ်ယောက်နှင့်တစ်ယောက် ကွာခြားပြီး လူတစ်ယောက်ချင်းစီ၏ ဘဝတစ်လျှောက်လုံးတွင် ပြုလုပ်ထားသည့်အရာများနှင့် အတိဒုက္ခက ဆက်စပ်နေကြောင်း ရှန်းလျိုရှန့် သိလိုက်ရသည်။ ထိုဆရာသခင်က တိယွင်ယွီ၏ တိုင်းတာမရနိုင်သော ကုသိုလ်ကောင်းမှုများကြောင့် သူ၏ မိုးကြိုးအတိဒုက္ခက လွယ်ကူနိုင်သည်ဟုဆိုပေသည်။
ရှန်းလျိုရှန့် မျက်လွှာချပြီး တွေးတောနေမိသည်။ ခဏအကြာတွင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သူ သတိပြုမိသွားသည်။
ငါ လမ်းလျှောက်နေတာကြာပြီလေ ဘာလို့ ဒီနေရာကိုပဲ ပြန်ရောက်နေတာလဲ...
သူ့လက်မောင်းကိုကိုင်ထားသော ကျိုးရွှမ်လန်က သူ ဤနေရာတွင် အချိန်အတန်ကြာသည်အထိ လျှောက်နေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ရှန်းလျိုရှန့် တုံ့ပြန်လာသည့်အချိန်မှ ရှေ့တိုးလာပြီး သူ့ကိုပွေ့ချီလိုက်သည်။
" နတ်ဆိုးမြို့တော်ကို ပြန်သွားရအောင်..."
ရှန်းလျိုရှန့်က မျက်ခုံးအသာပင့်လိုက်သည်။
" ဒါပေမဲ့ အချိန်မရှိတော့ဘူးလေ..."
အကယ်၍ ချုန်းချီက ချိပ်စည်းမှ လွတ်လာခဲ့ပါက နောက်ဆက်တွဲကိစ္စများက မတွေးရဲစရာပင်။ အကယ်၍ သူက တိယွင်ယွီ ကောင်းကင်ဘုံသို့မတက်မီ ပြဿနာရှာခဲ့ပါက အားလုံး ဒုက္ခရောက်သွားနိုင်သည်။ အကယ်၍ တိယွင်ယွီထွက်သွားပြီးချိန်မှ ချုန်းချီလွတ်မြောက်လာမည်ဆိုလျှင်လည်း ဤလောကထဲတွင် သူ့ကို ဟန့်တားနိုင်မည့် တစ်ယောက်တည်းသောလူက ထွက်ခွာသွားသောကြောင့် ကပ်ဘေးကြီး တစ်ဖန်ဖြစ်ပေါ်လာနိုင်သည်။
ရှန်းလျိုရှန့် ထိုအကြောင်းများကို ထပ်ခါထပ်ခါတွေးတောနေမိသည်။ သူ ချုန်းချီကို ဦးစွာရှာဖွေပြီးမှ ချိပ်စည်း၏အနေအထားကို ကြည့်ရှု့ရမည်ဖြစ်သည်။
" ရှစ်စွမ်းကညရှုရှင်းချန်ကို စိတ်အေးအေးထားဖို့ ပြောနေပေမယ့်... ကျွန်တော့်အထင်တော့ ရှစ်စွမ်းကိုယ်တိုင် စိတ်အေးအေးထားဖို့ လိုနေပြီ..."
ကျိုးရွှမ်လန်က ခြေလှမ်းကျဲကျဲလှမ်းလိုက်ပြီးနောက် သူ့ကိုပွေ့ချီထားလျက်ဖြင့် ညအမှောင်ထုထဲ ထွက်လာခဲ့သည်။
အိမ်တော်သို့ပြန်ရောက်သည့်အခါ ရှန်းလျိုရှန့်က ရေနွေးနွေးထြင့် ရေချိုးလိုက်ရသည်။ ရေချိုးပြီးသွားသည့်နောက်တွင် အိပ်ရာပေါ်သို့ ပစ်တင်ခံလိုက်ရသည်။
သူ အိပ်ရာမှ ထရန်ပြင်လိုက်သော်လည်း နူးညံ့သောစောင်ပေါ် ပြန်ဖိချခံလိုက်ရသည်။
" ရှစ်စွမ်း စိတ်ငြိမ်ငြိမ်ထားပြီး တွေးကြည့်ပါဦး..."
ကျိုးရွှမ်လန်က သူ၏ လက်ကောက်ဝတ်သွယ်သွယ်လေးကို ဆုပ်ကိုင်ထားပြီး ပခုံးနှင့် လည်တိုင်တွင် ဝဲနေသည့်ဆံပင်များကို သပ်တင်ပေးလိုက်ပြီးနောက် ခေါင်းငုံ့၍ ရှန်းလျိုရှန့်ကို စိုက်ကြည့်နေသည်။
" ဟမ်ကျု့ယင်က စာလိပ်ကိုဖျက်ဆီးဖို့ တွန့်ဆုတ်မနေတဲ့အပြင် သူက ချုန်းချီကိုချိပ်ပိတ်ထားတဲ့နေရာကိုလည်း လျှို့ဝှက်ထားတာမို့ ရှစ်စွမ်းတို့ ရှာမတွေ့ဖြစ်နေတာ... အခု ရှစ်စွမ်းနဲ့ လင်ယဲ့က လျှို့ဝှက်နယ်ပယ်ပေါင်းစုံမှာ နေ့တိုင်းရှာနေတော့လည်း သူက ဝင်မနှောင့်ယှက်ဘူး... အဲ့တော့ ရှစ်စွမ်း ချုန်းချီကို ရှာတွေ့မယ်ထင်လား..."
ရှန်းလျိုရှန့်က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ထိုအကြောင်းကိုစဉ်းစားနေသည်။ ထိုမျှသာမက ယောင်မုန့်ယွဲ့၏လက်ထပ်ပွဲကို ဟမ်ကျု့ယင်က ဤအချိန်အတောအတွင်းတွင်စီစဉ်ထား၍ ထူးဆန်းနေပေသည်။
ထိုအကြောင်းများ တွေးမိသောအခါ သူ အိပ်ရာပေါ်မှ ပြန်ထချင်လာသည်။
" မင်းပြောတာ မှန်တယ်... ငါတို့ အဲဒီနေရာကိုရှာပြီး နတ်ဆိုးမြို့တော်ရဲ့ကိစ္စတွေကို စုံစမ်းဖို့လိုတယ်... ငါ့ကို ခဏ..."
သူ့စကားမဆုံးမီမှာပင် ရှန်းလျိုရှန့်၏နှုတ်ခမ်းများကို ပိတ်ဆို့ခံလိုက်ရ၍ ပြောစရာစကားများ ပျောက်ရှသွားတော့သည်။
သူ၏ မျက်တောင်နက်များ တုန်ယင်လာပြီး လက်ကောက်ဝတ်သွယ်သွယ်လေးဖြင့် ရုန်းကန်နေသော်လည်း ပိုမိုတင်းကြပ်စွာ ချုပ်နှောင်ခံလိုက်ရသည်။
အိပ်ရာပေါ်မှလူငယ်လေးမှာ မွေ့ရာနှင့်ဖိကပ်ခံရပြီး အချိန်အတန်ကြာသည်အထိ အနမ်းခံရပြီးမှ လွတ်မြောက်သွားတော့သည်။ ကျိုးရွှမ်လန်က သူ့ကို မလွှတ်ပေးမီ ခေါင်းကိုတစ်ဖက်သို့လှည့်၍ အမောတကောပင့်သက်ရှိုက်နေရပြီး ဖြူဖွေးလှသည့် လက်ကောက်ဝတ်လေးတွင်လည်း နီရဲတွတ်ကုန်သည်။
ကျိုးရွှမ်လန်က သူ့ကို စောင်နှင့်ထုပ်ထားလိုက်ပြီး မျက်နှာတစ်ခုတည်းသာ ဖော်ထားလိုက်သည်။ ထို့နောက် အပြင်ဝတ်ရုံကိုချွတ်ကာ အိပ်ရာပေါ်တက်လာပြီး ပိန်ပိန်သွယ်သွယ်ပုံရိပ်လေးကို ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်သည်။
" ရှစ်စွမ်းရော နန်းတွင်းကလူတွေရော လျှို့ဝှက်နယ်ပယ်ထဲကိုသွားဖို့ အဆင်မပြေလောက်ဘူး... ကျွန်တော့်လူတွေက နတ်ဆိုးမြို့တော်ရဲ့အပြင်ဘက်ရောက်နေပြီ သူတို့ကိုပဲ သွားခိုင်းလိုက်ပါ..."
ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးသောရင်ခွင်တစ်ခုထဲ ရောက်နေ၍ သူ့မျက်လုံးများ မှေးစင်းလာပြီး ခန္ဓာကိုယ်ကလည်း သက်တောင့်သက်သာဖြစ်လာကာ ခဏအကြာတွင် ပင်ပန်းလာသည်ဟု ခံစားလိုက်ရသည်။
သူ့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသော်လည်း တောင့်မခံထားနိုင်ဘဲ မျက်လုံးများမှေးစင်းလာသည်။
ကျိုးရွှမ်လန်က အိပ်မောကျသွားသည့်လူကို တင်းကြပ်စွာပွေ့ထားလိုက်ပြီး သူ၏နက်စွေးစွေးမျက်ဝန်းများကိုပါ ပိတ်ထားလိုက်သည်။
အိပ်ခန်းထဲတွင် နာရီဝက်ခန့် တိတ်ဆိတါငြိမ်သက်သွားပြီးနောက်တွင် အိပ်ရာပေါ်ရှိ ခံ့ညားသောလူငယ်လေး၏ မျက်နှာပေါ်၌ နတ်ဆိုးအမှတ်အသားများ ရုတ်တရက်ပေါ်လာသည်။
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့နှဖူးပြင်တွင် ချွေးစေးများဖြင့် ဖုံးအုပ်လာကာ နှုတ်ခမ်းပါးများ ပွင့်ဟလာပြီး "ရှစ်စွမ်း" ဟူသည့်စကားကို ထပ်တလံလဲပြောနေကာ ရံဖန်ရံခါတွင် သူ့အသံက အလွန်နာကျင်နေသည့်ဟန် ဖြစ်လာသည်။
ရှန်းလျိုရှန့် လန့်နိုးလာပြီးနောက် ဇာမဏီမျက်ဝန်းများကိုပွတ်ကာ အိပ်ရာပေါ်ထထိုင်ပြီး ကျိုးရွှမ်လန်ကို ကြည့်လိုက်သည်။
ကျိုးရွှမ်လန်၏မျက်နှာက ဖြူဖျော့ပြီး နာကျင်နေသည့်ဟန် ဖြစ်နေပြီး အိမ်မက်ဆိုးများ မက်နေပုံပေါ်၍ သူ့ကိုချက်ချင်း လှုပ်ပြီးအော်ခေါ်လိုက်သည်။
" ကျိုးရွှမ်လန် ထတော့..."
ကျိုးရွှမ်လန်က သူပြောသည်ကို ပြန်မတုံ့ပြန်ပေ။ ထိုအချိန်တွင် သူက အစစ်အမှန်ဟု ထင်မြင်ရသောမြင်ကွင်းတစ်ခုရှေ့၌ ရပ်နေကာ သူ့အသည်းနှင့် သည်းခြေအိတ်ကို ဓားဖြင့်ခွဲလိုက်သကဲ့သို့ နာကျင်စွာ အော်ဟစ်နေသည်။
" ရှစ်စွမ်း ရှစ်စွမ်း ရှစ်စွမ်းးး ... "
ကျိုးရွှမ်လန်က မလှုပ်ရှားနိုင်ဖြစ်နေသောကြောင့် လည်ချောင်းကွဲမတတ်အော်နေပြီး သူ့မြင်ကွင်းရှေ့ရှိလူက သူအော်ခေါ်သည်ကိုကြားကာ သူ့နား အမြန်ပြေးလာရန် မျှော်လင့်နေမိသည်။
သို့ရာတွင် သူ့ရှစ်စွမ်းက သူအော်ခေါ်သည်ကို မကြားဟန်ဆောင်ကာ လူသေအလောင်းတောင်နှင့် သွေးပင်လယ်ကြားဖြတ်သန်းသွားပြီး ကောင်းကင်ယံတစ်ခုလုံးတွင် မကောင်းဆိုးဝါးများ တိုက်ခိုက်နေသည့်ကြားမှ ဓားကျင့်ကြံသူတစ်ယောက်ထံ အမြန်ပြေးသွားသည်။
သူ့ကို တတ်နိုင်သမျှ ကာကွယ်ပေးမှဖြစ်မယ်...
ငါ့ကို အဝေးတွန်းပို့ပြီး အေးစက်စက်ဆက်ဆံရင်တောင်မှ ငါ သည်းခံရမယ်...
ကျိုးရွှမ်လန်၏မျက်လုံးများ နီရဲလာပြီး ထိုလူကို သူ့နံဘေးသို့ ပြန်ခေါ်ထားချင်သော်လည်း မမြင်ရသည့်စွမ်းအားအချို့က သူ့ကိုထိန်းချုပ်နေသည်မှာ သူ့ကို ဘေးလူတစ်ယောင်သာဖြစ်ကြောင်း တီးတိုးသတိပေးနေသည်နှင့်တူသည်။
အိမ်မက်ဆိုးမက်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏ အနက်ရောင်မျက်ဝန်းများ ရုတ်တရက်ပွင့်လာပြီး မျက်ဆံများကလည်း ကျုံ့ဝင်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှ အင်အားများကို စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ့အမြင်အာရုံကို အနီရောင်များ တဖြည်းဖြည်းဖုံးလွှမ်းလာပြီး သူ့မျက်စိရှေ့တွင် မြင်လိုက်ရသောမြင်ကွင်းက သူ့ကိုငရဲသို့ ဆွဲခေါ်သွားသည့်နှယ် ခံစားစေရ၏။
နတ်ဆိုးအမှတ်အသားက လှုံ့ဆော်လာသောကြောင့် နှဖူး၏ထောင့်တစ်နေရာတွင် ထူးဆန်းသောအရိပ်တစ်ခု တိတ်ဆိတ်စွာထွက်ပေါ်လာသည်။ ချွေးများစိုရွှဲနေသူက မျက်လုံးများပွင့်လာပြီး မျက်ဝန်းထဲတွင်လည်း ခက်ထန်သည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။
ကျိုးရွှမ်လန်က သူ့ကို စိုးရိမ်တကြီးဖြင့်ကြည့်နေသော ရှန်းလျိုရှန့်ကို စိုက်ကြည့်နေသည်။ အိမ်မက်ဆိုးထဲရှိမြင်ကွင်းများက သူ့စိတ်ထဲတွင် ရောင်ပြန်ဟပ်နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် အိမ်မက်နှင့်လက်တွေ့ကို မခွဲခြားနိုင်ဖြစ်နေပြီး သူ့ရှေ့မှလူကို ရင်ခွင်ထဲဆွဲပွေ့လိုက်သည်။
" ရှစ်စွမ်း... တကယ်ပဲ ကျွန်တော့်ရှစ်စွမ်းလား..."
ကျိုးရွှမ်လန်၏ ဤသို့ဖြစ်နေပုံကို ရှန်းလျိုရှန့် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ့ပုံစံက ကြောက်လန့်၍ မသက်မသာဖြစ်ကာ ထိတ်ထိတ်ပျာပျာဖြစ်နေပေသည်။ ရှန်းလျိုရှန့် သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
" ငါ ဒီမှာရှိတယ်နော် ဒီမှာရှိတယ်... မင်း အိမ်မက်ဆိုးတွေ မက်နေတာလား..."
ကျိုးရွှမ်လန်က စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုသာ ခပ်တင်းတင်း ပွေ့ဖက်ထားသည်။
ခဏအကြာတွင် သူ စိတ်တည်ငြိမ်သွားပြီဟု ရှန်းလျိုရှန့် တွေးနေစဉ်၌ သူ့ကို အားခပ်ပြင်းပြင်းတစ်ခုကအိပ်ရာပေါ် ဖိကပ်လိုက်သည်။
ရှန်းလျိုရှန့်၏ နောက်စေ့က ခေါင်းအုံးနှင့်ထိသွားပြီး သူ၏အနက်ရောင်ဆံနွယ်များက အိပ်ရာပေါ်ပြန့်ကျဲနေသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှ အဝတ်အစားများက တစ်စဆီ ဆုတ်ဖြဲခံလိုက်ရသည်။ ဆီးနှင်းများထက် ပိုမိုဖြူဆွတ်နေသော သူ့အသားအရည်နှင့် နူးညံ့ဖြူဖွေးသော ညှပ်ရိုးများကိုပါ လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့ကိုအနိုင်ကျင့်နေသူ၏ အုပ်မိုးခြင်း ခံလိုက်ရသည်။
သူ ရုန်းကန်တော့မည့်အချိန်၌ နားထဲသို့ ဩရှရှအသံတစ်သံ ဝင်ရောက်လာသည်။
" ကျွန်တော့်ကို မငြင်းပါနဲ့ရှစ်စွမ်း... ဒီတစ်ကြိမ်တော့ ကျေးဇူးပြုပြီး မငြင်းပါနဲ့..."
ရှန်းလျိုရှန့်၏ရင်ထဲ တုန်ယင်သွားသည်။ ကျိုးရွှမ်လန်ထံတွင် မည်သည့်ကိစ္စမျိုးဖြစ်သွားကြောင်းမသိသော်လည်း သူက ရုတ်တရက် အထိန်းအကွပ်မဲ့သွားလေသည်။ ရှန်းလျိုရှန့်ကို အိပ်ရာပေါ် ရုတ်ချည်းလှဲချလိုက်ပြီး ပြောထွက်လာသည့်စကားများကလည်း အလွန်ဝမ်းနည်းပက်လက်ဖြစ်နေပုံပေါ်ပေသည်။
" အိမ်မက်တွေဆိုတာ အတုအယောင်တွေပါပဲ မကြောက်ပါနဲ့..."
ရှန်းလျိုရှန့်က စိတ်အေးလက်အေးဖြစ်ရန် အကောင်းဆုံးကြိုးစားလိုက်ပြီး ခေါင်းမော့၍ ကျိုးရွှမ်လန်၏နှုတ်ခမ်းများကိုနမ်းလိုက်သည်။ ကျိုးရွှမ်လန်၏ အံ့ဩမှင်သက်နေသည့် မျက်ဝန်းများကို အကြည့်ချင်းဆုံအောင်ကြည့်လိုက်ပြီးနောက် သူ့ပခုံးကျယ်ကျယ်များကို လက်ဖြင့်ထိလိုက်သည်။
" ငါ မင်းကို ဘယ်တော့မှ မငြင်းပါဘူး..."
ကျိုးရွှမ်လန် အံ့အားသင့်သွားမိသည်။ မူလက အသူရာချောက်ထဲ ကျသွားသည့်သဖွယ် ဗလာကျင်းနေသည့် သူ့နှလုံးသားထဲတွင် အစိတ်အပိုင်းတစ်ခုစီဖြင့် ပြန်ပြည့်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူ့မြင်ကွင်းထဲမှာ ယဲ့ပင်းရန်ကို ကယ်ဖို့ကြိုးစားရင်း သေသွားတဲ့သူက... မဟုတ်ဘူး... မဟုတ်သေးဘူး...
အဲဒီလူက ငါ့ရှစ်စွမ်းမဟုတ်ဘူး...
ကျိုးရွှမ်လန် ခေါင်းငုံ့၍ နီရဲနေသည့်နှုတ်ခမ်းများကို အနမ်းခြွေလိုက်ချိန်၌ ရှန်းလျိုရှန့်အပေါ် သူ၏ လိုချင်တပ်မက်မှုများက အထွတ်အထိပ်ရောက်လာသည်။ သူ့ကိုအနှောင့်အယှက်ပေးနေသည့် အဝတ်အစားများကို ဆုတ်ဖြဲလိုက်ပြီးသည့်နောက်တွင် သူ့ရင်ခွင်ထဲရှိနေသူ၏ အရာအားလုံးကို ခံစားရန် မစောင့်ဆိုင်းနိုင်တော့၍ ရူးနှမ်းလုဆဲဆဲဖြစ်လာသည်။
ဒါ ငါ့ရဲ့ရှစ်စွမ်းပဲ...
သူက ငါ့အပိုင်ပဲ...
ညဦးပိုင်းလေအေးများက ပြတင်းပေါက်ကြားထဲမှတစ်ဆင့် အိပ်ခန်းထဲဝင်ရောက်လာသောကြောင့် လိုက်ကာစလေးများကို ပင့်တင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အခန်းတွင်းရှိအိပ်ရာက အထိန်းအကွပ်မဲ့လှုပ်ခါနေပြီး ရံဖန်ရံခါတွင် မရေရာမပြတ်သားသောအသံများ ထွက်ပေါ်လာသည်။
ညတာရှည်ကြီးကိုဖြတ်သန်းပြီးသည့်နောက် မနက်အာရုဏ်တက်ချိန်ရောက်လာသည့်အခါမှ အရာအားလုံး ခဏတာ ပြီးဆုံးသွားခဲ့သည်။
ထိုအချိန်တွင် အိပ်ရာ၏အစွန်းနားတွင် ရှိနေသောခြေထောက်လေးက တုန်ယင်သွားသည်။ ခဏအကြာတွင်မူ ပန်းနုရောင်သန်းနေသည့် ခြေချောင်းလေးများက ကွေးသွားပြီးသည့်နောက် တစ်ဖန်ပြန်လင် တုန်ယင်လာပြန်သည်။
မနက်သုံးနာရီခန့်တွင် တစ်ညတာလုံးပိတ်ထားသည့်အခန်းတံခါးက ပွင့်လာခဲ့သည်။
ကျိုးရွှမ်လန်၏ အပေါ်ပိုင်းအဝတ်အစားများကို ချွတ်ထားသောကြောင့် သူ့ရင်ဘတ်ပေါ်မှ ကုတ်ခြစ်ရာများကို မြင်နေရပြီး သူ့မျက်ခုံးများအကြားမှ ဒေါသထွက်နေသည့် အရိပ်အယောင်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
ရှန်းလျိုရှန့်က လုပ်စရာကိစ္စများရှိနေသေး၍ အိပ်ရာပေါ်တွင် ကြာကြာမနေနိုင်ဟု သူ့ကိုပြောခဲ့သည်။
ဤကိစ္စကို အမြန်ဆုံးဖြေရှင်းပလိုသည့် သူ့စိတ်ကို ကျိုးရွှမ်လန် သဘောပေါက်သော်လည်း ရှန်းလျိုရှန့်က မတော်တဆ အစွန်းရောက်သွားခဲ့သည်။ ရှန်းလျိုရှန့်၏ လက်ချောင်းဖြူဖြူသွယ်သွယ်များက သူ့ခန္ဓာကိုယ်ကို လက်သည်းများဖြင့် စိတ်မရှည်စွာဖြင့် ကုတ်ခြစ်နေခဲ့သည်မှာ စိတ်ထွက်ပေါက် ရှာနေသည်နှင့် တူပေသည်။
သို့ရာတွင် သူ့လက်သည်းများကို သေသပ်စွာညှပ်ထားသောကြောင့် နာကျင်ခြင်းကို မဖြစ်ပေါ်စေခဲ့ပေ။ ထိုအစား သူ့ကိုယားကျိကျိဖြစ်အောင် လုပ်နေသည်နှင့်တူ၍ ကျိုးရွှမ်လန် ပို၍စိတ်ကြွလာခဲ့သည်။
ခဏအကြာတွင်မူ ကျိုးရွှမ်လန်ကအနည်းငယ် စိတ်ကျေနပ်သွားပုံရသည်။ အချိန်ကာလက အနည်းငယ်ခန့်သာ ကြာမြင့်သည်ကို စိတ်မကျေနပ်သော်လည်း သူ ပြည့်ပြည့်ဝဝ အရသာခံပြီးသွားခဲ့ပြီဖြစ်၏။
ကျိုးရွှမ်လန် ဆန်ပြုတ်တစ်ပန်းကန်ယူလာပြီး အခန်းထဲပြန်လာချိန်တွင် အိပ်ရာပေါ်မှလူက အိပ်မောကျနေဆဲဖြစ်သည်ကိုမြင်၍ ငြင်သာစွာ လှုပ်ရှားလိုက်သည်။
ရှန်းလျိုရှန့်က မျက်ခုံးများတွန့်ချိုးကာ အိပ်ပျော်နေပြီး သူ၏ ချောမောသည့် ပါးပြင်ဖြူဖြူလေးပေါ်တွင် နီရဲတွတ်နေသည်များက မပျောက်ကွယ်သေးပေ။ သူ့လည်ပင်းနှင့် ပခုံးတစ်ဝိုက်တွင်လည်း အနက်ရောင်ဆံနွယ်များ ပြန့်ကျဲနေသည်။
ကျိုးရွှမ်လန်က အိပ်ရာဘေးတွင်ရပ်ပြီး သူ့ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် နှုတ်ခမ်းပါးများ အနည်းငယ်ကော့ညွတ်သွားသည်။
ဆန်ပြုတ်ပူပူကို သူ့လက်ထဲတွင် အချိန်အတန်ကြာအောင် ကိုင်ထားခဲ့မိသည်။ ဆန်ပြုတ်အေးသွားသည့်အချိန်တွင်မူ ပြန်ချထားလိုက်ပြီးနောက် ရယ်လိုက်မိသည်။
ကျိုးရွှမ်လန်က ဆန်ပြုတ်ပန်းကန်လုံးကို ချထားလိုက်ပြီးနောက် လက်ဖက်ရည်အိုးကိုယူပြီး ခွက်ထဲငှဲ့နေစဉ် မျက်လွှာချပြီး စဉ်းစားတွေးတောနေမိသည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သည့်ဝတ်ရုံဝတ်ထားသော ပုံရိပ်ငယ်လေးတစ်ခုက သူ့လက်ဖဝါးထက်တွင်ပေါ်လာသည်။
" ငါ့ကို ဒီနေရာမှာ ဘာလို့ရှာတာလဲ..."
ကျိုးရွှမ်လန်က "ဒီနေရာ" ဟူသောစကားကို ထပ်ခါတလဲလဲတွေးနေမိသည်။ သူ့ကျင့်ကြံဆင့်က ယွမ်ရှန်(ရှေးဦးဝိညာဉ်)နှင့် ယှဉ်လာနိုင်ချိန်တွင် ယွမ်ယင်း(အခြေတည်ဝိညာဉ်)က ပုံမှန်အနေအထားဖြစ်လာပြီး သူနှင့် ဆက်သွယ်ပြောဆိုနိုင်မည်ဟု ဧကရာဇ်ယွင်ယွီက ပြောခဲ့သည်။
ထိုသို့ဖြစ်ရန်က အလွန်ရှားပါးသည်ဖြစ်စဉ် ဖြစ်သော်လည်း ကျိုးရွှမ်လန်က ယွမ်ရှန်ထံမှ အရာအားလုံးကို အစောပိုင်းက အိမ်မက်ဆိုးထဲတွင် မြင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်အစိတ်အပိုင်းများအတိုင်း သိမြင်နိုင်ပေသည်။
သူ၏ယွမ်ယင်းက သခင်ဖြစ်သောယွမ်ရှန်နှင့် အဘယ့်ကြောင့် ကွဲပြားစွာ ပြုမူနေရသည်ကို အနှေးအမြန်သိလာတော့မည်ဖြစ်သည်။
[ ရှုပ်သွားမှာစိုးလို့ ရှင်းပြချင်လို့ပါ ရှေ့မှာတစ်ခါပြောထားခဲ့ပြီးပြီဆိုပေမယ့် ယွမ်ယင်းတွေက သူတို့ပိုင်ရှင် ကျင့်ကြံသူတွေရဲ့စိတ်ထဲက အတွေးတွေအတိုင်းပဲ ပြုမူရပါတယ်၊ အဲဒီစိတ်ထဲကအတွေးက အလွယ်ပြောရရင်တော့ ယွမ်ရှန်(ရှေးဦးဝိညာဉ်)ပါပဲ၊ ရှန်းလျိုရှန့်နဲ့ ကျိုးရွှမ်လန်တို့ရဲ့ ယွမ်ယင်းတွေက ယွမ်ရှန်ရဲ့ဆန္ဒအတိုင်း မပြုမူကြဘဲ ထူးဆန်းနေလို့ သူတို့လည်း ဒီကိစ္စကို အဖြေရှာချင်နေကြတာပါ ]
သို့ရာတွင် ကျိုးရွှမ်လန်ကို စိတ်ပူစေသည့်တစ်ခုတည်းသောအရာက သူနှင့် မရင်းနှီးသော်လည်း ရင်းနှီးဟန်ဖြစ်နေသည့် ဖြစ်ရပ်တစ်ခုကြောင့်ဖြစ်သည်။
သူက ထိုနေရာတွင် ရှိနေခဲ့ပြီး ဘေးနားမှ ရပ်ကြည့်နေခဲ့ပေသည်။ သူ့ရှစ်စွမ်းက ယဲ့ပင်းရန်ကို ကယ်တင်ရန်အတွက် သေဆုံးသွားချိန်တွင် ထိုပုံရိပ်ထဲမှ ကျိုးရွှမ်လန်က အေးတိအေးစက်သာ ပြုံးနေခဲ့သည်။
ထိုထက်ပို၍ အခြားသောတုံ့ပြန်မှု မရှိတော့ပေ။
[ အဲဒီမြင်ကွင်းကို ရပ်ကြည့်နေခဲ့တာက အခုလက်ရှိ ကျိုး
ရွှမ်လန်ပါ၊ အေးတိအေးစက်ပြုံးလိုက်တယ်ဆိုတာ အရင်ကျိုးရွှမ်လန် 🤧 ]
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ယွမ်ယင်းကို ပြန်သိမ်းထားလိုက်ကာ တွေးတွေးဆဆဖြင့် လက်ဖက်ရည်သောက်နေသည်။