Chapter 131
ရှန်းလျိုရှန့် နိုးလာချိန်တွင် ရင်းနှီးနေသောရနံ့တစ်မျိုးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်ကို ခံစားလိုက်ရသည်။ သူ့နှဖူးကို ကျိုးရွှမ်လန်၏လည်ပင်းနှင့်ပွတ်နေပြီး သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာဖြစ်စေမည့်နေရာတစ်ခုကိုရှာဖွေကာ ဆက်အိပ်နေရန် ကြံစည်လိုက်သည်။
သို့သော် ရုတ်တရက် သူ့မျက်လုံးများပွင့်လာပြီး အိပ်ချင်စိတ် လုံးဝမရှိတော့ပေ။
ရှန်းလျိုရှန့် အိပ်ရာပေါ်မှ တဖြည်းဖြည်းထလာပြီး အတွင်းဝတ်ရုံကိုလဲလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ အပြင်ဝတ်ရုံတစ်ထည်ကိုယူ၍ ထပ်ဝတ်ကာ ခါးပတ်ပတ်လိုက်ပြီးနောက် အိပ်ရာပေါ်တွင် အိပ်မောကျနေသူကို ကြည့်လိုက်သည်။
ကျိုးရွှမ်လန်က အိပ်ပျော်နေဆဲဖြစ်သည်။ အတိတ်တွင်ဆိုပါက ရှန်းလျိုရှန့် ဤသို့လှုပ်ရှားလိုက်သည်နှင့် သူ ချက်ချင်နိုးလာပြီဖြစ်သည်။
ရှန်းလျိုရှန့် လက်တစ်ဖက်ကို သူ့နှဖူးပေါ်တင်လိုက်ပြီး ဝိညာဉ်စွမ်းအင်တန်းတစ်ခုကို သူ့ကိုယ်ထဲဝင်ရောက်စေလိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်လာသည်။ ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်က မတည်မငြိမ်ဖြစ်နေသည်မှာ အဆင့်တက်တော့မည့်ဟန် ဖြစ်နေသည်။ အထူးသဖြင့် သူ့မျက်နှာထက်တွင် နတ်ဆိုးအမှတ်အသားများ ဆက်တိုက်ပေါ်လာနေသည်။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပါက နတ်ဆိုးအမှတ်အသားများ ပေါ်လာလိမ့်မည်ဟု ကျိုးရွှမ်လန် ပြောပြခဲ့ဖူးသည်။
အစောပိုင်းတွင် ကျိုးရွှမ်လန်က အထိန်းအကွပ်မဲ့လုနီးပါးဖြစ်သွားခဲ့ပြီး အိမ်မက်ဆိုးများလည်း မက်ခဲ့သည်ကို ရှန်းလျိုရှန့် တွေးမိသွားသည်။
ရှန်းလျိုရှန့် ခဏစောင့်ကြည့်နေစဉ် အိပ်ရာထက်ရှိလူ၏ ခံ့ညားသောမျက်နှာထက်မှ နတ်ဆိုးအမှတ်အသားများ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ့မျက်နှာကို ဖျစ်ညှစ်လိုက်သည်။
" မင်းက အိပ်ရာပေါ်မှာကျ အရမ်းကြမ်းတမ်းပြီး အခုကျတော့ ဘာမှမသိသလိုပဲ..."
ထို့နောက်တွင် ရှန်းလျိုရှန့်က စိတ်ကျေနပ်စွာဖြင့် လက်ပြန်ရုတ်လိုက်ပြီး စာရေးထားခဲ့ကာ ချိပ်စည်းကို ဆက်လက်ရှာဖွေရန် ထွက်ခွာသွားသည်။
နေဝင် နေထွက်ခြင်းက ထပ်ခါတလဲလဲဖြစ်ပေါ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်က လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး နတ်ဆိုးမင်းသမီးလေး၏ လက်ထပ်ပွဲကျင်းပရန် အချိန်နှစ်ရက်ခန့်သာ လိုတော့သည်။ ရှန်းလျိုရှန့်က နတ်ဆိုးသားရဲ၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးသော်လည်း ယခုနောက်ပိုင်းတွင် ကျိုးရွှမ်လန်နှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသောကြောင့် ထိုနတ်ဆိုးသားရဲကို လိုက်ရှာနေရန် အချိန်မရှိဖြစ်နေသည်။
ကျိုးရွှမ်လန်က အဆင့်တက်တော့မည့်ဟန် ဖြစ်နေသော်လည်း သာမန်အဆင့်တက်ခြင်းများနှင့် ကွာခြားနေသည်။
ကောင်းကင်တွင် တိမ်တိုက်များနှင့် အနက်ရောင်မြူနှင်းများဖြင့် ပြည့်နေသည်။ နတ်ဆိုးမြို့တော်တွင် ဆယ်ရက်တိုင်အောင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းမှာ အလွန်ရှားရှားပါးပါးဖြစ်ရပ် ဖြစ်သည်။ သို့ရာတွင် မြို့ထဲမှ ခြေတစ်လှမ်းထွက်လိုက်သည်နှင့် ကောင်းကင်ကြီးက ကြည်လင်ပြီး နေရောင်ခြည်က တောက်ပလင်းလက်နေသည်။
အားလုံးက ထိုအကြောင်းကိုပြောဆိုပြီး တအံ့တဩဖြစ်နေကြသည်။ ယောင်မုန့်ယွဲ့၏အနားတွင် ကြက်ခြေထောက်ကိုက်လျက် ရံဖန်ရံခါပေါ်လာသော အရှင်ကောင်းကင်ဘုံခွေးတစ်ယောက်သာ အရာအားလုံးကို ထိုးထွင်းသိမြင်နေသည်။
သူက ထိုသို့ဖြစ်ရပ်မျိုးကို ပါ့ဟွမ်တွင်လည်း မြင်တွေ့ခဲ့ဖူး၍ ရေးကြီးခွင်ကျယ်ဟု မတွေးနေတော့ပေ။
သို့ရာတွင် ဆယ်ရက်မြောက်နေ့၌ အောင်းယွဲ့ မိုးရေထဲသွားနေစဉ် သူ့လက်ထဲမှ အစားအစာအားလုံး မိုးစိုကုန်၍ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တရားခံကိုရှာရန် ထွက်သွားသည်။
" ဘာလဲ ဘာတွေဖြစ်နေပြန်တာလဲ နတ်ဆိုးအင်မော်တယ်သခင်က တခြားလူဆီကိုရေးထားတဲ့ ရည်းစားစာတွေကိုမြင်လို့ မင်း စိတ်ညစ်နေတာလား... ဘယ်လောက်တောင်ကြာပြီလဲ မပြီးနိုင်သေးဘူးလား..."
အောင်းယွဲ့ ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲဝင်လာသော်လည်း အခန်းထဲမှ မြင်ကွင်းကိုတွေ့သည်နှင့် ချက်ချင်းငြိမ်ကျသွားသည်။
ကျိုးရွှမ်လန်က တင်ပျဉ်ခွေထိုင်နေပြီး အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအင်များက သူ့ထံသို့ စီးဆင်းလာနေသည်။ သူ့ကို လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများဖြင့် ဝန်းရံထားပြီး မျက်လုံးများ တင်းတင်းမှိတ်ထားကာ နတ်ဆိုးအမှတ်အသားများကလည်း သူ့မျက်နှာထက်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ရှန်းလျိုရှန့်၏လက်ဖဝါးက သူ့ကျောပြင်တွင်ကပ်ထားပြီး သူ့နှဖူးပြင်တွင်လည်း ချွေးများထွက်နေသည်။ သူက ကျိုးရွှမ်လန်၏ဝိညာဉ်စွမ်းအင်ကို ကူညီထိန်းညှ်ိပေးနေပုံရသည်။
နာရီဝက်ခန့်အကြာတွင် ရှန်းလျိုရှန့်က ရပ်တန့်လိုက်သည်။
အောင်းယွဲ့က သူတို့နှစ်ယောက်ကို စက်ဝိုင်းပုံစံလှည့်ပတ်နေပြီး မေးစေ့ကိုပွတ်၍ တွေးတောနေသည်။
" အဆင့်တက်တော့မှာများလား..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။
" အဆင့်တက်ဖို့က ဒီလောက်ထိမကြာဘူး..."
အောင်းယွဲ့တွေးတောနေပြီးနောက် ကျိုးရွှမ်လန်၏နှဖူးထက်မှ နတ်ဆိုးအမှတ်အသားများကို လက်ညှိုးထိုးပြလိုက်သည်။
" ဒါ ရိုးရိုးအဆင့်တက်တာမျိုးမဟုတ်ဘူး... နတ်ဆိုးမျိုးနွယ်ရဲ့ အကြီးမားဆုံးအဆင့်တက်တာဖြစ်တဲ့ နတ်ဆိုးသွေးကို နိုးထနေတာပဲ..."
ရှေးဟောင်းနတ်ဆိုးများ၏ မျိုးဆက်များက သွေးကိုနိုးထနိုင်သည့် ဖြစ်နိုင်ချေများပေသည်။ အောင်မြင်သွားသည်နှင့် ကျင့်ကြံဆင့်က အဆပေါင်းများစွာ ခုန်တက်သွားနိုင်သည်။
ဟွားကျန်းက ကိုးမြီးမြေခွေး၏သွေးကို နိုးထနိုင်ခဲ့သောကြောင့် နတ်ဆိုးဘုရင်ဟူသောနေရာကို တစ်ချက်တည်းရရှိသွားခဲ့ခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က ထိုအကြောင်းများနှင့်ပတ်သက်ပြီး အနည်းငယ်သာသိ၍ ယခုမှကြားရသည့်အခါ နိုးနိုးကြားကြားဖြစ်သွားမိသည်။ အချို့သောနတ်ဆိုးများက တစ်ခဏတွင်းချင်း သွေးကို နိုးထလာသော်နိုင်သော်လည်း အချို့အတွက်မူ လပေါင်းများစွာ အချိန်ယူရသည်။ ထိုအချိန်အတောအတွင်းက အဆင့်တက်နေသည်နှင့်တူပြီး ဝိညာဉ်စွမ်းအားများ မတည်မငြိမ်ဖြစ်ကာ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း မဖြစ်ပေါ်မည်အထိ ငြိမ်သက်သွားမည် မဟုတ်ပေ။
ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်ပြီးနောက် အောင်းယွဲ့ကို ပြောလိုက်သည်။
" သူ သတိပြန်ကပ်လာတာနဲ့ မင်းသူ့ကို ပါ့ဟွမ် ပြန်ခေါ်သွားပါ..."
ကျိုးရွှမ်လန်၏ လက်ရှိအနေအထားအတိုင်းဆိုပါက သွေးကိုနိုးထမည့်ဖြစ်စဉ်က အချိန်အတော်အတန်ကြာမြင့်မည်ဖြစ်သည်။
နတ်ဆိုးမြို့တော်တွင် ဆက်နေမည်ဆိုပါက ဤနေရာက ဟမ်ကျု့ယင်၏ပိုင်နက်ဖြစ်နေ၍ လူများစွာက သူ့ကိုတိုက်ခိုက်လာနိုင်သည်။ ထို့အပြင် ချုန်းချီကို ချိပ်ပိတ်ထားသည့်နေရာက နတ်ဆိုးမြို့တော်နှင့် နီးနေသည်။ အကယ်၍ သူ့နတ်ဆိုးသွေးကို နိုးထနေစဉ်အချိန်တွင် ချုန်းချီက အရံအတားကိုဖောက်ထွက်လာနိုင်ပါက နောက်ဆက်တွဲကိစ္စများမှာလည်း ကြောက်မက်ဖွယ်ရာ ဖြစ်သွားပေလိမ့်မည်။
" ဒါပေမဲ့ ငါက မင်းသမီးလေးကို သူ့မင်္ဂလာပွဲနေ့မှာ ခေါ်ထုတ်သွားပေးမယ်လို့ ကတိပေးပြီးသွားပြီ... သူက ငါ့အသက်ကိုကယ်ခဲ့တာဆိုတော့ ငါသူ့ကို ကျေးဇူးပြန်ဆပ်ရမှာ... မင်းက ငါ့ကိုအခက်တွေ့အောင် လုပ်နေဝာာပဲ..."
အောင်းယွဲ့က ညည်းညူနေသည်။
" ငါ သူ့ကို ကူညီလိုက်မယ်... ပြီးတော့ လင်ဟွားလည်း ဒီနေ့ညမှာပဲ ဒီကိုရောက်လာတော့မှာ သူ မင်းကို မလိုတော့လောက်ဘူး..."
ကျင့်ကြံရေးလောကထဲ နေခဲ့စဉ်အချိန်တွင် လင်ဟွားက ယောင်မုန့်ယွဲ့ကိုအကြောင်းပြပြီး အောင်းယွဲ့ကို ဓားဂိုဏ်းသို့သွားကာ ကျိုးရွှမ်လန်ကို ကယ်တင်စေခဲ့ခြင်းဖြစ်သည်။
အောင်းယွဲ့ ခေါင်းညိတ်ပြတော့မည့်အချိန်တွင် ကျိုးရွှမ်လန်က မျက်လုံးများပွင့်လာ၍ ချက်ချင်းပြောလိုက်သည်။
" မဟာနတ်ဆိုးဘုရင် ဒီကိစ္စကို မသိရင်တော့ ကောင်းတာပေါ့... မင်းကလည်း ကိုယ့်ဘာသာ မသိဘူးလား... တခြားနတ်ဆိုးဘုရင်တစ်ယောက်ရဲ့ ပိုင်နက်ထဲမှာ သွေးကို နိုးထနေရတယ်လို့... မင်းက ကြက်ခြေထောက်တစ်ချောင်းထင်တောင်ပိုပြီး သတ္တိရှိနေတာပဲ..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်၍ မတ်တပ်ထရပ်လိုက်ကာ ပိုးပဝါတစ်ထည်ထုတ်ပြီး သူ့နှဖူးမှချွေးစများကို သုတ်ပေးနေလျက် လှည့်မကြည့်ဘဲ ပြောလိုက်သည်။
" မင်းက ဒီမှာဘာလုပ်နေတာလဲ..."
အောင်းယွဲ့နင်သွားပြီး စိတ်ထဲတွင် သရော်လိုက်သည်။ ထို့နောက် အံကြိတ်ထားပြီး ပြောလိုက်သည်။
" မကောင်းဆိုးဝါး အင်မော်တယ်အရှင်က မင်းကို ပါ့ဟွမ် ပြန်ခေါ်သွားပေးပါလို့ ငါ့ကို အကူအညီတောင်းလို့လေ..."
ကျိုးရွှမ်လန်၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
" ကျွန်တော် အဲဒီကိုပြန်သွားဖို့ မလိုပါဘူး..."
သူ့သွေးက နိုးထလာတော့မည်ကို မကြာသေးမီအချိန်ကသိခဲ့၍ ရှန်းလျိုရှန့်က သူ့ကိုပုန်းအောင်းနေခိုင်းမည်ကို စိတ်ပူနေခဲ့သည်။ သို့ရာတွင် အောင်းယွဲ့က ရောက်ရောက်လာချင်းမှာပင် မီးစာကိုလောင်စာထည့်နေသည်။ ဤကဲ့သို့ အကူးအပြောင်းဖြစ်နေသည့် ကာလမျိုးတွင် ရှန်းလျိုရှန့်က သူနှင့်အတူ ပါ့ဟွမ်သို့ ကျိန်းသေပေါက် လိုက်လာမည် မဟုတ်သည့်အပြင် ရှန်းလျိုရှန့်ကို နတ်ဆိုးမြို့တော်တွင် တစ်ယောက်တည်းထားခဲ့ရန်ကလည်း မဖြစ်နိုင်ပေ။
သူတွေးနေသည်ကိုသိသော ရှန်းလျိုရှန့်က ပြောလိုက်သည်။
" ငါ့ရဲ့လုံခြုံရေးအတွက် စိတ်မပူပါနဲ့... ချိပ်စည်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးဆိုတော့ ငါနဲ့ ရှုရှင်းချန်တို့ မနက်ဖြန်ကျ နန်းတွင်းပြန်ပြီး ခမည်းတော်ကို တူတူစောင့်ရှောက်ပေးဖို့ပဲ ဆုံးဖြတ်လိုက်ပြီ..."
ကျိုးရွှမ်လန်က ယခုယခုရက်ပိုင်းများတွင် အခန်းအောင်းနေခဲ့သောကြောင့် ထိုကိစ္စများကို မသိခြင်းဖြစ်၍ ရှန်းလျိုရှန့်ကို သင်္ကာမကင်းစိုက်ကြည့်နေသည်။
ရှန်းလျိုရှန့်က မျက်ခုံးပင့်လိုက်သည်။
" ဘာလဲ ငါမင်းကို လိမ်ပြောနေတယ် ထင်လို့လား... ဒါဆိုလည်း မင်း ငါနဲ့တူတူ နန်းတွင်းကိုလိုက်ခဲ့လေ..."
ကျိုးရွှမ်လန်က သူနှင့်တူတူ နန်းတွင်းသို့လိုက်မည်မဟုတ်ကြောင်း ရှန်းလျိုရှန့်၏စိတ်ထဲ သေချာသိနေသည်။
ရှန့်ချီတောင်က မြင့်မြတ်နယ်မြေဖြစ်သည်။ လူသားကျင့်ကြံသူဖြစ်စေ နတ်ဆိုးကျင့်ကြံသူဖြစ်စေ ထိုနေရာသို့ရောက်သည်နှင့် ကျင့်ကြံဆင့်ကို အခြေအနေတစ်ခုအထိ ဖိနှိပ်ခံရမည်ဖြစ်သည်။ သာမန်အချိန်တွင်မူ ထိုသို့ဖြစ်ခြင်းက ပြဿနာမဟုတ်သော်လည်း အဆင့်တစ်ခုကို ချိုးဖောက်တော့မည့်အချိန်ရောက်နေချိန် ထိုနေရာသို့သွားပါက ပြဿနာကို လက်ယပ်ခေါ်နေခြင်းနှင့် တူနေပေမည်။
သို့ရာတွင် ကျိုးရွှမ်လန်က ဖြစ်လာနိုင်သည့် အခက်အခဲများကို တွက်ချက်နေကာ သူ့စိတ်ထဲ၎င်းကို ကိုင်တွယ်နိုင်မည်ဟု ပြောလာမည်ဖြစ်ကြောင်း ရှန်းလျိုရှန့် မထင်ထားခဲ့ပေ။ သူ ခေါင်းညိတ်ပြပြီး ချက်ချင်းဖြတ်ပြောလိုက်သည်။
" မင်းလည်း ပါ့ဟွမ်ကို အမြန်သွားသင့်တယ်... ခမည်းတော်ကလည်း ဘယ်အချိန် ကောင်းကင်ဘုံတက်ရမယ်ဆိုတာမသိဘူး... မင်းကလည်း မင်းရဲ့သွေးကို နိုးထရတော့မှာ... ငါ နှစ်ဖက်လုံးမှာ အလုပ်များနေပြီ..."
ကျိုးရွှမ်လန် အံ့ဩမှင်သက်သွားသည်။
" ကျွန် ကျွန်တော်က တိတ်ဆိတ်တဲ့နေရာတစ်ခုပဲ လိုတာပါ... အဲလိုဆိုရင်..."
သူ့စကားမဆုံးမီမှာပင် မျက်နှာတစ်ခုလုံး ဖြူဖျော့လာပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ တစ်ဖန်မြင့်တက်လာပြန်သည်။ သူ ဟိန်းဟောက်လိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောများကို သက်ရောက်သွားပြီး အသည်းခိုက်မတတ် နာကျင်လာသည်။
ရှန်းလျိုရှန့် ထိုမြင်ကွင်းကို မြင်သည့်အခါ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး မူရင်းအသွင်သို့ပြန်ပြောင်းထားပြီဖြစ်သော အောင်းယွဲ့၏ကိုယ်ပေါ် တင်ပေးလိုက်သည်။
" မင်း ဒီပုံစံအတိုင်းဖြစ်နေရင် ငါ့ကို စိတ်ပျံ့အောင်လုပ်နေမှာဆိုတော့ လောလောဆယ် ပါ့ဟွမ်ကိုပဲ ပြန်လိုက်ပါ..."
ထိုနေရာက ကျိုးရွှမ်လန်၏ပိုင်နက်ဖြစ်နေ၍ အန္တရာယ်များလိမ့်မည် မဟုတ်ပေ။
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏လက်ကို ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်နေကာ နာကျင်မှုကြောင့် သူ့အသံက အက်ရှနေသည်။
" ရှစ်စွမ်း ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှင်ထုတ်ပါနဲ့..."
ယခုအချိန်တွင် သူ့အခြေအနေက အလွန်ဆိုးရွားနေပြီး သူ့ခန္ဓာကိုယ်မှ မြင့်တက်လာသော ဝိညာဉ်စွမ်းအင်များကိုလည်း မနည်းထိန်းညှိနေရသည်။
ထို့အပြင် သူ့အတွက် စကားပြောရန်ပင် အခက်အခဲဖြစ်နေသည်။
ရှန်းလျိုရှန့်၏ မျက်တောင်နက်များ အနည်းငယ် တုန်ယင်သွားသည်။ ခဏအကြာတွင် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်တည်လာပြီး အနားကပ်ကာ ကျိုးရွှမ်လန်၏နှဖူးကို နမ်းလိုက်သည်။ ထို့နောက် ကျိုးရွှမ်လန် မှင်သက်နေစဉ်တွင် သူ့ကို လက်ဖဝါးဖြင့်ရိုက်ချပြီး သတိလစ်အောင် လုပ်လိုက်သည်။
သွေးကိုနိုးထခြင်းအား အပြင်လူများ နှောင့်ယှက်၍ မရသောကြောင့် ကျိုးရွှမ်လန် ဤနေရာတွင် နေမည်ဆိုပါက အလွန်အန္တရာယ်များပေသည်။ ယခုအချိန်တွင် တိယွင်ယွီကလည်း ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ရတော့မည်ဖြစ်၍ ရှန်းလျိုရှန့်က စိတ်ရှိတိုင်းမပြုမူနိုင်ဖြစ်နေသောကြောင့် အောင်းယွဲ့ကို အကူအညီတောင်း၍သာ ကျိုးရွှမ်လန်အား ပါ့ဟွမ်သို့ ပြန်ခေါ်သွားခိုင်းလိုက်ရသည်။
" လုံခြုံတဲ့နေရာတစ်ခုရှာပြီး သူ့ကို ဂူပိတ်ကျင့်ကြံနေခိုင်းလိုက်ပါ..."
" စိတ်မပူပါနဲ့ မကောင်းဆိုးဝါးအင်မော်တယ်အရှင်..."
အောင်းယွဲ့က သူ့နောက်ကျောပြင်ကိုခါပြီး တောင်ပျံများကို ဖြန့်ကျက်ကာ ပြောလိုက်သည်။
" သွေးကိုနိုးထတာက နတ်ဆိုးမျိုးနွယ်အတွက် အရေးကြီးဆုံးကိစ္စပဲ ဒါပေမဲ့ သူက လက်လွယ်စပယ်နေလွန်းတယ်... သူသာ အောင်မြင်သွားပြီဆို ဘယ်လိုမျိုး မဟာနတ်ဆိုးဘုရင် ဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး... အခုချိန်ကစပြီး ဒုတိယနတ်ဆိုးဘုရင်ဖြစ်တဲ့ငါက ကြက်ခြေထောက်ကို မဖက်ဘဲ ကျိုးရွှမ်လန်ရဲ့ပေါင်ကိုပဲ ဖက်တော့မယ်..."
ယခုလက်ရှိအချိန်တွင် နတ်ဆိုးလောက၌ ဘုရင်ပေါင်းများစွာရှိနေသော်လည်း ရှေးဟောင်းနတ်ဆိုး၏သွေးကို ဆက်ခံလာသူနှင့် ထိုသွေးကို မနိုးထလာနိုင်မီတွင် နတ်ဆိုးပုလ္လင်ပေါ် တက်နိုင်ခဲ့သူက ကျိုးရွှမ်လန်တစ်ယောက်တည်းသာရှိသည်။ သို့ဖြစ်၍ သွေးကိုနိုးထပြီးချိန်တွင် သူ မည်မျှအထိ စွမ်းအားကြီးလာမည်က မတွေးရဲစရာဖြစ်သည်။
ကျိုးရွှမ်လန်နိုးထနေသည်က သမိုင်းမတိုင်မီအချိန်များက အရှင်သခင်ဖြစ်ခဲ့သော နဂါးမျိုးနွယ်၏သွေးဖြစ်သည်။
အောင်းယွဲ့ ထိုလူကို ပါ့ဟွမ်သို့ ပြန်ခေါ်သွားရန် မစောင့်နိုင်တော့ပေ။ သူ ချက်ချင်းပင် အတောင်ပံများဖြန့်ကျက်ပြီး ပျံသန်းထွက်ခွာသွားတော့သည်။
ရှန်းလျိုရှန့် အပြင်ထွက်လာပြီး အချိန်အတန်ကြာသည်အထိ ကောင်းကင်ပေါ် မော့ကြည့်နေပြီးမှ မျက်နှာကိုပွတ်ကာ ပြုံးလိုက်သည်။
ကျိုးရွှမ်လန် ယုံခြင်းမယုံခြင်းကို မသိသော်လည်း သူ တစ်နေ့တွင် နန်းတွင်းသို့ပြန်သွားမည်ဖြစ်၍ သူ၏ သွေးကိုနိုးထခြင်းကိစ္စကိုသာ အာရုံစိုက်စေလိုခြင်းဖြစ်သည်။
သူနှင့် ရှုရှင်းချန် နှစ်ယောက်ထဲတွင် တစ်စုံတစ်ယောက်က နန်းတွင်းသို့ ပြန်သွားလိုခဲ့သော်လည်း ထိုလူက ရှုရှင်းချန် တစ်ယောက်တည်းဖြစ်သည်။
ဟမ်ကျု့ယင်၏ အပြောအရဆိုလျှင် ဧကရာဇ်ယွင်ယွီ အတိဒုက္ခကိုကျော်ဖြတ်ရန် နှစ်ရက်သာလိုတော့သည်။ ရှုရှင်းချန်က စိုးရိမ်ပူပန်နေသောကြောင့် နန်းတွင်းသို့ပြန်ပြီး ဧကရာဇ်ကို ကာကွယ်ပေးလိုခြင်းဖြစ်သည်။ ရှန်းလျိုရှန့်သည်လည်း ထိုသို့လုပ်ချင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က နတ်ဆိုးမြို့တော်တွင် ကျန်နေခဲ့ရဦးမည်ဖြစ်သည်။ ထို့သို့မဟုတ်ဘဲ ချုန်းချီ၏ချိပ်စည်းတွင် ပြဿနာတစ်ခုခုဖြစ်လာပါက သူတို့အားလုံး သတိလက်လွတ်ဖြစ်ကုန်ကြလိမ့်မည်။
ရှန်းလျိုရှန့် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ သကြားလုံးချောင်းကိုထုတ်၍ တစ်ကိုက်ကိုက်လိုက်သည်။ သူ အခန်းထဲ ပြန်ဝင်တော့မည့်အချိန်၌ အပြာရောင်ဝတ်ရုံဝတ်ထားသောလူတစ်ယောက်ကို မြင်လိုက်သည်။
ထိုလူက ခြံဝင်းထဲရှိ အပြာရောင် ကျောက်တုံးများအနားတွင်ပေါ်လာပြီး ဘေးဘယ်ညာကိုကြည့်နေသည်။ ဝဝတုတ်တုတ်စာပို့ငှက်တစ်ကောင်က သူ့ရှေ့တွင် တဖြည်းဖြည်းချင်းပျံသန်းနေပြီး သူ့ကို လမ်းပြပေးနေသည်။
ရှန်းလျိုရှန့်၏မျက်လုံးများအရောင်လက်သွားပြီး သူ့ရင်ထဲတွင် ရင်းနှီးကျွမ်းဝင်မှုအချို့တို့ မြင့်တက်လာသည်။
" ဟေး မင်း မြန်မြန်မလာဘူးဆိုရင် သူများက လက်ထပ်ကုန်တော့မှာနော်..."
ထိုလူက ဤနေရာသို့ သူရောက်လာပြီးနောက် ပထမဆုံးတွေ့ခဲ့သည့် လင်ဟွားဖြစ်သည်။
လင်ဟွားက မိုးရေများစိုရွှဲပြီး ခပ်သွက်သွက် လျှောက်လာနေသည်။ အသံကြားသည့်အခါ ရှန်းလျိုရှန့်ရှိရာဘက်ကို လှည့်ကြည့်ပြီး ခြေလှမ်းကျဲများဖြင့် ရောက်လာတော့သည်။ သူ စကားတစ်ခွန်းမှမပြောဘဲ ရှန်းလျိုရှန့်၏ပခုံးကို နှစ်ကြိမ်ခန့် ခပ်ပြင်းပြင်းပုတ်လိုက်သည်။
" မင်းငါ့ကို ဘယ်လိုငှက်ဝတုတ်ကြီး ပို့လိုက်တာလဲ သူက နှစ်ခါလောက်ပျံလိုက် ခဏနားလိုက်နဲ့... သူ ငါ့ကိုနတ်ဆိုးနယ်မြေထဲ ခေါ်လာပေးမယ်ဆိုတော့ ငါတောင်ရူးချင်သွားတယ်..."
လင်ဟွား အရောက်နေကျနေရသည့် အကြောင်းပြချက်မှာ ထိုကိစ္စကြောင့်ဖြစ်မည်ဟု သူ မမျှော်လင့်ထားမိပေ။ သို့ဖြစ်၍ စာပို့ငှက်ကိုတစ်ချက်ကြည့်လိုက်သည်။ ထိုငှက်ကို သူဝယ်လာသည့်အချိန်က ထိုမျှလောက်အထိ မဝသေးဘဲ ကျောပေါ်တွင် အိုးတစ်လုံးခန့်သာ သယ်နိုင်ပေသည်။ ရှန်းလျိုရှန့်က သူ့ပခုံးသူပွတ်၍ ပြောလိုက်သည်။
" အဝတ်အစားလဲလိုက်... ငါမင်းကို ဆိုင်ခေါ်သွားပေးမယ်..."
လင်ဟွားက ဒယိမ်းဒယိုင်ဖြစ်သွားပြီး ယောင်မုန့်ယွဲ့ရှာထားသည့် လူအစားထိုးအကြောင်းကို ကြားပြီးကြောင်း ပြောလာသည်။ သူ အံကြိတ်ထားလိုက်ပြီးနောက်တွင် ရှန်းလျိုရှန့်၏ဆွဲခေါ်မှုကြောင့် ရေချိုးခန်းထဲ ရောက်သွားသည်။
ရှန်းလျိုရှန့် တံခါးပိတ်လိုက်ပြီးနောက် စင်္ကြန်လမ်းတွင် အချိန်ကြာမြင့်စွာရပ်နေကာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
ယောင်မုန့်ယွဲ့ ရှာတွေ့ထားသော လူစားထိုးရှစ်ယောက်လုံးကို သူ မြင်တွေ့ပြီးဖြစ်ကာ ထိုကလေးများအားလုံးက လင်ဟွားငယ်စဉ်ကနှင့် အလွန်တူသည်။ ယောင်မုန့်ယွဲ့က ထိုစကားများအနက်မှ အတူဆုံးကလေးကိုခေါ်ထားပြီး ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားသည်။ ထို့နောက် သူ့ကို သကြားလုံးများနေ့တိုင်းကျွေးကာ မေးခွန်းများစွာလည်း မေးလေ့ရှိသည်။
မင်းမှာ အမေရှိလား... မင်းအဖေကရော ချင်းလင်ဂိုဏ်းက အင်မော်တယ်လား...
လူစားထိုးဖြစ်ရမည့်အစား ထိုကလေးက လင်ဟွား၏သားအရင်းဖြစ်နေသည်ဟုပင် သံသယဝင်သွားမိသည်။
ရှန်းလျိုရှန့် ခေါင်းခါယမ်းလိုက်ပြီး ထွက်သွားတော့မည့်အချိ
န်၌ ရေချိုးခန်းထဲမှ ရေစီးကျသံများ ကြားလိုက်ရပြီးနောက် လင်ဟွား၏ ဒေါသတကြီးအော်သံကိုပါ ကြားလိုက်ရသည်။
" မင်း မင်း ဟိုဘက်လှည့်စမ်း..."
တံခါးက ဝုန်းခနဲပွင့်သွားသည်။