အပိုင်း ၁၃၂
Viewers 30k

Chapter 132



ရေချိုးကန်အစွန်းမှ ရေပြင်က အနည်းငယ်မြင့်တက်နေပေသည်။ ရှန်းလျိုရှန့်က ရုတ်တရက်ပေါ်လာသော ယောင်မုန့်ယွဲ့ကိုကြည့်နေမိစဉ် လင်ဟွားက သူ့ဝတ်ရုံကို အမြန်ဆွဲဝတ်နေပြီး ဒေါသထွက်နေသောကြောင့် အံကြိတ်ထားမိသည်။


ရှန်းလျိုရှန့် ခဏဝာာ ငြိမ်သက်သွားမိသည်။

" မင်းတို့ ဆက်လုပ်ကြလေ..."


လင်ဟွားက အဝတ်အစားများကို အမြန်ဝတ်နေသည်။

" ဘာကိုဆက်လုပ်ရမှာလဲ မင်းလည်း ပြန်ဝင်လာခဲ့..."


ရှန်းလျိုရှန့်က ရွေးချယ်စရာမရှိတော့၍ အထဲပြန်ဝင်လာပြီး ယောက်မုန့်ယွဲ့ကို မေးလိုက်သည်။

" သူလျှိုတွေ ဘယ်လောက်တောင် လွှတ်ထားတာများလဲ ရောက်လာတာမြန်လိုက်တာ..."


ယောင်မုန့်ယွဲ့က ရေကန်ဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမလက်တစ်ဖက်ဆန့်ထုတ်၍ ရေကန်ဘေးကိုထွက်လာတော့မည့် လင်ဟွားကို ရေဖြင့်ပက်ပြီး အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။

" သိပ်မများပါဘူး အယောက်သုံးရာလောက်ပဲ... ကျွန်မက ရှင် မလာတော့ဘူးထင်နေဝာာ..."


လင်ဟွားက သူ့မျက်နှာပေါ်မှရေများကိုသုတ်လိုက်ပြီး သူမကို ဆူပူလိုသော်လည်း မျက်လုံးများနီရဲနေသည့် မိန်းကလေးကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ့လက်‌နှစ်ဖက်ကို ဖြန့်ကျက်လိုက်သည်။

" ကိုယ် လမ်းမှာ ကြာသွားလို့ပါ မဟုတ်ရင် စောစောရောက်လာမှာ... မငိုပါနဲ့ ကိုယ့်ကိုဖက်ပါဦး..."


ရေချိုးကန်ဘေးမှ မိန်းကလေးက ချက်ချင်းပင် ကန်ထဲခုန်ဝင်လာပြီး သူ့ကို တင်းကြပ်စွာဖက်ထားလိုက်သည်။


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ငါ ရှောင်နေတာ ပိုကောင်းမယ်ထင်တယ်...


သူ ခြေနှစ်လှမ်းခန့်လှမ်းပြီးသည်နှင့် ဟန့်တားခံလိုက်ရပြန်သည်။


" မင်း သူ့ကိုပါ ခေါ်သွားပါလား..."

လင်ဟွားက ပြောလိုက်သည်။


စကားဆုံးသည်နှင့် ယောင်မုန့်ယွဲ့ကိုဖက်ထားသည်အား ဖယ်ခွာလိုက်ပြီး ရှန်းလျိုရှန့်နောက်လိုက်သွားရန် သူမကို ပြောလိုက်သည်။ သူမ ရေချိုးခန်းထဲမှ စိုရွှဲနေလျက် ထွက်သွားသည်ကို မြင်သောအခါ သားမွေးဝတ်ရုံတစ်ထည် ထုတ်ပေးလိုက်သည်။

" မင်း ဝတ်စုံအပို ယူမလားဘူးမလား... မြန်မြန်ဝတ်ပြီးထွက်သွားတော့..."


ယောင်မုန့်ယွဲ့က စိတ်ကျေနပ်သွားသည်။ အပြင်သို့ရောက်သည့်အခါ ရှန်းလျိုရှန့်ကိုပြုံးပြပြီး ပြောလိုက်သည်။

" နဝမနတ်ဆိုးဘုရင် ဘယ်ရောက်သွားတာလဲ ရှင်နဲ့တူတူ မရှိနေဘူးလား..."


ထိုနေ့က နတ်ဆိုးဘုရင်အားလုံးစုဝေးနေကြစဉ်တွင် ခေါင်မိုးပေါ်မှ ပြုတ်ကျလာသည့် မင်းသားလေးရှန်းကို နဝမနတ်ဆိုးဘုရင်က ဖမ်းယူပြီး ပွေ့ချီထားလိုက်သည့်သတင်းက နတ်ဆိုးလောကတွင် ရက်ပိုင်းအတွင်း ပျံ့နှံ့သွားသည်။ သို့ဖြစ်၍ ယောင်မုန့်ယွဲ့ ကြားထားမည်မှာလည်း ထူးဆန်းသောကိစ္စမဟုတ်ပေ။ 


" တစ်ခုခုတော့ မှားနေပြီ..."


ရှန်းလျိုရှန့်က သူမကို အေးအေးလူလူပင် မေးလိုက်သည်။

" မင်း ဒီတိုင်းပဲ ဒီနေရာကို ရောက်လာတာလား... မဟာနတ်ဆိုးဘုရင်က မင်းကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက် မထားထားဘူးလား..."


" ကျွန်မနတ်ဆိုးမြို့တော်ကနေ မထွက်သွားသရွေ့ သူ ကျွန်မကို အရေးမလုပ်ပါဘူး..."

ယောင်မုန့်ယွဲ့က သရော်လိုက်သည်။

" သူ့ရည်ရွယ်ချက်အစစ်က ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ဒါပေမဲ့ တခြားလူတွေပြောတာ ကြားတာတော့ ကျွန်မ လက်ထပ်တဲ့ကိစ္စက တကယ်ကို ဇဝေဇဝါဖြစ်စရာပဲတဲ့..."


ရှန်းလျိုရှန့် စဉ်းစားနေမိသည်။

ဟမ်ကျု့ယင်က ကိစ္စအားလုံးကို အစကနေ အဆုံးထိ အကွက်ကျကျ ကြံစည်ထားတယ်ဆိုရင် သူ့ရွယ်ချက်အမှန်ကဘာလဲ...


နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလေးတစ်ပါး လက်ထပ်လို့ ‌နေရာပေါင်းစုံကလူတွေက သူ့ကိုလာပြီး ဂုဏ်ပြုကြတယ်...


ရှန်းလျိုရှန့် လန့်သွားပြီးနောက် ရုတ်တရက် မျက်လုံးအပြူးသားဖြစ်သွားကာ သူ့ခြေထောက်အောက်ကို ငုံ့ကြည့်ပြီး ကြက်သီးထလာသည်။


သူနှင့်လင်ယဲ့ စာလိပ်ကိုကြည့်နေစဉ်တွင် ချိပ်စည်းက နတ်ဆိုးမြို့တော်အနီးတစ်ဝိုက်တွင် ရှိနေသည်ကို ခပ်ရေးရေးသာ မြင်တွေ့ရ၍ နတ်ဆိုးမြို့တော်ပတ်ပတ်လည်မှ လျှို့ဝှက်နယ်ပယ်များကို ပိုက်စိပ်တိုက် ရှာဖွေခဲ့မိကြသည်။ သို့ရာတွင် သူတို့ကိစ္စတစ်ခုကို လျစ်လျူရှု့မိခဲ့ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က နတ်ဆိုးမြို့တော်မှာ လျှို့ဝှက်နယ်ကယ်များစွာ ပေါင်းစပ်ထားသည့် ကျက်တီးမြေတစ်ခု ဖြစ်ခဲ့သည်။ ဧကရာဇ်ယွင်ယွီ ဤနေရာတွင် တစ်ညတာနေပြီးသွားချိန်မှသာ မြေပြန့်လွင်ပြင်တစ်ခု ဖြစ်သွားခဲ့ခြင်းပင်။ 


ချုန်းချီက နတ်ဆိုးမြို့တော်ရဲ့အောက်မှာ ရှိနေတာများလား...


ဟမ်ကျု့ယင် စာလိပ်ကိုဖျက်ဆီးခဲ့ခြင်းမှာ ချိပ်ပိတ်ထားသည့်နေရာကို သူတို့ရှာတွေ့မည်စိုး၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက လူပေါင်းများစွာကို နတ်ဆိုးမြို့တော်၌ စုဝေးရန်အတွက် ‌ယောင်မုန့်ယွဲ့၏ မင်္ဂလာပွဲကို ကျင်းပမည်ဟု အစီအစဉ်ဆွဲခဲ့သည်။ သို့ဖြစ်၍ ထိုလူများက ဆူးငြှောင့်ခလုတ်များ ဖြစ်လာရသည်။  


အကယ်၍ မြို့အောက်ခြေရှိ လျှို့ဝှက်နယ်ပယ်ကို စုံစမ်းလိုပါက အားလုံးကို မောင်းထုတ်ပစ်ပြီး နတ်ဆိုးမြို့တော်ကို မြေလှန်ပစ်မှ ဖြစ်ပေမည်။


ဒါပေမဲ့ ဘယ်သူကများ အားလုံးကို နတ်ဆိုးမြို့တော်ကထွက်သွားအောင် လုပ်နိုင်မယ်တဲ့လဲ...


တိယွင်ယွီရောက်လာမယ်ဆိုရင်ဝောာ့ လုပ်နိုင်လောက်တယ်...

ထိုသို့တွေးမိသည်နှင့် ရှန်းလျိုရှန့် သွေးခုန်နှုန်းများပါ ဆောင့်တက်လာတော့သည်။


ချုန်းချီကို ချိပ်ပိတ်ထားရာမှ လွတ်မြောက်လာသည်နှင့် နတ်ဆိုးမြို့တော်ထဲမှလူများက လွတ်မြောက်ရာလမ်းမရှိသောကြောင့် သေကြေပျက်စီးကုန်ကြလိမ့်မည်။ အကယ်၍ ဤလောကထဲတွင် သူတို့ကိုကယ်တင်နိုင်မည့်လူ ရှိမည်ဆိုပါက ထိုလူမှာ တိယွင်ယွီပင် ဖြစ်ပေမည်။ ဤနည်းအားဖြင့် ထိုလူပေါင်းများစွာက ဓားစာခံဖြစ်သွားသည်နှင့် ထပ်တူညီပေသည်။ တိယွင်ယွီရောက်လာပါက သေဆုံးနိုင်ချေရှိကြောင်းကို သူ ရှင်းရှင်းလင်းလင်းပြောပြရပေမည်။


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်ပြီး ထွက်သွားတော့မည်ကို မြင်သောအခါ ယောင်မုန့်ယွဲ့က အမြန်မေးလိုက်သည်။

" ရှင် ဘယ်သွားမလို့လဲ..."


ရှန်းလျိုရှန့်က သူမကို လျစ်လျူရှု့ထားပြီး စိတ်ထဲတွင် အထပ်ထပ်အခါခါ တွေးတောနေသည်။ ဟမ်ကျု့ယင်က သူတို့ကိုကောင်းကင်ဘုံတက်ခြင်းအကြောင်း ပြောပြခဲ့ခြင်းမှာ သူတို့အားလုံးက ထိုအချိန်တွင် တိယွင်ယွီကို မနှောင့်ယှက်မည်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။


သူ့အထင် မှန်သွားခဲ့သည်။ တိယွင်ယွီက မိုးကြိုးအတိဒုက္ခကို ထပ်မံကြုံတွေ့ရပြီး ဤတစ်ကြိမ်က သူ၏နောက်ဆုံးအခွင့်အရေးဖြစ်ကာ ကျရှုံးခဲ့ပါက သူ့ကျင့်ကြံဆင့်ကို လုံးဝပျောက်ဆုံးသွားပြီး မိုးကြိုးအတိဒုက္ခ၏အောက်တွင် သေဆုံးသွားမည့်ဝိညာဉ် ဖြစ်လာနိုင်ပေသည်။


သူနှင့် ရှုရှင်းချန် နှစ်ယောက်လုံး ဤရလဒ်ကို လက်ခံကြမည် မဟုတ်ပေ။ 


သို့ဖြစ်၍ ဟမ်ကျု့ယင်က တိယွင်ယွီ ကောင်းကင်ဘုံတက်ကာ ထွက်ခွာသွားပြီးသည့်နောက်တွင် ချုန်းချီကို လွှတ်ပေးမည်ဟု ရှန်းလျိုရှန့် တွေးခဲ့မိသည်။


သို့ရာတွင် ယခုအခါ၌ ဂရုတစိုက်တွေးတောကြည့်သည့်အခါ ယောင်မုန့်ယွဲ့၏မင်္ဂလာပွဲကို စီစဉ်ထားသောအချိန်က အသေးစိတ်ကျနေပြီး တိယွင်ယွီ၏ မိုးကြိုးအတိဒုက္ခမတိုင်မီနှင့် ပြီးဆုံးပြီးချိန်အထိ ဖြစ်နေသည်။ အကယ်၍ ဟမ်ကျု့ယင်က မူလအစတည်းက တိယွင်ယွီကို ဦးတည်ထားသည်ဆိုပါက ချုန်းချီက ငါးစာသာဖြစ်ပြီး တိယွင်ယွီ မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်တော့မည့်အချိန်တွင် လူအများအား ကယ်တင်ရန်အတွက် နတ်ဆိုးမြို့တော်သို့ ရောက်လာစေလိုခြင်းဖြစ်သည်။


ရှန်းလျိုရှန့် အလေးအနက်ထား တွေးတောနေမိသည်။

ဟမ်ကျု့ယင်က ဒါတွေလုပ်တော့ရော ဘာအကျိုးရသွားလို့လဲ... ဧကရာဇ်ယွင်ယွီရဲ့ မိုးကြိုးအတိဒုက္ခကို အနှောင့်အယှက်ပေးတယ်... ကောင်းကင်ဘုံကို မတက်နိုင်အောင်လုပ်တယ်...


ရှန်းလျိုရှန့်၏ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့စိတ်ထဲ တုန်လှုပ်သွားသည်။


လွန်ခဲ့သော နှစ်တစ်ထောင်ခန့်အတွင်းတွင် မည်သည့်နတ်ဆိုးမျိုးနွယ်ကမှ ကောင်း‌ကင်ဘုံသို့ အောင်အောင်မြင်မြင်ဖြင့် မရောက်ရှိခဲ့ဖူးပေ။ ဟမ်ကျု့ယင်က နှစ်လေးရာခန့် နေထိုင်ခဲ့ပြီးပြီဖြစ်သော်လည်း သူ့ကျင့်ကြံဆင့်က မည်မျှမြင့်နေသည်ဖြစ်စေ ထာဝရအသက်ကို မရရှိနိုင်သေးပေ။ အကယ်၍ သူ ကောင်းကင်ဘုံသို့မရောက်နိုင်ပါက ‌နောက်ဆုံးတွင် တဖြည်းဖြည်း ပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။

 

သူက ဧကရာဇ်ယွင်ယွီရဲ့ ဖြစ်လာတော့မယ့် မိုးကြိးအတိဒုက္ခကို မကျော်ဖြတ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေတာများလား...


ရှန်းလျိုရှန့်၏စိတ်ထဲ မသက်မသာဖြစ်နေပြီး နောက်ဆုံးတွင် ရှုရှင်းချန်ကို ရှာတွေ့သွားသည်။ ရှရှင်းချန်က စာလိပ်ကို တွေဝေငေးငိုင်စွာကြည့်နေပြီး သူ့မျက်နှာထက်တွင်လည်း ရုန်းကန်နေရသည့် အမူအရာမျိုး ဖြစ်နေသည်။ သူ ဝင်လာသည်ကို မြင်သောအခါ အမြန်မတ်တပ်ရပ်ပြီး နာခံစွာဖြင့် ခေါ်လိုက်သည်။

" အစ်ကိုတော်..."


ရှန်းလျိုရှန့် မေးလိုက်သည်။

" မင်း ဘာကိုကြည့်နေတာလဲ..."


" ချိပ်စည်းနည်းစနစ်ကိုကြည့်နေတာ..."

ရှုရှင်းချန်က ခေါင်းငုံ့လိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ပြောလာသည်။

" ‌ဒီမန္တန်ရဲ့စွမ်းအားက မန္တန်ကိုသုံးတဲ့သူရဲ့ ကျင့်ကြံဆင့်အလိုက် ပြောင်းလဲတတ်တာကို ကျွန်တော်ရှာတွေ့ထားတယ်...ခမည်းတော်ရဲ့ကျင့်ကြံဆင့်က တဖြည်းဖြည်းပျောက်ကွယ်လာတာဆိုတော့ ချုန်းချီကို ချိပ်ပိတ်ထားတဲ့ အရံအတားကလည်း အားနည်းလာနေပြီ..."


ရှန်းလျိုရှန့် ပြောလိုက်သည်။

" ခမည်းတော် အတိဒုက္ခကိုကျော်ဖြတ်နိုင်ပြီးတော့ ထွက်ခွာသွားတော့မယ့်အချိန်မှာ အရံအတားရဲ့ အားအနည်းဆုံးအချိန်ဖြစ်လာပြီးတော့ နတ်ဆိုးသားရဲက အဲ့အချိန်မှ လွတ်လာနိုင်တယ်လို့ ဆိုလိုချင်တာလား..."


လွန်ခဲ့သော နှစ်ရာပေါင်းများစွာကလည်း နတ်ဆိုးသားရဲများ ဤလောကထဲရောက်ရှိလာသောကြောင့် ဧကရာဇ်ယွင်ယွီက ကောင်းကင်ဘုံသို့တက်မည်ကို လက်လျှော့ခဲ့ရခြင်းဖြစ်သည်။ ကွာခြားချက်တစ်ခုမှာ တိယွင်ယွီက အတိဒုက္ခကို တမင်တကာ မကျော်ဖြတ်ခဲ့သောကြောင့် တစ်ကြိမ်ကျရှုံးသွားခဲ့ပြီး သူ့ကျင့်ကြံဆင့်က အားနည်းသွားသောကြောင့် စိတ်တိုင်းကျပြုမူခွင့် မရှိတော့ပေ။

 

 ရှုရှင်းချန် ခေါင်းညိတ်ပြလိုက်သည်။ 

" ကျွန်တော် မနက်ဖြန်ကျရင် နန်းတွင်းကိုပြန်မယ် အစ်ကိုတော်လည်း လိုက်ခဲ့လေ... ရှန့်ချီတောင်နဲ့ အပြင်လောကရဲ့ အဆက်အသွယ်တွေကို ဖြတ်ပစ်လိုက်ပြီးတော့ ခမည်းတော်နားထဲ ဘာသတင်းမှမရောက်အောင် လုပ်ရမယ်... နတ်ဆိုးသားရဲရဲ့ တည်နေရာကို ရှာမတွေ့တာမို့ စိတ်အေးလက်အေးနဲ့ပဲ အတိဒုက္ခကို ကျော်ဖြတ်လိုက်ပါလို့ ကျွန်တော်ပြောလိုက်မယ်... ‌ဒီနေရာကိုတော့ ဟမ်ကျု့ယင်လက်ထဲပဲ ထားခဲ့တော့မယ် ဘာပဲဖြစ်ဖြစ် ဒါက သူ့ပိုင်နက်လေ နည်းနည်းပါးပါးတော့ ထိန်းချုပ်နိုင်မှာပေါ့..."


ရှန်းလျိုရှန့်က လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး သူ၏ မှန်းဆချက်ကို ရှုရှင်းချန်အား ပြောပြလိုက်သည်။


" သူကများ..."

ရှုရှင်းချန်က ထိတ်လန့်သွားပုံရသည်။

" ဟမ်ကျု့ယင်က ခမည်းတော်ရဲ့ ကောင်းကင်ဘုံတက်မယ့် အခွင့်အရေးကို လုယူချင်နေတာပဲ... မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး..."


"မဖြစ်နိုင်ဘူး" ဟု ပြောနေသော်လည်း ရှုရှင်းချန်၏စိတ်ထဲတွင် အနည်းငယ် ယုံကြည်နေမိသည်။ ကောင်းကင်ဘုံပေါ်သို့ တက်သည့်အကြောင်း သူ့ကို ပြောပြနေခဲ့စဉ်အချိန်က ဟမ်ကျု့ယင်၏ မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့သည့် လိုချင်တပ်မက်မှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။ 


ရှုရှင်းချန် ရုတ်ချည်း ထရပ်လိုက်သည်။

" ကျွန်တော် အခုပဲ စီစဉ်စရာရှိတာ‌တွေ စီစဉ်ပြီး ခမည်းတော် နန်းတွင်းက မထွက်သွားအောင် သေချာစောင့်ကြည့်ဖို့ ရှင်းလျန်ကို မှာထားလိုက်မယ်..."


စကားဆုံးသည်နှင့် ကျောက်စိမ်းပြားကိုထုတ်ပြီး ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။


ရှုရှင်းလျန်က အကြောင်းမပြန်လာပေ။

" သူ အိပ်ပျော်နေပြီထင်တယ်..."


ရှုရှင်းချန် ကျောက်စိမ်းပြားကို ချထားလိုက်ပြီးနောက် စိတ်လှုပ်ရှားနေကာ တိယွင်ယွီ၏ကိစ္စအပေါ် စိုးရိမ်ပူပန်နေမှုများက အထင်းသားဖြစ်နေသည်။ နောက်ထပ် ဘာဆက်လုပ်ရမည်မသိ၍ ရှန်းလျိုရှန့်ကို အလိုလိုလှည့်ကြည့်လိုက်မိသည်။


ရှန်းလျိုရှန့် ခဏတာငြိမ်သက်နေပြီးနောက် သူ့ကိုပြန်ပြုံးပြပြီး ခေါင်းကိုပွတ်ပေးလိုက်သည်။

" မင်း ဘာတွေစိုးရိမ်ပြီး ဘာတွေကြောက်နေတာလဲ... ဒီလောက်ကိစ္စလေးကိုတောင် တောင့်မခံနိုင်ရင် အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဧကရာဇ်လုပ်မှာလဲ..."


ရှုရှင်းချန်၏လည်ချောင်းထဲ တစ်ဆို့နေပြီး ခေါင်းခါယမ်း၍ ပြောလိုက်သည်။

" ကျွန် ကျွန်တော် ဧကရာဇ် မဖြစ်ချင်တော့ဘူး ခမည်းတော်ပဲ ဧကရာဇ်လုပ်ပါစေ..."


သူ ကလေးဘဝတည်းက ဧကရာဇ်ဖြစ်ချင်ခဲ့သော်ငြားလည်း တိယွင်ယွီက တစ်နေ့နေ့တွင် ထွက်သွားလိမ့်မည်ဟု သူ မတွေးထားခဲ့မိပေ။ တိယွင်ယွီက အမြဲတမ်း သူတို့ကိုစောင့်ကြည့်နေပြီး သူတို့နှင့် အတူတကွ ရှိနေမည်ဟုသာ ထင်ထားခြင်းဖြစ်သည်။ 


ရှန်းလျိုရှန့် လက်သီးတင်းတင်းဆုပ်ထားသောကြောင့် လက်သည်းများက အသားထဲစိုက်ဝင်နေ၍ အရေပြားပေါ်တွင် သွေးစအချို့ထွက်လာသည်။ သို့ရာတွင် သူ့မျက်နှာထက်၌ အပြုံးတစ်ခုရှိနေပြီး ရှုရှင်းချန်၏ပခုံးကို ဖက်ထားလိုက်သည်။


" ငါပြောပြမယ်... တကယ်လို့ မင်း မနက်ဖြန် နန်းတွင်းကိုပြန်ရောက်သွားရင် ဒီပုံစံအတိုင်း အော်ဟစ်ပြီးငိုပြလိုက်... အဲဒါဆိုရင် မင်း ဘာပြောပြော သူ သဘောတူလိမ့်မယ်... ခမည်းတော်ကို မထွက်သွားစေချင်ရင် ပိုကြိုးစားရမှာပေါ့... တစ်နေ့နေ့မှာ အတိဒုက္ခကို ကျော်ဖြတ်နိုင်ပြီး ထွက်သွားရတာ မကောင်းဘူးလား... မင်း အဲလောက်တောင် ဝမ်းနည်းနေမယ်ဆို တစ်နေ့နေ့ ငါ့ရဲ့ကျင့်ကြံဆင့်မြင့်လာရင် ရှင်းလျန်ကိုပါ ငါနဲ့တူတူခေါ်ပြီး ထွက်သွားမယ် အဲအခါကျမှ မင်းက သနားစရာကောင်းပြီး အထီးကျန်နေ အားးး " 


ရှန်းလျိုရှန့် အထိတ်တလန့်ဖြင့် ပြောလိုက်သည်။

" မင်း ငါ့ကိုကိုက်တယ် ကြည့်စမ်း... မင်းက အောင်းယွဲ့လား..."


ရှန်းလျိုရှန့် သူ့ကိုဖက်ထားပြီး အတန်ကြာသည်အထိ နှစ်သိမ့်ပေးခဲ့သော်လည်း အကိုက်ခံလိုက်ရပေသည်။ သူ စိတ်ဆိုးသွား၍ ရှုရှင်းချန်၏ခေါင်းကို ရိုက်ပစ်လိုက်သောကြောင့် ခေါင်းအထက်ရှိ သရဖူပါ စောင်းသွားရသည်။


ရှုရှင်းချန်က ခရမ်းရောင်သရဖူကို ပြန်တည့်လိုက်ပြီး သူ့အမှားကို ဝန်ခံရန် ငြင်းဆိုနေသည်။

" ခင်ဗျားက ငတုံးစကားတွေ အရင်ပြောတာလေ..."


ရှန်းလျိုရှန့် လက်မြှောက်လိုက်ပြီး သူ့ပခုံးကိုပွတ်နေကာ နာကျင်စွာဖြင့်ပြုံးနေသည်။ သူ့ကိုက်ရာက သွေးထွက်မထွက်ကြည့်နေလျက် ခေါင်းငုံ့ပြီး ဆက်ပြောလိုက်သည်။

" ဒီတိုင်း နှိုင်းယှဉ်ပြ‌တာလေ ဘာလို့ အဲ့လောက်စိတ်ဆိုးပြနေတာလဲ..."


" ကျွန်တော် အဲလိုမျိုးဖြစ်ခွင့်မပြုဘူး..."

ရှုရှင်းချန်က အေးစက်စက်ဖြင့်ပြောလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး..."


" မဖြစ်ဘူးဆိုလည်း မဖြစ်ဘူးပေါ့... ဒီတိုင်းမှန်းကြည့်တာလေ..."


သူ ရှုရှင်းချန်နှင့် စကားနိုင်လုမနေတော့ဘဲ ပြတင်းပေါက်နားသွား၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။


နောက်နှစ်နာရီဆို အာရုဏ်တက်ပြီပဲ...


အောင်းယွဲ့ရဲ့ အရှိန်နဲ့ဆိုရင်တော့ ကျိုးရွှမ်လန်က လမ်းတစ်ဝက်ရောက်နေလောက်ပြီ... သူ ဘယ်လိုနေမှန်း ငါမသိပေမယ့် အဆင်တော့ပြေမှာပါ...



ဆယ်ရက်တာခန့် တိမ်မည်းများဖုံးလွှမ်းပြီး မိုးသည်းထန်စွာ ရွာသွန်းနေပြီးသည့်နောက်တွင် နတ်ဆိုးမြို့တော်အထက်မှ ကောင်းကင်ယံကြီးက ကြည်လင်သွားသည်။ 


မနက်အစောပိုင်းတွင် တစ်ညလုံးတိတ်ဆိတ်နေခဲ့သောလမ်းများက ပြန်လည်စည်ကားသက်ဝင်လာသည်။


ခေါင်းအထက်တွင် ပန်းဖွားများ တွဲလောင်းကျနေသည့် ဆံထိုးထိုးထားပြီး အဝါနုရောင်ဝတ်ရုံဝတ်ထားသော မိန်းကလေးတစ်ယောက်က လမ်းပေါ်တွင် တိတ်ဆိတ်စွာထွက်ပေါ်လာသည်။ သူမ ဘေးဘယ်ညာကို စူးစမ်းစွာဖြင့်ကြည့်နေပြီးနောက် အချိန်အတန်ကြာသည့်အခါ သကြားလုံးချောင်းရောင်းသူ၏ဆိုင်ရှေ့တွင် ရပ်လိုက်သည်။


" ကျွန်မကို တစ်ချောင်းလောက် ရောင်းလို့ရမလား..."

ထိုမိန်းကလေး၏အသံက ကြည်လင်ပြတ်သားလှသည်။


သူမက ချောမောလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို ဆိုင်ရှင်က‌မြင်လိုက်သည်။ ထို့နောက် သူမဝတ်ရုံလက်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆိုင်ရှင်အား ပေးလိုက်သည်။


ရှုရှင်းလျန်က ဝိညာဉ်ကျောက်တုံးကို ချထားပြီးသည့်နောက်တွင် တစ်ဖက်သို့လှည့်ပြီး ထွက်သွားသည်။


ခြေနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် သကြားလုံးချောင်းကို မကိုက်ဘဲ မနေနိုင်တော့ပေ။ အရသာကို ခံစားမိသည့်အခါ သူမမျက်လုံးများကို မှေးကျဉ်း၍ ပြုံးလိုက်သည်။

" အစ်ကိုတော် ဝယ်လာပေးတဲ့ သကြားလုံးချောင်းထက် ပိုချိုတာပဲ..."


ရှုရှင်းချန်ကဲ့သို့ပင် ရှန်းလျိုရှန့်သည်လည်း နန်းတွင်းသို့ပြန်လာချိန်တိုင်း သူမအတွက် အရသာရှိသော အစားအစာများ ဝယ်လာလေ့ရှိသော်လည်း သူမကိုယ်တိုင်ဝယ်စားရသည်က တစ်မျိုးကွဲပြားနေပေသည်။


ရှုရှင်းလျန်က သူမ အစ်ကိုတော်နှစ်ယောက်ကိုရှာရန် ကြံစည်ထားသည်။ သူမ ဘေးပတ်ဝန်းကျင်သို့ လျှောက်ကြည့်နေစဉ် တစ်စုံတစ်ယောက်ကို မတော်တဆတိုက်မိ၍ အမြန်တောင်းပန်လိုက်ရသည်။ တစ်ဖက်လူက သူမကိုရယ်ပြလိုက်ပြီးသည့်နောက်တွင် သူမ ဝတ်ရုံစက လေနှင့်အတူ တစ်ချက်လွင့်သွားသည်။


တစ်ခဏတွင်းချင်းမှာပင် ကိုက်လက်စ သကြားလုံးချောင်းလေးက မြေကြီးပေါ် ပြုတ်ကျသွားသည်။ထိုအချိန်၌ နန်းတွင်းရှိလူအားလုံးက ရူးမတတ်ဖြစ်နေကြပြီဖြစ်သည်။

 

ရှုရှင်းလျန်ကို ခစားသည့် နန်းတွင်းသူလေး နိုးလာချိန်တွင် ရှုရှင်းလျန် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၍ အခြားလူများကို ရှာဖွေပေးရန် အမြန် အကူအညီတောင်းလိုက်ရသည်။ သူမကိုယ်တိုင်လည်း နန်းတွင်း၏ ထေ

ာင့်တစ်နေရာမကျန် အကုန်လိုက်ရှာခဲ့သော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။ သူမ စိတ်ပျက်လက်ပျက်ဖြင့် လျှို့ဝှက်အခန်းထဲရှိနေသော ဧကရာဇ်ကို ကြောက်လန့်တကြားဖြင့် လျှောက်တင်လိုက်ရသည်။