အပိုင်း ၁၃၃
Viewers 30k

Chapter 133




လျှို့ဝှက်ခန်းထဲတွင် ဖုန့်လင်း(ဇာမဏီငှက်မွေး)တစ်ချောင်းက လေပေါ်ဝဲနေပြီး ဧကရာဇ်ယွင်ယွီ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ ရွှေရောင်ချည်မျှင်များသဖွယ် စုဝေးနေသည်။


အပြင်ဘက်မှ ဆူညံသံများကြားသည့်အခါ တိယွင်ယွီက မျက်လုံးများပွင့်လာပြီး လက်တစ်ဖက်မြှောက်၍ ဖုန့်လင်းကိုယူလိုက်သည်။


တံခါးဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက်တွင် လူတန်းရှည်ကြီး ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ဒူးထောက်နေသူက တစ်ကိုယ်လုံးတုန်ယင်နေလျက်ဖြင့် ပြောလိုက်သည်။

" ဧကရာဇ်... မင်းသမီးလေး ပျောက်နေပါတယ်..."


တိယွင်ယွီ တဖြည်းဖြည်းမျက်မှောင်ကြုတ်သွားပြီး ခဏအကြာတွင် ပြောလိုက်သည်။

" ထပါ..."


ထို့နောက် လူအုပ်ကြီးကိုကျော်ပြီး ထွက်သွားချိန်၌ တစ်စုံတစ်ယောက်က အမြန်ပြောလာသည်။ 

" ဧကရာဇ် ကိုယ်တိုင်မသွားပါနဲ့... ကျွန်တော်မျိုးတို့တွေ လူလွှတ်ပြီးရှာခိုင်းထားပါတယ် သူတို့ မင်းသမီးလေးကို ရှာတွေ့မှာပါ..."


" မလိုဘူး..."


တိယွင်ယွီက နောက်သို့လုံးဝ လှည့်မကြည့်ပေ။ ရေကန်တစ်ခုနား ရောက်သည့်အချိန်တွင်မှ ခဏရပ်တန့်ပြီး ရေကန်စပ်တွင် ထားထားသော လက်ရာမြောက်သည့် ကြွေပန်းကန်တစ်လုံးကို ကောက်ယူလိုက်သည်။


သူ့လက်ချောင်းရှည်များဖြင့် ‌ငါးခြောက်ကိုယူပြီး ရေကန်ထဲပစ်လိုက်သည်။


ကန်ရေပြင်က အနည်းငယ်လှုပ်ရှားသွားပြီးနောက် ရွှေရောင်လိပ်တစ်ကောင်က လေပေါ်ခုန်တက်လာကာ ငါးခြောက်ကို ကွက်တိကိုက်လိုက်ပြီး ရေကန်ထဲ ပြန်ကျသွားသည်။ သူက အမြှီးတိုလေးကိုလှုပ်ရမ်း၍ ငါးခြောက်ကို ဝါးနေပေသည်။ သူက ရေပြင်ထက်တွင် မျက်နှာကိုဖော်ထားသော်လည်း ရေကန်စပ်နားအထိ ကပ်မလာဘဲ ပြောလိုက်သည်။

" ဧကရာဇ် သွားတော့မလို့လား..."


တိယွင်ယွီ ခေါင်းညိတ်ပြလိုက်သည်။

" သွားဖို့ အချိန်ကျပြီ..."


သူက နှုတ်ဆက်စကားများပြောရာတွင် ကျွမ်းကျင်သူမဟုတ်သည့်အပြင် ဝမ်းနည်းခြင်း ဝမ်းသာခြင်းများကိုလည်း ထုတ်ဖော်မပြသတတ်ပေ။ သူ ဤနေရာသို့ ရောက်လာရခြင်းမှာ သူနှင့် အချိန်အကြာဆုံး ရှိနေခဲ့သောမိတ်ဆွေကို လာရောက်နှုတ်ဆက်ခြင်းမျိုးသာ ဖြစ်သည်။


သူ့ကို အသိပေးပြီးသည့်နောက်တွင် ကြွေပန်းကန်လုံးကိုချ၍ ထွက်ခွာသွားသည်။


ရွှေရောင်လိပ်ကြီးက ဧကရာဇ်၏ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် ရေကန်ထဲ ပြန်ဆင်းသွားသည်။


ကြည့်ရတာ နှစ်လေးရာဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာပဲ... ရှန့်ချီတောင်ပေါ်မှာ ငါတွေ့ခဲ့တဲ့ လူငယ်လေးက လောကကြီးထဲမှာ တစ်ဖန်ပြန်ပေါ်လာတော့မယ်...


.....


နတ်ဆိုးမြို့တော်၏ အခြားတစ်ဖက်တွင်မူ ရှန်းလျိုရှန့်နှင့် ရှုရှင်းချန်တို့က စကားအချေအတင်များနေသည်။


ရှုရှင်းချန်က သူ့လက်ထဲတွင် နတ်ဘုရားချည်နှောင်ကြိုးကို ကိုင်ထားသည်။ ရှုမိသားစုက ပင်မနယ်မြေတွင် လက်နက်များစွာကို ဖန်တီးနိုင်ခဲ့သူဖြစ်၍ သူ့ထံတွင် မှော်လက်နက်များစွာရှိသည် 

" ကျွန်တော် ဒီကြိုးနဲ့ ခင်ဗျားကို ချည်သွားရမယ်ဆိုရင်တောင် ‌နေရာကူးပြောင်းအစီအရင်ထဲကို ဆွဲခေါ်သွားမှာပဲ..."


ရှန်းလျိုရှန့်က ခြံဝင်းထဲတွင် ပတ်ပြေးနေရသည်။

" မင်းပြောတော့ နန်းတွင်းကိုပြန်မယ်ဆို... အချိန်မဖြုန်းနဲ့ မြန်မြန်သွားတော့..."


သူ ပြေးနေရသည်ကို မောလာ၍ ရပ်တန့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ပင့်ကူမျှင်များကိုထုတ်ကာ ပြောလိုက်သည်။

" ထားလိုက်တော့ ငါပဲမင်းကို ကြိုးနဲ့ချည်ပြီး နေရာကူးပြောင်းအစီအရင်ထဲ ပစ်ထည့်လိုက်တော့မယ်..."


ရှုရှင်းချန် : " ခင်ဗျား လုပ်ရဲရင် လုပ်ကြည့်လိုက်လေ..."


ရှန်းလျိုရှန့် : " ငါ လုပ်ရဲလား ကြည့်ကြသေးတာပေါ့..."


ကျန်းဟွိုက်ဝူ ဦးဆောင်လာသည့် နန်းတွင်းမှလူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ မင်းသားလေးနှစ်ယောက်က အဘယ့်ကြောင့်ရန်ဖြစ်နေရသည်ကို သူ နားမလည်နိုင်ပေ။ သူတို့ မည်သည့်အချိန်တွင် နန်းတွင်းသို့ပြန်မည်ဟူသော ကိစ္စနှင့်ပတ်သက်၍ စကားအချေအတင်များနေကြသည့်ပုံပေါ်သည်။


ခဏအကြာတွင် သူ သည်းမခံနိုင်တော့၍ ရှေ့တိုးလာပြီး ပြောလိုက်သည်။

" မင်းသားလေးတို့နှစ်ယောက်..."


သူ့စကားမဆုံးမီမှာပင် ရုတ်တရက်ပေါ်လာသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကိုမြင်၍ အမူအရာက ပြောင်းလဲသွားသည်။


" အရှင်မင်းကြီး..."


ရှန်းလျိုရှန့်နှင့် ရှုရှင်းချန်တို့နှစ်ယောက်လုံး လန့်သွားကြပြီး နတ်ဘုရားချည်နှောင်ကြိုးနှင့် ပင့်ကူမျှင်ကြိုးတို့ကို ဖွက်ထားလိုက်ကြသည်။

" ဧကရာဇ် " ၊ " ခမည်းတော် " 


တိယွင်ယွီက သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေသည်။

" မင်းတို့ ဘာလုပ်နေကြတာလဲ..."


ရှုရှင်းချန်က တုံ့ဆိုင်းနေသည်။

" နတ်ဘုရားချည်နှောင်ကြိုးနဲ့ ပင့်ကူမျှင်ကြိုး နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ အစ်ကိုတော်နဲ့ ငြင်းနေတာလား..."


တိယွင်ယွီက သူ၏ ကြည့်ကောင်းလှသည့်မျက်ခုံးများကို အသာပင့်လိုက်သည်။

" ဟုတ်သလား..."


ရှုရှင်းချန်က စကားဆက်မပြောတော့ဘဲ ရှန်းလျိုရှန့်ကို ကြည့်လိုက်သည့်အခါ ရှန်းလျိုရှန့်က စကားပြောလာသည်။

" ခမည်းတော် ဘာလို့ နတ်ဆိုးမြို့တော်ကို ရောက်လာတာလဲ... ဒီနေရာ ကျွန်တော်တို့ကို လွှဲထားတယ်မလား..."


ထိုစကားကိုကြားသည့်အခါ ရှုရှင်းချန်၏မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး စိုးရိမ်ပူပန်သွားဟန်ရသည်။ တိယွင်ယွီက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

" ရှင်းလျန်ရော... သူ‌ ဒီကိုလာလား..."


ရှုရှင်းချန် အံ့အားသင့်သွားရသည်။

" သူက နန်းတွင်းမှာရှိတာ မဟုတ်ဘူးလား..."


ရှန်းလျိုရှန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တိယွင်ယွီကိုကြည့်လိုက်သည်။

" မဟုတ်မှလွဲရော..."


" သူ အဆင်ပြေပါတယ်..."

တိယွင်ယွီက လက်နောက်ပစ်ထားလိုက်သည်။

" ငါ သူ့ကို အပြင်ထွက်ပြီး ကစားခိုင်းထားလိုက်တာ... သူ အဆော့လွန်ပြီး ခုထိပြန်မရောက်လာသေးတာနေမယ်..."


ရှုရှင်းချန် ကြားသည့်အခါ သူ့မျက်နှာထက်တွင် ဝမ်းသာသွားသည့် အမူအရာမျိုး ဖြစ်လာသည်။

" ခမည်းတော် နောက်ဆုံးတော့ ညီမလေးကို နန်းတွင်းက ထွက်ခွင့်ပြုလိုက်ပြီပေါ့... ရှင်းလျန်တော့ အရမ်းပျော်နေမှာပဲ... ကျောက်စိမ်းပြားကနေ လှမ်းခေါ်တော့ ပြန်မဖြေတာ မထူးဆန်းတော့ပါဘူး..."


တိယွင်ယွီ ခေါင်းအသာညိတ်ပြလိုက်ပြီး နတ်ဆိုးမြို့တော်၏ အတွင်းအပြင်ကို ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးနေလိုက်သည်။ သူ ရှုရှင်းလျန်ကို ရှာမတွေ့ပေ။ သူမက နတ်ဆိုးမြို့တော်တွင် မရှိနေခြင်းလော သို့မဟုတ် တစ်စုံတစ်ယောက်က မှော်အတတ်သုံးထားပြီး ဖုံးကွယ်ထားခြင်းလော မသိတော့ပေ။


ခဏအကြာတွင် သူ ရုတ်တရက်ပြောလိုက်သည်။

" တစ်ခုခုတော့ မှားနေပြီ..."


တိယွင်ယွီ လက်မြှောက်လိုက်ချိန်တွင် ရှန်းလျိုရှန့် လန့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်မှလူများလည်း အံ့အားသင့်သွားခဲ့သည်။ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လေထဲတွင် ယိမ်းနွဲ့နေသည့် သစ်ပင်အသံများကိုပါ မကြားရတော့ပေ။ 


တိယွင်ယွီက ဝိညာဉ်စွမ်းအားကိုသုံး၍ အရပ်မျက်နှာအနှံ့ကို စူးစမ်းရှာဖွေနေသည်။ ထိုအချိန်တွင် သူ့လက်ကို ရုတ်တရက်အကိုင်ခံလိုက်ရ၍ ဝိညာဉ်စွမ်းအားထုတ်လွှတ်နေခြင်း ရပ်တန့်သွားရသည်။


ရှုရှင်းချန်၏မျက်နှာက ဖြူဖျော့နေပြီး တိယွင်ယွီထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ဆူပူကြိမ်းမောင်းခံရမည်စိုးသောကြောင့် သူ့ရင်ထဲတွင် ကြောက်လန့်နေရုံသာမက တစ်ကိုယ်လုံးတုန်နေသည်။ သို့ရာတွင် သူ့လက်များက စွမ်းအင်အပြည့်ဖြစ်နေပြီး မန္တန်ပြုလုပ်နေသည့်လက်ကို ခိုင်မာစွာ ကိုင်ထားလိုက်သည်။


တိယွင်ယွီက ဝေဝါးနေသည့် မျက်ဝန်းများဖြင့် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ရှုရှင်းချန်၏ ထိုသို့သောပုံစံကို သူတစ်ခါမှ မမြင်ဖူး၍ ခဏရပ်တန့်ပြီး ပြောလိုက်သည်။

" ဘာများဖြစ်လို့လဲ..."


ရှုရှင်းချန်က ခေါင်းတွင်တွင်ခါလိုက်သည်။

" အာရုံမခံပါနဲ့... မန္တန်တွေသုံးပြီး နတ်ဆိုးသားရဲကို မရှာပါနဲ့..."


တိယွင်ယွီ ခဏတာ ငြိမ်သက်သွားပြီးနောက် ရှန်းလျိုရှန့်ဘက်ကို လှည့်လိုက်သည်။

" ဘာတွေဖြစ်ထားတာလဲ... ကိုယ်တော့်ကိုပြောပြ..."


ရှန်းလျိုရှန့် စကားတစ်ခွန်းမှ မပြောနိုင်မီတွင် ရှုရှင်းချန်က ခန္ဓာကိုယ်တစ်ခုလုံး လဲပြိုတော့မတတ်အသံဖြင့် အော်လိုက်သည်။ ထို့နောက် တိယွင်ယွီ၏ဝတ်ရုံလက်များကို ကိုင်လိုက်ပြီး သူ့ရင်ထဲ တစ်ဆို့နေခဲ့သော စကားများကို ပြောလိုက်သည်။

" ခမည်းတော် တကယ်ကြီး ထွက်သွားတော့မှာလား..."


" အင်း... ကိုယ်တော် မင်းကို ဒီည ပြောပြမလို့ စီစဉ်ထားတာ..."

တိယွင်ယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


ရှုရှင်းချန်၏နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက် ပူစီဖောင်းလေး ပေါက်ကွဲထွက်သွား၍ သူ ခဏတာ ငြိမ်သက်သွားသည်။ ဘေးနားတွင် ရပ်နေကြသော ကျန်းဟွိုက်ဝူနှင့် အခြားလူများကလည်း သူတို့ခန္ဓာကိုယ်မှ ဝိညာဉ်များ ထွက်ခွာသွားသည့်သဖွယ် ထိုနေရာ၌ ကျောက်ရုပ်များကဲ့သို့ ရပ်နေမိကြသည်။


ရှန်းလျိုရှန့် ချောင်းအသာဟန့်လိုက်ပြီး ပြောလာသည်။ 

" ဒါဆိုရင်တော့ ခမည်းတော် နန်းတွင်းကိုပြန်သွားပြီး မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်ပါ... ‌ဒီနေရာကို ကျွန်တော်တို့နဲ့ လွှဲထားလိုက်တာ အကောင်းဆုံးပဲ..."


တိယွင်ယွီက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး သူ့မျက်နှာထက်တွင် အမည်ဖော်မရသော အမူအရာတစ်မျိုး ဖြစ်ပေါ်လာသည်။

" မင်းတို့က ကိုယ်တော် မိုးကြိုးအတိဒုက္ခကို ရင်မဆိုင်နိုင်မှာ တကယ်စိတ်ပူနေတာပဲ..."



ရှုရှင်းချန်က ပြောလာသည်။

" ဒါပေမဲ့ သတိထားတာ ပိုကောင်းတယ်လေ... တခြားနေရာတွေမှာ စွမ်းအင်တွေကို မဖြုန်းတီးပစ်ပါနဲ့..."


" မင်းက ဒီကိစ္စကြောင့် ငိုနေတာပေါ့လေ..."

တိယွင်ယွီက မျက်ခုံးနှစ်ခုအကြားကိုပွတ်လိုက်ပြီး ရှုရှင်းချန်၏ခေါင်းကို လက်တစ်ဖက်ဖြင့် ပွတ်ပေးလိုက်သည်။

" ဒီကိစ္စကို ကိုယ်တော့်ဆီကနေ ဖုံးကွယ်ထားရဲတယ်ဆိုတော့ တော်တော်လေး သတ္တိရှိလာတာပဲ..."


ရှုရှင်းချန် တွန့်ဆုတ်သွားပြီး စကားမပြောတော့၍ ရှန်းလျိုရှန့်က ပြောလာသည်။

" ခမည်းတော် ဘယ်လိုဆက်လုပ်ဖို့များ စီစဉ်ထားလဲ..."


တိယွင်ယွီက လက်ညှိုးကိုအောက်စိုက်ပြီး မြေပြင်ကို ညွှန်ပြလိုက်သည်။

" ‌ဒီအောက်မှာ ဘယ်လိုတွေဖြစ်နေတယ် ဆိုတဲ့အပေါ် မူတည်တယ်... တကယ်လို့ အရံအတားက အားပျော့လာမယ်ဆိုရင် သူက အောက်ထဲမှာ အေးအေးချမ်းချမ်း နေနေဦးမယ်တဲ့လား..."


သူက စကားဆုံးသည်နှင့် ကောင်းကင်ကိုမော့ကြည့်ပြီး ပြောလိုက်သည်။

" အားလုံးပဲ ဒီနေရာက ခွာကြပါ... တကယ်လို့ ချုန်းချီထွက်လာမယ်ဆိုရင် ကိုယ်တော် မင်းတို့ကို မကာကွယ်ပေးနိုင်ဘဲနေမယ်..."


ရှုရှင်းချန်က ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။

" ဘယ်ကိုသွားရမလဲ..."


တိယွင်ယွီ ခဏစဉ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

" ကိုယ်တော် မင်းတို့အားလုံးကို ပို့လိုက်ပါ့မယ်... နတ်ဆိုးမြို့တော်မှာ သက်ရှိတစ်ယောက်မှ ကျန်ခဲ့လို့မဖြစ်ဘူး..."


ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားပြီး တိယွင်ယွီကို အမြန်လှမ်းဆွဲလိုက်ရန် ပြင်လိုက်သော်လည်း သူ မတုံ့ပြန်နိုင်မီမှာပင် ရွှေရောင်အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး အခြားနေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်။ " ကျွန်တော်လည်း ခမည်းတော်နဲ့ တူတူနေခဲ့မယ် " ဟူသော စကားက သူ့လည်ချောင်းထဲတွင်သာ ကျန်နေခဲ့သည်။


တစ်ချိန်တည်းမှာပင် နတ်ဆိုးမြို့တော်၏ လမ်းမထက်နှင့် လမ်းကြိုလမ်းကြားရှိလူအားလုံးသာမက အဆောက်အဦးအတွင်းအပြင်ထဲတွင် ရှိနေကြသည့် လူအားလုံး ‌ချက်ချင်းပျောက်ကွယ်ကုန်ကြသည်။


စား၍မကုန်သေးသော သကြားလုံးချောင်းလေးကလည်း မြေပြင်ပေါ် ဒေါက်ခနဲကျသွားသည်။


သက်ဝင်စည်ကားနေခဲ့သော နတ်ဆိုးမြို့တော်က မျက်စိတစ်မှိတ်အတွင်းမှာပင် တိတ်ဆိတ်မှုတို့ကြီးစိုးနေသည့် ဗလာကျင်းနေသော မြို့တော်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။


နတ်ဆိုးမြို့တော်နှင့် မိုင်ရာပေါင်းများစွာဝေးကွာသည့် နေရာတစ်ခု၌ တောင်တန်းများ၊ ‌သစ်တောများနှင့်ချောက်နက်ကြီးများသာမက ဧရာမလူအုပ်စုကြီးတစ်ခုလည်း ရောက်လာသည်။ 


အချို့က လက်ထဲတွင် ခေါက်ဆွဲပန်းကန်များ ကိုင်ထားကြပြီး ပန်းကန်လုံးကိုစောင်းကာ စွပ်ပြုတ်သောက်ရန် ပြင်နေကြသည်။ သူတို့ မျက်လုံးလှန်ကြည့်လိုက်ချိန်၌ သူတို့ဘေးပတ်ပတ်လည်ရှိ လောကကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသည်။ လူအချို့က အိပ်မောကျနေစဉ်တွင် မမျှော်လင့်ဘဲ အေးစက်စက်ကျောက်တုံးတစ်တုံးပေါ် ပြုတ်ကျလာသည်။ သူတို့အေးစက်မှုကြောင့် တုန်ယင်နေကြပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အံ့အားသင့်ကုန်ကြသည်။


" ဘာတွေဖြစ်ကုန်တာလဲ... ငါက ဘာလို့ ဒီရောက်နေတာလဲ... မင်းတို့ကရော ဘာလို့ ဒီမှာလဲ..."


" လာကြည့်ကြဦး...အရံအတားကြီး... ဒီနေရာမှာ အရံအတားတစ်ခု ရှိနေတယ်..."


" ငါတို့ ဖျက်ဆီးပစ်လို့ရမလား လုပ်ကြည့်ရအောင်..."


လူဒါဇင်ပေါင်းများစွာက ထိုနေရာတွင် စုဝေးလာကြပြီး မှော်လက်နက်များကိုထုတ်ကာ အရံအတားကို ဖျက်ဆီးကြည့်နေကြသည်။


သို့ရာတွင် နေရောင်အောက်၌ တလက်လက်တောက်ပနေသော အရံအတားက လှုပ်ရှားမှုကင်းမဲ့နေပြီး တိုက်ခိုက်မှုအားလုံးက ကျောက်တုံးနှင့် ပေါက်လိုက်သည့်သဖွယ်သာ ဖြစ်နေသည်။ တိုက်ခိုက်သူများ၏ အမူအရာများ ပြောင်းလဲသွားပြီး ခြေလှမ်းတစ်ရာခန့် ဆုတ်လိုက်ကြသည်။


" ဒါ... ဒီအရံအတားထဲက ဖိအားက နတ်ဘုရားတစ်ပါးရဲ့ဖိအားနဲ့တူတယ်... မဟာနတ်ဆိုးဘုရင်တောင်မှ ယှဉ်နိုင်မယ်မထင်ဘူး..."


" ဘာ... ဒါဆိုရင် ဘယ်သူလုပ်တာလဲ..."


" မဟာနတ်ဆိုးဘုရင်ထက် စွမ်းအားကြီးတာ ဆိုရင်တော့..."

တစ်စုံတစ်ယောက်က ကြောက်လန့်မှုကြောင့်လော စိတ်လှုပ်ရှားမှုကြောင့််လောမသိ တဆတ်ဆတ် တုန်ယင်လာသည်။

" နန်းတွင်းက လူများလား..."


ထိုစကားသံ ထွက်ပေါ်လာသည်နှင့် အားလုံး တစ်ပြိုင်နက် ငြိမ်ကျသွားသည်။


နတ်ဆိုးမြို့တော်နှင့် မိုင်ရာပေါင်းများစွာကွာဝေးသော လျှို့ဝှက်နယ်ပယ်တစ်ခုတွင် မိုးထိအောင်မြင့်သော တောင်များရှိသည်။ ထိုတောင်ထိပ်များတွင် ရပ်နေပါက နတ်ဆိုးမြို့တော်၏ အတွင်းအပြင်ကို ကြည့်ရှုနိုင်ပေသည်။


လူအချို့က ချက်ချင်းပင် တောင်ထိပ်ဆီသို့ ပြေးသွားကြသည်။


ဗလာကျင်းနေသည့် နတ်ဆိုးမြို့တော်ကြီးက သေဆုံးနေသည့်မြို့တော်ကြီးသဖွယ် သွေးပျက်ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။


အဖြူရောင်ဝတ်ရုံနှင့် ရွှေသရဖူဆောင်းထားသော တိယွင်ယွီက လမ်းမထက်တွင် လက်နောက်ပစ်၍ တစ်ယောက်တည်းလျှောက်နေပြီး သူ၏ ခံ့ညားသောမျက်နှာက တည်ငြိမ်အေးချမ်းနေသည်။


သူက ငယ်စဉ်ကလေးဘဝတည်းက ရှန့်ချီတောင်တွင် ကြီးပြင်းလာခဲ့ဥ အမြဲတစေ တစ်ယောက်တည်း အထီးကျန်နေခဲ့ရသည်။ ဤအခြေအနေက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ထင်ရမည့်အစား အလွန်ရင်းနှီးနေသည်ဟု ခံစားနေရသည်။


ယနေ့ညကို ကျော်လွန်သွားပါက သူ၏ မိုးကြိုးအတိဒုက္ခ ရောက်ရှိလာမည်ဖြစ်ကာ ထိုအခိုက်အတန့်တွင် ချိပ်စည်းက အလွန်အားနည်းနေမည်ဖြစ်သည်။ အကယ်၍ ချုန်းချီက လုံခြုံစိတ်ချစွာ ရှိနေမည်ဆိုပါက သူ၏ ဝင့်ကြွားပြီး ရှေးဦး‌ဆန်သောအော်ရာက ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမည်။ သူ့အသက်ကို စတေးရမည်ဆိုပါကလည်း သူ နောင်တရနေမည်မဟုတ်ပေ။ အကယ်၍ အခြေအနေများက သူ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပါက ထိုနတ်ဆိုးသားရဲကို သူ့လက်ဖြင့် ကိုယ်တိုင်သတ်ပစ်လိုက်မည်သာ။


သူက ချုန်းချီကို အခွင့်အရေးတစ်ကြိမ် ပေးထားပြီးဖြစ်၍ တစ်ဖက်လူက မည်သည့်အရာကို ရွေးချယ်မည့်အပေါ် မူတည်နေပြီဖြစ်သည်။


တိယွင်ယွီက သူအလွန်စိတ်ပူနေသည့် လူသုံးယောက်အကြောင်း တွေးနေမိသည်။ ယခုချိန်တွင် ရှုရှင်းလျန်က ပျောက်ဆုံးနေသော်လည်း သူမ ငယ်ရွယ်စဉ်အချိန်က ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးတစ်ကောင် ထည့်ထားခဲ့ဖူးသည်။ တိယွင်ယွီက ထိုမကောင်းဆိုးဝါးကို ဖယ်ရှားနိုင်ခဲ့ရုံသာမက သူမကိုကာကွယ်ရန် တားမြစ်မန္တန်တစ်ခုထားထားခဲ့၍ အန္တရာယ်များများစားစား မရှိနိုင်ပေ။ 


ရှုရှင်းချန်က ဧကရာဇ်ဖြစ်လာမည် မဖြစ်လာနိုင်သည်ကိုလည်း သူ မစိုးရိမ်မိပေ။ ကလေးဘဝတည်းက သူ စောင့်ရှောက်လာခဲ့သော ကလေးက ယခုချိန်တွင် မရင့်ကျက်ကောင်း မရင့်ကျက်နိုင်သေးသော်လည်း အနှေးနှင့်အမြန် ကြီးပြင်းလာမည်ဖြစ်သည်။


နောက်ဆုံးတစ်ယောက်ကတော့...


တိယွင်ယွီ သူ့နှဖူးကိုကိုင်ထားလိုက်ပြီး အနည်းငယ်ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ထိုလူက သူ စိတ်မချနိုင်သည့် တစ်ယောက်တည်းသောလူဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ရှန်းလျိုရှန့်က သူ့ကိုအမြဲတစေ အံ့အားသင့်စေခဲ့သည်။


တိယွင်ယွီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး လက်ကိုပြန်ချထားချိန်၌ တစ်စုံတစ်ရာကို သတိပြုမိ၍ ခြေလှမ်းများရပ်တန့်ပြီး တစ်ဖက်ကိုလှည့်လိုက်သည်။


သူ့နောက်မှ လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေဘဲ လေပြည်လေညင်းလေးက သစ်ကိုင်းများကို ဖြတ်သန်းတိုက်ခတ်သွားခြင်းကြောင့် တရှပ်ရှပ်အသံများမြည်နေပြီး သစ်ရွက်များ မြေပြင်တွင် ပြန့်ကျဲနေသည်သာ ရှိသည်။


တိယွင်ယွီ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့အကြည့်များက သစ်ရွက်ခြောက်ပုံပေါ် ရောက်သွားသည်။ သစ်ရွက်များ၏အောက်တွင် သေးငယ်သည့် တစ်စုံတစ်ရာကို ဖွက်ထားသကဲ့သို့ လှုပ်ရှားနေသည်။


တိယွင်ယွီ ၎င်းကို လှမ်းကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းလျှောက်လာသည်။


သစ်ရွက်ခြောက်ပုံက သူ ရောက်ရှိလာသည်ကို သတိပြုမိဟန်ရသည်။ လေတိုက်ခတ်မှုကြောင့်လော ကြောက်လန့်မှုကြောင့်လော မသိသော်လည်း အပေါ်ယံမှ သစ်ရွက် နှစ်ရွက်သုံးရွက်ခန့်က မသိမသာ တုန်ယင်သွားသည်။


တိယွင်ယွီ မျက်လုံးအနည်းငယ်မှေးကျဉ်းလိုက်ပြီး သစ်ရွက်ပုံရှေ့တွင် ထိုင်ချလိုက်ကာ လက်ချောင်းသွယ်သွယ်များဖြင့် သစ်ရွက်ပုံကို ထိလိုက်သည်။


တစ်ခဏတွင်းချင်းမှာပင် သစ်ရွက်ထဲပုန်းနေသောပိစိလေးက ချက်ချင်းဆွဲထုတ်ခံလိုက်ရသည်။


လက်ဖဝါးအရွယ်ခန့်ရှိသော ယွမ်ယင်းလေးက တိယွင်ယွီနှင့်ဆင်တူသော အဝတ်အစားကို ဝတ်ဆင်ထားပြီး ခေါင်းထက်တွင်လည်း ရွှေရောင် သရဖူအသေးလေးဆောင်းထားသည်။ သူ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းငုံ့ထားကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ သူ့ကိုရှာတွေ့သွားချိန်၌ သေချင်ယောင်ဆောင်ရန် အသည်းအသန်ကြိုးစားနေသည်။


သူနှဖူကို ခပ်ပြင်းပြင်းတောက်လိုက်မှသာ သူမျက်မှောင်ကြုတ်၍ ခေါင်းမော့လာပြီး အရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံကို မော့ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။ 


နတ်ဆိုးမြို့တော်နှင့် မိုင်ရာပေါင်းများစွာ ကွာဝေး‌သည့်နေရာ၌ ရောက်နေသော ရှန်းလျိုရှန့်က သူ၏ အခြေတည်ဝိညာဉ်လေးကို ထိန်းချုပ်ရန် အပြင်းအထန်ကြိုးစားနေသော်လည်း ထိုသို့စိုက်ကြည့်ခံလိုက်ရချိန်တွင် ရင်တုန်သွားမိသည်။သူ အရံအတားအပြင်ဘက်တွင် မနည်းချန်ထားရစ်ခဲ့ရသော အခြေတည်ဝိညာဉ်လေးကို တိယွင်ယွီက အညှာအတာကင်းမဲ့စွာဖြင့် ကန်ထုတ်ပစ်တော့မည်ဟုထင်၍ ရှန်းလျိုရှန့်က မျက်လုံးများမှိတ်ထားလိုက်သည်။


တိယွင်ယွီက ခေါင်းငုံ့ကြည့်နေပြီးနောက် စကားပြောရန် ပြင်လိုက်သည်။


သူ့မျက်စိရှေ့တည့်တည့်ရှိ မြေပြင်တွင်ထိုင်နေသော အခြေတည်ဝိညာဉ်လေးက နှင်းသဖွယ် ဖြူဖွေးလှသည့်ပါးလေးကိုဖောင်းထားပြီးနောက် မျက်လုံးကို တင်းကြပ်စွာမှိတ်ထားကာ သူ့ကိုလျှာထုတ်ပြလာသည်။


" အခြေတည်ဝိညာဉ်က သက်ရှိမဟုတ်ဘူး... သက်ရှိနဲ့ နည်းနည်းလေးပဲတူတာ ~ "