အပိုင်း ၁၃၄
Viewers 30k

Chapter 134




တိယွင်ယွီ ခဏတာငြိမ်သက်သွားပြီးနောက် သူ့လက်ချောင်းများဆန့်ထုတ်၍ သစ်ရွက်ခြောက်ပုံဘေးတွင်ရပ်ပြီး သူ့ကိုကြည့်နေသည့်ပိစိလေးကို ကိုင်လိုက်သည်။


သူ ဖန်တီးထားသော အရံအတားက နတ်ဆိုးမြို့တော်နှင့် အပြင်လောကအကြားမှ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ထားနိုင်ပေသည်။ အကယ်၍ အခြေတည်ဝိညာဉ်က ထိုနယ်မြေအပိုင်းအခြားထဲတွင်ရှိနေပြီး သူ့ကိုကာကွယ်ပေးမည့် မူလခန္ဓာကိုယ် မရှိနေပါက အကြီးအကျယ် ထိခိုက်သွားနိုင်ပေသည်။ ရှန်းလျိုရှန့်၏ယွမ်ယင်းက ဝိညာဉ်အဆီအနှစ်(ယွမ်ရှန်) နှင့်အတူတူဖြစ်သောကြောင့် အလွန်ထိရှလွယ်ပေသည်။


ရှန်းလျိုရှန့်က သူ့ကို မည်သည့်အချိန်တည်းက ထားခဲ့မှန်းမသိသည့်အပြင် ထိုအကောင်ပေါက်စလေး သူ့နောက်ကို မည်သည့်အချိန်တည်းက တိတ်တဆိတ်လိုက်နေသည်အား သူ မသိပေ။ 


အကယ်၍ စောစီးစွာ ရှာမတွေ့ခဲ့ပါက ဤအခြေတည်ဝိညာဉ်လေးက မြေပြင်ပေါ်လဲကျသေဆုံးနေခြင်းလည်း ဖြစ်နိုင်ပေသည်။


တိယွင်ယွီက သူ့ကို အရံအတားအပြင်ဘက်မှ ခန္ဓာကိုယ်အစစ်ထံသို့ ပို့ပေးလို၍ အညှာအတာကင်းမဲ့စွာပြောလိုက်သည်။


" ဒီစည်းမျဉ်းတွေကို ကိုယ်တော်ကိုယ်တိုင်ချမှတ်ထားတာ... ယွမ်ယင်းက သက်ရှိနဲ့ မတူရင်တောင် ဒီထဲမှာ နေခွင့်မရှိဘူး..."


အခြေတည်ဝိညာဉ်လေးကို အဝေးမှထိန်းချုပ်နေသည့် ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။ သူ၏ယွမ်ယင်းထံသို့ တဖြည်းဖြည်းချဉ်းကပ်လာသည့်လက်ကိုကြည့်ပြီး သူ အံကြိတ်ထားလိုက်ရသည်။


ကျိုးကြောင်းမဆီလျော်တဲ့အပြင် နှလုံးသားကလည်းမာလိုက်တာ...


အခြေတည်ဝိညာဉ်လေး အပြင်ဘက်သို့ပစ်ထုတ်ခံလိုက်ရပါက အတွင်းထဲမှ အခြေအနေများကို မည်သူတစ်ဦးတစ်ယောက်မှ မသိနိုင်တော့ပေ။ ချုန်းချီ လွတ်မြောက်လာသည်ဖြစ်စေ မိုးကြိုးအတိဒုက္ခရောက်ရှိလာသည်ဖြစ်စေ တိယွင်ယွီ မည်သည့်အခြေအနေမျိုး ကြုံတွေ့နေရသည်ဖြစ်စေ သူတို့အားလုံး အရံအတားအပြင်ဘက်မှသာရပ်ကြည့်ပြီး ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ 


ဘေးနားတွင်ရပ်နေသော ရှုရှင်းချန်က သူ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြစ်လာသည်။

" ဘယ်လိုဖြစ်သွားတာလဲ... ခမည်းတော်က အစ်ကိုတော့်ကိုပါ အပြင်ကို ပစ်ထုတ်ချင်နေတာမလား... အစ်ကိုတော့်ရဲ့ အခြေတည်ဝိညာဉ်ကို ထွက်ပြေးခိုင်းဖို့ ပြောလို့ရတယ်လေ... မဟုတ်သေးဘူး ခမည်းတော်ဆီကနေတော့ ပြေးလို့ရမှာ မဟုတ်ဘူး... ငိုရမယ်... ဟုတ်တယ် သူ့ရှေ့မှာ ငိုပြလိုက်ပါလား..."


ရှန်းလျိုရှန့်ထံတွင် ဟန်ဆောင်မျက်ရည်ကျပြနိုင်သည့် အရည်အချင်းမျိုး မရှိသည့်အပြင် တိယွင်ယွီ၏ မျက်ဝန်းတစ်စုံက အရာအားလုံးကို ထိုးထွင်းမြင်နိုင်မည်အား သူ သိနေသည်။ ထိုအချိန်တွင် သူ ငိုပြလိုက်လျှင်လည်း ဧကရာဇ်ယွင်ယွီက ရယ်နေပေလိမ့်မည်။


ရှန်းလျိုရှန့် ရွေးချယ်စရာမရှိတော့၍ သူ့ရှေ့တည့်တည့်မှလက်ကိုကြည့်ပြီး အံကြိတ်ထားကာ ထိုလက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရန် ယွမ်ယင်းကိုပြောလိုက်သည်။

" ကျွန်တော့်ကို အပြင်မထုတ်ပါနဲ့... မထုတ်လိုက်ပါနဲ့..."


တိယွင်ယွီက ပြတ်သားစွာပြောလိုက်သည်။

" ဘာမှ ဆက်ပြောနေစရာအကြောင်း မရှိတော့ဘူး..."


စကားဆုံးသည်နှင့် ယွမ်ယင်းလေးကို အပြင်ထုတ်ပစ်ရန် ပြင်နေသည်။ 


ထိုအချိန်တွင် သူ့လက်ဖဝါးပြင်ကို အေးစက်မှုအရိပ်အယောင်တို့ ပါဝင်နေသည့် နူးညံ့ပျော့ပျောင်းသော တစ်စုံတစ်ရာက လာထိသည်။


တိယွင်ယွီ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ယွမ်ယင်းလေး၏ ဖြူဖွေးသော မျက်နှာသေးသေးလေးက သူ့လက်ဖဝါးကိုထိပြီး အသာအယာ ပွတ်သပ်နေသည်ကို ‌မြင်လိုက်ရသည်။ အနက်ရောင် မျက်ဝန်းတစ်စုံက မျက်တောင်တစ်ချက်ခတ်လိုက်ပြီးသည့်နောက်တွင် သလင်းကျောက်ကဲ့သို့ ကြည်လင်လှသည့် မျက်ရည်စများ တွဲလွဲခိုလာနေသည်။ သူက မကျေမနပ်ဖြင့် နှုတ်ခမ်းထောင့်များကို မဲ့ထားပြီး တိယွင်ယွီကို စိုက်ကြည့်နေသည်။


"..."


တိယွင်ယွီ စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်နေစဉ် နှင်းတမျှဖြူဖွေးနေသော မျက်နှာလေးက သူ့လက်ဖဝါးကို ပွတ်သပ်နေသည်မှာ သူ့နှလုံးသားကို ငှက်မွေးဖြင့် ပွတ်တိုက်နေသည်နှင့် တူပေသည်။ ထိုလှုပ်ရှားမှုက ညင်သာသော်လည်း လျစ်လျူရှု့ထား၍ မရနိုင်ချေ။ 


တိယွင်ယွီက အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် လက်ပြန်ရုတ်လိုက်သည်။ ယွမ်ယင်းလေးက ခေါင်းငုံ့နေပြီး ဝမ်းနည်းဟန်ပြသနေသောကြောင့် သူ့ကို အင်္ကျီကော်လံမှဆွဲပြီး လေပေါ်မြှောက်၍ မေးလိုက်သည်။

" မင်း ကိုယ်တော့်နောက်ကို လိုက်ချင်တာလား..."


အပြောင်းအလဲဖြစ်သွားသည်ကို မြင်သောအခါ ရှန်းလျိုရှန့်ပေါက်စလေးက လက်နုနုလေးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး အားရဝမ်းသာ ခေါင်းညိတ်ပြလိုက်သည်။


တိယွင်ယွီက သူ၏ နီရဲတွတ်နေသော မျက်နှာလေးကိုကြည့်လိုက်သည်။

" မင်း ကိုယ်တော်နဲ့တူတူလိုက်ခဲ့မယ်ဆိုရင် ဝိညာဉ်က ထိခိုက်သွားမှာနော် ဒီအကြောင်းကိုရော တွေးမိရဲ့လား..."


ယွမ်ယင်းလေးက ခေါင်းထပ်ညိတ်ပြလာ၍ တိယွင်ယွီက စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့ကိုလက်ပေါ်တင်၍ ခေါ်သွားလိုက်သည်။


နတ်ဆိုးမြို့တော်နှင့် မိုင်ရာချီအကွာအဝေးတွင် ရှိနေသော ရှန်းလျိုရှန့်၏နှဖူးပြင်တွင် ချွေးစေးအချို့ထွက်နေသည်။ သူ မျက်လုံးပြန်ပွင့်လာသည့်အခါ ရှုရှင်းချန်က အမြန်မေးလာသည်။

" ဘယ်လိုလဲ ဧကရာဇ်က ခေါ်ထားတာလား..."


ခေါင်းညိတ်ပြလိုက်သည့်အခါမှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလာလေသည်။


သို့သော် မကြာမီတွင် ရှန်းလျိုရှန့်၏ဝိညာဉ်က သူ့ခမည်းတော်နှင့် အချိန်ကြာကြာ အတူရှိနေမည်ကို တွေးမိသွားသောအခါ ရှုရှင်းချန်၏ နှလုံးသားထဲ၌ ချဉ်တူးလာပြန်သည်။

" ခမည်းတော်က ဒီလောက်အမြန်လှုပ်ရှားလိုက်တာတောင်မှ အခြေတည်ဝိညာဉ်ကို ချန်ထားခဲ့ဖို့ ဘယ်လိုများ တွေးလိုက်မိတာလဲ... ဒီလိုမှန်းသိရင် ကျွန်တော်လည်း ချန်ထားခဲ့တာပေါ့..."


ရှန်းလျိုရှန့်က ပြုံးပြလိုက်သော်လည်း ပြန်မဖြေမိပေ။ 


အမှန်တွင် သူ့ထံ၌ စကားပြောရန်စွမ်းအင် မရှိတော့ချေ။ ယွမ်ယင်းလေးက အလွန်ဝေး‌ကွာသောနေရာ၌ ရှိနေခြင်းဖြစ်၍ ခဏတာ လှုပ်ရှားပြီးသည်နှင့် အလွန်နွမ်းနယ်လာသောကြောင့် မျက်လုံးများ မဖွင့်နိုင်တော့ပေ။ 


ကံကောင်းသည်မှာ တိယွင်ယွီက ယွမ်ယင်းလေးကို ထိန်းသိမ်းထားရန် သဘောတူလိုက်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်မူ သူနှင့်ယွမ်ယင်းလေးအကြားမှ ဆက်နွယ်မှုကိုသာ အသုံးပြု၍ တိယွင်ယွီ၏ အခြေအနေကို သိနိုင်တော့မည်ဖြစ်သည်။


နတ်ဆိုးမြို့တော်၏ ဗလာကျင်းနေသော လမ်းမထက်တွင် လေပြင်းများ တိုက်ခတ်နေသောကြောင့် သစ်ရွက်များက လမ်းဘေးတွင် ကြွေကျကုန်သည်။


ရှန်းလျိုရှန့်၏ ထိန်းချုပ်ခံရခြင်းမှ လွတ်မြောက်သွားသော ယွမ်ယင်းလေးမှာ လေးနှစ်သားအရွယ်စိတ်လေးသာ ရှိတော့သည်။ သူ တိယွင်ယွီ၏လက်ပေါ်တွင် ထိုင်နေသော်လည်း ရုတ်ချည်းပြင်းထန်လာသော လေပြင်းများကြောင့် မျက်လုံးများ ကျိန်းစပ်လာသည်။ နူးညံ့သော အနက်ရောင်ဆံပင်လေးက လေထဲတွင် လှုပ်ခါနေပြီး ခေါင်းပေါ်မှ ရွှေသရဖူလေးကလည်း စောင်းနေသည်။


သူ့နားထဲတွင် လေတိုက်ခတ်သံများဖြင့်သာ ပြည့်နေ၍ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်နေပြီးသည့်နောက် မည်သည့်နေရာတွင် ပုန်းနေရမှန်းမသိ၍ ခန္ဓာကိုယ်ကို ကွေးထားသည်။


လေပြင်းများကို ဝတ်ရုံလက်တစ်ဖက်ဖြင့် ကာပေးလိုက်သည့်အချိန်မှသာ ယွမ်ယင်းလေး၏ခန္ဓာကိုယ်က တည်ငြိမ်သွားပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလာသည်။ သူ ဖြည်းဖြည်းချင်းလှည့်လာပြီး အသံသေးသေးလေးဖြင့် "ခမည်းတော်" ဟု နာခံစွာခေါ်လိုက်သည်။


တိယွင်ယွီ၏မျက်ခုံးများ အနည်းငယ်ပင့်တက်သွားရသည်။ 

သူ နည်းနည်းတော့ အရွယ်ရောက်လာသားပဲ... သုံးနှစ်သားအရွယ်ကထက်ပိုပြီး အပြုအမူတွေက နာခံတတ်လာတာပဲ... ဒါဆိုရင် ဘာလို့ မြန်မြန်မကြီးလာသေးပါလိမ့်...


လမ်းပေါ်မှ လေပြင်းများက မရပ်တန့်တော့ပေ။ တိယွင်ယွီက ဝတ်ရုံလက်ကိုချထားလိုက်ပြီး သူ့ခေါင်းကို လက်ဖျားဖြင့် အသာထိလိုက်သည့်အခါ ရွှေရောင်အလင်းတန်းအလွှာတစ်ခုက သူ့ကိုလွှမ်းခြုံပေးသွားသည်။


ယွမ်ယင်းလေးက လက်မြှောက်ပြီး အရံအတားကို ထိကြည့်နေသည်။ နွေးထွေးသော လေထုအခြေအနေကို သတိပြုပြီးသောကြောင့် မျက်တောင်လေးများ ကော့ညွတ်သွားသည်အထိ ပြုံးလိုက်သည်။ ဤသို့နေရခြင်းကို သူ အလွန်ပင်နှစ်ခြိုက်နေမိသည်။


သူ ထိုနေရာတွင် နေနေစဉ် တိယွင်ယွီ သွားသည့်ဘက်မှန်သမျှကိုလိုက်ကြည့်ပြီး စူးစမ်းနေမိသည်။ သို့သော် ခဏအကြာတွင် အလွန်ပင်ပန်းလာသောကြောင့် သမ်းဝေလိုက်ပြီး တိယွင်ယွီ၏လက်ပေါ်တွင် လှဲချပြီး မျက်လုံးများမှိတ်လိုက်သည်။


တိယွင်ယွီက သတိထားမိ၍ သူ့လက်ပေါ်တွင် ချက်ချင်း အိပ်မောကျသွားသည့် အခြေတည်ဝိညာဉ်လေးကို ငုံ့ကြည့်လိုက်သည်။


ထိုအချိန်တွင် အစားကြူးဆန်မုန့်လုံးလေးတစ်လုံးက သူ့လက်ပေါ် လာကပ်နေသည်ဟုပင် တွေးမိသွားသည်။


ဤသို့အိပ်သည့်ပုံစံကို မည်သည့်နေရာမှ သင်လာကြောင်း သူ မသိပေ။ ယွမ်ယင်းလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကွေးနေပြီး အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့်အပြင် အသားအရည်လေးကလည်း ဖြူဖွေးအိစက်နေသည်မှာ ဆန်မုန့်လုံးလေးနှင့် အမှန်ပင်တူနေသည်။ ပျော့အိနေသည့် အနက်ရောင်ဆံပင်ရှည်လေးကလည်း ဘေးနားတွင်ကျနေ၍ နှမ်းကပ်ထားသော ဆန်မုန့်လုံးနှင့် တူနေသည်။


သူ့ပုံစံကိုကြည့်ရသည်မှာ အလွန်နူးညံလှပေသည်။


တိယွင်ယွီ လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူ့နှဖူးလေးကို လက်ဆစ်ဖြင့် အသာအယာတောက်လိုက်သည်။

" ကိုယ်တော့်နောက်ကို အိပ်ဖို့လိုက်လာတာလား..."


ယွမ်ယင်းလေးက နာကျင်သွားသောကြောင့် မျက်လုံးများပွင့်လာပြီး ကြောင်အမ်းအမ်းဖြစ်နေသည်။


အကယ်၍ သူ့ရှေ့တွင်ရှိနေသည်က ရှန်းလျိုရှန့်အစစ် သို့မဟုတ် သုံးနှစ်သားအရွယ် ရှန်းလျိုရှန့်၏ယွမ်ယင်းဖြစ်နေခဲ့ပါက သူ အိမ်မက်မက်နေသည်ကို နှောင့်ယှက်သည့်လူအား အံကြိတ်၍ ရန်တွေ့မည်ဖြစ်သော်လည်း ယခုမူ အခြေအနေက ကွာခြားနေသည်။ လေးနှစ်သားအရွယ်ယွမ်ယင်းလေးမှာ မိခင်ကို ဆုံးရှုံးထားရသူဖြစ်၍ အမြဲတစေ ငြိမ်ငြိမ်လေး နေနေလေ့ရှိသည်။ အပြစ်ကင်းစွာဖြင့် အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်ပြီးသည့်နောက်တွင် သူ့ကိုနာကျင်အောင်လုပ်သည့် လက်ချောင်းကိုဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲထည့်ပြီး လက်နှစ်ဖက်လုံးဖြင့် ပွေ့ထားလိုက်သည်။

" ရိုက်လို့ မရဘူး..."

 

ယွမ်ယင်းလေးက အသည်းအသန်ခုခံတော့မည်ဟု တိယွင်ယွီ ထင်လိုက်သော်လည်း မမျှော်လင့်ထားသည်မှာ တစ်ဖက်က သူ့လက်ချောင်းကိုကိုင်၍ အေးအေးဆေးဆေးပင် ဆွေးနွေးပြောဆိုပြီး ဆက်အိပ်သွားလေသည်။


တိယွင်ယွီ ငြိမ်ကျသွား၏။ 


ဆန်မုန့်လုံးလေးက မလွယ်ကြောလေးပါလား...


ယွမ်ယင်းလေး အိပ်ပျော်သွားသည့်အခါ အရံအတားအပြင်ဘက်မှာ ရှန်းလျိုရှန့်မှာ သူ့ရင်ခွင်ထဲ၌ တစ်စုံတစ်ရာက်ု ဖက်တွယ်ထားသည်ကို ခံစားမိလာသည်။ 

ယွမ်ယင်းလေးက ဧကရာဇ်ရဲ့လက်ပေါ်မှာ လှဲချလိုက်တာထင်တယ်...


လက်ချောင်းသွယ်သွယ်က အသာအယာလွှဲယမ်းနေ၍ သူ့ခန္ဓာကိုယ်ကို ကျုံ့ဝင်ပြီး ပျော်ရွှင်နေပုံရသည်။


သူ့ပုံစံက ပုခက်တွင်အိပ်နေသည့် ကလေးလေးသဖွယ် သက်တောင့်သက်သာဖြစ်နေသည်။


ယွမ်ယင်းလေး နှစ်နာရီခန့်အိပ်ပြီး မျက်လုံးများပြန်ဖွင့်လာသည့်အခါ ပတ်ဝန်းကျင်အနေအထားက တစ်မျိုးပြောင်းလဲသွားပြန်သည်။ သူတို့က လမ်းမထက်တွင် မဟုတ်တော့ဘဲ တောင်တန်းတစ်ခုပေါ်မှ တောနက်ထဲရောက်နေသည်။


ဘေးပတ်ဝန်းကျင်မှ သစ်ပင်များက စိမ်းလန်းစိုပြည်နေပြီး သစ်ပင်အိုကြီးများက နေရောင်ခြည်မှ ကာကွယ်ပေးထားသည်။ နွယ်ပင်များက အောက်ဘက်တွင် ပြန့်ကျဲနေပြီး ခြုံပုတ်များအကြားထိ ရောက်နေသည်။ မနီးမဝေးရှိ ရေစီးဆင်းနေသံများ  ပိုးကောင်များ၏အော်သံများက တိတ်ဆိတ်မှုကြီးစိုးနေသော တောနက်ထဲတွင် ရှားရှားပါးပါးကြားရသည့်အသံမျိုး ဖြစ်နေသည်။


ညသန်းခေါင်အချိန်သို့ ရောက်သည့်အခါ တိယွင်ယွီထံတွင် အရေးကြီးကိစ္စများ မရှိတော့ပေ။ သူ နတ်ဆိုးမြို့တော်ထဲတွင် နေရသည်ကို ပျင်းလာသောကြောင့် တိတ်ဆိတ်ငြိမ်သက်သည့် တောင်ပေါ်သစ်တောတစ်ခုထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ရှန့်ချီတောင်ကဲ့သို့ မဟုတ်သော်လည်း ဆင်တူသည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။


ယွမ်ယင်းလေးက အချိန်အတန်ကြာအောင် အိပ်ထားခြင်းဖြစ်၍ သူ၏ ပါးပြင်တစ်ခြမ်းက နီရဲနေသည်။ သူ မတ်တပ်ရပ်လာပြီးနောက် ခေါင်းမော့ကြည့်၍ ပြောလိုက်သည်။

" ကျွန်တော် ရေဆာတယ်..."


အမှန်တွင်မူ အခြေတည်ဝိညာဉ်များက ရေဆာခြင်း ဗိုက်ဆာခြင်းမျိုး မရှိပေ။ သူ၏အသိစိတ်က ခန္ဓာကိုယ်အစစ်နှင့် ခပ်ဆင်ဆင် ပြုမူနေခြင်းသာဖြစ်သည်။ တိယွင်ယွီက ထိုအကြောင်းကိုသိ၍ သူ၏ဝိညာဉ်အသိစိတ်ကို သစ်တောထဲဖြန့်ကျက်ပြီး ပြောလိုက်သည်။

" ဒီနားမှာ သစ်သီးတောအုပ်ကြီးရှိတယ်... လိမ္မော်သီးစားချင်လား..."


ယွမ်ယင်းလေး၏မျက်လုံးများ အရောင်လက်လာပြီး မေးစေ့ကို လက်ဖြင့်ထိလိုက်သည်။


တိယွင်ယွီက သူ့ကို လိမ္မော်ပင်ရှိရာသို့ခေါ်သွားပြီး လက်တစ်ဖက်ကိုမြှောက်၍ လိမ္မော်သီးများပြည့်နေသော အကိုင်းတစ်ခုနား ကပ်လိုက်သည်။ လိမ္မော်ပင်က အကိုင်းများကို တဖြည်းဖြည်းလှုပ်ရှားလာပြီး တိယွင်ယွီ ရွေးချယ်နိုင်ရန်အတွက် အကိုင်းများကိုပါ အောက်ချပေးလိုက်သည်။


ဗိုက်ဆာနေသည့် အခြေတည်ဝိညာဉ်လေးက ရပ်နေလျက်ဖြင့် အပေါ်ကို မျှော်လင့်တကြီး မော့ကြည့်နေသည်။ တိယွင်ယွီက ရွှေ‌ဝါရောင်လိမ္မော်သီးတစ်လုံးကိုခူးလာပြီး တစ်ဖက်သို့လှည့်၍ သူ့ကိုပေးလာသည့်အခါ မျက်နှာထက်တွက် ပြုံးရိပ်သန်းလာပြီး လက်မြှောက်လိုက်သည်။


တိယွင်ယွီ မြင်သည့်အခါ အတွေးတစ်ခုပေါ်လာပြီး ချက်ချင်းလှုပ်ရှားလိုက်သည်။


မြေပြင်ပေါ်မှ သစ်ကိုင်းခြောက်တစ်ခုကိုကောက်၍ ချည်မျှင်ပါးလေးဖြင့် ရစ်ပတ်လိုက်သည့်အခါ ရိုးရှင်းသော ငါးမြှားတံတစ်ချောင်း၏ပုံစံ ဖြစ်လာသည်။ သို့ရာတွင် ချည်မျှင်၏တစ်ဖက်တွင်မူ ငါးစာကို ချည်ထားခြင်းမဟုတ်ဘဲ လိမ္မော်သီးကို ချည်ထားခြင်းဖြစ်နေသည်။


တိယွင်ယွီက မြေပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သစ်ကိုင်းခြောက်ကို အသာတောက်လိုက်သည်။ လိမ္မော်သီးက ယွမ်ယင်းလေး၏ ဦးခေါင်းထက်တွင် တွဲလောင်းဖြစ်နေသည်။


" ဒါကို ဖမ်းနိုင်လား..."


ယွမ်ယင်းလေးက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး လက်ကိုခေါင်းပေါ်မြှောက်ကာ မနည်းကြိုးစားနေသော်လည်း သူ့လက်ဖျားများက လိမ္မော်ခွံကို ထိရုံသာဖြစ်နေသည်။


ခြေဖျားထောက်လိုက်လျှင်မူ အခွင့်အရေးရနိုင်သည်။


ယွမ်ယင်းလေး၏မျက်လုံးများ တလက်လက်တောက်ပလာပြီး ရုတ်တရက် ‌ခြေဖျားထောက်ကာ လက်နှစ်ဖက်လုံးမြှောက်၍ သူ့ခေါင်းပေါ်မှ လိမ္မော်သီးကို အမြန်ယူရန် ကြိုးပမ်းလိုက်သည်။ သူ အောင်မြင်လုဆဲဆဲတွင် တိယွင်ယွီက သစ်ကိုင်းခြောက်ကိုအသာမြှောက်လိုက်သောကြောင့် လိမ္မော်သီးက အပေါ်ကို အနည်းငယ်မြောက်သွားပြီး လက်ပိစိလေးနှစ်ဖက်က မည်သည့်အရာကိုမှ မဖမ်းမိလိုက်ပေ။ 


ယွမ်ယင်းလေးက ဟန်ချက်မရှိဖြစ်သွားသောကြောင့် ဒယိမ်းဒယိုင်ဖြစ်ကာ ချော်လဲလုဆဲဆဲဖြစ်သွားရသည်။


သူ ခေါင်းမော့၍ လှုပ်ယမ်းနေသော လိမ္မော်သီးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်ပြီးနောက် တိယွင်ယွီကို တစ်ချက်ကြည့်လိုက်သည်။


တိယွင်ယွီက မေးငေါ့ပြလိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးလိုက်သည်။

" မင်း ခုန်ကြည့်ပါလား..."


သူ့ညွှန်ကြားချက်အတိုင်းပင် လိမ္မော်ပင်အောက်မှ လက်တစ်ဖဝါးစာအရွယ်ရှိသည့် ယွမ်ယင်းလေးမှာ ချည်စလေးဖြင့် ချည်ထားသော လိမ္မော်သီးကို ခုန်ဆွခုန်ဆွလုပ်၍ ဖမ်းနေသည်မှာ ကခုန်နေသည့် ဆန်မုန့်လုံးလေးနှင့် အလွန်တူနေသည်။


နှစ်ကြိမ်‌တိတိ ခုန်ပြီးသည့်အခါ ယွမ်ယင်းလေးက မောပန်းသွားသောကြောင့် သက်ပြင်းရှည်ကြီးချလိုက်သည်။


သူ လက်လျှော့တော့မည့်အချိန်တွင် လိမ္မော်သီးက သူ့နားအလွန်တိုးကပ်လာပြီး ရှေ့တည့်တည့်တွင် တွဲလောင်းဖြစ်နေပြန်သည်။ ယွမ်ယင်းလေးက ခြေဖျားထောက်ပြီးနောက် လက်နှစ်ဖက်ကိုမြှောက်ကာ ခုန်ဖမ်းလိုက်သည်။


သူ မောသွားသောကြောင့် အနားယူနေစဉ်တွင် လိမ္မော်သီးက သူ့ရှေ့တည့်တည့်ရောက်လာပြီး ဆွဲဆောင်နေပြန်၍ ထိုဖြစ်စဉ်က ထပ်ခါတလဲလဲဖြစ်နေသည်။


အရံအတား၏ အပြင်ဘက် အဝေးတစ်နေရာတွင် ရှိနေသော ရှန်းလျိုရှန့် : "..."


ငါ တကယ်ကို မယုံနိုင်ဘူး ဒီလောက် တည်ကြည်ခံ့ညားတဲ့ ဧကရာဇ်က လေးနှစ်သားအရွယ်လောက်ပဲ ရှိသေးတဲ့ ယွမ်ယင်းလေးကို အနိုင်ကျင့်နေတယ်တဲ့လား... ဒီသတင်းသာပျံ့သွားရင် ဧကရာဇ်တော့ သိက္ခာကျပြီ...


ဒါပေမဲ့ အရံအတားထဲမှာ သူတို့ပဲရှိတာဆိုတော့ အဆင်ပြေပါတယ်လေ...


ယွမ်ယင်းလေးက ငိုယိုခြင်း စိတ်ကောက်ခြင်းတို့မရှိဘဲ မဆုတ်မနစ်ကြိုးစားနေသည်ကိုမြင်ရ၍ တိယွင်ယွီစိတ်ထဲ အထူးအဆန်းဖြစ်နေသည်။ ထိုသို့သောအကျင့်စရိုက်နှင့် စိတ်ရှည်သည်းခံနိုင်စွမ်းတို့ကြောင့် သူက ရှန်းလျိုရှန့်ပင်ဖြစ်ကြောင်းကို မေလုနီးပါးဖြစ်သွား၍ သူ့ကို မစနောက်ဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။


ယွမ်ယင်းလေးက အချိန်အတန်ကြာသည်အထိ လက်ဆန့်ထုတ်၍ လိမ္မော်သီးကိုယူရန်ကြိုးစားသော်လည်း မည်မျှကြိုးစားသည်ဖြစ်စေ မရ‌နိုင်သေးပေ။ သူ စိတ်ဓာတ်ကျလာသောကြောင့် မျက်လွှာချထားလိုက်သည်။ သူက ငိုယို၍ ပြဿနာ မရှာသော်ကြားလည်း ဝမ်းနည်းမှုကြောင့် မျက်မှောင်ကြုတ်ထားလိုက်မိပေသည်။


တိယွင်ယွီမြင်သည့်အခါ စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး လိမ္မော်သီးလေးကို ကြိုးမှဖြုတ်၍ သူ့ကိုပေးလိုက်သည။ မမျှော်လင့်ထားသည်မှာ ယွမ်ယင်းလေးက သူ့လက်ပိစိလေးနှစ်ဖက်ကို နောက်ပို့ထားပြီး ခေါင်းခါယမ်းကာ လိမ္မော်သီးကိုမယူဘဲ ငြင်းဆန်နေသည်။


တိယွင်ယွီက သူ ဘာဖြစ်သွားကြောင်းမသိ၍ ယွမ်ယင်းလေး၏ ပါးစပ်နားကပ်ပေးလိုက်သည်။


ယွမ်ယင်းလေးက ချက်ချင်းခေါင်းပြန်လှည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သူ၏ မျက်ဝန်းနက်လေးထဲတွင်လည်း မျက်ရည်များဖြင့်ပြည့်လာသည်။ သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်ပြီး ဝမ်းနည်းနေသော်လည်း မငိုမိအောင် မနည်းထိန်းထားသည်။


သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြု၍ ငြင်းဆန်နေသည်ကို တိယွင်ယွီသိလိုက်သည်။

" မစားချင်ဘူးလား..."


ထိုစကားက ရေကာတာတံခါးကို ဖွင့်ပေးလိုက်သကဲ့သို့ဖြစ်သွား၍ သူ့ရှေ့မှ ယွမ်ယင်းလေးက မျက်ရည်မျ

ားစီးကျကာ အော်ငိုလာသောကြောင့် မျက်နှာတစ်ပြင်လုံး ချက်ချင်းစိုရွှဲကုန်သည်။


တိယွင်ယွီ၏ အမူအရာက အေးခဲတောင့်တင်းသွားပြီးနောက် ထိုအကောင်ပေါက်လေး စိတ်ဆိုးနေကြောင်း သဘောပေါက်သွားသည်။