အပိုင်း ၁၃၅
Viewers 30k

Chapter 135



တိတ်ဆိတ်နေသည့်တောအုပ်ထဲတွင် စူးရှရှအော်ငိုသံဖြင့် ပြည့်သွားသည်။ တိယွင်ယွီက သူ့လက်ပေါ်မှ လိမ္မော်သီးကို ချထားလိုက်ပြီးနောက် မန္တန်တစ်ခုကိုစီရင်လိုက်သည့်အခါ သစ်ပင်ပေါ်မှ လိမ္မော်သီးအားလုံးကျလာပြီး လူတစ်ယောက်အရပ်ခန့်အထိ မြင့်လာ၍ ယွမ်ယင်းလေးကို လိမ္မော်သီးတောင်ထိပ်တွင် တင်ပေးထားလိုက်သည်။


" အကုန်လုံး မင်းဖို့ပဲ... လိမ္မော်သီးတောင်ရဲ့ ဘုရင်ဖြစ်သွားပြီ ပျော်ရဲ့လား..."


ထိုအခါ ယွမ်ယင်းလေးက ပိုမိုကျယ်လောင်စွာအော်ငိုလာပြီး လိမ္မော်သီးတောင်ပေါ်မှ ဆင်းချင်ဟန် ပြလာသည်။ သူ မတ်တပ်ရပ်လိုက်သည်နှင့် ခြေထောက်အောက်မှ လိမ္မော်သီးများက လှိမ့်လာတော့သည်။


သူလည်း ဒယိမ်းဒိယိုင်ဖြင့် ပြုတ်ကျလာသောကြောင့် လမ်းတစ်ဝက်တွင် တိယွင်ယွီနှင့်တိုက်မိပြီ မူးဝေသွားရသည်။


 သူ့ရှေ့တည့်တည့်တွင် တိယွင်ယွီ၏ပုံရိပ်များစွာကို မြင်နေရသောကြောင့် မည်သူနှင့်တိုက်မိကြောင်းပင် မသိတော့ချေ။ သူ ဝတ်ရုံစကိုသာဆွဲထားပြီး အဆက်မပြတ်ငိုယိုကာ ကြို့ထိုးနေသည်။


 တိယွင်ယွီက သူ့ရင်ခွင်ထဲတွင် တွားသွားနေသည့် အကောင်ပေါက်စလေးကို ကြည့်လိုက်သည်။ သူ့ကို ပစ်ထုတ်လိုက်ချင်စိတ်ကို မနည်းသည်းခံထားပြီး မရင်းနှီးစွာဖြင့် ပွေ့ချီထားလိုက်သည်။


သူ မည်သူနှင့်မျှ ဤသို့နီးနီးကပ်ကပ် မနေဖူးပေ။


ယွမ်ယင်းလေးကို ရင်ခွင်ထဲထည့်ထားပြီးသည့်နောက်တွင် တစ်ညလုံး အငိုရပ်တော့မည်မဟုတ်ဟု သိလိုက်သည်။ တိယွင်ယွီလည်း ဘာလုပ်ရမည်မသိဖြစ်နေ၍ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခေါင်းသေးသေးလေးကိုပွတ်၍ ချော့‌မြူပေးနေမိသည်။ ခဏအကြာတွင် ငိုသံ တဖြည်းဖြည်းရပ်သွားပြီး ယွမ်ယင်းလေးလည်း အိပ်ပျော်သွားသည်။


တိယွင်ယွီက သူ့ဝတ်ရုံပေါ်မှ ရေကွက်ကြီးကိုကြည့်ပြီး သက်ပြင်းချကာ မျက်ခုံးများ တွန့်ချိုးလိုက်သည်။


ဤတစ်ကြိမ်တွင်မူ အိပ်ပျော်သွားသည့်ယွမ်ယင်းလေးက အမြန်ပြန်နိုးလာသော်လည်း မျက်လုံးဖွင့်လိုက်သည့်အခါ ရှန်းလျိုရှန့်အစစ် ဖြစ်နေသည်။ သူ လုံးဝသည်းမခံနိုက်တော့၍ ယွမ်ယင်းလေးကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။


တိယွင်ယွီက အပြောင်းအလဲဖြစ်သွားသည်ကို သတိပြုမိ၍ မျက်ခုံးပင့်လိုက်သည်။

" ရောက်လာပြီပေါ့လေ..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် မြေပြင်ပေါ်မှ လိမ္မော်သီးတစ်လုံးကိုကကောက်ယူ၍ ဖုန်သုတ်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ခန္ဓာကိုယ်အစစ်က မည်သည့်အရာကိုမှ အရသာခံနိုင်ခြင်းမရှိ၍ အတွေးဖြင့်သာ စားနေခြင်းဖြစ်သည်။


" ခမည်းတော် နောက်ထပ်ဘာလုပ်မှာလဲ..."

မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ရန် သို့မဟုတ် နတ်ဆိုးသားရဲကို တိုက်ခိုက်ရန်အတွက် အပြည့်အဝပြင်ဆင်ထားမှ ဖြစ်‌ပေမည်။


တိယွင်ယွီ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ခဏအကြာတွင် မှောင်ရီပျိုးလာတော့မည်ဖြစ်သည်။

" ငါးကင်မလားလို့..."


သူ သစ်ကိုင်းခြောက်လေးများကို ချထားလိုက်ပြီးနောက် သန့်ရှင်းသည့်နေရာတစ်နေရာရှာ၍ အိပ်ရန်ပြင်လိုက်သည်။ သို့ရာတွင် သူ ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် လက်ချောင်းသွယ်သွယ်များက သူ့အင်္ကျီကော်လံစကိုဆွဲပြီး သူ့ကို လေပေါ်မြှောက်လိုက်သည်။ တစ်ခဏတွင်းချင်း သူက နွေးထွေးပြီး သက်တောင့်သက်သာရှိသော နေရာတစ်ခုထဲသို့ ရောက်ရှိသွားပေသည်။


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဧကရာဇ်၏ မေးရိုးချွန်ချွန်က သူ့မျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်လာသည်။


ထို့နောက်တွင် ဆန်စေ့တစ်စေ့စာခန့်အရွယ်ရှိသော ငါးအသားကို ကျောက်စိမ်းတူနှစ်ချောင်းကြားညှပ်၍ သူ့ပါးစပ်နား ကပ်ပေးလိုက်သည်။


တိယွင်ယွီက ငုံ့ကြည့်ပြီးပြောလိုက်သည်။

" အရသာမခံနိုင်တာကို ဘာတွေများ စားကောင်းတယ် ထင်နေတာလဲ..."


ရှန်းလျိုရှန့် ပါးစပ်ဟလိုက်ပြီးနောက် ငါးအသားကိုကိုက်လိုက်သည်။ ကျောက်စိမ်းတူကို ဖယ်လိုက်ပြီးသည့်နောက်တွင် သွားဖြူဖြူလေးဖြင့် အသားကိုဝါးနေသောကြောင့် ပါးလေးကဖောင်းနေသည်။

" ပူလား အေးလားတော့ အရသာခံကြည့်လို့ရတယ်လေ... ပြီးဝောာ့ အသားက နူးနူးညံ့ညံ့လေး အရိုးလည်းမပါဘူး..."


တိယွင်ယွီ ရယ်လိုက်ပြီးနောက် သူ့ကို ငါးအနည်းငယ် ထပ်ကျွေးလိုက်သည်။


သူတို့နှစ်ယောက် ငါးကင်တစ်ကောင်လုံးကို စားပြီးလုနီးနီးအချိန်တွင် တိယွင်ယွီက ကောင်းကင်ကိုမော့ကြည့်ပြီး ပြောလိုက်သည်။

" အချိန်ရပါသေးတယ် မင်း ခဏနားရင်နားလေ..."


ထိုစကားကိုကြားသည့်အခါ သူ့ရင်ခွင်ထဲ‌ထိုင်နေသော အကောင်ပေါက်စလေးက စိတ်မသက်မသာဖြစ်သွားဟန်ပေါ်သည်။ သူ တိယွင်ယွီ၏ခါးနားကို လှမ်းကြည့်လိုက်သောအခါ ရွှေရောင်တောက်ပနေသည့် ကျောက်စိမ်းဆွဲကြိုးကို မြင်လိုက်ရသည်။ 


တိယွင်ယွီက ရှန်းလျိုရှန့်ကိုချီလိုက်ပြီး ကောင်းကင်ပေါ်မှ ရှေးဟောင်းသစ်ပင်တစ်ပင်ထက်တွင် တစ်ခဏတွင်းချင်း ပေါ်လာသည်။ အရပ်ရှည်ရှည်လူက သစ်ပင်ကိုမှီကာ သစ်ကိုင်းတစ်ခုဖက်ကို လှည့်ထားလေသည်။ ကြယ်များဖြင့်ပြည့်နှက်နေသည့် ညကောင်းကင်ယံကို သူ ‌ငေးကြည့်နေမိသည်။


သူ့ရင်ခွင်ထဲမှ အကောင်ပိစိလေးက သက်တောင့်သက်သာဖြစ်သည့် နေရာတစ်ခု ရှာနေသည့်သဖွယ် လှုပ်စိလှုပ်စိဖြစ်နေသည်။ သို့သော် အချိန်အတန်ကြာအောင် ရှာပြီးသည်အထိ သူ မည်သည့်နေရာတွင်မှ မအိပ်နိုင်ဖြစ်နေသည်။


နောက်ဆုံးတွင် တိယွင်ယွီလည်း ပင်ပန်းလာသောကြောင့် သစ်ကိုင်းကြီးတစ်ခုထက်တွင် လှဲချလိုက်သည်။ ရှန်းလျိုရှန့်က သင့်တော်သောနေရာတစ်ခုကို ရှာတွေ့သွားသည့်သဖွယ် တိယွင်ယွီ၏ ရင်ဘတ်ကျယ်ကြီးပေါ် လှဲအိပ်လိုက်ပြီး နွေးထွေးမှုကြောင့် တဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။


တိယွင်ယွီ အိပ်မပျော်ခဲ့ပေ။ အမှန်တွင် သူက တစ်ယောက်တည်းနေရသည်ကို အသားကျနေပြီးဖြစ်သည်။ ရုတ်တရက် သူ့ရင်ဘတ်ပေါ်တွင် နွေးထွေးသည့်အရာသေးသေးလေးရှိနေသောကြောင့် မည်မျှကြိုးစားသည်ဖြစ်စေ အိပ်မပျော်နိုင် ဖြစ်နေရသည်။


ခဏအကြာတွင်မှ သူ နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။


သို့ရာတွင် ရှန်းလျိုရှန့်၏အိပ်စက်ပုံ အနေအထားက အလွန်ဆိုးရွားလှပေသည်။ သူ့ရင်ဘတ်ပေါ် လှဲအိပ်နေစဉ် အချိန်နှင့်အမျှ ဟိုဟိုသည်သည် လှိမ့်နေသောကြောင့် ကွေးကွေးလေးနှင့် ငြိမ်ငြိမ်လေးအိပ်တတ်သော ယွမ်ယင်းပေါက်စလေးနှင့် ကွဲပြားလွန်းနေသည်။ 


တိယွင်ယွီ မျက်ခုံးများတွန့်ချိုးလာပြီး သူ့ကိုချီမြှောက်၍ ဖဲမွှေ့ရာငယ်လေးတစ်ခုဖန်တီးပေးလိုက်ပြီး သူ့ဘေးနားတွင် အိပ်နေစေသည်။ ထို့နောက် ထထိုင်လိုက်ကာ လက်ဝါးနှစ်ဖက်ဖြန့်လိုက်၍ ဝိညာဉ်စွမ်းအင်များက ရွှေရောင်ချည်မျှင်များအဖြစ်ပြောင်းလဲပြီး အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်သွားလေသည်။


သူ၏ မိုးကြိုးအတိဒုက္ခက ရောက်ရှိလာတော့မည်ဖြစ်၍ မြေပြင်အောက်ခြေတွင် မြှုပ်နှံထားသောချိပ်စည်းက တဖြည်းဖြည်းအားလျော့လာသောကြောင့် ထူးဆန်းသော အခြေအနေကို သူ အာရုံခံနိုင်နေပြီဖြစ်သည်။


ခဏအကြာတွင် တိယွင်ယွီ လက်ပြန်ရုတ်လိုက်သည့်အခါ အနက်ရောင်တိမ်တိုက်များက ကြယ်နှင့်လများကို တဖြည်းဖြည်းလွှမ်းခြုံလာပေသည်။ သူ၏ ချောမောခံ့ညားသောမျက်နှာက အလင်းရောင်မှိန်မှိန်နှင့် အရိပ်များကြား ကွယ်ပျောက်သွား၍ မည်သည့်အမူအရာကိုမှ ရှင်းလင်းစွာ မတွေ့ရတော့ပေ။ 


သူ့ဘေးတွင်အိပ်နေသည့် အကောင်ပေါက်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိယွင်ယွီက သစ်ရွက်များများပါသည့် အကိုင်းတစ်ကိုင်းကိုချိုးကာ သူ့မျက်နှာနားတွင် ခပ်ပေးလိုက်ပြီး ပိုးကောင်များနှင့်ခြင်များကို မောင်းပေးနေသည်။


အချိန်ကိုတွက်ဆကြည့်နေပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာတစ်ဝက်ခန့် အချိန်ကုန်သွားသည့်အခါ ရှန်းလျိုရှန့်၏ခေါင်းကို သစ်ကိုင်းခြောက်ဖြင့် အသာတို့လိုက်သည်။


ရှန်းလျိုရှန့် ကြောင်အမ်းအမ်းဖြင့် မျက်လုံးများပွင့်လာသည့်အခါ သူ့မျက်စိရှေ့တွင်ဝဲနေသော သစ်ရွက်စိမ်းတစ်ရွက်ကို မြင်လိုက်သည်။ သူ့အသိစိတ်များ ခဏတာ ရပ်တန့်သွားပြီးနောက် ချက်ချင်းအိပ်ရာနိုးလာပေသည်။

 

သူ့ပါးစပ်ထောင့်ကို သုတ်လိုက်ပြီးနောက် စောင်ပုံထဲမှ ထွက်လာလိုက်သည်။

" ခမည်းတော် ဘာများဖြစ်လို့လဲ..."


တိယွင်ယွီက သစ်ကိုင်းခြောက်ကို ပြန်သိမ်းထားလိုက်သည်။

" ကိုယ်တော့်ကို သီချင်းဆိုပြ..."


ရှန်းလျိုရှန့် : " ဟင်..."


သူ မယုံကြည်နိုင်အောင် ဖြစ်သွားရသော်လည်း တိယွင်ယွီက သူ့လက်သေးသေးလေး နှစ်ဖက်ကြားထဲ အာ့ဟူ(တရုတ်ကြိုးတပ်တူရိယာ)အသေးစားလေးကို ထည့်ပေးလိုက်သည်။

" ဟိုတစ်ခါဆိုပြတဲ့ သီချင်းကိုပဲ ပြန်ဆိုပြ..."


ရှန်းလျိုရှန့် : "..."


တိယွင်ယွီ၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ကောင်းကောင်းဆိုမယ်ဆိုရင် ဟိုတစ်ခါကလိုပဲ ဆုချမယ်..."


ရှန်းလျိုရှန့်က ယခင်တစ်ကြိမ်တွင် ဆုချခံခဲ့ရသော ဝိညာဉ်ကျောက်တုံးနှစ်တုံးကို တွေးမိသွားသော်လည်း သူ့ရင်ထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သို့ရာတွင် ဧကရာဇ်ယွင်ယွီက သူ့ကို အ‌ရည်လဲ့နေသည့် မျက်ဝန်းများနှင့် ကြည့်နေပြီး သီချင်းဆိုမည်ကို စောင့်ဆိုင်းနေသည်အား မြင်လိုက်ရသောအခါ ရွေးချယ်စရာမရှိတော့၍ လည်ချောင်းရှင်းပြီး သီချင်းစဆိုလိုက်သည်။


သူ့အသံကဝမ်းနည်းမှုကို ဖော်ပြနေသော်လည်း အာ့ဟူ၏ ချိုမြသောတေးသံက ဖုံးကွယ်ပေးထားပေသည်။ 


" စမ်းချောင်းက ဆူညံနေတယ် ...လောကကြီးက အဝါရောင်ပြောင်းလာတဲ့ သုံးလေးနှစ်မှာ...မိခင်လည်းမရှိတော့ပါ..."


"အဖေနဲ့ နေရတဲ့ဘဝက မလွယ်ကူပါ..."


"လျိုရှန့်လေး...အဖေ့ကို လိုချင်တယ်..."


[သူက စာသားတွေကို ဟိုတစ်ခါကနဲ့ တစ်ပုံစံတည်းမဟုတ်ဘဲ အခြေအနေနဲ့လိုက်အောင် ပြောင်းဆိုလိုက်တာပါ ]



သီချင်းဆုံးသည့်အခါ သူ့အသံက မသိမသာတိုးဝင်သွား၏။ ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး တိယွင်ယွီကို ကြည့်လိုက်လေသည်။ သူ စကားပြောတော့မည့်အချိန်တွင် လောကကြီး၌ တစ်စုံတစ်ရာက အပြောင်းအလဲဖြစ်လာပြီး နေရာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါလာသည်။


ရှန်းလျိုရှန့်၏မျက်နှာက ဖြူဖျော့သွားသော်လည်း တောအုပ်တစ်ခုလုံးတွင် သူတို့ရှိနေသော လေပေါ်ရှိ ရှေးဟောင်းသစ်ပင်မှလွဲ၍ အရာအားလုံးကို စွမ်းအားကြီးအော်ရာတစ်ခုက ဖုံးလွှမ်းသွားသောကြောင့် အားလုံးပြိုလဲပြီး နစ်ဝင်ကုန်သည်။


ကောင်းကင်နှင့် ကမ္ဘာမြေပြင်ကြီး လှုပ်ခါနေပြီး တောင်နှင့် မြစ်ချောင်းများလည်း အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်သည်။


တိယွင်ယွီ၏ မျက်နှာအမူအရာက ဂရုစိုက်ဟန်မပြသဘဲ လက်ချောင်းသွယ်သွယ်များဆန့်ထုတ်၍ ပတ်ဝန်းကျင်ကို ကြည့်နေသည့် မျက်နှာသေးသေးလေးကို သူ့ဘက်လှည့်လိုက်သည်။ သူ့အကြည့်များက ရှန်းလျိုရှန့်အပေါ်တွင်သာ ရှိနေသည်။

" မင်း ဘာကိုကြောက်နေတာလဲ... မင်း သီချင်းကောင်းကောင်းဆိုထားတာကို ဆုမချရသေးဘူးလေ..."


ရှန်းလျိုရှန့် မှင်သက်နေမိသည်။


တိယွင်ယွီ၏လက် ဖြန့်လိုက်သည့်အခါ ဇာမဏီငှက်မွေးတစ်ချောင်း လေထဲတွင် ပေါ်လာသည်။


" ကျင့်ကြံဆင့်တွေ ပျောက်လာတော့ ကိုယ်တော် စိတ်မပျော်မရွှင်ဖြစ်မိတယ်... အဲဒါကြောင့်မို့ ဇာမဏီငှက်မွေးကိုသုံးပြီး ပြန်ထိန်းသိမ်းထားတာ... တကယ်လို့ ဒီငှက်မွေးထဲရှိနေတဲ့ ကျင့်ကြံဆင့်ကို ပြန်ရမယ်ဆိုရင် ကိုယ်တော် အထွတ်အထိပ်ရောက်နေချိန်ကလောက် စွမ်းအားမကြီးနိုင်ပေမယ့် သုံးလောကကို အုပ်ချုပ်ဖို့တော့ လုံလောက်ပါတယ်..."


ရှန်းလျိုရှန့် ရုတ်တရက် မျက်လုံးအပြူးသားဖြစ်သွားပြီး " ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနဲ့ ရောက်သွားတယ် " ဟူသောစကားက သူ့စိတ်ထဲပေါ်လာသည်။


တိယွင်ယွီက သူ၏ အံ့ဩမှင်သက်နေသည့် မျက်နှာကိုကြည့်ပြီး သူ့မျက်ဝန်းထဲတွင် ပြုံးရိပ်သန်းလာကာ ဇာမဏီငှက်မွေးလေးကလည်း ရွှေရောင်ဆံညှပ်အရွယ်အစားခန့်အထိ သေးလာသည်။


သူ့ဘေးနားမှ အရာအားလုံး ပြောင်းပြန်ဖြစ်၍ ကမောက်ကမဖြစ်နေစဉ်တွင် ထိုဆံညှပ်လေးကို ရှန်းလျိုရှန့်၏ နူးညံ့သောဆံနွယ်နက်များပေါ် တဖြည်းဖြည်းချင်း ပန်ပေးလိုက်သည်။


" ရှင်းချန်နဲ့ ရှင်းလျန်ကို ပေးတာပဲဖြစ်ဖြစ်... ဒါမှမဟုတ် ကိုယ့်ဘာသာ သိမ်းထားတာပဲဖြစ်ဖြစ် အားလုံးက မင်းသဘောပဲ စိတ်တိုင်းကျ လုပ်လို့ရတယ်..."


နတ်ဆိုးမြို့တော်နှင့် မိုင်တစ်ရာခန့်ကွာဝေးသောနေရာတွင်မူ မျက်စိတစ်ဆုံး တောင်များဖြင့်ပြည့်နေ၍ အနီးနားတွင် တောင်ထိပ်များစွာ ရှိနေသည်။


ယခုအချိန်တွင်မူ အရံအတားတစ်ခုဖြင့် ကာရံထားသော်လည်း နတ်ဆိုးမြို့တော်မှ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့် ကျောက်တုံးကျောက်ခဲပေါင်းများစွာက တောင်ပေါ်မှ ကျဆင်းလာပြီး မြစ်ရေကလည်း မြင့်တက်လာသည်။


တောင်ထိပ်တွင်ပြည့်သိပ်နေသည့် လူပေါင်းများစွာက ဟန်ချက်ပျက်ကုန်၍ မှော်လက်နက်များကိုင်၍ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ထိန်းထားကြရသည်။ သူတို့အားလုံး ကြည်လင်လှသော အဝေးမှအရံအတားကြီးကိုကြည့်ကာ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေပြီး နှုတ်ခမ်းများတုန်ယင်နေကာ ဇောချွေးများပြန်ကုန်သည်။


ယခုအချိန်၌ နတ်ဆိုးမြို့တော်တစ်ခုလုံးကို သိပ်သည်းလှသော တိမ်မည်းများ ဖုံးအုပ်နေပြီး အမှောင်ထုအလွှာတစ်ခုက လွှမ်းခြုံထားသည်။


မြေပြင်ပေါ်တွင်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံး၌ ရွှေရောင်တောက်ပနေသည့် ဝိညာဉ်ချိန်းကြိုးများ ပေါ်ထွက်လာသည်။ အခြားသောအရပ်မျက်နှာများတွင်မူ ထိုချိနမးကြိုးများက ဝေဝေဝါးဝါးသာဖြစ်ပြီး မမြင်ရပေ။ ဝိညာဉ်ချိန်းကြိုးများ စုဝေးပြီး အမှတ်အသားများ ဝန်းရံနေသည့် အလယ်ဗဟိုတွင် တစ်စုံတစ်ရာက အောက်ခြေမှ တဖြည်းဖြည်း တွန်းတိုက်ထွက်လာသည်။


" ဝုန်း..."


ကသောင်းကနင်းဖြစ်နေမှုများ၏ ရင်းမြစ်ဖြစ်သော ချိပ်စည်းမှာ နှစ်ရာပေါင်းများစွာ ပိတ်လှောင်ထားနိုင်ခဲ့ပြီးသည့်နောက်တွင် တောင်များနှင့် ပင်လယ်များကိုပါ တစ်စစီပြုလုပ်ပစ်နိုင်သော အားတစ်မျိုး ထွက်ပေါ်လာသည်။


" ဝုန်း..."


နောက်တစ်ကြိမ်...


အရပ်လေးမျက်နှာလုံးမှ ဝိညာဉ်ချိန်းကြိုးများ ပျက်စီးသွားပြီနောက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားကုန်သည်။


" ဝုန်း..."


တစ်ခဏတွင်းချင်းမှာပင် ထောင်နှင့်ချီသောချိပ်စည်းများ ပျက်စီးကုန်ပြီး ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီးနှင့်အတူ အမှောင်ထုထဲရှိ ဧရာမအရိပ်ကြီးတစ်ခုက ကောင်းကင်ပေါ် မြင့်တက်သွားပြီးနောက် မြေပြင်ပေါ် ပြန်ကျလာ၍ မြို့တစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။


ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်းမှာ သေလုမျောပါး ကြောက်လန့်ကုန်ကြသည်။ သူတို့အားလုံးက မကောင်းဆိုးဝါးများဖြစ်၍ အရံအတားကိုထိုးဖောက်လာသောအရာ၏က စွမ်းအားကြီးသောအော်ရာကြောင့် မည်သို့သော နတ်ဆိုးသားရဲဖြစ်ကြောင်း တပ်အပ်သိလိုက်ကြသည်။


" အဲဒါ ချုန်းချီပဲ ဧရာမနတ်ဆိုးသားရဲကြီး..."


" မကောင်းဆိုးဝါးကြီးက ချိပ်စည်းကို ဖျက်ဆီးပစ်လိုက်ပြီ ပြေးကြတော့..."


အရံအတား၏ အပြင်ဘက်တွင် ရှိနေသူများက ရုတ်တရက်ပျံသန်းထွက်ပြေးကုန်ကြ၍ ထိတ်လန့်စရာသတင်းကြီးမှာ တစ်ခဏတာအတွင်း လောကသုံးခွင်၌ ပျံ့နှံ့ကုန်သည်။


ညအချိန်ရောက်သည့်အခါ မိုးကြိုးတစ်ချက်က မြေပြင်ပေါ် ကျဆင်းလာသည်။


ကျင့်ကြံရေးလောကရှိ အင်အားကြီးအင်မော်တယ်ဂိုဏ်းများအားလုံးက နတ်ဆိုးလောကတွင် ထူးဆန်းသည့်ကိစ္စ တစ်စုံတစ်ရာဖြစ်နေကြောင်း သတိပြုမိကြသည်။ အချို့သော နတ်ဆိုးဘုရင်များက မကောင်းသောရည်ရွယ်ချက်ဖြင့် ပြဿနာရှာကြသည်ဟု ထင်လိုက်သော်လည်း သူတို့ရရှိထားသောသတင်းက ပိုကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မမျှော်မှန်းထားခဲ့မိကြပေ။ 


.....


‌ဓားဂိုဏ်းတွင်...


လန်ရှောင်ရှန့်က ဤအန္တရာယ်ကို တုံ့ပြန်တိုက်ခိုက်မည့်အကြောင်းကို ဆွေးနွေးရန်အတွက် ယဲ့ပင်းရန်နှင့် အခြားလူများကို အမြန်ပြန်လည်ဆင့်ခေါ်လိုက်သည်။ ဓားဂိုဏ်းသားအားလုံး ကိုယ်ခံပညာလေ့ကျင့်သည့်ကွင်းပြင်တွင် စုဝေးနေကြသည်။ သူတို့အားလုံးက တစ်နှစ်ပတ်လုံး ဓားရေးလေ့ကျင့်နေကြသူများဖြစ်၍ အရပ်ရှည်ရှည်ဖြစ်ပြီး ခန္ဓာကိုယ်တောင့်တင်းကြသည်။ တစ်ယောက်ချင်းစီ၏ကျောပေါ်တွင် ဓားရှည်တစ်ချောင်းစီရှိနေပြီး မျက်နှာများကလည်း လေးနက်တည်ကြည်နေကြသည်။


.....


ဓားဂိုဏ်းနှင့်ယှဉ်ပါက လက်ရှိအချိန်တွင် ချင်းလင်ဂိုဏ်း၌ ခေါင်းဆောင်မရှိ ဖြစ်နေသည်။ ဂိုဏ်းချုပ်လင်ယဲ့နှင့် အင်မော်တယ်အရှင်နှစ်ယောက်က ဂိုဏ်းတွင် ရှိမနျေသာကြောင့် သတင်းကြားသည်နှင့် သူတို့အားလုံး ထိတ်ထိတ်ပျာပျာဖြစ်ကုန်သည်။ လင်ယဲ့၏တပည့်ဖြစ်သော လင်မူရှန်းက ဂိုဏ်းချုပ်၏အမိန့်ကိုသယ်ဆောင်လျက် ထွက်လာမှသာ အားလုံး စိတ်တည်ငြိမ်သွားကြတော့သည်။


 လင်မူရှန်း၏အမိန့်အောက်တွင် အကြီးအကဲအုပ်စုက ပြင်ဆင်မှုများ စတင်လုပ်ဆောင်ကြတော့သည်။


.....


နတ်ဆိုးလောကတွင်...


နတ်ဆိုးနန်းတော်က ဝါးရုံတောများဖြင့် ဝန်းရံနေသည့် တသီးတခြားနေရာဖြစ်ပြီး တိတ်ဆိတ်အေးချမ်းလှသည်။


နန်ယောင်ချွမ်က လက်နောက်ပစ်ထားပြီး သူ့မျက်လုံးများက သူ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့သော ဝိညာဉ်စုဝေးစင်မြင့်ကိုကြည့်နေပြီး မျက်ဝန်းထဲတွင်လည်း လှိုင်းအချို့ရှိနေသည်။


နောက်ထပ်ကျန်နေသည်မှာ စုပိုင်ချယ့်ဖြစ်သည်။


ထိုလူက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်းသိသည်နှင့် သူ နတ်ဆိုးလောကသို့ ချက်ချင်း ထွက်ပြေးသွားခဲ့သော်လည်း မလွတ်မြောက်နိုင် ဖြစ်သွားရသည်။


နန်ယောင်ချွမ်က သူ့ညီလေး၏ အသွင်အစစ်ကို အခြားလူများမောင်ပိုင်စီးခွင့် မပြုနိုင်၍ ပြန်ယူရမည်ဖြစ်သည်။