အပိုင်း ၁၀၁
Viewers 16k

Chapter 101

စက်ရုပ်ပြိုင်ပွဲ...


 ပြိုင်ပွဲကျင်းပရာအပြာ‌ရောင် ဂြိုလ်သို့‌ရောက်သောအခါတွင် နိုင်ငံတကာပြိုင်ပွဲများနှင့်ပင်ယှဉ်ပြိုင်နိုင်ရလောက်အောင် ခမ်းနားကြီးကျယ်စွာပြင်ဆင်ထားမှုကိုတွေ့လိုက်ရသည်။


ကျိုးဖုန်ကျောင်းတော်ကြီးသည် ပြိုင်ပွဲအတွက်ရက်ရောစွာဖြင့် ဂြိုလ်တစ်ခုလုံးကိုပင်ပြင်ဆင်ထားလေသည်။


ကျောင်းတော်အသီးသီးမှ ကျောင်းသူကျောင်းသားများအပြင် ပြိုင်ပွဲကိုလာရောက်ကြည့်ရှူကြသော တခြားအပြင်လူများလဲရှိနေသည်။ စကြာဝဠာပြိုင်ပွဲကြီးသည် ရှုပ်ထွေးသောဖွင့်ပွဲအခမ်းအနားများ မိန့်ခွန်းများပါသောတခြားပြိုင်ပွဲများနှင့်လုံးဝ ကွဲပြားခြားနားစွာဖြင့်ရိုးရှင်းလှလေသည်။


အားလုံးရောက်လာသည်နှင့် ပဏာမပြိုင်ပွဲ၏တိုက်ပွဲအချက်အလက်များကိုရရှိလိုက်ကြသည်...ကျောင်းတော်အသီးသီးမှပြိုင်ပွဲဝင်များရောက်ရှိလာပြီးသည်နှင့် ပြိုင်ပွဲကိုစတင်လိုက်လေသည်။


'‌ယောင်စစ်'၏နောက်ခံအထောက်အထားကြောင့် ဖြစ်နိုင်ပေသည်၊ တခြား ကျောင်းကောင်စီဥက္ကဋ္ဌများက သူမနှင့်လာရောက်၍အရောတဝင်စကားပြောဆိုကြခြင်းမရှိပေ။ သူတို့က သူမကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသော်လဲ အလုပ်တာဝန်များခွဲဝေပေးခြင်းမရှိပေ။ ပုံမှန်အတိုင်းလိုအပ်သောပြင်ဆင်မှုများကိုလဲ ကုရှုချန်း ကဆောင်ရွက်ပေးသောကြောင့် 'ယောင်စစ်' ကပရိတ်သတ်တယောက်အလား ပြိုင်ပွဲကိုအေးအေးသက်သာကြည့်ရှုနိုင်လေသည်။


စက်ရုပ်ပြိုင်ပွဲတွင်ထိုင်၍ ပြိုင်ပွဲကိုထိန်းချုပ်သည်က ဘာအဓိပ္ပါယ်ဆိုသည်ကို သူမကောင်းစွာနားလည်ပေသည်။သူတို့က သူမ၏ဖြစ်တည်မှုနှင့်တချို့သောအကြောင်းအရာများကြောင့်ဟန်ဆောင်မှုကင်းစွာဖြင့် နေရာပေးထားခြင်းဖြစ်ပေသည်။


တိုက်ပွဲမြေပြင်မှ သတ္ထုစက်ရုပ်များက ပရိတ်သတ်တို့အားစိတ်လှုပ်ရှားမှု၊ တက်ကြွမှုတို့ကိုပေးစွမ်းနေသည်။အစပိုင်းတွင် 'ယောင်စစ်' အနည်းငယ်စိတ်ရှုပ်ထွေးမှုများရှိနေသော်လဲ အချိန်ကြာလာသည်နှင့်အမျှတိုက်ပွဲထဲနစ်မြုပ်သွားပြီး ပျော်ရွှင်မြူးထူးလာလေသည်။


 မူရွှမ် ကလည်း သူမဘေးတွင်ထိုင်၍အဖြစ်အပျက်များတိုက်ခိုက်ခြင်းအချက်အလက်များအားလုံးကို တချက်ခြင်းရှင်းပြပေးနေလေသည်။ထိုအခိုက်အတန့်၌ အိမ်တွင်းအောင်း၍ကမ္ဘာ့ဖလားပွဲ ကြည့်သည့်အတိတ်အချိန်သို့ပြန်ရောက်သွားသလိုမျိုးပင်ခံစားလိုက်ရသည်။


သုံးရက်နှင့်တိုက်ပွဲရာကျော်အတွင်း ထိပ်တန်းစက်ရုပ်သုံးကောင်နှင့်ရင်ဆိုင်ရန် ပြိုင်ပွဲဝင်ပေါင်းမြောက်မြားစွာရှိနေလေသည်။


ယောင်စစ် တိုက်ပွဲကွင်းအလယ်မှ လူသုံးယောက်ကိုကြည့်လိုက်သည် ၎င်းတို့ထဲမှနှစ်ယောက်ကို လွန်ခဲ့သည့်ရက်အနည်းငယ်၌အကြိမ်အနည်းငယ်တွေ့ပြီးသည့်နောက် အနည်းငယ်ရင်းနှီးနေပုံရလေသည်


၎င်းတို့နှစ်ဦးက ပထမကျောင်းတော်ကြီးမှ ထိပ်တန်းကျောင်းသား၂ဦးဖြစ်သည်။ 'တူလေးကု' ၏ပြောကြားချက်အရ ၎င်းတို့နှစ်ဦးက စက်ပြင်ဌာနမှ ကျောင်းသားများဖြစ်သည်။ပထမကျောင်းတော်ကြီး၏ကိုယ်စားပြု ဆိုသည့်အတိုင်း ထိပ်ဆုံး၃ယောက်ထဲသို့ဝင်ရန် အရည်အချင်းပြည့်မှီနေပေသည်။


သို့သော်လည်း သူမ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော နောက်ဆုံးတယောက်ကိုမူမသိပေ။ 


"အဲ့ဒီ့တယောက်က ကျိုးဖုန်းကျောင်းတော်ကလေ..." 


တူလေးကုက သူ့၏ကွန်ပြူတာလက်ပတ်ကိုစစ်ဆေး ကြည့်ရင်းပြောလိုက်သည်။


 "သူ့နာမည်က ယွမ်ဟန် သူကဒီနှစ်မှပြိုင်ပွဲထဲကို စဝင်လာတဲ့လူ...သူ့ရဲ့အဆင့်တွေကလဲအလယ်အလတ်လောက်ပဲရှိပေမဲ့...ရုတ်တရက်ကြီးစက်ရုပ်မာစတာ ချီချွမ်ခွင်းရဲ့တပည့်အဖြစ်လက်ခံခြင်းကို ခံလိုက်ရတယ်...သူက အဲ့ဒီ့ဘက်အပိုင်းမှာ အရည်အချင်းလဲရှိပုံရတယ်...သူဖန်တီးထားတဲ့စက်ရုပ်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ထူးခြားစွမ်းရည်တခုခုနဲ့အောင်မြင်နိုင်လိမ့်မယ်..." 


ကုရှုချန်း ကစကားပြောနေရင်းဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


 " ဒါကပဲ ကျိုးဖုန်အကယ်ဒမီ ဒီတကြိမ်စက်ရုပ်ပြိုင်ပွဲကိုကျင်းပရတဲ့အကြောင်းလို့ထင်တာပဲ..."  


"စက်ရုပ်မာစတာ...ဟုတ်လား" 


ယောင်စစ် အဓိကအချက်ကိုလှမ်းမေးလိုက်သည်။


"ချီချွမ်ခွင်း ကစကြာဝဠာ ထဲမှာထိပ်တန်းအဆင့်ရှိတဲ့စက်ပြင်သူတယောက်ပဲ...သူဒီဇိုင်းထုတ်ထားတဲ့အဆင့်နိမ့်စက်ရုပ်တောင်မှ 'S' အဆင့်ရှိတယ်လို့ပြောကြတယ်...မဟာမိတ်ပေါင်းစုက အသန်မာဆုံးစက်ရုပ် 'SSS' မုန်တိုင်းကိုလဲသူတည်ဆောက်ခဲ့တာပဲ..." 


"အိုး..." 


ယောင်စစ်' ကွင်းပြင်ထဲရှိလူငယ်ကိုတချက်လှမ်းကြည့်လိုက်ပြီးခေါင်းညိတ်လိုက်သည်။ကျော်ကြားတဲ့နည်းပြဆရာတယောက်က သူတို့၏အပြုအမူများအကြောင်းကိုရှင်းပြနေသည်။


 "ပြိုင်ပွဲ စနေပြီ..." 


တူလေးကု ကသတိပေးလိုက်သည်နှင့် 'ယောင်စစ် ခန္ဓာကိုယ်မတ်သွားပြီးပြိုင်ပွဲကို အာရုံစိုက်လိုက်သည်။


တိုက်ပွဲများကိုမဲနှိုက်ပြီးဆုံးဖြတ်ကြခြင်းဖြစ်သည်၊ ပထမတိုက်ပွဲက ကျိုးဖုန်ကျောင်းတော်ကြီးမှ ယွမ်ဟန် နှင့် ပထမကျောင်းတော်ကြီးမှ ချွမ်ရှန့် တို့ဖြစ်သည်။ 


"ဖေဖေ ဘယ်သူအနိုင်ရမယ်ထင်လဲ"


ယောင်စစ် သူမဘေးမှ လူကိုသတင်းအချက်လက်များပြောရန်နှိုးဆော်လိုက်သည်။


မူရွှမ် သူမကိုကြည့်လိုက်သည်။ သူ့၏စိတ်ခွန်အားကိုဖြန့်ကျက်ထားသောကြောင့် ယောင်စစ် တယောက်ထဲကသာ သူ့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည့် တဦးထဲသောသူဖြစ်သည်။


 "ကျိုးဖုန်း..ကျိုးဖုန်‌းကျောင်းတော်ကအနိုင်ရမှာ..." 


မူရွှမ် ပြိုင်ပွဲကွင်းပြင်ကိုငုံ့ကြည့်ပြီးပြောလိုက်သည်။


 "ယွမ်ဟန် က အဲ့လောက်တောင်မှတော်တာလား..." 


ယောင်စစ် စိတ်ဓာတ်ကျသွားမိသည်။


လွန်ခဲ့သည့်ရက်အတွင်းက မူရွှမ် ၏ခန့်မှန်းချက်များသည် အမြဲတမ်းမှန်ကန်ခဲ့သော်လည်း သူမက ပထမကျောင်းတော်ကြီးမှ ကျောင်းသားတယောက်ဖြစ်သည့်အလျောက်သူမ၏ ကိုယ်ပိုင်ကျောင်းအပေါ်အလေးသာမှုများရှိနေဆဲပဲဖြစ်သည်။ 


"သူဒီပွဲမှာသေချာပေါက်အနိုင်ရလိမ့်မယ် ဒါပေမဲ့လွယ်ကူမှာတော့မဟုတ်ဘူး ...နောက်တစ်ပွဲအတွက်ကတော့....."


မူရွှမ်ကစကားမဆက်မီ စောင့်ဆိုင်းနေရာရှိတခြားပြိုင်ပွဲဝင်များကို သေသေချာချာထပ်ကြည့်လိုက်သည်


 "တကယ်လို့ဘာမှအမှားအယွင်းမရှိဘူးဆိုရင်တော့...ချန်ပီယံဆုကို ပထမကျောင်းတော်ကြီးကပဲ သေချာပေါက်ပြန်ယူသွားနိုင်လိမ့်မယ် "  


ယောင်စစ် သူတို့၏အောင်ပွဲသတင်းကိုကြားပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။


 မျှော်လင့်ထားသည့်အတိုင်းပင် တိုက်ပွဲကခက်ခဲကြမ်းတမ်းလာသည်။ ပုံမှန်အားဖြင့်ဆယ်မိနစ်မျှသာကြာသောတိုက်ပွဲက  နာရီဝက်ကျော်သည့်အထိမပြီးဆုံးသေးပေ။နောက်ဆုံးမိနစ်တွင် ယွမ်ဟန်က ရရှိသောအခွင့်အရေးကိုဆုပ်ကိုင်ပြီးတိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည် အနည်းဆုံးတော့သူက ဒုတိယနေရာသို့တက်လှမ်းသွားနိုင်ခဲ့လေပြီ။


 ဒုတိယပွဲက ပထမကျောင်းတော်ကြီးမှ ပါဝင်ယှဉ်ပြိုင်သူနှစ်ဦးဖြစ်သည်။ တိုက်ပွဲကလျင်မြန်စွာပင်ပြီးဆုံးသွားသည်။ 


မူရွှမ် ခန့်မှန်းထားသည့်အတိုင်း ယွမ်ဟန် နှင့်ယှဉ်ပြိုင်ရမည့်သူက စက်ပြင်ဌာနမှကိုယ်စားပြု ယုရှန်း ဖြစ်သည်။


နောက်ဆုံးဖိုင်နယ်ပွဲစဉ်ဖြစ်သောကြောင့် ယောင်စစ် ၏အာရုံများက တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာသောသူနှစ်ဦးအပေါ်တွင်သာစူးစိုက်ကျရောက်နေလေသည်။


 "ကျွန်တော့်စက်ရုပ်ကို ပြောင်းပေးဖို့တောင်းဆိုပါတယ်..." 


ယွမ်ဟန် ကရုတ်တရက်လက်‌မြှောက်၍တောင်းဆိုလိုက်သည်။


 "ကျွန်တော် ဖန်တီးထားတဲ့စက်ရုပ်နဲ့ လဲပေးဖို့တောင်းဆိုပါရစေ... " 


‌ယောင်စစ် အံ့အားသင့်စွာဖြင့်ငြိမ်ကျသွားသည်၊ စည်းမျဉ်းများအရ အဆင့် 'B' အောက်ရှိသော စက်ရုပ်များအားလုံးကို အသုံးပြုခွင့်ပေးထားသည်။ ကျောင်းသားများအားလုံးကလည်း စက်ပြင်ဌာနမှ ဖြစ်ကြသောကြောင့်ကိုယ်ပိုင်စက်ရုပ်များရှိကြလေသည်။သို့သော်လည်း ကျောင်းသားများကိုယ်တိုင်ဖန်တီးထားသောစက်ရုပ်က ပရော်ဖက်ရှင်နယ်များစမ်းသပ်မှု အမြောက်အမြားပြုလုပ်ပြီးဖန်တီးထားသော စက်ရုပ်ထက်သေချာပေါက်အားနည်းပေလိမ့်မည်။


 "ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မျိုးမှာ.. သူကစက်ရုပ်ပြောင်းချင်နေတာလား..."


 လူအုပ်ကြီးဆီမှ ဆူညံပွက်‌လောရိုက်သံများထွက်ပေါ်လာလေသည်။ 


ယွမ်ဟန် ကအေးစက်စွာတချက်ပြုံးလိုက်သည်။ ထို့နောက်ပရိတ်သတ်များကိုဝေ့ဝဲကြည့်လိုက်ပြီး 'ယောင်စစ်' ဆီအရောက်တွင် သူ့၏အကြည့်များကခဏမျှရပ်သွားသည်ဟုခံစားမိလိုက်သည်။ နောက်တစက္ကန့်အကြာတွင် သူ့၏စက်ရုပ်ကိုဖယ်ရှားလိုက်ပြီးလက်ပတ်မှခလုတ်တခုကိုနှိပ်လိုက်သည်။ကျယ်လောင်သောအသံနှင့်အတူ ပို၍သေးငယ်သော်လည်း လက်ရာမြောက်လှသောစက်ရုပ်တရုပ်သူ့၏ အနောက်နားသို့ကျရောက်လာသည်။ထိုစက်ရုပ်ကညအမှောင်ကဲ့သိုပင်လုံးဝနက်မှောင်နေပြီး ချောမွေ့သန့်စင်လှသည်။


ဟမ်...ဒီစက်ရုပ်ကိုနဲနဲရင်းနှီးနေသလိုပဲ... 


 "အဲ့တာ မဟူရာလျှပ်စီးပဲ...အဲ့တာ မဟူရာလျှပ်စီးပဲ... " 


တယောက်ယောက်ကထ၍အော်လိုက်သည်။ 


ဒါ လွန်ခဲ့တဲ့ရက်အနည်းငယ်‌လေးကမှ သူမဖျက်ဆီးလိုက်တဲ့စက်ရုပ်မဟုတ်ဘူးလား...အဲ့စက်ရုပ်ကိုရော သူပဲပိုင်တာလား...အင်း...ကမ္ဘာကြီးကတော်တော်ကျဉ်းတာပဲ...


 "အရင်ကမြင်ဖူးလို့လား..." 


မူရွှမ်' သူ့ကိုမေးလိုက်သည်။


"အင်း..အဲ့လိုပြောမယ်ဆိုရင်လဲ ရတယ်..."


 ယောင်စစ် နံရံထဲတွင်နစ်မြုပ်နေသောအနက်ရောင်စက်ရုပ်၏ပုံကိုပြန်လည်မြင်ယောင်လာမိသည်


 အဲ့စက်ရုပ်ကို သူဘယ်လိုများပြန်ဆွဲထုတ်ခဲ့ပါလိမ့်...


အနက်ရောင်စက်ရုပ်ပေါ်လာသည်နှင့် လေထုအ‌ခြေအနေကရုတ်တရက်‌ပြောင်းလဲသွားလေသည် ယွမ်ဟန် ၏ရွေးချယ်မှုကိုဝေဖန်စရာ မရှိတော့ပေ။


စကြဝဠာကွန်ရက်မှကျော်ကြားသော စက်ရုပ်တစ်ရုပ် သူတို့ရှေ့တွင်ပေါ်လာသည်ကိုတွေ့ရခြင်းကပို၍ပင် စိတ်လှုပ်ရှားစေသည်။ စင်မြင့်ပေါ်တွင်ထိုင်နေသောကျိုးဖုန်းကျောင်းတော်ကြီးမှ တာဝန်ရှိသူပင် ဂုဏ်ယူမှုဖြင့် ရင်ကော့သွားလေသည်။ မဟူရာလျှပ်စီးက ကျိုးဖုန်းကျောင်းတော်ကြီးက ကျောင်းသားတယောက်ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိကြပေ။ 


" ဒီကျောင်းသားက စက်ရုပ်ပြုပြင်မှုနဲ့ ပတ်သတ်ပြီးတော့ အတွေ့ကြုံကောင်းတွေရှိတဲ့ပုံပဲ...ကျိုးဖုန်းကျောင်းတော်ကြီးကတော့ ကံကောင်းတာပဲ..."


"ဒါပေမဲ့လည်း ငါကြားခဲ့တာတော့ မကြာခင်ကမှပဲရှုံးပွဲမရှိချန်ပီယံလို့ နာမည်ကြီးနေတဲ့မဟူရာလျှပ်စီးက သူ့ကိုယ်သူဘိုးဘေးလို့နာမည်ပေးထားတဲ့တစုံတယောက်ကြောင့် သူ့ရဲ့စံချိန်ချိုးဖျက်သွားတယ်လို့ ကြားခဲ့တယ်..."


"အိုး..မဟူရာလျှပ်စီး ဒီကိုရောက်နေပြီဆိုတော့ ဘိုးဘေးရောပေါ်လာမယ်လို့မင်းထင်လား..."


"အဲ့ဒီတချက်ထဲနဲ့ အလဲထိုးတဲ့ပွဲစဉ်အကြောင်း ကိုလဲ ငါလဲကြားခဲ့တယ်လေ...ဘိုးဘေးကဘယ်သူလို့မင်းထင်လဲ...သူကကော ကျောင်းသားတစ်ယောက်ဖြစ်နိုင်လား...သူတို့အမှန်တကယ် ယှဉ်ပြိုင်မှာကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး..." 


လူအုပ်ကြီးက ပို၍ပင်ပွက်လောရိုက်လာလေသည်။ တကယ့်ဘိုးဘေးက သူ့ခေါင်းလေးကို ငုံ့ထားလေသည်။


ငါတို့ဒီဟာနဲ့ပတ်သတ်ပြီးဘာမှမသိဘူးနော်...ဘိုးဘေးကငါတို့မဟုတ်ဘူး....


 ယွမ်ဟန်က စကြဝဠာကွန်ရက်ရှိ စက်ရုပ်တိုက်ပွဲများတွင်ကျော်ကြားသူတယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် အထူးပြုစက်ရုပ်ကိုပင် စေလွှတ်ခဲ့သော်လည်း တဖက်ပြိုင်ဘက်ကလဲည်း ပေါ့ပေါ့တန်တန်လူတယောက်‌တော့မဟုတ်ပေ။ သူတို့နှစ်ယောက်စလုံးက တခဏအတွင်းမှာပင် ပြိုင်ပွဲအတွင်းသို့ အရှိန်အဟုန်ဖြင့်တိုးဝင်လာသည်။ လျင်မြန်လွန်းလှသောကြောင့် နှစ်ဖက်၏ပုံရိပ်များက ရောထွေးလုနီးပါးပင်ဖြစ်နေသည်။


 ဖန်သားပြင်ပေါ်ရှိအနှေးပြကွက်များနှင့်ရှင်းပြချက်များကြောင့်သာမဟုတ်လျှင် ယောင်စစ်' သူတို့၏တိုက်ပွဲကို သိနိုင်လိမ့်မည်မဟုတ်ပေ။သူမ၏ကိုယ်ပိုင်မျက်လုံးများက တဖက်နှင့်တဖက်တွဲကပ်နေ‌သော ကွဲပြားသည့်အရောင်နှစ်ခုကိုသာမြင်နေရလေသည်။


ဤပြိုင်ပွဲကဆီမီးဖိုင်နယ်ထက်ပင် ပို၍ကြာနေသေးသည်။ လေးဆယ့်ငါးမိနစ်ကျော်လာသည့်အထိအနိုင်ရသူမပေါ်သေးပေ။ ပြိုင်ပွဲဝင်နှစ်ယောက်လုံးကအလွန်ပင်မောပန်းပြီး ပြိုလဲလုနီးနီးဖြစ်‌နေကြပေပြီ။


ရုတ်တရက် ယုရှန်းက အပူလက်နက်တစ်ခုကိုထုတ်ယူလိုက်သည်။ ၎င်းကရာနှင့်ချီသော အလင်းတန်းများကိုဖန်တီးလိုက်ပြီး မြေပြင်ကိုအလင်းကွန်ရက်အလားဖုံးအုပ်သွားစေသည်။လျှပ်တပြတ်အတွင်း ယုရှန်းလေထဲသို့ပြန်တက်လိုက်ပြီး ယွမ်ဟန်ကိုတခြားတဖက်သို့ တွန်းထုတ်တိုက်ခိုက်လိုက်သည်။ ယုရှန်းကစက်ရုပ်ပြိုင်ပွဲများတွင် ပို၍အတွေ့အကြုံရှိသောပြိုင်ဘက်ကို လေထဲသို့တွန်းပို့လိုက်ပြီးနောက် သူ့၏စွမ်းအားများအားလုံးကိုစုစည်းကာတစ်ချက်တည်းဖြင့် ပွဲသိမ်းနိုင်ရန်လောင်းကြေးထပ်လိုက်သည်။ 


ယွမ်ဟန်၏လှုပ်ရှားမှုများကငြိမ်သက်နေပြီးအလင်းလှိုင်းများပိတ်သွားသောကြောင့် ယောင်စစ် သက်ပြင်းတချက်ချလိုက်သည်၊ 'မူရွှမ် ခန့်မှန်းထားသလိုပဲသူမတို့နိုင်လိမ့်မယ်။


သို့သော် အနက်ရောင်စက်ရုပ်၏လက်ထဲတွင် အလင်းတချက်လက်သွားပြီးနောက် လျင်မြန်စွာကျယ်ပြန့်လာသည် ၎င်းက စကြဝဠာကွန်ရက်တွင် သူအသုံးပြုခဲ့သောဓားရှည်နှင့်မတူညီသောလက်နက်ဖြစ်သည်။


 "ဟမ်..." မူရွှမ် အာမေဋိတ်သံပြုလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်


 "ဘာတွေမှားနေလို့လဲ" 


ယောင်စစ် တအံ့တဩဖြင့်မေးလိုက်၏။


 "အဲ့တာက အဆင့်'B' စက်ရုပ်မဟုတ်ဘူး...ဒီအဆင့်ဒီစက်ရုပ်က စူပါ 'S'အဆင့်စက်ရုပ် ..." 


မူရွှမ်၏ တီးတိုးပြောသံမဆုံးခင်မှာပင် ယွမ်ဟန်ကသူ့၏လက်နက်ကိုမြှောက်လိုက်ပြီး သေမိန့်ချတော့မည်ဖြစ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ခံစစ်မှနေ၍ တိုက်စစ်သို့ပြောင်းလိုက်လေသည်။ 


ယုရှန်း၏စက်ရုပ်က ခုခံနိုင်စွမ်းမရှိပဲတိုက်ခိုက်ခံလိုက်ရသည်။ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ၎င်းကမြေပြင်ပေါ်သို့ပြိုကျသွားပြီးစွမ်းအင်မီးအိမ်သည်လည်း ချက်ချင်းငြိမ်းသက်သွား‌လေသည်။စက္ကန့်ပိုင်းလေးအတွင်းမှာပင် ပြိုင်ပွဲကွင်းပြင်၌ အနက်ရောင်စက်ရုပ်တရုပ်ထဲသာကျန်ခဲ့လေသည်။ 


"ငါတို့...ငါတို့ရှုံးသွားတာလား...တောက်ကွာ.."