Chapter 111
(ငါ မုန့်အာကို တစ်ကယ်လွမ်းတယ်)
"မစ္စစု မင်းနောက်ကို အကြိမ်ကြိမ် လိုက်ခဲ့ပြီးတဲ့နောက် ကိုယ်သာ မင်းကို တစ်ခုခုလုပ်ချင်တယ် ဆိုရင် အခုအချိန်က အကောင်းဆုံးအချိန်ဆိုတာ ငါသိတယ်... စောစောက မင်းရဲ့ဆရာက ရှိနေတယ်...နောက်တော့ အဲဒီကောင် ဝေ့ထင် ပြန်လာမယ်...အခု မင်းဒီမှာ တစ်ယောက်တည်းဖြစ်နေတာ ဆယ်မိနစ်ကျော်လောက်ရှိနေပြီ"
ကျိုးဖုန်းက လေးလေးနက်နက် ပြောရင်း သူ့အိတ်ကပ်ထဲက ခေါက်ဓားတစ်ချောင်းကို ထုတ်ပြီး ဆော့ကစားလိုက်သည်။ခဏဆော့ပြီးနောက် သူထကာ စုမုန့် အနားသို့ လျှောက်သွားသည်။ ပြီးလျှင်၊ဓားနောက်ဖြင့် သူမ၏မေးလေးကို ပင့်မလိုက်၏။
စုမုန့် ရုန်းကန်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ သူ့ကိုကြည့်နေသဖြင့် ကျိုးဖုန်း အံ့ဩကာ မျက်ခုံးပင့်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်နေကြပြီးမှ စုမုန့်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။
"တစ်ကယ်တော့ အဲဒါ ရှင်မဟုတ်ဘူး"
"ဘယ်လိုသိသလဲ"
ကျိုးဖုန်း ဓားကို ပြန်မထည့်သေးဘဲ နှစ်ယောက်သား စောစောကလို ငြိမ်သက်လျက်ပင်။
“အဲဒီတုန်းက ကျွန်မကို ဘယ်သူမှသတိမထားမိအောင် ကောင်းကောင်း ပြန်ပေးဆွဲပြီး ကျွန်မ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းအားလုံးကို ဖြတ်ပစ်နိုင်ခဲ့တယ်...ရှင့်အတွက်၊ ကျွန်မကိုသတ်ရတာက ပုရွက်ဆိတ်သတ်ရတာထက် ပိုလွယ်တယ်... ရှင်သာ ကျွန်မကိုတစ်ကယ်သတ်ချင်ရင် ဘာလို့ဒီလောက်ရှုပ်ထွေးအောင်လုပ်နေမှာလဲ...ရှင် တခြားတစ်ခုအတွက် ဒီလိုလုပ်နေတာပဲ"
စုမုန့် ခေါင်းကိုမော့ပြီး ကျိုးဖုန်းကိုကြည့်နေသည်။ သူမ မျက်လုံးထဲတွင် ခံစားချက်မရှိဘဲ မေးစေ့အောက်က ဓားမဟုတ်သလို ငြိမ်သက်နေတော့သည်။
ကျိုးဖုန်း က "ဒါဆို ကိုယ်မင်းကို ပတ်ရမ်းရတဲ့ အကြောင်းရင်းက မင်းမှာ ဝေ့ထင် ရှိနေတာကြောင့်လို့ မင်းထင်ဖူးလား"
"ဝေ့ထင်"
စုမုန့် ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။ "ဝေ့ထင်ကြောင့်ဆိုရင် ကျွန်မ တစ်ကယ်ကို ဂုဏ်ယူတယ်"
သူမသည် ဝေ့ထင် နှင့် သူမ၏ ဆက်ဆံရေးကို အတိအလင်း မပြောဘဲ ယောင်ဝါးဝါးသာပြောလိုက်သည်။သူမ ဝေ့ထင် နှင့် ဘယ်အရာကြောင့်မှ မပတ်သက်ချင်ခဲ့ပေ။သို့သော်လည်း ယခုအချိန်တွင် ၎င်းသည် သူမ၏ အသက်နှင့် ပတ်သက်နေသောကြောင့် စိတ်ချလက်ချ မပြောနိုင်ပေ။သူမ ကျိုးဖုန်း အကြောင်း ကောင်းကောင်း မသိချေ။သူမ အသက်ကို လိုချင်သော်လည်း ဝေ့ထင်ကို ကြောက်နေလျှင် သူ ဘာမှ မလုပ်ရဲနိုင်ပေ။
စုမုန့်၏ တုံ့ပြန်မှုကို မြင်လျှင် ကျိုးဖုန်း သဘောပေါက်သွားရ၏။စုမုန့် နှင့် ဝေ့ထင် တို့၏ ဆက်ဆံရေးက သူ ထင်ထားတာထက် လေးနက်သည်။သူမသည် ခြိမ်းခြောက်ခံရသော်လည်း ဝေ့ထင်နှင့် မပတ်သက်ချင်သေးပေ။
"မင်းဘာလုပ်နေတာလဲ"
နှစ်ယောက်သား စကားစမြည်ပြောနေကြချိန်၌ တံခါးဝမှ ဝေ့ထင်၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။ကျိုးဖုန်းနှင့် စုမုန့် တစ်ချက်ကြည့်လိုက်ရာ ဝေ့ထင်သည် အေးစက်သောမျက်နှာထားဖြင့် သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"မင်းတို့မြင်တဲ့အတိုင်းပဲ၊ မုန့်အာနဲ့ ငါက မတွေ့တာကြာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းလွမ်းတယ်လေ...စကားပြောနေကြတာ"
ကျိုးဖုန်းက ပြုံးပြီး ပြောသည်။ တစ်ချိန်တည်းမှာပင် သူက ဓားကို အသာဖယ်လိုက်သည်။ကျိုးဖုန်းက တံခါးကို ကျောပေးထားတာကြောင့် သူ့လုပ်ရပ်တွေကို ဝေ့ထင် မမြင်လိုက်ရပေ။
ဓားကိုဖယ်ပြီးနောက် ကျိုးဖုန်း သည် စုမုန့် ၏မေးစေ့ကို လက်နှစ်ဖက်ဖြင့် ဆွဲမော့လိုက်သည်။
“မင်း လက်ကို ဖယ်လိုက်၊”
ဝေ့ထင် မျက်မှောင်ကြုတ်ကာ ကျိုးဖုန်းကို စိုက်ကြည့်နေ၏။ကျိုးဖုန်းသာ ငြင်းဆန်ပါက၊သူ တစ်ကယ်လုပ်ရပေမည်။
လေထုက တင်းမာသွားကာ ပတ်ဝန်းကျင်လေထုမှာလည်း ဒီဂရီအနည်းငယ် ကျဆင်းသွားပုံရသည်။
"ဥက္ကဌဝေ့၊ မင်း မုန့်အာနဲ့ကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီလား...မင်းဘာလို့ သူ့ကို ဒီလောက်တောင် ဂရုစိုက်နေရတာလဲ.... မင်းသူမနဲ့ မကွဲချင်ဘူးလို့တော့ ငါ့ကိုမပြောနဲ့"
ကျိုးဖုန်းက လုံးဝစိတ်မ၀င်စားဘဲ ပြုံးပြုံးလေးပြောလိုက်သည်။သူ့လက်ကလည်း စုမုန့် မေးစေ့ကို မလွှတ်ပေးသေး။
ဝေ့ထင် စိတ်တိုသွားကာ ကျိုးဖုန်း၏ ပခုံးကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်ကာ နောက်ပြန်ဆုတ်စေလိုက်သည်။
ဝေ့ထင်၏ အင်အားသည် ဤမျှ ကြောက်စရာကောင်းလောက်အောင် ကြီးမားလိမ့်မည်ဟု ကျိုးဖုန်းမထင်ခဲ့ပေ။သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာပြီး မကြာသေးခင်ကမှ ခွန်အားတွေရခဲ့သော်လည်း သူ လုံးဝမခုခံနိုင်သေး၍ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
ကျိုးဖုန်း နှင့် ဝေ့ထင် သည် သူမကြောင့် ပဋိပက္ခဖြစ်နေသော်လည်း စုမုန့် ကတော့ ဤကိစ္စကို ဂရုမစိုက်ဟန်ပင်။သူမ စကားတစ်ခွန်းမှ မပြောဘဲ ဆေးရုံကုတင်ပေါ်တွင် ထိုင်ကာ သူတို့ကို အသာကြည့်နေသည်။
သူတို့နှစ်ယောက်စလုံးက ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့သူတွေပင်။ကိုယ့်အကျိုးစီးပွားအတွက် ဘယ်ဟာကိုမဆို လုပ်ရဲကြ၏။ယခင်ဘဝတွင် သူမသည် ဝေ့ထင် လက်ထဲသို့ ကျရောက်ခဲ့ပြီး ပြန်လည်မွေးဖွားပြီးနောက် ကျိုးဖုန်း လက်ထဲသို့ ကျရောက်လုနီးပါးဖြစ်လာရသည်။ထို့ကြောင့် သူတို့နှစ်ယောက်နှင့် ဘာမှမပတ်သတ်ချင်တော့။တတ်နိုင်သမျှ ဝေးဝေးမှာ နေချင်သည်။
သူတို့နှစ်ယောက်ကြားက အငွေ့အသက်တွေက အန္တရာယ်ရှိပုံပေါက်၍ သူမ ဝင်ပြောဖို့တွေးမနေတော့ပေ။
"ကွာရှင်းဖို့ ဘယ်သူပြောလဲ" ဝေ့ထင် က ကျိုးဖုန်း ကို တွန်းဖယ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
စုမုန့် နှင့် ကွာရှင်းတော့မည် ဆိုသည်ကို ပတ်ဝန်းကျင်ကလူတိုင်း သိနေသည်။သို့သော် သူ တစ်ခါမှ မပြောဖူးပေ။ဘာလို့ တခြားလူတွေက သိသွားတာလဲ...
ကျိုးဖုန်း သည် တည်ငြိမ်စွာ ဝေ့ထင်ဘက်ကို ပုတ်ချကာ ဘေးနားရှိ ဆိုဖာဆီသို့ အေးအေးဆေးဆေး လှမ်းထိုင်လိုက်သည်။
“ဒါဆို ဥက္ကဌဝေ့က မသိသေးဘူးပဲ...မင်းရဲ့မိဘတွေကို မင်းက မုန့်အာ နဲ့ ကွာရှင်းဖို့ ငြင်းနေတော့ သူတို့ကိုယ်တိုင်ပဲ ကွာပေးဖို့ လုပ်နေကြတယ်"
(ဝေ့ထင်အတွက် အန္တရာယ်ကောင်)
“မင်းက မကွာရှင်းချင်ဘူးထင်တယ်...နောက်ဆို မင်း မုန့်အာလို ကောင်းတဲ့ မိန်းကလေးနဲ့ မဆုံနိုင်တော့ဘူး...ဒါပေမယ့် သူမကသာ သဘောတူမယ်ဆိုရင်း မင်းမိဘတွေက ကွာရှင်းပြတ်စဲဖို့ ချိတ်ဆက်ကြလိမ့်မယ်"
ဝေ့ထင်က စုမုန့်ကို ဘယ်လောက်ဂရုစိုက်ပြီး မကွာရှင်းချင်ကြောင်းကို ကျိုးဖုန်း မြင်နေရသည်။ထို့ကြောင့် သူ အံ့ဩမိ၏။သူ စုံစမ်းထားသည့်အချက်များအရ၊စုမုန့်သည် ဝေ့ထင်ကို အရင်တုန်းက ကြိုက်ခဲ့သည်။ဝေ့ထင်ကိုလက်ထပ်ဖို့အတွက် သူမကို စောင့်ရှောက်လာသည့် ဆရာနှင့်တောင် အဆက်အသွယ်ဖြတ်ခဲ့သည်။သူမ ဝေ့ထင်ကိုလက်ထပ်ပြီးနောက်တွင် ဝေ့ထင်အတွက်သာ ဘဝကိုဖြတ်သန်းခဲ့သည်။ သို့သော်၊ဝေ့ထင်က အိမ်ပြန်လာခဲသည်။မကြာခဏဆိုသလို အမျိုးသမီး အနုပညာရှင်များနှင့် တပူးတွဲတွဲနေတတ်သည်။
ယခုမူ သူမသည် ဝေ့ထင်ကို နှလုံးသားအောက်ခြေမှ မုန်းတီးနေပုံရသည်။ ဝေ့ထင်ကတော့ အတိတ်နှင့် ဆန့်ကျင်ဘက်ပင်၊ စုမုန့်ကို အပျောက်မခံနိုင်ဖြစ်သွား၏။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အရမ်းပြောင်းလဲသွားရတဲ့ အကြောင်းက ဘာတွေဖြစ်ခဲ့လို့လဲ...
ကျိုးဖုန်း အလွန်သိချင်နေမိသည်။
တစ်ချိန်က ကျိုးကျာ မှတစ်ဆင့် ဝေ့ရွှယ်ကိုမေးရန်ကြိုးစားခဲ့သည်။ထိုအချိန်တွင် ဝေ့ရွှယ် နှင့် စုမုန့် ကြား ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း သူတို့ပတ်ဝန်းကျင်ရှိလူတိုင်း သိကြသည်။သူတို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေလို ခွဲလို့မရပေ။သို့သော်လည်း၊ ဝေ့ရွှယ် တောင် စုမုန့် ဘာကြောင့်ပြောင်းလဲသွားမှန်း မသိ။
စုမုန့် ခန္ဓာကိုယ်ထဲက ဝိညာဉ်အသစ် ပြောင်းလဲသွားသလား…
ထိုသို့တွေးရင်း ကျိုးဖုန်း မျက်နှာက ပြောင်းလဲသွားသည်။ယခင်က သူသည် သရဲတစ္ဆေနှင့်နတ်တွေကို သိပ်မယုံခဲ့။ အဓိပ္ပါယ်မဲ့သည်ဟု ခံစားရသည်။သို့သော် စုမုန့်သည် သူ့ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာစေရန် မှော်အတတ်နှင့် ပြာများကို အသုံးပြု၍ စီရင်ပြီးကတည်းက ဤကမ္ဘာပေါ်တွင် သူ,မသိသေးသော အရာများစွာရှိကြောင်း ယုံကြည်လာခဲ့သည်။
ဒီလိုမျိုး သူ့ကိုတောင် နေကောင်းအောင် လုပ်ပေးတယ် ဆိုမှတော့ သူမရဲ့စိတ်ဝိညာဉ်ကို ပြောင်းလဲလိုက်တာလား...သို့ဖြစ်၍ ၊အခွင့်အရေးရလာသည့်အခါ ဤကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့သည်။အကယ်၍ ဤကိစ္စသာ တစ်ကယ်ဖြစ်ခဲ့လျှင် စုမုန့်ကို သူလက်မလွှတ်နိုင်ပေ။
“ငါ့ကိစ္စမှာ သူများတွေ ဝင်နှောင့်ယှက်လို့မရဘူး…သူမက ငါ့မိန်းမပါ... မင်း သူမကို ထပ်ထိရင် ဒီနေ့လို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”
ဝေ့ထင်က အေးစက်စွာ သတိပေးသည်။
“စုမုန့်လို မိန်းကလေးမျိုးက အရမ်း တော်တယ်...အရမ်းလည်း လှတယ်...သူ့ကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်... မင်း ငါ့ကို ဝင်မပါစေချင်ဘူးဆိုရင် မင်းသေချာကြည့်မှကောင်းမယ်"
ကျိုးဖုန်းက ဆိုဖာပေါ် မှီလိုက်ကာ ခြေချိတ်ထိုင်လိုက်သည်။ အပြင်ပန်းက အေးစက်စက်ဖြစ်နေသော်လည်း ဝေ့ထင်၏ စရိုက်ကို သိသောကြောင့် သူ့စိတ်ထဲကတော့ အတွေးများစွာ ရှုပ်ယှက်ခတ်နေရလေသည်။ဝေ့ထင်သည် ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သူပင်။ဝေ့ထင်ကို သူ စိတ်မ၀င်စားသော်လည်း ဝေ့မိသားစုကို ကျိုးမိသားစုက တော်လှန်နိုင်ခြင်းမရှိချေ။
ကျိုးဖုန်း၏စကားများသည် ဝေ့ထင် ဒေါသကိုဆွပေးလိုက်၏။ သူ မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောဖို့ ပြင်ချိန်မှာပင်... သူနာပြုဆရာမသည် တံခါးကိုတွန်းဖွင့်ကာ အခန်းတွင်းရှိ တင်းမာသောလေထုကို ဖြိုခွင်းလိုက်သည်။
"မစ္စတာကျိုး ဆေးသောက်ချိန်ရောက်ပြီ"
သူနာပြုက ဆေးကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ရေခွက်ကို ကိုင်ထားသည်။ သူမသည် ကျိုးဖုန်းအနားသို့ လျှောက်သွားပြီး ပေးရန်ပြင်လိုက်သည်။သို့ရာတွင် ကျိုးဖုန်း က မယူဘဲ မတ်တပ်ထရပ်ပြီး သူ့ဘေးက ချိုင်းထောက်များကို ကောက်ကိုင်လိုက်သည်။
"ပြန်ပြီးမှ သောက်ကြတာပေါ့..ဒီမှာ လောလောဆယ် မနေနိုင်ဘူး...မဟုတ်ရင် တစ်ခုခုဖြစ်သွားလိမ့်မယ်”
သူနာပြုဆရာမက ကျိုးဖုန်း စကားကို နားမလည်ဘဲ
“အမ်...ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး… သွားကြရအောင်"
ကျိုးဖုန်း သူနာပြုဆရာမကို မရှင်းပြချင်တော့ပေ။သူ ရည်ရွယ်သည်က စုမုန့်ကိုပင်။စုမုန့်၏အကူအညီဖြင့် သူ၏ရောဂါသည် သက်သာပျောက်ကင်းသွားသည်။သူ့ခန္ဓာကိုယ်က အရင်ကလို မပျော့ညံ့တော့။ ချိုင်းထောက်မရှိလျှင်တောင် သူအဆင်ပြေသည်။သို့သော်လည်း သူ့ကို ထိခိုက်စေလိုသူသည် ကျိုးမိသားစုတွင် ရှိနေသောကြောင့် ၎င်းအကြောင်းကို အခြားသူများအား သိခွင့်မပြုနိုင်ပေ။ရန်သူကို မနိုင်ခင် ဤကိစ္စကို ဖုံးကွယ်ထားသင့်ပေသည်။ထို့အပြင်၊ ချိုင်းထောက်ကို ဆက်သုံးဖို့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးသည်။သူသည် အနှစ်နှစ်ဆယ်ကျော်
ဖျားနာနေခဲ့ရပြီး ခန္ဓာကိုယ်လည်း အားနည်းသွားခဲ့သည်။ယခုလည်း အချိန်အကြာကြီး လေ့ကျင့်ခန်းလုပ်ကြည့်ပါက၊ပင်ပန်းနွမ်းနယ်လာတတ်သည်။သူ အပြင်မထွက်ခင် ဝေ့ထင်ကို လှမ်းကြည့်လိုက်သည်။သူ၏ လက်ရှိအခြေအနေဖြင့် ဝေ့ထင်အား မည်သည့်ရှုထောင့်နှင့်မျှ မယှဉ်နိုင်သောကြောင့် အရာအားလုံးကို ရေရှည် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ကျိုးဖုန်း ထွက်သွားပြီးနောက် စုမုန့် က ဝေ့ထင်အား နောက်ဆုံးတွင် စကားပြောခဲ့သည်။
"ဘာလို့ဒီကိုရောက်လာတာလဲ"
ဝေ့ထင်သည် အဆိုးဆုံးအချိန်ကြီးမှာမှ ရောက်လာခဲ့သည်။မူလက ကျိုးဖုန်းအား ကားမတော်တဆမှုအကြောင်းကို ဘယ်လိုသိရသလဲဆိုသည်ကို အသေးစိတ် မေးဖို့ပြင်ထားသည်။သို့သော် ဝေ့ထင် ရောက်လာသောကြောင့် လက်လျှော့လိုက်ရ၏။
“ဆေးရုံမှာ မကောင်းတဲ့လူရှိတယ်....နေရာပြောင်းချင်လား"
ဝေ့ထင်က စုမုန့် စကားကို မဖြေဘဲပြောလိုက်သည်။
စုမုန့် ဘာမှမပြောဘဲ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း “ ဘယ်မှာလဲ"
xxxxx