Chapter 112
(ဖုန်းခေါ်လာသည်)
ဝေ့ထင်က မျက်မှောင်ကြုတ်ပြီး “သူ အခုပဲ ထွက်သွားတယ်”
ထိုမှသာ ဝေ့ထင်သည် ကျိုးဖုန်း အကြောင်းပြောနေမှန်း စုမုန့် သဘောပေါက်သွားလေသည်။သူ ယခုလို ပြောလိမ့်မည်ဟု မထင်ထား၍ အံ့သြသွားရသည်။
" မကောင်းတဲ့လူရှိလား၊မရှိလားတော့ မသိဘူး၊ ဒါပေမယ့် မျက်စိနာတဲ့သူတစ်ယောက်တော့ ရှိနေပြီ"
ဝေ့ထင် : “…”
ဝေ့ထင် တစ်ခုခုပြောခါနီးမှာ သူ့ဖုန်းက ရုတ်တရက်မြည်လာ၏။သူ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဝေ့ရွှယ် ဆက်လာခြင်းပင်။
စုမုန့် လည်း မြင်လိုက်သည်။သူမကြာလာလေလေ၊သူတို့အမည်ခံမောင်နှမနှစ်ယောက်ကိုမုန်းလာလေလေပင်။ဝေ့ရွှယ်က အချိန်တိုင်း ဝေ့ထင်ဆီဖုန်းဆက်ပြီး အမြဲလှမ်းမေးတတ်သည်။အတော်စိတ်မချဖြစ်နေပုံပင်။
ဝေ့ထင် ဖုန်းကိုသာကြည့်နေသော်လည်း မကိုင်တာကြောင့် သူမကပင်
"ရှင့်ညီမ ဖုန်းခေါ်နေတာ…ဘာလို့ အမြန်မကိုင်တာလဲ..သူမ အထင်လွဲသွားမှာကို ကြောက်နေတာလား...ဒါဆိုလည်း ရှင် အပြင်ထွက်ပြီးကိုင်လိုက်... စိတ်မပူပါနဲ့ ကျွန်မ ရှင့်ကို မနှောင့်ယှက်တာ သေချာတယ်"
သူမ ကိုယ်တိုင်တောင် မသိလိုက်ခင်မှာ၊ ပြောနေရင်း အမည်မသိ ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်၊ထိုခံစားချက်ကို ဝေ့ရွှယ် အပေါ်မုန်းတီးစိတ်က လျင်မြန်စွာ ဖုံးအုပ်လိုက်၏။
သူမ စကားကြောင့် ဝေ့ထင်က မျက်မှောင်ကြုတ်ကာ
“ကိုယ်က ဘာလို့ အပြင်ထွက်ရမှာလဲ"
“ဘာမှမဟုတ်ဘူး..သူများတွေကို ကူညီရတာ ပျော်ပါတယ်"
သူမ တွေးမိသည်က၊ဤနေရာသည် သူမ အခန်းဖြစ်သောကြောင့် ဖုန်းပြောရင်း အနှောင့်အယှက်ဖြစ်မှာစိုးလျှင် သူ ဖုန်းကိုအပြင်ထွက်ပြောသင့်သည်။သို့မဟုတ်လည်း သူမ တိတ်တိတ်လေးနေပေးသင့်သည်ဟု တွေးမိခြင်းပင်။ ထို့ကြောင့် သူမ အိပ်ရာပေါ်တွင် တစ်ဖက်လှည့်၍ အိပ်ကာ မျက်လုံးမှိတ်ပြီး အနားယူနေလေသည်။
ဝေ့ထင် အပြင်မထွက်ဘဲ ဖုန်းကို ကိုင်လိုက်သည်။
"ဘာလဲ"
“အစ်ကိုဝေ့ထင်၊ အဘိုး ရောက်နေတယ်...အစ်ကို ဘယ်တော့ပြန်လာမှာလဲလို့ မေးနေတယ်...အဘိုးက အစ်ကို့ကို အရမ်းသတိရနေတယ်"
ဝေ့ရွှယ်က ကနွဲ့ကလျပြောလေသည်။
စုမုန့် မျက်လုံးမှိတ်ပြီအနားယူနေရင်း ဝေ့ထင် နှင့် ဝေ့ရွှယ်တို့ စကားပြောသံကိုလည်း သူမကြားရသည်။အဘိုး ရောက်လာသည်ဆို၍ သူမ ချက်ချင်းမျက်လုံးပွင့်လာရသည်။ယခင်ဘဝ၌၊သူမကို ဝေ့မိသားစုတစ်ခုလုံးက လက်မခံခဲ့။သို့ရာတွင်၊ အဘိုးဝေ့က သူမကို စိတ်ရင်းထဲကနေ ကောင်းကောင်း ဆက်ဆံခဲ့သည်။ ဝေ့မိသားစုက အဘိုးကလွဲလျှင် မိသားစုဝင်တိုင်းကို သူမ မုန်းတီးမိသည်။
သူ့အဘိုးလာသည်ဆိုသောအခါ ဝေ့ထင် မျက်နှာက နူးညံ့မှုများထင်ဟပ်လာသည်။
"မနက်ဖြန်ပြန်လာမယ်"
ဝေ့ရွှယ် ထိုအဖြေကိုကြားသောအခါ အလွန်မကျေနပ်ဖြစ်သွားပုံရသည်။ တုံ့ဆိုင်းဆိုင်းဖြင့်
“အစ်ကိုဝေ့ထင် အလုပ်တွေအရမ်းရှုပ်နေတယ်ဆိုတာ သိပေမယ့် အဘိုးမှာလည်း တစ်ခါက်လာဖို့က မလွယ်ဘူး...သူလည်း အကြာကြီးနေလို့မရဘူး…အစ်ကို စောစောပြန်လာတာ အကောင်းဆုံးပဲ”
"အင်း" ဝေ့ထင် သဘောတူလိုက်သည်။
“ဒါပေမယ့်…အဘိုးက စုမုန့်ကို တွေ့ချင်နေသေးတယ်တဲ့..စုမုန့် ဆေးရုံမှာ ရှိနေတာဆိုတော့ သူမ လာလို့ မဖြစ်နိုင်ဘူးလား" ဝေ့ရွှယ်က သေသေချာချာမေးသည်။
အဘိုးက သူမကိုတွေ့ချင်ကြောင်းကြားလျှင် စုမုန့် ကုတင်ပေါ်ကနေ ချက်ချင်းထထိုင်လိုက်သည်။သို့သော်လည်း၊သူမက ဗြုန်းကနဲထထိုင်လိုက်၍ ဒဏ်ရာကတစ်ချက်နာသွားရ၍ တိုးတိုးလေး အော်လိုက်မိသည်။
ဖုန်း၏တစ်ဖက်တွင် ဝေ့ရွှယ် သူမ အသံကိုကြားပြီး
“အစ်ကိုက စုမုန့်ဆီ ရောက်နေတာလား”
ဝေ့ထင် ဖုန်းပြောနေရင်း စုမုန့်ကို ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။စုမုန့်သည် ဒေါသကြီးသောကြောင်လေးလို နာကျင်စွာ ရှုံ့မဲ့ရင်း သူ့ကို မျက်စောင်းထိုးလျက်ရှိ၏။သူမ ဒဏ်ရာကို ညင်သာစွာ ပွတ်သပ်ရင်း ဂျိုကြည့်ကြည့်နေ၏။သူမကိုကြည့်ရင်း သူ့နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်လာပြီး သူ့မျက်နှာမှာ အပြုံးရိပ်ယောင် ပေါ်လာသည်။
စုမုန့် ခေါင်းကို မော့ကြည့်ရာ ဝေ့ထင် ပြုံးနေတာကို တွေ့လိုက်ရသည်။သူ သေချာပေါက် သူမ နာကျင်သည်ကိုကြည့်ပြီး ကျိတ်ပျော်နေခြင်းဖြစ်ရမည်။ထိုသို့တွေးရင်း သူမ ဒေါသတွေ ချက်ချင်း ပေါက်ကွဲထွက်လာ၏။
“ဘာကြည့်နေတာလဲ...ဖုန်းပြောမှာဆိုလည်း ပြောလေ...လူကို ဘာလာကြည့်နေတာလဲ…"
ဝေ့ရွှယ် ဖုန်းထဲမှ စုမုန့် ရန်ထောင်နေသံကို ကြားလိုက်ရသည်။စုမုန့် အော်သံကြောင့် စိတ်ထဲကလည်း ပျော်ရွှင်နေမိသည်။စုမုန့် ဒေါသကြီးလာလေလေ၊ ပိုကောင်းလေဖြစ်သည်။ဤသို့ဖြင့် ဝေ့ထင်က တဖြည်းဖြည်း စုမုန့်ကို မုန်းတီးသွားမည်ဖြစ်လေသည်။
ဝေ့ထင်သည် ယခုအချိန်တွင် စုမုန့် နှင့် ရှိနေသောကြောင့် သူမတို့ ဖုန်းပြောနေသည်ကို သေချာပေါက် ကြားနိုင်သည်။
“အစ်ကိုဝေ့ထင်...စုမုန့်က ဒေါသထွက်နေမှာပေါ့...ဒဏ်ရာရထားတယ်လေ..သူမကို စိတ်ဆိုးမနေပါနဲ့...သူမက စိတ်ထဲကမပါလည်း အဲ့ဒီလိုပြောတတ်တယ်..."
စုမုန့် သည် ဝေ့ရွှယ် ၏ စကားကို ကြားသောအခါ သူမ ချက်ချင်း ဒေါသတို့ဆူပွက်လာ၏။
"ငါ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ နင်က ဘယ်လိုသိလဲ...နင်က ငါ့ရဲ့အသွေးအသားနဲ့ ဆက်စပ်နေတဲ့ ကလေးလည်း မဟုတ်ဘူး"
သူမ၏စကားများသည် ဝေ့ရွှယ်ကို စော်ကားရုံသာမက အခွင့်ကောင်းယူကာ ထိုးနှက်ထားခြင်းပင်။
( လျှို့ဝှက်ချက်ကို ကြားသိရသူ)
ဝေ့ရွှယ် ဖုန်းတစ်ဖက်မှ အသံမထွက်လာတော့။ ရှက်စိတ်လည်းဖြစ်လာကာ သူမ ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပေ။ လေထုသည် ရုတ်တရက် အေးစက်လာသည်။ကံကောင်းစွာနှင့်၊ ဝေ့ထင်က
"ဘာပြောချင်သေးလဲ"
သူမသည် ဝေ့ထင်ကို ချက်ချင်းပြန်လာဖို့ပြောချင်သော်လည်း ဘာပြောရမှန်းမသိ၍" ဟင့်အင်း..."
ဝေ့ထင် စုမုန့် အနားတွင်ရှိနေသည်ကို တွေးကာ သူမ စိတ်ထဲတွင် မနာလိုဖြစ်နေမိသည်။စုမုန့် မျက်နှာမှာ မတော်ဆမှုကြောင့် ဒဏ်ရာရနေလျှင်တောင် ဝေ့ထင်က သူမကို သိပ်စိတ်ရှည်နေဆဲပင်။
“ဒါဆို အစ်ကို ဝေ့ထင်လည်း စုမုန့်နဲ့ နေပေးလိုက်ပါ...သူမအဖြစ်ကလည်း တော်တော်သနားစရာကောင်းတယ်... ရုတ်တရက် ကားမှောက်ပြီး မျက်နှာကိုတောင် ဒဏ်ရာရသွားခဲ့တာ...အရမ်းဝမ်းနည်းနေလိမ့်မယ်...အဘိုးအတွက် စိတ်မပူပါနဲ့...ညီမပဲ ကူပြောပေးလိုက်ပါ့မယ်...အစ်ကိုတို့ ကောင်းကောင်း အနားယူ…ညီမ အရင်ဖုန်းချလိုက်မယ်...စုမုန့် နင်လည်း ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ရမယ်နော်"
စုမုန့်က “စိတ်မပူပါနဲ့ နင့်ရဲ့အစ်ကိုက ငါ့ကို အရမ်းဂရုစိုက်တော့ မကြာခင် သက်သာလာမှာပါ...ဝေ့ထင် ဟုတ်တယ်မလား"
စုမုန့် သည် ဝေ့ရွှယ်၏ လေသံအတိုင်း တုပကာ ပြောလိုက်သည်။သူမ သူ့ကို ယခုလို တစ်ခါမှ မပြောဖူးပေ။အမြဲတမ်း အေးစက်စက်သာ ဆက်ဆံတတ်၏။ထို့ကြောင့် သူ ကြောင်စီစီဖြစ်နေရလေသည်။
ဝေ့ရွှယ် ဖုန်းကိုင်ထားရင်း ဒေါသအလွန်ထွက်ကာ အံကြိတ်နေကာ သူမ ဒေါသကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ဗီဒီယို ကောလ် မဟုတ်၍တော်သေးသည်။မဟုတ်လျှင်၊သူမပုံစံက သိသာသွားနိုင်သည်။
ဝေ့ထင်နှင့် ဖုန်းချပြီးနောက် ဝေ့ရွှယ် သည် စိတ်တည်ငြိမ်စေရန် နေရာတွင် အသာရပ်နေလိုက်သည်။စုမုန့် သည် ဝေ့မိသားစုဆီ ပြန်လာပြီး ဝေ့ထင်အား လုယူဖို့ စီစဉ်နေခြင်းကို စောစောက လုပ်ရပ်က သက်သေခံလျက်ရှိသည်။ သို့သော်၊သူမက အဖြစ်မခံနိုင်ပေ။သူမ တွေးနေရင်း စိတ်ပိုတိုလာကာ ပေါက်ကွဲဖို့ကြည့်မိစဉ် ဘေးနားရှိ ပန်းခင်းထဲတွင် ပန်းပွင့်များရှိနေသည်ကို တွေ့လိုက်ရ၏။သူမသည် ရှေ့သို့သွားကာ ပန်းပင်တစ်ပင်ကို ဆွဲနုတ်လိုက်သည်။ထို့နောက် ပန်းပင်ကို စုမုန့်ဟု သဘောထား၍ အပိုင်းပိုင်း ချေမွှပစ်လိုက်သည်။
ဝေ့ရွှယ် အိမ်ထဲပြန်မလာသေးသည်ကို အမေဝေ့ သိသဖြင့် အိမ်အကူအား အပြင်ထွက်၍ ရှာခိုင်းသည်။အိမ်အကူလေးသည် ဝေ့ရွှယ်ကို ခေါ်မည်ပြုစဉ်၊ ဝေ့ရွှယ်သည် လက်ထဲရှိ ပန်းများကို ချေမွှပစ်နေမှန်း သိလိုက်ရ၏။သူမ စိတ်ရှုပ်သွားရသည်။ဝေ့ရွှယ်သည် မိဘစကားကို အမြဲနာခံပြီး ကြင်နာတတ်သူဖြစ်သည်။ထို့အပြင်၊သူမတို့ အိမ်အကူတွေကိုပင် ပန်းပင်များအား ဂရုစိုက်ဖို့ အမြဲပြောလေ့ရှိ၏။အခုကျတော့ ဘာလို့ ပန်းတွေကိုဖျက်ဆီးပစ်နေတာလဲ… ထို့အပြင် သူမ၏ အမူအရာမှာ တစ်ယောက်ယောက်ကို သတ်ချင်စိတ်ပေါက်နေသလို ရက်စက်ပြင်းထန်လှသည်။သူမ ပြန်သွားဖို့တွေးမိသေးသည်။အဝေးကိုအမြန်သွား၍ မမြင်ဟန်ဆောင်လျှင်လည်း ဖြစ်သည်။ယခုအချိန် ဝေ့ရွှယ်အနား သွားပါက၊သူမကိုပါ ဆူပူနိုင်၏။
သို့ရာတွင်၊ ဝေ့ရွှယ်၏မျက်နှာအမူအရာသည် ယခုအချိန်တွင် ကြောက်စရာကောင်းသော်လည်း၊သာမာန်အချိန်တိုင်းတွင် အိမ်အကူများအပေါ် ထားရှိသည့် သဘောထားကို တွေးလိုက်ပြီး ဘာမှမဖြစ်နိုင်မှန်း စိတ်ထဲမှ ထင်မိနေသေးသည်။သူမ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဝေ့ရွှယ် နံဘေးကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် ဝေ့ရွှယ်သည် ပန်းနှင့်ရန်ဖြစ်နေ၍ နောက်မှတစ်စုံတစ်ယောက်ရောက်လာသည်ကို လုံးဝသတိမထားမိပေ။သူမ ပန်းကို ဖျက်ဆီးနေစဉ် တိုးတိုးလေး ရေရွတ်နေသည်မှာ...
"စုမုန့် မကြာခင် ငါ နင့်ကို သတ်ပစ်မယ်...ဒီတစ်ခါ နင် မသေသေးဘူးဆိုတော့ နောက်တစ်ကြိမ်ကို စောင့်ကြတာပေါ့...နင် ဒီလောက်ကံကောင်းနေသေးတာကို ငါမယုံဘူး..."
အိမ်အကူက ဝေ့ရွှယ်အနားကို ရောက်သည့်အခါ ထိုစကားတွေကို ရှင်းရှင်းလင်းလင်း ကြားရလေသည်။ သူမ ဝေ့ရွှယ်ကို ထိတ်လန့်တကြား ကြည့်နေမိတော့၏။
သူမဟာ သခင်မလေးကို သတ်ပစ်မယ်လို့ တကယ်ပြောခဲ့တာလား…
အို...သာမန်ဆို အရမ်း ကြင်နာတတ်တဲ့ ဒုတိယသခင်မလေးက ဘာလို့ ရုတ်တရက် ဒီလောက်တောင် ရက်စက်ရတာလဲ...
အိမ်အကူ ဘာလုပ်ရမှန်းမသိဘဲ နေရာတွင် ရပ်နေမိသည်။ သူမ အရင်ထွက်သွားသင့်လား ဒါမှမဟုတ် ပုံမှန်အတိုင်း ခေါ်လိုက်သင့်လား...
ဝေ့ရွှယ်၏ အမူအရာနှင့် လေသံကို ကြည့်လိုက်ပါက၊တော်ရုံ ပြောနေပုံ မရပေ။ စုမုန့်ကို သူမဘာလို့ ဒီလောက်တောင် ဒေါသကြီးရတာလဲ...
စုမုန့်ကို ဝေ့မိသားစုတွင် ဘယ်သူကမှ မကြိုဆိုခဲ့သော်လည်း၊အိမ်အကူများစွာက သူမ ခိုင်းတာကို မလုပ်ပဲ ကွယ်ရာမှာရော၊ရှေ့မှာပါ မထီမဲ့မြင်ပြုခဲ့ကြသော်လည်း၊ စုမုန့်သည် အတော် စိတ်ထားကောင်းသူဖြစ်ကြောင်း သူမတို့အားလုံး သိထားကြ၏။ယခုနောက်ပိုင်း၊သူမ၏ အကျင့်စရိုက်က သိသိသာသာ ပြောင်းလဲသွားပြီး လူတိုင်းအပေါ် စိတ်မရှည်တတ်သော်ငြား၊အရင်တုန်းကတော့ အိမ်အကူများအပေါ် ကောင်းမွန်သူပင်။အိမ်အကူတစ်ယောက် ခွင့်ယူချင်သည်ဖြစ်စေ၊တစ်ခုခုဒုက္ခရောက်နေသည်ဖြစ်စေ၊သူမကို သွားအကူအညီတောင်းကြသည်။
အိမ်အကူများအမြင်တွင် စုမုန့် နှင့် ဝေ့ရွှယ် ၏ဆက်ဆံရေးသည် အထူးကောင်းမွန်သည်။ သူတို့နှစ်ယောက်က ညီအစ်မတွေလို ခွဲလို့ပင် မရ။ဝေ့ရွှယ် သည် စုမုန့် ဝေ့မိသားစုတွင် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သောကြောင့် စုမုန့်ကို နေ့တိုင်း ပိုမိုယဉ်ကျေးစွာ ဆက်ဆံဖို့ အိမ်အကူများအား ပြောထားခဲ့သည်။
ဒါပေမယ့် အခုအချိန်မှာတော့ ဝေ့ရွှယ် က စုမုန့်ကို သတ်ချင်တယ်တဲ့လား.... သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်တုန်းက တင်းမာလာတာလဲ…
အိမ်အကူ မတ်တပ်ရပ်နေဆဲဖြစ်ပြီး မလှုပ်မိတော့။ ဝေ့ရွှယ် ပန်းပွင့်ပေါ်မှာသာ အာရုံကရှိနေ၍ သူမစကားကို နောက်ကလူ ကြားရမှန်းတောင် မသိသေး။သူမက ဆက်၍ တိုးတိုးလေးပြောသည့်စကားကို အိမ်အကူ ကြားရလျှင် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ် ထိုင်ချလုမတတ် ဖြစ်သွားလေတော့၏။
xxxxx