Chapter 113
(မျက်လုံး)
ဝေ့ရွှယ် သည် ပန်းပွင့်များကို ချေမွပြီးနောက် ပန်းကိုင်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး တက်နင်းလိုက်သည်။
"စုမုန့်၊ မနက်ဖြန် နင် အစ်ကိုဝေ့ထင် နဲ့ ပြန်လာဝံ့ရင် နင့်အသက်ရှင်ပြီး ပြန်နိုင်မှာမဟုတ်ဘူးလို့ ငါအာမခံတယ်"
အိမ်အကူမိန်းကလေး ဝေ့ရွှယ် စကားကြောင့် လုံးဝကို ထိတ်လန့်သွားသည်။သူမ လှည့်ထွက်သွားချင်စိတ်ပါဖြစ်မိသည်။ ဒုတိယ သခင်မလေးက ဒီလောက်ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။သူမမှာ မရှိသင့်သည့် လျှို့ဝှက်ချက်ကို ကြားမိသွားရလေပြီ။ ဝေ့ရွှယ်သာ သိခဲ့လျှင် ထိုအကျိုးဆက်ကို သူမ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သူမ ကြောက်စိတ်ပိုလာလေလေ၊ တစ်ခုခုဖြစ်လာနိုင်ချေ ပိုများလေလေဖြစ်သည်။ သူမ တိတ်တဆိတ် ထွက်သွားဖို့ ခြေထောက်ကို လှည့်လိုက်ချိန်မှာ အမေဝေ့၏ အသံက ရုတ်တရက် ထွက်လာသည်။
"နင် ဘာဖြစ်နေတာလဲ...ငါ နင့်ကို နင့်သခင်မလေးကို လှမ်းခေါ်ခိုင်းတာ ဘာလို့ ကြာနေတာလဲ"
အမေဝေ့၏အသံကို သူမ ကြားလိုက်သည့်အခိုက်တွင် သူမ နှလုံးသားသည် လည်ချောင်းထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားသည်။
“ကျွန်မ…ကျွန်မ”
အိမ်အကူက လှည့်၍ အမေဝေ့ကို ကြည့်လိုက်သည်။အချိန်အတော်ကြာအောင် စကားထစ်နေပြီး တခြားဘာမှ မပြောနိုင်ပေ။
ဝေ့ရွှယ် သည် အမေဝေ့ ၏ အသံကို ကြားသောအခါ နောက်တွင် တစ်စုံတစ်ယောက် ရှိနေကြောင်း သူမ သိလိုက်သည်။ သူမ နောက်ကို လှည့်ကြည့်လိုက်ရာ အိမ်အကူကို တွေ့လိုက်ရသည်။သူမ ဘယ်ချိန်ကရောက်လာမှန်းတောင် သတိမထားမိလိုက်။သူမ ပြောတာတွေများ ကြားသွားပြီလား...သူမ အိမ်အကူကို အေးစက်စွာ ကြည့်လိုက်သည်။သို့သော်၊ အိမ်အကူက သူမကို လုံးဝ မကြည့်ဝံ့ဘဲ ခေါင်းကို အမြန်ငုံ့လိုက်ပြီး စကားမပြောလာတော့။ချက်ချင်းဆိုသလို၊သူမ အမြန်ပြုံးကာ အမေဝေ့ဆီပြေးပြီး အမေဝေ့၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
“အမေ၊ ဘာလို့ သမီးကို ရှာနေတာလဲ...သမီး ဒီမှာ ပန်းတွေကိုကြည့်နေတာဆိုတော့ သတိမထားမိဘူး"
ပြောပြီးသည်နှင့် အိမ်အကူကောင်မလေးကို ပြန်ကြည့်သည်။သူမအကြည့်တွေက အေးစက်သွားသော်လည်း နူးညံ့စွာဖြင့်...
“နင် ဘယ်တုန်းက ရောက်လာတာလဲ...ငါ့ကို ခေါ်လိုက်ရောပေါ့... ငါတောင်မသိလိုက်ဘူး...အမေ့ကို စောင့်ခိုင်းတာ မကောင်းဘူးလေ”
အိမ်အကူမလေးခမျာ ကိုယ်လုံးလေးတောင် တုန်လှုပ်သွားပြီး စကားထစ်ကာဖြင့် "ကျွန်မကလေ...တစ်ကယ်တော့..."
အမေဝေ့သည် အကြောင်းရင်းကို မသိသဖြင့် အိမ်အကူမလေး နုံအသည် ဟုသာ တွေးခဲ့သည်။သူမ အိမ်အကူပြောတာကို နားထောင်ဖို့ စိတ်မဝင်စားတော့ဘဲ ဝေ့ရွှယ်ကိုသာ မေးလိုက်သည်။
"သမီးအစ်ကို့ကို မေးနေတာလား...သူ ဘယ်တော့ပြန်လာမှာတဲ့လဲ"
"အမေ အထဲမှာ စကားပြောရအောင်… အပြင်မှာ အရမ်းပူတယ်"
ဝေ့ရွှယ်က အမေဝေ့၏ လက်ကို ကိုင်ကာ အိမ်ထဲသို့ ၀င်သွားရင်း အိမ်အကူ ကောင်မလေးကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ကြည့်လိုက်သည်။
အိမ်အကူမလေး ဘာလုပ်ရမှန်းပင် မသိတော့။ ဝေ့ရွှယ်ကို တောင်းပန်သင့်သလား ဒါမှမဟုတ် ဘာမှမသိသလို ဟန်ဆောင်နေရမလား…သူမ ကြောက်လန့်ပြီး ဝေ့ရွှယ်က သူမအား ဘယ်လို ဆက်ဆံမလဲ ဆိုသည်ကို တွေးနေမိ၏။
သူမကို အလုပ်ထုတ်ဖို့ အကြောင်းပြချက်ရှာမှာလား ဒါမှမဟုတ် နှုတ်ဆိတ်နေခိုင်းမှာလား… နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ဒုတိယသခင်မလေးက လူတစ်ယောက်ကို သတ်ချင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...
အိမ်အကူမသိခဲ့တာက၊ ဝေ့ရွှယ် အမေဝေ့နှင့် အိမ်ထဲကို ဝင်လာပြီးနောက် ပြတင်းပေါက်နားမှာ ရပ်ကာ သူမကို ကြည့်နေသည်ကိုပင်။
"အမေ ပြောတာ ကြားလား... သမီး ဘာကြည့်နေတာလဲ"
ဘေးမှာရပ်နေသည့် အမေဝေ့သည် ဝေ့ရွှယ်တစ်ယောက် ပြတင်းပေါက်အပြင်ဘက်ကို မလှုပ်မယှက်ဘဲ စိုက်ကြည့်နေ၍ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ အပြင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ဘာမှ မတွေ့။
အမေဝေ့ ခေါ်သံကြောင့် ဝေ့ရွှယ်သည် ရုတ်တရက် အသိစိတ်ပြန်ကပ်လာကာ ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...အခုလေးတင် အပြင်မှာ ဒဏ်ရာရနေတဲ့ ငှက်ကလေးတစ်ကောင် တွေ့သလားလို့ပါ...သမီး ကူညီရမလားလို့ တွေးနေတုန်း ငှက်လေးက ထပျံသွားတာ"
"သမီးက အရမ်းကြင်နာတတ်တာပဲ..… လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သမီး အရမ်းသနားတတ်တယ်...သမီး လက်ထပ်တဲ့အခါ သမီးလေး အနိုင်ကျင့်ခံရမှာကို အမေ တစ်ကယ်ကြောက်တယ်…လူသားတစ်ယောက်အနေနဲ့ သမီး ကိုယ့်ကိုယ်ကို ပိုစဉ်းစားသင့်တယ်နော်”
အမေဝေ့က ဝေ့ရွှယ်ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ထိုစဉ် ဘေးက အဖေဝေ့မှ ပြောလာ၏။
“မင်း သမီးကို ဘယ်သူသင်ပေးတာလဲ ဆိုတာ မသိဘူးလား... သမီးက ရုပ်ရည်ချောမောပြီး အရမ်းထင်မြင်တယ်..ဘယ်လိုကောင်မျိုးက သူမကို အနိုင်ကျင့်ရဲမလဲ"
“ပြောရရင် ရှောင်ရွှယ် လည်း မငယ်တော့ဘူး…သမီး ကြိုက်တဲ့ ကောင်လေးကို အဖေ့ကို ပြောပြစမ်း... အဖေ ကြည့်ပေးမယ်"
အဖေဝေ့ ဝေ့ရွှယ်၏ စိတ်ထားကို အလွန်ကျေနပ် သဘောကျသည်။သူမ၏ စိတ်ထားမျိုးမှာ အမျိုးကောင်းသမီးများ ရှိထိုက်အပ်သော စိတ်ထားမျိုးပင်။ ပြောရင်းဆိုရင်း၊သူ့ချွေးမကို ရုတ်တရက် တွေးမိရာ ဒေါသတို့ငယ်ထိပ်ထိဆောင့်တက်လာရတော့သည်။
သူ့အဖေကို နားမလည်နိုင်တော့။ ဝေ့ထင်နှင့်သင့်တော်သော အစစအရာအရာပြည့်စုံသည့် မိန်းကလေးများစွာရှိပါလျက်၊ ကျောထောက် နောက်ခံမရှိ၊ရိုင်းစိုင်းသော မိန်းကလေးမျိုးကို ဝေ့ထင်နှင့် လက်ထပ်စေခဲ့သည်။
(အိမ်ထောင်ရေး)
ထိုရိုင်းစိုင်းသည့် မိန်းကလေးက ယောက္ခမကို ထောင်ထဲပို့ပစ်ခဲ့သည်။ သူ့သူငယ်ချင်းတော်တော်များများကလည်း ဤကိစ္စကြောင့် သူ့ကို လှောင်ပြောင်ကြသည်။ထိုမကောင်းသတင်းများအပြင်၊စုမုန့်သည် ဖုန်းရွှေပညာရှင် ဖြစ်နေကြောင်း တခြားသူတွေဆီကနေ ကြားခဲ့ရ၏။သူမသည် ဖုန်းရွှေပညာရှင်အသိုင်းအဝိုင်းတွင် အလွန်ကျော်ကြားပြီး သူဌေးများစွာက သူမအား မိတ်ဖွဲ့ချင်ကြသည်။ သူမသည် ယောက်ျားလေးတစ်သိုက်နှင့် တစ်နေကုန် အချိန်ဖြုန်းနေခဲ့သည်။ ထိုမျှမကသေး၊သူမအိမ်မှာလည်း သူစိမ်းယောက်ျားတစ်ယောက် ရောက်နေ၏။ သူမသည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပင်။လုံးဝ အရှက်မရှိသူဖြစ်၏။
ဖုန်းရွှေကို သူ မမုန်းပေ။သူ့ကုမ္ပဏီမှာ ပရောဂျက်ကြီးကြီးမားမားလုပ်ရသည့်အခါ၊ ဖုန်းရွှေပညာရှင်များကို လူလွှတ်ပြီး ရှာဖွေခိုင်းရသည်။ သို့သော် သူ့ချွေးမကိုတော့ ဘယ်သောအခါမှ ဖုန်းရွှေပေးမကြည့်ပေ။
"အဖေ ဘာတွေပြောနေတာလဲ"
ဝေ့ရွှယ်က အဖေဖြစ်သူ၏ လက်ထပ်ဖို့တိုက်တွန်းသည့်စကားကို ကြားလျှင် ဝမ်းနည်းဟန်ဆောင်ပြီး နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်သည်။ထို့နောက် အဖေဝေ့ လက်မောင်းကို ဖက်ကာ တိုးတိုးလေးပြောသည်။
“အဖေ့ အဖိုးတန်သမီးလေးကို တခြားတစ်ယောက်နဲ့ လက်ထပ်ခွင့်ပေးမှာလား...အစ်ကိုက အိမ်ထောင်ကျသွားပြီးလေ...အဖေ မြင်တဲ့အတိုင်း သူ့မိန်းမကို အချိန်တိုင်း ဂရုစိုက်နေရတာ…အဖေ့ကိုကျတော့ ဂရုစိုက်ဖို့ အချိန်မရှိဘူး…သမီးက ညီမအနေနဲ့ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမှာ"
"အဖေက သမီးကို လက်ထပ်စေချင်ရင်တောင် သမီး အဖေတို့နားက ထွက်မသွားချင်ဘူး…မိဘတွေအနားမှာ ထာဝရ သမီးလေးပဲ ဖြစ်ချင်တယ်... ဖေဖေက သမီးအိမ်မှာ နေနေတာကိုမကြိုက်လို့ အေးဆေးဆေးနေချင်လို့ အတင်းလက်ထပ်ခိုင်းနေတာလား"
စကားအဆုံးတွင် သူမ၏မျက်လုံးများသည် အနည်းငယ်နီရဲနေသော်လည်း အဖေဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုး၍ မျက်နှာက ပြုံးယောင်ဆောင်ထား၏။
ဝေ့ရွှယ်၏ သနားစရာကောင်းသော ပုံစံကိုကြည့်ရင်း အဖေဝေ့က အမြန်နှစ်သိမ့်ပေးရင်း “မဟုတ်ပါဘူး…သမီးအမေနဲ့ အဖေက သမီးနဲ့မခွဲဘူးဆိုတာ သေချာတယ်...ငါ့သမီးက ဒီလောက်လိမ္မာတာကို ဘယ်သူက မနေစေချင်ဘဲနေမှာလဲ"
အဖေဝေ့၏ နှစ်သိမ့်စကားကြောင့် သူမ သက်တောင့်သက်သာ ဖြစ်လာရသည်။ သူမ ဝေ့ထင်ကို မောင်နှမတွေဖြစ်နေလျက်နှင့် ဂရုမစိုက်ဘဲ ချစ်လာခဲ့၏။ထို့ကြောင့် သူမတို့နှစ်ယောက် အတူတူရှိဖို့ အခွင့်အရေးကို သေချာပေါက် ရှာရမည်ဟု သူမ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။သူမ တတ်ဆိတ်နေချိန်မှာ အဖေဝေ့က
"ရှောင်ရွှယ် ...သမီးက ငယ်သေးတယ်ဆိုတာ အဖေ သိတယ်...လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုရင် အဖေ ခွင့်ပြုမယ်...ဒါပေမယ့် သုံးနှစ်အတွင်းမှာ အိမ်ထောင်ပြုရမယ်...မဟုတ်ရင် သူများတွေက သမီးကို လှောင်ရယ်ကြလိမ့်မယ်"
ဝေ့ရွှယ်သည် အရာရာတိုင်းအတွက် ကန့်သတ်ချက်များကို အမြဲသိထားပြီး အခြေအနေကို အကဲခတ်သည့်နေရာမှာ ထူးချွန်သူပင်။အမေဝေ့နှင့်အဖေဝေ့က သူမကို ချစ်ရသည့်အကြောင်းရင်းမှာ သူမ သူတို့ကို ဘယ်တော့မှ ဒေါသထွက်အောင် မလုပ်ခဲ့သလို၊စကားနားထောင်တာကြောင့်ပင်။
ထို့ကြောင့် အဖေဝေ့၏ စကား ဒုတိယပိုင်းကို ကြားလိုက်သောအခါတွင် သူမ ငြင်းဆန်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။ထို့ကြောင့် သူမက တိုးတိုးလေးပြောသည်။
“ဟုတ်ပါတယ်…နောင်နှစ်နည်းနည်း ကြာတဲ့အထိ အဖေနဲ့အမေအနားမှာ ရှိနေမှာပါ...အဖေတို့ကို သမီးအိမ်ထောင်ရေးကိစ္စကို အပ်ထားပါ့မယ်...အဖေက အရမ်းတော်တဲ့သူဆိုတော့ ထူးချွန်တဲ့လူတစ်ယောက်ဆိုရင် သမီးလည်း ကျေနပ်ပါတယ်"
အဖေဝေ့က ကျေနပ်စွာ ပြုံးလိုက်သည်။ “ဒါဆို စိတ်မပူပါနဲ့...သမီးက ငါတို့ ဝေ့မိသားစုရဲ့ ဒုတိယမြောက် သခင်မလေးလေ…အဖေက သမီးအတွက် အရမ်းကောင်းတဲ့ ခင်ပွန်းကောင်းမျိုး ရှာပေးမယ်…သမီးရဲ့အစ်ကိုလို မယဉ်ကျေးတဲ့ အရိုင်းအစိုင်းမိန်းကလေးနဲ့ အိမ်ထောင်ပြုလို့ မရဘူး...”
ဝေ့ရွှယ် စိတ်ထဲမှာ လှောင်ရယ်နေမိသော်လည်း အပေါ်ယံမှာတော့ စုမုန့်ကို ကာကွယ်ခဲ့သည်။
“စုမုန့်အကြောင်း မပြောပါနဲ့...သူမက အရမ်း သနားစရာ ကောင်းပါတယ်...အခုလည်း ဒဏ်ရာရထားတာ...တော်သေးတာပေါ့၊ အစ်ကိုက သူမ အနားမှာ အမြဲရှိနေပေးတယ်”
"သူမ ဘာဖြစ်နေတာလဲ... ဝေ့ထင်က အပြင်မှာ အလုပ်မလုပ်ဘူးလား... သူဘာလို့ သူမကို ဂရုစိုက်နေတာလဲ...အဖေ့ကိုပြော"
အမေဝေ့ကလည်း ဝင်ပြောသည်။
“စုမုန့်က ဘာလုပ်နေတာလဲ”
ဝေ့ရွှယ်သည် မပြောသင့်သည့်အရာကို ပြောမိသွားပြီ ဆိုသောပုံစံဖြင့် လန့်သွားကာ
အဖေဝေ့က သူမကိုကြည့်ကာ "ဘာဖြစ်နေတာလဲ...အဖေ့ကို ပြောလို့မရဘူးလား"
“အဲဒါ မပြောနိုင်တာ မဟုတ်ပါဘူး..ဒါပေမယ့်…”
သူမက အဖေဝေ့နှင့် အမေဝေ့ကို ဂရုတစိုက်ကြည့်ကာ
"သမီးက အတို့အထောင်လုပ်တာမဟုတ်ပါဘူး.. အဖေနဲ့အမေကိုပြောတာက အဆင်ပြေမယ်ထင်တာပဲ...ဒီလိုပါ...စုမုန့် မကြာသေးခင်က ယာဉ်တိုက်မှုဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်...ဆေးရုံတက်နေတုန်းပဲ”
“အဲဒီတုန်းက သူနဲ့ အတူနေခဲ့တဲ့ ကောင်လေးတစ်ယောက်လည်း ရှိခဲ့တယ်...ညနက်သန်းခေါင်မှာ သူတို့ဘာတွေလုပ်နေကြတာလဲ မသိဘူး... အသစ်လုပ်ထားတဲ့ လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ခဲ့တာ.. စုမုန့် ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး… ဒါပေမယ့် အဲဒီလူက သူမကို ကာကွယ်လိုက်တော့ သူက အသက် အန္တရာယ်ရှိသွားတယ်”
“စုမုန့် ကတော့လေ သူမကို ကာကွယ်ဖို့အတွက် အသက်ကိုတောင် စတေးပေးတယ့် သူငယ်ချင်းတစ်ယောက်ရှိတာ အရမ်းကံကောင်းတယ်နော်... ဒီလိုဆက်ဆံရေးမျိုးက တစ်ကယ်ကို အံ့သြစရာကောင်းတယ်... အစ်ကိုက ဆေးရုံမှာ လိုက်စောင့်ပေးတယ်လေ...နေ့တိုင်းသွားစောင့်နေတာဆိုတော့ ဒီညလည်း သူအဲဒီမှာနေနိုင်တယ်”
xxxxx