Chapter 114
( မိန်းကလေးမုန့်)
ဝေ့ရွှယ်၏စကားများသည် အလွန်လိမ္မာပါးနပ်သည်။ သူမ စကားထဲ လိမ်ညာတာ တစ်ခုမှ မရှိသော်လည်း နားထောင်နေသူများကတော့ စိတ်အဆင်မပြေဖြစ်ရသည်။ မျှော်လင့်ထားသည့်အတိုင်း အဖေဝေ့နှင့်အမေဝေ့သည် သူမစကားကို နားထောင်ပြီးနောက် ပို၍ပင် မကျေမနပ်ဖြစ်သွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး အမေဝေ့က
"ဘာကောင်းတာလဲ...အဲဒါက တခြားယောက်ျားတွေနဲ့ လုံးထွေးနေလို့လေ..သူတို့နှစ်ယောက် ညသန်းခေါင်အပြင်ထွက်ပြီး မလုပ်သင့်တာတွေ လုပ်နေကြလားမှမသိတာ.. အဲဒါကြောင့် သူတို့ အပြစ်ပေးခံရတာ”
သူတို့သုံးယောက် ပထမထပ်ရှိ ဧည့်ခန်းတွင် စကားစမြည်ပြောကြစဉ် သိပ်မကြာခင်မှာပဲ အပေါ်ထပ်က တံခါးဖွင့်သံထွက်လာသည်။သုံးယောက်သား တစ်ချိန်တည်းမှာ ရပ်လိုက်ပြီး စကားမပြောဖြစ်ဘဲ လှေကားရင်းကို လှမ်းကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ဝေ့မိသားစု၏ သခင်ကြီးသည် လမ်းလျှောက်တုတ်ဖြင့် အပေါ်ထပ်မှ ဖြည်းညှင်းစွာဆင်းလာခဲ့သည်။သခင်ကြီး၏ ခြေထောက်များသည် သိပ်မကောင်းတော့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ဒေါင်ဒေါင်မြည်ဆဲ။သူ့မျက်လုံးများသည် တောက်ပပြီး တည်ငြိမ်အေးချမ်းသည့်အသွင်ဆောင်ကာ တစ်ဖက်လူကို လေးစားစိတ်များဖြစ်စေ၏။
ဝေ့ရွှယ်သည် အမြဲတမ်း အေးစက်စက်နှင့် မပြုံးတတ်သည့် အဘိုးကို အကြောက်ဆုံးဖြစ်သည်။သူ ဆင်းလာတာကို မြင်တော့ နှုတ်ဆက်ဖို့ မေ့သွားကာ အဖေဝေ့နှင့်အမေဝေ့ အနားတွင်သာ တိုးရပ်လိုက်မိသည်။သူမတင်မဟုတ်၊ အဖေဝေ့တောင်မှ သူ့အဖေကို အတော်ကြောက်ရသည်။ အဘိုးဝေ့ သည် ယခင်က အတော်ပင် အရိုက်ကြမ်းသူဖြစ်၍ သူ ယနေ့ထိ ရှိန်နေဆဲပင်။နောက်ဆုံးတော့ အမေဝေ့က အဘိုးဝေ့ကို ကူညီဖို့ လျှောက်သွားသည်။
"အဖေ၊ ဘာလို့ ဆင်းလာတာလဲ... လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ရတာ ပင်ပန်းတယ်”
အဘိုးဝေ့ကို တလေးတစားမေးရင်း အဖေဝေ့က ပြုံးနေသည်။
"အဲ့ဒီကောင်မလေး ဘယ်မှာလဲ စုမုန့်လေ...ငါ သူ့ကို မတွေ့ရတာကြာပြီ...ဖုန်းလည်း မဆက်ဖြစ်ဘူး…သူမ ဖုန်းနံပါတ်ပြောင်းတာကို မင်းတို့က ငါ့ကို ဘာလို့အကြောင်းကြားတာလဲ"
အဘိုးဝေ့သည် အဖေဝေ့ကို ဂရုမစိုက်ဘဲ ဝေ့ရွှယ်အား မေးသည်။
"ရှောင်ရွှယ် ငါ ခုနက မအိပ်ခင်တုန်းက ကောင်မလေးမုန့်ကို ရှာပေးမယ်လို့ နင် ပြောတယ် မဟုတ်ဘူးလား…အခုထိ သူမ ပြန်မလာသေးဘူး... အလုပ်လုပ်နေတာလား ၊ အပြင်ထွက်သွားတာလား"
အဘိုးဝေ့၏ မျက်ခုံးများသည် မှုန်ကုပ်နေ၍ သူ တော်တော်စိတ်မရှည် ဖြစ်ေနပုံပင်။ ဝေ့ရွှယ် ဘယ်လိုဖြေရမှန်းမသိ၍ အဖေဝေ့နှင့် အမေဝေ့ကို အကူအညီတောင်းရန် လှမ်းကြည့်လိုက်သည်။
အဖေဝေ့က ခဏလောက်စဉ်းစားပြီး “စိတ်မပူပါနဲ့...စုမုန့် ရဲ့ဖုန်းနံပါတ် အသစ်ကိုလည်း ကျွန်တော်တို့ မသိဘူး...သူမ အပြင်ထွက်နေတာကြာပြီး...ကျွန်တော်တို့ကိုလည်း မဆက်သွယ်ဘူး.. ငယ်ငယ်ကတည်းက သူ့မှာ မိဘမရှိဘူးဆိုတာ အဖေလည်းသိသားနဲ့...သူမကို ပြောဆိုဆုံးမယ့်သူမရှိဘူးလေ.. "
"ပါးစပ်ပိတ်ထား!"
အဘိုးဝေ့အော်သံကြောင့် အဖေဝေ့ ချက်ချင်းနာခံပြီး ပါးစပ်ပိတ်ထားသည်။
“နောင်မှာ ဘာပဲဖြစ်ဖြစ် မိန်းကလေးမုန့် ရဲ့မိဘတွေကို ထည့်ပြောခွင့်မပေးဘူး...ပြောတာကြားရဲ့လား... သူက ဝေ့မိသားစုမှာ အိမ်ထောင်ကျပြီးကတည်းက ဝေ့မိသားစုထဲက ကလေးတစ်ယောက် ဖြစ်သွားပြီ...မင်းတို့နှစ်ယောက်က သူ့မိဘတွေပဲ"
ထိုစဉ် အမေဝေ့က ဝင်ပြော၏။ “ကျွန်မတို့က သူမကို သမီးအရင်းလို အမြဲတမ်း ဆက်ဆံပေမယ့် သူကတော့ မိဘတွေလို ဆက်ဆံတာ မဟုတ်ဘူး"
အဘိုးဝေ့ မျက်မှောင်ကြုတ်ကာ “ဘာကိုဆိုလိုတာလဲ”
သူ့မျက်နှာမှာ မကျေမနပ်ဖြစ်နေဟန်က သိသာထင်ရှားနေပြီ။
အဘိုးဝေ့သည် စုမုန့်ကို အမြဲတမ်း တန်ဖိုးထား ချစ်ခင်ကြောင်း ဝေ့ရွှယ် သိသည်။ သို့သော် အမေဝေ့၏ ရှက်ရွံ့သောအမူအရာကို မြင်လိုက်ရသဖြင့် သူမလည်း အရဲစွန့်ကာ ခြေလှမ်းစရတော့သည်။
"အဘိုး မသိသေးတာတစ်ခုရှိတယ်... စုမုန့်က အခု အိမ်မှာ မနေချင်တော့ဘူး...အိမ်ကိုလည်း မပြန်တာကြာပြီ...အပြင်မှာပဲ နေတယ်…”
ကျန်စကားလုံးများကို သူမဆက်မပြောတော့။ဤစကားကို ပြောရုံဖြင့် အလွန်ထင်ရှားနေပြီဖြစ်သည်။ထိုအခါ အဘိုးဝေ့ ဆက်မမေးတော့ဘဲ ဝေ့ထင်အကြောင်း မေးသည်။
"ဝေ့ထင် ဘယ်မှာလဲ...သူအခုဘယ်မှာလဲ"
“အစ်ကိုဝေ့ထင်က အလုပ်လုပ်နေတယ်...သူ အရမ်းကို အလုပ်များလွန်းနေတော့ တစ်ခါတလေ သူ့မှာ စားဖို့တောင် အချိန်မရှိဘူး”
ဝေ့ရွှယ်က အမြန်ပြန်ဖြေသည်။သူမ၏ တုံ့ပြန်မှုကို အဖေဝေ့နှင့် အမေဝေ့က သဘောကျလျက်ရှိသည်။
“ဒါပေမယ့် အဘိုး စိတ်မပူပါနဲ့. အစ်ကိုဝေ့ထင်က မနက်ဖြန်ပြန်လာမယ်လို့ ပြောလိုက်တယ်... သူအလုပ်တွေရှုပ်နေလို့ ပါ…အဘိုး စိတ်မရှိပါနဲ့"
"မိန်းကလေးမုန့်ကို သူနဲ့အတူ ပြန်ခေါ်လာမှာလား"
“အဲ…ဒီအကြောင်းတော့ မသိဘူး... အစ်ကိုနဲ့ ယောက်မအကြောင်း ကျွန်မလည်း အတိအကျ မသိပါဘူး”
ဝေ့ရွှယ်က ပါးပါးနပ်နပ် ရှောင်ပြောပြန်၏။
သူ့ကို ဘာအကြောင်းပြချက်မှ မပေးနိုင်သဖြင့် အဘိုးဝေ့ မျက်မှောင်ကြုတ်ပြီး အေးစက်စွာပြော၏။
“ဝေ့ထင်ကို မနက်ဖြန် သူနဲ့အတူ ကောင်မလေးမုန့်ကို ပြန်ခေါ်လာရမယ်လို့ ပြောလိုက်...မဟုတ်ရင် သူလည်းပြန်လာဖို့ မလိုဘူး”
“ဟုတ်..."
"အဖေ၊ အပေါ်ထပ်တက်ပြီး ခဏအိပ်ရင်ကောင်းမယ်... ဘာမှစိတ်မပူပါနဲ့... ကျွန်တော်တို့ အားလုံး ကြည့်စီစဉ်ပါ့မယ်"
အဖေဝေ့၏ စကားကြောင့် နောက်ဆုံးတွင် အဘိုးဝေ့ အနားယူရန် အပေါ်ထပ်သို့ တက်သွားသည်။
အဘိုးဝေ့ အခန်းထဲဝင်သွားပြီးနောက်… အမေဝေ့က အဖေဝေ့ကို တိုးတိုးပြောသည်။
“ဒီစုမုန့်က ငါတို့ကို ဒုက္ခတွေ အများကြီးပေးခဲ့တယ်... ဝေ့ထင်က သူ့ကို ကွာရှင်းဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ ဝေ့မိသားစုကို လာခွင့်မပေးတော့ဘူး...ဝေ့မိသားစုကို မျက်နှာပျက်အောင်လုပ်ထားတာလေ"
(ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့..)
အဖေဝေ့က ခေါင်းညိတ် သဘောတူသည်။ "တစ်ကယ်တမ်းကျ စုမုန့် က ဝေ့မိသားစုထဲကနေ မထွက်ချင်ဘူးထင်တယ်...သူ ဟန်ဆောင်ထားတာဖြစ်ရမယ်...ဝေ့ထင် သူမကို ဂရုစိုက်လာအောင် ဖျားယောင်းချင်တာလားမသိဘူး"
"ရှောင်ရွှယ်"
အဖေဝေ့က သူမကိုလှမ်းခေါ်သည်။
“ဒီကိစ္စကို သမီးဆီ အပ်ထားမယ်... စုမုန့် ငါတို့ဝေ့မိသားစုဆီ မလာဖို့ကြိုးစားပေးပါ...မဟုတ်ရင် သခင်ကြီးက သူမကိုတွေ့တာနဲ့ သူတို့အိမ်ထောင်ရေးက လွယ်လွယ်ပြီးသွားမှာ မဟုတ်ဘူး”
"ဒါပေမယ့် အစ်ကိုသိသွားရင် သမီးကို အပြစ်ပုံချမှာကြောက်တယ်"
ဝေ့ရွှယ် က လန့်သွားဟန်ဖြင့်ပြောသည်။
အမေဝေ့ကလည်း “စိတ်မပူပါနဲ့...သမီးက သူ့ညီမလေ...အစ်ကိုကြီးတစ်ယောက်က သူ့ညီမလေးကို ဘယ်လိုလုပ်ပြီး အပြစ်တင်မှာလဲ... ပြီးတော့ အမေတို့လည်းရှိတာပဲ...ကြောက်စရာမလိုပါဘူး”
ဝေ့ရွှယ် စိတ်ထဲမှရယ်မောလိုက်သည်။ သူမလိုချင်တာက သူတို့ယခုလို ပြောလာတာကိုပင်။ယခုဆို သူမကြိုက်တာ လုပ်နိုင်ပြီဖြစ်သည်။
ဆေးရုံထဲ၌...
ဝေ့ထင်က သူ့လက်အောက်ငယ်သားကို ကွန်ပြူတာနှင့် စာရွက်စာတမ်းများ ပေးပို့ခိုင်းသည်။ထို့နောက် ဆိုဖာပေါ်ထိုင်ပြီး အလုပ်လုပ်ဖို့ ကွန်ပြူတာဖွင့်လိုက်သည်။ စုမုန့် သူ့ကိုကြည့်ကာ စိတ်ရှုပ်နေပြီး "ရှင် ဘာလုပ်နေတာလဲ"
ဝေ့ထင်က မျက်တောင်မခတ်တမ်း အလုပ်လုပ်နေရင်းနှင့် “အလုပ်လုပ်နေတာလေ”
စုမုန့် မျက်လုံးပြူးသွားသည်။
"ရှင် အလုပ်လုပ်နေတာ သိတယ်.ကျွန်မ ဆိုလိုတာက ရှင် ဒီမှာ ဘာလုပ်နေတာလဲ... ဒါ ကျွန်မ လူနာခန်းလေ"
ထိုအခါ ဝေ့ထင် မျက်လုံးပြူးသွားရင်း တံခါးကို စိုက်ကြည့်ကာ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
" မကောင်းတဲ့ကောင် လာမှာစိုးလို့"
စုမုန့်: “…”
ဝေ့ထင်သည် ယခုအချိန်တွင် အရူးတစ်ယောက်နှင့် ပိုတူနေပေသည်။ သူတို့ ကွာရှင်းခါနီး နေတာကို တစ်ခန်းတည်းနေဖို့ ဘယ်လို သတ္တိရှိနေတာလဲ...ထိုသို့
စဉ်းစားရင်း သူမ သူ့ကို
“မလိုပါဘူး... ပြန်သွား...သူများတွေ အတင်းအဖျင်း ပြောတာမခံချင်ဘူး...ရှင်ကမှ မကောင်းတဲ့ကောင်ထက် ပိုအန္တရာယ်များတယ်"
ဝေ့ထင် မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်လိုက်ကာ လေးလေးနက်နက်ပြော၏။
"ကိုယ်တို့က တရားဝင် လင်မယားလေ..ကိုယ်က မင်းနဲ့ အတူရှိနေတာက ပုံမှန်ပါပဲ...တို့ကိုဘယ်သူမှ အတင်းအဖျင်းပြောလို့ မရဘူး... ပြီးတော့ ကိုယ်က ရက်စက်တတ်တဲ့ သားရဲမဟုတ်ပါဘူး... မင်းကို မစားဘူး... ဒါကြောင့် မင်း ကိုယ့်အတွက် စိတ်ပူစရာမလိုဘူး... မင်းကို ပြန်ပေးဆွဲတဲ့လူကို မကြောက်ဘဲ ကိုယ့်လို တရားဝင်လင်ယောက်ျားကိုကျမှ ကြောက်နေတာလား"
"ဒါပေမယ့် ကျွန်မတို့ မကြာခင် ကွာရှင်းရတော့မှာလေ"
စုမုန့်က ဆက်ပြောသည်။ ဝေ့ထင် မျက်လုံးမှိတ်ပြီး သက်ပြင်းချကာ မျက်လုံးပြန်ဖွင့်လိုက်သည်။
“ကိုယ်က ကွာရှင်းခွင့်မပေးဘူး…ကိုယ်တို့ကို ကွာရှင်းအောင် ဘယ်သူမှ လုပ်လို့မရဘူး…ဝေ့ရွှယ်နဲ့ ပတ်သတ်ပြီး ကိုယ် စုံစမ်းပြီးပြီ၊ ဒါပေမယ့် မင်းကို ရန်လိုမုန်းတီးသွားစေနိုင်တဲ့ အကြောင်းရင်းမျိုး မင်းတို့နှစ်ယောက်ကြားမှာ ဘာတစ်ခုမှ ရှိပုံမပေါ်ဘူး”
"ကိုယ် သိထားတာက မှားနေတာဖြစ်နိုင်တယ်… ဒါကြောင့် မင်း ကိုယ့်ကို ပြောပြပေးနိုင်မလားလို့ တွေးနေမိတယ်... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ် သေချာဖြေရှင်းပြီး နောက်ဆုံးရလဒ်က မင်းကို စိတ်ကျေနပ်စေမယ်လို့ အာမခံပါတယ်"
ဝေ့ထင် ပုံစံက နှစ်နှစ်ကာကာ သိချင်နေပုံပင်။ စုမုန့် သူ ဤမျှအထိစုံစမ်းထားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက ဝေ့ရွှယ်ကို ခြိမ်းခြောက်မှာကို သူကြောက်နေတာလား…
“ရှင် သေချာပေါက် သိနိုင်မှာမဟုတ်ဘူး…မဖြစ်သေးတာကို သိနေရင်လည်း ထူးဆန်းနေမှာပေါ့"
"ဘယ်လို"
သူမ ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ဘေးနားက ဝေ့ထင်မှာ သူမပြောတာကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေ။သူမကလည်း ပြန်လည်မွေးဖွားလာခြင်းအကြောင်းကို ပြောပြဖို့ အစီအစဉ်မရှိပေ။ မည်သို့ပင်ဆိုစေ၊ သူ့အတွေးများက သူမအတွက် အရေးမကြီးတော့ပေ။
သူမ ကိုယ်ဝန်ရှိပြီးနောက် သူမ မုန်းတီးခဲ့သော အရာအားလုံးနီးပါး ဖြစ်ပျက်ခဲ့သည်။ ယခုလို ပြန်လည်မွေးဖွားခြင်းက ထိုနောက်ဆက်တွဲ ဆိုးယုတ်သော ကိစ္စများအား တိုက်ရိုက်ပြောင်းလဲစေခဲ့၏။ထို့ကြောင့် သူမနှင့် ဝေ့ရွှယ်ကြား မုန်းတီးမှုသည် ယခုထိ လက်ဆုပ်လက်ကိုင် ပြ၍မရသေး၊သူမဘက်က အရင်မုန်းနေခြင်းသာ။သူမသာ ထိုအကြောင်းတို့ကို ဝေ့ထင်အား ပြောပြပါက၊အရူးတစ်ယောက်လိုတောင် ဆက်ဆံခံရနိုင်ဖွယ်ပင်။
ထို့အပြင် ဝေ့ထင် သူမကို ကူညီလိုခြင်း ရှိမရှိ မသိနိုင်သေး။သူ့ဘက်က သူမ ဝေ့ရွှယ်ကို အန္တရာယ်ပေးမှာစိုး၍ ကာပေးနိုင်ခြင်းလည်းဖြစ်နိုင်၏။ထို့ကြောင့် သူမ အေးစက်စွာပြောသည်။
"ဘာမှမဟုတ်ပါဘူး" ထို့နောက် သူမ စကားရပ်လိုက်သည်။
ဝေ့ထင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ခုကို တဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟု သူခံစားရသည်။ထိုခံစားချက်ကို သူ မကြိုက်။
"မနက်ဖြန် ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့"
သူ ဤကိစ္စကို ဆက်မပြောတော့ဘဲ အိမ်ပြန်ဖို့ကိစ္စအား ခေါင်းစဉ်ပြောင်းလိုက်သည်။ချက်ချင်းပင် စုမုန့်က
"မလိုက်ဘူး"
“အဘိုးပြန်လာပြီ… သူ မင်းကို တွေ့ချင်နေတယ်"
“မင်းကို စိတ်ဆိုးလို့ အမေ့ကို အပြစ်မတင်ပါနဲ့…အကြောင်းပြချက်မရှိဘဲ ထောင်ထဲ နေလိုက်ရတဲ့အတွက် သူ မစိတ်ထဲမှာ ခံပြင်းတာပါ...ဒီတခေါက်အိမ်ကိုပြန်လိုက်ခဲ့ပါ...ပြီးတော့ အမေ့ကို သေသေချာချာ တောင်းပန်လိုက်... သူမ ခွင့်လွှတ်လိမ့်မယ်"
စုမုန့် ခဏတုံ့ဆိုင်းသွားသည်။အဘိုးဝေ့သည် ဝေ့မိသားစုတွင် သူမအား ရိုးရိုးသားသား ဆက်ဆံခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး သူမအား များစွာကာကွယ်ပေးခဲ့သည်။ထို့ကြောင့် အဘိုးဝေ့ကို အလွန်တွေ့ချင်သည်။သို့သော် ဝေ့မိသားစုမှာ သူမအတွက် ရွံရှာဖွယ်ကောင်းသည့် ကံဆိုးသော နေရာဟု တွေးလိုက်သောအခါတွင် သူမက ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။
"အဲဒီကို မသွားဘူး...နောင် အခွင့်အရေးရရင် အဘိုးဆီသွားမယ်"
"ဒါဆို ကားမတော်တဆမှု ကိစ္စကို ပြောမယ်ဆိုရင် ဘယ်လိုလဲ"
"ကားမတော်တဆမှု...ဘာကိုဆိုလိုတာလဲ"
စုမုန့်သည် ဝေ့ထင်အား စိုက်ကြည့်နေသည်။
"မနက်ဖြန် ကိုယ်နဲ့ပြန်လိုက်ခဲ့…မင်းကို အားလုံးပြောပြမယ်...ဘယ်လိုလဲ"
ဝေ့ထင် စိတ်ရှည်ရှည်နှင့်အတင်းခေါ်နေလေသည်။
xxxxx