အပိုင်း ၁၁၅
Viewers 15k

Chapter 115

(ညှိနှိုင်းခြင်း)


စုမုန့် ပင်ကိုယ်စရိုက်ကြောင့် သူဘာပဲပြောပြော သူနှင့် ပြန်လိုက်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် ညှိနှိုင်းသည့်အခြေအနေကသာ အသင့်တော်ဆုံးပင်။ သူမကို အိမ်ပြန်ခေါ်ချင်သည့်အပြင်၊အလွန်အရေးကြီးသော သဲလွန်စကို ရှာတွေ့သောကြောင့် ကားမတော်တဆမှုကို သူကိုယ်တိုင် ပြန်စုံစမ်းကြည့်ချင်သည်။


ဝေ့ထင် ထံမှ ကားမတော်တဆမှုအကြောင်း စုမုန့် ကြားသောအခါ  တခစ်ခစ်ရယ်လိုက်သည်။ 


 "မလိုပါဘူး...ကျိုးဖုန်း လည်း သိတယ်...သူ့ဆီက မေးလို့ရတယ်"


သို့သော်၊ ဝေ့ထင်က ပြုံးလေသည်။ စုမုန့် သူ့အပြုံးကို တစ်ခါမှ မမြင်ဖူးသလောက်ပင်။ သူက အမြဲတမ်း အေးဆေးသူဖြစ်ကာ သူပြုံးလျှင်လည်း အကောင်းပြုံးခြင်းမဟုတ်ပေ။သူမ မျှော်လင့်ထားသည့်အတိုင်း ဝေ့ထင်သည် သူ၏ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ်ဖွင့်ဟကာ


"သူက ကိုယ့်ဆီက ရသွားတာပါ" 


 "ရှင် ဘယ်လိုသက်သေပြနိုင်လဲ"


သူက ခြေထောက်ကို ချိတ်ကာ မေးစေ့ကိုလည်း လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။ 


“အဲဒီတုန်းက ကိုယ် ဆေးရုံမှာ တခြားသူတွေနဲ့ ဆက်သွယ်နေတာလေ...သူလည်း ကြားသွားတယ်ထင်ပါတယ်...ဘာလို့လဲ..သူက ကိုယ့်ဆီက သတင်းတွေနဲ့ မင်းကို  လိမ်နေတာလား"


သူမ ဒေါသမထွက်လာဘဲ မျက်ခုံးပင့်ပြီး မေးမိသည်။


“ဒါဆို အသေးစိတ်ကို ပြောပြ...ရှင် သိထားတွေက သူ ပြောတာနဲ့ ကိုက်၊မကိုက်  သိချင်တယ်.. မဟုတ်ရင် ရှင်တို့နှစ်ယောက်ကို ယုံနိုင်မှာမဟုတ်ဘူး”


 "ဟား  မင်းက ကိုယ့်ဆီက သတင်းနှိုက်ချင်နေတာပဲ"  


သူမ မချေပဘဲ ပခုံးတွန့်ပြီး 


“ရှင့်ကိုလည်း ဘယ်သူက အတင်းစုံစမ်းခိုင်းနေလို့လဲ...ဒါပေမယ့် ကျွန်မလည်း သိချင်တယ်" 


ဝေ့ထင် သူမကို ပြောဖို့ စိတ်မကူးထားချေ။ဤကိစ္စသည် လူအများနှင့်သက်ဆိုင်ကြောင်း သူသဘောပေါက်သည်။ ကြိုတင်ပြင်ဆင်ထားသော လူသတ်မှုတစ်ခုပင်။ သို့သော် နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။ ယခုလည်း သူမကို ပိုမိုကောင်းမွန်စွာကာကွယ်ရန် သူမ ဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သည်။သူ့စောင့်ကြည့်မှုအောက်တွင်ရှိ၍၊တစ်ဖက်က ပေါ့ပေါ့ဆဆ မလုပ်ဝံ့နိုင်ပေ။


သူ မနက်ဖြန် တစ်ယောက်တည်း ထွက်သွားလျှင် သူမ တစ်‌ေယာက်တည်း အန္တရာယ်ရှိနိုင်သည်။သူမကို ကာကွယ်ဖို့ တခြားသူတစ်ယောက် စေလွှတ်နိုင်သော်လည်း အဆင်မပြေနိုင်ပေ။ဘယ်သူမှ သတိမပြုဘဲ ပြီးပြည့်စုံသော ထောင်ချောက်တစ်ခုကို ဖန်တီးနိုင်သူသည် တစ်နေ့တစ်ခြား ပို၍ တိကျသော ထောင်ချောက်တစ်ခု ကြံစည်လာမည်ဖြစ်သည်။


 သူမ ဘေးကင်းစေရန်အတွက် သူမဘက်က အပြစ်တင်လာတာကိုလည်း သူ ခံရပေမည်။ထို့နောက် သူမကို အသေးစိတ် ပြောပြလိုက်သည်။သူ ပြောတာက ကျိုးဖုန်းပြောတာနှင့် အတူတူပင်။သို့သော်လည်း ကျိုးဖုန်းက သူ့လောက် အသေးစိတ်မပြောနိုင်ပေ။  


ဝေ့ထင်က အမှန်အတိုင်းပြောလာသောအခါ စုမုန့် ချက်ချင်း ငြိမ်သွားသည်။သူမစိတ်ထဲတွင်လည်း သူပြောသမျှကို ယုံမိသည်။


တစ်ယောက်ယောက်က သူမကိုသတ်ချင်နေတာ...ဘယ်သူပါလိမ့်...နှစ်ဘဝစာ  နေထိုင်ပြီးနောက် သူမတွင် ရန်သူအနည်းငယ်သာ ရှိခဲ့သည်။ တစ်ယောက်မှလွဲ၍ အခြားဘယ်သူက သူမကို လုပ်မှာလဲ...


သို့သော် သူမ စိတ်ထဲတွင် မှန်းဆနိုင်လျှင်ပင် အထောက်အထားမရှိပါက၊ အသုံးမဝင်ပေ။ ဝေ့ထင် သည် ထိုအသေးအဖွဲကိစ္စများကိုပင် စုံစမ်းနိုင်သောကြောင့် သူမနှင့်သူ တစ်ကြိမ်သာ ပူးပေါင်းခဲ့မည်ဆိုပါက


 "ကောင်းပြီ မနက်ဖြန် ရှင်နဲ့ပြန်လိုက်မယ် ဒါပေမယ့် ကျွန်မဘက်မှာ အခြေအနေတစ်ခုရှိတယ်"


 ဝေ့ထင်ကို ကြည့်ရင်း စုမုန့် ပြောလိုက်သည်။


 “ပြောပါ”  


သူမ အသက်ပြင်းပြင်းရှူလိုက်ရင် ဒေါသတကြီးဖြင့် 


“ရှင့်ရဲ့ ခြံဝင်းထဲက အဲဒီပန်းပင်တွေကို ဖယ်ပေး…ကျွန်မက ပန်းဝတ်မှုန်နဲ့ ဓါတ်မတည့်ဘူး...ခြံဝင်းထဲက ထွက်လာတိုင်း အဲဒီပန်းတွေကို ဖြတ်လျှောက်ရတာ ဘယ်လောက်တောင် အဆင်မပြေရသလဲ သိလား"


ဝေ့ထင် : “…”


ကြီးကျယ်သော တောင်းဆိုမှုဟု သူထင်ထားသော်လည်း ဤကိစ္စနှင့် ပတ်သက်မည်ဟု ဝေ့ထင် မမျှော်လင့်ခဲ့ပေ။သူ ရယ်ချင်လာကာ သူ့ပါးစပ်ထောင့်က အနည်းငယ် ကွေးတက်သွားပြီး 


“ကောင်းပြီ...မနက်ဖြန် ဗီလာတစ်ဝိုက်မှာ ပန်းတွေမရှိလို့ မင်း စိတ်မပူဘဲ ပြန်နိုင်တယ်... ဝေ့အိမ်တော်ကို မင်း  မနက်ဖြန် ပြန်သွားတဲ့အခါ အရမ်းလုံခြုံမယ်လို့ ကိုယ် အာမခံတယ်"


 “ကဲ ဒါက ရှင်နဲ့ကျွန်မ  ပူးပေါင်းလိုက်တာလို့ ယူဆနိုင်တယ်နော်..ရှင်က ကျွန်မကို ယာဉ်တိုက်မှုကို စုံစမ်းဖော်ထုတ်ဖို့ ကူညီပေးတယ်...ဒါဆို ကျွန်မကို ရှင်က ဘာကူညီပေးစေချင်တာလဲ"  


သူမက ပူးပေါင်းဆောင်ရွက်မှုအကြောင်း စတင်ပြောဆိုခဲ့သည်။


 “အဲဒါကို နောက်မှ ပြောမယ်...မသိသေးဘူး”  


ဝေ့ထင် သူ့တောင်းဆိုချက်ကို ချက်ချင်း မပြောခဲ့ပေ။ဒီတောင်းဆိုချက်ကို နောင်တစ်ချိန်မှာ သူ သုံးနိုင်မယ်မလား...


 သူတို့နှစ်ဦး  ယခုလို သင့်မြတ်သွားတာကြောင့် နောက်ဆုံးတွင် လေထုသည် အနည်းငယ် သဟဇာတဖြစ်လာသည်။ဝေ့ထင်က ဆိုဖာပေါ်ထိုင်ပြီး အလုပ်လုပ်သည်။စုမုန့်ကလည်း ဆေးသောက်ပြီးနောက် ဆေးရုံကုတင်ပေါ်တွင် အနားယူအိပ်စက်ခဲ့သည်။သူမ ဒဏ်ရာတွေ အများကြီး သက်သာလာသော်လည်း ပင်ပန်းနွမ်းနယ်နေဆဲပင်။ထို့ကြောင့် သူမ အနားယူပြီး အိပ်ဖို့ လိုသည်။ဒဏ်ရာကလည်း နာနေသေးသလို၊ဆေးလည်းသောက်ထား၍ သူမသည် အလွန်လျင်မြန်စွာ အိပ်ပျော်သွားသည်။


စုမုန့် အိပ်ပျော်ပြီး သိပ်မကြာခင်မှာ အခန်းတံခါး ရုတ်တရက်ပွင့်သွားသည်။ ဝေ့ထင် မော့ကြည့်လိုက်ရာ အထဲကို ဝင်လာသူက ကျိုးဖုန်း ဖြစ်နေသည်။ 


 "မင်းရဲ့ နှလုံးသားထဲမှာ ရှိတဲ့ သူမရဲ့နေရာ သာမန်မဟုတ်ဘူးထင်တယ်"  


ဝေ့ထင် ယခုအချိန်အထိ စုမုန့်၏ အခန်းထဲတွင် ရှိနေသည်ကို ကျိုးဖုန်း မအံ့သြသွားပေ။သူသည်  တံခါးဘောင်ကို မှီ၍ ဝေ့ထင်ကို ခပ်ပြုံးပြုံး ကြည့်နေလေတော့သည်။


(တစ်ခေါက်လာပြန်ပြီ)


ဝေ့ထင်သည် ကျိုးဖုန်း ရုတ်တရက် ပေါ်လာတာကြောင့် မအံ့သြပေ။ သူ့ကို ဂရုမစိုက်ဘဲ အလုပ်ဆက်လုပ်လိုက်သည်။


 "ရှောင်မုန့်နဲ့ မင်းတို့ စကားပြောသံကို ငါကြားတယ်...နားထောင်ဖို့ မရည်ရွယ်ပါဘူး...တံခါးမပိတ်ထားဘူးလေ...မင်းတို့ စကားပြောနေတာကို ငါ မနှောင့်ယှက်ခဲ့ဘူး"


ကျိုးဖုန်း တံခါးဘောင်ကို မှီပြီး ပြောလိုက်သည်။သူမ စကားပြောနေသည်ကို ခိုးနားထောင်မိတဲ့အတွက် ရှက်ရွံ့စိတ်မခံစားရသည့်အပြင် သူက စပြီးပင် ပြောနေတော့သည်။ 


 “ဟုတ်တယ်” 


ဝေ့ထင် မျက်တောင်မခတ်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။


  "မင်း မအံ့သြဘူးလား"  


ဝေ့ထင်၏ ပင်ကိုယ်စရိုက်အရ ယခုအချိန်တွင် ဒေါသထွက်ပြီး သူ့ကို ရန်လာစ,သင့်နေ၏။အခု သူ့ရဲ့ တုံ့ပြန်မှုက ဘာလို့ဒီလောက် မထူးခြားတာလဲ....


ဝေ့ထင်သည် သူ့လက်အောက်ငယ်သားများ တင်ပြသော အဆိုပြုချက်ကို ကြည့်သည်။ပြီးလျှင် လမ်းညွှန်ချက်များကို လက်အောက်ငယ်သားများထံ ပြန်ပို့သည်။အားလုံးလုပ်ပြီးလျှင် သူ့ကွန်ပြူတာကိုပိတ်ပြီး ကျိုးဖုန်းကိုကြည့်လိုက်သည်။


 "တစ်နေကုန် သူများရဲ့ ဇနီးကို ထိုင်ကြည့်တတ်တဲ့ သူတစ်ယောက်အတွက် မထူးဆန်းပါဘူး" 


 “မင်းက ပြဿနာတွေကို အင်အားသုံးပြီး ဖြေရှင်းနည်းလောက်ပဲ သိတယ်ထင်ထားတာ... ဒါပေမယ့် မင်းက စကားပြောလည်း အရမ်းကောင်းတယ်နော်"  


ကဲ့ရဲ့ခံရသော်လည်း ကျိုးဖုန်း စိတ်မဆိုးဘဲ ပြုံးရင်းပြောသည်။


ဝေ့ထင်က ကျိုးဖုန်းကို သိပ်ဂရုမစိုက်ဘဲ အေးစက်စက်နှင့် “ဘာကိစ္စရှိလို့လဲ” 


 “ဘာမှမဟုတ်ဘူး… ရှောင်မုန့်က ငါတို့ ကျိုးမိသားစုဝင်တစ်ယောက်မို့ အန္တရာယ်တစ်ခုခုကြုံလာရလို့ ငါက လာကြည့်တာ....တစ်ချို့လူတွေက သူမနဲ့ ဘာမှမဆိုင်ပေမယ့် နေ့တိုင်း သူ့ကို နှောင့်ယှက်နေကြတုန်းပဲလေ”  


စုမုန့် သည် ကျိုးမိသားစုဝင်တစ်ဦးဖြစ်သည်ကို ကြားသောအခါ ဝေ့ထင် မျက်မှောင်ကြုတ်ပြီး 


 "ကျိုးမိသားစုဝင်တစ်ယောက် ဟုတ်လား"


 "ဘာလဲ...ဥက္ကဌဝေ့က ဒီအကြောင်းကိုတောင် မသိဘူးလား"


"အိုး၊ဟုတ်သားပဲ...အဲဒီနေ့က မင်းညီမရဲ့ s*x ဗီဒီယိုကြောင့် မင်းက ညီမကို ပြန်ခေါ်သွားတာလေ... ငါတို့ ကျိုးမိသားစုနဲ့ စာချုပ်ချုပ်တဲ့ ရှောင်မုန့်ရဲ့ မြင်ကွင်းကို မင်း မမြင်လိုက်ရဘူးပဲ.အဲ့ဒီနေ့ကစပြီး သူမက ငါတို့ ကျိုးမိသားစုဝင်ဖြစ်ခဲ့တာ...ဒါကြောင့် ငါ သူမကို လာကြည့်တာက ပြဿနာမရှိဘူး မဟုတ်လား”


ဝေ့ထင်သည် စုမုန့် နှင့် ကျိုးမိသားစုကြား စာချုပ်ချုပ်ဆိုခြင်းကို သိသည်။ ယခုနှစ် ဖုန်းရွှေပညာရှင် ပြိုင်ပွဲကို ကျိုးမိသားစုမှ ကျင်းပခဲ့ခြင်းကြောင့် ကျိုးမိသားစုသည် နောက်ဆုံးအနိုင်ရရှိသူကို လက်မှတ်ထိုးရခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေ၊အများစုမှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးတွင်သာဖြစ်၏။


 နောက်တစ်ကြိမ် ဖုန်းရွှေပညာရှင် ပြိုင်ပွဲကျင်းပသည့်အခါ ဝေ့မိသားစုမှ ကျင်းပမည်ဖြစ်သည်။ပြီးလျှင် နောက်ဆုံးအနိုင်ရသူသည် ဝေ့မိသားစုနှင့် လက်မှတ်ရေးထိုးမည်ဖြစ်သည်။  ဤသည်မှာ လုပ်ငန်း သဘောစည်းမျဉ်းဖြစ်သည်။


ထို့ကြောင့် ကျိုးဖုန်း စကားကြောင့် သူ စိတ်ဆိုးခြင်းမရှိပေ။စုမုန့်ကို ပိုင်စိုးပိုင်နင်းပြောသည့်အတွက်တော့ မကျေမနပ်ဖြစ်မိကာ သူ၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး အေးစက်စွာပြော၏။


"စုမန်က ငါ့ရဲ့ ဇနီးပါ...သူမက ဝေ့မိသားစုဝင်ပဲ…မင်း  ဝေ့မိသားစုကို မလွန်ဆန်ချင်ဘူးဆိုရင်”


 "မဟုတ်ဘူး…မဟုတ်ဘူး၊မဟုတ်ဘူး"  


ကျိုးဖုန်း ခေါင်းယမ်းလိုက်ပြီး ဝေ့ထင်၏စကားကို ငြင်းလိုက်သည်။သူ နည်းနည်းလေးမှ မကြောက်သွားချေ။ သူ ဝေ့ထင်ကို ပြုံးရင်း


 "ဝေ့မိသားစုက လူကြီး နှစ်ယောက်က စုမုန့်နဲ့ ကင်းကင်းနေဖို့ အရမ်း ကြိုးစားနေကြတာ…မယုံရင် လောင်းကြေးထပ်လိုက်ရအောင်…တစ်ပတ်မပြည့်ခင်မှာပဲ မင်းနဲ့ ရှောင်မုန့် ကွာရှင်းရတော့မယ်…ဒါဆို သူမက ဝေ့မိသားစုဝင် မဟုတ်တော့ဘူး"


 “အခုအချိန်မှာတော့ မင်းတို့နှစ်ယောက်ကြားက တရားဝင် လက်ထပ်စာချုပ် အလွှာတစ်ခုပဲ ရှိတယ်...  အဲဒါကလွဲလို့ တခြားဘာမှမရှိဘူး.မင်းတို့နှစ်ဦးကြားမှာ တရားဝင်ဆက်ဆံရေး နောက်ဆို မရှိတော့ဘူးလေ.. မင်းအတွက် ဒီလိုမိန်းကလေးကောင်းတစ်ယောက်ကို စွန့်ပစ်ခဲ့တဲ့ မင်းရဲ့မိဘကောင်းတွေကို ကျေးဇူးတင်ရမယ်"


 "မင်းတို့ကွာရှင်းတဲ့နေ့ဟာ ငါ စုမုန့်ကိုလိုက်တဲ့နေ့ဘဲ...အဲဒီအချိန်မှာ မင်းငါ့ကို တားဖို့ အကြောင်းပြချက်မရှိတော့ဘူး"


ကျိုးဖုန်းသည် ဝေ့ထင် ဒေါသထွက်မည့်စကားကိုသာ သူ ရွေးပြော၏။သို့သော် ဝေ့ထင်သည် သူ၏လှည့်စားမှုအတွက် မဖြုံရုံသာမက ဆိုဖာပေါ်တွင်ပင် အေးအေးဆေးဆေး ထိုင်နေခဲ့သည်။  


“အဓိကအချက်က မင်းမှာ သူမကိုလိုက်ဖို့ အသက်ရှိရမှာပဲ"


ကျိုးဖုန်း က ပြုံးပြီး "ဥက္ကဌဝေ့က ဒီကိစ္စကို စိတ်ပူနေစရာမလိုပါဘူး"


စုမုန့် ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။သူမ စကားမပြောချင်ဆုံး လူနှစ်ယောက်သည် သူမအတွက် တင်းမာစွာ ထိပ်တိုက်ရင်ဆိုင်နေသည်ကို သူမ မသိခဲ့ပေ။ သို့သော် သူမ မမြင်ရသော်ငြား ဝေ့ရွှယ် မြင်သည်။


ဝေ့ရွှယ် သည် ပန်းစည်းများနှင့်အတူ စုမုန့်ကို လူနာမေးလာခဲ့ရာ တံခါးဝမှာ ရပ်နေသည့် ကျိုးဖုန်း ကို မြင်လိုက်ရသည်။ကျိုးဖုန်းလည်း သူမကို မြင်သည်။ သူမ ပြုံးပြီး နှုတ်ဆက်လိုက်သော်လည်း ကျိုးဖုန်း ဤမျှယဉ်ကျေးနေမည်ဟု မမျှော်လင့်ခဲ့ပေ။သူက သူမကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် ဟိုဘက်ကို ဆတ်ကနဲ လှည့်ပစ်လိုက်သည်။



xxxxxxxx