အပိုင်း ၁၁၆
Viewers 15k

Chapter 116

(ဓာတ်မတည့်မှု)


 "မင်းရဲ့ညီမ ရောက်နေတယ်"


ကျိုးဖုန်းက ဝေ့ထင်ကို သတိပေးသည်။


သူမကို ကျိုးဖုန်းက လျစ်လျူရှုခဲ့၍ မကျေနပ်သော်လည်း ဝေ့ရွှယ် အပေါ်ယံကတော့ ပြုံးထားဆဲပင်။သူမ လူနာခန်းဆီသို့ လျှောက်လာပြီး ကျိုးဖုန်းကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။  


"သခင်လေးကျိုး ဒီမှာရှိနေမယ်လို့ ညီမ မမျှော်လင့်ထားဘူး"


ကျိုးဖုန်း သူမကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။  


"မင်းမမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိနိုင်တယ်လေ"


 ရုတ်တရက် အပြောခံရသောအခါ ဝေ့ရွှယ်၏ မျက်နှာကတင်းမာသွားသော်လည်း ချက်ချင်းပင် ပြန်ပြုံးသည်။ ကျိုးဖုန်း ဟာ ​​အမြဲ အေးစက်တတ်မှန်း သူမ သိသည်။သူ့ညီမ ကျိုးကျာ အပေါ်မှာသာ နူးညံ့သိမ်မွေ့တတ်ပြီး တခြားလူတိုင်းကို အေးစက်သည်။ထို့ကြောင့် သူမ ကျိုးကျာ နာမည်ကို သုံးဖို့ ကြိုးစားလိုက်သည်။သူမ ကျိုးဖုန်းဝတ်ထားသည့် ဆေးရုံဝတ်စုံကို ကြည့်ရင်း အံ့သြတကြီးနှင့်


"သခင်လေးကျိုးလည်း ဆေးရုံတက်နေတာလား...ကျိုးကျာလည်း လာသလား...ညီမ သူမကိုမတွေ့တာကြာပြီ"


 သူမသည် သခင်လေးကျိုးနှင့် နည်းန ည်းရင်းနှီးခဲ့သည်။အကြောင်းမှာ ကျိုးမိသားစုထံ အလည်အပတ်သွားသောအခါ ကျိုးဖုန်းကို အချိန်တိုင်းလိုလို တွေ့ခဲ့ရသည်။ ကျိုးဖုန်းသည် သူ့ညီမကို အနီးကပ် စောင့်ကြည့်နေတတ်ပြီး သူမနှင့် နှစ်ယောက်တည်း ဆော့ကစားရန် ဘယ်သောအခါမှ အပြင်ထွက်ခွင့် မပြုခဲ့ပေ။ထို့ကြောင့် သူမသည် ကျိုးမိသားစုအိမ်မှာသာ သွားကစားရသောကြောင့် ကျိုးဖုန်း နှင့် အကြိမ်အနည်းငယ် စကားပြောခဲ့ဖူးသည်။


ယခင်က ကျိုးဖုန်းနှင့် စကားပြောကြည့်သောအခါ၊ သူသည် အေးစက်သော်လည်း၊ သူက စကားကို ယဉ်ကျေးစွာ ပြောဆိုတတ်၏။ထို့ကြောင့် သူမကိုယ်သူမ ကျိုးဖုန်း၏ သူငယ်ချင်းအဖြစ် မှတ်ယူထားသဖြင့် နောက်ထပ် စကားနည်းနည်းပြောချင်မိသည်။သို့ရာတွင်၊ကျိုးဖုန်း ပြန်ဖြေသည့်အဖြေက သူမကို ဆွံ့အ,သွားစေ၏။


 “တစ်ကယ်လို့ သူမကိုတွေ့ချင်ရင် ဖုန်းဆက်လိုက်...သူမ ဘယ်မှာနေတယ်ဆိုတာ မင်း မသိနိုင်စရာမရှိဘူး...မင်း ဒီလိုမေးခွန်းမျိုး မေးဖို့ လိုသေးလား"


ဝေ့ထင် မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်လုနီးနေလေပြီ။သူမ ဝေ့ထင်ကို အကူအညီတောင်းဖို့ ကြည့်သော်လည်း ဝေ့ထင်သည် စုမုန့်ကိုကြည့်နေကာ သူမကို လုံးဝမကြည့်ပေ။သူမ လုပ်နိုင်တာ ဘာမှမရှိတော့။ကျိုးဖုန်းကိုလည်း ဆက်မပြောဝံ့ပေ။သူ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်မှာ လူသိများသည်။ ယခင်က ကျိုးကျားအား အနိုင်ကျင့်သူကိုပင် သူ လက်ချောင်းတစ်ချောင်း ဖြတ်ပစ်ဖူးလေသည်။


ယခင်က သူမသည် ကျိုးဖုန်း၏ ရက်စက်တတ်သော စရိုက်ကို အခွင့်ကောင်းယူကာ စုမုန့်အား ချောက်ချခဲ့ဖူး၏။စူမုန့်လည်း ကျိုးဖုန်း လက်ထဲသို့ ရောက်သွားခဲ့သည်။သို့သော် နောက်ဆုံးတွင် စုမုန့် ဘာကြောင့် ဘေးကင်းစွာ ပြန်လာရမှန်း သူမ မသိပေ။ကျိုးကျာလည်း ဤပြဿနာကို မသိ။


ယခုတော့ ကျိုးဖုန်းသည် စုမုန့်နှင့် ဆေးရုံတစ်ခုတည်းတွင် တက်နေပြီး သူမ၏ အခန်းတွင်းထဲသို့ပင် ရောက်လာသည်။ သူတို့နှစ်ဦးကြားက ဘယ်လိုဆက်နွှယ်မှုမျိုးရှိမှန်း သူမ မသိချေ။ ဒါမှမဟုတ် ကျိုးဖုန်းက ဝေ့ထင်ကို လာတွေ့တာလား... မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ တွေးပြီးနေပြီ။


ကျိုးဖုန်းက သူမကို မျက်မှောင်ကြုတ်ကာ ကြည့်နေသဖြင့် သူမ ပြုံးကာ ဂရုမစိုက်ဟန်ဆောင်ပြီး ကမန်းကတန်း လျှောက်လာခဲ့သည်။အခန်းထဲသို့ ဝင်လိုက်စဉ် ဝေ့ထင်၏ အေးစက်စက်စကားကို သူမကြားလိုက်ရသည်။


"ပြန်ယူသွား"


သူမ အံ့ဩသွားရသည်။ဝေ့ထင်ကို ကြည့်ပြီး တစ်ခုခုမှားနေပြီဟု တွေးလိုက်သည်။ သူမ ထပ်ပြီးဝင်လာဖို့ပြင်သော်လည်း ခြေထောက်ကို မမြှောက်မီ ကျိုးဖုန်းက သူမ လက်ကိုဆွဲထားသည်။  


“လူက ဝင်လို့ရတယ်..ပန်းကို လွှင့်ပစ်” 


"စုမုန့် အတွက် ဒီပန်းတွေကို အခုပဲ ဝယ်ခဲ့တာလေ... သူမက ပန်းတွေကို အရမ်းကြိုက်တာ...ဘာလို့ မယူရမှာလဲ"


 "ဟတ်ချိုး..."


ဝေ့ရွှယ် ပြန်မပြောမီ ကုတင်ပေါ်တွင် အိပ်နေသော စုမုန့်သည် ရုတ်တရက် နှာချေပြီး နိုးလာသည်။


ထိုအခါ ဝေ့ထင်က ဝေ့ရွှယ် နံဘေးကို အမြန်လျှောက်သွားပြီး သူမ လက်ထဲမှ ပန်းစည်းကိုယူပြီး ဘေးနားရှိ အမှိုက်ပုံးထဲကို ပစ်ချလိုက်၏။


 "ပန်းတွေ...ဘယ်သူက ငါ့ကို ချောက်ချချင်လို့ ပန်းတွေ ယူလာတာလဲ"  


ချက်ချင်းပင်၊စုမုန့် ၏ ခန္ဓာကိုယ်ပေါ်တွင် အနီစက်များ ပေါ်လာပြီး  ယားယံမှုကြောင့် သူမ ချက်ချင်း နိုးလာသည်။တစ်ချိန်တည်းမှာပင် သူမ နှာခေါင်းက ယားယံလာပြီး နှာချေချင်သည်။သူမ မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်လျှင် တံခါးဝမှာရပ်နေသူ ဝေ့ရွှယ်ကို မြင်လိုက်မှ ချက်ချင်းနားလည်သွား၏။


ဝေ့ရွှယ် နေရာတွင် ရပ်နေရင်း မျက်လုံးများလည်း နီရဲလာသည်။ 


 "တောင်းပန်ပါတယ် စုမုန့်...နင် ဝတ်မှုန်နဲ့ ဓါတ်မတည့်ဘူးဆိုတာ ငါမသိခဲ့ဘူး...နင်အရင်က ငါ့ကို ပန်းတွေအကြောင်းမေးတော့ ပန်းတွေကိုကြိုက်တယ်ထင်လို့ ပန်းတွေယူလာပေးတာပါ"


သူမ လက်ထဲက ပန်းစည်းကို ဝေ့ထင် လွှင့်ပစ်လိုက်ပြီးပြီ။သူမသည် အားဆေးများကို ကိုင်ကာ စုမုန့် ဆီသို့ လျှောက်သွားရင်း တောင်းပန်လိုက်သည်။သူမ ပြောပြောဆိုဆို စုမုန့် လက်ကို လှမ်းဆွဲသည်။


သို့သော် စုမုန့်က ပါးနပ်စွာ လက်ကို ဖယ်လိုက်၏။အကြောင်းမှာ ဝေ့ရွှယ် လက်ပေါ်တွင် ပန်းဝတ်မှုန့်အချို့ ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။  သူမ၏ ဓါတ်မတည့်မှုကို ပိုဆိုးလာအောင် လက်ထဲတွင် ဝတ်မှုန်အချို့ကို တမင်သုတ်ထားပုံရသည်။သူမခန္ဓာကိုယ်သည် အလွန်အားနည်းနေသေးပြီး ဝတ်မှုန်ကို လုံးဝ မခံနိုင်။ထို့ကြောင့် ဝေ့ရွှယ်က သူမ အသက်ကို သတ်ဖို့ တမင်လုပ်နေခြင်းသာ။


 "စုမုန့် စိတ်ဆိုးနေတာလား… တောင်းပန်ပါတယ်၊ ငါတကယ်ကို မရည်ရွယ်ပါဘူး...နင့်ကို ပန်းတွေ မပေးတော့ဘူးနော်..."   


ဝေ့ရွှယ် တောင်းပန်ရင်း သူမကိုထိချင်သေးသော်လည်း စုမုန့်က အသားချင်မထိအောင် လိမ္မာပါးနပ်စွာ ရှောင်ရှားခဲ့သည်။


( သူမကို လှည့်စားခဲ့တယ်)


စုမုန့် သည် ဝေ့ရွှယ် သရုပ်ဆောင်ကောင်းသည်ကို မြင်လိုက်သောအခါ စိတ်ထဲက လှောင်ရယ်လိုက်သည်။ သရုပ်ဆောင်ရုံပဲ မဟုတ်လား?  ဘယ်သူမဆို လုပ်တတ်တယ်... 


 သူမ ချက်ချင်း သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ တစ်ကိုယ်လုံးနာကျင်နေဟန်ဖြင့်


"နင့်ကို ငါဘယ်လိုလုပ်ပြီး ဒေါသဖြစ်မှာလဲ...နောက်ဆုံးတော့ ငါက နင့် ယောက်မပဲလေ.. ဒါပေမယ့် ငါ ကားတိုက်မှုဖြစ်ခဲ့တာ ဆိုတော့ ငါ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ပြည့်နေတယ်...နင် ပေါ့ပေါ့ဆဆ ကိုင်လို့မရဘူး...မဟုတ်ရင် ငါ ပိုးသတ်ရလိမ့်မယ်...အရမ်းဒုက္ခရောက်လိမ့်မယ်"


“ပိုးသတ်တာက အရေးကြီးဆုံးမဟုတ်ဘူး...ဒဏ်ရာက ပွင့်ထွက်သွားရင် အရမ်းနာမှာ မဟုတ်ဘူးလား... ဒါဆို ငါ့ကို နားလည်နိုင်ပါ့မလား”  


သူမ ပြောရင်း မျက်ရည်သုတ်ဟန်ဆောင်လိုက်သည်။


ကျိုးဖုန်းက သူမတို့နှစ်ယောက် သရုပ်ဆောင်နေသည်ကို စိတ်ဝင်တစားကြည့်နေသည်။တစ်ချိန်တည်းမှာပင် အကဲဖြတ်ကြည့်သည်။ကံကောင်းထောက်မစွာပင်၊ စုမုန့်သည် သရုပ်မဆောင်တတ်။သူမ၏ သရုပ်ဆောင်စွမ်းရည်က ချဲ့ကားလွန်းသည်။ဝေ့ရွှယ်က ပိုကောင်း၏။သူမသည် ရုပ်ရှင်ဘုရင်မ ဖြစ်လာနိုင်သည့် အဆင့်တွင် ရှိနေသည်။သူ ဤမြင်ကွင်းမျိုးကို လက်မလွှတ်တမ်း ကြည့်ရသည့်အတွက် အတော်ကံကောင်းသည်ဟု ဆိုရမည်။


ဝေ့ရွှယ် သည် စုမုန့်၏ ကြောင်သူတော်ပုံစံကို ကြည့်ပြီး ဒေါသအလွန်ထွက်လာရ၏။စုမုန့်က သရုပ်ဆောင်ကောင်းလွန်းသည်။တစ်ကယ်တမ်း၊ စုမုန့် ​​ဝတ်မှုန်နှင့် ပြင်းထန်စွာ မတည့်မှန်း သူမသိတာကြောင့် ပန်းတွေ ယူလာခဲ့ခြင်းသာ။ ဝေ့ထင်က သူမကို ဝေ့မိသားစုဆီ မနက်ဖြန်ပြန်ခေါ်လာမည်ဖြစ်၍ သူမ ပြန်မလာနိုင်ရန် တားရမည်ဖြစ်သည်။ဝေ့မိဘများကလည်း စုမုန့်ပြန်မလာဖို့အရေး သူမအပေါ် ပုံအပ်ထားသည်။သူမကို တာဝန်မပေးလျှင်တောင် သူမကတားဖို့ ဆုံးဖြတ်ပြီးသားပင်။အဘိုးဝေ့သည် ယခုတစ်ခေါက် အကြာကြီးနေရန် စီစဉ်ထာသည်။သူက စုမုန့်ကို အမြဲကာကွယ်ခဲ့သူဖြစ်၍ ဝေ့ထင် နှင့် ကွာရှင်းရန် ခက်ခဲပေလိမ့်မည်။


ထို့ကြောင့်၊ စုမုန့်ကို ဝတ်မှုန်နှင့် မတည့်အောင် ပြုလုပ်ခြင်းသည် အမြန်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာများအပြင် သူမ အသက်ပါ ဆုံးပါးသွားနိုင်သည်။ ကံမကောင်းစွာနှင့်  မအောင်မြင်ခဲ့သော်လည်း အရေးမကြီး။အရေးကြီးဆုံးအချက်မှာ ဝေ့ထင် က ပထမဆုံး တုံ့ပြန်ခြင်း ဖြစ်သည်။စုမုန့် ဝတ်မှုန်နဲ့ မတည့်ဘူးဆိုတာ သူ ဘယ်တုန်းက သိတာလဲ...


ဝေ့ရွှယ် စိတ်ထဲတွင် ဖော်မပြနိုင်အောင် စိတ်ပျက်နေရ၏။တစ်ဆက်တည်းပင် စုမုန့် သဘောထားက ထူးဆန်းသလိုမျိုး သူမ ခံစားနေရ၏။


"မှားတာက ငါပါ...ငါ ဆင်ခြင်သင့်တာ"


သူမ ပါးစပ်ထောင့်များ လှုပ်ခတ်သွားပြီး တောင်းပန်လိုက်သည်။ သူမ ဘဝတွင် လိမ်ပြောခဲ့သည့်အကြိမ်ပေါင်းများစွာ ရှိသော်လည်း ယခုတစ်ခါက စက်ဆုပ်စရာကောင်းနေသည်။သူမ တုန်လှုပ်နေမိသည်။ နောင်တွင် စုမုန့်ကို အောက်မကျို့ဖို့ အစွမ်းကုန်ကြိုးစားရပေမည်။


ဝေ့ရွှယ် နှင့်ဆက်ပြီး ဟန်ဆောင်ဖို့ စုမုန့် စိတ်မရှည်နိုင်တော့ဘဲ တည့်တည့် ပြောလိုက်သည်။  


"ဝေ့ရွှယ်၊ နင့်ရဲ့ မှတ်ဉာဏ်တွေ ပျောက်သွားတာလား…ဒါမှမဟုတ် နင့်ရဲ့မှတ်ဉာဏ်က အလုပ်မလုပ်လို့လား… ငါဝတ်မှုန်နဲ့မတည့်ဘူးဆိုတာကိုတောင် နင် မေ့သွားပြီလား... ငါ့ဝတ်မှုန်ဓာတ်မတည့်မှုကြောင့် ဆေးရုံတက်ခဲ့တုန်းက ဆေးရုံကို လိုက်လာပေးတာ ဘယ်သူလဲ"


 ....


ဝေ့ရွှယ်သည် စုမုန့် တိုက်ရိုက်ပြောလာဖို့ မမျှော်လင့်ထား။သူမ မသိစိတ်က ဝေ့ထင်ကို ကြည့်လိုက်သည်။စုမုန့်၏ အမြင်နှင့် သူမကို ပြစ်တင်နေသည်ကို သူမ ဂရုမစိုက်သော်လည်း ဝေ့ထင်ကိုတော့ ဂရုစိုက်သည်။


စုမုန့် ဓာတ်မတည့်မှုကြောင့် ဆေးရုံတက်ရသောအခါ၊သူမ ဤကိစ္စကို ဝေ့ထင်အား တမင် ဖုံးကွယ်ထားခဲ့သည်။ ဝေ့ထင်ကို သူမပြောပြခဲ့လျှင် ပန်းများအား အိမ်ထဲမှာထားစေသူ သူမအပေါ် အပြစ်များရောက်လာကာ သူမကို စိတ်ပျက်သွားပေမည်။ထို့နောက် သူ့ရှေ့တွင် သူမ ကြိုးစားထိန်းသိမ်းခဲ့သော ပုံရိပ်သည် ပျောက်ကွယ်သွားပေလိမ့်မည်။ဝေ့ရွှယ် အလွန်စိတ်လှုပ်ရှားနေ၍  ခဏလောက် စကားတို့ပျောက်ရှသွား၏။ သို့သော် ဝေ့ထင်က ဘာမှမပြောလာသောအခါ သူမ အနည်းငယ် စိတ်သက်သာရာရသွားသည်။ဝေ့ထင် သည် စုမုန့် ကိစ္စနှင့်ပတ်သက်၍ ဘာကိုမှ သိပ်စိတ်မ၀င်စားပုံပင်။သူမ တဖြည်းဖြည်း ငြိမ်သက်သွားပြီး သိပ်မတုန်လှုပ်တော့ပေ။


စုမုန့် သည် ဝေ့ရွှယ် ကို စောင့်ကြည့်နေခဲ့၍ အားလုံးမြင်နေရသည်။ 


 "ကောင်းပြီ၊ နင် ငါ့ကိုတွေ့ရပြီ…ပစ္စည်းတွေ ပို့ပေးပြီးပြီ...ဘာလုပ်ချင်‌သေးလဲ"


ဆိုလိုသည်မှာ ဝေ့ရွှယ်ကို မောင်းထုတ်လိုခြင်း ဖြစ်သည်။


"ငါ နင့်ကို စိတ်ပူလို့ လာကြည့်ဖို့လာတာပါ...ဒါ့အပြင် ကားမတော်တဆမှုနဲ့ နင် ဆေးရုံတက်နေတဲ့အကြောင်း အမေလည်း ကြားတယ်...သူမက ဟိုတစ်ခါက  အဖြစ်အပျက်ကို ဒေါသထွက်နေသေးပေမယ့် နင့်ကို အပြစ်မတင်ပါဘူး...နင့်ကို လက်ဆောင်လေးယူသွားပေးပါဦးလို့တောင် ပြောပါသေးတယ်" 


ဝေ့ရွှယ်သည် စကားလမ်းကြောင်းကို အမေဝေ့ ထံသို့ ရည်ရွယ်ချက်ရှိရှိပြောင်းလိုက်သည်။


(ရှောင်ရွှယ်က တစ်ကယ်ကြင်နာတယ်..)


စုမုန့်က အံ့သြသည့်အမူအရာနှင့်...


“ဒါက ငါနဲ့ ဘာဆိုင်လဲ...အမှုကို ရဲတပ်ဖွဲ့က ကိုင်တွယ်မေးမြန်းနေတာမလား...ငါသာ အန္တရာယ်မရှိရင် ရဲက သူကို ဖမ်းမှာ မဟုတ်ဘူး”


 “ဒါမှန်ပေမယ့် အမေက အသက်ကြီးတယ်လေ...တို့လို လူငယ်တွေက လူကြီးကို မလေးမစားလုပ်တာ ဘယ်ကောင်းမလဲ… စုမုန့် နင့်စိတ်ထဲက အမေ့ကို မကျေမနပ်ဖြစ်နေမှန်း ငါသိပေမယ့် အစ်ကို ဝေ့ထင်ကြောင့် နင် သူမကို အငြိုးမထားသင့်ဘူးမလား”

  

ဝေ့ရွှယ်က ဝေ့ထင်ကိုပါ ဆွဲခေါ်၏။စုမုန့်သည် ဝေ့ရွှယ်၏ ဆိုလိုရင်းကို နားလည်သည်။ဤသည်မှာ သူမနှင့် ဝေ့မိသားစုကြားမှ ရန်ငြိုးအကြောင်း သူမအား သတိပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။သူမ၏အမေဖြစ်သူ ထောင်ထဲပို့ခံရရုံတင်မကဘဲ ဝေ့ထင်ကိုလည်း ဝေ့ရွှယ် ကြိုက်နေသည်။ယခုလည်း ရည်ရွယ်ချက်ရှိရှိ ပန်းတွေလည်း ယူလာ၍ သူမအား ဝေ့မိသားစုဆီကို မနက်ဖြန် မသွားစေချင်မှန်း ထင်ရှား၏။သူမ ဝေ့မိသားစုသို့သွားမှာကို အလွန်ကြောက်နေသည့် ဝေ့ရွှယ်ကို လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကြင်ကြင်နာနာပြုံးပြလိုက်၏။


စုမုန့် အပြုံးကြောင့် ဝေ့ရွှယ် လန့်သွားသည်။မျှော်လင့်ထားသည့်အတိုင်း စုမုန့်၏ နောက်စကားများသည် သူမဒေါသကို ပေါက်ကွဲစေလုမတတ်။


 "ဝေ့ထင်ရဲ့ ညီမလေးက အရမ်းတော်တာပဲ... နင်က ငါ့ကို စိတ်ရင်းမှန်နဲ့ ဖိတ်တာဆိုတော့ ငါက ဘယ်ငြင်းရက်ပါ့မလဲ.. ငါမနက်ဖြန် ဝေ့ထင် နဲ့ ပြန်လာခဲ့မယ်"


ဝေ့ရွှယ် : “…”


"ကောင်းပြီ၊ တခြားဘာမှ မရှိဘူးဆိုရင်တော့ ငါ အနားယူတော့မယ်...လူနာတွေက စောစောအိပ်ရမယ်...ကဲ သွားတော့"


စုမုန့် လူတွေကို မောင်းထုတ်သည်။သာမက ကျိုးဖုန်း နှင့် ဝေ့ထင်လည်းပါ၏။ဤအချိန်မှာ သူမ သူတို့ကို မတွေ့ချင်။သူတို့ကို တွေ့တိုင်း သူမ စိတ်ဆိုးလာရသည်။


ကျိုးဖုန်း တံခါးဘောင်ကိုမှီးထားလျက်၊နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ထို့နောက် သူ တံခါးအပြင်ဘက်တွင် ရပ်ကာ လက်ပိုက်၍ ဆက်လက်ကြည့်ရှုခဲ့သည်။


ဝေ့ရွှယ်က ဝေ့ထင်ကိုကြည့်ပြီး "အစ်ကို စုမုန့် အနားယူတော့မယ်...အိမ်ပြန်ရအောင်"


ဝေ့ထင် ဆိုဖာပေါ်ထိုင်ကာ မလှုပ်သေး။


 “မင်း သွားလို့ရပြီ”


 "အစ်ကို မပြန်သေးဘူးလား... အရမ်းနောက်ကျနေပြီ… စုမုန့် က အနားယူချင်တယ်တဲ့.."


ဝေ့ထင် ဤဆေးရုံမှာပဲ အိပ်ချင်နေမှန်းသိသော်လည်း သူမ မကျေမနပ်ဖြစ်ပြီးခေါ်ဖို့ကြိုးစားသည်။


 "မင်း တစ်ယောက်တည်း ပြန်ချင်လား ဒါမှမဟုတ် ဒရိုင်ဘာနဲ့ ပြန်ချင်လား"


ဝေ့ထင်က ဝေ့ရွှယ်ကို တိုက်ရိုက်မေးလေသည်။


 ....


 "အရမ်းနောက်ကျနေပြီ အစ်ကို...အစ်ကို မပြန်ရင် ညီမလည်းမပြန်ဘူး… ညီမ စုမုန့် နဲ့ အတူ ဒီမှာနေမယ်…သူ့မှာ လိုအပ်တာတစ်ခုခုရှိရင် ညီမလည်း ကူလုပ်ပေးလို့ရတာပေါ့"


သူမ စုမုန့်ကို ဂရုစိုက်ချင်၍မဟုတ်၊ဝေ့ထင်နှင့်အတူရှိချင်ရုံသာ။ 


 "ရှောင်ရွှယ် က ငါ့ကို အရမ်းဂရုစိုက်ချင်တယ်ဆိုလည်း သူမကို ဒီမှာပဲနေခွင့်ပေးလိုက်ပါ...မနက်ဖြန် အတူတူ ပြန်ကြမယ်နော်...သူမက စေတနာနဲ့ပြောနေတာကို"


စုမုန့် ​စကားကြောင့် ဝေ့ထင် မကန့်​ကွက်​​တော့ပေ။


 “စုမုန့်... ငါ နင့်ကိုဘယ်လောက် စိတ်ပူနေလဲ သိလား"  


စုမုန့်က သူမကို နေခွင့်ပြုလိုက်၍ ဝေ့ရွှယ်က ပျော်သွားပုံဖြင့် စုမုန့် ၏ လက်ကို ဖမ်းကိုင်လိုက်သည်။သို့သော် စုမုန့် ဘေးကို ရွှေ့လိုက်ပြီး 


“နင့်လက်ကို သွားဆေးရင် ပိုကောင်းမယ်ထင်တယ်...နင့်လက်တွေက ညစ်ပတ်လွန်းတယ်…နင်ငါ့ကိုမယုံရင် ဝေ့ထင်ကို ကြည့်ခိုင်းလိုက်"


ဝေ့ရွှယ် သည် ဝေ့ထင် ၏ အတွေးများကိုသာ အလွန်ဂရုစိုက်ကြောင်း စုမုန့် သိသည်။ 


ဝေ့ထင် နှင့်ကိုင်ပေါက်လိုက်၍ ဝေ့ရွှယ် ချက်ချင်းထကာ လက်ဆေးရန် ရေချိုးခန်းထဲသို့ သွားခဲ့သည်။


စုမုန့် သည် ဝေ့ရွှယ် ၏ နောက်ကျောကို ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။


 'နင် ဖြစ်ချင်နေတာလေ...နင်က ငါ့ကို အရမ်းကူညီချင်နေတာဆိုတော့ ဘာတတ်နိုင်မလဲ'


 "ဥက္ကဌဝေ့... ကောင်မလေးနှစ်ယောက် ဒီမှာ အတူတူအိပ်မယ် ဆိုတော့ မင်းဒီမှာ ဆက်နေဖို့မကောင်းတော့ဘူး မဟုတ်လား...မင်းစိတ်မရှိရင် ငါ့နေရာမှာ တစ်ညလာအိပ်နိုင်တယ်...ဘယ်လိုလဲ" 


ကျိုးဖုန်း သည် အပြင်ဘက်တွင် စောင့်ကြည့်နေရင်း စုမုန့် က ဝေ့ရွှယ် အား နေခိုင်းလိုက်သောအခါ မေးလိုက်သည်။


ဝေ့ရွှယ် သည် ဝေ့ထင် ကို တစ်ချက်ကြည့်လိုက်သည်။

ဝေ့ထင် လိုက်အိပ်မည်မဟုတ်ကြောင်း သူမ သေချာသိနေခဲ့သည်။သူ့မှာ mysophobia ရှိ၍ သူစိမ်းတွေနှင့် မနေတတ်ပေ။သို့သော်...စုမုန့်က


"ကျွန်မကို ရှင် စိတ်ပူနေတာ သိပါတယ်...ကျွန်မက အဆင်ပြေပါတယ်...ဘေးမှာလည်း ရှောင်ရွှယ် ရှိတယ်...ရှောင်ရွှယ်...ငါက လူနာတစ်ယောက် ‌ဆိုတော့ နင် ငါ့ကို တစ်ခါတစ်လေ ဂရုစိုက်ရမယ်.. အဆင်ပြေတယ်မလား"


 သူမ ဝေ့ရွှယ်ကို မျှော်လင့်ဟန်များဖြင့် လှည့်ကြည့်လိုက်သည်။  


ဝေ့ရွှယ် သည် စုမုန့်ကို စိုက်ကြည့်ရာမှ ကျောရိုးထဲကပါ၊ အေးစက်သွားသလို ခံစားလိုက်ရသည်။စုမုန့်မှာ မကောင်းသည့် ရည်ရွယ်ချက်တွေရှိနေသလိုမျိုး သူမအမြဲတမ်းခံစားမိသည်။သို့သော်၊ဂရုစိုက်ဖို့ သူမကလည်း ပြောထား၍ ငြင်း၍မရတော့။ 


"နင့်ကို ဂရုစိုက်တာက ငါ လုပ်သင့်တာပဲလေ"


စုမုန့်က ပြုံးပြီးပြောသည်။


“ကောင်းတယ်... ဒါဆို ဒီည ငါ့ကို ဂရုစိုက်ပါဦး...ငါတို့ ရှောင်ရွှယ် က အရမ်း ကြင်နာတယ် မဟုတ်လား...ဝေ့ထင် ”

ဝေ့ထင် က ပြန်မဖြေပေ။ စုမုန့် ကလည်း သူ့ဆီက အဖြေလိုချင်၍ မေးခြင်းမဟုတ်။



xxxxxx