အပိုင်း ၆၇
Viewers 11k

Chapter 67




ကန်တင်းတွင် အရောင်ဖျော့သော ချည်သားကုတ်အင်္ကျီကိုဝတ်ထားသည့် မိန်းကလေးသည် ထောင့်နေရာကို ရှာတွေ့သွားကာ ထိုနေရာ၌ပင် ထိုင်ချလိုက်သည် ။ အချိန်အနည်းငယ်လောက် အနီးအနားတစ်ဝိုက်ကို ကြည့်ရှူပြီးနောက် သူမသည် ကုတ်အင်္ကျီအိတ်ကပ်ထဲမှ စာအိတ်ကိုထုတ်လိုက်သည် ။ စာအိတ်အား အနည်းငယ်ဖွင့်လိုက်ပြီး ပိုက်ဆံများအား ပြန်ရေတွက်နေကာ စိတ်လှုပ်ရှားစွာဖြင့်ပင် တံတွေးပင်မြိုချမိသည် ။


   သူမသည် စာအိတ်အား ခေါက်လိုက်ပြီး သူမ၏ အိတ်ကပ်အတွင်းတွင် ထိုးသိပ်ထည့်ပြီး ဖုံးထားလိုက်သည် ။ သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကို မထိန်းထားခဲ့နိုင်ပေ ။


ယွမ်ရှစ်ထောင် တောင်မှပဲ ။


ထိုအရာအား ဆုပ်ကိုင်ထားရသည်မှာ ထူထဲသော အုပ်လိုက်ပင်ဖြစ်သည် ။ ထိုအရာအား ယွမ်ရှစ်ထောင်မျှပင် ရှိနေလိမ့်ဟု မမျှော်လင့်ခဲ့ပေ ။


 သူမသည် ရွာမှ ဦးလေးဟယ်ချုန်ရှန်း၏ ဇနီးအသစ်အား သဘောမတွေ့ခဲ့ပေ ။သို့သော် သူမ၏ အန်တီအသစ်သည် ထိုမျှလောက်ရက်ရောလိမ့်ဟုမမျှော်လင့်မိကာ သူတို့နှစ်ယောက်ကြားရှိ သဘောတူညီချက်သည် ယွမ်ရှစ်ထောင်မျှ ရခဲ့သည် ။ ထိုမျှလောက် များပြားသော ငွေပမာဏ သည် သူမ ၂ နှစ် ၊ ၃နှစ်ခန့်ပင် သုံး၍ရသည် ။ သေချာပေါက်ပင် သူသည် ထိုပိုက်ဆံများအား စားသောက်ဖို့ရန် သိမ်းထားမည် မဟုတ်ချေ ။ သူမ၏ အသက်အရွယ်တွင် စားဖို့သောက်ဖို့ကို ထိုမျှလောက်ဂရုစိုက်နေမည်မဟုတ်ဘဲ အစားလျှော့စားခြင်းသည် ခန္ဓာကိုယ်အလေးချိန်ကိုပင် ကျစေနိုင်သေးသည် ။


   သူမသည် နောက်ဆုံးပေါ်  'Apple ' တံဆိပ်ဖုန်းအား ဝယ်ယူရန် စီစဥ်ထားခဲ့သည် ။


  သူမတို့ကျောင်းသည် မြို့နယ်ကျောင်းဖြစ်သည် ။ သို့သော် အတန်းဖော် တော်တော်များများသည် ထိုနောက်ဆုံးပေါ် ဖုန်းတံဆိပ်အား ဝယ်ယူရန် မတတ်နိုင်ကြချေ ။ သူမ ဝယ်ခဲ့ပြီးလျှင် အတန်းဖော်များသည် သူမအား မနာလိုဖြစ်ကြလိမ့်မည်လား ။ သူမသည် ထိုအရာအတွက် ပိုက်ဆံသုံးရန်ကိုပင် မစောင့်တော့ချေ ။ ဘာလို့များ သူမအခြားတစ်စုံတစ်ခုအား မဝယ်ရသလဲ ။ ဥပမာအားဖြင့် အင်္ကျီအသစ် ၊ ဘရန်းများအား ကိုးကားထားသော အသုံးအဆောင်ပစ္စည်းများ ၊ စသည်ဖြင့် ။


သူမထိုသို့တွေးမိသောအခါ သူမ၏နှလုံးသည် နှစ်ကြိမ်မျှ ခုန်သွားကာ သူမဘာဝယ်ရမည်ကို အစီစဥ်ဆွဲနေခဲ့သည် ။


" ဖေးယွင် ငါနင့်ကိုရှာနေတာ အတော်ကြာပြီ ။ငါစာမေးပွဲခန်းထဲက ထွက်လာတဲ့ထိ နင်ဘာလို့စောင့်မနေတာလဲ ။ ဘာတွေအဲ့လောက်တောင် ပျော်နေတာလဲ ။ နင်စာမေးပွဲမှာရော ကောင်းကောင်းဖြေနိုင်ခဲ့ရဲ့လား ။ " 

နက်မှောင်သော သဏ္ဍာန်ရှိသည့် ရှပ်အင်္ကျီအနီရောင်နှင့် အပေါ်ထပ်ဝတ်ထားသောကောင်လေးသည် သူမဆီသို့လျှောက်လာကာ အစားစာထည့်ထားသည့်ပန်းကန်အား ချလိုက်သည် ။   ကြက်ပေါင်တစ်ချောင်းအား သူမပန်းကန်ထဲသို့ ထည့်ပေးလာကာ

   " ဓါတုဗေဒ လက်တွေ့စမ်းသပ်ချက်ပဲကျန်တော့တယ် ။စာမေးပွဲပြီးသွားပြီဆိုရင် ငါတို့ပြန်သွားလို့ရပြီ "


    ထိုကောင်လေးသည် ဖေးယွင်၏ ချစ်သူကောင်လေးဖြစ်ပြီး ငယ်ချစ်ဦးကဲ့သို့ပင်ဖြစ်သည် ။


  သို့သော် ဆက်ဆံရေးသည် မည်မျှပင် ကောင်းမွန်ပါစေ ဖေးယွင်သည် သူ့အား ထိုကိစ္စနှင့်ပက်သက်၍ မပြောပြနိုင်သေးပေ ။ ထိုကြောင့် သူမသည် ပြုံးရုံသာပြုံးလိုက်ပြီး ပြောလိုက်သည် ။

" ငါဒီနေ့ နင့်ကို နေ့လည်စာဝယ်ကျွေးမယ် "


" အရမ်းရက်ရောနေပါလား " ကောင်လေးသည် ရယ်မောလာခဲ့သည် ။


ဖေးယွင်နှင့် သူသည် အိမ်နီးချင်းများဖြစ်ကြပြီး အိမ်ရှိ အခြေအနေများသည် အရမ်းမကောင်းကြပေ ။ပုံမှန်အားဖြင့် သူတို့သည် မနက်စာနှင့် နေ့လည်စာအတွက် ပန်းများကို ရေတွက်ဖို့လိုပေသည် ။


" နင်ထီတော့မပေါက်လာပါဘူးနော် ၊ ဟုတ်တယ်မလား "


" မဟုတ်ပါဘူး ။ ငါက ဒီတိုင်း စာမေးပွဲက အဆင်ပြေသွားတယ် ထင်လို့ပါ ။ အဲ့တာကြောင့် ငါပျော်နေလို့ "


ဖေးယွင်သည် ပြောလို့ပြီးသွားပြီး အဖုံးအားဖွင့်လိုက်ကာ သူစားချင်နေသော်လည်း မဝယ်နိုင်သည့် အနောက်တိုင်းပုံစံ အသားကင်နှစ်ခုကို ဝယ်လိုက်သည် ။


  သူမသည် အသားကင်အား ဂရုတစိုက်ယူလိုက်ပြီး သူမ၏ ထိုင်ခုံနေရာသို့ ပြန်သွားကာ တစ်ခုအား ကောင်လေးဆီသို့ ထည့်ပေးလိုက်သည် ။


"  မြန်မြန်လုပ် ၊ စောစောစားထားလိုက်တော့ ၊ စာမေးပွဲခန်းထဲကို နေရာလုဖို့ သွားရအုန်းမယ် " 


  ဒီနေ့က သိပ္ပံပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ပဲ ။အခြားဘာသာရပ်များသည် ဖြေဆိုပြီးဖြစ်သည် ။ ဓာတုဗေဒဘာသာရပ်သည် ရေးဖြေစာမေးပွဲနှင့် လက်တွေ့စမ်းသပ်ချက် ဟူ၍ နှစ်ပိုင်းခွဲထားသည် ။နေ့လည်ပိုင်း ရေးဖြေစာမေးပွဲအပြီး လက်တွေ့စမ်းသပ်ချက်တွင် မိနစ်သုံးဆယ်ခန့် ဆက်၍ယှဥ်ပြိုင်ရန် လိုအပ်ပေသည် ။


   ဖေးယွင် ရေးဖြေစာမေးပွဲ ဖြေနေချိန်တွင် သူမ၏ အကြည့်များသည် ပြတင်းပေါက်နားရှိ မိန်းကလေးဆီသို့သာ ကျရောက်နေခဲ့သည် ။ထိုမိန်းကလေးသည် အလွန်လှပြီး သူမ၏ ကျောင်းဝတ်စုံနှင့် လိုက်ဖက်နေသည် ။ စာရွက်များအား လှန်နေသည်မှာလည်း အလွန်မြန်ပြီး သူမနောက်ကျောသည် ဖြောင့်မတ်ကာ သူမ၏ တစ်ကိုယ်လုံးသည် မနာလိုစရာကောင်းလောက်သော ယုံကြည်မှုရှိခြင်းတို့အား ဖော်ပြနေခဲ့သည် ။


  စာရွက်အားကိုင်ထားလျက်ပင် ဖေးယွင်သည် သူမ၏ အနားသို့ကပ်သွားကာ နာမည်အား ကြည့်လိုက်သည် ။  ကျုံး ယို့ ယို့ ။


   သူမအဒေါ်ပြောသော မိန်းကလေးသည် အမှန်ပင်ဖြစ်သည် ။


ဖေးယွင်သည် ပုံမှန် တောဘက်ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ယောက်သာဖြစ်သည် ။

သူမသည် တသီးတသန့်သာနေတတ်ပြီး ခိုက်ရန်ဖြစ်ပွားသည်မှာ အလွန်ရှားကာ စာကိုပဲ တစ်နေ့လုံး အာရုံစိုက်လေ့ရှိသည် ။ သူမသည် ဆိုးရွားသည့်အရာများအား တစ်ခါမှ လုပ်ဖူးခြင်းမရှိဘဲ အနည်းငယ် ကြောက်ရွံ့နေသည်ကို မရှောင်လွှဲနိုင်ခဲ့ပေ ။


   သို့သော်သူမသည် သူမ၏ အဒေါ်ပြောသည့်အတိုင်းပင် ကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်နေရသည်ဟုပင် တွေးခဲ့သည် ။ ထိုမိန်းကလေးသည် သူမ၏ သမီးအား အမြဲအနိုင်ကျင့်လေ့ရှိပြီး အတန်း၌ပင် အနိုင့်ကျင့်ခဲ့သောကြောင့် ကျောင်းသို့ပင် မသွားရဲခဲ့ပေ ။  ထိုကဲ့သို့သော သူမျိုးသည် ရွံစရာအကောင်းဆုံးဖြစ်သည်ဟု ဖေးယွင်တွေးခဲ့သည် ။ သူမသည် သူမ၏ အလှအပ နှင့် နောက်ခံအင်အားကြောင့် အခြားမိန်းကလေးများအား အနိုင်ကျင့်ခဲ့သည် ။


  သေချာပေါက် ဖေးယွင်သည် ထိုကဲ့သို့သူမျိုးကို မုန်းတီးသည် ။သို့သော် ထိုကဲ့သို့သော ယွမ်ရှစ်ထောင်ကို မရခဲ့လျှင် သူမသည် သူမ၏ အဒေါ်အား ကူညီပေးရန် စွန့်စားလိမ့်မည် မဟုတ်ချေ ။


  ရေးဖြေစာမေးပွဲပြီးနောက်တွင် ဖေးယွင်သည် ဓါတ်ခွဲခန်းသို့ အမြန်သွားခဲ့သည် ။စစ်ဆေးခြင်းမစတင်ခင်တွင် ဓါတ်ခွဲခန်းသည် သော့ခတ်ထားပြီး ဝင်လို့မရချေ ။သို့သော် ဖေးယွင်သည် ပြတင်းပေါက်မှ တစ်ဆင့် အထဲသို့ ကြည့်လိုက်သည် ။


   မျိုးစုံသော ဓါတ်ခွဲခန်းပစ္စည်းများသည် တစ်နေရာထဲတွင် သိမ်းဆည်းထားသည် ။ ကျောက်သင်ပုန်းပေါ်၌ ကင်မရာတစ်ခုတည်းသာရှိပြီး ထောင့်အနေအထားသာမှန်ကန်လျှင် အပြည့်အဝ ကွယ်ထားပြီးသား ဖြစ်နိုင်သည် ။သူမ၏ အကြည့်သည် အရက်ပြန်ပုလင်းပေါ်တွင် ကျရောက်သွားခဲ့ပြီး စိုးရိမ်မှုများနှင့် စိတ်ပိုင်းဖြတ်ထားခြင်း အရိပ်ယောင်များသည် သူမ၏ မျက်လုံးထဲတွင် ဖြတ်ပြေးနေခဲ့သည် ။


........


ရှစ်ကျစ်ထန်အား သတိထားရန်အတွက် ချင်းယောင်သည် ဟိုတယ်တွင် သုံးရက်တာမျှ နေထိုင်ခဲ့သည် ။ သူ ဤကဲ့သို့ ကာကွယ်ထားခြင်းကြောင့် ရှစ်ကျစ်ထန်သည် ထပ်ပြီး နှောင့်ယှက်ရန်ပေါ်မလာခဲ့ပေ ။ သို့သော် ကျုံးယို့ယို့ စာမေးပွဲခန်းထဲသို့ ဝင်လာသောအခါတွင် အဝေးမှ ကြည့်နေခဲ့သည် ။ ချင်းယောင်သည် ထိုသူထံတွင် ယခုထိ အကြံအစည်များရှိနေသေးသည်ကို တွေ့ခဲ့ရပြီး ကျုံးယို့ယို့ ရှေ့တွင်ရပ်လိုက်ကာ သူ့အား နောက်ပြန်လှည့်ကြည့်နေခဲ့သည် ။


 သူထိုကဲ့သို့ ဂရုမပြုမိဘဲ စာမေးပွဲခန်းထဲသို့ လိုက်ဝင်လာသည်ကို တွေ့သောအခါ ကျုံးယို့ယို့သည် ရယ်ချင်လာခဲ့သည် ။ ပြီးနောက် သူမ စာမေးပွဲမပြီးသေးခင်ပင် အောက်ထပ်ရှိ စာမေးခန်းအဖြစ်ပြင်ဆင်ထားသော စာသင်ခန်းထဲတွင် ကြိုစောင့်နေခဲ့သည် ။ ၎င်း​သည် သူခိုးများအား မုန်းတီးသော သူဖြင့်ပင် တူညီကာ ရှစ်ကျစ်ထန်သည် သူမအား ထပ်၍ မချဥ်းကပ်လာခဲ့ပေ ။


  ကံအားလျော်စွာဖြင့်ပင် နောက်ဆုံး လက်တွေ့စမ်းသပ်ချက်သာ ကျန်ရှိတော့သည် ။


   စာမေးပွဲခန်းထဲသို့ မဝင်ခင်တွင် နှစ်ယောက်သားသည် စာသင်ဆောင်အနီးရှိ ပွဲကြည့်စင်တွင် ထိုင်နေခဲ့ပြီး ကျုံးယို့ယို့ သည် သရေစာမုန့်အနည်းငယ်ကို ယူလာခဲ့သည် ။


  " ငါတို့ကျောင်းထဲက လူတွေက တစ်ည ဒီမှာပဲနေရမှာ ။ ဒါပေမဲ့ လက်တွေ့စမ်းသပ်ချက်ပြီးသွားရင်တော့ ငါခေါင်းဆောင်ဆရာမကို သွားပြောလိုက်မယ် ။ နောက်ပြီး ငါစောစောထွက်လာခဲ့မယ် ။ နင်အပြန်မောင်းတဲ့အခါကျရင် ငါနင်နဲ့ လိုက်ခဲ့မယ် ။အဲ့တာဆို ငါလည်း ထပ်ပြီး ခရီးမပန်းတော့ဘူးပေါ့ "


" ရတယ် " ချင်းယောင်ပြောလိုက်သည် ​ "စာမေးပွဲဆိုတာ ပုံမှန်ပါပဲ ၊ နင်အဆင့်မရခဲ့လည်း ဘာမှမဖြစ်ဘူး "


   ကျုံးယို့ယို့သည် သူ၏ လက်အား ဆုပ်ကိုင်ထားကာ ရယ်မောလာခဲ့သည် ။ ထို့နောက် သူ့ဘက်သို့ ကြည့်လာခဲ့ပြီး 

  " ကျန်ခဲ့တဲ့ သုံးရက်ထဲက နင်ပြောလာတာ ဘယ်နှစ်ခေါက်တောင်ရှိနေပြီလဲ ။ ကိုယ့်ဘာသာရော ရေထားရဲ့လား ။ နင်ဘယ်လိုတောင် အဖေလို လုပ်နေတာလဲ ။ "


ကျုံးကော်ချန်လား ။ သူက ကျုံးကော်ချန်ထက် အဆပေါင်းတစ်သောင်းလောက် ပိုချောတာမဟုတ်ဘူးလား ။ သူက ဘယ်လိုတောင် အယှဥ်ခံလိုက်ရတာလဲ ။ ဒါက လုံးဝ ယှဥ်လို့ကို မရတာကြီးလေ ။


"...." ချင်းယောင် အနည်းငယ် စိတ်ဓါတ်ကျသွားခဲ့ရသည် ။ ထို့နောက် ခဏလောက်စဥ်းစားကာ ပြောလာခဲ့သည် ။


   " ဒါပြီးသွားရင် အရသာရှိတာတွေစားဖို့ ကိုယ်မင်းကို ခေါ်သွားမယ် "


  " အဲ့တာက အတော်ကိုတူတာပဲ " ကျုံးယို့ယို့ သည် သူ၏ ပါးနှစ်ဖက်အား ဆွဲထားကာ သူ၏ မေးဖျားလေးအား ကုတ်ခြစ်ရန် လက်ချောင်းများဆန့်တန်းလာခဲ့သည် ။ ထို့နောက် ပြုံး၍ပင် ပြောလာခဲ့သည် ။


" မစ္စတာချင်း ကျေးဇူးပြုပြီး ရိုမန့်တစ်ဆန်စမ်းပါ ။မဟုတ်ရင် ဒီချစ်သူကောင်မလေးက အဝေးကို ပြေးသွားလိမ့်မယ် "



ချစ်သူကောင်မလေး ...ချစ်သူကောင်မလေးလား ။


  ချင်းယောင်၏ နှလုံးသားသည် အနည်းငယ် ထုံထိုင်းသွားခဲ့သည် ။ ထို့နောက် သူ၏ နှုတ်ခမ်းထက်တွင် ဖြတ်ပြေးသွားသော အပြုံးသည် ပန်းများပွင့်တော့မတက်ပင်ဖြစ်နေသည် ။ သို့သော် ချင်းယောင်သည် ထပ်၍ ကြိတ်မှိတ်ကာ ခုခံနေခဲ့သည်။


ချင်းယောင် ၊ သူက အခုမှ တစ်ဖက်သက်ကြိုက်နေတဲ့ ကောင်မလေးကိုရလိုက်တဲ့ မူလတန်းကျောင်းသားမဟုတ်တော့ဘူး ။ သူမရှေ့မှာ တည်တည်ငြိမ်ငြိမ်နေဖို့တယ် ။ ဒါကြောင့် တည်ငြိမ်စမ်းပါ ။

  ချင်းယောင်သည် ချောင်းဟန့်လိုက်ကာ သူမ၏ လက်ချောင်းလေးများအား ကိုင်လိုက်ပြီး 

   " ကိုယ်သိပြီ "


" ဟုတ်သားပဲ " ကျုံးယို့ယို့ပြောလာခဲ့သည် " ငါဓါတ်ခွဲခန်းမှာ စမ်းသပ်တာ နင်မမြင်ဖူးဘူးမလား ။ "


အဲ့တာက အရမ်းမိုက်တာ ။ ကျုံးယို့ယို့ အောင်ပွဲခံနေရသကဲ့သို့ တွေးမိကာ ပြောလာခဲ့သည် ။


   " အကယ်၍ ငါတိတ်တိတ်လေး ဖုန်းနဲ့ ရိုက်လာလို့ရရင် ငါဗီဒီယိုအတိုလေး ရိုက်လာပြီး နင့်ကိုပြမယ် ။ဘာပဲဖြစ်ဖြစ် အချက်ပြတဲ့ဟာတွေက ပိတ်ထားတာပဲ ။ ဒါပေမဲ့ ဖုန်းရဲ့ အခြားလုပ်ဆောင်ချက်တွေကတော့ မပိတ်ခံရဘူး "


   ချင်းယောင်သူမအား ကျီစယ်သလိုကြည့်လာခဲ့ပြီး ပျော်မြူးနေသောအမူအရာဖြင့် သူ၏ နှလုံးသားသည် ချိုမြိန်ပြီး နူးညံ့နေခဲ့သည် ။


" ကောင်းပြီလေ "


ကျုံးယို့ယို့အား စာမေးပွဲခန်းသို့ လိုက်ပို့ပြီးနောက် ချင်းယောင်သည် စာသင်ဆောင်ရှိ လှေကားအောက်ထပ်တွင်  ကျောင်းသားများအားလာစောင့်နေသော အခြားသူများ၏ ဦးလေးနှင့် အဒေါ်များကြားထဲတွင် ရပ်နေခဲ့သည် ။ သူသည် အလွန်ပင် အကြည့်များအား ဖမ်းစားနေခဲ့ပြီး ထင်ရှားပေါ်လွင်နေခဲ့သည် ။သို့သော် သူသည် ထိုအရာများအား အာရုံစိုက်မနေဘဲ သူ၏ နှလုံးသားထဲတွင် မီးပန်းများ ပေါက်ဖွားနေခဲ့သည် ။


  ဒါပေမဲ့ ခဏနေပါအုန်း ။ အခုလေးတင် ကျုံးယို့ယို့ ဘာပြောသွားတာလဲ ။သူက သူမအတွက် လုံလုံလောက်လောက် ကဗျာမဆန်သေးဘူးလို့ ဆိုလိုချင်တာများလား ။


   ချင်းယောင်၏ အမူအရာသည် ရုတ်တရက် အလေးအနက်ဖြစ်လာခဲ့သည် ။ အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက်တွင် သူသည် သူ၏ ဖုန်းအား ဖွင့်ကာ Baidu အားဖွင့်လိုက်သည် ။ အခြားမသိသောသူများသည် သူသည် စာပေဆိုင်ရာဗဟုသုတအချက်အလက်များအား ရှာနေသည်ဟု ထင်လောက်မည်ဖြစ်ပြီး သို့သော် ရှာဖွေမှုနေရာတွင် မျဥ်းကြောင်းသာပေါ်နေခဲ့သည် ။

( Baidu - Google လိုပဲ Chinaပြည်တွင်းသုံး search engineတစ်မျိုးပါ )


  အသက်ဆယ့်ရှစ်နှစ် အရမ်းလှပြီး ထက်မြက်တဲ့ မိန်းကလေးအတွက် အပေါစားမဆန်ဘဲ မိုက်နေအောင် ရိုမန်တစ်ဆန်ဖို့ ဘယ်လိုလုပ်ရမလဲ ။


.....

စာမေးပွဲခန်းထဲသို့ ဝင်ပြီးသည့်နောက်တွင် အခြားစာမေးပွဲများကဲ့သို့ပင် ဆရာမများသည် လွယ်အိတ်များ ၊ ခဲတံထည့်သည့် အိတ်အကန့်များ နှင့် သူတို့ယူဆောင်လာသော ပစ္စည်းများအား စင်မြင့်ပေါ်တွင် တင်ခိုင်းထားသည် ။ စာမေးပွဲခန်းအား စောင့်ကြပ်သည့် ဆရာမ သုံးယောက်ရှိပြီး ကျောင်းသားများသည် ထိုပစ္စည်းများအား ထိရန်မှာ မဖြစ်နိုင်ချေ ။


   အခြားသူများ အာရုံမစိုက်နေသည်အား အခွင့်ကောင်းယူကာ ကျုံးယို့ယို့သည် ဖုန်းအား ကင်မရာဖွင့်လိုက်ပြီး လွယ်အိတ်ထဲတွင် သိပ်ထည့်ခဲ့သည် ။ ကင်မရာအတွက် အပေါက်သာ ဇစ်နားတွင် ရှိပြီး သူမနှင့် မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်နားတွင်သာ တင်ထားခဲ့သည် ။ သူမသည် လက်ခုပ်တီးကာ နှုတ်ခမ်းလေးများ ကွေးလာခဲ့သည် ။ ထိုအရာသည် လုံးဝမှားနိုင်စရာမရှိပေ ။ ထို့နောက်​သူမသည် သူမ၏ အုပ်စုရှိရာသို့ ပြန်သွားလိုက်ပြီး ဓါတ်ခွဲစစ်ဆေးခြင်း တရားဝင်စတင်တော့မည်အချိန်ကို စောင့်နေခဲ့သည် ။


   ဓါတ်ခွဲစစ်ဆေးခြင်းသည် တစ်နာရီခန့်ကြာမြင့်မည်ဖြစ်ပြီး တစ်ဖွဲ့တွင် ခြောက်ယောက်အတိအကျရှိပြီး တစ်ယောက်ချင်းစီ ဓါတ်ခွဲစစ်ဆေးရန် ဆယ်မိနစ်မျှ အချိန်ရသည် ။ ဓါတ်ခွဲစစ်ဆေးခြင်းသည် လုံးဝချောမွေ့ရန် လိုအပ်သည်ဟု ပြောရမည် ။ မဟုတ်ပါက ဓါတ်ခွဲမှုသည် ပေးထားသောအချိန်အတွင်း မပြီးမြောက်လျှင် အမှတ်နှုတ်ခံရမည် ဖြစ်သည် ။


    ကျုံးယို့ယို့သည် သူမ၏ အုပ်စုထဲတွင် တတိယမြောက် ဓါတ်ခွဲရမည့်သူဖြစ်သည် ။သူမ၏ ဘယ်ဘက်တွင် ရပ်နေသောမိန်းကလေးသည် ပိန်ပါးကာ ရှက်ရွံ့တတ်ပုံပေါ်သည့် အပေါ်အင်္ကျီထပ်ဝတ်ထားသော မိန်းကလေးဖြစ်သည် ။ သူမအား ကြည့်ရသည်မှာ ကျန်းမာရေးမကောင်းသည့်ပုံပေါ်သည် ။ သူမသည် ခဏာတာရပ်တန့်လိုက်ပြီး ခလုတ်ခုံကို ကိုင်ထားခဲ့သည် ။ သူမ ယိုင်နဲ့နေသည်အား ကြည့်ရသည်မှာ သွေးတွင်းသကြားဓါတ်လျော့နည်းနေပုံရသည် ။


    ကျုံးယို့ယို့သည် သွေးတွင်းသကြားဓါတ်လျော့နည်းသည့် ရောဂါအား ခံစားခဲ့ရဖူးပြီး သူမ၏ မျက်လုံးများသည် နက်မှောင်လာကာ သေချာပေါက်ပင် မသက်မသာဖြစ်နေပုံပေါ်သည် ။ ထို့ကြောင့် သူမ စာမေးပွဲမဖြေခင်တွင် ရေထားသော နေရာသို့ အလျင်အမြန်သွားလိုက်ပြီး တစ်ခါသုံးခွက်နှင့် ရေနွေးအနည်းငယ်အား ယူလိုက်ကာ သကြားထည့်ပြီး ပျော်ဝင်အောင် မွှေလိုက်သည် ။


  သူမပြန်လာပြီး ထိုအရာအား အားနည့်နေသည့် မိန်းကလေးထံသို့ပေးလိုက်သည် ။

 " ဒီမှာ သကြားရေတစ်ခွက်က ပိုကောင်းလိမ့်မယ် "


   မိန်းကလေးသည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ အလျင်အမြန်ပင် လက်နှစ်ဖက်ဖြင့် ယူလိူက်သည် ။

  " ကျေးဇူးပါပဲ "


  ကျုံးယို့ယို့လက်ကာပြလိုက်သည် ။

" ကိစ္စသေးသေးလေးပါ "


" ငါ့နာမည်က ထန်းရော့ " ထန်းရောသည့် သကြားရေအား သောက်လိုက်ကာ ကျုံးယို့ယို့အား ရှက်ရွံ့စွာဖြင့် အကြိမ်များစွာကြည့်လာခဲ့သည် ။ ထို့နောက် တိုးညင်းစွာ ပြောလာခဲ့သည် ။

" ငါတို့က အိပ်ဆောင်မှာနေတာ ။ နင်ရေသွားယူတုန်းက ငါနင့်ကို တွေ့လိုက်တယ် "


   အမှတ်ဆယ့်သုံးကျောင်းသည် နောက်ထပ်အဓိကကျောင်းပင် ဖြစ်သည် ။ထပ်ပေါင်းပြောရလျှင် စာရင်းအရေအတွက်အဆင့်သည် ကျုံးယို့ယို့တက်နေသောကျောင်းထက် ပိုမြင့်သည် ။ အဘယ်ကြောင့်ဆိုလျှင် သူမတို့ကျောင်းတွင် အဆင့်အားကျစေသော ပိုက်ဆံထည့်သည့် ဒုတိယမျိုးဆက်သူဌေးမျိုးနွယ် ကျောင်းသားများ အလွန်ပေါသည် ။


အမှတ်ဆယ့်သုံးကျောင်းသည် တင်းကျပ်သော စာသင်ကြားမှုများဖြင့် နာမည်ကြီးသည် ။


 ကျုံးယို့ယို့သည် ပြုံးကာ ပြောလာခဲ့သည် ။

" ဟယ်လို "


    ထန်းရော့သည် အနည်းငယ်ရှက်နေသော်လည်း ကျုံးယို့ယို့နှင့် စကားအနည်းငယ်ပြောချင်နေခဲ့သည် ။  သူမ အိပ်ဆောင်အောက်ထပ်ရှိ လှေကားနားတွင် သက်လတ်ပိုင်းအမျိုးသမီးအား လူအများကြီးရှေ့တွင် တွေ့လိုက်ရသောအခါ သူမအနည်းငယ်တုန်ရီလာခဲ့ပြီး သူမ၏ ပုံစံသည် ပုံမှန်နှင့် မတူအောင် အလွန်ကွဲထွက်နေခဲ့သည် ။ ထို့နောက် သူမစုံစမ်းကြည့်သောအခါတွင် ကျုံးယို့ယို့သည် အလွန်ပင် နာမည်ကြီးသည် ။


    သူမသည် သတင်းအဆက်လိုက်များကြောင့် ကြက်သေ သေသွားခဲ့ရသည် ။

 

  ထို့နောက်တွင် ကျုံးယို့ယို့သည်  ထိုလူလတ်ပိုင်းအမျိုးသမီးအား ဘာကြောင့် ထိုမျှလောက်ရက်စက်နေရသည်ကို နားလည်သွားခဲ့သည် ။သူမသည်သာ ကျုံးယို့ယို့နေရာတွင် အခြေအနေတူစွာပင် သက်လတ်ပိုင်းအမျိုးသမီးဆီမှ လာရှာခံရလျှင်သူမသေချာပေါက် ငိုမိလိမ့်မည်ဖြစ်ပြီး ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်ပေ ။


ယခုတွင် ကျုံးယို့ယို့သည် သူမအား ဦးစွာစကားပြောလာခဲ့ပြီး အိုင်ဒေါလ်ထံမှ ကျီစယ်ခံလိုက်ရသကဲ့သို့ပင် ထူးမခြားနားစွာ ခံစားလိုက်ရသည် ။သူမ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည် ။


" အရင်စာမေးပွဲတုန်းကလည်း ငါကနင်နဲ့ စာမေးပွဲခန်းတစ်ခန်းထဲပဲ ။ငါက နင့်နောက်မှာ ထိုင်ရတာ ။နင်ကတော့ တွေ့မှာမဟုတ်ပေမဲ့..."

ထန်းရော့သည် သူမ၏ စိတ်လှုပ်ရှားမှုများအား ဖိနှိပ်လိုက်ကာ တိုးသက်သော အသံဖြင့် မေးလိုက်သည် ။

"နင်စာမေးပွဲမှာ ဘယ်လိုလုပ်ခဲ့လဲ "


ကျုံးယို့ယို့သည်  ထန်းရော့၏ အတွေးများအား မသိဘဲ ထိုမိန်းကလေးအား ရှက်နေသည်ဟု တွေးခဲ့သည် ။တစ်ကယ်တမ်းတွင် သူမသည် အနည်းငယ်ရင်းနှီးနေသော သူပင် ဖြစ်သည် ။


" အဲ့တာက အဆင်ပြေပါတယ် " သူမ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည် ။


ဒါပေမဲ့ အဆင်ပြေတာထက် ပိုတယ်မဟုတ်လား ။အခြားသူများအတွက် နားလည်ရန် အလွန်ခက်သည်ဟု ထင်ရသော ပြိုင်ပွဲမေးခွန်းများသည် သူမအတွက် အလယ်အလတ်ခက်ခဲရုံမျှသာဖြစ်သည် ။ တရုတ် နှင့် အင်္ဂလိပ်စာ စာစီစာကုံးမှ လွဲ၍ အခြားဘာသာများတွင် သူမသည် အမှတ်ပြည့်ရနိုင်သည်ဟုတွေးခဲ့သည် ။ထို့နောက်တွင် ဓါတု​ဗေဒ ဓါတ်ခွဲမှုလည်း အမှတ်ပြည့်ရမည် ဖြစ်သည် ။ ဤအကြိမ်တွင် ရရှိမည့်အမှတ်သည် တစ်ကျောင်းလုံးအား အုတ်အော်သောင်းတင်း ဖြစ်စေလိမ့်မည် ။


  " နင်စာမေးပွဲမှာ သေချာပေါက်ကောင်းကောင်းလုပ်နိုင်ခဲ့မှာပဲ " ထန်းရော့သည် ဝင့်ကြွားပေးခဲ့သည် ။ထိုအရာအားတွေးမိသောအရာ သူမသည် နောက်ထပ် စစ်ဆေးမှုအတွက် မလွယ်ကူဘူးဟု ခံစားရကာ ပြောလာခဲ့သည် ။

  " အမှန်တော့ ငါ့ရဲ့အဆင့်တွေက အရမ်းမကောင်းဘူး ။ ငါ့အဖေကသာ ဖိအားမပေးခဲ့ရင်..."


  သူမ စကားပြောလို့မပြီးသေးခင် သတိလတ်လွတ် အမှားလုပ်မိသွားကာ ပါးစပ်အား အမြန်ပိတ်လိုက်သည် ။


  ကျုံးယို့ယို့သည် ကွဲပြားစွာပြုံးလာခဲ့သည် ။သူမသည် ထိုအရာအားကြားလိုက်သောအခါ ဒေါသထွက်မနေဘဲ အနောက်ဘက်တံခါးဆီသို့ လျှောက်သွားလိုက်သည် ။ သူမသည် အခြားမိသားစုများ၏ ကိစ္စများကို ဂရုစိုက်နေဖို့ရန် အလွန်ပျင်းလှသည် ။မည်သို့ပင်ဖြစ်စေ ထန်းရော့သည် အလွန်ကြင်နာသော မိန်းကလေးဖြစ်ပြီး သူမထံတွင် ထန်းရော့နှင့်ပက်သက်၍ အမြင်ကောင်းများရှိနေဆဲဖြစ်သည် ။


" ဟုတ်ပြီ ၊ စာမေးပွဲ စတော့မယ် ။ အားလုံးပဲ တီးတိုးပြောနေတာတွေ ရပ်ကြပါ ။ အစဥ်လိုက်အတိုင်းပဲ အုပ်စုတစ်စုချင်းစီက ပထမဆုံးကျောင်းသားများ ကိုယ်ဆွဲထားသော စမ်းသပ်ချက်မေးခွန်းတွေကို လုပ်ဆောင်ပေးကြပါ "


( Note: ယို့ယို့ အဖေနာမည်က အရှေ့မှာ ကျုံးဝေ့ကော်ပါ ။ ဒါပေမဲ့ ဒီအပိုင်းမှာ etranက ကျုံးကော်ချန်ဆိုပြီး ပြန်ထားလို့ ကျုံးကော်ချန်နဲ့ပဲ ရေးလိုက်ပါတယ် )