အပိုင်း ၇၅
Viewers 11k

Chapter 75




ကျုံးယို့ယို့သည် တံခါးကို နှစ်ခါခေါက်လိုက်၏။ သင်ကြားရေးဌာနမှူးရုံးခန်းထဲတွင်တော့ သင်ကြားရေးဌာနမှူးသည် လူသုံးယောက်ကို လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ပြီး ဆွဲခေါ်သွားသည်။


ထိုနှစ်ဦးသည် ပညာရေးဝန်ကြီးဌာနမှဖြစ်ပြီး စာမေးပွဲဖြေဆိုရာ၌ တာဝန်ရှိသူများဖြစ်သည်။ ထိုထဲကတစ်ယောက်သည် ထိုနေ့က ကျုံးယို့ယို့ရဲ့ စာမေးပွဲခန်းစောင့် နံပါတ် ၁ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အသက် ၄၀နှင့် ၅၀အတွင်းရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သင်ကြားရေးဌာနမှူးအား စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုရန် တွန်းအားပေးနိုင်သူသည် ပညာရေးဝန်ကြီးဌာနတွင် နိမ့်ကျသည့်အဆင့်အတန်းမရှိသင့်ပေ။


ဆိုဖာပေါ်တွင်ထိုင်နေသည့် လူတစ်ယောက်လည်း ရှိသည်။ သူသည် အခုလေးတင် အတန်းဖော်ပြောခဲ့သည့် ဒါရိုက်တာ သို့မဟုတ် လက်ထောက်ဒါရိုက်တာဖြစ်သင့်သည်။ သူသည် နေကာမျက်မှန်တပ်ထားပြီး ခေါင်းကိုစောင်းထားကာ တံခါးဘက်ကို ကြည့်နေလေသည်။


ကျုံးယို့ယို့သည် တံခါးကို တွန်းဝင်လိုက်သည်။


သင်ကြားရေးဌာနမှူးက ချက်ချင်းပဲ အံ့သြတကြီးဖြင့် "အိုး၊ ကျောင်းသူကျုံးယို့ယို့ရောက်နေပြီပဲ ဒီကိုလာလေ!"


သူသည် သူ့မျက်၀န်းတွေ မမြင်နိုင်လောက်အောင်ကို ရယ်မောနေခဲ့တာဖြစ်၏။ သူသည် ကျုံးယို့ယို့၏အထောက်အထားကို ကြေငြာပြီးကတည်းက ကျုံးယို့ယို့ကို ကြင်နာပြီး ချစ်ခင်သည်။ အရင်တခေါက် ကျုံးယို့ယို့ ရုံးခန်းထဲသို့ရောက်သွားစဉ်က သူသည် လက်ဖက်ရည်ကို အမြန်လောင်းထည့်ပေးပြီး ကုလားထိုင်ကိုပင် ဆွဲထုတ်ပေးခဲ့သေးသည်။ သို့သော် ယခုအချိန်တွင် ပညာရေးဝန်ကြီးဌာနမှ လူများရှိနေသဖြင့် အလွန်စိတ်အားထက်သန်မှုမရှိသင့်ပေ။


"ဒါက ကျောင်းသူကျုံးယို့ယို့လား?" ဆိုဖာပေါ်ရှိလူသည် တခဏမျှ ထိတ်လန့်သွားပြီး နေကာမျက်မှန်ကို ချွတ်လိုက်သည်။


ကျုံးယို့ယို့သည် မြို့၌ ပထမနေရာရခဲ့သည်ဟု ကြားခဲ့ရသောကြောင့် ဤကျောင်းသူလေးသည် ဤသို့သောအဆင့်ကောင်းများ ရှိသောကြောင့် သူမ၏အသွင်အပြင်သည် သာမန်ဖြစ်ရမည်ဟု  သူ တွေးမိခဲ့သည်။ သို့သော် ဝင်လာသောမိန်းကလေးသည် တောက်ပပြီး လှပနေကာ TV showများတွင် မြင်ရတတ်သည့်ကောင်မလေးများကိုပင် မရှုံးနိုင်ချေ။


တုံ့ပြန်ပြီးနောက် သူသည် အမြန်ထရပ်ကာ ရှေ့တိုးသွားပြီ ကျုံးယို့ယို့၏လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။


"ကျောင်းသူကျုံးယို့ယို့ ကျေးဇူးအများကြီးတင်ပါတယ်! အရေးကြီးတဲ့အခိုက်အတန့်မှာ ငါ့သမီးကို မဆွဲခဲ့ရင် ငါ့မိသားစုရဲ့ထန်ရော့က အခုချိန်မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရလိမ့်မယ်!"


“ဒါက အမှတ် ၁၃ အလယ်တန်းကျောင်းက ကျောင်းသူထန်ရော့ရဲ့ အဖေ၊ ဒါရိုက်တာထန်ထျန်းထန်ပါ” လို့ သင်ကြားရေးဌာနမှူးက သူမကို မိတ်ဆက်ပေးလာသည်။ သူက ပြုံးပြုံးရွှင်ရွှင်နှင့် ကျုံးယို့ယို့ကို လက်မထောင်ပြလိုက်ပြီး "ကျောင်းသူကျုံးယို့ယို့ မင်း ဒီတစ်ကြိမ်မှာ ဒီလိုကောင်းမွန်တဲ့အောင်မြင်မှုမျိုး လုပ်ခဲ့တာပဲ!"


ထန်ထျန်းထန်၊ ဒီနာမည်က ဘာလို့ဒီလောက်ရင်းနှီးနေတာလဲ။ ကျုံးယို့ယို့သည် သူမလက်ကို ကိုင်ထားသည့် သက်လတ်ပိုင်း အမျိုးသားကို မကြည့်ဘဲမနေနိုင်ခဲ့ပဲ ရုတ်တရက် တုံ့ပြန်မှုမပြုနိုင်ခဲ့ပေ။ စာမေးပွဲဖြေတုန်းက ထန်ရော့ရဲ့နာမည်က နည်းနည်းရင်းနှီးတယ်လို့ သူမခံစားရတာ အံ့သြစရာမရှိတော့ဘူး။ သေသေချာချာစဉ်းစားကြည့်ရင် သူမရဲ့အဖေက ဝတ္ထုထဲမှာပါတဲ့ ဇာတ်ကောင်ပဲ မဟုတ်လား?


ထိုသူသည် "Extreme Brain" ရုပ်သံလိုင်း၏ ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာဖြစ်သည်။


နိုင်ငံအလိုက် ဖိုင်နယ်များမကျင်းပမီ၊ ဒါရိုက်တာသည် ပြိုင်ပွဲစနစ်အား ဆုံးဖြတ်ပေးခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ငွေနှင့် အကြိုနှင့်ဆီမီးဖိုင်နယ်များတွင် ကစားသမားများ၏ ထုပ်ပိုးမှုအပြင်အဆင်ကိုပင် ဆုံးဖြတ်ပေးကြသည်။


ကျုံးယို့ယို့သည် သူ၏စိတ်အားထက်သန်မှုကြောင့် အံ့အားသင့်သွားရပြီး သူမ၏လက်ကို ပြန်မဆွဲထုတ်ဘဲ မနေတော့ချေ။"ကျေးဇူးတင်စရာမလိုပါဘူး သူမ ဒဏ်ရာမရသွားဘူးမလား ဒါက အလိုလိုဆွဲထုတ်မိသွားရုံပါပဲ" 


"မင်း ဒီကလေးက နှိမ့်ချတတ်တာပဲ ဒါက အသေးအဖွဲကိစ္စမဟုတ်ဘူး၊ ဒါက အဓိကကိစ္စပဲ!" ထန်ရော့၏ဖခင်က နည်းလမ်းမျိုးစုံဖြင့် ကျေးဇူးတင်စကားပြောနေဆဲပင်။


"ငါ့ရဲ့မိသားစု၀င်လေးထန်ရော့က များသောအားဖြင့် အလိုလိုက်ခံထားရပြီး ဖူးဖူးမှုတ်ခံထားရတာ အမာရွတ်သာကျန်သွားရင် ပြီးသွားပြီပဲ"


ပြိုင်ပွဲစာမေးပွဲပြီးနောက် သူအဲ့ဒါကို သိသွားတုန်းက ဒေါသထွက်ပြီး စိတ်ဖိစီးခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ချေ။မဟုတ်ရင် သူက ဖေးယွင်လို့ခေါ်တဲ့ ကျောင်းသားရဲ့အိမ်ကို ချက်ချင်း အပြေးအလွှား သွားပြီး ပြဿနာရှာလိမ့်မိမည်ဖြစ်သည်။ ထို့အပြင်၊ အမြဲလိုလိုပင် ရှက်ရွံ့နေတတ်သူ ထန်ရော့သည် သူမကိုကယ်တင်ခဲ့သော ကျုံးယို့ယို့အကြောင်း ပြောပြသည့်အခါတွင် သူမ၏မျက်၀န်းများသည် တမ်းတမှုများပြည့်နှက်နေသည်။


ထန်ထျန်းသည် သူမ၏စကားများမှ ကြားနိုင်သည်၊ ကျုံးယို့ယို့ဟုခေါ်သော ဤမိန်းကလေး၏ စရိုက်သည် သူ့ကလေးမ၏အစွန်းဖျားတွင်သာ ရှိပေမည်။ သူ့သမီးလေးသည် ရှက်ရွံ့တတ်ပြီး သူရဲဘောကြောင်သော်လည်း ကျုံးယို့ယို့သည် ရဲရင့်သည်။ သူ့သမီးလေးနဲ့သာမိတ်ဖွဲ့နိုင်ရင် သမီးလေးရဲ့ပင်ကိုယ်စရိုက်ကို ရဲရင့်လာအောင် သူမ ပြောင်းလဲပစ်နိုင်လောက်သည်။


ဒါတင်မကဘဲ သူ့သမီးလေးကို ကယ်တင်ခဲ့သည့်အတွက် လူကိုယ်တိုင်လည်း ကျေးဇူးတင်သင့်၏။


ထို့ကြောင့် ထန်ထျန်းသည် ဤကျောင်းကို လာခဲ့ခြင်းဖြစ်သည်။


ကျုံးယို့ယို့ကိုမြင်ပြီးနောက် အံ့ဩခြင်းအပြင် သူမကို သတင်းများတွင်မြင်ဖူးသလိုမျိုး အနည်းငယ်ရင်းနှီး‌နေသည်ဟုလည်း ခံစားရသည်။ သူ့သမီးသည်တော့ ဤမြို့တွင် ကျောင်းတက်နေသော်လည်း သူသည် မြို့ပြင်၌ အလုပ်လုပ်သောကြောင့် မြို့ရှိ အပတ်စဉ်သတင်းများကို သိပ်မသိချေ။ ထို့အပြင် မီဒီယာတွင် လူတွေကြိုက်ကြသည့် နာမည်ကြီးတွေအကြောင်း အရှုပ်အရှင်းတွေ အများကြီးရှိနေသည်လေ။ အရမ်းအများကြီးကို သူ ဘယ်လိုမှတ်မိမှာလဲ။


ကျုံးယို့ယို့က "ကျေးဇူးတင်ဖို့ တကယ်ကိုမလိုပါဘူး"


သူမ စိတ်ရှုပ်ထွေးနေသည်။ ဤထန်ထျန်းသည် အမှန်တကယ်ပင် ဖခင်ကောင်းတစ်ဦးဖြစ်ပြီး သူ့သမီးထန်‌ရော့၏ နူးညံ့သိမ်မွေ့၍ အပြစ်ကင်းစင်သော စရိုက်လက္ခဏာသည် ပထမအကြည့်တစ်ချက်နှင့်တင် ထိုကဲ့သို့သော ကောင်းစွာကာကွယ်ထားသည့် မိသားစုတွင် ကြီးပြင်းလာခဲ့ဟန်ရှိသည်။ဆန့်ကျင်ဘက်အားဖြင့် မူလပိုင်ရှင်သည် ကျုံးမိသားစုတွင် မွေးဖွားခဲ့ပြီး အမှန်တကယ်ကံမကောင်းခဲ့ပေ။


"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ငါ့ကျေးဇူးကို ဖော်ပြဖို့အတွက်"ထန်ထျန်းက အမြော်အမြင်ရှိရှိဖြင့် ပြောလာသည်။"မင်းရဲ့ကျောင်းကို စာသင်ခန်းသုံးခန်းလှူဖို့ ငါစီစဉ်ထားပြီးပြီ သူတို့ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို မင်းရဲ့ကူညီမှုကို ပြသဖို့အတွက် အမှတ် ၁၃ အလယ်တန်းကျောင်းက မင်းဆီ ဂုဏ်ပြုတံခွန်တစ်ခုပို့ဖို့ ဆုံးဖြတ်ထားကြတယ် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို လုပ်ကြတဲ့ကျောင်းသားတွေ သိပ်မရှိတော့ဘူး ကျောင်းသားတွေရဲ့ အရည်အချင်းကောင်းတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ ဒီချီးကျူးစရာလုပ်ရပ်မျိုးကို ကိုယ်တိုင်ကိုယ်ကျ အားပေးရမှာပေါ့"


ကျုံးယို့ယို့ : "..."


ဂုဏ်ပြုတံခွန်၊ သူတို့က ဘယ်အရွယ်ရှိနေပြီလဲ။ ပြီးတော့ အဲ့ဒါတွေက အရမ်းကို ဟိတ်ဟန်များလွန်းတယ်မဟုတ်ဘူးလား။


ပြီးတော့ သူမ တကယ်ပဲ မသိစိတ်ကြောင့် အဲ့လိုလုပ်ခဲ့မိရုံပါနော်!!


ရှေ့က စာသင်ခန်းသုံးခန်းကို ဌာနမှူးက ကြားလိုက်ရတော့ သူ့မျက်၀န်းတွေက အပြုံးတပွင့်နှင့်အတူ ပိုလို့တောင် ကျဉ်းမြောင်းသွားရသည် ။ စာသင်ခန်းသုံးခန်းသည် အနည်းဆုံး ယွမ်သိန်းဂဏန်းခန့် ကုန်ကျပြီး ဤလူများသည် အလွန်တရာပင်ရက်ရောသည်။ သူမသည် ဖြောင့်မတ်စွာ ပြုမူရဲသည့် သတ္တိရှိသော သူ၏တတိယနှစ်ကျောင်းသူဖြစ်သောကြောင့် ဤဂုဏ်ကျက်သ‌ရေသည် သူ့အပေါ်လည်း သက်ရောက်မည်မဟုတ်ဘူးလား။ ခဏကြာတော့ သူက ကျုံးယို့ယို့၏မျက်၀န်းတွေကို ပို၍ချစ်ခင်ကြင်နာစွာ ကြည့်လိုက်သည်။ ဒါက ရတနာတစ်ခုပဲကွ!!


"ဟားဟား၊ မစ္စတာထန်ကိုကြည့်ပါဦး ခင်ဗျားက တကယ်ကိုယဉ်ကျေးတာပဲ ကျုပ်တို့ရဲ့ကျောင်းမှာရှိတဲ့ ကျောင်းသားတွေက တကယ်ကို အတွေးအခေါ်နဲ့ စာရိတ္တပိုင်းဆိုင်ရာမှာ အရမ်းတော်ကြတယ် ကျုံးယို့ယို့ကိုယ်စား ခင်ဗျားရဲ့အလှူကို လက်ခံလိုက်ပါ့မယ်ဗျာ"


ထိုစာသင်ခန်းသုံးခန်းနှင့် တံခွန်များသည် မရှိမဖြစ်မှန်းသိသော်လည်း ၎င်းကို သူမဂရုမစိုက်ပေ။ သင်ကြားရေးဌာနမှူးထံလှည့်ပြီး ပြသနာကို ပြန်ဆွဲထုတ်လိုက်သည်။"ညွှန်ကြားရေးမှူးရှင့်၊ ဘာဖြစ်နေတာလဲ ရမှတ်တွေတွက်တာမှားတယ်ဆို"


"အဲ့ဒါပါပဲ" စာမေးပွဲခန်းစောင့် နံပတ် ၁က ပြောလာသည်။"ကျောင်းသူကျုံးယို့ယို့ စောင့်ကြည့်ကင်မရာကို ကြည့်လိုက်တော့၊ အဲဒီကျောင်းသားက တမင်ဝင်ရောက်မစွက်ဖက်ခဲ့ရင် မင်းရဲ့ပြုလုပ်ပုံက ကောင်းလိမ့်မယ်ဆိုတာ အခြေခံအားဖြင့် ဆုံးဖြတ်လို့ရတယ် အဲ့ဒီအချိန်က လုပ်ငန်းစဉ်ကို အစီရင်ခံဖို့လိုအပ်တယ် ဒါကြောင့် မင်းရဲ့ရမှတ်ကို အချိန်မီမထည့်နိုင်ခဲ့ဘူး အခု ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဆရာတို့တွေက ဒီနေရာမှာ ရှိနေကြတာပဲ"


"အိုး" ကျုံးယို့ယို့ ဒါပဲပြောလိုက်သည်။  ဒီထက်ပိုပြီးပြောချင်တာက အမှတ်တွေက ဘာလို့မထည့်ရသေးတာလဲ။


သင်ကြားရေးဌာနမှူးလည်း ဒါကို တွေးမိ၏။ သူက ကျုံးယို့ယို့ထက်တောင် ပိုစိုးရိမ်နေသေးပြီး အလျင်စလိုဖြင့် မေးမြန်းလိုက်သည်။"ဘာလို့မထည့်ရသေးတာလဲ၊ ခင်ဗျားတို့ အမှတ်ထည့်ပြီးရင် ကျုပ်တို့ကျောင်းရဲ့ ကျောင်းသူကျုံးယို့ယို့က ဘယ်အဆင့်လောက်ရနိုင်လဲ"


အဲ့ဒါက မြို့ရဲ့ ပထမနေရာတော့ မဟုတ်ဘူးမလား ??


သင်ကြားရေးဌာနမှူးက ဤအရာသည် အတော်လေးမှော်ဆန်သည်ဟု ထင်လေသည်။

ကျုံးယို့ယို့သည် မြို့နယ်အဆင့်ဆယ့်တစ်‌နေရာကို ရခဲ့ပြီး ထိုအချိန်တုန်းက ပါးစပ်ကိုပင်မပိတ်နိုင်လောက်အောင် သူ ရှော့ခ်ရသွားရပေမယ့် အခုတော့ ပညာရေးဝန်ကြီးဌာနက လူတွေရောက်လာပြီး အမှတ် 30 လျော့နေသည်ဟု ပြောလာကြ၏။ ဤသည်က တကယ်ကို မယုံနိုင်စရာပါပင်။ သို့သော်လည်း အဖြစ်မှန်က သူတို့ရှေ့မှာ ရှိနေပြီး ထိုတုန်းက ညံဖျင်းသည့်မိန်းကလေးက မြို့နယ် အဆင့်ဆယ့်တ‌စ်နေရာဖြစ်လာပြီးတော့ အဲ့ဒီနောက်မှာ ပထမအဆင့် ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်မည်လဲ။


သူက သူမကို ခိုးချခဲ့တာလားဟုပင် မေးခွန်းထုတ်ခဲ့သေးသည်...


သင်ကြားရေးဌာနမှူးက သူလုပ်ခဲ့တဲ့ တုံးအမိုက်မဲမှုတွေကို သတိရသွားသည်နှင့်တပြိုင်နက် သူ့ခေါင်းကို နံရံနှင့်မတိုက်ဘဲ မနေနိုင်တော့ချေ။ ဤအရာကို သူ့ဘဝထဲရှိ အရှက်ရဆုံးအရာများထဲမှ တစ်ခုအဖြစ် စာရင်းသွင်းလို့ရချေပြီ။ အရင်တုန်းကတော့ သူ့ကို ဖိုရမ်ပေါ်ရှိ တတိယနှစ်ကျောင်းသားတွေက "ထိပ်ပြောင်" "မြေထဲပင်လယ်" နှင့် "အဆီပိတ်သေမယ့်လူ"ဆိုသည့် နာမည်ပြောင်များသာ ပေးခဲ့ကြတာဖြစ်သည်။ ထို့နောက်မှာတော့ လူတချို့က သူ့ကို “မျက်မမြင်”ဟု ခေါ်လာကြသည်။


သူသည် ကန်း‌နေသောကြောင့် အခြားသူကို ခိုးချခဲ့လားဟုပင် သာမန်ကာလျှံကာ မေးမြန်းခဲ့ပြီး  ချက်ချင်းရိုက်ချခံလိုက်ရလေသည်..။


သူ့ရွေးချယ်မှုတွေကို အခုနောင်တရနေမိပြီ!! ဒါကို ရေရွတ်ပြီးနောက် သူ မုန့်ရှစ်ရွှမ်ကို အပြစ်တင်လိုက်၏။ ပြန်စဉ်းစားပြီးနောက်မှာ ပို,ပို၍ မှားယွင်းနေသည်ဟု သူခံစားရသည်။ မုန့်ရှစ်ရွှမ်က သူ့ကို အိမ်စာပေး,ပေးဖို့ လာပြောခဲ့သည်။သူမက အဲ့ဒါကို ဘာလို့သူ့ရှေ့မှာ တင်ခဲ့ရတာလဲ။ ဤစာမေးပွဲရလဒ်သည် အနည်းငယ်ထူးဆန်းပုံပေါ်စေဖို့လား။


ထိုအချိန်တွင်၊ မုန့်ရှစ်ရွှမ်သည် ကျုံးမိသားစု၏သမီးမဟုတ်ကြောင်း သူ မသိခဲ့သောကြောင့် သူမကို မျက်နှာသာပေးဖို့ရာအတွက် အတန်းတစ်ခုလုံး၏ စာမေးပွဲရလဒ်များကို ချက်ချင်းယူလာခိုင်းခဲ့ပြီး ထိုသည်က ကျုံးယို့ယို့အား ရန်စမိသွားခဲ့သည်ပင်။


မုန့်ရှစ်ရွှမ်၏စကားများသည် စနက်တံဖြစ်သည်ဟု ဆိုနိုင်သည်။


သင်ကြားရေးဌာနမှူးက ထိုအကြောင်းကို အခုမှပင် စဉ်းစားမိခဲ့သည်။ ထိုအကြောင်း သူ ပိုတွေးမိလေလေ ဒေါသထွက်လေလေပင်။သူသည် ကလေးမလေးတစ်ယောက် အသုံးချတာ ခံလိုက်ရသည်ဟု ခံစားမိသော်လည်း ဘာမှပြန်မပြောနိုင်သောကြောင့် စိတ်ဆိုးမာန်ဆိုးသာ ဖြစ်နေနိုင်တော့သည်။


ထိုသည်က သူ ကျုံးယို့ယို့ကိုမြင်တိုင်း မှုန်ကုပ်ကုပ်ဖြစ်နေစေပြီး လုပ်ကြံပြောဆိုရလျှင်ပင် သူမအား စိတ်ကျေနပ်စေရန် သုံးဆပို၍ ကြိုးစားအားထုတ်ရသည်။


"ဒါ" စာ‌မေးပွဲခန်းစောင့် နံပတ် ၁ က ချီတုံချတုံဖြင့် ပြောလာ၏။


"ဒါပါပဲ ငါတို့ရဲ့ ပြိုင်ပွဲ၀င်စာမေးပွဲ ပညာရေးဂရုမှာ မင်းကိစ္စနဲ့ပတ်သက်ပြီး ကွဲပြားတဲ့အမြင်နှစ်ခုရှိတယ် ဆရာတချို့က မေးခွန်းထုတ်ကြပြီး ဗီဒီယိုက ယုံကြည်ချင်စရာ မကောင်းဘူးလို့ ခံစားရတယ် အဆုံးမှာ မင်းက နောက်ဆုံးအဆင့်ကို မပြီးသေးဘူးလေ"


ထိုသည်က အဓိကအချက်ပင်။ နောက်ဆုံးတော့ ထိုအမှတ် 30 ကို သူမအား ပေးထားရသည်ဟု သူတို့ခံစားနေရဆဲပင်။ ပြုလုပ်ပုံကို အဆုံးထိမပြီးသွားသည်က သူမကို တန်ဖိုးကျသွားစေသည်။ ဖေးယွင်ရဲ့ ဝင်ရောက်စွက်ဖက်ခြင်းသာ မရှိခဲ့လျှင် သူမ အမှန်တကယ်ကို အမှတ်ပြည့်ရရှိနိုင်ပါ့မည်လားဆိုသည်ကို မည်သူသိမည်နည်း။


ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ ဆရာသည် ကျုံးယို့ယို့အား စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည့် မျက်၀န်းများဖြင့် ကြည့်နေသည်။ သူသည် ယခုတစ်ကြိမ် ပညာရေးဂရုတွင် အများဆုံး ဆန္ဒပြခဲ့သူဖြစ်သည်။ မတော်တဆမှုက မတော်တဆမှုပင်။ မတော်တဆမှုတစ်ခုဖြစ်လာသောအခါ သူမသည် ကံမကောင်းကြောင်းသာ ဝန်ခံနိုင်သည်။ လေဖိအားနည်းရပ်ဝန်းထဲကသူမကို အမှတ် 30 ထည့်ပေးဖို့ ပညာရေးအဖွဲ့ကို ဘယ်လိုတောင်းဆိုနိုင်မလဲ။ မင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတဲ့နေ့မှာ ကားမတော်တဆမှုဖြစ်ခဲ့သည်ဆိုပါစို့။ ကောလိပ်ဝင်ခွင့်စာမေးပွဲက မင်းကို စာမေးပွဲပြန်ဖြေခိုင်းမှာလား။ လူတိုင်းသာဒီလိုဖြစ်သွားရင် စည်းမျဥ်းစည်းကမ်းတွေက ရှုပ်ထွေးသွားတော့မှာမဟုတ်ဘူးလား။