Chapter 78
နှစ်စဉ်နှစ်တိုင်း မြို့နယ်ထိပ်တန်းဆယ်ယောက်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘောနပ်စ်အမှတ်ငါးမှတ်ရရုံသာမက ပညာရေးဝန်ကြီးဌာန၊ ပြိုင်ပွဲအဖွဲ့အစည်းများနှင့် ဒေသန္တရအစိုးရဆီမှ ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုခြင်းခံရမည်ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ပျဉ်တစ်ချပ်သာခင်းထားသည့် တံတားကို ဖြတ်သန်းရသလိုမျိုး ခက်ခဲပြီး ဖြေဆိုသူကျောင်းသားထောင်ပေါင်းများစွာရှိ၍ ထိုအမှတ်ငါးမှတ်သည် ပါးလွှလွှလေထုထဲမှ ပေါင်းထည့်ရသလိုပင်။ ဤနှစ်တွင် ပြည်နယ်က လူဘယ်နှစ်ယောက် လက်ခံမည်မသိရချေ။ လူတိုင်းသည် မနာလိုကြသော်လည်း အသုံးမဝင်ပေ။ မြို့နယ်ထိပ်တန်းဆယ်ယောက်ထဲ သာမန်လူတွေ ဝင်နိုင်မည်လား။
ယခုအကြိမ် မင်းသယ်ကျောင်းမှ စုစုပေါင်း သုံးဦးသည် မြို့နယ်ထိပ်တန်းဆယ်ယောက်ထဲသို့ ဝင်ရောက်ခဲ့ပြီး လူ ၂၉ ဦးသည် မြို့နယ်ထိပ်တန်း အယောက် ၁၀၀ ထဲသို့ ဝင်ရောက်ခဲ့ကာ ရေတွက်ကြည့်လျှင် ယခင်နှစ်များမှ အမှတ်(၁၃) အလယ်တန်းကျောင်းထက်ပင် ပိုမိုများပြားခဲ့သည်။ ကျောင်းတစ်ကျောင်းလုံး ကောင်းကောင်းဖြေဆိုနိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။
ကျုံးယို့ယို့၏ ရလဒ်များကြောင့် အံ့အားသင့်ခဲ့ရသည့်အပြင် တတိယနှစ်များ ပါ၀င်ယှဉ်ပြိုင်ကြသည့်ပြိုင်ပွဲတွင် ရရှိအောင်မြင်ခဲ့သော ရလဒ်ကောင်းများကြောင့် တတိယနှစ်ရှိ ဆရာများသည်လည်း အလွန့်အလွန်ပျော်ရွှင်ခဲ့ကြသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် သင်ကြားရေးဌာနမှူးက ပြိုင်ပွဲတွင် အထူးကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ ရလဒ်များနှင့် ဓာတ်ပုံများကို ပျော်ရွှင်စွာဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယခင်က အစဉ်အလာအရ နာမည်နှင့် ဓာတ်ပုံများကို ကျောင်းဂိတ်တံခါးအပြင်ဘက်ရှိ ဂုဏ်ပြုဆောင်းပါးကဏ္ဍတွင် တင်ထားသည်။ ပျူငှာမှုကိုပြသရန်အတွက် ထိုဆောင်းပါးကို သူကိုယ်တိုင်တင်ခဲ့တာဖြစ်ပြီး ဆရာမနှစ်ယောက်ကို အကူအညီတောင်း၍ ကျောင်းဂိတ်တံခါးမှာကပ်ထားရန် ညွှန်ကြားခဲ့၏။
ဆယ်မီတာနှင့် နှစ်မီတာအလျားရှိသော ကြီးမားလှသည့် အနီရောင်နဖူးစည်းစာတန်းတစ်ခုတွင် ကျောင်းသား/သူနှစ်ဆယ့်ကိုးယောက်ကို ပိရမစ်ပုံစံဖြင့် စီစဉ်ပေးထားသည်။ ရောင်စုံဓာတ်ပုံများ၏ဘေးတွင် မြို့နယ်ဆုရရှိသူများ၏အမည်များ၊ ၎င်းတို့၏ စုစုပေါင်းရမှတ်များနှင့် အားပေးစကားအချို့ရှိသည်။
ကျုံးယို့ယို့၏ဓာတ်ပုံနှင့်အမည်သည် ထိပ်ဆုံးတွင်ရှိပြီး အကြီးဆုံး နဖူးစည်းစာတန်းဧရိယာကို သိမ်းပိုက်ထားသည်။ ၎င်းက လူတွေသတိမထားမိဖို့ ခက်ခဲလှသည်။ မြို့နယ်ပထမနေရာ၏ ဂုဏ်၀င့်ဖွယ်ကောင်းသောအဆင့်ကိုမြင်ရရန် သူတို့၏ခေါင်းကို အဆင်မပြေသောထောင့်သို့စောင်း၍ ကြည့်စရာမလိုအပ်ချေ။(ထင်းထင်းကြီးမြင်ရတယ်ပြောချင်တာပါ)
ကျောင်းဆင်းပြီးနောက်တွင် ရှစ်ယိမုန့်နှင့် သူ့သူငယ်ချင်းများသည် ကျောင်းဂိတ်တံခါးဆီကို လျှောက်လာကြသည်။
"သင်ကြားရေးဌာနမှူးက တကယ်ဟာသပဲ သူက ကျုံးယို့ယို့ကို ခိုးချတာလားလို့ မေးခွန်းထုတ်ခဲ့ဖူးတယ် အခု သူမက ကျုံးမိသားစုရဲ့သမီးဖြစ်နေတော့ သူ့မျက်နှာကပြောင်းသွားရော" ကောင်လေးက ထိပ်နားရှိ "ကျုံးယို့ယို့" ဆိုသည့် စကားလုံးသုံးလုံးကို ညွှန်ပြပြီး ရှစ်ယိမုန့်ကို ပြောလာသည်။"ဒီနှစ်ရဲ့ ဂုဏ်ပြုနဖူစည်းစာတန်းကို ကြည့်လိုက်ဦး၊ စာလုံးစောင်းထိုးထားတဲ့ နာမည်ကို ရွှေမှုန်လေးတွေနဲ့ ရေးထားတယ်ဟ တောက်ပပြီး တကယ်ကို မျက်စိဖမ်းစားလွန်းတယ်"
၎င်းသည် တောက်ပမှုနှင့် လက်လှမ်းမမှီနိုင်သော ခံစားချက်ကို ပေးနေသည်။
ရှစ်ယိမုန့်၏စိတ်သည် ရုတ်တရက် အလွန်ဆိုးရွားသွားရ၏။ သူက သူ့သူငယ်ချင်းကို တွန်းလိုက်သည်။"သွားရအောင်၊ မင်းဒီမှာ ဘာလုပ်နေတာလဲ မင်းက စာမေးပွဲမအောင်ဘူးဆိုတော့ အားကျစိတ်နဲ့ကြည့်ဖို့ပဲ တတ်နိုင်တာကို"
သူ့သူငယ်ချင်းက မပျော်မရွှင်ဖြင့် ပြန်ပြောလာ၏။"နှစ်၀က်စာမေးပွဲက မကြာခင် လာတော့မှာကွ ရွှယ်ပါ့ကို ကိုးကွယ်ခွင့်လေးတောင် မပေးဘူးလား ပြီးတော့ လူတစ်စုက သူမကို ကိုးကွယ်နေကြတာကိုရော မင်းမြင်ရဲ့လား!"
နဖူးစည်းစာတန်းပတ်ပတ်လည်တွင် လူအများအပြားသည် သူတို့မျက်နှာပေါ်ရှိ အားကျမှုဒီဂရီအမျိုးမျိုးဖြင့် မော့ကြည့်နေကြသည်။
ကျောင်းဂိတ်တံခါးအပြင်ဘက်တွင် အခြားကျောင်းနှစ်ကျောင်းရှိပြီး တစ်ကျောင်းမှာ ပညာရေးအရည်အသွေးကောင်းမွန်သည့် အမှတ် (၅) အထက်တန်းကျောင်း၊ နောက်တစ်ကျောင်းမှာ သက်မွေးအထက်တန်းကျောင်းဖြစ်ကာ လူအုပ်စုကြီးက အလွန်ကိုကြီးမားလှသည်။ ကျောင်းသားတွေသာမက မိဘတော်တော်များများသည်လည်း ကျောင်းသားတွေကို လာကြိုကြသည့်အချိန် ကျောင်းဂိတ်တံခါးကို ဖြတ်သန်းသွားကြရသည်ဖြစ်၍ အားလုံးက ကြီးမားလှသော နဖူးစည်းစာတန်းကြီးကို တွေ့ကြရလိမ့်မည်ပင်။
ရှစ်ယိမုန့်သည် အမှတ် (၅) အလယ်တန်းကျောင်း၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ကျောင်းသားများကို ကြည့်လိုက်တော့ သက်မွေးအထက်တန်းကျောင်းမှ လူများသည်လည်း ထိုနေရာတွင် စုဝေးနေကြပြီး ဂုဏ်ပြုစာတန်းကို ညွှန်ပြကာ ထိုအကြောင်းပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။ ဘာကြောင့်မှန်းမသိသော်လည်း ကျုံးယို့ယို့နှင့် ပို,ပို၍ဝေးလာနေသည်ဟု သူခံစားရသည်။
သူမသည် သူနှင့်တစ်ခန်းထဲ ရှိနေသော်လည်း ပထမဆုံးအနေဖြင့် သူမ၏အဆင့်များကို အခြေခံ၍ တစ်ကျောင်းလုံးတွင် လူသိများလာခဲ့ပြီး ယခုတွင်တော့ သူမကို အခြားကျောင်းများမှ လူများကပင် တဖြည်းဖြည်းသိလာကြပြီဖြစ်သည်။ သူမသည် အပြေးသမားတစ်ယောက်ကဲ့သို့ တစ်လှမ်းပြီးတစ်လှမ်း အပေါ်တက်နေသော်ငြား သူကတော့ မလှုပ်မရှားဖြင့် ငြိမ်ငြိမ်လေးရပ်နေဆဲပင်။
သူမအတွက် သူ၀မ်းသာပျော်ရွှင်ရသော်လည်း သူ့အတွက်သူ ဝမ်းနည်းနေမိသည်။
"သွားကြရအောင်" သူက သူ့သူငယ်ချင်းရဲ့ ဆွယ်တာအင်္ကျီနှင့်ဦးထုပ်ကို ဆွဲကိုင်လိုက်ပြီး "ညကျရင် ငါ မင်းအိမ်ကို မသွားဘူးနော် ပြန်သုံးသပ်ဖို့ အိမ်ပြန်ချင်တယ်"
"သုံးသပ်မယ် မင်းရူးနေလား အထက်တန်းကျောင်း သုံးနှစ်အတွင်းမှာ မင်း စာမလုပ်ခဲ့ဘူးလေ အခုမှဆို အရမ်းနောက်ကျနေပြီမဟုတ်ဘူးလား"
"အရမ်းနောက်ကျသွားတာဖြစ်နိုင်တယ်" သို့သော် ယနေ့မွန်းလွဲပိုင်းတွင် ဘာသာစကားဆရာမရောက်လာပြီး ပြိုင်ပွဲဆိုင်ရာစာမေးပွဲ၏ စာစီစာကုံးကို သူမအားဖတ်ခိုင်းခဲ့သည့်အချိန် ကျုံးယို့ယို့ဘာပြောခဲ့သည်ဆိုတာကို ရှစ်ယိမုန့် မှတ်မိနေဆဲပင်။
ရှစ်ယိမုန့်သည် ကျန်ဆောင်းပါးတစ်ခုလုံးကို နားမထောင်ခဲ့ပေ။ သူသည် အငြင်းအခုံလုပ်ရသည့် စာစီစာကုံးပုံစံမျိုးကို နားမလည်သည့်အပြင် ဥပစာများကြားမှ ခြားနားချက်ကိုပင် ခွဲခြားမတတ်သော်လည်း ဤဝါကျကို မှတ်မိသေးသည်။ "သစ်ပင်တစ်ပင်စိုက်သည်က အကောင်းဆုံးဖြစ်သည်။၎င်းက သင့်နောက်ကို ဆယ်နှစ်ကြာသည်အထိ အမြဲလိုက်နေလိမ့်မည်"
ထိုအချိန်တုန်းက သူသည် နားမလည်နိုင်လောက်သည့် စိတ်ပြင်းပြမှုတို့ ထွက်ပေါ်လာရ၏။
ပိုကောင်းလာမှသာလျှင် ပိုကောင်းသည့်အရာများနှင့် သူတို့ ထိုက်တန်လိမ့်မည်ပင်။
သက်မွေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ အများအပြားသည် နဖူးစည်းစာတန်းရှေ့တွင် စုရုံးကာ စာရင်းကိုလက်ညိုးထိုးပြီး စကားပြောနေကြသည်။ ဆံပင်အဝါရောင်နှင့်ကောင်လေးက ကျုံးယို့ယို့၏ဓာတ်ပုံပေါ် အကြည့်ရောက်သွားပြီး လေချွန်လိုက်၏။ "အိုး၊ ဒီနှစ်ရဲ့ မြို့နယ်နံပါတ်တစ်က မိန်းကလေးပဲ အာ နှစ်နှစ်ဆက်တိုက် အောင်ပွဲရထားတဲ့ ရှစ်ကျစ်ထန်က တကယ်ပဲ ဖိနှိပ်ခံခဲ့ရတာလား“
ဤစာရင်းတွင်ပါဝင်သူ ၂၉ ဦးအနက် အများစုမှာ ဂုဏ်ပြုနဖူးစည်းတွင် မကြာခဏပေါ်လာလေ့ရှိသည့် မျက်နှာဟောင်းများဖြစ်ပြီး အထူးသဖြင့် စာသင်နှစ်တစ်နှစ်ပြီးတစ်နှစ်တွင် ပထမရခဲ့သော ရှစ်ကျစ်ထန်ပင်။ မည်သည့်ပြိုင်ပွဲတွင်မဆို မြို့နယ်ပထမနေရာကိုရဖို့အတွက် သူ့အတွက် လွယ်ကူလှသည်။
ဆန့်ကျင်ဘက်ရှိ သက်မွေးအထက်တန်းကျောင်းကိုပင် သူအနိုင်ယူနိုင်ခဲ့သည်။
ထို့အပြင် သူတို့၏ သက်မွေးအထက်တန်းကျောင်းတွင် ကျောင်းပြီးရန်သာစောင့်မျှော်ပြီး နေ့လယ်ခင်းတွင် နေ့လည်စာစား၊ မြက်ခင်းပြင်ပေါ် ထိုင်ကာ သစ်ပင်စောင့်နတ်သမီးကဲ့သို့ နေထိုင်ကြသည့် မိန်းကလေးအနည်းငယ် ရှိသည်။ သူတို့သက်မွေးအထက်တန်းကျောင်းရှိ ယောက်ျားလေးတွေက ရှစ်ကျစ်ထန်ကို အဘယ်ကြောင့် မနှစ်သက်ကြသည်လဲ။ 'ကိုယ့်ကျောင်းက မိန်းကလေးတွေကိုပဲ ဆွဲဆောင်ရုံနဲ့တင် မလုံလောက်ဘူးလား ငါတို့ကျောင်းက ကောင်မလေးတွေကိုပါ မင်း ဘယ်လိုခေါ်သွားရဲရတာလဲ။'
ဟွမ်မောက်နှင့် လူအများအပြားသည် ပထမနေရာရရှိခဲ့သော ရှစ်ကျစ်ထန်၏ စကားသုံးခွန်းကြောင့် အော်ဂလီဆန်လုနီးပါးဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။
ရလဒ်အနေဖြင့် ဤနှစ်တွင် အသစ်အဆန်းတစ်ခုခုဖြစ်ပွားခဲ့၏။
တစ်စုံတစ်ယောက်သည် ဤရှစ်ကျစ်ထန်ကို အမှန်တကယ်ပင် ဖိနှိပ်နိုင်ခဲ့သည်။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ချောမောလှပသည့် မိန်းကလေးတစ်ယောက်ပင် ဖြစ်နေသေးသည်။
ထိုသည်က တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းလှ၏။
"အစ်ကိုဟွမ်၊ ဒီပထမနေရာက ဒီနှစ် မင်းသယ်ရဲ့ ကျောင်းပန်းအသစ်လေးလို့ ပြောလို့ရတယ်၊ သူမက လှရဲ့လား"
သူမ တကယ်လှတယ်။ တရုတ်ဆီးသီးသဏ္ဍာန်မျက်၀န်းတစ်စုံသည် လုံး၀ချိုမြိန်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့သည် အေးစက်နေသောကြောင့် လူများကို လက်လှမ်းမမှီနိုင်သည့်ခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း မျက်နှာသွင်ပြင်မှာ နူးညံ့သိမ်မွေ့ပြီး စိတ်လှုပ်ရှားစေနိုင်ကာ သူတို့အတွက် အကြည့်လွှဲဖို့က အထူးပင်ခက်ခဲစေသည်။ ထို့အပြင် သူမသည် အလွန်လှပပြီး သူမ၏အဆင့်များသည် မြို့နယ်ပထမနေရာသို့ပင် ရောက်ရှိခဲ့သည်။
သက်မွေးအထက်တန်းကျောင်းမှ ကျောင်းသားများသည် စွမ်းဆောင်ရည်ကို လုံးဝ ဂရုမစိုက်ကြပေ။ ထို့အပြင် ဤအရွယ်ယောက်ျားလေးများသည် စစ်ရေးကိစ္စများနှင့် ဂိမ်းများကို ပို၍ အာရုံစိုက်ကြသည်။ သူတို့သည် အတင်းအဖျင်းနှင့် ကောလဟာလများကို သိပ်အာရုံမစိုက်ကြပေ။ ထို့ကြောင့် ဟွမ်မောက်သည် ကျုံးယို့ယို့မည်သူဖြစ်သည်ကို မသိခဲ့ချေ။
သူသည် ပထမနေရာကို အကြာကြီးကြည့်နေခဲ့တာဖြစ်ပြီး သူ့နှလုံးခုန်နှုန်းကပင် နည်းနည်းပို၍မြန်ဆန်လာသည်ဟု သူခံစားရသည်။'
"မင်းသယ်က နည်းနည်းတော့ အမြင်ရှိသေးတာပဲ၊ ဒီနှစ်ရဲ့ကျောင်းပန်းလေးက မနှစ်ကထက် အများကြီးပိုလှတယ်လို့ ငါခံစားရတယ်၊ သူမက ငါ့အကြိုက်နဲ့ကွက်တိပဲ!" ဟွမ်မောက်က ပြုံးဖြဲဖြဲလုပ်လိုက်သည်။
ကျုံးယို့ယို့ဟုခေါ်သည့် ဒီကျောင်းပန်းအသစ်လေးအကြောင်း စုံစမ်းမေးမြန်းရန် အနောက်လှည့်ကြည့်လိုက်သည့်အချိန် အတန်းထဲမှ အစ်မရှီးက သူ့နောက်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည့်အတွက် ဟွမ်မောက်သည် ထိတ်လန့်တကြားဖြစ်သွားရသည်။
"အစ်မရှီး ကျွန်တော် အခုပဲ မာလာထန်း သွား၀ယ်လိုက်ပါ့မယ် အချောင်ခိုနေတာမဟုတ်ပါဘူး"
သို့သော်လည်း အစ်မရှီးသည် နဖူးစည်းစာတန်းကို မော့ကြည့်နေပြီး သူမ၏မျက်၀န်းများသည်တော့ အံ့အားသင့်မှုကြောင့် ပြူးကျယ်နေကာ သူဒီကိုရောက်နေမှန်းပင် သတိမထားမိခဲ့ချေ။
ရှီးယွိချီသည် ဆံပင်ကို လောလောလတ်လတ်ကမှ ပန်းရောင်နှင့်အစိမ်းရင့်ရောင်ဆိုးထားခဲ့ပြီး ဆောင်းရာသီတွင်ပင် သူမ၏ပေါင်တံများ ပေါ်လွင်စေရန် ဘွတ်ဖိနပ်များ ဝတ်ဆင်ထားသေးသည်။ သူတို့လို လူဆိုးလေးတွေနှင့်ယှဉ်ပါက သူမသည် အပြင်မှာ ပို၍ပင်အချိန်ဖြုန်းတတ်သည့် လူဆိုးမကြီးပင်။ အတန်းထဲတွင်လည်း စကားအများကြီးမပြောသည့်သူမျိုးဖြစ်သည်။
ဟွမ်မောက်သည် ထိုသို့သောပြိုလဲကျတော့မည့် အမူအရာမျိုးဖြင့် သူမကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဒါက ကျုံးယို့ယို့မဟုတ်ဘူးလား ငါတို့အရင်က သိခဲ့တဲ့ ကျုံးယို့ယို့လေ ငါပြောတာမှန်လား"ရှီးယွိချီအနားရှိ ညီမငယ်တစ်ဦးက နဖူးစည်းစာတန်းကို ထိတ်လန့်စွာကြည့်လိုက်သည်။
ရှီးယွိချီသည် ထိပ်ဆုံးမှနာမည်ကို ကြည့်ပြီး အချိန်အတော်ကြာ စကားမပြောနိုင်လောက်အောင် ရှောခ့်ရနေခဲ့တာဖြစ်သည်။
'သူတို့ဖတ်မိလိုက်တာ မှန်တယ်။ ဒါက တကယ်ကို ကျုံးယို့ယို့ပဲ။' လွန်ခဲ့သောသုံးလက ကျုံးယို့ယို့သည် သူမတို့နှင့် တခါတရံ လာရောက်ပေါင်းသင်းခဲ့ပြီး ကျောင်းဆင်းပြီးနောက် သက်မွေးအထက်တန်းကျောင်း၌ သူမတို့ကို လာရောက်ရှာဖွေရန်ပင် စတင်လုပ်ဆောင်ခဲ့သည်။
သူမတို့သည် လူဆိုးမလေးများဖြစ်ပြီး အသုံးမ၀င်ကြသူများပင်။ ကျောင်း သို့မဟုတ် အိမ်၌ သူတို့တည်ရှိနေသည်ဆိုသည့် ခံစားချက် မရှိချေ။ အချို့သူများ၏မိသားစုများမှာ ပြိုကွဲနေကြပြီး အချို့မှာ မိဘတစ်ယောက်တည်းရှိသည့် မိသားစုများဖြစ်ကာ အချို့သည်တော့ ကလေးဘဝတွင် စိတ်ဒဏ်ရာရခဲ့ကြသူများဖြစ်သည်။ သူမတို့ အရမ်းကိုအထီးကျန်ရ၏။ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ သူမတို့သည် ဆံပင်စတိုင်နှင့်မိတ်ကပ်ကို အားကိုးကြရမည်ပင်။
ကျုံးယို့ယို့သည် မင်းသယ်နှင့် ပို၍ပင် မရောထွေးနေနိုင်တော့သဖြင့် သူမက ထွက်သွားခဲ့သည်။
ရှီးယွိချီသည် ဤညီမငယ်များထဲတွင် အကြီးဆုံးဖြစ်သည်။ သူမ၏မိသားစုက ဘားတစ်ခုပိုင်ဆိုင်ပြီး သူမသည် စွမ်းအားအချို့ရှိကြောင်း ကြွားဝါလေ့ရှိကာ ဟွမ်မောက်ပင်လျှင် သူမအတွက် အလုပ်များလုပ်ပေးရသည်။ သူမတို့က ကျောင်းဆင်းပြီးနောက် ဘားတစ်ခုကိုသွားပြီး အရူးလုပ်နေကြတာ ဒါမှမဟုတ် ချိန်းတွေ့ဖို့အတွက် အောက်တန်းစားတွေဆီ သွားကြသည်ဟု တခြားသူတွေက ထင်ကြသည်။ သို့သော် အမှန်တကယ်တွင်တော့ ကျုံးယို့ယို့သည် သူမတို့နှင့်အတူရှိသည့် အချိန်အများစုကို မိန်းကလေးတွေ သဘောကျနှစ်သက်သည့် လက်ဝတ်ရတနာဆိုင်လေးကို တညနေလုံးအပြေးသွားဖို့ သုံးခဲ့ကြတာပင်။
ထိုအချိန်တုန်းကတော့ ကျုံးယို့ယို့သည် သူမတို့နှင့် အလွန်သဟဇာတဖြစ်စွာ ပေါင်းသင်းခဲ့ပြီး ညီအစ်မကောင်းများ ဖြစ်ခဲ့ကြသည်။
ဘာကြောင့်မှန်းမသိသော်လည်း လွန်ခဲ့သည့်သုံးလခန့်က နေ့တစ်နေ့တွင် ကျုံးယို့ယို့သည် သူမတို့အား ရုတ်တရက် လာရှာခြင်းမရှိတော့ပေ။ အစကတော့ သူမတို့သည် ကျုံးယို့ယို့ ကြန့်ကြာနေတာဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း နောက်တစ်လခွဲကြာသွားသည်အထိ ကျုံးယို့ယို့သည် သူမတို့ကိုတွေ့ဖို့ မလာခဲ့ပါချေ။
အလယ်တွင်၊ ရွှီယွိချီသည် ကျုံးယို့ယို့ကို စောင့်ဆိုင်းရန် မင်းသယ်ကျောင်းသို့ တစ်ကြိမ်လာရောက်ခဲ့သော်လည်း ဇိမ်ခံကားတစ်စီး,စီးလာသည့် ကျုံးယို့ယို့ကို တွေ့လိုက်ရသည်။ ထိုမတိုင်မီက ကျုံးယို့ယို့၏အိမ်က အလွန်ချမ်းသာသည့်အကြောင်း သူမတို့မသိခဲ့ကြရပေ။ ရွှီယွိချီသည် ထိုတန်ဖိုးကြီးကားကိုမြင်သည့်အခါ သစ္စာဖောက်ခံရသည်ဟုခံစားရပြီး ဒေါသထွက်သွားသောကြောင့် ကျုံးယို့ယို့အား ဘယ်သောအခါမှ ထပ်မရှာခဲ့ပေ။
ကျုံးယို့ယို့ကို မေ့ပစ်ရန် အချိန်အတော်ကြာခဲ့သည်။
သို့သော် သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားမိသည်က...
ဤမြို့နယ်ပြိုင်ပွဲဆိုင်ရာစာမေးပွဲ၏ ဂုဏ်ပြုနဖူးစည်းစာတန်းပေါ်၌ ကျုံးယို့ယို့ကို အမှန်တကယ် မြင်လိုက်ရတာကိုပင်!
ကျုံးယို့ယို့က မြို့နယ်ပထမနေရာကို ရခဲ့၏!
ဒါက လုံးဝ မယုံနိုင်စရာပဲ! သူမ၏အမြင်တွင် ကျုံးယို့ယို့သည် အလွန်ဆိုးရွားသော အဆင့်များနှင့် အမြဲလိုလိုပုန်ကန်တတ်သော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမ၏မိသားစုမှ လျစ်လျူရှုခံထားရသူလည်းဖြစ်သည်။ သူမက ကျုံးယို့ယို့ကို မိတ်ကပ်လိမ်းနည်း သင်ပေးခဲ့သည်။ သူမတို့လိုလူတွေက အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ မိတ်ကပ်ထူထူတွေ လိမ်းခြယ်ရန် လိုအပ်သည်လေ။
ယခုမူ ကျုံးယို့ယို့သည် သူမ၏မျက်နှာပေါ်ရှိ မိတ်ကပ်များကို ဖယ်ရှားလိုက်ရုံသာမက အလွန်လှပ ပြီးသပ်ရပ်လာကာ မြို့နယ်နံပါတ်တစ်လည်း ဖြစ်လာခဲ့သည်။ ပြီးခဲ့သောလတွင် ဘာတွေဖြစ်ခဲ့သနည်း။
"အစ်မရှီး၊ သူမက ငါတို့နဲ့ မပေါင်းတော့ဘဲ စာကြိုးစားနေပေမယ့် ဘယ်လောက်ပဲစာကြိုးစားနေပါစေ အတန်းအောက်ခြေကနေ မြို့နယ်နံပါတ်တစ်အထိ ရောက်ဖို့က မဖြစ်နိုင်ဘူးမလား အကွာအဝေးက ဟိမဝန္တာတောင်တန်းလောက်ကို ကြီးနေတယ်လေ ဟုတ်တယ်ဟုတ်" ညီမငယ်တစ်ဦးက *ခပ်ချဉ်ချဉ်နှင့် ဆိုလာသည်။(မနာလို)
ရှီးယွိချီ၏စိတ်ထဲတွင်လည်း ဆူညံနေပြီး သူမ မယုံနိုင်ဖြစ်နေခဲ့၏။ ဤခံစားချက်က တစ်နေ့တွင် ဆင်းရဲသားရပ်ကွက်တစ်ခုမှ ထွက်လာသော လူတစ်ယောက်က ဧကရာဇ်ကိုယ်လုပ်တော်ဖြစ်လာသည်ကို မြင်ရသည်နှင့် မကွာခြားနေပေ။
အခြားညီမငယ်တဦးကလည်း “ဒီလိုဆိုရင် သူမက သိပ်စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူး သူမနဲ့ ပေါင်းသင်းဆက်ဆံပြီး မိတ်ကပ်လိမ်းနည်း သင်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်စကားပြောဖို့မဆိုထားနဲ့ ကျောင်းကိုတောင် တိတ်တိတ်လေး ပြန်ပြေးသွားပြီး အဆင့်တွေကပါ ရုတ်တရက် အရမ်းကောင်းလာသေးတယ် ငါတို့ကိုတောင် ဘာမှမပြောသွားဘူး အစ်မရှီး၊ သူမကိုသွားရှာကြရအောင်!"
ရှီးယွိချီက ရန်လိုစွာဖြင့် သူမကို စိုက်ကြည့်လိုက်ပြီး "အဲ့ဒါက စာမေးပွဲမှာ ကျုံးယို့ယို့က အဆင့်ကောင်းကောင်းရလို့လေ နင်နဲ့ ဘာဆိုင်လို့လဲ"
ကျုံးယို့ယို့ဆီကို သွားရမှာလား။
ရှီးယွိချီသည် သူမ၏ရောင်စုံလက်သည်းများကို ငုံ့ကြည့်လိုက်ပြီး အတော်ကြာကြာလုပ်ခဲ့သော အရောင်ချွတ်၊ဆေးဆိုးထားသည့် ဆံပင်အရင်းကို မသက်မသာဖြင့် အားစိုက်ဆွဲလိုက်မိကာ သူမ၏အလှတရားခံစားမှုများက ပြိုလဲသွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူမသည် မျက်လုံးများကို ပိုမိုဆွဲဆောင်နိုင်ပြီး ဤပုံစံဖြင့် သူမ၏တည်ရှိနေမှုကို ရှာဖွေနိုင်သည်ဟု သူမ အမြဲခံစားခဲ့ရသော်လည်း ယခု ကျုံးယို့ယို့၏ သန့်ရှင်းသပ်ရပ်သောသွင်ပြင်ကို မြင်လိုက်ရသောအခါ သူမသည်လည်း ကျုံးယို့ယို့ကဲ့သို့ သန့်သန့်ရှင်းရှင်း၊ယုံကြည်မှုရှိရှိ၊ အေးအေးဆေးဆေးပုံစံဖြင့် နေထိုင်လိုကြောင်း ရုတ်တရက် ခံစားရလေသည်။ ဤသည်က တကယ့်ကို မနာလိုစရာကောင်းလှ၏။
သူမသည် ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီး ကျုံးယို့ယို့၏ဆဲလ်ဖုန်းနံပါတ်က လိပ်စာစာအုပ်ထဲ ရှိနေဆဲပင်ဖြစ်သည်။
သူမသည် မျှော်လင့်ချက်ကင်းမဲ့နေသည့်လူဟု ခံစားမိခဲ့သောကြောင့် ဤကဲ့သို့နေထိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဆိုးရွားသောအဆင့်များနှင့် တုံးအသောဦးနှောက်တို့ဖြင့် သက်မွေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေရသည်လေ။ သို့သော် ကျုံးယို့ယို့သည် အမှန်တကယ်ပင် သုံးလအတွင်း မြို့နယ်နံပါတ်တစ်ဖြစ်လာခဲ့ပြီး သူမတို့ကဲ့သို့သော လူများကို ကယ်တင်နိုင်ဆဲဖြစ်ကြောင်း ပြသခဲ့သည်။
ဤသို့သိမြင်သွားခြင်းက ရှီးယွိချီ၏နှလုံးသားထဲရှိ မီးတောက်ငယ်လေးကို အမှန်တကယ်ပင် ပြန်လည်တောက်လောင်စေခဲ့လေသည်။