အပိုင်း ၇၉
Viewers 11k

Chapter 79



သူမကို ကယ်တင်လို့ရသေးသည်လား...။


 သူမကို တကယ် ကယ်တင်လို့ရသေးလား...။


သူမသည် ရုန်းကန်ပြီးနောက် စာတိုတစ်စောင်ကို အမြန်ပို့လိုက်သည်။


 "ယို့ယို့ ငါ့ကို မှတ်မိလား နင် မြို့နယ်ပထမနေရာရမှန်း ငါမြင်ခဲ့တယ် အချိန်ရရင် ငါ့ကို လာတွေ့လို့ရမလား၊ ငါ့အတွက် အခြေခံ သင်ထောက်ကူပစ္စည်းတွေကို အကြံပေးစေချင်လို့ပါ"


ရှက်စရာကောင်းသည်။ တက်တက်ကြွကြွဖြင့် သင်ယူချင်နေသည့်စိတ်က တကယ်ကို ရှက်စရာကောင်းသည့် အရာတစ်ခုပင်။


ရှီးယွိချီသည် မက်ဆေ့ချ်ပို့ပြီးနောက် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မျက်နှာပူနေသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဖုန်းကို အိတ်ကပ်ထဲသို့ အမြန်ပြန်ထိုးထည့်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။


ကျောင်းဆင်းသောအခါ ကျုံးယို့ယို့သည် သူမ၏ဖုန်းတွင် စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။ သူမသည် ခဏတာမျှ အံ့အားသင့်သွားရ၏။ ရှီးယွိချီက မည်သူမှန်း သူမ မသိချေ။


မူရင်းပိုင်ရှင်သည် ဝတ္ထုထဲတွင် ဇာတ်ပို့တစ်ဦးသာဖြစ်သောကြောင့် မူလပိုင်ရှင်အနီးရှိလူများမှာလည်း အမြှောက်စာလေးများသာဖြစ်ပြီး သူမ မှတ်မိသွားရန် အချိန်အတော်ကြာခဲ့သည်။ 'အိုး ဒီရှီးယွိချီက အရင်က သူမနဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ သက်မွေးအထက်တန်းကျောင်းသူတွေထဲက တစ်ယောက်ပဲ။'


ရှီးယွိချီပေးပို့လာသော မက်ဆေ့ခ်ျကို သူမကြည့်လိုက်သည်... သင်ထောက်ကူပစ္စည်းများအတွက် ကူညီပေးရမည်လား။


ကျုံးယို့ယို့သည် မျက်တောင်ခတ်လိုက်ပြီး အနည်းငယ်နားလည်ရခက်သွားရသည်။ သူမ၏အမြင်အရ၊ ဤရှီယွိချီနှင့် သူမ၏ညီမငယ်အုပ်စုသည် စာလေ့လာခြင်းကို အမှန်တကယ်ပင်မုန်းတီးသော အနိုင်ကျင့်သူအုပ်စုဖြစ်သင့်သည်။ သင်ထောက်ကူပစ္စည်းတွေဝယ်ရန် သူမကို အဘယ်ကြောင့် ရုတ်တရက်ကြီး လာရှာရသနည်း။


အမှန်တော့၊ ကျုံးယို့ယို့သည် ယခုတစ်ကြိမ်တွင် သူမ မြို့နယ်နံပါတ်တစ်ဖြစ်လာခြင်းက လူမည်မျှအပေါ်  သက်ရောက်သွားသည်ကို မသိခဲ့ပေ။


သင်ထောက်ကူပစ္စည်းများကို ဝယ်ယူခြင်းသည် သာမန်အားထုတ်မှုသာဖြစ်ပြီး သူမသည် ကျိန်းသေပေါက် ကူညီပေးမည်ဖြစ်သည်။အဆုံးတွင်တော့ မူလပိုင်ရှင်သည် ယခင်ကလည်း ထိုသက်မွေးအထက်တန်းကျောင်းသား/သူများ၏ အကူအညီကို ရရှိခဲ့ဖူးသည်။ ထို့ကြောင့် သူမက "ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။


"extreme brain"ဆိုသည့်ရှိုးတွင် ပါ၀င်ရမည့်အတွက် သူမသည် အခြေခံဗဟုသုတအားလုံးကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်ထားသည်။


မြို့နယ်ပထမအဆင့်ဆိုသည့်လေလှိုင်းကို ကျော်ဖြတ်သွားရန်က မလွယ်ကူခဲ့ချေ။ကျောင်းတစ်ကျောင်းလုံးက ထိုကိစ္စကို ဆွေးနွေးနေကြဆဲပင်။ ကျုံးယို့ယို့က လှေကားထစ်ပေါ်  လမ်းလျှောက်နေလျှင် လူတချို့က သူမနာမည်ကို မခေါ်ကြဘဲ "မြို့နယ်ပထမ" ဟုပင် ခေါ်ကြသည်။


"ဝိုး၊ မြို့နယ်ပထမက ဟိုမှာကိုး"


ဟုတ်သည်၊ ကိုယ့်အချင်းချင်းတွေကြားမှာပဲ ပြောကြသည်သာ။ သို့သော် လူများစွာသည် ကျုံးယို့ယို့ မြို့နယ်ပထမရခဲ့ခြင်းကို သေလောက်အောင် အားကျနေကြသည်ပင်။


အဆုံးတွင်တော့ အားလုံး၏အမြင်သည် ကျုံးယို့ယို့၏ လွန်ခဲ့သောသုံးလက ရလဒ်များနှင့် အသားကျနေခဲ့ပြီဖြစ်သည်။


ခိုင်မာသည့်အမြင်က ပြောင်းလဲရန် ခက်ခဲလွန်းလှ၏။


ထို့အပြင် သူမသည် မြို့နယ်ပထမနေရာကို ရထားသောကြောင့် နိုင်ငံတော်အလံတင်မိန့်ခွန်းအား ပြောင်းလဲသွားမည်ကို စိုးရိမ်နေကြသည်။


သေချာသည်ပင်။ စနေ၊တနင်္ဂနွေမရောက်ခင်၌ သင်ကြားရေးဌာနမှူးက ကျုံးယို့ယို့ကို ရုံးခန်းသို့ခေါ်၍ သူမထိုင်ရန်အတွက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ထိုင်ခုံဆွဲထုတ်ပေးလာသည်။


“ကျောင်းသူကျုံးယို့ယို့ လာမယ့်တနင်္လာနေ့ နိုင်ငံတော်အလံအောက်မှာ မိန့်ခွန်းပြောပေးပါ မင်းကိုယ်တိုင်ပြင်ဆင်လိုက်နော် မြို့ရဲ့ အတိုးတက်လာဆုံး ကျောင်းသားတစ်ယောက်အနေနဲ့ မင်းရဲ့ အတန်းဖော်တွေကို တိုးတက်နိုင်မယ့် နည်းလမ်းကောင်းတွေ သင်ပေးသင့်တယ်"


ကျုံးယို့ယို့ အထဲဝင်လာသည့်အချိန်တုန်းက ရှစ်ကျစ်ထန်မထွက်သွားရသေးချေ။ ဤတစ်ကြိမ်တွင် သူသည် မြို့နယ်ဒုတိယနေရာကို ရရှိခဲ့ပြီး သူ့အဆင့်တွေက မဆိုးသော်လည်း သူ့အတန်းပိုင်သည် သူ့ကို လေ့ကျင့်ရေးသင်တန်းတက်ရန် ဖိတ်ခေါ်နေသေးသည်။


သင်ကြားရေးဌာနမှူး စိုးရိမ်နေသည်က သူ့အတန်းထဲကကျောင်းသား၏ မြို့နယ်နံပါတ်တစ်နေရာကို လီသုန်းဖျင်၏အတန်းက ကျောင်းသားက လုယက်ခဲ့သည်လေ။ လွန်ခဲ့သောနှစ်ရက်က လီသုန်းဖျင်၏ ပြုံးဖြဲနေသောသွင်ပြင်ကို ကြည့်ပါ၊ သူ၏ မျက်ခုံးများသည် ကောင်းကင်ယံရောက်လုနီးပါးဖြစ်နေပြီး ကဏန်းတစ်ကောင်လို စင်္ကြံတွင် အလျားလိုက် လမ်းလျှောက်ရန်ပင် မစောင့်နိုင်တော့ပေ။ သူ ဆရာတစ်ယောက်ကိုတွေ့သည့်အခါ “အိုး ငါတို့အတန်းက နံပါတ်တစ်ကို သိလား…”ဟု ပြောလိမ့်မည်ပင်။


သင်ကြားရေးဌာနမှူးသည် ၎င်းကိုမြင်သည့်အခါ ဒေါသအမျက်ခြောင်းခြောင်းထွက်သွားခဲ့ရသည်။


ရှစ်ကျစ်ထန်သည် ဘေးနားတွင်ရပ်နေပြီး ကျုံးယို့ယို့အား ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေသည်။ ကျုံးယို့ယို့၏တိုးတက်မှုအရှိန်ကို သူ လျှော့တွက်ခဲ့မိ၏။ ကျုံးယို့ယို့သည် မြို့နယ်အဆင့်ဆယ့်တစ်နေရာကို ရသည့်အခါ ဤအဆင့်သည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု သူခံစားမိသေးသည်။ ၎င်းသည် ကျုံးယို့ယို့ရသင့်သော ရလဒ်ဖြစ်သည်။ သို့သော်ငြား ကျုံးယို့ယို့၏ရမှတ်ကို ပြင်ဆင်လိုက်သည့်အခါတွင်တော့ သူသည် ဖိအားများအောက်ကိုပင် ရုတ်တရက် ကျရောက်သွားခဲ့ရသည်။ ယခုလက်ရှိ သူ့စိတ်အခြေအနေက အလွန်သိမ်မွေ့ပြီး


ရှုပ်ထွေးသည်။


ကျောင်းသားများအနက် ရှစ်ကျစ်ထန်သည် ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်ရာသားတော်ဖြစ်သည်။ မြို့နယ်နံပါတ်တစ်နေရာသည် အမြဲလိုလိုပင် သူ၏ပိုင်ဆိုင်မှုဖြစ်ခဲ့ပြီး အလွယ်တကူပင်ရနိုင်သည်။ သူသည် ကိုယ့်ကိုကိုယ်အထင်ကြီးတတ်သည့်သူ မဟုတ်ဘဲ သူ့ထက်သာသည့်သူတွေ အမြဲရှိသည်ဆိုတာ သဘာဝကျကျပင် သိသည့်အတွက် ဘယ်သောအခါမှ ကြိုးစားအားထုတ်မှုအရှိန်ကို မလျှော့ချခဲ့ချေ။


သို့သော် သူ မထင်ထားခဲ့မိသည်က တနေ့တွင် ယို့ယို့သည် သူ့အထက်မှာရှိလာခဲ့မည်ကိုပင်။


ဟုတ်သည်။ ဤအချိန်မှစပြီး သူမသည် တကယ့်ကို သူ့ပြိုင်ဖက်အဖြစ် စာရင်းဝင်နေခဲ့ပြီဖြစ်သည်။ ကျုံးယို့ယို့သည် ယခင်က သူ မခံစားရဖူးသော အကျပ်အတည်းကို တကယ်ခံစားရစေသည် ။ သူ့ဘဝသည် ဒီထက်ပို၍ ချောမွေ့နေတော့မည်မဟုတ်ဘဲ နှောင့်ယှက်ခံလိုက်ရပြီဟူသည့် ရှင်းလင်းပြမရနိုင်သည့် ခံစားချက်ရနေလေသည်။ သူမသည် နောက်ဆုံး၌ "extreme brain" တွင်လည်း ချန်ပီယံ ရရှိသွားဦးမည်လား။


ကျုံးယို့ယို့က ဆရာကို "အိုကေ၊ ကျွန်မ ပြင်ဆင်ထားလိုက်ပါ့မယ်"


ချက်ခြင်းပင် သူမသည် သူမကိုစိုက်ကြည့်နေသည့် ရှစ်ကျစ်ထန်ကို တစ်ချက်ကြည့်လိုက်၏။ ရှစ်ကျစ်ထန်၏မျက်၀န်းများထဲမှ ပြိုင်ဆိုင်ချင်စိတ်အနည်းငယ်ကို သူမမြင်လိုက်ရသည်။ ရှစ်ကျစ်ထန်၏ မျက်၀န်းများသည် သူပင်သတိမထားမိဘဲ ပြတ်သားကြည်လင်မှုနှင့်အတူ နူးညံ့သိမ်မွေ့နေခဲ့သည်။


ကျုံးယို့ယို့သည် ရုတ်တရက် စိတ်ဝင်စားသွားရ၏။ ရှစ်ကျစ်ထန်နှင့်ပြိုင်ဖက်များ ဖြစ်လာရခြင်းသည် အသုံးမဝင်သော ခံစားချက်များအကြောင်းပြောခြင်းထက်  ပို၍ပျော်စရာကောင်းသည် ။ အဆုံးတွင်တော့ ဝတ္ထုထဲမှ ရှစ်ကျစ်ထန်သည် ပြိုင်ပွဲရှိ IQ အမြင့်ဆုံးသူကို ကိုယ်စားပြုပြီး သူ့ကိုအနိုင်ယူချင်သည့် ကျုံးယို့ယို့၏ရည်မှန်းချက်ကို အမှန်တကယ် နှိုးဆွပေးနိုင်ခဲ့သည်။


ရှစ်ကျစ်ထန်က "အရင်က နိုင်ငံတော်အလံအောက်မှာပြောရတဲ့ မိန့်ခွန်းတွေအားလုံးကို ငါလုပ်ခဲ့ရတာဆိုတော့ မင်းကို ကိုးကားချက်တချို့ ပေးဖို့လိုလား"


ကျုံးယို့ယို့က ပြုံးပြီး ရယ်မောလိုက်ရင်း "မလိုပါဘူး"


------


တနင်္လာနေ့နံနက်။


ကျုံးယို့ယို့သည် အတန်းထဲမှ ထွက်လာပြီး နိုင်ငံတော်အလံအောက်တွင် စကားပြောရန်အတွက် သုံးထပ်စင်မြင့်ဆီသို့ လျှောက်လာသည်။ ကျောင်းတစ်ကျောင်းလုံးက သူမကို မော့ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် သူမသည် တကယ့်ကို ဆွဲဆောင်မှုရှိနေသည်ဟု ဆိုနိုင်သည်။


လီသုန်းဖျင်သည် အနက်ရောင်ငှက်မွေးအင်္ကျီကို ၀တ်ဆင်ထားပြီး အတန်း(၁၉)၏ နောက်တွင် ရပ်နေကာ အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေသော်လည်း စိတ်လှုပ်ရှားမှုကြောင့် အေးသည်ဟု သူလုံးဝ မခံစားရပေ။ သူသည် ကျုံးယို့ယို့ထက်ပင် ပို၍စိတ်လှုပ်ရှားနေဟန်ရှိသည်။ ကျုံးယို့ယို့သည် သူ၏သင်ကြားရေးလမ်းကြောင်းတလျှောက်တွင် နိုင်ငံတော်အလံအောက်၌ရပ်ကာ မိန့်ခွန်းပြောရသည့် ပထမဆုံးသောကျောင်းသားဖြစ်သည်။


ယခင်တုန်းကတော့ နိုင်ငံတော်အလံအောက်၌ ဟောပြောရသည့်သူတွေက ဘာတွေပြောပြော အောက်ရှိကျောင်းသားတွေက နားမထောင်ကြချေ။သူတို့အားလုံးသည့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆော့ကစားနေကြပြီး တစ်ယောက်ကိုတစ်ယောက် ဟာသလုပ်နေကြသည်ပင်။ ဤတစ်ခေါက် ကျုံးယို့ယို့စင်ပေါ်တက်သည့်အချိန် ကျောင်းမှာရှိသည့် ကျောင်းသားအားလုံး‌၏ အာရုံအစိုက်ခံရဆုံးဖြစ်မှာ သူစိုးမိသည်။


အထက်တန်းဒုတိယနှစ် အတန်း(၁)မှ ကျောင်းသား ‌ကျုံးရှီယို့သည် အရပ်ရှည်သော်လည်း အနောက်တွင် ရပ်နေရပြီး အလွန်ဝေးနေသောကြောင့် ကျုံးယို့ယို့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့အစ်မသာ နိုင်ငံတော်အလံအောက်မှာ မိန့်ခွန်းပြောရမည်မှန်း သူသိခဲ့လျှင် အဝေးကြည့်မှန်ပြောင်း ဝယ်ခဲ့မိမည်ဟု တွေးပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ 'ခနလေး... ဒီအချိန်လေးကို သူဓာတ်ပုံရိုက်ထားသင့်တာကိုကွာ'


သူသည် ဘယ်ညာဘေးနှစ်ဖက်ရှိ ဆရာများအလစ်တွင် ဖုန်းကို အမြန်ဆွဲထုတ်လိုက်သည်။


'ရေး အရမ်းကိုဂုဏ်ယူစရာပဲ သူ့အစ်မက အဆိုး၀ါးဆုံးအဆင့်တွေကနေ နိုင်ငံတော် အလံအောက်မှာ မိန့်ခွန်း‌ပြောရတဲ့သူအဖြစ် တကယ့်ကိုပြောင်းလဲသွားခဲ့ပြီ။'


ကျုံးရှီယို့သည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ဤဓာတ်ပုံကို မုန့်ဖိုးယွမ်ထောင်ပေါင်းများစွာဖြင့် ကျုံးပါပါးအား ရောင်းချရန် စီစဉ်ခဲ့သည်။


အောက်ရှိကျောင်းသားများအားလုံးသည် ကျုံးယို့ယို့ကို အာရုံစိုက်နေကြသော်လည်း သူတို့တွင် သီးသန့်ဆွေးနွေးမှုများစွာ ရှိနေသေးသည်။ လူအချို့သည် ကျုံးယို့ယို့နှင့်ရှစ်ကျစ်ထန်တို့အကြောင်းကို လျင်မြန်စွာဖြင့် ပါ၀င်ဆွေးနွေးခဲ့ကြသည်။


"မင်းတို့ ဘယ်လိုခံစားရလဲ၊ သူတို့တွေ ဘယ်လောက်တောင် တည်ငြိမ်နေလဲဆိုတာမြင်လား သူတို့တွေ နောက်တစ်ခါကျရင် နင်းခြေခံရမှာပဲ ဒါကြောင့် ကျုံးယို့ယို့ကို ဒီတစ်ကြိမ်တော့ ပေးလုပ်လိုက်မယ် နှစ်ပေါင်းများစွာ ပထမရလာတဲ့ မြို့နယ်နံပါတ်တစ်နဲ့ သူမကို ဘယ်လိုယှဉ်လို့ရမှာလဲ"


ကျုံးယို့ယို့ နိုင်ငံတော်အလံတင် စင်မြင့်ပေါ်သို့ တက်သွားသည့်အခါ အဓိကအတန်းနှစ်ခု၏  ရှေ့တန်းရှိ ထိုသို့သောဆွေးနွေးမှုများကို ကြားလိုက်ရသည်။ သူမ နှုတ်ခမ်းထောင့်များက မျဉ်းဖြောင့်လို ဖြောင့်တန်းသွားပြီး ဘာအမူအရာမှ မပြသတော့‌ချေ။


ကျုံးယို့ယို့၏အတန်းဖော်တွေသည်တော့ ယခုအချိန်၌ အရမ်းရှုပ်ထွေးသည့် စိတ်အခြေအနေတွင်  ရှိနေသည်။ ရှော့ခ်ရသွားပြီးနောက်၊ ကျုံးယို့ယို့သည် ကျုံးမိသားစု၏သမီးဖြစ်ကြောင်း အရင်တခေါက်တုန်းက သူတို့လက်ခံခဲ့ကြသည့်အတိုင်း သူမသည် မြို့နယ်ပထမနေရာကို အမှတ်တကယ်ရခဲ့သည်ဟူသောအချက်ကို တဖြည်းဖြည်းလက်ခံလာခဲ့ကြသည်။


ဤအချက်ကို လက်ခံခြင်းသည် စိတ်တည်ငြိမ်နေသည်ဟု မဆိုလိုပေ။ သူတို့၏ စိတ်အခြေအနေက အလွန်ပင်တက်လိုက်ကျလိုက်ဖြစ်နေသည်။ နိုင်ငံတော်အလံအောက်တွင်ရှိနေသည့် ကျုံးယို့ယို့ကို ကြည့်နေရခြင်းသည် ကျောင်းရှိ အနိမ့်ဆုံးရမှတ်မှ မြို့နယ်နံပါတ်တစ်အထိ တက်လှမ်းလာနိုင်ခဲ့သည့် ဒဏ္ဍာရီလာအဖြစ်အပျက်ကို ကြည့်နေရခြင်းနှင့် ဆင်တူသည်။


ကျုံးယို့ယို့သည် နိုင်ငံတော်အလံအောက်တွင် ရပ်ကာ အခမ်းအနားစကားလုံးများကို မိုက်ခရိုဖုန်းတွင် ရွတ်ဆိုနေသည်။ သူမသည် ဤသို့ရွတ်ဆိုရာတွင် အလွန်အတွေ့အကြုံရှိသည်။ ရေးထားသောလက်ရေးစာမူသည် လူတွေ အပြစ်မရှာနိုင်သည့်စာမူမျိုးဖြစ်သည်။


သူမ ရွတ်ဆိုပြီး အောက်ပြန်ဆင်းတော့မည့်အချိန်တွင် ဒုကျောင်းအုပ်က မြင်သွားပြီး  အနည်းငယ်စိုးရိမ်နေသည့်အသံဖြင့် သူမကို တိုးတိုးလေးပြောလာသည်။ "ကျောင်းသူကျုံးယို့ယို့၊ ငါတို့ကျောင်းမှာ အစဉ်အလာရှိတယ် နိုင်ငံတော်အလံအောက်မှာ မိန့်ခွန်းပြောပြီးရင် မင်းကျမ်းကျိန်ရမယ်"


"ကျမ်းကျိန်တယ်ဆိုတာ ဘာလဲ" ကျုံးယို့ယို့က အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။ သူမ အနည်းငယ် စိတ်ရှုပ်သွားရသည်။ သူမသည် ဤကျောင်း၏ အစဉ်အလာများကို သေချာမသိသလို မူရင်း၀တ္ထုစာသားတွင်လည်း ဘာမျှမပါရှိခဲ့ပေ။ ထိုအသေးစိတ်အချက်အလက်များကို ကမ္ဘာကြီးက သူ့ဘာသာဖြည့်စွက်ထားသည်လား။


ဒု-ကျောင်းအုပ်က အသံတိုးတိုးဖြင့် ရှင်းပြလာသည်။"မင်းရဲ့နောက်လာမယ့်ပန်းတိုင်ကို ကျိန်ဆိုရတာ စာဆက်ကြိုးစားပါ့မယ် အဆင့်တွေကို ထိန်းထားပါ့မယ် အဲ့လိုမျိုးပေါ့၊ ကျောင်းသားအားလုံးကို လှုံ့ဆော်ပေးတာလေ"


"အိုး" ကျုံးယို့ယို့ နားလည်သွားလေပြီ။ သူမသည် ခေတ္တရပ်ပြီး စင်ဘက်သို့ ပြန်လှည့်လိုက်သည်။ အတန်းဖော်များအားလုံးသည် အောက်ကိုဆင်းသွားသော သူမကို ကြည့်နေကြသည်။ ဘာဖြစ်သွားသည်မှန်း သူတို့မသိခဲ့ချေ။ သူမ ဘာလို့ကျမ်းမကျိန်သွားတာလဲ။ ထို့ကြောင့် ပရိသတ်အားလုံးက ခဏတာမျှ ငြိမ်သက်သွားကြပြီး သူမကို စောင့်မျှော်နေခဲ့ကြသည်။


အေးမြ‌မြလေထဲတွင် နိုင်ငံတော်အလံသည် တဖျတ်ဖျတ်လွင့်ပျံနေ၏။ ကျုံးယို့ယို့၏ကျောင်းဝတ်စုံသည် ကြက်သွေးရောင်ငှက်မွေးအင်္ကျီဖြင့် ဖုံးလွှမ်းနေသောကြောင့် သူမ၏မျက်နှာကို အလွန်တောက်ပပြီး လှပသွားစေသည်။ သူမ၏ ဆံပင်များသည်လည်း ယခုအခါတွင် ရှည်လျားနေပြီဖြစ်ပြီး ပခုံးပေါ်၌ ဖြည်းညှင်းစွာချထားကာ လေပြေထဲတွင် လူးလွန့်နေသည်။ မတ်တပ်ရပ်နေသည့် သူမ၏သွင်ပြင်က အသက်ရှုမှားလောက်သည်ပင်။


ကျောင်းတစ်ကျောင်းလုံးက သူမ၏ကျိန်ဆိုချက်ကို နားထောင်လိုက်ကြသည်။


"ကျွန်မ ကျိန်ဆိုပါတယ်"


ကျောင်းရှိကျောင်းသားများသည် နားစွင့်ထားကြပြီး အဆိုးဆုံးနေရာမှ မြို့နယ်နံပါတ်တစ်အထိ တက်လာနိုင်ခဲ့သည့် သူမ၏တန်ပြန်တိုက်ခိုက်မှု အတွေ့အကြုံအကြောင်း တစ်ခုခုပြောလာသည်ကို စောင့်ဆိုင်းနေကြပြီး ဤစိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ကြသည်။


သို့သော် သူတို့ကြားလိုက်ရသည်က ထိုမိန်းက‌လေး၏ ယုံကြည်ချက်ရှိရှိနှင့် ဘာသိဘာသာနိုင်သည့် အသံပင်ဖြစ်သည်။


“ဒီနှစ်ရဲ့ နိုင်ငံအဆင့်စာမေးပွဲကို မကျင်းပသေးတာကြောင့် ပြည်နယ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲချန်ပီယံက ကျွန်မအတွက်ဖြစ်ရမယ်လို့ ကျိန်ဆိုပါတယ်”


"......"


ကျောင်းသည် တိတ်ဆိတ်နေ၏။


ဝိုး အံ့ဩစရာပဲ...။


(**တခြားသူတွေရဲ့အဆင့်ဖော်ပြချက်တွေကသိပ်မရှင်းဘူး ရှစ်ကျစ်ထန်က အရင်တုန်းက စာမေးပွဲတွေမှာတစ်ရခဲ့ဖူးပြီး ခုမှ အဆင့်အရမ်းကျသွားတာလား မပြောတတ်)