Chapter 80
ကျုံးမာမားသည် သူမ၏အမျိုးသမီးသူငယ်ချင်းအချို့နှင့်အတူ spa တွင် ရှိနေသည်။
ချမ်းသာပြီး အင်အားကြီးမားသည့် သူဌေးကတော်တွေ အတူစုရုံးပြီး ပြောကြသည့် အကြောင်းအရာများသည် ယနေ့ သူမတို့ဝယ်ခဲ့ကြသော branded အိတ်များ၊ ခရီးသွားရန် စီစဉ်ထားသည့် နေရာများ၊ သူမတို့ မျက်စိကျနေသည့် ဇိမ်ခံပစ္စည်းတွေထက် မပိုချေ။ ထို့အပြင် သူမတို့၏ခင်ပွန်းများအကြောင်းနှင့် သူတို့က သူမတို့ကို အားလပ်ရက်ခရီး ခေါ်သွားမည့်နေရာများအကြောင်းကိုလည်း ပြောကြသည်။ ထို့နောက်တွင် ခင်ပွန်းသည်များက သန်းရာချီသောပရောဂျက်များ၌ လုပ်နေကြကြောင်းနှင့် သူမတို့၏ သားနှင့်သမီးများက မည်မျှတော်သည်ဆိုသည့်ဘက်ကို စကားလမ်းကြောင်းပြောင်းသွားကြသည်။
ကျုံးမာမားသည် ယနေ့တွင် အတော်လေးတောက်ပနေပုံရပြီး သူမ၏မျက်နှာကို လိမ်းခြယ်ပေးသည့် ပညာရှင်ပင်လျှင် အံ့အားသင့်သွားရကာ သူမကို မြှောက်ပင့်လိုက်သည်။"မစ္စကျုံး ရှင့်ရဲ့ အသားအရေက ဒီရက်ပိုင်းအရမ်းကောင်းလာတာပဲ၊ ပျော်စရာတစ်ခုခုရှိနေတာများလား လူတွေက ပျော်တဲ့အချိန်ကျရင် စိတ်ဝိဉာဉ်ပါ တက်ကြွလေ့ရှိတယ်လေ"
"ဘယ်မှာ ပျော်စရာရှိမှာလဲရှင်" ကျုံးမာမားသည် ပြုံးနေသော်လည်း စိတ်ထဲတွင်တော့ ဂုဏ်ယူနေမိသည်။ယနေ့နံနက်တွင် ရှီယို့ပေးပို့လာသော စာသားမက်ဆေ့ခ်ျဖြစ်သည့် အထက်တန်းတတိယနှစ်များ၏ ပြိုင်ပွဲဆိုင်ရာစာမေးပွဲတွင် ကျုံးယို့ယို့က မြို့နယ်ပထမနေရာရခဲ့သည်ဆိုသည့်ပို့စ်၏ စခင်ရင်ရှော့ဓာတ်ပုံကို သူမ သတိရမိသွားသည်။
၎င်းသည် မိုးကြိုးသွားနှင့်ဆင်တူပြီး သူမသည် စကားမပြောနိုင်လောက်အောင်ပင် ရှော့ခ်ရသွားခဲ့သည်။ အရင်တခေါက်တုန်းက အတန်းထဲတွင် ကျုံးယို့ယို့ ပထမနေရာရရှိခဲ့ကတည်းက သူမတို့မိသားစုသည် အံ့သြဝမ်းသာဖြစ်နေပြီဖြစ်သည်။
မထင်မှတ်ပဲ၊ သူတို့ဆီမှထွက်သွားပြီးနောက် ဤမိန်းကလေးသည် လမ်းကြောင်းမှန်ပေါ်သို့ အပြည့်အ၀ရောက်ရှိသွားပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင်ထူးကဲပြောင်မြောက်လာခဲ့၏။
ယခုတွင် သူမသည် မြို့နယ်နံပတ်တစ်ကဲ့သို့သော ရမှတ်မျိုး ရနိုင်နေပြီဖြစ်သည်။
စိတ်ထဲမှ ခံစားချက်များဖြင့် ကျုံးမာမားသည် သူမ၏သမီးအတွက် ပို၍ပင် ဂုဏ်ယူလာခဲ့သည်။ ကြည့်ပါဦး၊ မုန့်ရှစ်ရွှမ်၏ ယခင်က အကောင်းဆုံးအဆင့်များသည် မြို့နယ်ဒုတိယသာရှိသော်လည်း သူမမွေးသောကလေးသည်တော့ သုံးလအတွင်း ခုန်တက်သွားပြီး အဆင့်များ ထိုးတက်သွားခဲ့သည်။ ယို့ယို့ မြို့နယ်ပထမနေရာကို ခုန်တက်သွားခဲ့သည့်အဖြစ်အပျက်က ကျုံးမိသားစု၀င်များတွင် အမှန်တကယ်ကောင်းမွန်သည့် မျိုးရိုးဗီဇရှိသည်ဆိုတာအား ပြသနေ၏။
မနက်စောစော သူမ ဤ spa ထဲသို့၀င်လာပြီးနောက် ထိုချမ်းသာကြွယ်၀သည့် သူဌေးကတော်များနှင့် သူငယ်ချင်းများကို တွေ့လိုက်ရသည်။ သူတို့အားလုံးက သူမကို စကားတစ်ခွန်းမှမပြောဘဲ ပြုံးနေခဲ့ကြတာပင်။ သူမသည် ယို့ယို့အတွက် ဂုဏ်ယူသော်လည်း ၎င်းခံစားချက်ကို မျက်နှာပေါ်၌ မပြသခဲ့ပေ။
သူမဘေးရှိ မစ္စကျန်းသည် အခြားသူများနှင့် တဆိတ်ကို တအိတ်လုပ်၍ ပြောဆိုနေ၏။
"ငါတို့မိသားစုထဲက ကောင်လေးက ဒီတစ်ခါ ပြိုင်ပွဲဆိုင်ရာစာမေးပွဲကို ဖြေခဲ့ပေမယ့် သူက မြို့နယ်အဆင့်ရှစ်ဆယ်ကျော်ပဲ ရခဲ့တယ်လေ တကယ်ကို အသုံးမကျဘူး"
"မြို့နယ်အဆင့် ရှစ်ဆယ်ကျော်က တော်တော်ကောင်းနေပါပြီ မြို့ထဲမှာ လူတွေ အများကြီးရှိမှန်း မစ္စကျန်းလည်း သိရဲ့သားနဲ့ ရှင့်ရဲ့သားက အလားအလာရှိပါတယ်ရှင်!"
မစ္စကျန်းက ကျေနပ်အားရမှုအား ပြသလိုက်ပြီး အလျင်စလိုပြုံးလိုက်သည်။ "ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ပါဘူး"
ကျုံးမာမားက စကားတစ်ခွန်းမှ ၀င်မပြောတာကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသမီးများသည် သူမတို့၏နှလုံးသားထဲတွင် လှောင်ပြောင်ချင်စိတ်အနည်းငယ်ကို ခံစားလိုက်ရသည်။ ယခင်က ဤကဲ့သို့သောအချိန်မျိုးတွင် ကျုံးမာမားသည် မုန့်ရှစ်ရွှမ်၏အောင်မြင်မှုများကို ထုတ်နှုတ်ပြီး သူမတို့ရှေ့မှာ ရည်ရွယ်ချက်ရှိရှိပင်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ကြွားဝါခဲ့သော်လည်း ကျုံးမိသားစုထဲ၌ ထိုကဲ့သို့သောအရှုပ်အရှင်းကြီးတစ်ခု ရှိနေခဲ့မည်ဟု မည်သူသိမည်လဲ။ ထိုကောင်မလေးမုန့်ရှစ်ရွှမ်သည် ကျုံးမိသားစု၏ သမီးအရင်း လုံး၀မဟုတ်ချေ။
သူမတို့သိသလောက်သည်တော့ အစားထိုးခံလိုက်ရသည့် ကျုံးယို့ယို့သည် ဆိုးရွားသောအဆင့်များဖြင့် ကောင်မဆိုးလေးဖြစ်နေဆဲပင်။ ယခုတော့ မစ္စကျုံးတွင် ကြွားဝါစရာ မရှိချေပြီမဟုတ်ပါလား။ ဟားဟား ၊ သူမ၏မိသားစုတွင် သားငယ်တစ်ယောက်ရှိသေးသော်လည်း အဆုံးတွင် ထိုသားအငယ်ဆုံးသည် အထက်တန်းကျောင်းဒုတိယနှစ်တက်နေဆဲဖြစ်ပြီး ဘာအခြေအနေမျှ မသိရသေးဘဲ ကြွားဝါစရာလည်း မရှိချေ။
မစ္စကျန်းက ထိုအကြောင်းပြချက်များကြောင့် တမင်တကာပင် ရန်စလိုက်တော့သည်။ "မစ္စကျုံး ရှင်ရဲ့ကလေးနှစ်ယောက်က ဒီတစ်ကြိမ်မှာ စာမေးပွဲကို ဘယ်လိုဖြေခဲ့ကြလဲ၊ မြို့နယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ကြလား"
ကျုံးမာမားသည် သူမ၏နှလုံးသားထဲရှိ ပျော်ရွှင်မှုများကို ၀န်မခံဘဲမနေနိုင်တော့မိလုနီးပါး ဖြစ်သွားသော်လည်း သူမသည် အပြုံးကို ထိန်းထားနိုင်ဆဲဖြစ်ပြီး "ဟုတ်တယ် ယို့ယို့လည်း ပြိုင်ခဲ့တယ်လေ"
သူမ၏မိသားစုမှ မိန်းမဆိုးလေးသည် ပြိုင်ပွဲတွင် အမှန်တကယ် ပါဝင်ခဲ့သည်။
မင်းသယ်တွင် ထိပ်တန်းကျောင်းသားတွေ အများကြီးရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကြသည်မဟုတ်ဘူးလား။ မစ္စကျန်း၏သားပင်လျှင် ကျောင်း၏ ထိပ်တန်း 100 ထဲသာ ၀င်ရောက်နိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ကမ္ဘာတုန်လောက်သည့် မြို့နယ်အဆင့်ရှစ်ဆယ်သို့ ရောက်ရှိနိုင်ခဲ့သည်။
ကျုံးမိသားစုက နောက်ဖေးတံခါးကနေဖြတ်ပြီး ကျုံးယို့ယို့ကို ပြိုင်ပွဲဆိုင်ရာစာမေးပွဲဖြေရန် လွှတ်လိုက်သည်များ ဖြစ်နိုင်လား။
"သူမရဲ့စာမေးပွဲရလဒ်က ဘယ်လိုလဲ" မစ္စကျန်းက အနည်းငယ်၀င့်ကြွားပြီး အထင်သေးသည့်လေသံဖြင့် မေးလာသည်။
ကျုံးမာမားက သူမအားမေးမြန်းလာသည့်အချိန်ကို စောင့်နေခဲ့သည်ပင်။
ဤအခိုက်အတန့်တွင် ကျုံးမာမားသည် အလွန်အမင်းဂုဏ်ယူမိနေသည်။ မုန့်ရှစ်ရွှမ်သည် ယခင်က မည်မျှပင် ပင်ပင်ပန်းပန်း စာကြိုးစားခဲ့သည်ဖြစ်စေ မြို့နယ်နံပတ်တစ်နေရာသို့ မရောက်ဖူးဘဲ ရှစ်မိသားစုမှ ကောင်လေးက သူမကို လွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ယို့ယို့သည် မြို့နယ်ပထမနေရာကို တန်းရခဲ့ပြီး ရှစ်ကျစ်ထန်ကို လွှမ်းမိုးနိုင်ခဲ့သည်လေ။ ထိုလူတွေ မင်သက်ပြီး မနာလိုဖြစ်သွားအောင် သူမ ဘာကြောင့် မလုပ်ရမည်လဲ။
ကျုံးမာမားက အမှုမထားဟန်ဆောင်၍ ဖုန်းစာမျက်နှာကို အေးအေးဆေးဆေး ဖွင့်လိုက်သည်။ "ဒီမှာ နင်တို့ဘာသာနင်တို့ ကြည့်လိုက်ကျတော့ မစ္စကျန်း ရှင့်ကိုကြည့်ပါဦး ရှင်က ရှင့်သားရဲ့အဆင့်တွေအကြောင်း အထက်စီးနဲ့ပြောနေတာပဲ ရှင် အဆင့်တွေကို အစကနေအဆုံးထိ မကြည့်ခဲ့ဘူးလား လိုက်ရှာကြည့်လိုက် ငါ့ရဲ့ယို့ယို့က ဘယ်လိုင်းမှာလဲဆိုတာ ရှင် တွေ့ပါလိမ့်မယ်"
မြို့နယ်ပထမ...။
"ရှင့်ရဲ့သမီးက မြို့နယ်ပထမနေရာကို ဘယ်လိုရနိုင်မှာလဲ၊ ရှင် ဘယ်ကျူရှင်ကို ရှာခဲ့တာလဲ" မစ္စကျန်းသည် အံ့အားသင့်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အခြားသော သူဌေးကတော်အများအပြားသည်လည်း ၎င်းတို့၏ မျက်နှာဖုံး(face mask)များကို ဖယ်ရှားလိုက်ပြီး သူမကိုလှည့်ကြည့်လာကာ အံ့အားသင့်သွားကြ၏။
ကျုံးမာမားက သူမ၏မျက်၀န်းတွေကို မှိတ်ထားပြီး အေးအေးဆေးဆေးပြောလိုက်သည်။ "အဲ့လောက်ကြီးမဟုတ်ပါဘူး ဒီကလေးက ငါ့မိသားစုကဖြစ်ပြီး ငါတို့နဲ့ သေချာပေါက်တူတာပေါ့ သူမရဲ့အရိုးထဲကနေကို ထက်မြက်နေတာ ဒါတွေအကုန်လုံးက မျိုးရိုးဗီဇကြောင့်မို့ ကျူရှင်ဆရာရှာလည်း အသုံးမ၀င်ဘူး"
ဟမ့်၊ လေနဲ့ပဲ မှုတ်လိုက်မယ်။
မစ္စကျန်းသည် အနည်းငယ်ကြောင်အနေပြီးနောက် အကြောင်းအရာကို တိုးတိုးလေး ပြောင်းပြောလာသည်။"ဒါက တကယ်ကို အံ့သြစရာကောင်းပါတယ်၊ ဒါပေမယ့် ဒီပြိုင်ပွဲက မခက်ခဲဘူးလို့ ငါကြားတယ်..."
ယခင်က အခြားသူဌေးကတော်တွေသည် မစ္စကျုံး၏ အပြုအမူများကို မုန်းတီးပြီး ခင်ပွန်းသည်က အရည်အချင်းရှိသောကြောင့် အားကျ၍ မနာလိုဖြစ်နေရသည်ဆိုလျှင်ပင် ယခုတွင်တော့ သူမ၏သမီးအရင်းကလည်း အလားအလာကောင်းတွေ ရှိနေပြန်လေသည်။
ဟုတ်ပေသည်၊ သူဌေးကတော်များသည် ကျုံးမိသားစု၏ အခြေအနေအမှန်ကို မသိကြချေ။ ထူးချွန်သောစွမ်းဆောင်မှုကြောင့် ကျုံးမာမားဂုဏ်ယူနေသော ကျုံးယို့ယို့သည် ကျုံးမိသားစုနှင့် အဆက်ဖြတ်ထားသည်မှာ ကြာလှပြီဖြစ်ပြီး အပြင်၌အသက်ရှင်နေထိုင်ရန် ထွက်သွားခဲ့သည်အချိန်ကစ၍ ယခုဆိုလျှင် အဆက်အသွယ်မရသည်မှာ သုံးလနီးပါးရှိနေချေပြီ။
ကျုံးမာမား ညနေအိမ်ပြန်ရောက်လာသည့်အချိန်တွင် ဗီလာသည် လူသူကင်းမဲ့နေဆဲဖြစ်ပြီး မီးဖိုချောင်ထဲ၌ ဟင်းချက်နေသည့် အစေခံအနည်းငယ်သာ ရှိနေသည်ကို တွေ့လိုက်ရသည့်အတွက် သူမသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
"Mr.ကျုံးက အခုထိပြန်မလာသေးဘူးလား?"
ယွီမားသည် မီးဖိုချောင်ထဲမှ အလျင်စလိုဖြင့် ခေါင်းပြူထွက်လာပြီး "မဒမ်၊ Mr.က ဒီည ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေတယ်လို့ ပြောတယ်၊ နောက်မှ ပြန်လာခဲ့မယ်တဲ့"
"ကုမ္ပဏီက ဘာလို့တစ်ခုခုဖြစ်နေပြန်ပြီလဲ" ကျုံးမာမားသည် ချက်ချင်းပင် စိတ်အခြေအနေပြောင်းလဲသွားရသည်။ အစောတုန်းကထိ စိတ်အခြေအနေသည် အဆင်ပြေနေဆဲဖြစ်ပြီး ယခုတော့ သူမ၏မျက်နှာက အနည်းငယ်ရုပ်ဆိုးနေလေပြီ။ သူမသည် လက်ကိုင်အိတ်ကို ဆိုဖာပေါ်ပစ်တင်လိုက်ပြီး အပေါ်ထပ်သို့ ခြေထောက်ဆောင့်၍ တက်သွားသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဘာတွေဖြစ်သွားသည်မှန်း သူမ မသိတော့ချေ။ ကျုံးကော်ချန်းသည် ကုမ္ပဏီတွင် အလုပ်အစည်းအဝေးများရှိသည်ဟု ပြော၍ နေ့စဥ်ရက်ဆက်အိမ်ပြန်မလာသော်လည်း ကျုံးမာမားကတော့ သိသည်။ ကျုံးကော်ချန်းသည် ကုမ္ပဏီ၏ဘယ်နေရာတွင်များ အလုပ်ရှုပ်နေသနည်း။ သူသည် ရှင်းရှင်းလင်းလင်းကို အိမ်သို့ပြန်မလာချင်ရခြင်းပင်။
ကျုံးကော်ချန်းသည် နောက်ဆုံးတခေါက်က နေမကောင်းဟန်ဆောင်ပြီး ကျုံးယို့ယို့ကို ဆေးရုံသို့ခေါ်ပြီးကတည်းက ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူမ မသိခဲ့သော်လည်း သူသည် သူမကို ဒေါသထွက်ခဲ့ပြီး သူမတို့နှစ်ယောက်ကြားတွင် သဘောထားကွာဟချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နေ့ အိမ်ပြန်ရောက်သည့်အခါ နှစ်ယောက်သားအကြီးအကျယ်ရန်ဖြစ်ခဲ့ကြသည်။
ကျုံးကော်ချန်းက သူမကို ဤသို့စွပ်စွဲခဲ့၏။
"မင်း အမေတစ်ယောက် ဘယ်လိုဖြစ်လာတာလဲဆိုတာ ကြည့်စမ်းပါဦး ယို့ယို့ကို ငါပြန်ခေါ်လာခဲ့ပေမယ့် အလုပ်တွေရှုပ်နေလို့ သူမနဲ့ ဆက်ဆံဖို့ အချိန်မရှိခဲ့ဘူး ဒီကိစ္စကို မင်းဆီမှာထားခဲ့ရင် သူမကို မင်းဂရုစိုက်ပေးလိမ့်မယ်လို့ ထင်ခဲ့တာ ဒါပေမယ့် မင်းဘာလုပ်လိုက်တာလဲ၊ မင်းက သူမကို မိသားစု၀င်တစ်ယောက်အနေနဲ့ လုံးဝမဆက်ဆံခဲ့ဘူး မင်းသာ မုန့်ရှစ်ရွှမ်ကို မျက်နှာသာမပေးခဲ့ဘူးဆိုရင် ယို့ယို့က အခု ဒီလိုဖြစ်သွားပါ့မလား"
ကျုံးယို့ယို့က အခုထိ အိမ်မပြန်လာချင်သေးသည်ကို ကျုံးမာမားလည်းပဲ ၀မ်းနည်းရသည်၊ ၀မ်းနည်းသည်မှ ကျုံးပါပါးထက်ပင် ဝမ်းနည်းပါသေး၏။ သူမ၏အရင်ဘဝတွင် ကျုံးယို့ယို့အား ကောင်းကောင်းမဆက်ဆံခဲ့မိသည့်အတွက်လည်း အပြစ်ရှိသလိုခံစားရပြီး ရေတစ်ပန်းကန်မျှပင် လုံးဝမသောက်ဖြစ်ခဲ့ချေ။ မကြာခဏဆိုသလို မုန့်ရှစ်ရွှမ်အတွက်နှင့် သူမသည် ယို့ယို့ခွင့်မလွှတ်နိုင်သည့်အရာများကို လုပ်ခဲ့သည်ပင်။
ကျုံးပါပါးက သူမကို ယခုလိုအပြစ်တင်လာသည်ကိုမြင်တော့ သူမလည်း ဒေါသအနည်းငယ်ထွက်သွားရပြီး "ရှင်ကော၊ ရှင်ကရော အဖေတစ်ယောက်ရဲ့တာ၀န်ကို ဘယ်တုန်းကယူခဲ့လို့လဲ၊ သူမကို ပိုက်ဆံပေးပြီး တစ်ယောက်တည်း ထားခဲ့လို့ရတာပဲလို့ အဆုံးမှာ ရှင်တွေးခဲ့သေးတာပဲ မဟုတ်ဘူးလား ရှင် အခု အရမ်းကို အပြစ်ရှိစိတ်၀င်နေတယ်ပေါ့ ဒါဆို ရှင့်အရင်ဘ၀တုန်းက ဘာလုပ်ခဲ့လဲ အလုပ်ရှုပ်နေလို့ဆိုတာက ရှင်ရဲ့ဆင်ခြေပဲမဟုတ်ဘူးလား"
အပြန်အလှန်စွပ်စွဲအပြစ်တင်ကြပြီး နောက်ဆုံးတွင် နှစ်ယောက်စလုံးသည် နက်ရှိုင်းလှသော လုံး၀မတတ်သာသည့်အခြေအနေကို ခံစားလိုက်ရပြီး ကုတင်ခေါင်းရင်းတွင် ထိုင်လိုက်ကြသည်။
"တော်တော်ကြာနေပြီ၊ ယို့ယို့ထွက်သွားတာ သုံးလရှိပြီ" ကျုံးပါပါးသည် စိတ်တည်ငြိမ်သွားပြီး သူ့အသံသည်တော့ အနည်းငယ်တုန်ယင်သွားသည်။
ဟုတ်သည်၊ သုံးလရှိပြီပင်။ သူမ ကောင်းကောင်းစားရဲ့လား၊ နာမကျန်းဖြစ်နေမလား၊ အစားဇီဇာကြောင်နေမလား၊ ညဘက် အိမ်ကြီးကြီးထဲမှာ တစ်ယောက်တည်းနေရလို့ သူမကြောက်နေမလား စတာတွေကို သူတို့မသိရချေ။ ကျုံးပါပါးသည် သူ့၏မျှော်လင့်ချက်များကို ချင်းမိသားစု၏ သခင်လေးချင်းယောင်ပေါ် ပုံအပ်ထားပြီး သူက ကျုံးယို့ယို့ကို ကောင်းမွန်စွာ ဂရုစိုက်စောင့်ရှောက်နိုင်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။
ပြီးတော့ မစ္စကျုံးသည် ဆေးရုံလူနာဆောင်၏ တံခါးဝ၌ ယို့ယို့က သူမကို ကြည့်ပင်မကြည့်သွားသည်ကို သတိရသွားပြီး သူမ၏နှလုံးသားကို ဓားနှင့်လှီးဖြတ်နေသလို ခံစားလိုက်ရပြန်သည်။
ယခုတွင်မူ ကျုံးယို့ယို့၏ဘဝသည် လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီဖြစ်ပြီး သူမသည် ထူးချွန်ထက်မြက်၍ တောက်ပလင်းလက်လာခဲ့သည်။ သူတို့သာမရှိရင် သူမမှာ ပိုကောင်းတဲ့ဘဝမျိုးလေး ရခဲ့မှာမဟုတ်ဘူးလား။
......
အချင်းချင်း ရန်ဖြစ်စကားများကြရာမှစ၍ သူမတို့ကြားတွင် အက်ကြောင်းအနည်းငယ် ဖြစ်ပေါ်လာသည်။ ရက်အတော်ကြာသည်ထိ ကျုံးပါပါးသည် ကုမ္ပဏီကိစ္စတွေအား အကြောင်းပြချက်အဖြစ်သုံးပြီး အိမ်မပြန်လာခဲ့ချေ။
ထိုအချိန်တွင် ကျုံးမာမားသည်လည်း စိတ်အနည်းငယ်မွန်းကြပ်နေပြီး သုန်မှုန်ကာ ညစာမစားဘဲ စောင်အောက်တွင် အိပ်ပျော်သွားခဲ့သည်။
ကျုံးကော်ချန်းသည် အိမ်သိပ်မပြန်လာသည့်အပြင် ကျုံးရှီယို့သည်လည်း ညဘက်တွင် အတန်းဖော်၏အိမ်၌နေရန် မကြာခဏ ပြေးသွားတတ်သည်။ ကျုံးကော်ချန်းနှင့် သူမ၏ငြင်းခုံမှုကို သူမသား၏လုပ်ရပ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့လုပ်ရပ်များသည် သူမ၏ယခင်ဘဝက ကျုံးယို့ယို့အပေါ် ကျူးလွန်မိခဲ့သော အေးစက်စက်အကြမ်းဖက်မှုကို ဆန့်ကျင်နေသည့် အသံတိတ်ဆန္ဒပြမှုနှင့် ပို၍ဆင်တူသည်။
ကျုံးမာမားသည် သူမ၏ပုခုံးများကိုပွတ်သပ်၍ အချိန်အတော်ကြာအောင် သက်ပြင်းချနေမိခဲ့ပြီး သူမ၏နှလုံးသားက နာကျင်မှုကိုသာ ခံစားရတော့၏။
မုန့်ရှစ်ရွှမ်သည် ညနေ 7 နာရီကျော်၌ ပြန်လာခဲ့ပြီး ကျောင်းဆင်းပြီးနောက် 5 နာရီပင် ကျော်နေချေပြီ။ ယခုမူ သူမကို လာခေါ်သည့် ဒရိုင်ဘာမရှိတော့သောကြောင့် ဘတ်စ်ကားနှင့်သာ ပြန်လာရသည်။ ပြန်ရောက်သောအခါ ဗီလာသည် မှောင်မည်းနေ၏။ သူမသည် မောပန်းနွမ်းနယ်၍ အိပ်ငိုက်နေသည့် အမူအရာဖြင့် တံခါးဆီ လျှောက်လာပြီး ကျောင်းလွယ်အိတ်ကို ချလိုက်ကာ ယွီမားနှင့်အခြားလူများကို ကူ၍သန့်ရှင်းရေးလုပ်ပေးရန် စတင်ပြေးလွှားလာခဲ့၏။"ယွီမား ကူညီပေးပါရစေ"
"အာ အကြီးဆုံးမမလေး၊ ဒီထဲမ၀င်လာပါနဲ့" ယွီမားက သူမလက်ထဲက တံမြက်စည်းကို လုယူလိုက်ပြီး "မမလေး ထမင်းမြန်မြန်စားပြီး အနားယူလို့ရပါတယ်"
မုန့်ရှစ်ရွှမ်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်နေသည့် အခြားအစေခံတစ်ယောက်ကို သွားကူညီပေးခဲ့သည်။
ဘာလုပ်ရမှန်းတကယ်မသိတော့သည့် အစေခံက ယွီမားကို တစ်ချက်ကြည့်လာသောကြောင့် သူမက အဝတ်စုတ်ကို မုန့်ရှစ်ရွှမ်ဆီ ပစ်ပေးလိုက်၏။ သူမက သန့်ရှင်းရေးလုပ်ရန် ကူညီပေးချင်သည်ဆိုတော့လည်း သူမကို ကူညီခွင့်ပေးလိုက်မည်ပင်။
ထိုအချိန်မှစ၍ မုန့်ရှစ်ရွှမ်သည် ဤအိမ်ကြီးထဲမှ အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်လို ဖြစ်နေခဲ့သည်။သူတို့ကို ကူညီသန့်ရှင်းပေးရုံသာမက ပန်းကန်ဆေး၊ အဝတ်လျှော်ရန်လည်း တက်တက်ကြွကြွ ကူညီပေးကာ အလုပ်ကြမ်းများကိုလည်း လုပ်ပေးသေးသည်။ ပန်းကန်ဆေးရန် ပန်းကန်ဆေးစက် ရှိပြီး၊ အ၀တ်လျှော်ရန်အတွက်လည်း အဝတ်လျှော်စက်ရှိသည်ဆိုပါစို့။ မြင့်မြတ်သည့် အကြီးဆုံးမမလေးက ဘာတွေကိုထိနေသနည်း။ သူမသည် မည်သို့လုပ်ရမှန်းမသိသောကြောင့် ပန်းကန်လုံးတစ်လုံးကို အမြဲလိုလိုခွဲမိလေ့ရှိသည်။ ဤသည်က သနားစရာကောင်းဟန်ဆောင်ခြင်း မဟုတ်ဘူးလား။
ယွီမားသည် ထိုအဖြစ်အပျက်ကိုမြင်သောအခါ စိတ်ဆိုးသွားခဲ့ပြီး အခြားအစေခံများသည်လည်း ပြဿနာတစ်စုံတစ်ရာရှိလာ၍ ကျန်းမားကဲ့သို့ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်သောကြောင့် မုန့်ရှစ်ရွှမ်ကို သတိရှိရှိပင် ရှောင်ရှားခဲ့ကြသည်။
သို့သော်လည်း ဤမုန့်ရှစ်ရွှမ်သည် တကယ့်ကို ခံနိုင်ရည်ရှိပြီး တစ်လခွဲကျော်လောက် ထိုကဲ့သို့ ဆက်လက်တည်ရှိနေခဲ့ကာ ခြံစည်းရိုးအောက်ရှိ ပြဇာတ်တစ်ခုတွင် အသက်ရှင်နေထိုင်နေရသလိုမျိုး ရှင်သန်နေခဲ့သည်။
ဤရက်ပိုင်းတွင် Mr ကျုံး အိမ်သို့လုံး၀မပြန်လာခြင်းက သူမအတွက် သနားစရာပင်။ သူမရဲ့ဖျော်ဖြေမှုကို မည်သူကမှ မမြင်ရသည့်အတွက် မစ္စကျုံးက တခါတရံ အောက်ထပ်သို့ အကြိမ်ပေါင်းများစွာ ဆင်းလာသည့်အချိန်တွင် သူမသည် ပြဇာတ်ကို ပြသလေ့ရှိ၏။
ပထမနှစ်ကြိမ်တွင် သူဌေးကတော်၏မျက်၀န်းထဲ သနားစိတ်နှင့် သည်းမခံနိုင်မှုအချို့ကို ပြသခဲ့သော်လည်း Mr. ကျုံးနှင့် အကြီးအကျယ် စကားများရန်ဖြစ်ပြီးနောက် သူဌေးကတော်သည် မုန့်ရှစ်ရွှမ်အား အနည်းငယ် ထပ်မံစိတ်ဆိုးသွားဟန်ရသည်။ ညစဉ်ညတိုင်းထမင်းစားပြီးသည့်နောက် အခန်းသို့ပြန်သွားသည့်အတွက် သူဌေးကတော်သည် မုန့်ရှစ်ရွှမ် သန့်ရှင်းရေးလုပ်နေခြင်းကို ဘယ်သောအခါမှ နောက်တစ်ကြိမ် ထပ်၍မမြင်တော့ချေ။
ယွီမားသည် မလှမ်းမကမ်းမှ ပြတင်းပေါက်ကို သုတ်ရန်အတွက် အ၀တ်စုတ်ကို ခေါင်းမာမာနှင့် ကောက်ယူလိုက်သည့် မုန့်ရှစ်ရွှမ်ကိုကြည့်ပြီး သူမဘာသာသူမ တွေးလိုက်မိသည်။ မမလေးက ဤမျှခံနိုင်ရည်ရှိမည်မှန်း ယခင်က သူမ မသိခဲ့ချေ ။ အရှင်သခင်အဖြစ်မှ ဤအိမ်ကြီး၏ အစေခံအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားရသည့် အကြီးဆုံးမမလေးသည် ဤကွာခြားမှုကို သည်းမခံနိုင်လောက်သော်လည်း အစစ်အမှန်မုန့်ရှစ်ရွှမ်၏ဘဝသည်တော့ ဆိုးရွားလွန်းသဖြင့် အံကြိတ်ပြီး ဤနေရာတွင် နေထိုင်နေရဆဲပင်။