အပိုင်း ၈၁
Viewers 11k

Chapter 81



တစ်ချိန်တည်းတွင်၊ ဟောင်ဆွေ့မြို့ အလယ်တန်းကျောင်းသည်လည်း သင်ကြားရေးအဆောက်အအုံအောက်၌ မြို့နယ်အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ ကျောင်းသားတစ်စုသည် ပြိုင်ပွဲရလဒ်များကို ဝိုင်းဖွဲ့ကာ ဆွေးနွေးကြသည်။ ဤအထက်တန်းကျောင်းတွင် လူအများအပြားမရှိသလို ကျောင်းသားများကို ဆင်းရဲနွမ်းပါးသော ကျောင်းသားများအဖြစ် ယူဆ၍ရသော်လည်း သူတို့သည် အလွန်စာကြိုးစားကြသောကြောင့် မင်းသယ်နှင့် အမှတ်(၁၃)အလယ်တန်းကျောင်းတို့ထက် ဤပြိုင်ပွဲ၏ရလဒ်များကို ပို၍စိုးရိမ်ကြသည်။


"ဘာလို့ ဒီနှစ်ရဲ့ မြို့နယ်နံပတ်တစ်က လူသိနည်းရတာလဲ... ကျုံးယို့ယို့လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်လား သူမကို နည်းနည်း ရင်းနှီးနေတယ်"


"မင်းသယ်က အရမ်းကို အံ့သြစရာ‌ကောင်းတယ် တိမ်လို အရှင်သခင်တွေပဲကွာ မြို့နယ်ထိပ်တန်း သုံးယောက်မှာ နှစ်နေရာကို သူတို့ကျောင်းက တကယ်ပဲ သိမ်းပိုက်ထားကြတယ်"


မြို့နယ်အဆင့်ရလဒ်များကို ကြည့်ရှုသူအများအပြားရှိပြီး ရလဒ်အဆင့်သတ်မှတ်ချက်ဘေးတွင် ကျောင်းတစ်ကျောင်းလုံးကို အသိပေးသည့် အရေးယူသတိပေးချက်အား အနီရောင်ကျောင်းစည်းတံဆိပ်နှင့်အတူ ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် ရေးတင်ထားသည်က ကျောင်းသားတွေကို မျက်စိကျသွားစေသည်။


 "အထက်တန်းကျောင်း X မှ ကျောင်းသူဖေးယွင်သည် စာမေးပွဲတွင် မလျော်ကန်သောနည်းလမ်းများ အသုံးပြုခဲ့ခြင်းက ပြိုင်ပွဲဆိုင်ရာစာမေးပွဲကို အရည်အချင်းမပြည့်မီခြင်းနှင့် ကျောင်းအတွင်းပြုမူခဲ့သည် အမှားအယွင်းကြီးကြီးမားမားကြောင့် ပြစ်ဒဏ်ပေးခံရခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်သည် ဤဝေဖန်အကဲဖြတ်ချက်ကို အကြောင်းကြားအပ်ပါသည်။"


ထို့ကြောင့် ဤစည်းကမ်းဆိုင်ရာအသိပေးချက်ကို ကျောင်းရှိလူတွေက ပိုမြင်သွားကြတော့သည်။


ဖေးယွင်သည် ယခုရက်များအတွင်း ပြစ်ဒဏ်လျှော့ပေါ့ရန် ကြော်ငြာသင်ပုန်းနားတ၀ိုက်တွင် လျှောက်သွားနေသော်လည်း သူမမည်သည့်နေရာကိုသွားသည်ဖြစ်စေ သူမဘေးနားရှိလူများက သူမအား လက်ညိုးထိုးနေကြသည်ကို သူမခံစားနိုင်သည် ။


ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ သူမ၏ခေါင်းကို မြှုပ်ထားလျှင်ပင် ထိုလူတွေပြောနေကြသည်များအား သူမ မတားဆီးနိုင်ချေ။


တစ်ကျောင်းလုံး၏ ဆွေးနွေးမှုတွေက အဆင်ပြေသည်။ အဆုံးတွင်တော့ သူတို့သည် အဖြစ်အပျက်ကို အတိအကျမသိကြပေ။ သို့သော်လည်း ထိုနေ့က စာမေးပွဲခန်းတွင် ရှိခဲ့ကြသော အတန်းဖော်များက သူတို့၏ကိုယ်ပိုင်မျက်စိများဖြင့် မြင်ခဲ့ကြသည်ပင်။ နောက်ပိုင်းတွင် သူတို့သည် ကွက်ကွက်ကွင်းကွင်း နားလည်သဘောပေါက်သွားပြီး တခြားသူတွေကို တက်ကြွမှုတွေထပ်ပေါင်းထည့်ရင်း ထိုအဖြစ်အပျက်ကို ပြောပြခဲ့ကြ၏။....


ရုတ်တရက် ဖေးယွင်သည် မထင်မရှားသာမန်မိန်းကလေးတစ်ဦးမှ ကျောင်း၏ သတင်းခေါင်းစီးဗဟိုချက်ဖြစ်လာပြီး အပျက်သဘောကျော်ကြားခြင်းဆီသို့ ကူးပြောင်းသွားသည်။


သူမသည် ရက်စက်ပြီး အထင်အမြင်သေးချင်စရာကောင်းသည်ဟု လူတိုင်းက တွေးထင်ကြကာ လူတိုင်းက သူမကို သူတို့၏နှလုံးသားထဲတွင် လှောင်ပြောင်ရယ်မောနေကြမည်ကို သူမသိသည်။ ဦးနှောက်ချို့ယွင်းနေချိန်တွင်သာ သူမသည် ထိုသို့သောအရာမျိုး လုပ်နိုင်လေသည်။ ထို့ကြောင့် သူမသည် လူမြင်ကွင်းတွင် ပေါ်ထွက်မလာရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သို့သော်လည်း ဖေးယွင်သည် ယနေ့ရလဒ်စာရင်းကို တချက်မျှလာမကြည့်ရှုဘဲ မနေနိုင်ခဲ့ပေ။ သူမကိုယ်တိုင်က ပြိုင်ပွဲဆိုင်ရာစာမေးပွဲတွင် အရည်အချင်းမပြည့်မီတော့သော်လည်း သူမ၏ချစ်သူကတော့ ထိုသို့မဟုတ်ချေ။


သူမ၏ချစ်သူကောင်လေးသည် ပြိုင်ပွဲဆိုင်ရာစာမေးပွဲပြီးကတည်းက သူမကို လုံး၀လျစ်လျူရှုထားခဲ့သည်။ ဖေးယွင်သည် သူမ၏ နှလုံးသားထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း သူ့ကိုရှာဖွေရန်အတွက် မျက်နှာမပျက်အောင် ထိန်းထားရုံသာတတ်နိုင်ခဲ့သည်။ တခြားသူတွေကဲ့သို့ သူသည်လည်း သူမကြောင့် မည်သို့အရှက်ရသွားရသည်လဲ။ ထိုနေ့က သူ့ကို စတိခ်စားရန်ပင် အထူးတလည်ဖိတ်ကြားခဲ့သေးသည်ကိုလေ။


သူမသည် အထဲတိုး၀င်သွားပြီး လူတိုင်းကြားရှိ သူမချစ်သူကောင်လေး၏ အဆင့်ကို ပထမဆုံး ရှာဖွေခဲ့သည်။ ကိုးဆယ့်တစ်လား၊ ဤအဆင့်က သိပ်မဆိုးချေ။ ထို့နောက် သူမသည် ပတ်ဝန်းကျင်ရှိလူများကြားမှ "ကျုံးယို့ယို့" ဟူသောအသံကို ကြားလိုက်ရသည်။


ဤစကားလုံးသုံးလုံးသည် သူမကို တုန်ရီခြောက်ခြားသွားစေသည့် ကျိန်စာတစ်မျိုးကဲ့သို့ပင်။ ယခုလောလောဆယ်တွင် ထိုနာမည်ကြားရမည်အား သူမ တကယ်ကြောက်နေသော်လည်း သူမပတ်ဝန်းကျင်ရှိလူတွေက တစ်ခုခုပြောနေသည်ကို သူမ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့်အခါ နာကျင်မှုကို ခံစားလိုက်ရသည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။


သူမ ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး သူမ၏အကြည့်က စာရင်းထိပ်ဆုံးရှိ နာမည်ပေါ်သို့ ကျရောက်သွား၏။ ဘာလဲ၊ ကျုံးယို့ယို့က မြို့နယ်ပထမနေရာကို တကယ်ရခဲ့တာလား။


'ငါ သူမကို အမှတ် 30 တန် ဓာတုဗေဒစမ်းသပ်မှု ကျရှုံးစေခဲ့တာကို သူမက ဘယ်လိုလုပ်ပြီး မြို့နယ်ပထမနေရာကို ရနိုင်တုန်းပဲလဲ။'


ဖေးယွင်သည် ဘာသာရပ်တစ်ခုစီ၏ ရမှတ်များကို မတွေ့နိုင်ပေ။ စမ်းသပ်မှုစာမေးပွဲ မိနစ် 30 အပြီးတွင် ကျုံးယို့ယို့သည် မြို့နယ်၏ အမြင့်ဆုံးအဆင့်တွင် ဆက်လက်ရပ်တည်နိုင်ဆဲပင်ဟုသာ သူမ တွေးနေမိသည်။


ရုတ်တရက် သူမသည် အမုန်းတရားများနှင့် ပြင်းထန်သော မနာလိုစိတ်ကို ခံစားလိုက်ရကာ ခြေရောလက်ပါ တုန်ရီသွားသည်။ ပတ်ဝန်းကျင်က တစ်ယောက်ယောက်က သူမကို သတိထားမိသွားဟန်ရသောကြောင့် သူမသည် တုန်လှုပ်သွားပြီး လူအုပ်ထဲမှ အမြန်ထွက်သွားကာ သူမခေါင်းကို ကမန်းကတန်းငုံ့ချ၍ ရေခဲတိုက်တစ်ခုကဲ့သို့ စာသင်ခန်းဆီ လျှောက်သွားလိုက်သည်။


ကြည့်ပါဦး၊ ဤသည်က မြို့တော်၏စွမ်းအားပင်။ ကျုံးယို့ယို့သည် မိသားစုကြီးမှ သမီးတစ်ယောက်ဖြစ်ပြီး သူမသည်တော့ မြို့နယ်တစ်ခုမှ သာမန်မိန်းကလေးတစ်ဦးသာဖြစ်သည်။သူမသည် မြို့နယ်ပထမနေရာ ရသွားခဲ့သော်လည်း သူမ(ဖေးယွင်)သည်တော့ မြို့နယ်ပြိုင်ပွဲအတွက်ပင် အရည်အချင်းမပြည့်မီခဲ့ချေ။ ယခုမူ သူမ အရမ်းရှက်မိနေပြီဖြစ်သည် ။ ဘယ်သူက သူမကို ပျက်စီးသွားစေတာလဲ။ ထိုသည်က အဒေါ်မဟုတ်ပေဘူးလား?


ထိုသို့တွေးရင်း သူမသည် သင်ကြား‌ရေးအဆောက်အဦးထောင့်နားသို့ ခါးသီးစွာဖြင့် လျှောက်သွားပြီး လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်တော့သည်။


တဘက်ခြမ်းမှတယ်လီဖုန်းသည် အလုပ်ရှုပ်နေဟန်ရှိပြီး ခဏကြာ ချိတ်ဆက်သွားသည်နှင့်တပြိုင်နက် ဟယ်ချုန်ရှန်း၏ ကြင်နာသည့်အသံ ထွက်ပေါ်လာ၏။


 "ဟေး ကောင်မလေး ဘာကိစ္စရှိလို့လဲ၊ မင်းရဲ့ ဦးလေးကို ဖုန်းခေါ်ဖို့ ဘာလို့ ရုတ်တရက်ကြီး သတိရသွားတာတုန်း မင်းမှာ မုန့်ဖိုးမရှိတော့ဘူးလား“


ဖေးယွင်၏ ဒေါသနှင့် ညည်းညူသံများအားလုံးသည် သူမ၏ နှလုံးသားထဲကို တိုးဝင်လာပြီး မျက်ရည်တွေ ကျလာတော့သည်။


ဟယ်ချုန်ရှန်း အံ့အားသင့်သွားရသည်။ ပုံမှန်အားဖြင့် ရှက်ရွံ့တတ်သောတူမလေးသည် အဘယ်ကြောင့် ရုတ်တရက် မျက်ရည်ကျလာရသနည်း။


 "ဟေး၊ ဦးလေးကိုပြောစမ်း မင်းရဲ့ကျောင်းက တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ပြီး မင်းမိဘတွေကို မပြောရဲလို့လား ပြောသာပြောလိုက် ဦးလေးက မင်းကို သေချာပေါက် ကူညီပေးမှာ"


ဖေးယွင်က သူမ၏မျက်ရည်တွေကို သုတ်ရင်း အံကြိတ်လိုက်သည်။ "ဦးလေး၊ ဦးလေးရဲ့မိန်းမကို သွားမေးကြည့်လိုက်ပါ သူကသာ သမီးကို အဲ့လိုလုပ်တဲ့လူပဲ သမီး သူ့ကို သေလောက်အောင်မုန်းတယ်!"


ဖုန်း၏တစ်ဖက်ခြမ်းရှိ ဟယ်ချုန်ရှန်းသည် အံ့အားသင့်သွားရသည်။ မုန့်ချန်သည် နူးညံ့သိမ်မွေ့ပြီး သူ့မိသားစုကိုလည်း ဂရုစိုက်ပေးသည်။ သူမက မိန်းမကောင်းတစ်ယောက်ပင်။ ဒီကလေးမလေးက ဘာလဲ။ နားလည်မှုလွဲနေတာ ရှိနေတာများလား။


....................


ကျုံးယို့ယို့သည် နိုင်ငံတော်အလံအောက်တွင် လွှမ်းမိုးနိုင်စွမ်းကြီးစွာ ကြေငြာချက်ထုတ်ပြီးနောက်၊ ကျောင်းထဲတွင် တခဏတာမျှ ရေပန်းစားနေခဲ့သည်။


ဖိုရမ်ပေါ်ရှိ ပြိုင်ပွဲတွင်သူမ မြို့နယ်နံပါတ်တစ် ဖြစ်ရခြင်းအကြောင်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုအပြင် သူမ၏ဖခင်သည် ကျောင်းအတွက် အဆောက်အဦသုံးလုံးကို အမှန်တကယ် လှူဒါန်းခဲ့ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ "မင်းရဲ့အဖေက အဆောက်အဦသုံးလုံးကို လှူနိုင်လား မလှူနိုင်ဘူး၊ ဒါဆို မင်း မြို့နယ်ပထမနေရာကို မရနိုင်ဘူး!" ကျောင်းထဲက ကျောင်းသားအားလုံးသည် ရယ်မောရလွန်း၍ သေလုမတတ်ပင်။


အဘယ်ကြောင့် ထိုအဖြစ်အပျက်ပျံ့နှံ့သွားရသနည်းဆိုပါက အထက်တန်းကျောင်းမှ အတန်းဖော်တစ်ဦးသည် ထိုနေ့တွင် ဒုကျောင်းအုပ်ကြီး၏ ရုံးခန်းတံခါးဝမှ ဖြတ်သွားခဲ့ပြီး အထဲမှ ဒု-ကျောင်းအုပ်ကြီး ချီးမွမ်းစကားဆိုနေသည်ကို ကြားလိုက်ရသည်။


ထို့နောက် ကျောင်း၏တရားဝင်ဝဘ်ဆိုဒ်၌ အလှူရှင်အဖြစ် လျင်မြန်စွာ စာရင်းသွင်းခဲ့သည်။ အဆောက်အဦသုံးလုံးကို လှူဒါန်းခဲ့သော မစ္စတာ ကျုံးကော်ချန်းသည် ထန်ထျန်းနှင့် ထန်ရော့ကို လျင်မြန်စွာ ဖိနှိပ်နိုင်ခဲ့သည်။ အဆောက်အဦသုံးလုံးနှင့် စာသင်ခန်းသုံးခန်းသည် ရှင်းလင်းပြတ်သားလှသည့် ခြားနားမှုကို ဖြစ်ပေါ်စေသည်။


ဤအဖြစ်အပျက်ပြီးနောက် ကျုံးယို့ယို့အပေါ်ထားသည့် လူတိုင်းရဲ့ခံယူချက်က ပို၍ဖော်ရွေသွားသည်က‌တော့ ဘာကြောင့်မှန်း သူတို့မသိချေ။ ယခင်ကတော့ သူမသည် ရုတ်တရက် ထွက်ပေါ်လာသည့် မြင်းနက်တစ်ကောင်ဟု ထင်ခဲ့ကြသည်။ မိသားစုနောက်ခံဖြစ်စေ အဆင့်တွေဖြစ်စေ သူမထံတွင် ဖြစ်ပျက်ခဲ့သမျှက အံ့ဖွယ်တစ်ခုကဲ့သို့ပင်။ ဤသည်က လူတွေကို မယုံမကြည်ဖြစ်စေလေသည်။


သို့သော်လည်း ယခုမူ သူမတွင် သူတို့တွေကဲ့သို့ မနာလိုဖြစ်တတ်သည့် ဖေဖေလည်း ရှိဟန်ရ၏။


ဟုတ်သည်၊ ဤအရာအားလုံးသည် ဖိုရမ်ပေါ်ရှိ ဟာသများသာဖြစ်ပြီး ကျုံးယို့ယို့၏နားထိတော့ အခုထိ မရောက်သေးချေ။


ဂျူနီယာအထက်တန်းကျောင်းဖတ်စာအုပ် အနည်းငယ်ဝယ်ပြီးနောက် သူမသည် အိမ်ပြန်၍ မနက် ၂ နာရီ၊ သုံးနာရီအထိ အိပ်ခဲ့သည်။ ထိုအတိုင်းပင် ရက်အနည်းငယ်ကြာသွား၏။ ရမှတ်နှစ်ဆယ်ကနေ သုံးဆယ်သာရခဲ့သည့် ရှီးယွိချီပေးပို့လာသော စာရွက်တွေအရ သူမသည် ရှီးယွိချီသိရန် လိုအပ်သည့် ဂျူနီယာအထက်တန်းကျောင်း ဗဟုသုတအားလုံးကို လှည့်ပတ်ရှာဖွေနေခဲ့သည်။ အဆိုပါဗဟုသုတရမှတ်များကို အခြေခံ၍  ရိုးရှင်းသည့်မေးခွန်းမှ ရှုပ်ထွေးသောမေးခွန်းများအထိ ရွေးချယ်ထားပြီး အတွဲတတွဲအဖြစ် စုစည်းထားသည်။


ထို့နောက် သူမသည် အချိန်အတော်ကြာအောင် ရှာဖွေနေခဲ့ပြီး ထိုမေးခွန်းအားလုံးကို ကူ၍ပရင့်ထုတ်ပေးရန် စာအုပ်ဆိုင်ပိုင်ရှင်အား အကူအညီတောင်း၍ ၎င်းတို့ကိုစည်းနှောင်ကာ ကိုးကားချက်တစ်ခုပြုလုပ်ရန် A4 မိတ္တူတစ်ရွက်နှင့် စာအုပ်အဖုံး ပြုလုပ်ခဲ့သေးသည်။


သူမနှင့် ရှီးယွိချီသည် စနေ၊တနင်္ဂနွေတွင် စာကြည့်တိုက်၌ဆုံရန် ချိန်းဆိုထားခဲ့၏။


ရှီးယွိချီ စာကြည့်တိုက်သို့ရောက်သည့်အခါ ရိုးရိုးအဖြူရောင်ငှက်မွေးအကျီနှင့် နှင်းဖိနပ်ကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက ပြတင်းပေါက်နားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ပျော့ပျောင်းသောဆံပင်သည် ပခုံးကျော်သည်ထိ ရှည်နေပြီဖြစ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးကတော့ စူးရှထက်မြက်သည့်အသွင်ကို ဆောင်သည်။ သူမသည် ထိုနေရာတွင် ငြိမ်ငြိမ်လေးသာ စာဖတ်နေခဲ့သော်လည်း တမင်တကာမလုပ်ပဲနှင့် လူအများကို အာရုံဖမ်းစားနေလေသည်။


ရုတ်တရက် ဘာကိုမျှမကြောက်သည့် အစ်မကြီးရှီးယွိချီသည် အနည်းငယ် တုန်လှုပ်သွားရသည်။


သူမသည် ကျုံးယို့ယို့ဆီသို့ လျှောက်သွားကာ ကုလားထိုင်ကို ဆွဲထုတ်၍ ထိုင်ချလိုက်သည်။ "ကျုံးယို့ယို့ နင့်ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"


ထိုအခိုက်အတန့်တွင် သူမသည် ကျုံးယို့ယို့ကို အနီးကပ်ကြည့်ခဲ့ပြီး ကျုံးယို့ယို့က များစွာပြောင်းလဲသွားမှန်း သူမသဘောပေါက်သွားရသည်။ ၎င်းသည် ရိုးရိုးရှင်းရှင်းပင် အသွင်အပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်မွေးဖွားလာခြင်းသာဖြစ်သည်။ယခုလက်ရှိ ကျုံးယို့ယို့သည် အရိုင်းဆန်သောအရောင်များကို မသုံးသော်လည်း ပို၍လှပပြီး စမတ်ကျသည်။ သူမအရွယ်မိန်းကလေးတစ်ယောက်အတွက် သင့်တော်သည့် ၀င့်ကြွားမှုတစ်မျိုးလည်း ရှိနေ၏။


ရှီးယွိချီသည် ခဏတာမျှ အံ့သြနေခဲ့သည်။


"နင် ရောက်ပြီလား?"


ကျုံးယို့ယို့သည် စာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းကိုမော့လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှီးယွိချီသည် သူမစိတ်ကူးထဲကကဲ့သို့ပင် အရပ်ရှည်ပြီး ကြံ့ခိုင်သည်။ သူမသည် သက်မွေးအထက်တန်းကျောင်းရှိ ဆံပင်အရောင်ဆိုးပြီး နားဖောက်ထားသော မိန်းကလေးမျိုးဖြစ်သည်။ အမှန်တကယ်တော့ ၎င်းက မူလပိုင်ရှင်နှင့် အတူတူပင်ဖြစ်၏။


သို့သော်လည်း အတိတ်ကို သေချာပြန်ကြည့်မည်ဆိုလျှင် ရှီးယွိချီ၏ မိတ်ကပ်ထူထူလိမ်းခြယ်မှုအောက်ရှိ မျက်နှာအသွင်အပြင်က တကယ့်ကို နူးညံ့သိမ်မွေ့တာကို တွေ့ရလိမ့်မည်ပင်။


ကျုံးယို့ယို့သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ပြိုကွဲထားတဲ့မိသားစုမှ ပုန်ကန်ထကြွတတ်သည့် အကျင့်စရိုက်ရှိသော ဤမိန်းမဆိုးလေးက မူလပိုင်ရှင်နှင့်အတူတူပင် မဟုတ်ပါလား။


သူမသည် သင်ထောက်ကူပစ္စည်းများ ကမ်းပေးလိုက်ပြီး "ပြီးခဲ့တဲ့အကြိမ်တုန်းက နင်ပို့လာခဲ့တဲ့ အစမ်းစာရွက်ကို ငါကြည့်ပြီးပြီ နင်နားမလည်ခဲ့တဲ့ ဗဟုသုတတွေကို ငါအလွယ်တကူသိခဲ့တယ် နင့်ရဲ့အဆင့်တွေက ဗဟုသုတချို့တဲ့နေတာကြောင့် အတော်လေးဆိုးဝါးနေတာပဲ ဗဟုသုတအများကြီးကို ထိုးသိပ်ထည့်လို့မရတဲ့အတွက် ဖြည်းဖြည်းချင်းစီစမှရမှာမို့ ဂျူနီယာအထက်တန်းကျောင်းစာတွေကနေ စာစလုပ်ဖို့ ငါအကြံပြုချင်တယ်"


"ဂျူနီယာအတက်တန်းကျောင်းစာလား?" ရှီးယွိချီက ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ပေ။ သူမက အခု အထက်တန်းတတိယနှစ်ပဲ ရောက်နေပြီကို အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား။


သူမ၏ စိုးရိမ်ပူပန်မှုတွေကို မှန်းဆမိသကဲ့သို့ ကျုံးယို့ယို့သည် နူးညံ့စွာဖြင့် တီးတိုးပြောလာ၏။ 


"နင် ကြိုးစားနေသမျှ အရာအားလုံးက အချိန်မီသွားလိမ့်မယ် နင့်ရဲ့ဦးနှောက်ကို ဒီဗသုသုတတွေနဲ့ တစ်ဖြည်းဖြည်း ဖြည့်သွင်းသွားပြီး ဒီသင်ထောက်ကူတွေနဲ့ စာစလုပ်ရင် ကြိုးစားအားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆထွက်လာတယ်လေ"


ကျုံးယို့ယို့၏အသံသည် လူအများ၏စိတ်နှလုံးကို အေးချမ်းစေသော စွမ်းအားရှိသည်။ ရှီးယွိချီသည် ဆုံးဖြတ်ချက်ခိုင်မာသွားရသည်။ သူမသည် ပစ္စည်းများကိုယူလိုက်ပြီး ၎င်းတို့က အမှန်တကယ်ပင် သင်ထောက်ကူပစ္စည်း မှတ်စုစာအုပ်ငယ်လေးများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူမ ရှော့ခ်ရသွားပြီး အော်မိသွား၏။ "ဒါကို နင်ကိုယ်တိုင်လုပ်ထားတာလား"


သူမ အံ့သြလွန်းသောကြောင့် အသံက အလိုအလျောက် ကျယ်လောင်လာသည်။


"ရှူး တိုးတိုးပြော ဒါက စာကြည့်တိုက်လေ" ကျုံးယို့ယို့က သူမကို တိုးတိုးလေးပြော၍ ပြုံးလိုက်သည်။"ဟုတ်တယ်၊ နင်နဲ့ ကွက်တိပဲ" 


ရှီးယွိချီ၏စိတ်အခြေအနေသည် အလွန်ရှုပ်ထွေးနေသည်။ သူမသည် ကျုံးယို့ယို့ကို ကြည့်နေရင်းဖြင့် နှလုံးသားထဲတွင် တစ်ခုခု စီးဆင်းနေသကဲ့သို့ နွေးထွေးသွားရသည် ။


ကျုံးယို့ယို့သည် ယခင်ကနှင့်အတူတူဖြစ်နေဆဲပင်။ သူမသည် ပြန်လည်မွေးဖွားလာပြီး တောက်ပနေသော်လည်း သူမ(ရှီးယွိချီ)သည်တော့ ယခင်အတိုင်းပင် ရှိနေသေးသည်။ လူတိုင်းမြင်ရသည်က သူမ၏ ဇွတ်တရွတ်နိုင်ခြင်းနှင့် တပါးသူအပေါ် ယုံမှားသံသယလွန်ကဲခြင်း ဖြစ်သော်လည်း ကျုံးယို့ယို့ထံတွင် နူးညံ့သိမ်မွေ့ပြီး ရိုးရှင်းသည့်ဘက်လည်း ရှိနေသည်ကို ရှီးယွိချီသိလိုက်ရသည်။

(**ဒီမှာပြောတဲ့ ပြန်လည်မွေးဖွားလာတယ်ဆိုတာက လူသစ်ပုံစံသစ် ပြောင်းလဲသွားတာကိုပြောချင်တာပါ ယို့ယို့ပြန်မွေးဖွားတာကို သူသိနေတာမျိးမဟုတ်ပါဘူး**)


ရှီးယွိချီက ဘာပြောရမှန်းမသိတော့ချေ။ သူမသည် ပရင့်ထုတ်ထားသည့် သင်ထောက်ကူစာအုပ်ကို စာမျက်နှာအနည်းငယ် လှန်ကြည့်လိုက်ရာ မေးခွန်းများစွာသည် စာမေးပွဲတွင် သူမမှားခဲ့သောမေးခွန်းများနှင့် ဆင်တူကြောင်း တွေ့ရှိခဲ့သည်။ ကျုံးယို့ယို့သည် သူမမှားခဲ့သောဤမေးခွန်းများကို စုစည်းပြုလုပ်ပေးခဲ့ခြင်းဖြစ်သည် ။ သူမ၏ကျူရှင်အဆင်ပြေစေရန်အတွက် အထူးတလည်ပရင့်ထုတ်ထားပေးသည့် သူမအတွက် ဗဟုသုတအမှတ်များထပ်ရစေမည့် စုစည်းမှုတစ်ခုပင်။


"နင်...ဒါကို အကြာကြီးလုပ်ခဲ့ရလောက်မယ် ဟုတ်တယ်မလား" ရှီးယွိချီသည် သင်ထောက်ကူပစ္စည်းများ၏ အစွန်းကို သူမ၏လက်ချောင်းလေးများဖြင့် ထိတွေ့လိုက်ပြီး ဘာပြောရမှန်းမသိသလို ခံစားလိုက်ရသည်။


သူမတို့သည် အမြဲလိုလိုအရှုပ်လုပ်နေတတ်ကြသည်။ မောက်မာ၀င့်ကြွားသလို သရုပ်ဆောင်ရာတွင် တော်ပြီး ဆိုးဆိုးရွားရွားပြောတတ်ကြသော်လည်း ကျေးဇူးတင်စကားပြောရာတွင်တော့ မတော်ကြချေ။ သူမ၏မိဘအရင်းများပင်လျှင် သူမကို ဤကဲ့သို့ အများကြီး မလုပ်ပေးဖူးကြ။ သူမ အိမ်ပြန်သည့်အချိန်တိုင်း သူတို့သည် အမြဲငြင်းခုံနေကြပြီး သူမ၏ပညာရေး စွမ်းဆောင်ရည်ကို ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ကြပေ။


သူမကို ပိုက်ဆံပေးကြသော်လည်း ပိုက်ဆံကို အင်တာနက်ကဖေး၌ သုံးသည်ဖြစ်စေ၊ သင်ထောက်ကူပစ္စည်းများကို ဝယ်သည်ဖြစ်စေ သူတို့ဂရုမစိုက်ကြချေ။


"ရပါတယ်၊ ငါတို့က သူငယ်ချင်းမဟုတ်ဘူးလား" ကျုံးယို့ယို့သည် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။


သူမ၏အမြင်အရ ဤရှီးယွိချီသည် မူလပိုင်ရှင်ကို များစွာကူညီပေးခဲ့ဖူးပြီး သူမ၏လက်ရှိလုပ်ရပ်သည်တော့ မူလပိုင်ရှင်အတွက် ကျေးဇူးပြန်ဆပ်ပေးနေတာဖြစ်သည်။ ထို့အပြင်၊ သူမသည် ရှီးယွိချီကို မှတ်စုစာအုပ်ငယ်လေးများ ကူညီထုတ်နုတ်ပေးခဲ့ပြီး စာအုပ်အဖြစ်စုစည်းပေးရန် လုပ်ဆောင်ခဲ့သော်လည်း သူမအတွက် ဤအရာသည် အပန်းမကြီးပါချေ။


သို့သော် ရှီးယွိချီ၏အမြင်တွင် ကျုံးယို့ယို့သည် ဤအရာများအတွက် ညပေါင်းများစွာ ကုန်ဆုံးခဲ့ရပြီး သူမအတွက် ထိုကဲ့သို့သော စာအုပ်အထူကြီးကို ပြုစုပေးရန် အားထုတ်မှုများစွာ သုံးထားရမည်ဖြစ်သည်။


သူမသည် ခေါင်းငုံ့ကာ မျက်လုံးများပူလာပြီး မျက်ရည်ကျလုမတတ် ဖြစ်နေသော်လည်း ထိုသို့ဖြစ်လျှင် ကြည့်ကောင်းတော့မည်မဟုတ်သဖြင့် နှာရှုပ်လိုက်ပြီး ခေါင်းကိုမော့၍  အနည်းငယ်အက်နေသောအသံဖြင့်"ကျေးဇူးတင်ပါတယ်"


သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ကောင်မလေးက ပြုံးပြီး အိမ်စာဆက်လုပ်ရန် ခေါင်းငုံ့သွားသည်။ နေရောင်သည် သူမအပေါ် ဖြာကျနေပြီး တိတ်ဆိတ်ကာ လှပနေလေသည်။


ရှီးယွိချီက ကျုံးယို့ယို့ကိုကြည့်‌ပြီး အလွန်အားကျမိသလို ကျုံးယို့ယို့ကဲ့သို့ဖြစ်ချင်သည်ဟု အော်ဟစ်နေမိသည်။ သူမစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။ သူမသာ မိတ်ကပ်ဖျက်ပြီး ဆံပင်ကို ပုံမှန်အတိုင်းပြန်ထားရင်၊ တိတ်တိတ်ဆိတ်ဆိတ်နေရင် သူမ၏ဘဝက ပိုပြီးမြင့်တက်လာမှာလား။ သူမ၏မိဘတွေကို ပြသရန်အတွက် ပုန်ကန်စရာဘာရှိမည်နည်း။သူမ၏ဘဝကို သူမပိုင်လေသည်။

(မှန်တာပေါ့ ကောင်မလေးရယ် မင်းဘဝကိုမင်းပိုင်တယ်   )