အပိုင်း ၁၁၈
Viewers 15k

Chapter 118

(ဝေ့ရွှယ်ဆီက ပိုက်ဆံတောင်းတယ်)


 ဆရာဝန်တွေ အမုန်းဆုံးအရာက ကိုယ့်လူနာကို တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်သည့်အခါမျိုးပင်။၎င်းသည် လူနာ၏အခြေအနေပြန်လည်ကောင်းမွန်လာမှုကို များစွာထိခိုက်စေပြီး ဆရာဝန်၏ဂုဏ်သတင်းအတွက်လည်း ကောင်းမွန်မှာမဟုတ်ပေ။


စုမုန့် စကားကို နားထောင်ပြီးနောက်… ဆရာဝန်က ဝေ့ရွှယ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။  


“ဒီမှာ....လူနာဆိုတာ အထူးသဖြင့် ညဘက်မှာ အနားယူရမယ်... အနားယူခြင်းက အရမ်းအရေးကြီးပါတယ်...ခင်ဗျားမှာ တခြားဘာကိစ္စမှ မရှိတော့ရင် ထွက်သွားတာပိုကောင်းပါတယ်...လူနာကို လုံးဝစိုးရိမ်နေစရာမလိုပါဘူး...ဒီနေရာမှာ အဆင့်မြင့်ဆုံး ဆေးဘက်ဆိုင်ရာကိရိယာ တွေရှိတယ်...ပြီးတော့ လူနာ့အခြေအနေကို အချိန်မရွေး စောင့်ကြည့်ထားတယ်...တစ်ခုခုပြဿနာရှိရင် ကျွန်တော် အချိန်မရွေး လာပေးပါ့မယ်"


ဆရာဝန်၏ စကားကိုကြားတော့ ဝေ့ရွှယ်အနည်းငယ် စိတ်ပျက်သွားသည်။ ဤဆရာဝန်က သူမကို ရာရာစစ နှင်ထုတ်ရဲသည်။သူမသည် ဝေ့မိသားစု၏ ဒုတိယမြောက် သခင်မလေးဖြစ်သည်။ သူမ စကားတစ်ခွန်းတည်းဖြင့် ထိုသူ အလုပ်ပြုတ်သွားနိုင်သည်။ ဆရာဝန်က သူမ ဘယ်သူဘယ်ဝါမှန်း မသိသောကြောင့် ဤသို့ပြောနေသည်ဟုထင်ကာ သူမက... 


 "ကျွန်မက စုမုန့်ကို မနက်ဖြန် ဝေ့မိသားစုဆီ ပြန်ခေါ်သွားမှာမို့ ဒီည ဒီမှာ ခဏလေး နေတာပါ"


 ဤဆေးရုံသည် အဆင့်မြင့်ပုဂ္ဂလိကဆေးရုံဖြစ်သည်။ ပုံမှန်အားဖြင့် အထက်တန်းစား သူဌေးများသာ ရောက်လာကြသည်။ဝေ့မိသားစုသည် မိသားစုကြီးများတွင် နာမည်ကြီးဖြစ်၍  မသိသူမရှိပေ။ဝေ့မိသားစုကို အားလုံးက လိုလားတောင့်တကြသည်။  ထို့ကြောင့် ယခင်ကဆို ဝေ့ရွှယ်သည် ဝေ့မိသားစုဝင်တစ်ယောက်မှန်း သိသွားပါက၊ဘယ်သူမဆို သဘောထား ချက်ချင်းပြောင်းလဲသွားသည်။ ထို့ကြောင့်လည်း ဆရာဝန်က သူမအား တောင်းပန်လာမည်ဟု စိတ်ထဲက တွေးထားသည်။


သို့သော်လည်း၊ ဆရာဝန်က ဘာမှ မပြောပေ။သူသည် မျက်နှာဖုံးတပ်ထားသောကြောင့် သူ့မျက်နှာကို မမြင်ရပေ။  အေးစက်ပြီး လှပသော မျက်လုံးတစ်စုံကိုသာ မြင်နိုင်သည်။


 “ဘယ်ပဲသွားသွား လူနာက ကောင်းကောင်းအနားယူဖို့ လိုတယ်..  ဒါကြောင့် ဒီည သူမကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့”


သူ ပြောပြီးနောက် စုမုန့်ကို "ဒီနေ့ အခြေအနေက ဘယ်လိုလဲ...နည်းနည်းသက်သာသွားပြီလား"


စုမုန့်က ပြုံးပြီး "ဒီနေ့ ဘာမှ မဖြစ်ပါဘူး...အရမ်းကောင်းတယ်လို့ ခံစားရပါတယ်"


 "ကောင်းပါတယ်... ဒီလိုမျိုး ဆက်ပြီး သက်သာနေသရွေ့တော့ ခင်ဗျား မျှော်လင့်ထားတာထက် အများကြီး ပိုမြန်မြန် နေကောင်းလာနိုင်ပါတယ်”  


ဆရာဝန်က စုမုန့်အတွက် ဆေးထုတ်ပေးပြီး သောက်စေသည်။


ထိုအခါ စုမုန့် ဖောက်သည်တွေ ပို့ထားသည့် ပစ္စည်းများ အစုံရှိရာ အခန်းထောင့်သို့သွားလိုက်သည်။ပြီးလျှင်   နိုင်ငံခြားမှတင်သွင်းသော သောက်ရေသန့်တစ်ဘူးကို တွေ့ရ၏။ဤရေသန့်ဘူးများကို ပေးသူမှာ အတော်လက်တွေ့ကျပြီး နားလည်ပေးသူပင်။


 ....


“မစ္စစု၊ ဆေးသောက်တဲ့အခါ ရေနွေးနဲ့ သောက်တာ အကောင်းဆုံးပဲ” 


ဆရာဝန်က သတိပေးသည်။


ဝေ့ရွှယ် ကလည်းတစ်ချိန်တည်းမှာပင် စုမုန့်အတွက် ရေနွေးပူပူတစ်ခွက်ကို ငှဲ့ပေးလိုက်သည်။ 


 "ဟုတ်တယ်...စုမုန့်၊ရေနွေးသောက်သင့်တယ်...ရေအေးက ခန္ဓာကိုယ်အတွက် မကောင်းဘူး... ဆရာဝန် စကားနားထောင်လိုက်လေ"


မည်သို့ပင်ဆိုစေ၊ဤည ပန်းဝတ်မှုန်​များခပ်ထားသည့် ရေကို စုမုန့် သောက်ဖို့က အရေးကြီး၏။ဤနည်းလမ်းက အလုပ်မဖြစ်လျှင် တခြားနည်းလမ်းတွေ ဆက်ပြီးတွေးရမည်ဖြစ်သည်။


 "ဒီလိုမျိုး တစ်ခါတစ်လေတော့ ရေအေးသောက်လည်း ရတယ် မဟုတ်လား"  


စုမုန့် က ဆရာဝန်ကို မေးရာ ဆရာဝန်က ခေါင်းညိတ်သည်။ဆရာဝန်တောင်မှ မငြင်းသဖြင့် ဝေ့ရွှယ် အရှုံးပေးလိုက်ရသည်။ထို့နောက် ဆရာဝန်က စုမုန့် ဆေးသောက်သည်ကိုကြည့်ပြီး မထွက်သွားခင် မှာစရာရှိတာ မှာသေးသည်။


 ဆရာဝန်ထွက်သွားပြီးလျှင် စုမုန့် တစ်ချက်သမ်းဝေပြီး ကုတင်ပေါ်မှာ ထိုင်လိုက်သည်။


 "ရှောင်ရွှယ် ဆရာဝန်က  ပြောထားတာဆိုတော့ နင် တစ်ညလုံးဆိုဖာပေါ်မှာ အိပ်ရမယ်"


ဝေ့ရွှယ် အံကြိတ်လိုက်ရင်း"ကောင်းပြီလေ"


သူမလည်း အားပါးတရ ပြုံးပြီး ချက်ချင်း အိပ်လိုက်သည်။


ဝေ့ရွှယ်သည် စုမုန့်ကို စိုက်ကြည့်နေသည်။စုမုန့်၏အသက်ရှူသံများ တဖြည်းဖြည်းတည်ငြိမ်လာသည်ကို မြင်လိုက်ရသောအခါ သူမ ဖုန်းကိုထုတ်ကြည့်လိုက်သည်။မက်ဆေ့ခ်ျနှစ်စောင် ရောက်နေ၏။


 [မစ္စဝေ့... ငါတို့ သဘောတူညီချက်အတိုင်း အားလုံးပြီးပြီမို့ ကျန်တဲ့ငွေတွေကို ဘယ်တော့လွှဲမှာလဲ]


 [မစ္စ ဝေ့...ငါတို့ အလုပ်မှာ အရေးအကြီးဆုံးက ရိုးသားတာပဲ...မနက်​ဖြန်​ည​နေ 6နာရီမထိုးခင်​ ​ငွေမလွှဲရင်​ ငါတို့ဘက်ကလည်း ကတိတည်​​နေစရာ မလိုတော့ဘူး]


ဝေ့ရွှယ်သည် မက်ဆေ့ချ်နှစ်ခုကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။သူမ၏ အကြည့်များ တဖြည်းဖြည်း စူးရှပြင်းထန်လာသည်။မစ်ရှင်က ရှင်းရှင်းလင်းလင်း မပြီးသေးပေမယ့် ဒီလူတွေက သူမဆီကနေ ပိုက်ဆံတောင်းနေတာလား...


သူမ မက်ဆေ့ခ်ျတစ်ခု အမြန်ရိုက်ပြီး ပို့လိုက်ပြီး ထိုနံပါတ်ကို block လိုက်သည်။တစ်ဖက်က သူမကို ခြိမ်းခြောက်နေတာလား...သူမသည် စပေါ်ငွေကို ဦးစွာပေးချေပြီး ကျန်ငွေကို မစ်ရှင်ပြီးဆုံးပါက၊ ပေးဆောင်ရန် ရှင်းရှင်းလင်းလင်း သဘောတူထားခဲ့သည်။ မအောင်မြင်ပါက စရံငွေ သူတို့ဘက်က ပြန်ပေးရမည်။ အောင်မြင်လျှင် သူမဘက်က ကျန်ငွေကိုလွှဲရမည်ဖြစ်၏။


(မံမီ ရှန့်ကျန်း)


ထိုလူတွေက မစ်ရှင်ပြီးမြောက်အောင် လုပ်မည်ဟု ပြောသော်လည်း  ယခုတော့မစ်ရှင် မပြီးမြောက်ခဲ့ပေ။ သူတို့ဘက်က စာချုပ်ကို ဖောက်ဖျက်ဝံ့ပါက အသက်မရှင်နိုင်စေရန် မိသားစု၏ စွမ်းအားအားလုံးကို အသုံးပြုမည်ဟု သူမ၏ လုပ်ဖော်ကိုင်ဖက်များအား ပြောခဲ့ဖူးသည်။သူတို့ မစ်ရှင်မပြီးလျှင် စာချုပ်ကို အရင်ဖျက်သည်ဟု မှတ်ရမည်ဖြစ်သည်။ 


ဝေ့ရွှယ် သက်ပြင်းချလိုက်သည်။စုမုန့် သည် သူမ၏ အကြံများကို အမြဲတမ်းရှောင်နိုင်အောင်ပင်ကံကောင်းနေသည်။စောစောက ထိုပန်းစည်းကို စုမုန့် မျက်နှာပေါ်သို့ ပစ်ချပြီးနောက် ဓာတ်မတည့်မှုများ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေဖို့ လုပ်ချင်ခဲ့သည်။


ဝေ့ထင်သာမရှိလျှင် သူမ ထိုသို့လုပ်ချင်၊လုပ်မိပေလိမ့်မည်။ကံမကောင်းစွာပဲ၊ဝေ့ထင်က နံဘေးမှာရှိနေခဲ့၍ တစ်ကယ်လုပ်လျှင် သူမပါ သေသွားနိုင်သည်။ သူမ ခဏလောက်စဉ်းစားပြီးမှ ပိုသတိထားဖို့ ဆုံးဖြတ်လိုက်သည်။ဤမျှ စိတ်မြန်လက်မြန် လုပ်၍မရပေ။


မည်သို့ပင်ဖြစ်စေ၊ အချိန်တွေ အများကြီး ကျန်ပါသေးသည်။မနက်ဖြန်မနက်အထိ စောင့်ပြီး စုမုန့်ကို ဝတ်မှုန်ရေသောက်စေရမည်။ဝတ်မှုန်အကြောင်းတွေးရင်း သူမ လက်ကိုကြည့်လိုက်သည်။စောစောကသာ သိခဲ့လျှင် ဝတ်မှုန်များအား လက်မှ သုတ်၍ စုမုန့် မျက်နှာကို မသိအောင် သုတ်ခဲ့ပေမည်။တစ်ဆက်တည်း အမှိုက်ပုံးကို လက်ဖြင့်ကိုင်လာသည့် အကြောင်း တွေးမိသောအခါ ရွံရှာလာမိသည်။  


 ဆရာဝန်၏စကားကြောင့် သူမ ကုတင်ပေါ်တွင် မအိပ်ပေ။ဆိုဖာပေါ်မှာ တစ်ညအိပ်ဖို့ စိတ်ကူးထားသည်။သို့သော်လည်း ဆိုဖာပေါ်မှာ အိပ်ရတာ အဆင်မပြေပေ။နောက်နေ့မနက် အိပ်ရာက နိုးလာလျှင် သူမ တစ်ကိုယ်လုံး နာကျင်နေရ၏။


တစ်ဖက်တွင် စုမုန့်သည် ကောင်းစွာ အနားယူခဲ့သည်။သူမသည် ကုတင်ပေါ်တွင်ထိုင်ကာ ဝေ့ရွှယ်အား အချိန်အတိုင်းအတာတစ်ခုအထိ စိုက်ကြည့်နေသည်။ ဝေ့ရွှယ် နိုးလာလာချင်း စုမုန့် သူမကို ကြည့်နေသောအခါ၊လန့်သွားရ၏။ 


 "ငါနိုးပြီ...  ငါထပြီး လေ့ကျင့်ခန်းလုပ်ရမယ်...နင် ကုတင်ပေါ်မှာ အနားယူချင်လား"  စုမုန့်က သူမကို မေးလာသည်။ 


ဝေ့ရွှယ် စုမုန့်ကို စိုက်ကြည့်နေသည်။ လောလောဆယ် ဘယ်သူမှ မရှိတော့တာကြောင့် သူမ ဟန်ဆောင်ဖို့ မလိုပေ။ ထို့ကြောင့် သူမက အေးစက်စွာပြောသည်။


 “မဟုတ်ဘူး ငါက နေမကောင်းတဲ့သူမဟုတ်ဘူး...နေမကောင်းတဲ့သူတွေနဲ့လည်း မလုချင်ဘူး"


 ....


စုမုန့် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။  


“ကောင်းပြီလေ…ဒါဆိုလည်း  ငါ လမ်းလျှောက်ထွက်မယ်"


စုမုန့် ထွက်သွားမည်ဆို၍ ဝေ့ရွှယ် ချက်ချင်း အသိစိတ်ပြန်ကပ်လာသည်။သူမမှာ mission တစ်ခုရှိသေး၏။ထို့ကြောင့် သူမ စုမုန့်ကို တားလိုက်ပြီး ရေနွေးအိုးထဲမှ ရေ နွေးတစ်ခွက် ငှဲ့ကာ ပေးလိုက်သည်။


စုမုန့် ရေခွက်ကိုလှမ်းယူချိန်၌၊ အပြင်ဘက်က တစ်ယောက်ယောက် တံခါးလာခေါက်၏။ သူမ တံခါးဖွင့်လိုက်ရာ အပြင်ဘက်မှာ ရပ်နေသော ရှန့်ကျန်းကိုတွေ့ရသည်။


ရှန့်ကျန်း တစ်ကိုယ်လုံး ပတ်တီးများဖြင့် ဖုံးအုပ်လုနီးပါး ဖြစ်နေသည်။သူ့မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့သာ ပေါ်နေသည်။ကြည့်ရသည်မှာ မံမီနှင့်တူသည်။သူသည် ချိုင်းထောက်ကို ထောက်လျက် တံခါးဝတွင် ရပ်နေသည်။


 "ဘာလို့ ကောင်းကောင်း မအိပ်ရတာလဲ...ဘာလို့ထွက်လာတာလဲ"  


စုမုန့် သူ့ကိုကူညီဖို့ အမြန်လျှောက်လာခဲ့သည်။သို့သော်လည်းပတ်တီးများ စည်းထားသည့် ရှန့်ကျန်းကို ကြည့်ပြီး ဘယ်လိုကူညီရမှန်း မသိပေ။သူမ ကြောက်မိသည်က ပတ်တီးများချည်းဖြစ်နေ၍ သူ့ဒဏ်ရာကို ထိမှာစိုးတာပင်။


 "အဆင်ပြေပါတယ်…ကိုယ့်အတွက် စိတ်မပူပါနဲ့...အခုက ပြန်လည်သန်စွမ်းရေး ထရိန်နင် လုပ်နေတယ်... နောက်ဆို  လမ်းလျှောက်နိုင်မယ်လို့ ဆရာဝန်က ပြောတယ်...မကြာခင် နေကောင်းသွားမှာပါ"  


ရှန့်ကျန်းက သနားကမားအကြည့်လေးဖြင့်ကြည့်ကာ အထဲဝင်လာ၏။ရှန့်ကျန်းသည် သူမကို ကာကွယ်ခဲ့သောကြောင့် ဒဏ်ရာ ပြင်းထန်ခဲ့သည်။သူမသည် ကောရှန်း ထံမှ အရာအားလုံးကို သင်ယူခဲ့ပြီးဖြစ်၍ လောကသဘောကို နားလည်လာကာ ရှန့်ကျန်းအပေါ် စိတ်ထား ပိုမိုပျော့ပြောင်းလာရ၏။ရှန့်ကျန်း ခန္ဓာကိုယ်မှာ ချိုင်းထောက်ပါသော်လည်း မတည်မငြိမ်ဖြစ်နေ၍ မတော်တဆ လဲကျပြီး သူ့ခန္ဓာကိုယ်မှ ဒဏ်ရာတွေ ပြန်ပွင့်လာမှာ သူမ ကြောက်နေမိသည်။


ရှန့်ကျန်း အထဲမှာ ရပ်နေသော ဝေ့ရွှယ်ကို တွေ့လိုက်ရလျှင် အံ့သြတကြီးနှင့်


 “ဒါက စုမုန့် ခင်ပွန်းဟောင်းရဲ့ ညီမ မဟုတ်ဘူးလား...သူမဘာလို့ဒီမှာရှိနေတာလဲ...စုမုန့် ယောက်ဖရော ဒီမှာ ရှိနေတယ်မလား"


စုမုန့်က မျက်ခုံးပင့်လိုက်ပြီး "သူဒီမှာရှိနေတာကို ရှင်ဘယ်လိုသိတာလဲ"


ရှန့်ကျန်းက ရိုးရိုးသားသားနှင့်


" ယောက်ဖ ဘယ်သွားသွား သူ့ညီမက နောက်ကနေ အတင်းလိုက်နေတာ...သူ မ ဒီမှာရှိနေပြီဆိုတော့ ယောက်ဖလည်း ဒီမှာ ရှိနေပုံရတယ်”


 ထိုသို့ပြောပြီးနောက် သူ ဘေးဘီကို လှည့်ကြည့်လိုက်သော်လည်း ဝေ့ထင်ကို မတွေ့ရပေ။  


“ယောက်ဖ ဘယ်မှာလဲ”


စုမုန့် အပြင်ကို လက်ညှိုးထိုးပြကာ "သူ ရောက်လာမှာပါ"


သူမ ပြောပြီးသည်နှင့် ဝေ့ထင်သည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့က လျှောက်လာပြီး ကျိုးဖုန်းက သူ့နောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်ပုံစံက ကွဲပြားနေ၏။ဝေ့ထင်၏ မျက်နှာသည် မှုန်မှိုင်းနေပြီး သူ့ခန္ဓာကိုယ်ကို လေအေးများ လွှမ်းထားသ‌ယောင် ဖြစ်နေသည်။တစ်ဖက်တွင်၊ ကျိုးဖုန်းသည် ကောင်းသော တစ်စုံတစ်ရာ ဖြစ်ခဲ့သကဲ့သို့ ပြုံးရွှင်နေသည်။


စုမုန့် သူတို့ကို ကြည့်ကာ စပ်စုမနေဘဲ မနေနိုင်တော့။သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲ...ဝေ့ထင်ကို ကျိုးဖုန်းက အနိုင်ကျင့်ထားတယ်လို့ ဘာကြောင့် ခံစားရတာလဲ..



xxxxx