Chapter 121
(ဝေ့မိသားစုအိမ်ကို ပြန်သွားပြီး ကွာရှင်းပြတ်စဲသင့်တယ်...)
ဝေ့ထင်က ဂရုမစိုက်သော်လည်း ဝေ့ရွှယ် သည်းမခံနိုင်တော့ေပ။
“ဘာဖြစ်နေတာလဲ…စုမုန့် နင်က ငါတို့ကို တစ်ခုခုဖြစ်စေချင် နေတာလား...အစ်ကိုဝေ့ထင်က နင့်အပေါ် အရမ်းကောင်းတယ်...နင် သူ့ကို ပိုဂရုစိုက်သင့်တယ်"
စုမုန့်က သူမကို ငုံ့ကြည့်ကာ "အဲဒါတော့ မဖြစ်နိုင်ပါဘူး…"
ဝေ့ရွှယ် : “…”
စုမုန့် ယခုလိုတိုက်ရိုက်ပြောဖို့ မမျှော်လင့်ထား၍ သူမ ရုတ်တရက် မည်သို့ တုံ့ပြန်ရမည်မသိ။
ဝေ့ထင်က စိတ်ထဲမထားဘဲ စုမုန့်ကို ပြောသည်။
“ကိုယ် အဆင်ပြေပါတယ်…မင်းသာ အိမ်ပြန်ဖို့ ပြင်ထား"
အိမ်ပြန်ကြမည်ဆို၍ ဝေ့ရွှယ် ရုတ်တရက် တုန်လှုပ်သွားသည်။သူမ တာဝန်မပြီးသေးပေ။စုမုန့် အိမ်ကိုသွားရင် ဘာဖြစ်မလဲ...
သူမ စုမုန့်ကို ဆက်လက်တားချင်သော်လည်း အကောင်းဆုံးအခွင့်အရေးကို လက်လွတ်သွားခဲ့ပြီဖြစ်သည်။ယခုဆို အခွင့်အရေး လုံးဝမရှိတော့၍ သူမ အလွန်ပင် စိတ်ဓာတ်ကျသွားသည်။သူမသည် စုမုန့် ပြန်လာ၍ မရအောင် တားမည်ဟု အမေဝေ့ကို ကတိပေးထားသည်။သို့သော် ယခု သူမ မလုပ်နိုင်ခဲ့။
စုမုန့်သည် ဆေးရုံမတက်ခင်၊ ဝေ့မိသားစုမှာ အတော်ဒုက္ခပေးခဲ့သည်ဟု သူမ ထင်မိ၏။မကြာသေးမီက သူမ အမေဝေ့ကို ထောင်ထဲပို့ခဲ့သည်။သူမနှင့် ဝေ့မိသားစုသည် ပြန်တည့်စရာမရှိတော့သောကြောင့် သူမကလည်း ဝေ့မိသားစုထဲသို့ မပြန်လာချင်တော့မှာ သေချာသည်။သို့သော်လည်း၊တစ်ကယ့်အခြေအနေက သူမထင်ထားတာနှင့် လုံးဝမတူပေ။စုမုန့်အား သူမ လုံးဝမတားနိုင်ခဲ့ချေ။
ထိုအကြောင်းကိုတွေးပြီး ဝေ့ရွှယ် မပျော်မရွှင်ဖြစ်လာကာ၊စုမုန့်အား စိတ်ဆိုးဆိုးဖြင့် ကြည့်လိုက်သည်။ကံမကောင်းစွာပင်၊ဝေ့ထင်သည် ဤနေရာတွင် ရှိနေသောကြောင့် သူမ စုမုန့်ကို မသိမသာပင် စိုက်ကြည့်နေနိုင်သည်။
သို့သော် စုမုန့်သည် ဝေ့ရွှယ်ကို စိတ်မ၀င်စားပေ။သူမ စိတ်ထဲမှာ သူမနှင့်ဝေ့မိသားစုကြားတွင်၊ ရန်သူများအဖြစ်ကလွဲ၍ တခြားဆက်ဆံရေးမရှိပေ။သူမ ဝေ့မိသားစုထံ သွားရန် သဘောတူရသည့် အကြောင်းရင်းမှာ ဝေ့ထင်နှင့် အပေးအယူကိစ္စကြောင့်သာ ဖြစ်သည်။
ဝေ့ထင် ကျန်းမာရေး အခြေအနေအဆင်ပြေသွားသည့်အတွက် သူမတို့နှစ်ဦးကြားက သဘောတူညီချက်ဟာ အသက်ဝင်နေဆဲပင်။ သူမ ထုပ်ပိုးပြင်ဆင်ပြီးနောက် ဝေ့မိသားစုထံသို့ သွားရန် ပြင်ဆင်လိုက်သည်။
စုမုန့် ၊ဝေ့ထင်နှင့် ဝေ့ရွှယ်တို့ အခန်းထဲမှ ထွက်လာချိန်မှာ ဒရိုင်ဘာက ဆေးရုံအဝင်ဝမှာ စောင့်နေပြီဖြစ်သည်။သုံးယောက်သား အောက်ထပ်သို့ဆင်းလာချိန်၌ မိတ်ဆွေ လုပိုင်ကို တွေ့ရ၏။
လုပိုင်သည် ပေါ့ပေါ့ပါးပါးရှိသည့် အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး သူမဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ သူ၏ ဆံပင်ရှည်များသည် ပျော့ပျော့နွဲ့နွဲ့လှုပ်ခါနေသည်။ နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေထီးဆောင်းထားသလိုမျိုး တောက်ပနေရသည်။သူ့တစ်ကိုယ်လုံးက ရိုးရိုးရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့်နှင့် မျက်စိထဲမှာလင်းသွားစေ၏။ သူ မည်သူမည်ဝါဖြစ်သည်ကို မသိသူများသည် သာမန်ချောမောသော ကောလိပ်ကျောင်းသားတစ်ဦးသာဖြစ်သည်ဟု ချက်ချင်းထင်ကြလိမ့်မည်။
တစ်ကယ်တော့ စုမုန့်လည်း သူ့ကို အကြည့်တစ်ချက်မှာတင် သတိမထားမိပေ။ပထမအချက်မှာ သူမတို့နှစ်ယောက်မှာ ဝေးကွာပြီး နေရောင်က သူ့ကိုထိုးထားသောကြောင့် သူမ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဒုတိယအနေနှင့် သူ့ပုံစံက အရင်ကနှင့် အနည်းငယ်ကွာခြားတာကြောင့်ပင်။သူ၏ ယခုလို ပေါ့ပေါ့ပါးပါး၊ရိုးရိုးရှင်းရှင်း ပုံစံကို တစ်ခါမှ မမြင်ဖူးပေ။
တစ်ဖက်တွင် လုပိုင်သည် စုမုန့်ကို ချက်ချင်းမြင်လိုက်လျှင် ပြုံးပြကာ လမ်းလျှောက်လာရင်း
“မစ္စစု၊ မင်း တော်တော် ပြန်ကောင်းလာပုံရတယ်... အခုတောင် လမ်းလျှောက်လို့ရနေတာပါလား... ဂုဏ်ယူပါတယ်”
စုမုန့်က “ကျေးဇူးတင်ပါတယ်… တကယ်တော့ ကျွန်မဒဏ်ရာက သိပ်မပြင်းထန်တဲ့အတွက် အမြန်ပြန်ကောင်းလာခဲ့တာပါ”
လုပိုင် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ဆက်ပြောသည်။
“ကိုယ်က မစ်ရှင်တစ်ခုနဲ့ အလုပ်ရှုပ်နေတာကြောင့် မင်းကို မတွေ့ဖြစ်တော့ဘူး...အခုမှပဲ အားတော့တယ်… မစ္စစုက ဘာလို့ အပြင်ထွက်နေတာလဲ”
လုပိုင် သည် ဝေ့ထင် နှင့် ဝေ့ရွှယ်ကို လုံးဝလျစ်လျူရှုခဲ့ပြီး စုမုန့် နှင့်သာ စကားပြောလျက်ရှိသည်။
ဝေ့ထင် မျက်နှာက သိပ်မကောင်းပေ။ လုပိုင် ကြောင့်လား သို့မဟုတ် နေမကောင်းဖြစ်နေခြင်း ကြောင့်လား မသိသော်လည်း၊ လုပိုင်နှင့် စုမုန့်တို့ကို မှုန်ကုပ်ကုပ် ကြည့်နေသည်။
စုမုန့်က ပြုံးပြီး လုပိုင်ကို "ကျွန်မက ဝေ့ထင် နဲ့ ဝေ့မိသားစုဆီကို သွားရမှာဆိုတော့ တောင်းပန်ပါတယ်...ကျွန်မ ရှင့်ကို ဧည့်ခံစကားမပြောနိုင်တော့ဘူး"
လုပိုင်သည် ဝေ့ထင် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုမုန့်အား ကြည့်ကာ
"ဘာလို့လဲ...ကွာရှင်းတဲ့ ကိစ္စတွေ လုပ်ဖို့ပြန်တာလား"
သူ့စကားကို ကြားတော့ ဝေ့ထင်၏မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းလာသည်။ သူသည် ကျိုးဖုန်းကို ယခုလေးတင် ဖယ်ရှားခဲ့သော်လည်း၊ ယခု လုပိုင် ပါရှိနေပြီဖြစ်သည်။နှစ်ယောက်စလုံးသည် စုမုန့် နှင့်သူ ကွာရှင်းရန် စောင့်မျှော်နေကြသည်။သူ သည်းမခံနိုင်ဘဲ အေးစက်သောမျက်နှာဖြင့် ဖြည်းညှင်းစွာပြောလိုက်၏။
"ငါ့မိဘတွေကို ပြန်သွားပြီး တွေ့တာ"
ထိုသို့ပြောပြီးနောက် စုမုန့်ဘက်သို့ လှည့်ကာ
“သွားချိန်ရောက်ပြီ...မဟုတ်ရင် ကိုယ်တို့နောက်ကျလိမ့်မယ်"
သူ့လေသံက သိပ်မကောင်းပေ။သူ လောလောဆယ် စိတ်ဆိုးနေသည်ဟု ဘယ်သူမဆို ပြောနိုင်၏။
သို့ရာတွင် လုပိုင်သည် သေခြင်းတရားကို မကြောက်သလိုပင် ထပ်မေး၏။
"မင်း ဝေ့မိဘတွေကိုတွေ့ပြီး ကွာရှင်းသွားတာလား"
စုမုန့်: “…”
လုပိုင်က သူမကို ကွာရှင်းဖို့ ဘာလို့အတင်း ပြောနေတာလဲ...သူ့ပါးစပ်ကိုဖွင့်ပြီး ပါးစပ်ပိတ်လိုက်တိုင်း ကွာရှင်းပြတ်စဲဖို့ချည်းပင်။ လုပိုင် သည် ရင့်ကျက်တည်ငြိမ်သူဟု သူမထင်ခဲ့ဖူးသော်လည်း ယခုဆို၊ သူသည် တစ်ခါတစ်ရံ တစ်ဖက်သား စိတ်တိုအောင်လုပ်လွန်းသည် သို့မဟုတ် တမင်တကာ စိတ်ကိုဆွနေခြင်းမျိုး ဖြစ်နိုင်သည်။
( ထူးဆန်းသောလက်ကောက်)
“ကွာရှင်းရှင်း၊ မရှင်းရှင်း ငါတို့ မိသားစုရဲ့ ကိစ္စပါ...အပြင်လူတွေနဲ့ ဘာမှမဆိုင်ဘူး”
ဝေ့ထင် မျက်မှောင်ကြုတ်ကာ လုပိုင်ကို ကြည့်လိုက်သည်။ ထို့နောက် လုပိုင် နှင့် စုမုန့်အား စကားဆက်ပြောခွင့်မပေးဘဲ သူမ လက်ကိုဆွဲကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ဝေ့ထင် အားက အတော်ကြီးသည်။ စုမုန့် အစွမ်းကုန် သူ့လက်ကို တွန်းဖယ်သော်လည်း မအောင်မြင်ခဲ့ပေ။ သူမ ဒေါသတကြီးပြောနေဖို့သာ တတ်နိုင်၏။
"ဝေ့ထင်၊ ငါ့ကိုလွှတ်"
"အချိန်ကိုကြည့်လေ" ဝေ့ထင်က လက်မလွှတ်သေးဘဲ ပြောလိုက်၏။သူက စုမုန့်ကို ဆွဲထုတ်ပြီး ထွက်လာခဲ့သည်ကို ဝေ့ရွှယ် မြင်သောအခါ အလွန်ဒေါသထွက်သွားသည်။ ဝေ့ထင် နှင့် သူမလည်း ထိုကဲ့သို့ လက်တွဲချင်သော်လည်း သူမ၏ နှမဆိုသော အဖြစ်ကြောင့် ဤဆန္ဒကို အချိန်တိုအတွင်း မဖြည့်ဆည်းပေးနိုင်သေး။ယခု နှစ်ယောက်အတူ ထွက်သွားဖို့ကလွဲ၍ သူမမှာ ရွေးချယ်စရာမရှိတော့ချေ။
ထိုစဉ်၊ စုမုန့်သည် ဖုန်းကို အခြားလက်တစ်ဖက်ဖြင့် ထုတ်ကာ အချိန်ကိုကြည့်လိုက်ရာ တစ်ကယ်နောက်ကျနေမှန်း သိလိုက်ရသည်။ မွန်းတည့်ခါနီးပြီဖြစ်တာကြောင့် ဝေ့ထင် နောက်မှ လိုက်သွားရင်း လုပိုင်ကို နှုတ်ဆက်ခဲ့သည်။
"မစ္စတာလု...တောင်းပန်ပါတယ်၊ ဒါပေမယ့် သွားရတော့မယ်…ကျွန်မကိုလာတွေ့တာကျေးဇူးတင်ပါတယ်"
လုပိုင်က ပြုံးပြီး စုမုန့်ကို လက်ပြနှုတ်ဆက်ကာ အဆင်ပြေကြောင်း ပြောလေသည်။ စုမုန့် နှင့် ဝေ့ထင် ထွက်သွားပြီးနောက် သူ့အိတ်ကပ်ထဲမှ ငွေလက်ကောက်တစ်ရံကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။
လက်ကောက်က ဟောင်းနေပုံရကာ အဝါရောင်အကွက်များ အနည်းငယ် ရှိနေသည်။ လမ်းဟောင်းတစ်ခုခုရှိ ဈေးဆိုင်အိုတစ်ခုကနေ ရောက်လာခြင်းဖြစ်နိုင်သည်။လူရှုပ်သည့် လမ်းမပေါ်မှာ ပစ်ချထားလျှင်တောင် ဘယ်သူမှ လိုက်မကောက်နိုင်ပေ။
လက်ကောက်သည် အလွန်ဟောင်းသော်လည်း၊ ၎င်းတွင် မြှုပ်ထားသော ပဲပုပ်စေ့အရွယ် အနီရောင်ကျောက်မျက်သည် အလွန်တန်ဖိုးရှိလှသည်။ ကျောက်မျက်ရတနာသည် လုံးဝရှင်းလင်းနေပြီးအတွင်း၌ အလင်းတန်းများ စီးဆင်းနေပုံရသည်။ကျောက်ကလေးက လှပသော်လည်း လက်ကောက်နှင့် လုံးဝ မလိုက်ဖက်။
လုပိုင် သူ့လက်ထဲက လက်ကောက်ကို ကြည့်လိုက်သည်။သူ့အကြည့်များက စုမုန့် နှင့်စကားပြောတုန်းကလို မနူးညံ့တော့ဘဲ ရန်လိုမှုအရိပ်အမြွက်ရှိနေသည်။
မကြာမီ သူ့ကို တစ်ယောက်ယောက်က သူ့ကိုခေါ်သံကြားမှ အသိစိတ်ဝင်လာရ၏။သူ့အား ခေါ်သူကိုကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူ့ကိုခေါ်သူက ကလေးမလေးတစ်ယောက်ဖြစ်ကာ သူမသည် မြင်းမြီးပုံ ခပ်မြင့်မြင့်စည်းထားပြီး အားကစားဝတ်စုံကို ၀တ်ထားကာ ကင်းဗတ်အိတ်ကို ကျောပိုးထားသည်။ကြည့်ရတာ တက္ကသိုလ်ကျောင်းသူတစ်ယောက်လိုပင်။
ကလေးမလေးသည် နေကာမျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးကို တွဲထားသည်။ သူတို့ နှစ်ယောက်သည် တံခါးသေးသေးလေးထဲကို ဝင်ချင်သော်လည်း သူက လမ်းပိတ်ထားသလိုဖြစ်၍ သူ့ကို ခေါ်ကာ လမ်းတောင်းလိုက်ခြင်းပင်။ကလေးမလေး တွဲထားသည့် နေကာမျက်မှန်တပ်ထားသူက လမ်းလျှောက်တုတ်တစ်ချောင်းကို သူ့လက်ထဲမှာ ကိုင်ထားသည်။သူ့ကြည့်ရတာ မျက်မမြင်တစ်ယောက်လိုပင်။
"တောင်းပန်ပါတယ်"
လုပိုင် ပြောပြီး ဘေးဘက်ကို ခြေလှမ်းအနည်းငယ်လှမ်းကာ ဖယ်ပေးလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် လက်ကောက်ကို ဖယ်လိုက်သည်။ မျက်စိကန်းနေသူသည် သူ့အနားမှ ဖြတ်သွားသောအခါ ရုတ်တရက် ရပ်သွား၏။
သူ နားမလည်နိုင် ဖြစ်နေစဉ် ကလေးမလေးက စိတ်ရှုပ်ထွေးစွာ မေးသည်။ “အစ်ကိုဟုန် ဘာလို့ မသွားတာလဲ"
အစ်ကိုဟုန် ဟုခေါ်သော အမျိုးသားသည် ထိုနေရာတွင် စက္ကန့်အနည်းငယ်ကြာ ရပ်နေပြီး လုပိုင် ဘက်သို့ လှည့်ကာ "ဒီမှာ လူကြီးမင်း... တစ်ချို့အရာတွေကို ကျွမ်းကျင်ပညာရှင်တွေက ကိုင်တွယ်သင့်တယ်" ထို့နောက် သူက ကောင်မလေးကို သူ့ရှေ့ကနေဆက်ပြီး ဦးဆောင်ခိုင်းသည်။
သူ့စကားမဆုံးသေးသော်လည်း လုပိုင် နားလည်သည်။ အမှန်တော့ သူသည် ရဲအရာရှိတစ်ဦးဖြစ်ပြီး သတင်းအချက်အလတ်များကို အလွန်အကဲဆတ်စွာ နားလည်သူဖြစ်သည်။အစ်ကိုဟုန် ဟုခေါ်သော အမျိုးသားသည် သူ့လက်ကောက်ကို သတိပြုမိသောကြောင့် ထိုသို့ပြောရခြင်း ဖြစ်သည်။အကြောင်းမှာ လက်ကောက်ကလွဲလျှင် သူ့မှာ လက်ကိုင်ဖုန်းပဲ ရှိနေသည်။ထို့အပြင် လက်ကောက်မှာလည်း နောက်ခံသမိုင်းကြောင်း ကောင်းကောင်းမရှိချေ။
သူသည် ဘာမှ မမြင်ရပုံရှိသော်လည်း အာရုံခံနိုင်သူပင်ဖြစ်ရမည်။သူက စုမုန့်လို ဖုန်းရွှေပညာရှင်လား...
အရင်တုန်းကတော့ သူ ကံဆိုးခြင်းဆိုသည့်စကားကို မယုံခဲ့ဖူးပေ။စုမုန့် ကို သူတွေ့ပြီး မယုံနိုင်စရာတွေ အများကြီးကို တွေ့လိုက်သည်နှင့် ထိုအရာများကို သူ ယုံကြည်စပြုလာသည်။
လုပိုင် နောက်ထပ်အသေးစိတ်အချက်အလက်များကို မေးမြန်းချင်သော်လည်း လှမ်းကြည့်လိုက်သောအခါ ထိုသူနှစ်ယောက်မှာ ထွက်သွားခဲ့ပြီဖြစ်သည်။တစ်ကယ်တော့ သူ့အတွက် လူနှစ်ယောက်ရှာရတာ လွယ်သော်လည်း သူခဏစဉ်းစားပြီး မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်၏။
သူ့မှာ မစ်ရှင်တစ်ခု ရှိသေးသဖြင့် သူ့အတွက် စုမုန့်ဆီလာလည်ဖို့က အလုပ်များကြားမှ လာရခြင်းဖြစ်၍ မလွယ်ကူပေ။ထို့ကြောင့် သူ အချိန်မဖြုန်းနိုင်တော့။ မူလက စုမုန့်၏ ကားမတော်တဆမှုအား စုံစမ်းစစ်ဆေးရန် ကိုယ်တိုင်ကိုယ်ကျကူညီလိုသော်လည်း အထက်အရာရှိများက သူ့ကို ဝေးလံခေါင်သီသော ဒေသများတွင်သာ မစ်ရှင်များကိုအမြဲတမ်းတာဝန်ပေးခဲ့သည်။အချိန်ကအတော်ကြာနေပြီဖြစ်ကာ မသိလျှင်၊သူက ရဲစခန်း၏ ဝန်ထမ်းမဟုတ်သလိုပင်။
လုပိုင် သက်ပြင်းချပြီး ဆေးရုံမှ လှည့်ထွက်လာခဲ့သည်။ သို့သော်လည်း သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မစ်ရှင်နောက်ထပ်တစ်ခု ခိုင်းလာပြန်သည်။
"ဟဲလို... ရှောင်လု၊ ငါတစ်ကယ်တောင်းပန်ပါတယ်...မင်းအခုမှပြန်လာတာကိုကွာ...ကောင်းကောင်းအနားယူလို့မရသေးဘူး...အထက်က နောက်ထပ်မစ်ရှင်တစ်ခုပေးလာတယ်...ကျောင်းမြို့မှာ ကိစ္စတစ်ုခု ဖြစ်ခဲ့တာကို အထက်လူကြီးတွေက မင်းကိုသွားပြီး ကိုင်တွယ်စေချင်တယ်...မင်း အထုပ်ပြင်ပြီး မြန်မြန်သွားသင့်တယ်"
ဖုန်းတစ်ဖက်က မစ်ရှင်ကိုကြားတော့ လုပိုင် စိတ်ပျက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဗိုလ်ကြီးချမ်... ကျွန်တော့်ရဲ့ အရင်ကိစ္စက မပြီးသေးပါဘူး...မစ်ရှင်အသစ် က ဘာလို့ ရောက်လာတာလဲ…ကျွန်တော့်အရင် မစ်ရှင်ကရော ဘယ်လိုလုပ်ရမလဲ"
(အဖေအတွက်)
လုပိုင် သည် မကြာသေးမီကတည်းက မစ်ရှင်များစွာလုပ်ခဲ့ရသည်။အရင်ကထက် အဆပေါင်းများစွာ ပိုများနေခဲ့ပြီး အနားယူဖို့တောင် အချိန်မရှိခဲ့။ယခုဆို နောက်ဆုံးမစ်ရှင်သည် ပြီးစီးရုံမျှသာရှိသေးသော်လည်း နောက်မစ်ရှင် ရောက်လာပြန်သည်။အဓိကက သူ့မစ်ရှင်တည်နေရာက ခပ်ဝေးဝေးသာ ဖြစ်တတ်၍..တစ်စုံတစ်ယောက်က သူ့ကို ဤကနေဝေးရာသို့ တမင်ပို့ချင်နေသည့်အလားပင်။
မကြာသေးမီက တာဝန်များသည် အလွန်ထူးဆန်းသည်။ သူကိုယ်တိုင်က ရဲအရာရှိတစ်ဦးဖြစ်ပြီး ထောက်လှမ်းရေးတွင် အကောင်းဆုံးစုံစမ်းနိုင်သူပင်။ထို့ကြောင့် တစ်ခုခုမှားနေပြီဟု သူသဘောပေါက်လိုက်သည်။
"ဗိုလ်ကြီးချမ်၊ ဘာဖြစ်နေတာလဲ…အခုတလော ဘာလို့ အမှုတွေ အရမ်းများရတာလဲ...အမှုအားလုံးကလည်း အဝေးကြီးမှာတွေ ချည်းပဲ...ဗိုလ်ကြီးကများ ရာထူးတိုးအောင် တမင်လက်ခံထားတာလား"
ဤမေးခွန်းကို သူမေးခဲ့သော်ငြား၊ဗိုလ်ကြီးတစ်ယောက်အနေနှင့် ဤရာထူးကိုရဖို့အတွက် သူ့ဘဝတစ်လျှောက်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရသည်။ ပင်ပန်းပြီးမှသာ ဤရာထူးကိုရထားခြင်းဖြစ်ကာ အငြိမ်းစားယူခါနီး၍ အထက်က ရာထူးတိုးပေးမှာမဟုတ်။ထို့ကြောင့် သူ ရာထူးတိုးရန်အတွက်သာ မစ်ရှင်များကို အဆက်မပြတ် လုပိုင်အား ပေးနေခြင်းမဖြစ်နိုင်ပေ။
လုပိုင် ၏ သံသယများကို ရင်ဆိုင်ရင်း ဗိုလ်ကြီးချမ် ရယ်မောလိုက်သည်။ ထို့နောက် သူက
“ဘယ်လိုဖြစ်နိုင်မှ လဲ...မင်းက ဆယ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားခဲ့တဲ့ အမှုတချို့ကို အချိန်တိုင်း ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်လို့ပဲ မဟုတ်လား... အထက်လူကြီးတွေက မင်း အရည်အချင်းရှိတယ်ဆိုတာ မြင်ပြီး လေ့ကျင့်ဖို့ အခွင့်အရေးပေးလာတာ...ပြီးတော့ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်ရင် သူတို့က မင်းကို ရာထူးတိုးပေးလိမ့်မယ်”
လုပိုင်က မျက်မှောင်ကြုတ်ကာပြောသည်။
"ရာထူးတိုးပေးမယ် ဟုတ်လား...ဒါဆို ဗိုလ်ကြီးရဲ့ ရာထူး မဟုတ်ဘူးလား"
ဖုန်း၏အခြားတစ်ဖက်ရှိ ဗိုလ်ကြီးချမ် ခြောက်ကပ်စွာ ရယ်မောကာ
“ဟုတ်တယ်၊ ငါ့ရဲ့ရာထူးကိုမင်း ရမှာပါ...ငါက အသက်ကြီးလာလို့ ခန္ဓာကိုယ်က ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက် ဒီရာထူးကို ဆက်မထိန်းနိုင်တော့ဘူး…အထက်က မင်းကို အကြိုက်တွေ့နေလို့ မင်းကို နောက်ထပ်အမှုတွဲအချို့ကို လက်ခံထားတာ...အားလုံးကို မင်းဖြေရှင်းပြီးရင် မင်းကို ချက်ချင်းရာထူးတိုးပေးလောက်တယ်... ငါ့အတွက်ကတော့ မင်းကို နောက်ကနေ အားဖြည့်ပေးမှာပါပဲ"
“အဟွတ် အဟွတ်” ဗိုလ်ကြီးချမ် ချောင်းဆိုးပြီး ဆက်ပြောသည်။
"ရှောင်လု...မင်းရဲ့အနာဂတ်က အကန့်အသတ်မဲ့ပဲ…မင်းက ငယ်သေးတယ်၊ အသက်သုံးဆယ်တောင် မပြည့်သေးပေမယ့် တစ်သက်လုံး ကြိုးကြိုးစားစား လုပ်ရင်တောင်မှ လူတော်တော်များများ မရောက်နိုင်တဲ့ အမြင့်ကို ရောက်နေပြီ…အဲဒီရာထူးအတွက် ငါဆို ငါ့ဘဝရဲ့ တစ်ဝက်ကျော်လောက် အချိန်ယူခဲ့ရတယ်"
"ဒါပေမယ့် မင်းမှာက ငယ်ငယ်ရွယ်ရွယ်နဲ့ တိုက်ပွဲမှာလည်း အောင်မြင်မှုတွေရထားတယ်...အရမ်း ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာလည်း ရှိပြီးသား...ဒီဂုဏ်ထူးတွေအားလုံးကို မင်းပဲ ရထားတာ...မင်းအဘိုးနဲ့ အဖေနဲ့ မင်းက လက်ရည်ချင်း ဘာမှ မဆိုင်ဘူး...အထက်လူကြီးတွေက အရမ်းတွေးတတ်လို့ မင်းလည်း ဆက်ကြိုးစားနိုင်လို့ မျှော်လင့်ကြတယ်...မင်းမှာ အခုရှိနေတဲ့အရာတွေက သူများတွေ ဘဝရဲ့တစ်ဝက်ကျော်လောက် အလုပ်ကြိုးစားရင်တောင်မှ လိုက်မမှီနိုင်ဘူးဆိုတာ မင်းသိထားသင့်တယ်”
ဗိုလ်ကြီးချမ်၏ ချီးမွမ်းခြင်းကို ခံရသော လုပိုင် သည် တုံ့ပြန်မှု သိပ်မရှိပေ။ သူသည် သူ၏ မစ်ရှင်အသစ်အကြောင်း တွေးနေသည်။
“ဒါပေမယ့် ဒီတစ်ကြိမ် ကျွန်တော် လုပ်တဲ့ မစ်ရှင်နဲ့ ဘာဆိုင်လို့လဲ”
ဗိုလ်ကြီးချမ်က
“အရူး…မင်းက အမှုကို ကိုင်တွယ်တဲ့အခါပဲ ဉာဏ်ကောင်းတယ်...အခု မင်းဘာလို့ ဒီလောက်ရူးမိုက်နေတာလဲ... သိပ်မကြာခင် မင်းကို အမှုတွေအများကြီး ပေးမယ်လို့ ငါမပြောခဲ့ဘူးလား...မင်းက အဲ့ဒါတွေကို ကောင်းကောင်း လုပ်ပြီးရင် မင်းကို ချက်ချင်း တိုးပေးမှာ... မင်းက ပိုက်ဆံကို ဂရုမစိုက်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းရာထူးကို ဂရုစိုက်တယ် မဟုတ်လား..…"
ဖုန်း၏အခြားတစ်ဖက်ရှိ အသံက ခေတ္တရပ်သွားပြီး
“မင်းရဲ့ရာထူးအဆင့်တစ်ခုရောက်တဲ့အခါ မင်းအဖေရဲ့အမှုကို မင်း တာဝန်ယူနိုင်တယ်...မင်းလက်မလွှတ်ဘူးဆိုတာ ငါသိတယ်... အဲ့ဒါကြောင့် မင်း ရဲအရာရှိဖြစ်လာတာမလား"
သူ့အဖေ၏ကိစ္စအကြောင်း ကြားသောအခါ လုပိုင် ခဏလောက် ပြန်မဖြေဖြစ်ပေ။
ဗိုလ်ကြီးချမ် သည် လုပိုင် အာရုံစိုက်ဆုံးအရာကို သိသောကြောင့် သူ့ကို ဆွဲဆောင်ရန် ဤကိစ္စအား အသုံးပြုခဲ့ခြင်းဖြစ်သည်။သူ ပြောသာပြောရသော်လည်း တစ်ကယ့်အကြောင်းပြချက်က ထိုသို့မဟုတ်ပေ။ ဗိုလ်ကြီးချမ် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ လုပိုင် ဘယ်လိုသူဌေးကြီးကို စော်ကားခဲ့လဲ မသိ။အထက်က မစ်ရှင်တစ်ခုရှိတိုင်း လုပိုင် ကိုသာပြီးအောင်လုပ်ခိုင်းသည်။သူလည်း ၎င်းအကြောင်းရင်းကို မေးမြန်းခဲ့သော်ငြား သေချာမသိရပေ။
xxxxx