အပိုင်း ၁၂၂
Viewers 15k

Chapter 122


သူသိတာတစ်ခုပဲ ရှိ၏။အဲဒါက သူဌေးကြီးမှာ အရမ်းခိုင်မာတဲ့ နောက်ခံရှိတယ်...ထိုသူ‌ဌေးသည် အကြောင်းတစ်ခုခုကြောင့် လုပိုင်ကို လေ့ကျင့်ပေးသည်ဟု အမည်ခံခြင်းပင်။ လုပိုင် ကိစ္စတစ်ခုကို လုပ်ပြီး နောက်ကွယ်ကလူကို စော်ကားခဲ့တယ်...အဲဒီလူက တစ်ကယ်တမ်းတော့ ခေါင်းဆောင်ကြီးဖြစ်သွားတဲ့အတွက် လုပိုင်ကို တမင်သက်သက်ဒုက္ခပေးနေတာလား... 


ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဗိုလ်ကြီးချမ်သည် လုပိုင် မကြာသေးမီက အလုပ်များနေပြီး အိမ်မပြန်ရသေးသည့်အတွက် တိုင်ကြားချင်ခဲ့တာပင်။လုပိုင်သည် အမှုကို စုံစမ်းရန် အခင်းဖြစ်ပွားရာ နေရာတွင် တစ်ညလုံး တည်းခိုခဲ့ရသည်၊ သို့မဟုတ်လည်း ဖိုင်ခန်းထဲတွင် တစ်နေကုန် အနားယူခြင်း မပြုဘဲ နေခဲ့ရသည်။ ထိုသို့ သူ၏ တပည့်အား နှိပ်စက်ကလူပြုခြင်းကို သူ သည်းမခံနိုင်ပေ။


သို့သော် သူ မည်မျှပင် နာကျင်စေကာမူ၊ အထက်လူကြီးများထံမှ စကားများကို မချေပ,ဝံ့ပေ။ နောက်ဆုံးတော့ သူ  ထောက်ပံ့ပေးနိုင်သည့် မိသားစုရှိနေသဖြင့် သူ အလုပ်ပြုတ်မခံနိုင်ပေ။ သူ၏ ဆွဲဆောင်မှုဟာ တကယ်ကို ထိရောက်ခဲ့၏။စက္ကန့်အနည်းငယ် ငြိမ်သက်ပြီးနောက် လုပိုင်က 


"ကောင်းပြီ...ကျွန်တော် သွားမယ်"


(ဝေ့ရွှယ်၏ နာကြည်းမှု)


ဗိုလ်ကြီးချမ်က သက်ပြင်းတစ်ချက်ချကာ သူ့လေသံမှာ အပြုံးတစ်ခုနှင့် ပြည့်နေ၏။


"ရှောင်လု ၊ မင်းအကောင်းဆုံးလုပ်ပါ....မင်းရဲ့ အထက်လူကြီးတွေရဲ့ စေတနာကို လက်လွတ်မခံပါနဲ့"


 "ဒါဆို တခြားဘာမှ မရှိရင် ကျွန်တော် ဖုန်းချလိုက်မယ်" လုပိုင်က ဘာမှမထူးခြားစလို ပြောလိုက်သည်။


 "ဟေး ခဏ..."  လုပိုင် ဖုန်းချလိုက်တော့မည်ဆို၍ ဗိုလ်ကြီးချမ် သူ့ကို အမြန်တားလိုက်သည်။


 "ဘာလဲ" 


 "ကောင်းပြီ... မကြာသေးခင်က မင်း... အမ်၊ မင်း ဘယ်သူ့ကို မချေမငံ ပြောဖြစ်သေးလဲ...ဥပမာ မင်း ကလန်ကဆန် မလုပ်သင့်တဲ့သူကို မချေမငံပြောမိတာမျိုး..."


လုပိုင် မျက်မှောင်ကြုတ်ကာ  


"ကျွန်တော်တို့အလုပ်မှာ ဘယ်သူက ဘယ်သူ့ကိုမှ မစော်ကားဘူး၊မချေမငံ မပြောဘူး...ဗိုလ်ကြီး ဘာကိုဆိုလိုတာလဲ?"


ဗိုလ်ကြီးချမ်က


 “ကဲပါ...အဆင်ပြေပါတယ်…ဘာပဲဖြစ်ဖြစ် နောက်ဆို မင်း ဘာပဲလုပ်လုပ် ပိုသတိထားရမယ်...ပြီး တော့ မင်း လုပ်ဖော်ကိုင်ဖက်တွေ၊ဒါမှမဟုတ် မင်း ပတ်ဝန်းကျင်က ခေါင်းဆောင်တွေကို ကောင်းကောင်း ဆက်ဆံတတ်ဖို့ လိုတယ်... မင်းမှာ အဘိုးလု ရှိပေမယ့် တစ်ယောက်ယောက်က မင်းကို နောက်ကျော ဓားနဲ့ ထိုးမထိုးဆိုတာ အာမခံချက်မရှိဘူး၊ ဒါကြောင့် မင်းသတိထားရမယ်"


 ထိုသို့ပြောပြီးနောက် လုပိုင် နားလည်မှုလွဲမည်ကို စိုးရိမ်သဖြင့် သူက 


“နောက်တော့၊ ငါတို့ ဆောင်ရွက်နေတဲ့ ကိစ္စတော်တော်များများဟာ နေရာအသီးသီးက တာဝန်ရှိသူတွေနဲ့ ပါဝင်ပတ်သက်နေတာ…ဒါကြောင့် တွေ့တဲ့လူနဲ့တည့်အောင်ပေါင်း မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်"


လုပိုင် ထက်မြက်ကြောင်း ဗိုလ်ကြီးချမ် သိထားသောကြောင့် ရှင်းရှင်းလင်းလင်း မပြောဝံ့ပေ။ သူ့ဘက်​က နည်းနည်းပဲ ဖွင့်ဟရမည်။သို့မဟုတ်ပါက၊လုပိုင် ရိပ်မိသွားပြီး နောက်ကွယ်က လူကိုသိဖို့ နည်းလမ်းကို သေချာစဉ်းစားလိမ့်မည်။သို့ဆိုလျှင် သူတို့အတွက် မကောင်းနိုင်ပေ။


 အထက်လူကြီးက ဘယ်သူမှန်း  ဗိုလ်ကြီးချမ် မသိသော်လည်း၊ သူ့မှာ နောက်ခံကောင်းရှိသည်ဟု ကြားသည်။သူတို့ ကိုင်တွယ်နိုင်သူ မဟုတ်ပေ။


ဗိုလ်ကြီးချမ်က စိုးရိမ်မှုအပြည့်ဖြစ်နေသော်လည်း လုပိုင် က စိတ်မ၀င်စား။ 


 “အရေးမကြီးပါဘူး...ကျွန်တော့်မှာ တစ်သက်ပဲ ရှိတာ... လိုချင်ရင် ယူလို့ရပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့်လက်ထဲမှာ ရှိတဲ့ အမှုကို စည်းကမ်းနဲ့အညီ လုပ်ရမယ်…ကျွန်တော်တို့ရဲ့ တာဝန်က သာမန်ပြည်သူတွေကို ကာကွယ်ဖို့ပါ...ကြောက်နေရင် တရားမျှတမှုကို ဘယ်သူက ကူညီ ယူပေးမှာလဲ”


လုပိုင် သည် များသောအားဖြင့် နူးညံ့သိမ်မွေ့သော်လည်း ကိစ္စတစ်ခုဖြစ်လာသောအခါ၊သူသည် ခေါင်းမာသော မြည်းတစ်ကောင်လို ဖြစ်သည်။ စစ်မှန်သော တရားမျှတမှုကို ယုံကြည်သူဖြစ်သည်။ ပြဿနာရှိလျှင် ဖြေရှင်းပေးမည်။ ဘယ်သူကပဲ ဖြစ်ဖြစ် ဥပဒေကို ချိုးဖောက်လျှင် နောက်ဆုံးမှာ ထိုသူ့ကို ဖမ်းမိဖို့ ကြိုးစားမည်။ထိုသူ့၏ ရာထူးက သူ့ထက် ပိုမြင့်နေလျှင်တောင်မှ သူ အလွတ်ပေးဖို့ စိတ်ကူးမရှိ။


ဗိုလ်ကြီးချမ် သက်ပြင်းချလိုက်သည်။ လုပိုင် သည် ဤကိစ္စနှင့် ဆွဲဆောင်နိုင်စွမ်းမရှိမှန်း သူသိသည်။  


"ရှောင်လု ၊ မင်း ကိုယ့်ကိုကိုယ် မတွေးရင်တောင် မင်းအဘိုးကို တွေးရမယ်....သူက အသက်ကြီးပြီ၊ မင်းလို အချိန်တိုင်း သူ့ကိုယ်သူ မကာကွယ်နိုင်ဘူး"


အဘိုးလုအတွက် လုပိုင် စိတ်ပူပင်မှုမရှိ။သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာကာ ပေါ့ပေါ့ပါးပါးနှင့် ‌ပြောသည်။


“အဘိုးလား... သူ့ကိုထိချင်ရင် သူတို့အသက် ဘယ်လောက်ရှိသလဲ ဆိုတာ သူတို့ဘာသာ ပြန်ကြည့်ဖို့ ကောင်းတယ်...အဘိုးက ကျွန်တော့်ထက် ပိုတော်တယ်ဗျ"


 အဘိုးလုသည် စစ်သားဖြစ်သည်။ စစ်တပ်က ရဲတပ်ဖွဲ့နှင့် မတူပေ။စစ်တပ်၏ လိုလားချက်မှာ ရဲဘော်ရဲဘက်များ အချင်းချင်း ကူညီရန်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိရန်နှင့် တိုင်းပြည်ကို အတူတကွ ကာကွယ်ရန် ဖြစ်သည်။ ရဲဘော်တစ်ဦးကို သွားရန်စသူသည် ကောင်းမွန်သော ဘဝနေထိုင်နိုင်မည်မဟုတ်ပေ။ကျန်ရဲဘော်များက လက်တုံ့ပြန်ကြပေမည်။ 


လုပိုင် လုံးဝဂရုမစိုက်သောအခါ၊ ဗိုလ်ကြီးချမ် စဉ်းစားပြီး သဘောတူလိုက်သည်။ အဘိုးလုကို ထိဝံ့သူသည် ဘဝကို ငြီးငွေ့နေသူများသာဖြစ်သင့်၏။လုပိုင်ကို စည်းရုံးဖို့ ကြိုးစားတာက အသုံးမဝင်မှန်းသိသွား၍ ဗိုလ်ကြီးချမ် ဖုန်းမချခင် သတိထားဖို့ ပြောလိုက်သည်။


လုပိုင်၏ ကြိုးစားပြီးမှ ရထားသော  အနားယူသည့်နေ့မှ မြန်ဆန်စွာ ကုန်ဆုံးသွားပြန်သည်။သူသည် ကျောင်းမြို့သို့ ချက်ခြင်းထွက်ခွာသွားခဲ့သည်။ ဆေးရုံကို ပြန်ကြည့်လိုက်ရင်း လုပိုင် နှလုံးသားထဲမှာ ခံစားချက်တွေ ရောထွေးနေရ၏။အဘိုးလုက သူ့ကို အချိန်ရတိုင်း စုမုန့်ကို သွားကြည့်ခိုင်းသည်။သူကိုယ်တိုင်က သူမ ဆီ အလည်အပတ်သွားချင်‌ေသာ်လည်း၊ အလုပ်တွေရှုပ်နေသဖြင့် မသွားဖြစ်ခဲ့။ ဤမစ်ရှင်ပြီးလျှင် ရက်အနည်းငယ် ကောင်းကောင်းအနားယူပြီး သူမဆီကို သွားလည်မည်ဟု ဆုံးဖြတ်လိုက်သည်။


စုမုန့် ယခုအချိန်တွင် ဝေ့မိသားစုအိမ်သို့ ရောက်လုနီးပါးပင်။ သူမသည် ထိုင်ခုံ၏နောက်ကို မှီ၍ ပြတင်းပေါက်မှ အေးအေးဆေးဆေး ကြည့်နေ၏။  ဝေ့ထင်က သူမဘေးတွင်ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေသည်။  ဒီလူ့အခြေအနေက ပိုကောင်းလာပြီး မျက်နှာကလည်း အရင်ကလို ဖြူဖျော့မနေပေ။


ဝေ့ရွှယ် သည် မှုန်ကုပ်ကုပ်ဖြင့် ရှေ့ခန်းထိုင်ခုံတွင် ထိုင်နေသည်။ ရံဖန်ရံခါ သူမသည် နောက်ကြည့်မှန်မှတဆင့် စုမုန့်နှင့် ဝေ့ထင်ကို ကြည့်သည်။ စုမုန့်နေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့ရင်း နောက်ပိုင်းတွင် ဝေ့ရွှယ်၏ လှုပ်ရှားမှုများကို သူမ သတိပြုမိသည်။ထို့ကြောင့် ဝေ့ရွှယ် ကြည့်လိုက်တိုင်း သူမ ဝေ့ထင် အနားကို တရင်းတနှီး မှီနေလိုက်၏။


(သူမမျက်လုံးတွေက အဆင်မပြေ)


ဝေ့ထင်သည် အချိန်ပြည့် မျက်လုံးမှိတ်ကာ အနားယူနေခဲ့ပြီး ယင်းအပေါ် ဘာမှမတုံ့ပြန်ခဲ့ပေ။သို့သော်လည်း ဝေ့ရွှယ် သည်းမခံနိုင်။စုမုန့် နှင့် ဝေ့ထင် နီးကပ်လာသည်ကို သူမ မုန်းသည်။ ရလဒ်အနေဖြင့် ပြင်းထန်သော နာကြည်းမှုလှိုင်းများသည် သူမပတ်ဝန်းကျင်တွင် ရှိနေသည်။နောက်ပိုင်းတွင် သူမ နောက်ကြည့်မှန်ကို လုံးဝမကြည့်တော့ပေ။သူမ မျက်လုံးတွေက မမြင်ရ၍ နှလုံးသားကလည်း ငြိမ်သက်နေရသည်။


ဘေးနားမှ  ဒရိုင်ဘာသည် ဝေ့ရွှယ် ၏ နာကြည်းမှုအကြည့်တို့ကို ခံစားရသည်။နူးညံ့ကြင်နာတတ်သည့် ဒုတိယသခင်မလေးသည် အမြဲပြုံးနေတတ်သော်လည်း၊ယခုလို နာကြည်းမုန်းတီး တတ်သည့် မိန်းမတစ်ယောက်လို ပြုမူနေ၍ သူနားမလည်နိုင်ခဲ့ပေ။သူမ ပုံစံက  ကြောက်စရာကောင်းသည်။


ဝေ့မိသားစု၏ အလုပ်သမားများသည် ဝေ့ရွှယ် နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် ဒရိုင်ဘာက စိုးရိမ်စိတ်ဖြင့် မေးသည်။


 "ဒုတိယ သခင်မလေး ဘာဖြစ်လို့လဲ..နေမကောင်းဘူးလား...  ဆေးဆိုင်ကို မောင်းပြီး ဆေးသွားဝယ်ပေးရမလား"


 ဒရိုင်ဘာ၏ မေးခွန်းကိုကြားလျှင် ဝေ့ရွှယ် မျက်နှာသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။သို့သော် အတင်းပြုံးပြီး 


“အဆင်ပြေပါတယ်...နည်းနည်းလေး စိတ်ထဲရှုပ်နေတာပါ" 


စုမုန့်က ဝင်ပြောသည်။ 


“စိတ်မပူပါနဲ့…သူမ မျက်လုံးတွေက အဆင်မပြေဖြစ်နေတာ... အိမ်ပြန်ရောက်ရင် သူမ အဆင်ပြေမှာပါ... နောက်ပြီး ကျွန်မတို့ ဆေးရုံက မထွက်လာခင် ဆရာဝန်တွေက သူမကို စစ်ဆေးပြီးပြီ...သူမ ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား”  


စုမုန့်က ဝေ့ရွှယ်ကို မေးလိုက်သည်။သူမ အတင်းမေးနေရခြင်းက ဝေ့ရွှယ် အနေခက်ပြီး မပြောချင်မှန်း သိတာကြောင့်ပင်။ထင်ထားသည့်အတိုင်း ဝေ့ရွှယ် အံကြိတ်ကာ စိတ်မပါဘဲ ပြုံးလိုက်သည်။


 “ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာပြဿနာမှ မရှိပါဘူး...အရမ်းကျန်းမာပါတယ်”


 ဒရိုင်ဘာသည် အများအားဖြင့် မျက်နှာရိပ်ကဲ သိသော်လည်း၊‌ယနေ့ကျမှ မျက်စိကန်းနေသလား မသိ၊ဝေ့ရွှယ် မပြောချင်မှန်း မသိဘဲ ဆက်၍ စကားကြောရှည်နေလေ၏။ဝေ့ရွှယ် ဆေးစစ်ထားသည်ဆို၍ သူက အံ့အားသင့်နေပုံဖြင့်..


 “အာယား ဒုတိယသခင်မလေး အခြေအနေ အရမ်းဆိုးနေတာလား... ဆေးစစ်ဖို့တောင် လုပ်ရတာလား...သခင်နဲ့ သခင်မ သိကြလား... တော်သေးတာပေါ့...ဘာမှမဖြစ်ခဲ့လို့... မဟုတ်ရင် သူတို့ စိတ်ပူလိမ့်မယ်”


ဝေ့ရွှယ်က အတင်းပြုံးပြပြီး


 “စိတ်မပူပါနဲ့ ကျွန်မ နေကောင်းပါတယ်၊ ဒါကြောင့် အဖေနဲ့အမေကို ပြောစရာတောင်မလိုပါဘူး... အခု လမ်းမှာ ကားတွေ အများကြီး ရှိတယ်...အရမ်း အန္တရာယ်များတယ်...ရှင်သာ ကောင်းကောင်းမောင်းပါ"


သူမ စကားတွေပြောနေသော်လည်း၊ စိတ်ထဲမှာ ဒရိုင်ဘာကို ပြန်သွားလျှင် အလုပ်ထုတ်ပစ်မည်ဟု တွေးနေမိသည်။သူ့လိုလူမျိုးကို အိမ်မှာထားချင်စိတ်မရှိ။သူဌေး အရိပ်အကဲမသိဘဲ ရိုင်းစိုင်းစွာ ပြောဆိုဝံ့သည်။သူမသည် များသောအားဖြင့် သူတို့အပေါ် ကောင်း‌ပေးနေ၍ ယခုလို ဖြစ်လာတာပင်။


စုမုန့် သည် ဝေ့ရွှယ် အပြင်ပန်းက ဖြစ်နေပုံနှင့် စိတ်ထဲက အတွေးတွေကို အထင်းသားမြင်နေသည်။ သူမလည်း မသိချင်ယောင်ဆောင်နေရုံမှတပါးရွေးစရာမရှိ။ သူ မပင်ပန်းဘူးလား...


ဝေ့ရွှယ် ဒုက္ခရောက်သည်ကို မြင်နေရ၍ ပျော်နေသော်လည်း သူမ အတွေးများ ရစ်ဝဲနေ၏။ဤဒရိုင်ဘာက ပရော်ဖက်ရှင်နယ်မဆန်ပေ။သူဌေးကိုပင်  မေးခွန်းတွေ ဆက်မေးနေ၏။သူ့လိုလူမျိုး တခြားအလုပ်မှာ ရှိနေလျှင်... သူ အရင်ကတည်းက အလုပ်ပြုတ်ပြီးလောက်ပေမည်။ 


သူမ ဤကားဒရိုင်ဘာကို တစ်ခါမှ မမြင်ဖူး။သူ့ကို ယခုမှ ခေါ်လာခြင်း ဖြစ်နိုင်သည်။ဝေ့ထင်သည် ထိုသို့သော စကားမပြောတတ်သူအား ခေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမအထင်က သူသည် စကားများများမပြောတတ်သော အလုပ်သမားကောင်းတစ်ဦး၏ စံနှုန်းအတိုင်း လူများကို ခေါ်ယူမည်ဟု သူမ ထင်ခဲ့သည်။


သူမ ဝေ့ထင်ကို လှမ်းကြည့်လိုက်သည်။ သူက အိပ်ပျော်နေသလိုမျိုး အသက်မှန်မှန်ရှူနေခိုက် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ အေးစက်ပြီး ပြင်းထန်သော မျက်လုံးများသည် သူမ မျက်လုံးများနှင့် ဆုံလိုက်သောအခါတွင် ချက်ချင်းပင် ပို၍ နူးညံ့လာသည်။


သူမ တွေးနေသည့် အတွေးများကို သူက မြင်လိုက်ရသလို ရုတ်တရက် ပြောလိုက်သည်။ 


"သူက ကိုယ့်အမေရဲ့  ဒရိုင်ဘာပဲ" 


စုမုန့် : "မေးလို့လား"


 "ဒါပေမယ့် မင်းမျက်လုံးတွေက ဒီမေးခွန်းကို မေးနေတယ်"


စုမုန့် : “…” ဒီလောက်တောင် သူမ မျက်လုံးတွေက သိသာထင်ရှားနေသလား...


ဒရိုင်ဘာသည် သူမတို့ စကားကို သတိပြုမိပြီး


 “သခင်မလေးနဲ့ သခင်လေးတို့ ဆက်ဆံရေးကတော့လေ အရင်ကလို အရမ်းကောင်းတုန်းပဲ...မနာလိုစရာကြီးဗျာ...အရမ်း ချစ်စရာကောင်းတဲ့ စုံတွဲလေးပဲ...ဒီလမ်းပေါ်က ဘယ်သူမဆို သခင်လေးတို့ အရမ်းချစ်ကြောင်း ပြောနိုင်လောက်တယ်"


အံ့အားသင့်ဖွယ်ရာပင်၊ဒရိုင်ဘာက ဝေ့ထင်အကြောင်း ပြောဖို့တောင် သတ္တိရှိနေတော့သည်။


 ဒရိုင်ဘာမှ စုမုန့်နှင့် ဝေ့ထင်တို့အား ချီးကျူးသောအခါ ဝေ့ရွှယ် စိတ်ဆိုးသွားသည်။ဝေ့ထင်သည် သူ့အကြောင်းပြောနေသူများကို အမုန်းဆုံး၊ အထူးသဖြင့် လက်အောက်ငယ်သားများက သူ,မကြိုက်သော စုမုန့် အကြောင်းကို ပြောလျှင် မကြိုက်မှန်း သူမ,သိသည်။


ယခင်က အလုပ်သမားတစ်ဦးသည် ဝေ့ထင် နှင့် စုမုန့် အကြောင်းကို အလားတူ ပြောခဲ့ဖူးသည်ကို သူမ သတိရမိသည်။ထို့နောက် ဝေ့ထင်သည် နောက်တစ်နေ့တွင် သူ့ကို အလုပ်ထုတ်ခဲ့သည်။ဒရိုင်ဘာလည်း အလုပ်ထုတ်ခံရကောင်း၊ခံရနိုင်သည်။ဝေ့ရွှယ် နေရာတွင် အေးအေးဆေးဆေးထိုင်ကာ ပွဲကြည့်ပရိတ်သတ်လုပ်နေလိုက်၏။ 


 သို့သော် ဝေ့ထင်သည် စိတ်ဆိုးပုံမပေါ်ဘဲ ပြုံးရိပ်လေးပင်သမ်းနေသေးသည်။   သူက ဒရိုင်ဘာကိုကြည့်ပြီး 


“မနက်ဖြန် ငါ့လက်အောက်မှာ အလုပ်လာလုပ်...မင်းရဲ့လစာကိုလည်း သုံးပုံတစ်ပုံ တိုးပေးမယ်"


 သူပြောပြီးသည်နှင့် ကားပေါ်ရှိ အခြားလူ သုံးဦးစလုံး အံ့သြသွားကြသည်။  


ဝေ့ထင်က လူတွေကို ယခုလို လွယ်လွယ်ကူကူ အလုပ်ခန့်နေ၍ စုမုန့် အံ့သြသွားသည်။ဒရိုင်ဘာသည် စကားများသူဖြစ်ပြီး ဝေ့ထင်က စကားများလျှင်မကြိုက်။ထို့ကြောင့် သူမ အံ့အားသင့်နေရခြင်းပင်။ ဝေ့ထင်သည် သူမ တွေးထားသလောက် စည်းကမ်းတင်းကြပ်သူ မဟုတ်နိုင်ပေ။


(ဟောင်းနွမ်းသော သေတ္တာ)


 ဒရိုင်ဘာသည် သခင်လေးတို့စုံတွဲကို နည်းနည်းလေး ချီးကျူးခဲ့တာတောင် သခင်လေးက သူ့လစာကို အများကြီး တိုးပေးခဲ့သည်။သူ အမေဝေ့ လက်အောက်မှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ရသော်လည်း သူ့လစာကို ဘယ်တော့မှ တိုးမပေးခဲ့ပေ။သခင်မလေးသည် သူ၏ lucky star ဖြစ်ပုံရသည်။သူ ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်ပြီး တစ်ချိန်တည်းမှာပင် သခင်လေးတို့နှစ်ဦးကို နောက်ဆိုလည်း၊ သေချာပေါက် ချီးမွမ်းသွားရမည်ဟု တွေးလိုက်၏။ကြည့်လှအောင် ဆိုရလျှင် ချီးမွမ်းခြင်းပင်။သို့သော် ဒဲ့ပြောပါက မြှောက်ပင့်ဖားယားနေသည်ဟု ဆိုနိုင်သည်။


ဝေ့ရွှယ် သည် စိတ်လှုပ်ရှားနေသော  ဒရိုင်ဘာနှင့် ဘာမှ မပြောသော စုမုန့်ကို ကြည့်ရင်း ဒေါသထွက်လာပြီး အံကြိတ်လိုက်သည်။ဝေ့ထင်က  ဒရိုင်ဘာအား အလုပ်ထုတ်မည့်အချိန်ကို သူမ စောင့်နေတာပင်။ ဒရိုင်ဘာကို ရာထူးတိုးပြီး လစာပါတိုးပေးဖို့ သူမ စောင့်နေခြင်းမဟုတ်။


"သူများတွေက စုမုန့်နဲ့ သူ့အကြောင်း ပြောတာကို ဝေ့ထင် အမုန်းဆုံးဘဲ မဟုတ်လား... ဒီတစ်​ခါ ဘာဖြစ်​​နေတာလဲ… စုမုန့် နဲ့ ဝေ့ထင်ရဲ့ ဆက်ဆံရေးက အရင်ကနဲ့ တကယ်ကို ကွာခြားသွားလို့များလား..."


ဝေ့ရွှယ် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းထားလိုက်သည်။ စုမုန့် အတွက် ဝေ့ထင် က ဘယ်လိုခံစားချက်မျိုးရှိပါစေ၊ သူမ အကြံအစည်တွေကို တားဆီး၍မရပေ။ဘာပဲဖြစ်ဖြစ် စုမုန့် ဝေ့မိသားစုကို စွန့်ခွာရမည်။


ကားပေါ်တက်စဉ်က သူမသည် ဝေ့ထင် နှင့်အနောက်ခန်းထဲမှာ ထိုင်ချင်ခဲ့တာပင်။ သို့သော် ဝေ့ထင်က သူမကို ရှေ့ထိုင်ခုံမှာထိုင်စေပြီး စုမုန့်အား သူနှင့်အတူ ထိုင်ခိုင်းလိုက်သည်။ယခင်က သူမ ဝေ့ထင် နံဘေးမှာ ထိုင်ရသည်။ယခု စုမုန့် ရောက်လာ၍ သူမမှာ ထိုင်၍ပင် မရတော့။ စုမုန့်အား အပြီးနှင်ထုတ်ရန် သူမ၏အချိန်ကို ကောင်းကောင်းအသုံးချရမည်။


လမ်းမပေါ်တွင် ကားအမြောက်အမြားမရှိသဖြင့် လမ်းမှာ အတားအဆီးမရှိ ဖြစ်နေသည်။ များမကြာမီ ဝေ့မိသားစုအိမ်သို့ ရောက်ရှိလာကြသည်။ဝေ့မိသားစု၏ ခြံဝင်းထဲတွင် ဇိမ်ခံကားများစွာ ရပ်ထားသည်။ ဗီလာအ၀င်ဝတွင် ဈေးကြီးဘရန်းအဝတ်အစားများ ၀တ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး အများအပြားရှိသည်။  သူတို့ဘေးမှာ ဝေ့မိသားစု၏ အစေခံများ ရပ်နေသည်။ 


 ဒရိုင်ဘာက ကားကို သေချာဂရုတစိုက် ပါကင်ထိုးပြီး ကားတံခါးဖွင့်ပေးသည်။စုမုန့် ဆင်းတော့မည့်အချိန်မှာ ဝေ့ထင်က သူမ လက်ကို ဆုပ်ကိုင်လိုက်၏။သူမ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုပြန်ကြည့်လိုက်သည်။


 "ဒါက မင်းအတွက်ပါ"  


ဝေ့ထင်သည် တစ်နေရာရာမှ မီးခြစ်ပုံးအရွယ် သစ်သားသေတ္တာကို ထုတ်ယူလိုက်သည်။၎င်းပေါ်တွင် ထွင်းထုထားသည့် ထူးဆန်းသော ပုံစံကနုတ်လိုမျိုး လက်ရာများမှလွဲ၍ အခြားအလှဆင်မှုများ မရှိပေ။အရောင်မှာ မီးခိုးရောင်ဖြစ်ပြီး အနည်းငယ်ဟောင်းနေပုံရသည်။  သို့ရာတွင်၊မြှုပ်ထားသော ကျောက်မျက်အချို့ပါရှိသောကြောင့်စျေးသက်သာပုံမပေါ်ချေ။ကံမကောင်းစွာပဲ၊ ကျောက်မျက်များသည် အလွန်အဖိုးတန်ခြင်းမရှိချေ။ 


စုမုန့် မယူဘဲ ဝေ့ထင်ကို စိတ်ရှုပ်ထွေးစွာနှင့် မေးသည်။


"ဒါကဘာလဲ"


ဝေ့ထင်သည် စုမုန့် လက်ကို ဖမ်းကိုင်လိုက်ပြီး သေတ္တာကို အတင်းပေးကာ တိုးတိုးလေးပြောသည်။


“ဒါက အဘိုးအတွက် လက်ဆောင်ပဲ”


 "မလိုပါဘူး"  


သူမ စိတ်မဝင်စားဘဲ ဝေ့ထင်အား သေတ္တာကို ပြန်ပေးလိုက်သည်။တစ်ဦးတစ်ယောက်အတွက် လက်ဆောင် ဆိုသည်မှာ ပေးသူ၏ စေတနာအပေါ် မူတည်သည်။ ထိုသေတ္တာသည် ဝေ့ထင် ပိုင်ဖြစ်ပြီး သူမနှင့်ဘာမှမဆိုင်ပေ။အဘ်ိုးအား ပေးလိုက်လျှင်ပင်၊ ၎င်းသည် ဝေ့ထင်၏ဆန္ဒကို ကိုယ်စားပြုပြီး သူမအတွက် မဟုတ်ပေ။

သို့သော် ဝေ့ထင်သည် သူမအား ငြင်းဆန်ရန် အခွင့်အရေးမပေးပေ။  သူမ လက်ထဲတွင် သေတ္တာကို ပေးထားပြီးနောက် ကားပေါ်က ဆင်းလိုက်၏။


ကားရပ်သွားသောအခါတွင် ဝေ့ရွှယ် ကားပေါ်မှ ဆင်းမည်ပြုသော်လည်း ဝေ့ထင် သည် စုမုန့် အား တစ်ခုခုပေးနေသည်ကို မြင်သောကြောင့် ရပ်လိုက်သည်။ ဝေ့ထင်သည် အဘိုးအတွက် စုမုန့်ပေးရမည့် လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးထားခြင်းပင်။သေတ္တာထဲမှ ပစ္စည်းတွေက တန်ဖိုးရှိမည်ဟု ယူဆရသည်။သူမ စုမုန့် လက်ထဲက သေတ္တာကို မနာလိုစိတ်ဖြင့် စိုက်ကြည့်နေမိသည်။ ဝေ့ထင် ကားပေါ်မှ ဆင်းသည်အထိ သူမ မလှုပ်‌‌ဘဲ စုမုန့်ကို စောင့်နေခဲ့သည်။




xxxxxx