အပိုင်း ၁၂၃
Viewers 15k

Chapter 123


စုမုန့် သူမလက်ထဲက သေတ္တာကိုကြည့်သည်...သာမန်ပါပဲ... အထဲမှာ ဘာတွေ ဖြစ်နိုင်လဲ...အပြင်ဘက်ကကြည့်၍ ဘယ်လောက်ပဲ တန်ဖိုးမဲ့နေပါစေ၊ အတွင်းက ပစ္စည်းကတော့ သာမည်ကာလျှံမည်ကာ မဟုတ်နိုင်ပေ‌။ဝေ့ထင်က ပေးခြင်းဖြစ်၍ တန်ဖိုးကြီးမှာ မလွဲပေ။ သူမ ကားပေါ်ကဆင်းပြီးသော ဝေ့ထင်ကို ငုံ့ကြည့်လိုက်ပြီး သေတ္တာအား နောက်မှ သူ့ထံ ပြန်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။


ဝေ့ထင် ကားပေါ်က ဆင်းပြီး စုမုန့် နှင့်အတူ သွားချင်သော်လည်း ၊သူ ကားပေါ်က ဆင်းခိုက်မှာ တံခါးနားမှာ ရပ်နေသူတွေအားလုံးက သူ့ဆီ လျှောက်လာကြ၏။ဝေ့ထင်သည် အခြားသူများနှင့် သိပ်ရောရောနှောနှောမတေတ်တာကြောင့် ထိုသူများသည် သူ့အား ယဉ်ကျေးစွာ နှုတ်ဆက်ကြပြီး အမြန်ပြန်ထွက်သွားကြသည်။


သူ၏ ပင်ကိုယ်စရိုက်မှာ အေးစက်စက် ဖြစ်နေသော်လည်း သူသည် အခြေခံကျင့်ဝတ်ကို အမြဲကောင်းစွာ လိုက်နာခဲ့သည်။ထိုဧည့်သည်များ၏ နှုတ်ဆက်စကားကို  ခေါင်းညိတ်အသိအမှတ်ပြုကာ ပြန်ပြီးယဥ်ကျေးပျူငှာစွာ နှုတ်ဆက်ရသည်။


တစ်ကယ်တော့၊သူ့ကို လာနှုတ်ဆက်သူ တော်တော်များများက သူ့ကို လုံးဝမသိကြပေ။ သူတို့က trendတစ်ခုနောက်ကို လိုက်ချင်သည့်သဘောမျိုးပင်။လူတစ်ချို့ သွား၍ ရောယောင်လိုက်နေသူက များသည်။နောက်ပိုင်းတွင်မှ သူက ဝေ့ထင်မှန်း သိလာခဲ့သည်။သူသည် ဝေ့မိသားစု၏ အသက်အကြီးဆုံးသခင်လေးဖြစ်ပြီး ဝေ့မိသားစု၏အနာဂတ်ကို ဆက်ခံမည်သူဖြစ်သည်။ထို့ကြောင့်  ဝေ့ထင်ထံမှ အသိအမှတ်ပြုခံရပါက၊ နောင်တစ်ချိန်မှာ သူတို့အတွက် ကောင်းကျိုးရှိလာနိုင်ပေသည်။


(ဝေ့ရွှယ် လိုချင်သောသေတ္တာ)


ဧည့်သည်များက စကားအများကြီး မပြောသော်လည်း လူများနေတာကြောင့် တစ်ယောက်ချင်းစီက စကားနည်းနည်းပြောနေ၍ အချိန်အများကြီးယူရသည်။သို့ဖြစ်၍၊ ဝေ့ထင်သည် စုမုန့်ကို အာရုံမစိုက်နိုင်တော့ပေ။ထိုစဉ် ဝေ့ရွှယ်က စုမုန့်ကို


 "စုမုန့်... အစ်ကိုဝေ့ထင်က နင့်ကို အရမ်း ချစ်တာပဲ...သူက နင့်အတွက် လက်ဆောင်တစ်ခုတောင် ပြင်ထားတယ်မလား...အထဲမှာ ဘာပါလဲဆိုတာ မသိချင်ဘူးလား...နင် ဘာလို့မဖွင့်တာလဲ ငါတို့အတူ ကြည့်မယ်လေ"


 "ကြည့်ချင်လား"  


စုမုန့်သည် သေတ္တာကို ဖွင့်ရန် ပြင်လိုက်ရင်း တစ်ချိန်တည်းမှာပင် ဝေ့ရွှယ်ကို ကြည့်လိုက်သည်။ဝေ့ရွှယ် သည် သေတ္တာကို စိုက်ကြည့်ကာ အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။ သူမ မျက်နှာကိုကြည့်ရုံဖြင့် အတော်စိတ်အားထက်သန်နေမှန်းသိနိုင်၏။


စုမုန့်၏ နှုတ်ခမ်းထောင့်များ အပြုံးတစ်ခုအဖြစ် ပုံပေါ်ကာကွေးတက်သွားသည်။  "ဒါကို နင်လိုချင်လား"


ဝေ့ရွှယ်က စုမုန့် မလိုချင်၍ သူမအား ပေးသည်ဟု တွေးကာ စိတ်ရှုပ်နေဟန်ဖြင့် ပြောသည်။


 "အမ်...ငါ ဒီသေတ္တာကို အရမ်းကြိုက်တယ်...လှလည်း လှတယ်… ဒါ​ပေမယ့်​ ဒဒါက အစ်ကိုက နင့်အတွက်​ပေးတဲ့ လက်​​ဆောင်​ပဲ...ငါ လိုချင်ရင်တောင် မဖြစ်နိုင်ဘူးလေ…"


စုမုန့် သူမကို ပြုံးပြပြီးကြည့်လိုက်သည်။ဝေ့ရွှယ် ယခုလို ဉာဏ်ပြေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ငါ့ကို လုပ်ချင်သလို လုပ်လို့ရမယ်လို့ တွေးထားသလား...


 "သူက ငါ့ကိုပေးတဲ့အတွက် အဲဒါ ငါ့ဥစ္စာပဲ...ငါ ဒါကို ဘယ်လိုလုပ်ပစ်မလဲဆိုတာကတော့ ကိုယ့်စိတ်နေစိတ်ထားပေါ်မှာပဲ မူတည်ပါတယ်...ဒါကြောင့် ငါကတော့ ဘယ်သူ့ကိုပဲပေးပေး အဆင်ပြေတယ်”


ထိုစကားကိုကြားလျှင် ဝေ့ရွှယ် မျက်လုံးတွေက ချက်ချင်းတောက်ပလာသည်။သူမ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်ဖြင့် စုမုန့်ကို ကြည့်လိုက်သည်။တစ်ချိန်တည်းမှာပင် သူမသည် သေတ္တာကို ကြိုက်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သည်။  


“စုမုန့်…ငါ ဒီဟာလေးကို  အရမ်းကြိုက်တယ်...အရမ်းလှတယ်...ငါ့မှာလည်း တစ်ခုလောက်ရှိရင် အရမ်းကောင်းမှာပဲ"


စုမုန့် သည် ဝေ့ရွှယ်၏ ဆိုလိုရင်းကို နားမလည်ဟန်ဆောင်ပြီး ခေါင်းကိုခါယမ်းကာ စိတ်မကောင်းစွာဖြင့် “ဒီသေတ္တာက ရုပ်ဆိုးလိုက်တာ...သူများကို ပေးရမှာလည်း  ရှက်စရာကြီး...လွှင့်ပစ်တာက ပိုကောင်းပါတယ်…သိမ်းထားလည်း အသုံးမကျဘူး...နင့်တို့ခြံထဲမှာ အမှိုက်ပုံးရှိတယ်မလား..အရမ်းရုပ်ဆိုးလွန်းလို့ ငါကတော့ အထဲဟာကိုတောင် မထုတ်ကြည့်ချင်ဘူး"


ထိုစကားကို ပြောပြီးနောက် စုမုန့် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ထို့နောက် ဝေ့ရွှယ်အားလျစ်လျူရှုပြီး ကားပေါ်မှ ဆင်းခဲ့သည်။


 “နင် မကြိုက်ရင်လည်း ရတယ်လေ..ဘာလုပ်ဖို့ အလကားနေရင်း လွှင့်ပစ်မှာလဲ...နင် တစ်ကယ်မလိုချင်ရင် ငါက နင့်အတွက် ယူပေးထားမယ်လေ"


သူမ ကားပေါ်ကမဆင်းခင် တစ်စက္ကန့်အလိုမှာ ဝေ့ရွှယ် က တိုးတိုးလေး ပြောလိုက်သည်။


တစ်ဖက်တွင် စုမုန့် မကြားချင်ယောင်ဆောင်ကာ ကားပေါ်ကဆင်းပြီး ဝေ့ထင် ဘေးကို လျှောက်သွားလိုက်၏။ဝေ့ရွှယ် ကတော့ သူမစကားကို နားမလည်သူ စုမုန့်အား စိတ်ထဲကအပြစ်တင်နေတော့သည်။ သူမတွင် ရွေးချယ်စရာမရှိပေ။ဝေ့ထင်က စုမုန့်ကို ပေးခြင်းဖြစ်ပြီး အနားမှာလည်း ဝေ့ထင်ရှိနေ၍ သူမ အကျယ်ကြီး အော်မေး၍မရချေ။


မူလက စုမုန့်သည် သေတ္တာကိုမကြိုက်၍ သူမအားပေးမည်ဟု ထင်ခဲ့သည်။သို့သော် စုမုန့်သည် အပြင်ဘက်က အမှိုက်ပုံးထဲကို ပစ်ချလိုက်မည်ဟု ဆို၏။အမှိုက်ပုံးထဲကို ပစ်ရတာထက် သူမကို ပေးရတာ ပိုကောင်းတာမလား...ဒီမိန်းမစုတ်.. ဝေ့ရွှယ် စိတ်ထဲမှာ ကျိန်ဆဲလိုက်၏။


စုမုန့် ကားထဲက ဆင်းလာသည်ကို ဝေ့ထင် မြင်ပြီးနောက် အချိန်မဖြုန်းဖို့ ဆုံးဖြတ်လိုက်သည်။


“ကျွန်တော်တို့ အထဲကို ဝင်သင့်တယ်” 


ဧည့်သည်အားလုံးဟာ စီးပွားရေးနယ်ပယ်စုံသည်။တစ်ယောက်ချင်းစီက အရည်အချင်းရှိသည်။ ဝေ့ထင် စကားကိုကြားလျှင် သူဘာကိုဆိုလိုသလဲဆိုလိုမှန်း ချက်ချင်းနားလည်သွားကြပြီး အားလုံးက အထဲကိုဝင်လာကြသည်။


ဝေ့ထင်သည် စုမုန့်ကို လက်တွဲဖို့ လက်ကမ်းပေးလိုက်သော်လည်း စုမုန့်က မမြင်ချင်ယောင်ဆောင်နေသည်။ သူမ ဝေ့ထင်ကို တိုက်ရိုက် လျစ်လျူရှုကာ ဗီလာထဲသို့ လျှောက်သွားသည်။


 ယခင်က ဝေ့ထင်သည် စုမုန့်နှင့် လူသိရှင်ကြား အချိန်ဖြုန်းလေ့မရှိသလို သူမကိုလည်း ထုတ်မပြခဲ့ပေ။  ထို့ကြောင့် သူတို့နှစ်ဦးက အကြင်လင်မယားဖြစ်ကြောင်းကို လူအများမသိကြသေးပေ။ ဝေ့ထင်က အိမ်ထောင်မပြုရသေးဘူးဟု ထင်နေသူတွေတောင် ရှိ၏။ဝေ့မိသားစုထဲကို ဝင်နိုင်ဖို့ သူတို့မိသားစုထဲက ကောင်မလေးကို မိတ်ဆက်ပေးဖို့ နည်းလမ်းရှာခဲ့ကြပါသေးသည်။


 ဤလူများသည် စုမုန့်၏အမည်ကို မသိကြပေ။ ဝေ့ထင်ကို သူမက ဂရုမစိုက်တာကြောင့် အားလုံးက သူမဘယ်သူလဲဆိုသည်ကို စိတ်ထဲမှာ  မှန်းဆနေကြသည်။ဝေ့မိသားစု၏ အကြီးဆုံး သခင်လေးကို ခပ်တန်းတန်း ဆက်ဆံရဲသူမှာ ရှားလှ၏။


သို့သော်လည်း၊သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်း သိသူများ၏အမြင်မှာ ဝေ့ထင်ဟာ ကောလဟာလများလို သွေးအေးပြီး ရက်စက်သည်ဟု မြင်ကြ၏။ကြည့်စမ်း၊ သူ့မိန်းမနဲ့ သူက ရင်းနှီးချင်ပေမယ့် သူ့မိန်းမက သူ့ကို ငြင်းပယ်တယ်...ကြည့်ရတာ သွေးအေးတဲ့ ဝေ့ထင်မှာလည်း ရက်စက်တဲ့ ဇနီးတစ်ယောက် ရှိနေတယ်ထင်ပါ့...


ဝေ့ထင် မသိခဲ့သည်က စုမုန့်၏ အပြုအမူက‌လေးသည် နောက်ပိုင်းမှာ အထက်တန်းစား အဖွဲ့အစည်းမှာ ပျံ့နှံ့သွားခဲ့တာကိုပင်။ထို့အပြင် သူတို့နှစ်ဦးကြား ကွာရှင်းပြတ်စဲသည့် သတင်းကိုလည်း ဝေ့ရွှယ်မှ လူသိရှင်ကြား လျှောက်ပြောခဲ့ပြီးဖြစ်သည်။ ပထမတော့ ဝေ့ထင်က သူ့မိန်းမကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပေလိမ့်မည်။နောက်ပိုင်းမှာ စုမုန့်က ဝေ့ထင်၏ အငယ်အနှောင်းကို ရှာတွေ့သွားတာကြောင့် ဒေါသထွက်ကာ သူ့ကိုကွာရှင်းလိုခြင်း ဖြစ်နိုင်သည်။သို့သော်လည်း ဤကိစ္စတွေက အနာဂတ်မှာ ဆွေးနွေးရမည့်အရာတွေပင်။ 


ဝေ့ထင်သည် စုမုန့် ဗီလာထဲသို့ အမြန်လျှောက်သွားသည်ကို သူမြင်လိုက်ရသည်။သူ ချက်ချင်း သူမနောက်ကို လိုက်သွားခဲ့သည်။


ဝေ့ရွှယ်လည်း ဝေ့ထင် နောက်သို့ အနီးကပ်လိုက်လာသည်။သို့သော် ဝေ့ထင်ကို နှုတ်ဆက်သူ ထက်ဝက်ကျော်အား သူမ သိသည်။  သူတို့က သူမကို စကားပြောလာသည့်အခါ သူမ ပြန်မပြော၍မရပေ။လူတွေလည်း အများကြီးရှိသဖြင့် သူမ ရိုင်းပျလိုက်လျှင် အတင်းအဖျင်းများ ပြောလာနိုင်သည်။ထို့ကြောင့် သူမသည် ထိုလူများကို  အပြုံးဖြင့် နှုတ်ဆက်ကာ သခင်မလေးတစ်ယောက်၏ စိတ်ဓာတ်ကို အပြည့်အဝ ပြသလိုက်သည်။ထိုလူများကို နှုတ်ဆက်ပြီးနောက် သူမလည်း အိမ်ထဲသို့အမြန် လျှောက်သွားလေတော့သည်။


(သားအမိတော်ပုံမပေါ်ပါ)


စုမုန့်သည် ဗီလာထဲသို့ ၀င်သွားချိန်မှာ ပင်မထိုင်ခုံတွင် အဘိုးဝေ့ ထိုင်နေသည်ကို မြင်လိုက်ရ၏။အဘိုးဝေ့သည် ဘေးနားကလူများဖြင့် ရင်းရင်းနှီးနှီး စကားစမြည်ပြောနေသည်။ထိုလူများက စိတ်ပါလက်ပါပြောနေကြသော်လည်း၊သူကတော့ စိတ်ဝင်စားပုံမပေါ်ပေ။ ကြာကြာနေမှ တစ်ခါသာ ပြောတတ်သည်။စုမုန့် အဘိုးဝေ့ကို လှမ်းမခေါ်တော့ဘဲ ထောင့်မှာထိုင်ဖို့ နေရာရှာလိုက်သည်။


သူမသည် အဘိုးဝေ့ကို တွေ့ဖို့ အဓိက လာခြင်းဖြစ်၍ တခြားသူများကို သူမစိတ်ထဲ ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ အဘိုးဝေ့သည် လောလောဆယ် အလုပ်များနေသောကြောင့် သူမ သူ့ကို မနှောင့်ယှက်တော့ပေ။ ဧည့်သည်များ မရှိလျှင် သူမ သွား၍နှုတ်ဆက်ရမည်ဖြစ်သည်။သူမ ထောင့်စွန်းတွင် ငြိမ်သက်စွာထိုင်နေပြီး ပတ်ဝန်းကျင်ကို ကြည့်နေမိသည်။သူမ ထွက်မသွားခင်ကလိုပင်၊ဤနေရာသည် ဘယ်လိုပြောင်းလဲမှုမှ မရှိချေ။အိမ်တွင်းပိုင်း အလှဆင်မှုသည် အမေဝေ့၏ ဇိမ်ကျကျ နေတတ်သော စရိုက်နှင့်အညီ ယခင်ကဲ့သို့ ခမ်းနားနေသည်။အမေဝေ့ကို တွေးကာ ဝေ့ထင်၏ ပင်ကိုယ်စရိုက်ကို ပြန်တွေးရင်း၊သားအမိနှစ်ယောက်မှ ဟုတ်ပါလေစဟု သူမ တွေးမိသည်။  သားအမိနှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘယ်လိုများ ကွာခြားသွားရသလဲ…တွေးကြည့်ရလျှင် ကြီးပြင်းလာသည့် ပတ်ဝန်းကျင်ကလူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုကို အဆုံးအဖြတ်ပေးသလိုမျိုး ဖြစ်နိုင်သည်။


စုမုန့် ထောင့်မှာတိတ်တိတ်လေး ထိုင်ပြီး ပတ်ဝန်းကျင်က လူတွေကို စောင့်ကြည့်နလိုက်သည်။ သူမ တစ်ယောက်တည်း အာရုံစိုက်မခံရအောင် နေနေသော်လည်း အဘိုးဝေ့ ဘေးတွင်ရှိနေသည့် အမေဝေ့က သူမအား သတိပြုမိသွား၏။


စုမုန့်ကို မြင်လိုက်သည့်အခိုက်တွင် အမေဝေ့၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသော်လည်း ပြန်ပြီး ပြင်ဆင်လိုက်ရသည်။ပတ်ဝန်းကျင်မှာ ဧည့်သည်တွေ များနေတာကြောင့် သူမ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွား၍ မရပေ။


အဘိုးဝေ့သည် စုမုန့်ကိုချစ်ခင်နှစ်သက်ကြောင်း သူမ သိသောကြောင့် စုမုန့်ရောက်လာသည့်ကိစ္စကို အဘိုးဝေ့အား ပေးသိ၍မရပေ။ ထို့ကြောင့် သူမ အဘိုးဝေ့အနားမှ ထွက်ခွာရန် အကြောင်းပြချက်တစ်ခု ရှာဖွေကာ အေးစက်သော မျက်နှာဖြင့် စုမုန့် ဆီသို့ အလျင်အမြန် လျှောက်သွားသည်။


 "အန်တီဝေ့ကဘာလို့ဒီကိုရောက်နေတာလဲ"  စုမုန့်က ပြုံးပြီးမေးသည်။


ဝေ့ထင် နှင့် သူမ မကွာရှင်းထားရသေးသော်လည်း သူမနှင့် ဝေ့မိဘတို့၏ စိတ်ထဲမှာ မိသားစုမဟုတ်တော့။ ထို့ကြောင့် သူမက အန်တီဝေ့ဟု ခေါ်ခြင်းဖြစ်သည်။


 “နင်က အမှတ်မရှိပါလား...နင် ငါ့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ထောင်ထဲပို့ခဲ့ပြီး အခု ငါတို့ဝေ့မိသားစုဆီ လာဝံ့တယ်…နင် မရှက်ဘူးလား"  


အမေဝေ့က အသံတိုးတိုးဖြင့် ဆူပူလိုက်သည်။စုမုန့် မကြားချင်သလို ဟန်ဆောင်ကာ နားကို စောင်းလိုက်ပြီး “ဘာလဲ... အန်တီဝေ့ ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရသေးဘူး…ကျွန်မမှာ ကားမှောက်ပြီး တစ်ကိုယ်လုံး ဒဏ်ရာရသွားတာ သိတယ်မလား..အခု ကျွန်မ နားက သိပ်မကောင်းတော့ အသံပိုကျယ်ကျယ်ပြောမှရမယ်ထင်တယ်"


စုမုန့်၏အသံသည် အနည်းငယ် ကျယ်လောင်သွားသည်။ဗီလာတွင် စန္ဒယားတီးနေသော်လည်း သူမနှင့် နီးစပ်သူများသည် သူမ အသံကိုကြားပြီး လှမ်းကြည့်ကြသည်။


 ဤနေရာ၌ တစ်ခုခု ဖြစ်နေသည်ကို ထိုသူများက သတိပြုမိကြသည်။သို့သော် ဗြောင်မကြည့်ရဲဘဲ တစ်ချက်ကြည့်လိုက်ကာ ဟိုဘက်ပြန်လှည့်သွားသည်။ ထို့နောက် သေချာ အာရုံစိုက်နေကြ၏။


အမေဝေ့ ပတ်ဝန်းကျင်မှ လူတွေ၏ တုံ့ပြန်မှုကိုမြင်လျှင်၊အတင်းအဖျင်းတွေ ပြောကြမှာကို ကြောက်၍ ဆက်မပြောရဲတော့။စုမုန့်က သူမကို သက်သက်မဲ့ အရှက်ခွဲနေသဖြင့် အံကိုကြိတ်ကာ ပြောလိုက်၏။


 “စုမုန့်...နင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လား"


အမေဝေ့၏ အသံသည် ပျော့ပျောင်းလာသော်လည်း ယခုတစ်ကြိမ်တွင် စုမုန့် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူမက ခေါင်းညိတ်ပြီး 


“ဟုတ်ပါတယ်..ဒါပေမယ့် အန်တီဝေ့ အဲဒီတုန်းက ထောင်ကျရတဲ့ အကြောင်းရင်းကို မမေ့ပါနဲ့...အန်တီက ကျွန်မကို ပြန်ပေးဆွဲပြီး ဥပဒေကို ချိုးဖောက်ချင်တာ မဟုတ်ရင် ရဲက အန်တီ့ကို ဘာလို့ ဖမ်းမှာလဲ… ရဲတပ်ဖွဲ့က အမြဲတမ်း ဥပဒေနဲ့အညီ ဆောင်ရွက်တယ်...သူတို့က အန်တီ့ကို ဖမ်းပြီး ထောင်ထဲမှာတောင် ပိတ်လှောင်ထားတာမလား... အန်တီ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်တယ်”


စုမုန့်၏ အသံသည် ကျယ်လောင်ခြင်းမရှိ၍ ပတ်ဝန်းကျင်ရှိလူတိုင်း ကြားနေရသည်။သူတို့ အံ့သြသွားကြသည်။ ထောင်...အမေဝေ့ကို စုမုန့်က ထောင်ထဲပို့လိုက်တာလား… စုမုန့်က အမေဝေ့ရဲ့ချွေးမ မဟုတ်ဘူးလား...ဒီမိသားစုရဲ့ ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးက မကောင်းဘူးလား...အရမ်း မာနကြီးတဲ့ ယောက္ခမက သူ့ချွေးမလက်ထဲမှာ မိနေပါရော့လား…


ဘေးနားက လူတွေ ရယ်နေကြပြီဖြစ်သည်။ အမေဝေ့လည်း မြင်လိုက်၏။ အတင်းအဖျင်း စကားဝိုင်းက်ိုဦးဆောင်သူမှာ ဝေ့မိသားစုနှင့် ပြိုင်ဖက်၏ CEO ၏ဇနီးဖြစ်ပြီး သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိပေ။  ပြိုင်ဘက်မိသားစုက သူမကို ရယ်မောနေသဖြင့် သူမရင်ထဲမှာ ဒေါသတွေ  ပေါက်ကွဲထွက်လာရ၏။


သူမ ဒေါသထွက်နေသော်လည်း ဒေါသကို ထုတ်ပြောရန် အချိန်မတန်သေးသောကြောင့် စကားလမ်းကြောင်း အမြန်ပြောင်းလိုက်ပြီး အနီးအနားတွင် တစ်ယောက်မှမရှိသောအခါမှ၊စုမုန့်အား ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်လေသည်။


 "ငါနဲ့လိုက်ခဲ့"


အ​မေ​ဝေ့ လမ်းလျှောက်စွားရင် နောက်ကို လှည့်​ကြည့်​လိုက်​သည်​။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စုမုန့် သည် သူမနောက်သို့မလိုက်ဘဲ နေရာတွင်ထိုင်ကာ၊ ပြုံးလျက် သူမအား ကြည့်နေသည်ကိုတွေ့လိုက်ရသည်။


 “ငါပြောတာ မကြားဘူးလား…ခဏလောက် ငါနဲ့လိုက်ခဲ့လို့"


စုမုန့် က ခေါင်းလေးငုံ့ပြီး အံ့ဩသည့်အမူအရာနှင့် “အန်တီဝေ့၊ ဒီမှာ မပြောနိုင်တာတစ်ခုရှိလို့လား...တခြားသူတွေမြင်ရမှာကို ကြောက်လို့ တစ်ခြားနေရာကို သွားချင်တာလား”


သူမ ခန္ဓာကိုယ်သည် မကောင်းမွန်သေးသောကြောင့် သူမ ခွန်အားမရှိနေပေ။နောက်ထပ်တစ်ခုမှာ သူမသည် အချိန်အကြာကြီး မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက နာကျင်နေတတ်သည်။အမေဝေ့နှင့်အတူ အပြင်ထွက်လျှင် သူမအား တစ်ခုခုလုပ်ပစ်နိုင်၏။


အကယ်၍ သူမအား နောက်ဆုံးအကြိမ်ကဲ့သို့ ရိုက်မည်ဆိုပါက၊သူမလည်း လုံးဝမတိုက်ခိုက်နိုင်တော့ပေ။သူမကိုယ်သူမ လုံခြုံမှုအတွက်၊ လူများသောနေရာတွင် နေရခြင်းက ပိုကောင်းသည်။


xxxxxxx