အပိုင်း ၁၂၄
Viewers 15k

Chapter 124

(ဝေ့ရွှယ်ကို အပြစ်တင်သည်)


ထိုသို့ကိုစဉ်းစားရင်း စုမုန့်  ဝေ့ထင်ကို တစ်ခုခုမေးချင်လာသည်။  သို့သော် သူမခေါင်းကို မော့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဝေ့ထင်၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။စောစောက ဝေ့ထင်သည် သူမနောက်သို့ လိုက်လာခြင်းပင်။


ဝေ့ထင် မရှိတော့ရုံသာမက ဝေ့ရွှယ် လည်း မရှိတော့။သို့သော် ဤသည်မှာ မထူးဆန်း။ဝေ့ရွှယ်သည် ဝေ့ထင်ကိုသာ အတင်းလိုက်ကပ်နေခဲ့သဖြင့် သူမ အခု ဝေ့ထင်ကို လိုက်ရှာနေတာ ဖြစ်မည်။


စုမုန့် ဝေ့ထင်ကို နောက်မှလိုက်ရှာဖို့ တွေးနေခိုက်၊သူမ ခေါင်းလှည့်ကြည့်လိုက်တော့ အပြင်ကနေ ဝင်လာသည့် ဝေ့ရွှာ်အား ရုတ်တရက် တွေ့လိုက်ရသည်။သို့သော် ဝေ့ထင်သည် သူမ အနားတွင် မရှိခဲ့ပေ။


ဝေ့ရွှယ် ဝင်လာပြီး သူမဆီကို လျှောက်လာ၏။ အမေဝေ့ကလည်း အဝေးမှ ဝေ့ရွှယ်ကို မြင်သောအခါ  မျက်မှောင်ကြုတ်ကာ 


"ရှောင်ရွှယ် ဘာလုပ်လိုက်တာလဲ"


အမေဝေ့ ပြတ်ပြတ်သားသား မပြောသော်လည်း စုမုန့် ကို မတားသည့်အတွက် သူမကို အပြစ်တင်နေခြင်းဖြစ်ကြောင်း ဝေ့ရွှယ် သိသည်။  


သူမ အမေဝေ့ကို တိုးတိုးလေးဖြင့် “အမေ...စုမုန့်က အတင်းလာချင်နေတာပါ...သမီးလည်း အစွမ်းကုန် ကြိုးစားပြီးပြီ...ဒီအကြောင်းကို နောက်မှပြောမယ်...အခု သမီးမှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိတယ်... ကျေးဇူးပြုပြီးခဏစောင့်ပါဦးနော်"


ဝေ့ရွှယ် အသံက သိပ်မတိုး၍ စုမုန့် လည်း ကြားရသဖြင့် ပြုံးပြီး ဝေ့ရွှယ်ကို "ဟေး ရှောင်ရွှယ်… နင်က ငါ့ကို လာဖို့ အတင်းတောင်းဆိုတာမဟုတ်ဘူးလား...ထောင်ကျတဲ့ အဖြစ်အပျက်ကြောင့် အန်တီဝေ့ အရမ်းဒေါသအရမ်းထွက် နေလို့ ငါကပဲ စိတ်ပြေအောင် ပြောပါ၊ဘာညာနဲ့...နင် ငါ့ကို အတင်းခေါ်နေခဲ့တာလေ...နင် ငါ မလိုက်လိုက်အောင် လူနာခန်းထဲထိ တစ်ညအိပ်ပြီးစောင့်နေတာမလား…ငါကလည်း နင့်မျက်နှာကြောင့် ငါလာခဲ့တာ"


ဝေ့ရွှယ် မျက်နှာပျက်ပြီး အမေဝေ့ကို လှည့်ကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း အမေဝေ့သည် သူမအား အပြစ်တင်နေသလိုမျိုး ကြည့်နေလျက်ရှိ၏။အမေဝေ့ စိတ်ဆိုးသွားမှာ ကြောက်၍ သူမလည်း 


"အမေ၊ နားလည်မှုမလွဲပါနဲ့...ဒီကိစ္စကို နောက်ကျရင် အသေးစိတ်ပြောပြမယ်။  အခု ဒီ့ထက် ပိုအရေးကြီးတဲ့ဟာ ရှိပါသေးတယ်”


 "အဲဒါဘာလဲ"  အမေဝေ့က မျက်မှောင်ကြုတ်ကာ မေးသည်။


 “အမေ၊ သမီးနဲ့ ခဏလိုက်ခဲ့"


ဝေ့ရွှယ်သည် အမေဝေ့ကို ဆွဲထုတ်ပြီး ထွက်လာခဲ့သည်။အမေဝေ့

စုမုန့်ကို တစ်ချက်ကြည့်ကာ ဝေ့ရွှယ် နောက်သို့ လိုက်သွားခဲ့၏။


စုမုန့် ပခုံးတွန့်လိုက်သည်။သူတို့ အဝေးကြီးမှ သွားပြောနေလျှင်ပင် ဘာပြောနေမှန်း သူမ သိနိုင်သည်။ဝေ့ရွှယ်က သူမအား ပုတ်ခတ်စော်ကားတော့မည်သာ။ယခုဆို ဝေ့ရွှယ် သူမရှေ့မှာ ဟန်ဆောင်တောင်မပြတော့။သူမ မျက်နှာက အမြဲတမ်းဆူပုတ်နေ၏။ ယခင်ကဆိုလျှင် ဝေ့ရွှယ် သူမကို  မည်မျှပင် မုန်းတီးနေပါစေ၊ အပေါ်ယံတွင် အမြဲတမ်း နူးညံ့သိမ်မွေ့သလို၊ ဟန်ဆောင်နေတတ်၏။


 ....


ယခင်ဘဝတွင် ဝေ့ရွှယ်သည် ဆုံးခန်းတိုင်အောင် နူးညံ့သိမ်မွေ့ဟန်ဆောင်ခဲ့သည်။သူမ အသတ်မခံရမချင်း ဝေ့ရွှယ်၏ရုပ်သွင်အမှန်ကို မသိခဲ့။ အကယ်၍ ယခုလိုသာ သရုပ်မှန် ပေါ်လာခဲ့လျှင် သူမ ရှောင်နိုင်ကောင်းရှောင်နိုင်ပေလိမ့်မည်။


စုမုန့် သက်ပြင်းချလိုက်မိသည်။မည်သို့ပင်ဖြစ်စေ၊ထိုအချိန်တို့ကို သူမ ပြန်သွား၍မရ။ အတိတ်ဘဝက  ကံမကောင်းခဲ့ဘူးဟုသာ တွေးနိုင်သည်။သို့သော် နောင်အနာဂတ်တွင် ဝေ့ရွှယ်သည် ယုန်ဖြူလေးတစ်ကောင်အဖြစ် မည်မျှပင် ဟန်ဆောင်နေပါစေ၊ သူမအရူးလုပ်ခံမည်မဟုတ်ပေ။


သူမ သိချင်တာတစ်ခုရှိသည်။ဝေ့ရွှယ် အကြောင်းကို အမေဝေ့ဘယ်လောက်သိလဲ.... ဝေ့ရွှယ်က ဝေ့ထင် ကို အမြဲသဘောကျနေခဲ့ပြီး ဝေ့မိသားစုရဲ့‌ ချွေးမနေရာကိုသာ  အမြဲစောင့်ကြည့်နေတယ်ဆိုတာသာ သိရင် သူမ ဘာလုပ်မလဲ...


ဝေ့ရွှယ်သည် အမေဝေ့၏သမီးအရင်းအဖြစ် ကြီးပြင်းလာခဲ့သည်။သမီးလေးအတွက် မိခင်တစ်ယောက်အနေနှင့် တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့သည်။အမေဝေ့ အများကြီး အနစ်နာခံခဲ့ပေမယ့် ဝေ့ရွှယ်က မဖြစ်သင့်၊မဖြစ်ထိုက်တဲ့ အတွေးမျိုး တွေးနေခဲ့တာကို အမေဝေ့ သိရင်ဘယ်လိုလုပ်မလဲ... ဒေါသထွက်မှာလား


ခဏကြာသော် စုမုန့် ထိုအတွေးများကိုလက်စသတ်လိုက်၏။အမေဝေ့သည် ဝေ့ရွှယ် ပြောသမျှယုံနေရသူပင်။ ထို့ကြောင့် ဝေ့ရွှယ် ၏ ရည်ရွယ်ချက်ကို အမေဝေ့ သိပါကလည်း၊ချွေးမအဖြစ် သဘောတူကာ ပျော်ရွှင်နေပေမည်။


စုမုန့်  ကုလားထိုင်ပေါ် ပျင်းရိစွာ မှီထားလိုက်ပြီး လေးလေးနက်နက် တွေးတောမိသည်။ဝေ့ရွှယ် အား လက်စားချေမည့်ကိစ္စကို သူမ  အရှိန်မြှင့်ရန် လိုအပ်သည်။သို့မဟုတ်လျှင် ကိစ္စက တဖြည်းဖြည်း ပေါ်လာပြီးအဓိပ္ပါယ်မဲ့သွားလိမ့်မည်။သူမအနေနှင့် ဤကိစ္စကို အကြီးကျယ်ဆုံးဖြစ်အောင် လုပ်ချင်လျှင်၊ အကောင်းဆုံးနည်းလမ်းမှာ အလစ်ကိုချောင်း၍ တိုက်ကွက်ထုတ်ခြင်းပင်။ 


သူမ ထောင့်မှာ အေးအေးဆေးဆေး ထိုင်နေသည်။ရောက်လာသည့် ဧည့်သည်တွေ အားလုံးက အဘိုးဝေ့နှင့် အဖေဝေ့ကို နှုတ်ဆက်နေကြကာ သူမကို ဘယ်သူမှ ဂရုမစိုက်။


ဝေ့ရွှယ်က အမေဝေ့ကို ဘာပြောမှန်း မသိသော်လည်း နှစ်ယောက်သား အမြန်ဝင်လာချိန်မှာ အမေဝေ့ သဘောထားက စုမုန့် အပေါ်မှာ ပိုဆိုးလာသယောင်ပင်။သူမ စုမုန့်နှင့် စကားပြောဖို့ ပြင်လိုက်သော်လည်း ဝေ့ရွှယ်က အချိန်မီ တားလိုက်သည်။


 " အမေ ဘယ်သူမှ မရှိမှ မေးပါလား"


 ထိုမှပင် အမေဝေ့ စုမုန့်ကို တစ်ချက် စိုက်ကြည့်ကာ အထဲသို့ ဝင်လာခဲ့သည်။


စုမုန့်သည် ဝေ့ရွှယ် နှုတ်ခမ်းလှုပ်သည်ကို ဖတ်ကြည့်ပြီး နားလည်လိုက်သည်။ ဘာလို့ ဘယ်သူမှမရှိတဲ့အထိ စောင့်ခိုင်တာလဲ....သူမ တွေးရင်း သူမနောက်ဆုံးအကြိမ် အရိုက်ခံရသည့် အဖြစ်အပျက်ကို သတိရနေမိသည်။


(အဘိုးဝေ့နှင့် တွေ့ပြီ)


ထိုအချိန်က ဝေ့ရွှယ်အား လက်စားချေချင်သော်လည်း၊ သူမ စိတ်ထဲမှာ ရှုပ်ထွေးနာကျည်းနေရ၏။သူမ ငယ်ငယ်ကတည်းက အရိုက်မခံရဖူးပေ။ ဆရာနှင့် ဆက်ဆံရေး ပြတ်တောက်သွားသည့်အချိန်အထိ၊ဆရာသည် ဒေါသထွက်လာလျှင်ပင် သူမကို မရိုက်နှက်ခဲ့။ 


စုမုန့် မျက်မှောင်ကြုတ်ကာ ဝေ့ရွှယ်ကို စိုက်ကြည့်မိရင်း စိတ်ထဲတွင် အတွေးစတစ်ချို့ ပေါ်လာရသည်။


နေ့လည်စာစားချိန်နီးနေလေပြီ။အိမ်အကူများသည် မီးဖိုချောင်သုံးပစ္စည်းများကို စတင်ပြင်ဆင်ကြသည်။ဝေ့မိသားစု၏ အိမ်ကြီးသည် အလွန်ကျယ်သဖြင့် အိမ်အကူနှင့် ဧည့်​သည်​​တွေ အချင်းချင်း ထိပ်တိုက်တွေ့သည်ဟူ၍ မရှိ။ကိုယ်စီ၊ကိုယ်ငှ အလုပ်ရှုပ်နေသော်လည်း စိတ်မရှုပ်စေပေ။


သူမ ဘာမှလုပ်စရာမရှိတာကြောင့် အဘိုးဝေ့ကို စိုက်ကြည့်နေမိသည်။ယခုအချိန်တွင် အဘိုးဝေ့ အနီးနားရှိ ဧည့်သည် ထက်ဝက်ကျော်ကို သူမ မသိပေ။‌ ဝေ့မိသားစုမှာ ရှိစဉ်တုန်းက အမေဝေ့က သူမကို အထင်အမြင်သေးပြီး ဝေ့မိသားစုကို အရှက်ရစေသည်ဟု ထင်မြင်ခဲ့၏။ထို့ကြောင့် အဘိုးဝေ့ အနားတွင်မရှိသရွေ့ ညစာစားပွဲရှိတိုင်း သူမကို လာခွင့်မပြုပေ။ တစ်ချိန်တည်းမှာပင် ဝေ့မိသားစုတွင် ချွေးမရှိနေသည့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပေ။ထို့ကြောင့်လည်း တူညီသည့်အသိုင်းအဝန်းထဲမှာပင် သူမကို မသိသူ များနေရခြင်းပင်။ 


အဘိုးဝေ့တို့ ပတ်ဝန်းကျင်မှာ လူတွေ များနေသည်။ သူမ အဘိုးဝေ့နှင့် လောလောဆယ် စကားပြော၍မရ၍  လှည့်ပတ်ကြည့်ရှုပြီး ဝေ့ထင်ကို ရှာလိုက်သော်လည်း မတွေ့ရသေးပေ။


ဝေ့ထင်က သူမကို ဝေ့မိသားစုထံ လာဖို့ အတင်းခေါ်လာခြင်းသာ။ယခုတော့ သူမကိုထားပြီး သူက ဘယ်သွားမှန်းမသိ။တစ်ကယ်တမ်းတွင်၊သူမသည် ဝေ့မိသားစု၏ အိမ်ကြီးနှင့် အလွန်ရင်းနှီးသည်။အစေခံများကလည်း သူမကို သိ​နေတာမို့ သူမကိုယ်​တိုင်​ သူ့ကို သွားရှာ၍ရသည်။သို့သော် ဝေ့မိသားစုနှင့် သူမ၏ဆက်ဆံရေးကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်သောကြောင့်  ယခုကစ၍ အတတ်နိုင်ဆုံး သူတို့ကို သူစိမ်းများအဖြစ်သာ ဆက်ဆံတော့မည်။ယခုလောလောဆယ် အဘိုးဝေ့နှင့်တွေ့ချင်သည်မှလွဲ၍၊အသိချင်ဆုံးက ကားမတော်တဆမှုပင်။ ဝေ့ထင် က သူ့မှာ ကားမတော်တဆမှုနှင့် ပတ်သက်ပြီး တိကျသည့် သဲလွန်စတွေ ရှိသည်ဟု ဆို၏။ဝေ့မိသားစုဆီ ပြန်လိုက်ပါက၊သူမကို ပြောပြမည်ဟု ဆိုသည်။သူမ မေးချင်နေပြီဖြစ်သော်လည်း ဝေ့ထင် ကို ရှာမတွေ့သဖြင့် ပိုစိတ်အနှောင့်အယှက်ဖြစ်ရသည်။


အိမ်အကူများသည် အလွန်လျင်မြန်စွာ လှုပ်ရှားနေကြသည်။မီးဖိုချောင်သုံး အစားအသောက် နှင့် အခြားပစ္စည်းများကို စီစဉ်ပေးထားပြီး သူတို့အားလုံး ထမင်းစားပွဲ၌ မတ်တပ်ရပ်ကာ အမိန့်ကို စောင့်နေကြသည်။


အမေဝေ့သည် အဘိုးဝေ့၏နံဘေးသို့ လှမ်းကာ တိုးတိုးလေးပြောသည်။အဘိုးဝေ့သည် ထိုစကားကိုကြားပြီးနောက် ပြန်မဖြေဘဲ ခေါင်းကိုမော့ပြီး ပတ်ပတ်လည်ကို ကြည့်သည်။


"ရှောင်မုန့် ဘယ်မှာလဲ…သူမကိုဘာလို့မတွေ့တာလဲ"


အမေဝေ့၏ မျက်နှာထား တင်းမာသွားသော်လည်း ချက်ချင်းပင် ပြောင်းလဲလိုက်၍ ပြုံးပြီး “အဖေ၊ ဒီမှာ ဧည့်သည်တွေ အများကြီးပဲ...သူမကို  ဂရုစိုက်နေစရာ မလိုပါဘူး…ဧည့်သည်တွေ ရောက်နေတာ ကြာပြီ...ထမင်းစားချိန်လည်းရောက်ပြီလေ... မဟုတ်ရင် ဧည့်သည်တွေကို ကောင်းကောင်းမဆက်ဆံဘူးဆိုပြီး ကျွန်မတို့အပြစ်ဖြစ်လိမ့်မယ်…စုမုန့် ကိစ္စအတွက် စိတ်မပူပါနဲ့…ရှောင်ရွှယ်လည်း ရှိနေတာကို ဘာတွေ စိတ်ပူနေလဲ...သူမက အဖေ့ကို ဘယ်တုန်းက စိတ်ပျက်စေလို့လဲ" 


အမေဝေ့က အဘိုးဝေ့ကို စုမုန့်လာကြောင်း မပြောချင်ပေ။သူမ စုမုန့် ဘက်သို့ လှည့်ကြည့်လိုက်သည်။ စုမုန့်လည်း သူမအား ကြည့်နေသဖြင့် တစ်ချက်စိုက်ကြည့်ကာ ဝေးဝေးမှာနေဖို့ အရိပ်အခြည်ပြလိုက်သည်။ 


 "ကောင်းပြီ...စကြရအောင်"  


အဘိုးဝေ့သည် စုမုန့်ကို စိတ်ထဲတွင် မြင်ချင်နေသော်လည်း ဧည့်သည်များရှိနေ၍ ဤကိစ္စကို အချိန်ရမှသာ နောက်ပိုင်းတွင် ဆွေးနွေးမည်ဟု တွေးမိသည်။


 ....


 တစ်ဖက်တွင် စုမုန့် သည် ဤနေရာရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့၍ အမေဝေ့ ဘာကို အရိပ်အခြည်ပြနေမှန်းရိပ်မိသည်။ သူမ အဘိုးဝေ့ကိုတွေ့မှာ အရမ်းကြောက်နေတာလား....သူမ ပြုံးလိုက််မိသည်။


သူမနှင့် ဝေ့ထင် တို့၏ လက်ထပ်ပွဲကို အဘိုးဝေ့ ကိုယ်တိုင်စီစဉ်ပေးခဲ့သည်။ထို့အပြင် သူမနှင့်ဝေ့ထင်ကြားတွင် မည်သူမှ ဝင်ရောက်မစွက်ဖက်ရရကြောင်း အဘိုးဝေ့ ပြောခဲ့သည်။အမေဝေ့က သူမတို့ကွာရှင်းမည့်ကိစ္စကို အဘိုးဝေ့အား သေချာမပြောထားခြင်းသာ။ထို့ကြောင့် အဘ်ိုးဝေ့ကို သူမ တွေ့မှာ အမေဝေ့ အလွန်ကြောက်နေခြင်းပင်။ အဘိုးဝေ့သိလျှင် ဒေါသဖြစ်မှာ သေချာသည်။ထို့ကြောင့်၊ သူမလည်း ချွေးမကောင်းပီပီ အမေဝေ့ မဖြစ်စေတာကိုဖြစ်အောင် လုပ်ဖို့ဆုံးဖြတ်လိုက်သည်။


စုမုန့် ပြုံးပြီး အဘိုးဝေ့ဆီ လျှောက်သွားသည်။ အဘိုးဝေ့က လှည့်ပတ်ကြည့်နေရင်း မတ်တပ်ရပ်နေသည့် သူမကို မြင်သွားရာ သူ့မျက်နှာသည် အပြုံးအရိပ်အယောင်များ ပေါ်လွင်ထင်ဟပ်နေသည်။သူက စုမုန့် ကို လက်ပြပြီး လှမ်းခေါ်၏။


"မိန်းကလေးမုန့်... ဒီရောက်နေတာလား...ဒီလူကြီးကိုမေ့သွားပြီထင်တယ်"


စုမုန့်က ပြုံးပြီး "မဟုတ်ပါဘူး...ကျွန်မ ဘယ်သူ့ကိုမဆို မေ့နိုင်ပေမယ့် အဘိုးကိုတော့ မေ့မှာမဟုတ်ပါဘူး"


“ဟဲဟဲ၊ မင်းက စကားပြောကောင်းတုန်းပဲ” အဘိုးဝေ့က ပြုံးပြီး ချီးမွမ်းကာ စုမုန့် မျက်နှာက သိပ်မကောင်းမှန်း မြင်လျှင် စိုးရိမ်ဟန်ဖြင့် မေးသည်။


 "မိန်းကလေး နေမကောင်းဘူးလား...ဘာလို့ဒီလောက်ဖြူဖပ်ဖြူလျော်ဖြစ်နေတာလဲ"


စုမုန့်က ပါးကို အသာအယာပုတ်ကြည့်ပြီး ပြုံးပြုံးကလေး ပြန်ပြောလိုက်လေသည်။


"မနေ့ညက အခန်းထဲမှာ ကြွက်ကြီးတစ်ကောင်  တွေ့လို့လေ အတင်းရိုက်နှက် ဖမ်းနေတာနဲ့ တစ်ညလုံး ကောင်းကောင်း မအိပ်ရတာပါ"



xxxxxx