အပိုင်း ၈၃
Viewers 11k

Chapter 83




ထိုစကားလုံးများကို အေးအေးဆေးဆေး ချရေးပြီးနောက် ကျုံးယို့ယို့သည် အင်တာနက်ပေါ်ရှိ လူတစ်စု၏ ပုတ်ခတ်ပြောဆိုမှုများနှင့် ငြင်းခုံမှုများကို ဂရုမစိုက်တော့ချေ။ သူမသည် ဖိုရမ်ကိုပိတ်ပြီး ပြိုင်ပွဲဝင်မေးခွန်းဘဏ်ကို ဖွင့်လိုက်သည်။ ထိုပို့စ်က သူမ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ သူမသည် စာရွက်ကြမ်းတစ်အုပ်ကိုထုတ်ပြီး စားပွဲပေါ် ချလိုက်သည်။ ဖြည့်စွက်စာတစ်ဗူးကိုလည်းချ၍ အင်္ကျီလက်များကိုဆွဲတင်ကာ ထိပ်တွင် ထွက်ပေါ်လာသည့် ပြိုင်ပွဲမေးခွန်းများရှိသည့် စခရင်ကို စူးစိုက်စွာဖြင့် စတင်ကြည့်လိုက်တော့၏။


ပဏာမအကျော့၏ ပထမနေ့သာရှိသေးသော်လည်း ပြိုင်ဆိုင်မှုက အလွန်ကိုပြင်းထန်နေပြီပင်။ သွေးလွှမ်းသောညဟု ခေါ်နိုင်သည်။


နေ့ခင်းဘက်တွင် ပြိုင်ပွဲ၀င်များသည် အတန်းများတက်ရောက်ရသောကြောင့် ညဘက်တွင်တော့ အွန်လိုင်းအထက်တန်းကျောင်း ကျောင်းသားဦးရေမှာ ငါးထောင်၊ခြောက်ထောင်မှ ၂၀၀၀၀ကျော်အထိ ရုတ်တရက် တိုးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆာဗာသည် လုံလုံလောက်လောက်ပင် အားကောင်းသည်။


လူများလာသည်နှင့်အတူ ပထမနေရာ၌ တည်တည်ငြိမ်ငြိမ်နှင့် မြဲမြဲမြံမြံရှိနေသော ထိုငနဲအား သဘာဝကျကျပင် လိုက်ကြည့်မိကြတော့သည်။


ထိုငနဲ၏နာမည်ပြောင်သည် အလွန်ပင်ကျပမ်းဆန်ပြီး QYXLP သည် မျက်နှာဖြင့် ကီးဘုတ်ထဲမှ လှိမ့်ထွက်လာလုနီးပါးပင်။ ထိုစာအတွဲလိုက်ဖြင့်နာမည်သည် ရှစ်ကျစ်ထန်၊ ကျန့်ကျီရိတို့နှင့် သက်ဆိုင်လောက်မည်ဟု ဖိုရမ်ပေါ်ရှိလူများက ခန့်မှန်းကြသည်။ နံပါတ်တစ်နတ်ဘုရားက မည်သူနည်း။ သို့သော် မှန်းဆခြင်းနှင့် ခန့်မှန်းခြင်းတို့သည် လေနောက် လိုက်ဖမ်းရသကဲ့သို့ပင်ဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ မည်သည့်သဲလွန်စမှ မရှိပေ။


ပရိုဂရမ်နှင့်ပတ်သက်သည့်ဖိုရမ်ပေါ်ရှိ လူကြိုက်များသော ပို့စ်အစဥ်လိုက်ကို ရှစ်ကျစ်ထန် မည်သို့မသိပဲ ရှိနိုင်မည်နည်း။ သူသည် နေ့ဘက်တွင် ကျောင်းသွားတက်ပြီး အတန်းပြီးနောက်လည်း မေးခွန်းများကိုသာ လုပ်နေခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်မှုရှိ၍ ထိုသို့လုပ်ခဲ့ခြင်းပင်။ သို့သော်လည်း သူ ဘယ်တုန်းကမှ မမျှော်လင့်ထားမိသည်က ရှုပ်ထွေးနေသည့်စာလုံးအတွဲလိုက်ကို နာမည်ပြောင်မှည့်ထားသည့် တစ်စုံတစ်ယောက်၏ နင်းခြေခြင်းကို ခံရလိမ့်မည်ဟုပင်။ 


မူလကတော့ နေ့ခင်းဘက်တွင် နှစ်ယောက်သားသည် ထိုသူက သူ့ကို အမှီလိုက်နေသည့် အကွာအဝေးတွင် ရှိနေဆဲဖြစ်သော်လည်း ယခုမူ ထိုသူက အကြောင်းပြချက်တချို့ကြောင့် ရုတ်တရက် ရူးသွပ်သွားဟန်ရှိ၏။ သူရေးသည့်မေးခွန်းအရေအတွက်က ရုတ်တရက် သိသိသာသာ တိုးလာပြီး ရှစ်ကျစ်ထန်နှင့်ချက်ချင်း အရေအတွက်ကွာသွားသည်ကို အဆင့်သတ်မှတ်ချက်များက ပြသနေလေသည်။


ရှစ်ကျစ်ထန်သည် အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူ့လက်ဖဝါးပေါ် ချွေးအနည်းငယ် မထွက်ဘဲ မနေနိုင်တော့ပေ။ သူသည် ညာဘက်အပေါ်ထောင့်ရှိ leader boardကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ထိုလူရေးသည့်မေးခွန်းအရေအတွက်က လျင်မြန်စွာပြောင်းလဲသွားပြီး ၎င်းက ကြောက်စရာကောင်းလှသည့်ပမာဏဖြစ်ကာ အထက်တန်းကျောင်းသားတစ်ယောက်တွင် မရှိနိုင်လောက်သည့် အမြန်နှုန်းဖြင့်ပင်။


ပို့စ်ထဲတွင် သူက ပထမနေရာမှာ ရှိနေသည့်သူလားဟု ဆွေးနွေးနေကြသော်လည်း တကယ်တမ်းက သူမဟုတ်ချေ။


ပထမနေရာရှိထိုလူသည် အမှန်တကယ်ပင် အားကောင်းလှသည်။


ပထမဦးဆုံးအကြိမ်အဖြစ် ရှစ်ကျစ်ထန်သည် အောက်ခြေထိ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရခြင်းအတွက် စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသည်။ သူက နံပါတ်တစ်‌နေရာရှိလူကို စိုက်ကြည့်ရင်း ဖိုရမ်ကို ဂရုမစိုက်တော့ဘဲ သူ့ကိုယ်သူ မေးခွန်းတွေထဲ ပြန်လည်နှစ်မြှုပ်ထားလိုက်တော့သည်။ 


ရလဒ်အနေဖြင့်၊ ဖိုရမ်ပေါ်ရှိ ပရိသတ်များသည် ဒုတိယအဆင့်မှလူသည် စိတ်လှုပ်ရှားမှုအချို့ကို ရရှိလိုက်သကဲ့သို့ ပထမနေရာနောက်ကို အမှီ‌လိုက်နေပြီး မေးခွန်းအရေအတွက်က ချက်ချင်းတိုးလာသည်ကို မြင်သွားကြ၏။


"သေစမ်း ဒီလူနှစ်ယောက်က ဘယ်လိုမွန်းစတားမျိုးတွေလဲ ဒီလိုခက်ခဲပြီး မူမမှန်တဲ့ ပြိုင်ပွဲမေးခွန်းတွေကို ဖြေရှင်းဖို့က အချိန်ယူရဦးမှာ မဟုတ်ဘူးလား ဘယ်လိုတောင်မြန်နေကြတာလဲ"


ပြီးတော့ ပထမအဆင့်တွင်ရှိသည့် နတ်ဘုရားက ဒုတိယနေရာမှလူ သူ့ကို အမှီလိုက်နေတာကို သတိပြုမိသွားပုံရပြီး ရုတ်တရက် မေးခွန်းဖြေရှင်းသည့်အရှိန်က နောက်တစ်ဆင့် ထပ်တိုးလာတော့သည်။


ထိုအခိုက်အတန့်လေးအတွင်းမှာပင် သူတို့နှစ်ဦးသည် သေလောက်အောင်မြန်နေကြပြီး နာရီဝက်အတွင်း ပြိုင်ပွဲဝင် ၁၀၀၀၀ကျော်ကို နောက်တွင်ချန်ရစ်ထားခဲ့ကြကာ ကျော်လွှား၍မရနိုင်‌သောအကွာအဝေးကို ရောက်သွားကြသည်။


ပထမနေရာက စုစည်းထားသောမေးခွန်းအရေအတွက်မှာ ၂၅၃ဖြစ်ပြီး၊ ၎င်းသည် လက်ရှိ ပြည်နယ်အဆင့်တစ်ဆယ်ထက် ၈၁ခု ပိုများ၍ သုံးဆနီးပါးကွာသည်။


ပဏာမအကျော့ အချိန်စုစုပေါင်း၏ ခုနစ်ပုံတစ်ပုံသည် မကျော်လွန်သေးသော်လည်း ပထမနေရာသည် ဤမျှမြင့်မားသောလယ်ဗယ်သို့ ရောက်ရှိနေပြီဖြစ်သည်။  မည်မျှကြောက်စရာကောင်းသည့် ဦးနှောက်အမြန်နှုန်းနှင့် လက်အမြန်နှုန်းဖြစ်သနည်း။


လူတိုင်း အံသြသွားကြပြီး ဂိမ်းကစားသည့် ကောင်လေးတော်တော်များများကပင် ပြိုင်ပွဲကို လာမကြည့်ဘဲ မနေနိုင်ခဲ့ကြ‌ချေ။ သူတို့သည် ဖျတ်ခနဲသာပေါ်လာရသည့် ပြိုင်ပွဲမေးခွန်းများကို နားမလည်နိုင်သော်လည်း၊ ၎င်းသည် မမျှော်လင့်ဘဲ ခြေစစ်ပွဲထက် ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။


ရိုးရိုးသားသားပြောရလျှင် ပထမနေရာနှင့် ဒုတိယနေရာရှိလူနှစ်ယောက်သည်  Z မြို့မှ ရှစ်ကျစ်ထန်နှင့် A မြို့မှ ကျန့်ကျီရိတို့ ဖြစ်လောက်သည်ဟု သူတို့ခန့်မှန်းထားကြ၏။ ဤနှစ်များတွင် သူတို့၏သက်ဆိုင်ရာမြို့များ၌ နံပါတ်တစ်ရထားကြသည့် ထိုနှစ်ယောက်ကလွဲလျှင် မည်သူက အရမ်းကိုအံ့ဖွယ်ကောင်းမည်လဲ။


ခဏတာလေးမှာပင် ဖိုရမ်က ထိုလူနှစ်ယောက်ကို မည်သူမည်ဝါဖြစ်ကြာင်း ခန့်မှန်းဖော်ထုတ်ခဲ့ကြပြီး စတင်လောင်းကြေးထပ်ကြတော့သည်။ အဆုံးတွင် မည်သူက ပထမနေရာကို ရယူနိုင်မည်နည်း။


တစ်ချိန်တည်းမှာပင် ကျန့်ကျီရိသည် သူ့နှာခေါင်းဖျားလေးများမှ ချွေးစိမ့်ထွက်နေသည်။


'မဟုတ်ဘူး၊ သူက ပထမနေရာကလူ မဟုတ်ဘူး။ဒုတိယတောင်မှမဟုတ်တာကို၊ သူက အခုအချိန်မှာ တတိယနေရာကတစ်ယောက်လေ။ ဘာဖြစ်သွားတာလဲ။'သူမယုံကြည်နိုင်ပါချေ! သူ့တွင် မြင့်မားသည့် IQရှိပြီး ငယ်စဉ်ကတည်းက ပြိုင်ပွဲများတွင် စွမ်းဆောင်နိုင်ခဲ့သည့်သူပင်။ ဤပဏာမပြိုင်ပွဲတွင် ပါဝင်ရန် စခရင်ကို မဖွင့်မီတွင် စည်းမျဉ်းများကို နားလည်ရန်ပင် အပင်ပန်းခံခဲ့ခြင်းမရှိပေ။ တစ်ခုခုမှားယွင်းခြင်းသာမရှိခဲ့လျှင် နောက်ဆုံးမှာ ပြည်နယ်ပထမအဆင့်ရမည်က သေချာသလောက်ပင်။


သို့သော် ၎င်းအဖြစ်အပျက်ကိုတော့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ ဤနေ့တစ်နေ့လုံးက ရိုးရိုးရှင်းရှင်းပင် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတစ်ခုသာ။သူသည် စိတ်ကြီး၀င်ခြင်းမှ ထိတ်လန့်ခြင်းသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ ဘာဖြစ်သွားသည်လဲ။ သူ့အထက်တွင် တကယ်ပင်လူနှစ်ယောက်ရှိနေသည်။ ၎င်းက မဖြစ်နိုင်ပါချေ။


သူသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ပြေးနေသော်လည်း သူမည်မျှပင်ကြိုးစားပါစေ ဦးနှောက်ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် သူ၏ဦးနှောက်သည် သိသိသာသာပင် တစစ်စစ်ဖြစ်နေပြီး တတိယနေရာတွင်သာ ရှိနေရဆဲပင်။


သူသည် ပထမနေရာမှ လူကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ ထိုလူသည် မေးခွန်းများကို အလွန်လျင်မြန်စွာ ဖြေဆိုခဲ့ပြီး စုစုပေါင်း ပမာဏသည် သူ၏လက်ရှိပမာဏနှင့် အတော်ကွာနေသည်။ ထိုသို့သောလူက ပြည်နယ်ထဲတွင် ဘယ်အချိန်ပေါ်လာခဲ့သနည်း။ သူ ထိူလူကို တစ်ခါမှမတွေ့ဖူးချေ!


ထိုလူက ရှစ်ကျစ်ထန်မဟုတ်သည်မှာ သေချာ၏။


ထိပ်ဆုံးသို့ရောက်ရှိသွားသော ဤထိပ်တန်းကျောင်းသားများသည် ဟိုးအရင်တုန်းက ရှစ်ကျစ်ထန်နှင့် အမှန်တကယ်ပင် ယှဉ်ပြိုင်ကစားခဲ့ကြဖူးသည်။ ရှစ်ကျစ်ထန်အား သူ၏နားလည်မှုအပေါ် အခြေခံရလျှင် သူ(ရှစ်ကျစ်ထန်)သည် အလွန်တည်ငြိမ်သည့်သူဖြစ်သည်။ သေချာပေါက် ဤမျှအပြောင်းအလဲမြန်မည် မဟုတ်ချေ။ သန့်စင်ခန်းသွားခြင်း သို့မဟုတ် ဂိမ်းဆော့နေသကဲ့သို့ မေးခွန်းများစွာသည် ရုတ်တရက်အေးခဲသွားတတ်ပြီး သတိပြန်လည်လာသကဲ့သို့ ရုတ်တရက် ပြန်ခုန်တက်လာကာ မေးခွန်းအနည်းငယ်ကို အမြန်ဖြေရှင်းလိုက်ပြန်သည်။


ရှစ်ကျစ်ထန်သည် အမြဲတမ်း တည်ငြိမ်စွာနှင့် အနိုင်ရရန် ကြိုးပမ်းနေတတ်သည်။ ဤလူ၏ ၀င့်ကြွားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးသောပုံစံသည် ရှစ်ကျစ်ထန်နှင့် အခြေခံအားဖြင့် ကွဲပြားသည်။


ဒါဆို မည်သူဖြစ်မည်လဲ။


ဖိုရမ်တစ်ခုလုံး ရှော့ခ်ရသွားပြီး သွေးလွှမ်းသွားတော့သည်။ ပဏာမပြိုင်ပွဲ ပထမနေ့တွင် အခြေခံအားဖြင့် ထိုကိစ္စကိုစိတ်၀င်စားကြသည့် ပြည်နယ်တစ်ခုလုံးမှ လူများသည် ဖိုရမ်တွင်စုရုံးကာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးခဲ့ကြသည်။သူတို့၏အာရုံသည် ထိပ်ဆုံးတွင် သေခြင်း၊ရှင်ခြင်းအတွက် တိုက်ပွဲဝင်နေသော ညီအစ်ကိုသုံးယောက်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။


ဟုတ်ပေသည်၊ အချို့သူတွေက သူတို့၏သူငယ်ချင်းတွေနှင့် အတန်းဖော်တွေ၏ လက်ရှိအဆင့်နေရာကို အာရုံစိုက်နေကြသော်လည်း ဤတစ်ကြိမ်တွင် ဆန်ခါတင်စာရင်းဝင်သွားရန် အခွင့်အရေးက တကယ့်ကို နည်းပါးလွန်း၏။ လူ ၂၀၀၀၀-၃၀၀၀၀ တွင် ၁၀ယောက်သာ နိုင်ငံအဆင့်ဆီမီးဖိုင်နယ်သို့ ဝင်ရောက်နိုင်မည်ကို သင်သိရမည်ပင်။ ထီပေါက်သည်ထက် ဤဖြစ်နိုင်ခြေက ပို၍ခက်ခဲမှာစိုးရသည်။ သူတို့ ထီကိုသာ ထိုးလိုက်သင့်၏။


ထို့ကြောင့် အပေါ်ဘက်ရှိ ပြိုင်ဆိုင်မှုသည် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပို၍စိတ်၀င်စားဖွယ်သည်။


တကယ်တော့ ရန်ကျီအန်းနှင့် ရွှီ‌ရှောင်ယွဲ့တို့လည်း ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည်။


ရန်ကျီအန်းသည် ယခင်က မြို့နယ်ပြိုင်ပွဲတွင် နေရာကောင်းတစ်ခုရရှိခဲ့သောကြောင့် ပဏာမအဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း ရွှီရှောင်ယွဲ့သည် သူမအတန်းထဲရှိလူများကို မပြောဘဲ လျှို့ဝှက်စွာဖြင့် audition ထဲတွင် ပါဝင်ခဲ့သည်။ သူမသည် သိပ္ပံဘာသာတွင် အမှတ်ကောင်းသည်ဟု ထင်သောကြောင့် ပါ၀င်ခဲ့သော်လည်း ပြောရန်ရှက်မိသည်က လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင် သူမသည် တိုက်ရိုက် အဆင့်တက်နိုင်သည့် မည်သည့်ပြိုင်ပွဲကိုမှ အောင်မြင်ခဲ့ခြင်းမရှိပေ။


ကျုံးယို့ယို့ကဲ့သို့ပင် ရန်ကျီအန်းသည် နေ့ခင်းဘက်တွင် ပုံမှန်အတိုင်း ကျောင်းတက်ခဲ့သည်။ ဟုတ်ပေ၏၊ သူ့တွင် ယှဉ်ပြိုင်လိုသည့် ဆန္ဒရှိသော်လည်း သူ၏လုပ်နိုင်စွမ်းကိုတော့ ခန့်မှန်းနိုင်သေးသည်။ မျှော်လင့်ချက်ကင်းမဲ့ပြီး အဆင့်တိုးတက်မှုနှောင့်နှေးစေသည့် အရာတစ်ခုကို လောင်းကြေးထပ်ရန် ခုနစ်ရက်ကြာ အချိန်ဖြုန်းမည့်အစား ရိုးရိုးသားသားနှင့် ကျောင်းတက်သည်က ပိုကောင်းလေသည်။နောက်ဆုံးတွင်တော့ လူအများစုသည် အောင်မြင်မှုအုတ်တံခါးကိုခေါက်ရန် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရဆဲပင်။


သို့သော်ငြား ရွှီရှောင်ယွဲ့ကတော့ မတူပါချေ။ သူမသည် ပို၍ အစွန်းရောက်သည်။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန်အလို့ငှာ နေမကောင်းသောကြောင့် ခွင့်ရက် နှစ်ရက်တင်မည်ဟု သူမက သွားပြောခဲ့သည်။ သူမသည် အနည်းငယ်သတိကြီးကြောင်း လီသုန်းဖျင်သိသော်လည်း အခြားအထက်တန်းကျောင်းသူလေးများကဲ့သို့ ရက်ရက်ရောရော ခွင့်ပေးလိုက်ဆဲဖြစ်ပြီး ၎င်းတို့ကို လုပ်ချင်ရာလုပ်ခွင့်ပေးကာ လူငယ်ဘဝ၏နောက်ဆုံးအချိန်များတွင် လုပ်ချင်ရာလုပ်လိုသည့်အရာကို ခွင့်ပြုလိုက်ဆဲဖြစ်သည်။


သို့သော် ယခုအခိုက်အတန့်တွင် ရွှီရှောင်ယွဲ့သည် အလွန်စိုးရိမ်နေသဖြင့် ငိုကြွေးလုမတတ်ဖြစ်နေပြီး ကြက်သီးမွေးညင်းများ ထသွားရသည်။ ဤမျှအံ့ဖွယ်ကောင်းသောသူ မည်ကဲ့သို့ ရှိလာသနည်း ။သူမသည် ညာဘက်အပေါ်ထောင့်ရှိ သူမ၏ အဆင့်သတ်မှတ်ချက်ကို ကြည့်ရင်း မေးခွန်းများကို အလျင်အမြန် ဖြေဆိုလိုက်သည်။ သူမ တကယ်ကြီး အဆင့်တစ်ထောင်ကျော် ဖြစ်နေသည်လေ။ ခဏအကြာတွင် သူမသည် နေရာအနည်းငယ်၌ အခက်တွေ့သွားရသည်။


ထို့ကြောင့် သူမသည် အလျင်စလိုဖြင့် မောက်စ်ကိုကိုင်၍ leader boardကို ဆွဲချကာ မေးခွန်းများဖတ်နေပြီးနောက် ခဏအကြာ သူမ၏အဆင့်သည် သူမအမြင်နယ်ပယ်၏ အလယ်ဗဟိုတွင်သာဖြစ်ကြောင်း သေချာစေရန်အတွက် မျက်၀န်းများကို ပွတ်သပ်လိုက်သည်။


ရလဒ်အနေနှင့် သူမ အရမ်းထိတ်လန့်သွားရ၏။ သူမသည် အဆင့် ၁၈၀၀ ကျော်အထိ ကျသွားခဲ့သည်။ ရွှီရှောင်ယွဲ့၏နှာခေါင်းသည် သေလောက်အောင်ချဉ်သွားတော့သည်။


ထိုအချိန် အိပ်ခန်းတံခါး နှစ်ချက်ခေါက်သံကြားလိုက်ရပြီး ရွှီမာမားဝင်လာသည်။ "ရှောင်ယွဲ့ နို့တစ်ခွက်လောက်သောက်လိုက်ဦး"


ရွှီရှောင်ယွဲ့သည် သူမ၏မျက်၀န်းထောင့်မှ မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ပြီး "သမီး စာကျက်နေတာကို မြင်ရဲ့လား?  အရင်ထွက်သွားပေး"ဟု စိတ်မရှည်လက်ရှည်ဖြင့် ပြောလိုက်မိသည်။


ရွှီမာမားသည် ကူကယ်ရာမဲ့ဖြစ်သွားပြီး နို့ကိုချ၍ အပြင်သို့ ထွက်သွားသည်။ ရွှီမိသားစုသည် ချမ်းသာသည်ဆိုသောအဆင့်အတန်းနှင့် အထက်ဟု ယူဆ၍ရသော်လည်း ရွှီရှောင်ယွဲ့အပေါ်တွင် ထိုကဲ့သို့ မြင့်မားသောတောင်းဆိုမှုများ မရှိပါချေ။ ရွှီရှောင်ယွဲ့ကသာ မာနကြီးပြီး သူမကိုယ်သူမ ပြင်းပြင်းထန်ထန် တွန်းအားပေးနေသည့်သူဖြစ်လေသည်။


သို့သော် မာနကြီးပြီး နိမ့်ကျနေချိန် သူမတွင် လက်တွေ့မကျသည့် အိပ်မက်တွေ အမြဲလိုလိုရှိနေ၏။ ဤသည်က တကယ့်ကို ဝမ်းနည်းစရာပင်။


အလုံးစုံအဆင့်သတ်မှတ်ချက်များ၌ ပထမနေရာသည် အလွန့်အလွန်မြင့်မားပြီး ရှေ့မှ ဦးဆောင်နေသည်။ ၎င်းသည် သဘာဝကျကျပင် မျက်စိဖမ်းစားနိုင်လှသည်။ နောက်ခံတွင် သူငယ်ချင်းများထည့်ရန် သင် တောင်းဆို၍ရပြီး သူငယ်ချင်းတစ်ဦးကို ထည့်လိုက်သည်နှင့် ၎င်းကို ကြေညာချက်ကော်လံတွင် ပြသမည်ဖြစ်သည်။ ထို့ကြောင့်၊ ဖိုရမ်တစ်ခုလုံးရှိ လူတိုင်းသည် notice boardပေါ်တွင် မကြာခဏ ကြေညာချက်များပေါ်လာတတ်သည်ကို တွေ့နိုင်သည်။


"QYXLP" မှ "၀မ်နွမ်နွမ်"၏ သူငယ်ချင်းလျှောက်လွှာကို ပယ်ချလိုက်သည်၊, "QYXLP" မှ VA ၏ သူငယ်ချင်းလျှောက်လွှာကို ပယ်ချလိုက်သည်၊ "QYXLP" မှ "ယွဲ့ယုံ" ၏ သူငယ်ချင်းလျှောက်လွှာကို ပယ်ချခဲ့သည်၊ "QYXLP" မှ ပယ်ချခဲ့သည်........ 


"F***၊ နတ်ဘုရားက အရမ်းကိုအေးစက်တယ် ၀မ်နွမ်နွမ်က ကျန့်ကျီရိရဲ့ကျောင်းသူလေး မဟုတ်လား၊ အဲဒါ လှလှလေးနဲ့တစ်ယောက်လေ သူက တကယ်ကို ငြင်းလိုက်တာလား"


"ဒါဆို ဒီနတ်ဘုရားက ကျန့်ကျီရိမဖြစ်နိုင်ဘူးမလား ကျန့်ကျီရိက အဲဒီကျောင်းပန်းလေးကို ကြိုက်တယ်ဆိုတာ မင်းတို့ မကြားမိကြဘူးလား အဲ့ဒါ ရှစ်ကျစ်ထန်ဖြစ်နိုင်တယ် ဒါပေမယ့် ရှစ်ကျစ်ထန်ရဲ့ကျောင်းက လူတော်တော်များများလည်း ကြီးမြတ်တဲ့နတ်ဘုရားရဲ့ သူငယ်ချင်းအဖြစ်ထည့်ဖို့ သွားတောင်းဆိုခဲ့ကြပေမယ့် သူငြင်းခဲ့တယ်လေ"


မိနစ်တိုင်း သူငယ်ချင်းအဖြစ်ထည့်ရန် အနည်းဆုံး လူတစ်ဒါဇင်လောက် လာတောင်းဆိုကြပြီး ဝမ်းနည်းကြေကွဲကြရ၏။ ကြီးမြတ်သောနတ်ဘုရားသည် မကြာခဏဆိုသလို ပေါ်လာသော မက်ဆေ့ချ်များကို မြင်သောအခါ၊ သူသည် တစ်ခုပြီးတစ်ခု ငြင်းဆိုလိမ့်မည်ဖြစ်ပြီး မေးခွန်းများကို ဂရုတစိုက်ဖြင့် ပြန်လည် ဖြေဆိုပေရမည်။ ဤအရှိန်က အရမ်းမြန်လွန်း၏။


........


ရွှီရှောင်ယွဲ့သည် မေးခွန်းများဖြေဆိုနေသည့်အချိန်အတောအတွင်း ပြိုလဲလုနီးပါးဖြစ်ခဲ့ပြီး နောက်ဆုံးတွင် သူမသည် လက်များကိုရပ်တန့်ကာ ထိပ်ဆုံးတွင်ရှိနေပြီး လူတိုင်းကို နင်းခြေနေသည့် နတ်ဘုရားကို တစ်ချက်ကြည့်လိုက်သည်။ အကြောင်းပြချက်မရှိဘဲ၊ ဤလူ့ထံတွင် "အထီးကျန်ရခြင်းက မယုံကြည်နိုင်စရာ"ဟူသော ရောင်ဝါရှိသည်ဟု သူမခံစားရသည်။


သူမသည် ပြိုင်ပွဲမေးခွန်း၏ အခက်အခဲကိုလည်း တွက်ချက်ခဲ့သည်။သူမ မေးခွန်းတစ်ခုဖြေဆိုတိုင်း၊ ဤလူသည် မေးခွန်းရှစ်ခုကို ဖြေဆိုနိုင်သည်။' ဒါဆို သူမ ဒီလူနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။' မီးဖိုထဲပြန်ဝင်ပြီး အသစ်ပြန်လုပ်လျှင်ပင် ဤနတ်ဘုရားနှင့် မယှဉ်နိုင်ချေ။


ရွှီရှောင်ယွဲ့သည် ကြီးမြတ်သောနတ်ဘုရား၏ မေးခွန်းဖြေဆိုခြင်းမဟာဗျူဟာကို လေ့လာသည့် ဖိုရမ်ပေါ်ရှိ ပို့စ်အချို့ကို ကြည့်ရှုခဲ့သော်လည်း သူမတွင် ထိုကဲ့သို့သော မြင့်မားသည့်IQ သာရှိလျှင် သူမသည်လည်း ဖြေဆိုနိုင်မည်လားဟု တွေးမိပြီး နတ်ဘုရားကို အနည်းငယ်သဘောကျမိသည်။


ဖိုရမ်သည် ဤကြီးမြတ်သောဘုရား၏ အစစ်အမှန် အထောက်အထားကို မသိရသေးသော်လည်း ရွှီရှောင်ယွဲ့သည်တော့ သူ့ကို အလွန်ကိုးကွယ်နေမိပြီဖြစ်သည်။ ရွှီရှောင်ယွဲ့သည် သဘောကျစိတ်ကို မထိန်းသိမ်းနိုင်ဘဲ လေးစားစိတ်ဖြင့် နတ်ဘုရားကို တိတ်တဆိတ်  သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုလွှာ ပေးပို့ခဲ့သည်။


ဟုတ်ပေသည်၊ ကြီးမြတ်သောနတ်ဘုရားက သူမကို ပေါင်းထည့်ရန်တော့ မမျှော်လင့်ထားပါပေ။


ကျုံးယို့ယို့သည် မေးခွန်းများကြားတွင် နစ်မြုပ်နေပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုလွှာများစွာက အဘယ်ကြောင့် ပေါ်လာရသနည်း။ ထိုသို့ဆက်ဖြစ်နေပါက အရာအားလုံးကို ရိုးရိုးရှင်းရှင်းပင် သူမပိတ်ဆို့လိုက်မည်ဖြစ်သည်။


သို့သော် ရေဖန်ခွက်ကိုကိုင်ထားသည့် လက်က ရုတ်တရက်ရပ်သွားရ၏။ ဘာဖြစ်သွားသည်လဲ။ ရွှီရှောင်ယွဲ့ကလည်း သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုလွှာကို ပို့လာသည်။ ရွှီရှောင်ယွဲ့သည် ပြိုင်ပွဲတွင်ပါဝင်ရန် သူမ၏အမည်ရင်းကို အမှန်တကယ်အသုံးပြုခဲ့သည်လား။သတိကြီးကြီးနှင့် တွေးကြောက်တတ်သည့်သူ ဘယ်ရောက်သွားသည်လဲ။


ကျုံးယို့ယို့ ပြုံးပြီး ရေသောက်လိုက်သည်။ခွက်ကိုချလိုက်ပြီးနောက် လက်တုန်သွားရ၏။ သူမသည် မောက်စ်ကိုရွှေ့ပြီး သဘောတူသည်ကို နှိပ်လိုက်သည်။


ရွှီရှောင်ယွဲ့ : "..."


ရွှီရှောင်ယွဲ့သည် စိတ်ပိုင်းဆိုင်ရာ လုံးဝမပြင်ဆင်ထားပေ။ ဤကြီးမြတ်‌သောနတ်ဘုရားသည် သူငယ်ချင်းအဖြစ်ပေါင်းထည့်ရန် သဘောတူလိုက်လိမ့်မည်ဟု သူမတကယ်မထင်ထားခဲ့ပေ။အကြောင်းရင်းသည်တော့ ဤကြီးမြတ်သောနတ်ဘုရားသည် လူများစွာကို ငြင်းပယ်ခဲ့ပြီး၊ ထောင်ဂဏန်းမကျော်လျှင်ပင်  ရာဂဏန်းအများအပြားရှိသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ သူမ မည်သည်ကို မြင်လိုက်ရသနည်း။


သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုလွှာကို confirmလုပ်လိုက်ပြီလား?!! ရသွားသည်လား? အား အား အား အား ရသွားပြီ!


ရွှီရှောင်ယွဲ့ ခုန်ပေါက်မိလိုက်သောကြောင့် စားပွဲခုံကို ဒူးနှင့်တိုက်မိသွားပြီး အော်ဟစ်၍ ထိုင်ချလိုက်ရသည်။ သို့သော် ဤအရာက သူမ၏နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုကို လုံးဝမတားဆီးနိုင်ခဲ့ပေ။သူမသည် အမြန်ထရပ်၍ ကွန်ပြူတာဖန်သားပြင်သို့သွားကာ နံပါတ်တစ်ဘော့စ်ထံ မက်ဆေ့ချ်ပို့လိုက်သည်။ 


"ကြီးမြတ်တဲ့နတ်ဘုရား နင် ငါ့ကို တကယ်ကြီး သူငယ်ချင်းအဖြစ်ထည့်လိုက်တယ်"


ပြိုင်ပွဲမစခင် ပြန်လည်သုံးသပ်ချိန်အတွင်း၌ ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ခံစားချက်များ တိုးမြင့်လာစေရန် အချင်းချင်း စကားပြောဆိုခွင့်ရှိသည်။ ဟုတ်ပေသည်၊ ဖြေဆိုပြီးသားမေးခွန်းတွေကိုလည်း ဆွေးနွေးနိုင်၏။ ၎င်းသည် ကစားသမားများအား တည်ငြိမ်စေရန်နှင့် အပြန်အလှန်ဆက်သွယ်မှုကို ချဲ့ထွင်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။


ကျုံးယို့ယို့သည် ဒိုင်ယာလော့ခ်boxပေါ်တွင် ပေါ်လာသည့် အာမေဍိတ်အတွဲလိုက်ကိုကြည့်ကာ နဖူးကိုကိုင်ရင်း ဆွံ့အသွားရသည်။ သူမ သူ့ကို ဘာကြောင့် သူငယ်ချင်းအဖြစ် ထည့်လိုက်ရတာလဲ။


သူမသည် ရွှီရှောင်ယွဲ့ကို လျစ်လျူရှုလိုက်ပြီး chatbox ကိုပိတ်၍ သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုလွှာအားလုံးကို ပိတ်ဆို့ကာ မေးခွန်းများ ဆက်လက်ဖြေဆိုခဲ့သည်။


သို့သော် ကြီးမြတ်သည့်နတ်ဘုရား၏replyကို အချိန်အကြာကြီးစောင့်ပြီး မရခဲ့ဘူးဆိုလျှင်ပင် ရွှီရှောင်ယွဲ့သည် အရမ်းစိတ်လှုပ်ရှားလွန်း၍ အော်ဟစ်ချင်နေမိသည်။ 'သူမ ဘယ်လောက်တောင်ကံကောင်းလိုက်လဲ။ ကြီးမြတ်တဲ့နတ်ဘုရားက လူတော်တော်များများကို ငြင်းပယ်ပြီး သူမတစ်ယောက်တည်းကို လက်ခံလိုက်တယ်။ ! ခဏလေး သူမက သူမရဲ့နာမည်အရင်းကို သုံးထားတယ်။ကြီးမြတ်တဲ့နတ်ဘုရားက သူမကို‌ သေချာပေါက်သိတဲ့လူဖြစ်ပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်တဲ့အတွက် သူမကို သူငယ်ချင်းအဖြစ် ထည့်လိုက်တာပဲဖြစ်ရမယ်။'


ဤသည်ကိုတွေးမိတော့ ရွှီရှောင်ယွဲ့သည် မိန်းကလေးဆန်သည့် နွေဦးလေပြေလေးကို ဖော်ထုတ်လိုက်တော့သည်။ ပြိုင်ပွဲမေးခွန်းများကို ဆက်လက်ဖတ်ရှုရန် မေ့လုနီးပါးဖြစ်သွားပြီး ကွန်ပြူတာစားပွဲခုံတွင်ထိုင်ကာ chatbox ကိုကြည့်ရင်း သူမ ပြုံးမိနေခဲ့လေသည်။


ဖိုရမ်တွေအားလုံးက ပွက်ပွက်ဆူနေပြီဖြစ်သည်။ 'အခြေအနေက ဘယ်လိုကြီးလဲ။ ကြီးမြတ်တဲ့နတ်ဘုရားက ဂိမ်းအလယ်မှာ ဒီညီမလေးကို ကျီစားဖို့ ထွက်လာပြီး သူ့အားလပ်ချိန်တွေကို တကယ်သုံးခဲ့တာလား။ 


လူများစွာကိုတော့ ငြင်းပယ်လိုက်ပြီး ဒီမိန်းကလေးရဲ့ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုလွှာကိုတော့ အမှန်တကယ် လက်ခံခဲ့တယ်။ ဒီမိန်းကလေးရွှီရှောင်ယွဲ့က ဘယ်သူလဲ။'


QYXLP ၏လက်ဆောင်ကို ကျေးဇူးတင်ရမည်၊ရွှီရှောင်ယွဲ့သည် ဤညတွင် အမှန်တကယ်ကို ရေပန်းစားသွားခဲ့သည်။