အပိုင်း ၈၄
Viewers 11k

Chapter 84



ပြင်းထန်သောပြိုင်ဆိုင်မှုသည် ည ၁၁ နာရီအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။


'မနက်ဖြန် ကျောင်းသွားဖို့ စောစောထရမယ်။' ကျုံးယို့ယို့သည် အနည်းငယ်အိပ်ငိုက်နေပြီဖြစ်ပြီး မေးခွန်းရေးသည့်အရှိန်က အနည်းငယ်နှေးကျသွား၏။ ဟုတ်ပေသည်၊ သူမသည် ယခုချိန်ထိ ထိပ်ဆုံး၌ရှိနေဆဲဖြစ်ပြီး မေးခွန်းပေါင်း ၂၈၅ ခုနှင့် ဦးဆောင်နေသည်။ ဒုတိယနေရာရှိ "Time Machines" သည် ဖြေဆိုထားသည့် မေးခွန်း ၂၀၃ ခုကို ပြသနေသည်။ မေးခွန်း ၁၇၃ခုသာ ဖြေဆိုထားသည့် တတိယနေရာရှိ 'DJ'ကိုတော့ ထည့်ပြောစရာပင်မလိုအပ်ချေ။


ထိုလူသုံးယောက်အောက်ရှိ တခြားလူတွေသည်တော့ တုံးအနည်းငယ်ပစ်ချပြီး ခြားထားသကဲ့သို့ဖြစ်နေလေသည်။


ကျုံးယို့ယို့သည် စာဆက်မရေးတော့ဘဲ စခရင်ကိုကြည့်၍ အကြမ်းဖျင်း တွက်ချက်လိုက်သည်။ ဒုတိယနေရာရှိ "Time Machine" သည် အမှန်တကယ်ပင် သူမနှင့် အတူတူပင်ဖြစ်ပြီး မေးခွန်းများကို ပြတ်တောင်းပြတ်တောင်းသာ ဖြေဆိုတတ်ကာ နေ့ဘက်အချိန်အတွင်းဖြေဆိုသည့် မေးခွန်းအရေအတွက် အလွန်နည်းပါးသောကြောင့် သူသည် ယုံကြည်မှုအပြည့်ဖြင့် ကျောင်းသွားတက်သော မာစတာတစ်ဦးဖြစ်ကြောင်း ပြသနေသည်။ ထို့ကြောင့် ယနေ့ညတွင် သူမက အိပ်ရာဝင်ရန်‌ရွေးချယ်ပြီး သူက နောက်ကျမှအိပ်ရန် ရွေးချယ်ပါက သူမကို ကျော်လွန်သွားနိုင်သည်။


သို့သော်ငြား ဤသို့ဖြစ်လျှင်ပင် ကျုံးယို့ယို့သည် အိပ်ရာဝင်ရန် ရည်ရွယ်ထားဆဲပင်။ အရေးကြီးဆုံးက ကိုယ့်အားအင်ကို ထိန်းထားရန်ပင်ဖြစ်သည်။


သူမအော့ဖ်လိုင်းဖြစ်သွားခါနီးတွင် ဒုတိယနေရာရှိ "Time Machine" သည် အမှန်တကယ်ပင် သူမနှင့် သီးသန့် 'Stranger' chatကို စတင်ခဲ့သည်။


ဤ 'Stranger' ကိုယ်ရေးကိုယ်တာchatသည် သူငယ်ချင်းတစ်ဦး၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်နှင့် ကွဲပြားပြီး သူငယ်ချင်းအဖြစ် မထည့်ဘဲ တိုက်ရိုက်မက်ဆေ့ဂျ်များ ပေးပို့နိုင်သည်။ ဤအစီအစဉ်၏ပျော်ရွှင်စရာက ထိုအရာဖြစ်သည်။  မေးခွန်းအရေအတွက်များလာသည်နှင့်အမျှ အမှတ်များတိုးလာပြီး ကစားသမားတိုင်းသည် သူစိမ်းများနှင့် သီးသန့်စကားပြောခန်းတစ်ခုကို စတင်ရန် အမှတ်များအသုံးပြုနိုင်သည်။


ထို့ကြောင့်၊ ဤလုပ်ဆောင်ချက်ကို ထိပ်တန်းအရေးပါသူဒါဇင်များစွာ၏ သီးသန့်အသုံးပြုမှုအဖြစ် မှတ်ယူနိုင်သည်။


ဒုတိယနေရာမှလူက ဤသို့ပို့လာ၏။ "ဆယ့်တစ်နာရီထိုးပြီ၊ ဒီည အတူတူ အော့ဖ်လိုင်းဆင်းရအောင်၊ မနက်ဖြန် ပြန်ဆုံကြတာပေါ့"


အကယ်၍ သင်သည် သဘောတူညီချက်ကို လိုက်နာပါက မွန်းစတားများ ဆက်လက်ပေါက်ဖွားရန် ယနေ့ညတွင် မည်သူမျှ အွန်လိုင်းပြန်တက်ခွင့် မရှိချေ။ ဤဒုတိယနေရာမှလူသည် ယှဉ်ပြိုင်ရန်အတွက် အနားယူချိန်ကို အသုံးမချလိုသည်လား။ ကျုံးယို့ယို့ တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာအားရ replyပြန်လိုက်သည်။


 "အိုကေ"


ရလဒ်အနေဖြင့် ဖိုရမ်တစ်ခုလုံးသည် ပထမနေရာနှင့် ဒုတိယနေရာများ၏ နာမည်ပြောင်များက ဆယ့်တစ်နာရီတွင် သပ်သပ်ရပ်ရပ်ဖြင့် မီးခိုးရောင်ပြောင်းသွားကြောင်း စောင့်ကြည့်မိခဲ့ကြသည်။ 'အခြေအနေက ဘယ်လိုကြီးလဲ။ ဆက်ပြီး တိုက်ပွဲဝင်ကြမှာမဟုတ်ဘူးလား။ အော့ဖ်လိုင်းဖြစ်သွားတယ်တဲ့လား။ အနောက်က တစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးမှုကို ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။


အံ့သြစရာ၊ မင်းတို့တွေ အရမ်းယုံကြည်မှုရှိကြတယ်ပေါ့။'


တတိယနေရာရှိ ကျန့်ကျီရိသည် တခဏမျှ အံ့အားသင့်သွားရပြီး သူ့အပေါ်ရှိ နာမည်ပြောင်နှစ်ခု အော့ဖ်လိုင်းဖြစ်သွားသည်ကိုကြည့်ရင်း သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။သူတို့နှစ်ဦးသည် လူကြီးလူကောင်းဆန်သည့် သဘောတူညီချက်ကို လိုက်နာကြပြီး အော့ဖ်လိုင်း အတူတူဆင်းသွားကြသည်။ ဤအချိန်၌ သူသာ ပုစ္ဆာ‌တွေကို အပြင်းအထန်ဖြေရှင်းလျှင်၊ ဖိုရမ်ပေါ်က ကြည့်ရှုသူတွေက သူသည် မအောင်မြင်နိုင်သည့်သူဟု ထင်သွားကြလိမ့်မည်ဖြစ်သည်။


သို့သော် ယခုည အခြားသူတွေ၏အနားယူချိန်ကို အသုံးမချလျှင် ထိုလူနှစ်ယောက်ကို သူ မည်သို့ကျော်ဖြတ်နိုင်မည်နည်း။


ကျန့်ကျီရိသည် အံကြိတ်၍ တွေဝေခြင်းမရှိတော့ဘဲ ကော်ဖီတငုံသောက်ပြီး ပါးစပ်ကိုသုတ်ကာ မေးခွန်းများဆက်ဖြေသည်။


သေချာသည်၊ လူနှစ်ယောက် အော့ဖ်လိုင်းဖြစ်သွားပြီးနောက်၊ မေးခွန်းအရေအတွက်က တည်ငြိမ်သွားပြီး သူ့အဆင့်က တစ်ဆင့်ပြီးတစ်ဆင့် တက်လာတော့၏။


ကျန့်ကျီရိသည် ပြိုင်ပွဲစည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည့် သင်သည် ၂၄ နာရီလုံး ပထမအဆင့်တွင် ရှိနေပါက ခုနစ်ရက်အကြာတွင် စုစုပေါင်းရမှတ်ထဲ၌ အမှတ်၂၀ပေါင်းထည့်ပေးမည် ဆိုသည့်စည်းမျဉ်းကို သိသည်။ သူ ပထမနေ့တွင် အမှတ် ၂၀ ရ ရမည်၊ မဟုတ်ပါက သူသည် အမှန်တကယ် အနိုင်ရရန် မည်သည့်အခွင့်အရေးမှ ရှိတော့မည်မဟုတ်ချေ။ ပထမနေရာအတွက် မတိုက်ခိုက်လျှင် ဒုတိယနေရာအတွက် တိုက်ခိုက်နိုင်သည်ပင်။


ပထမနေ့အတွက် နောက်ဆုံး dead lineက မနက် ခြောက်နာရီဖြစ်သည်။


ကျန့်ကျီရိသည် သူ့ဘဝဟောင်းနှင့် ကွာခြားချင်နေပြီး အသည်းက တက်ကြွနေကာ နှလုံးသားသည်တော့ ခပ်ယဲ့ယဲ့နာကျင်ကိုက်ခဲနေသည်။


ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်သည် မှောင်မိုက်သည့်ညမှ ကောင်းကင်အဖြူရောင်ဖြစ်သည်အထိ တောက်ပလာလေပြီ။ ကျန့်ကျီရိ နှိုးစက်နာရီကို ကြည့်လိုက်တော့ ငါးနာရီခွဲနေပြီပင်။ ထို့နောက် သူ့မေးခွန်းအရေအတွက် ၂၇၅ခုကို ကြည့်လိုက်၏။'ဟုတ်ပြီကွ၊ မေးခွန်းဆယ်ခုလောက်ဆို ပထမနေရာကို အမှီလိုက်နိုင်ပြီဆိုတော့ ၂၄ နာရီအတွင်းမှာ ပထမနေရာကို

အချိန်တိုတိုနဲ့ရနိုင်လောက်ပြီ။'


ဤကိစ္စတွင် သူသည် ပထမနေ့အနိုင်ရရှိသူဖြစ်သည်။


ကျန့်ကျီရိသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့နှလုံးသားက တဒုတ်ဒုတ်ခုန်နေကာ မေးခွန်းများဖြေသည့် အရှိန်က ပို၍ပင်မြန်လာသည်။ တစ်ညလုံး မအိပ်ထားသောကြောင့် သူ့မျက်ခွံတွေ တဆတ်ဆတ်တုန်နေပြီး လက်တွေလည်း အနည်းငယ်တုန်နေသော်လည်း အခြားဘာကိုမျှ ဂရုမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။


ဖိုရမ်တွင်၊ ဂိမ်းကိုကြည့်ရှုရန် နောက်ကျသည်ထိ နေသူများစွာရှိခဲ့သည်။ ဤသည်ကိုမြင်တော့ ဇွဲလုံ့လကြီးသည့် တတိယနေရာမှလူကို မချီးမွှမ်းပဲ မ‌နေနိုင်ကြချေ။ ဤလူက မည်သူနည်း။သူသည် တစ်ညလုံး ဖိုရမ်ပေါ်ရှိနေပြီး တတိယနေရာမှ ဒုတိယနေရာသို့ ဖြည်းဖြည်းချင်းတက်ကာ ပထမနေရာကိုပင် ကျော်သွားပေတော့မည်။


"သွားပြီဟ QYXLP‌ ရေ တောင်းပန်ပါတယ်၊ မြန်မြန်နိုးလာပါတော့ ဒီတတိယနေရာက မင်းကိုတောင် ကျော်‌တော့မယ် မင်း စိတ်မရှည်မဖြစ်ဘူးလား၊ မင်း အခုထိအိပ်ပျော်နေတုန်းပဲဆိုတာ ဖြစ်နိုင်လား"


"နံပါတ်တစ်နေရာက ဘော့စ်ရေ၊ မြန်မြန်ထ၊ နေဖင်ထိုးနေပြီ!"


ဖိုရမ်ပေါ်ရှိလူများအားလုံးသည် ပထမနေရာမှလူကို စိုးရိမ်ပူပန်နေကြသည်။ ဤသို့သောအရာမျိုး မည်သို့ဖြစ်နိုင်မည်နည်း။ အိပ်နေမည့်အစား တတိယနေရာမှလူသည် ဖြည်းဖြည်းချင်း အဆင့်တက်လာပြီး ပထမနေရာကိုပင် ကျော်သွားတော့မည်။


၅:၄၅။ မေးခွန်းငါးခုသာ ကျန်တော့သည်။


ကျန့်ကျီရိ၏မျက်၀န်းများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး ကွန်ပြူတာစခရင်ပေါ်ရှိ မေးခွန်းကို စိုက်ကြည့်နေသည်။ယခုလောလောဆယ်တွင် သူ့မျက်၀န်းများက အနည်းငယ်မှုန်ဝါးနေပြီဆိုသော်ငြား ပထမနေရာကို ကျော်သွားနိုင်သရွေ့ သူဂရုမစိုက်ချေ။


'၅:၅၃၊ နောက်ထပ်မေးခွန်းသုံးခုပဲ။ လာစမ်းပါ။ လာစမ်းပါ။'ကျန့်ကျီရိသည် သူ့ကိုယ်သူရွှင်လန်းစေရန် အတတ်နိုင်ဆုံးကြိုးစားလိုက်ပြီး စိတ်လှုပ်ရှားမှုကို သည်းခံ၍ စိတ်တည်ငြိမ်အောင်လုပ်ကာ ဆက်လက်ကြိုးစားခဲ့သည်။ 


သို့သော် ထိုအချိန်တွင်။


တိုက်ခန်း၏ ကြမ်းပြင်မှ မျက်နှာကြက်ထိတပ်ဆင်ထားသော ပြတင်းပေါက်များကြားမှ နေရောင်ခြည်နုနုတိုး၀င်လာပြီး ကျုံးယို့ယို့၏နားထဲတွင် နှိုးစက်နာရီမြည်လာသည်။


သူမသည် နှိုးစက်နာရီကို ၅:၅၅ တွင်ထားခဲ့သည်။ ဆောင်းရာသီက အတော်လေးအေးပြီး ကျောင်းတွင် လေ့ကျင့်ခန်းများ လုပ်ရသောကြောင့် စောစောထဖို့ တောင်းဆိုထားသည့်အပြင် သူမသည် နေ့ကျောင်းတက်နေသောကြောင့် စောစောထဖို့ လိုအပ်သည်။


ကျုံးယို့ယို့သည် ကြောင်တက်တက်ဖြင့် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ခါးဆန့်ကာ ကောင်းကောင်းအိပ်ပျော်ခဲ့သည်ဟု ခံစားလိုက်ရသည်။


အဆင့်တွေ မည်သို့ရှိမှန်းမသိရသေးကြောင်း သူမ ရုတ်တရက် သတိရသွားခဲ့သည်။ ထို့ကြောင့်၊ သူမသည် သူမ၏ဖုန်းကိုဖွင့်လိုက်ပြီး အချိန်မရွေး၊ နေရာမရွေး၀င်ရောက်လို့ရသည့် ရွေးချယ်ရေးစာမျက်နှာသို့ ဝင်လိုက်သည်။ ရလဒ်အနေဖြင့် မူလက တတိယနေရာ၌ ရှိသောသူသည် သူမ၏နောက်တွင် ရှိနေပြီမှန်း သိလိုက်ရသည်။ မေးခွန်းအရေအတွက် ကွာခြားချက်က တစ်ခုသာ ရှိတော့သည်လား။


'ဒီလူ တစ်ညလုံး မအိပ်ခဲ့ဘူးလား။ပထမနေရာကို 

 တိုက်ခိုက်နေတာပေါ့လေ။'


ကျုံးယို့ယို့ ခဏတာမျှ အံ့အားသင့်သွားရ၏။ 'သူ ဘာလို့ ဒီလောက်ကြိုးကြိုးစားစား တိုက်ခိုက်နေရတာလဲ။' ပထမနေ့တွင် သူသည် ပထမနေရာကို ရရှိနိုင်သော်လည်း နောက်ပိုင်းတွင် သူမ သေချာပေါက် ပထမနေရာကို ပြန်လည်ရောက်ရှိသွားမည်ပင်။


၂၄နာရီအတွင်း ပထမ‌နေရာရရှိသည့်အတွက် အမှတ်ပေးသည့် စနစ်ရှိသည်လား။


ကျုံးယို့ယို့သည် သူမ၏ခေါင်းကိုပုတ်လိုက်သည်။ 'မေ့တော့မလို့။' ပြိုင်ပွဲနောက်ကွယ်စနစ်အား နှိပ်၍ သူမ တစ်ချက်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ဤအမှတ်စနစ်ရှိနေသည်။ ထို့ကြောင့် ထိုအပိုဆုတွင်ရရှိမည့် အမှတ် ၂၀အတွက် နံနက်ခြောက်နာရီမထိုးခင်တွင် ဤသူသည် သူမကို ကျော်လွန်ချင်ခဲ့သည်။


"အိုး" ကျုံးယို့ယို့သည် အွန်လိုင်းတက်ပြီး မေးခွန်းတစ်ခုဖြေ၍ စခရင်ကိုပိတ်ကာ အိပ်ရာထ၊ သွားတိုက်လိုက်သည်။


ထို့နောက်....


ခြောက်နာရီတိတိပင်။ ကျန့်ကျီရိသည် စူးစူးရဲရဲနှင့် စိတ်လှုပ်ရှားစွာ ကြည့်လိုက်သော်လည်း မြင်လိုက်ရသည်က...။


ဘာဖြစ်သည်လဲ။ စနစ်ချွတ်ယွင်းသွားသည်လား။


သူသည် ပထမနေရာ၏ စာအတွဲလိုက်အောက်၌ အဘယ်ကြောင့်ရှိနေသေးသနည်း၊ အဘယ်ကြောင့် ပထမနေရာထက် မေးခွန်းတစ်ခု နည်းနေသေးသနည်း။


'ခနလေး။' နံပါတ်တစ်သည် စာမျက်နှာကိုဖွင့်ပြီး လွန်ခဲ့သောနှစ်မိနစ်က မေးခွန်းတစ်ခုကို ဖြေထားခဲ့သည်။


ဖိုရမ်ရှိလူများအားလုံး "...


'F****၊ ကြီးမြတ်တဲ့ဘုရားက ကြီးမြတ်တဲ့ဘုရားပဲ... လူတွေကို ချေမှုန်းတဲ့နည်းက အရမ်းထူးခြားတယ်။'


***

အထက်တန်းကျောင်းသားများအတွက် ဤပြည်နယ်အနှံ့ ဥာဏ်စမ်းရွေးချယ်မှုပြိုင်ပွဲမျိုးသည် သက်မွေးအထက်တန်းကျောင်းသား/သူအုပ်စုနှင့် သဘာ၀ကျကျပင် မသက်ဆိုင်ချေ။ သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်အဓိကအလုပ်များရှိသည်၊ ဥပမာ၊ ရှီးယွိချီအတွက် စာပြန်လည်ကြိုးစားရန်က အဓိကဖြစ်သည်။ သို့သော် ခြွင်းချက်မရှိ၊ သူတို့၏ ယဉ်ကျေးမှုအတန်းသည်တော့ အရင်အတိုင်း သဘောမကျချင်စရာကောင်းနေဆဲ။


သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ်များထဲရှိ အရိုးရှင်းဆုံး ဖော်မြူလာများသည် သူတို့အတွက် ဖားလောင်းများကဲ့သို့ဖြစ်နေပြီး ရှုပ်ထွေးပွေလီလွန်းကာ လုံးဝနားလည်နိုင်ခြင်းမရှိပေ။ ထိုသို့သောကြီးမားလှသည့် ဉာဏ်စမ်းပြိုင်ပွဲမျိုးကိုတော့ ထည့်ပြော၍ပင်မရပါချေ။


သို့သော်လည်း ရှီးယွိချီသည် ယနေ့တွင် အလွန်စိုးရိမ်နေသည်။ ကျုံးယို့ယို့ထံမှ သင်ထောက်ကူပစ္စည်းရပြီးနောက် အိမ်ပြန်ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို ကြည့်လိုက်သည်။ ပထမတော့ သူမသည် ယုံကြည်မှုတစ်ဝက်လောက်သာရှိပြီး သူမက တုံးလွန်းတာကြောင့် မြို့နယ်ပထမဆုံးရသည့် ကျုံးယို့ယို့ပင် သူမကို ဘာမျှသင်ကြားနိုင်မည်မဟုတ်ဟု ခံစားခဲ့ရသည်။


သို့‌သော် ကျုံးယို့ယို့၏တန်ပြန်မှုတွေက အမှန်တကယ်ကို အသုံးဝင်ကြောင်း သူမသိလိုက်ရသည်။ ဤစာအုပ်၏ပထမတဝက်တွင် ကျုံးယို့ယို့သည် သူမ မှားယွင်းခဲ့သောမေးခွန်းများကို အခြေခံ၍ သူမနားမလည်နိုင်သော သို့မဟုတ် မကျွမ်းကျင်သော ဂျူနီယာအထက်တန်းကျောင်း ဗဟုသုတအချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဂျူနီယာအထက်တန်းကျောင်း ဗဟုသုတအချက်အလက်များကို စာရင်းပြုစုပြီးနောက်၊ ရိုးရှင်းသည်မှ ခက်ခဲသည့်မေးခွန်းများအထိ လေ့ကျင့်ခန်းမေးခွန်းအမျိုးမျိုးကို ပူးတွဲထားပေးသေးသည်။


မည်သို့ပင်ဖြစ်စေ သူမသည် ယခု အထက်တန်းတတိယနှစ် ရောက်နေပြီဖြစ်သောကြောင့် ဂျူနီယာအထက်တန်းဗဟုသုတများကို အနည်းငယ်အထင်အမြင်ရှိပြီး အချို့အရာများကို လုပ်နိုင်ဆဲပင်။


သူမသည် တစ်ညလုံး မေးခွန်းများဖြေဆိုခဲ့ပြီး ဂျူနီယာအထက်တန်းကျောင်း ဗဟုသုတအချက်အလက်များကို စိတ်ထဲတွင် အလွတ်ကျက်မှတ်၍ မေးခွန်းများကို ရောနှောကာ တွဲလုပ်ကြည့်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် ရုတ်တရက် ဉာဏ်အလင်းပေါက်သွားတော့၏။ "အာ နှစ်၀က်စာမေးပွဲတုန်းက ဒါကို ဘယ်လိုဖြေရမှန်းမသိခဲ့ဘူး၊ ငါ ဖြေခဲ့တဲ့မေးခွန်းကြီးက ဂျူနီယာအထက်တန်းကျောင်း ဗဟုသုတတွေကို မကျွမ်းကျင်လို့ အဲဒီအဆင့်မှာ တွက်ချက်မှု အမှားအယွင်းဖြစ်သွားခဲ့တာကိုး"


အတိုချုပ်ပြောရလျှင် ကျုံးယို့ယို့သည် သူမ နားလည်မှုမရှိသည့် အရာအားလုံးကို သူမအတွက် စကင်န်ဖတ်ပေးခဲ့သည်ပင်။


ရှီးယွိချီအား သင်ယူရသည်ကို သိပ်သဘောမကျသည့်သူဟု ဆိုနိုင်သော်လည်း သူမသည် သင်ထောက်ကူပစ္စည်းကိုရပြီးနောက် အပြန်ပြန်အလှန်လှန်ဖတ်ကြည့်ခဲ့ပြီး ဂျူနီယာအထက်တန်းကျောင်းမေးခွန်းတွေကို ရိုးရှင်းသည့်မေးခွန်းများနှင့် စတင်ဖြေဆို၍ အောင်မြင်သွားပြီဆိုသည့် ခံစားချက်ကို ရရှိခဲ့သည်။ အဆုံးတွင်တော့ သူမသည် ဤသို့သောပုစ္ဆာဖြေရှင်းရသည့် ခံစားချက်မျိုးကို သဘောကျသွားခဲ့၏။


သင်ထောက်ကူပြန်ယူလာသည့် ပထမဆုံးညတွင် သူမသည် မနက်မိုးလင်းသည်အထိ မအိပ်ပဲ မေးခွန်းဆယ်မျက်နှာကို စိတ်လှုပ်ရှားစွာဖြင့် ရေးခဲ့လေသည်။


နေ့ခင်းဘက်တွင် အတန်းဖော်များသည် သူတို့၏အတန်းရှိ အစ်မကြီးရှီးယွိချီက စကားနည်းသည်ဟုသာ ခံစားမိကြသည်။ သူမသည် အတန်းပြီးပြီးချင်း အိပ်ရန်အတွက် စားပွဲပေါ်၌ လှဲနေသော်လည်း အတန်းထဲတွင်တော့ ဂရုတစိုက် စာလိုက်နားထောင်နေဆဲဖြစ်သည်။ပိုထူးဆန်းသည်က သူမသည် အချိန်တူတူဖြုန်းတတ်သည့် ညီမလေးတွေကို လှုံ့ဆော်ရန် တခြားအတန်းသို့ပင် မသွားခဲ့ပေ။


ထိုနည်းလမ်းဖြင့် တစ်ပတ်လုံး လေ့ကျင့်ပြီးနောက် သူမသည် ညတိုင်း စာမျက်နှာဆယ်မျက်နှာကျော်လောက်ပင် လုပ်နိုင်ခဲ့သည်။ ဟုတ်ပေသည်၊ ဤသို့လုပ်နေသည်က သူမကို အိပ်ချိန်မလုံလောက်မှုဖြစ်စေ၏။ သို့သော်ငြား စိတ်ထဲ ဗလာမဖြစ်နေတော့သည့် ခံစားချက်က သူမကို စွဲလမ်းစေလေသည်။


သူမသည် ယိုစိမ့်နေသောကွန်တိန်နာတစ်ခုဖြစ်ပြီး ၎င်းကို ပြုပြင်ချင်သော်လည်း ရေယိုနေသည့်နေရာကို ရှာမတွေ့ခဲ့ချေ။ ယခုမူ ကျုံးယို့ယို့သည် သူမ ၎င်းကိုရှာဖွေတွေ့ရှိရန် ကူညီပေးခဲ့သည်သာမက ထိရောက်သောဖာထေးမှုကိုလည်း ထောက်ပြခဲ့သည်။


ရှီးယွိချီ သူမကို အရမ်းကျေးဇူးတင်မိ၏။ ဤရက်တွေ၌ ကျုံးယို့ယို့က ပြည်နယ်အဆင့်ပဏာမပြိုင်ပွဲတွင် ပါဝင်မည့်အကြောင်း သူမသိသည့်အတွက် ကျုံးယို့ယို့ကို သွားမနှောက်ယှက်တော့ဘဲ ညစဉ် သူမမေးခွန်းတွေ ဖြေဆိုသည့်အချိန်တိုင်း ကျုံးယို့ယို့၏ ကြင်နာမှုကို အမှတ်ရလေ့ရှိ၏။


ရှစ်ရက်မြောက်နေ့၌ ကျုံးယို့ယို့ သူမကို ပေးခဲ့သည့် ပုစ္ဆာတစ်ဝက်လောက်ကို လေ့ကျင့်ပြီးရန် အခိုင်အမာဆုံးဖြတ်ထားသည်။ကျုံးယို့ယို့‌ပေးထားသည့် စာမျက်နှာတစ်ခုစီတွင် မေးခွန်းနှစ်ခုမှ ငါးခုသာရှိပြီး ဗဟုသုတအချက်အလက်တစ်ခု ပါရှိသည်။