Chapter 85
သို့သော် ကျုံးယို့ယို့သည် ခြုံငုံကောက်ချက်ချရာ၌ အလွန်တော်သည်ဟု ပြောရမည်ပင်။ စာရင်းထဲရှိ အကြောင်းအရာများသည် ထိုဗဟုဟုတများကို ကိုယ်စားအပြုနိုင်ဆုံး အကြောင်းအရာများဖြစ်ပြီး ရှစ်ရက်အကြာတွင် ရှီးယွိချီသည် သင်ထောက်ကူက ညွှန်ပြသည့် အချက်အလက်များကိုသုံး၍ ကာလကြာရှည်မေ့သွားခဲ့သော ဂျူနီယာအထက်တန်းကျောင်း၏ အဓိကဗဟုသုတအချက်အလက်များအားလုံးကို အကြမ်းဖျင်းသုံးသပ်နိုင်ခဲ့သည်။
သူမ၏ အပေါက်ဖြစ်နေသည့်ဦးနှောက်သည်လည်း တဖြည်းဖြည်းနှင့် တစ်ဝက်လောက် ပြည့်သွားခဲ့ပြီ။ ဤခံစားချက်သည် ဖော်ပြ၍ပင်မရချေ။ တိုတိုပြောရလျှင် သူမသည် တဖြည်းဖြည်းအပေါ်တက်လာနိုင်ပြီး ပိုအဆင်ပြေလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားရ၏။
ယခုအပတ်၏ မေးခွန်းကိုးမျက်နှာပြီးနောက် ရှီးယွိချီသည် ဘောပင်ကိုချလိုက်ပြီး မှောင်မဲနေသော အပြင်ဘက်မှ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူမ၏ပခုံးနှင့် လက်များ နာကျင်နေသော်လည်း ရုတ်တရက် စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည်။ သူမသည် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဗလာဖြစ်ကာ လူသူကင်းမဲ့နေသော အိမ်လေးကို ကြည့်လိုက်ပြီးနောက် သူမနှလုံးသားထဲရှိ ပျောက်ဆုံးနေသည့်ခံစားချက်က များစွာလျော့နည်းသွားတော့သည်။
'ပိုပြီးပြည့်စုံအောင် လုပ်ရမယ့်အရာတွေ ရှိကောင်းရှိနိုင်သလို၊ အောင်မြင်ဖို့ လက်တွေ့ကျတဲ့ပန်းတိုင်တစ်ခုလည်း ရှိကောင်းရှိနိုင်တာပဲလေ။'
သူမ အိမ်ထဲမှထွက်လိုက်ပြီးနောက် အနီးနားရှိ ဆံပင်ညှပ်ဆိုင်သို့သွားကာ နှစ်အနည်းငယ်ကြာ ပုန်ကန်ချင်စိတ်နှင့်ထားခဲ့သော killerဆံပင်စတိုင်ကို ထိလိုက်ကာ ဆံပင်ညှပ်ဆိုင်ရှိလူအား ပြောလိုက်သည်။
" ပျော့ပြောင်းသွားအောင် ကူညီပေးပါ အနက်ရောင်နဲ့ ဆံပင်ဖြောင့်ဖြောင့်လေး ပြန်ရလာအောင်"
ရှီးယွိချီ၏မျက်နှာသည် အလွန်လုံး၀န်းသောကြောင့် သူမသည် အမြဲတမ်းဆံပင်ကောက်၊ဆံပင်ဆေးဆိုးလေ့ရှိပြီး လှိုင်းတွန့်ဆံပင်ကြီးများကို ပါးပြင်ပေါ်သို့တင်ကာ သူမ၏မျက်နှာကြီးကြီးကို ဖုံးကွယ်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား ယခုမူ ဆံပင်ကိုချောမွေ့စေပြီး နားရွက်နောက်မှာထားလိုက်ရုံနှင့် ပိုကြည့်ကောင်းသွားခဲ့၏။ ထိုအချိန်မှပင် သူမ၏ မျက်နှာသွင်ပြင်သည် အမှန်တကယ်တော့ လှပမှန်း သူမသိလိုက်ရသည်။
အလွန်အမင်းမလှသော်လည်း အနည်းဆုံးတော့ သူမထင်ထားသလောက် ရုပ်မဆိုးနေချေ။
နောက်တစ်နေ့ကျောင်းသွားသည့်အခါ သူမ၏အတန်းဖော်များသည် လုံး၀ကို ရှော့ခ်ရသွားကြ၏။ ဤလူသည် စိတ်မရှည်သည့်အချိန်တိုင်း စားပွဲကိုကန်ခဲ့သည့် အစ်မကြီးမှန်း သူတို့ မယုံနိုင်ခဲ့ကြပါချေ။
ရှစ်ရက်ဆက်တိုက် သူမအတွက် မနက်စာဝယ်ပေးဖို့ အခိုင်းမခံခဲ့ရသည်က အဘယ်ကြောင့်မှန်း ဟွမ်မောက် သဘောပေါက်သွားသည်။သူက ရှော့ခ်ရသွားဟန်ဖြင့် ရောက်လာခဲ့ပြီး "အစ်မ၊ မင်း ဘာဖြစ်သွားတာလဲ၊ မင်း စဉ်းစားလို့တောင်ရမှာမဟုတ်ဘူး ဒီဆံပင်ပုံစံနဲ့ မလိုက်နေဘူးနော်"
"ဒါဆို ငါက ဘယ်လိုဆံပင်ပုံစံနဲ့ လိုက်မလဲ" ရှီးယွိချီက ခေါင်းမော့ပြီး တိုးတိုးလေးမေးလာသည်။"ငါက အထက်တန်းကျောင်းသူဖြစ်နေတုန်းပဲလေ"
ဟွမ်မောက်က ပြုံးပြီးပြော၏။ "အစ်မကြီး အထက်တန်းကျောင်းသူဆိုတဲ့ အဲ့ဒီစကားလုံးသုံးလုံး မင်းပါးစပ်ကနေထွက်လာတာက သဟဇာတဖြစ်တာနဲ့ နည်းနည်းတော့ ဆန့်ကျင်နေတယ်လို့ မထင်ဘူးလား"
သို့သော်လည်း ရှီးယွိချီ၏မျက်၀န်းများသည် လေးနက်လွန်းသဖြင့် သူသည် စကားဆက်ရန် ရှက်ရွံ့သွားခဲ့သည်။ သူ့အပြင် ရှီးယွိချီ၏ညီမလေးအုပ်စုသည်လည်း ရှော့ခ်ရသွားခဲ့၏။ သူမတို့က ရှီးယွိချီအနီးတွင် စကားစမြည်ပြောနေကြပြီး သူမဘာဖြစ်နေတာလဲဟု မေးကြသည်။ အိမ်၌ တစ်ခုခုဖြစ်သွားသည်လား။ အဘယ်ကြောင့် သူမသည် သူမ၏အမှိုက်လိုမိသားစုနှင့် ရုတ်တရက်ကြီး သဟဇာတဖြစ်သွားသနည်း။
ပို၍ပင်ဇာချဲ့စရာကောင်းသည်က အစ်မကြီးရှီးယွိချီ၏ရှေ့တွင် လေ့ကျင့်ခန်းစုဆောင်းမှုများ ရှိနေပြီး တစ်ဝက်လောက်က လုပ်ထားပြီးသားဖြစ်နေသည်။
"အစ်မရှီး နင် အိမ်စာဘယ်တုန်းက စလုပ်နေတာလဲ တခြားသူတွေဆီကကူးဖို့ မှတ်စုစာအုပ်အလွတ်နဲ့ပဲ အမြဲကျောင်းလာခဲ့တာ မဟုတ်ဘူးလား"
"နောင်လည်း ငါစာကြိုးကြိုးစားစားလုပ်မှာ"ရှီးယွိချီက လေးလေးနက်နက်ပြောလိုက်သည်။
ထိုစကားကို သူမနားရှိ ညီမငယ်လေးတစ်စုက ဝိုင်းရယ်မောလိုက်ကြပြီး သူမ ထပ်မံဟာသလုပ်နေပြန်ပြီဟု တွေးလိုက်ကြသည်။၎င်းသည် သုံးမိနစ်မျှသာ ခံလောက်မည်။ သို့သော် ရှီးယွိချီ ဂရုမစိုက်ခဲ့ချေ။ သူမသည် ညီမငယ်လေးအုပ်စုကို တွန်းဖယ်လိုက်ပြီး မေးခွန်းဆက်လုပ်ရန် လေးလေးနက်နက်ဖြင့် ခေါင်းပြန်ငုံ့လိုက်သည်။
မေးခွန်းတစ်ခုပြီးတိုင်း သူမ၏အဆင့်များက အချိန်တိုအတွင်း သိသိသာသာ မတိုးတက်နိုင်လျှင်ပင် သူမ အနည်းငယ်တိုးတက်လာကြောင်း သူမသိသည်။သို့သော် သူမ၏ကြိုးစားအားထုတ်မှုသည် သူမ(ZYY)ကို ကျိန်းသေပေါက် မကျော်လွန်သေးမှန်းလည်းသိသောကြောင့် သူမသည် ကျုံးယို့ယို့ဆီမှ သင်ယူနေဆဲပင်။
ဤသည်ကိုတွေးမိတော့ ရှီးယွိချီသည် ဘောပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး မျက်၀န်းများက ခိုင်ခိုင်မာမာဆုံးဖြတ်ထားစိတ်တို့ တဖျတ်ဖျတ်လက်သွားတေ့သည်။
ကျုံးယို့ယို့ သူမကိုပေးခဲ့သည့် သင်ထောက်ကူမေးခွန်းတစ်ဝက်လောက် ဖြေဆိုပြီးနောက် ၎င်းတို့သည် အထက်တန်းကျောင်း ဗဟုသုတများ ဖြစ်လာတော့၏။ ဤနေရာမှစ၍၊ ရှီးယွိချီသည် အခက်အခဲများ တဖြည်းဖြည်း တိုးလာသည်ဟု ခံစားလာရသော်လည်း သူမသည် အံကြိတ်၍ မေးခွန်းသုံးပုံနှစ်ပုံကို ပြီးစီးရန် သူမကိုယ်သူမ ဆက်လက်တွန်းအားပေးခဲ့သည်။
သေချာပေသည်၊ သူမ လုံး၀နားမလည်သည့် မေးခွန်းများလည်းရှိပြီး ဖတ်ပြီးသည်နှင့် အဖြေကို မှန်းဆ၍ပင်မတတ်ချေ။ သူမသည် ထိုမေးခွန်းအားလုံးကို ဗလာသာထား,ထားပြီး၊ အမှတ်အသားပြုထားကာ ကျုံးယို့ယို့အားသည့်အခါ သူမကိုမေးရန် ရည်ရွယ်ထားသည်။
ဆယ်ရက်အတွင်းမှာပင် သူမသည် ထိုအချက်အလက်အားလုံးကို ပြီးလုနီးပါး သင်ယူနိုင်ခဲ့၏။ စာရွက်အစွန်းနားတွင် တွန့်ကြေရာများစွာရှိသည်။သူမသည် သင်ထောက်ကူကို မနက်မိုးလင်းလျှင် အိမ်မှ ကျောင်းသို့ ယူသွားပြီး ညနေစောင်းလျှင် ကျောင်းမှ အိမ်သို့ ပြန်ယူလာ၏။ အစ်မကြီးရှီးယွိချီရူးသွားပြီဟု အတန်းထဲမှ လူတိုင်းပြောကြသည်။ ယခင်က သူမသည် တစ်နေ့လုံး မိတ်ကပ်လိမ်းပြီး ဟာသလုပ်တတ်သော်လည်း ယခုအခါတွင် သူမသည် စာကို ဂရုတစိုက်နားထောင်ကာ ကြိုးကြိုးစားစား စာစလုပ်နေပြီပင်။ တခုခုဖြစ်နေသည်လား။ သားသတ်သမားက ဓားကိုချပြီးနောက် ချက်ချင်း ဗုဒ္ဓဖြစ်လာနိုင်မည်လား။
ရှီယွိချီ၏အတန်းပိုင်ပင် ဤမိန်းကလေး၌ ဖြစ်ပျက်သွားသော အပြောင်းအလဲများကို မယုံနိုင်သေးချေ။ ယခင် ရှီးယွိချီကို ခေါင်းအလွတ်ဖြင့်သာ ဖော်ပြနိုင်သော်လည်း ဤရက်အနည်းငယ်အတွင်း သူပေးခဲ့သော အိမ်စာများသည် အမှန်တကယ်ပင် ၄၀/၅၀ ရာခိုင်နှုန်းခန့် မှန်ကန်၏။ ကောလိပ်၀င်နိုင်သည့် အမှတ်စာရင်းသို့ရောက်ရန် နည်းလမ်းမရှိသေးဟုဆိုလျှင်ပင် တိုးတက်မှုသည် အလွန်တရာပင် ကျေနပ်စရာကောင်းသည်။
သော့ချက်မှာ သူမသည် အမှန်တကယ် တိုးတက်လိုစိတ် မွေးဖွားလာခြင်းဖြစ်သည်။ကမ္ဘာပေါ်ရှိ မည်သူက သူမကို ဤမျှပြောင်းလဲစေခဲ့သနည်း။
အတန်းပိုင်သည် ပျော့ပျောင်းသောဆံပင်လေးများ ရှိနေပြီဖြစ်သည့် ရှီယွိချီကို အကြိမ်ပေါင်းများစွာ ကြည့်လိုက်ပြီး မျက်စိတွေ့သွားရကာ သူမကို မေးခွန်းဖြေဆိုရန် မခေါ်ပဲမနေနိုင်တော့ချေ။ "ရှီးယွိချီ သမီး ဒီမေးခွန်းကို လာလုပ်ကြည့်"
ရှီးယွိချီကို သူမေးလိုက်သည့်မေးခွန်းသည် အထက်တန်းတတိယနှစ်အတွက် အလွန်ကို အခြေခံကျသည့် မေးခွန်းပင်။ ရှီးယွိချီက ထိုဗဟုသုတအချက်အလက်ကို သိနေသရွေ့ သူမ အလွယ်တကူ ဖြေဆိုနိုင်မည်ဖြစ်သည်။ သူမ ယခု မည်သည့်အဆင့်ထိ တိုးတက်နေသည်အား သူသိချင်၏။
အတန်းဖော်များအားလုံး ရယ်မောကြသော်လည်း လှောင်ချင်စိတ်နှင့် ရယ်ကြသည်တော့မဟုတ်ပေ။ ကျောက်သင်ပုန်းပေါ်မှ ပုစ္ဆာတစ်ခုကိုဖြေရှင်းရန် ဆရာက ရှီးယွိချီကို သုံးခဲ့တာကြောင့်သာ။ရှီးယွိချီ၏တုံ့ပြန်မှုသည် ပုံမှန်အားဖြင့် ငါမလုပ်ဘူးဟု ပြောလိုက်ပြီးနောက် မြေဖြူခဲခေါင်းကို ပစ်ထုတ်ပြီး အပြင်ထွက်ခွာသွားတာမျိုး ဖြစ်လေ့ရှိသည်။
သူတို့သည် စာသင်ခန်း၏အငွေ့အသက်ကို လွှမ်းခြုံသွားသည့် ဤအံ့သြဖွယ်မြင်ကွင်းကို မြင်တွေ့ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် မည်သူသိမည်လဲ။ ရှီးယွိချီသည် ကျောက်သင်ပုန်းရှေ့၌ ရပ်နေပြီး ခဏတုံ့ဆိုင်းသွားပြီးနောက် အဖြေစရေးနေသည်ကိုသာ သူတို့မြင်လိုက်ရသည်။
ဤသည်က ကျောင်းသားတွေ၏မေးရိုးများ ပြုတ်ကျသွားသည်အထိ ရှော့ခ်ရသွားစေရန် လုံလောက်လေသည်။
သို့သော် နောက်ပိုင်းက ပို၍ပင် အံ့သြစရာကောင်း၏။ ရှီးယွိချီသည် အဆင့်သေးလေးကို မသေချာမရေရာနှင့် အရင်ရေးလိုက်ပြီး ဘယ်လက်ဖြင့် အမြန်သုတ်လိုက်သော်လည်း အတန်းပိုင်ဆရာကို ကြည့်လိုက်ပြီးနောက် အတန်းပိုင်ဆရာ၏ အားပေးမှုအောက်တွင် သူမ ထပ်မံတုံ့ဆိုင်းသွားပြန်သည်။ ထို့နောက် သူမ ယခုလေးတင်ဖျက်လိုက်သည့် စာကြောင်းကို ပြန်ရေးပြီး သူမ၏ကိုယ်ပိုင်အတွေးတွေအတိုင်း ပုစ္ဆာကို ဖြည်းဖြည်းချင်း ဖြေရှင်းတော့သည်။
သူမသည် ဤမေးခွန်းအတွက် အချိန်ဆယ်မိနစ်ကျော်ယူခဲ့သည်။ ဤသည်က အတန်းဖော်တွေအတွက်တော့ အချိန်အတော်ကြာသည်ဟု ဆိုရလောက်သည်။ ဆရာက သူမကို နေရာပြန်သွားခိုင်းသင့်တာကြာနေပြီဖြစ်သော်လည်း ယခုအချိန်၌ အတန်းပိုင်ဆရာသည် သူမ၏တိုးတက်မှုကြောင့် အံ့အားသင့်နေခြင်းဖြစ်လေသည်။
လွန်ခဲ့သောဆယ်ရက်က ရှီးယွိချီသည် အင်းဆက်များအစားခံထားရသကဲ့သို့ ဦးနှောက်ဗလာဖြစ်နေသော ကျောင်းသူတစ်ဦးဖြစ်သည်။ ဘာဖြစ်သွားသည်လဲ? လွန်ခဲ့သည့် ဆယ်ရက်အတွင်း သူမ ဘာတွေ ကြုံတွေ့ခဲ့ရသည်လဲ။ ဤသို့သောကြီးမားသည့် အပြောင်းအလဲကြီး မည်သို့ဖြစ်လာနိုင်မည်လဲ။ ယခုမူ သူမသည် ပုစ္ဆာကို ကျေကျေနပ်နပ်ဖြေရှင်းသွားရုံသာမက သူမဖြေရှင်းခဲ့သောအဖြေသည်ပင် အမှန်တကယ်မှန်ကန်နေသေး၏။
သူပင်ဤသို့ဖြစ်သွားသည်ဆိုလျှင် အောက်ရှိအတန်းဖော်များကိုတော့ ပြောစရာပင်မလိုချေ။ သူတို့အားလုံး နဖူးကို ရိုက်မိသွားကြသည်။ 'သေစမ်း၊ အစ်မကြီး ရှီးယွိချီက လူသားအရေခြုံထားတဲ့ မွန်းစတားကြီးများလား။' မြို့နယ်နံပါတ်တစ်ရခဲ့သည့် ကျောင်းဘေးမှ ကျုံးယို့ယို့နှင့် ထိုနေ့ကတွေ့ဆုံပြီးနောက် သူမသည် မတူညီသည့်လူတစ်ယောက်ကဲ့သို့ စာစတင်လေ့လာတော့သည်။ 'တစ်သက်လုံး အချိန်ဖြုန်းသွားမယ်ဆိုတာက ဘယ်ရောက်သွားပြီလဲ။'
သူမတစ်နေ့လုံးကိုင်ထားတတ်သည့် အချက်အလက်စာအုပ်နှင့် ပတ်သက်နိုင်သည်လား။
သူမအတွက် ထိုအချက်အလက်များကို ဘယ်နတ်ဘုရားက ပြုစုထားပေးသည်လဲ။
အတန်းပြီးသွားသည့်နောက် ရှီးယွိချီ၏အတန်းပိုင်သည် အခြေအနေကိုသိရရန် သူမကို ရုံးခန်းမခေါ်ပဲ မနေနိုင်ခဲ့ချေ။ ဘေးကျောင်းမှကျောင်းသူက ရှီးယွိချီအား သင်ထောက်ကူပစ္စည်းများ ကူညီစုဆောင်းပေးခဲ့သည်ဟု ကြားလိုက်ရသည့်အခါ သူ အရမ်းအံ့သြသွားရ၏။
'အဲ့ဒီကျောင်းသူက ဘယ်လောက်တောင်အံ့ဖွယ်လဲ။အချက်အလက်စာအုပ်ကို စာရင်းပြုစုလို့ရတယ်လား။'
ရှီးယွိချီ၏စာအုပ်ကို ကိုယ်တိုင်ကိုယ်ကျ လှန်လှောကြည့်ပြီးနောက် ရေတိမ်မှ ရေနက်ရာကိုသွားသည့် ပေါင်းစပ်နိုင်စွမ်းလော့ဂျစ်အား သူ့နှလုံးသားအောက်ခြေမှ သဘောကျမိသွားသည်။ သူတို့၏သက်မွေးအထက်တန်းကျောင်းမှ ကျောင်းသား ၁၀၀တို့သည် ထိုသို့သာလိုက်လုပ်လျှင် အခြားကျောင်းမှ ကျောင်းသားများကို အမီလိုက်နိုင်မည်မဟုတ်ပါလား။
"အဲ့ဒီကျောင်းသူရဲ့နာမည် ဘယ်လိုခေါ်လဲ ကျုံးယို့ယို့လား" ရှီးယွိချီ၏အတန်းပိုင်ဆရာ မှတ်မိသွားရ၏။ 'တလောက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြို့နယ်ပထမနေရာကိုရခဲ့တဲ့ ကောင်မလေးလှလှလေးမဟုတ်ဘူးလား။'
ဤသည်က အရမ်းကောင်း၏။၎င်းသည် ခေါင်းဗလာနှင့် ကျောင်းသားတွေကို တိုးတက်စေပြီး တစ်ယောက်နဲ့တစ်ယောက် ဆုံချင်လာအောင်လည်း လုပ်နိုင်လေသည်။
သက်မွေးအထက်တန်းကျောင်းကဲ့သို့သော ပညာမသင်လိုသည့်ကျောင်းသားအုပ်စုကို နှိုးဆော်ရန် သူမကို ဟောပြောပွဲလုပ်ခိုင်းလျှင် ကောင်းမည်လား။
ရှီးယွိချီ၏အတန်းပိုင်သည် ဤအကြံအစည် ဖြစ်နိုင်ချေကို လေးလေးနက်နက်ဖြင့် အမှန်တကယ်စဉ်းစားနေခဲ့သည်။
******
မုန့်ချန် စက်ရုံမှ အလုပ်ဆင်းပြီးနောက် ပြန်ရောက်လာသည့်အခါ တံခါးပိတ်ပြီးသည်နှင့် ဧည့်ခန်းထဲ၌ မီးမဖွင့်ထားသည်ကို သူမတွေ့လိုက်ရ၏။ ဟယ်ချုန်ရှန်းသည် တန်ဖိုးနည်းဆိုဖာပေါ်တွင်ထိုင်နေပြီး သူ့ရှေ့မှ ကော်ဖီစားပွဲကို သူ့မျက်နှာပေါ်ရှိ နက်ရှိုင်းသောအမူအရာဖြင့် စိုက်ကြည့်နေသည်။
"ဘာလို့ မီးမဖွင့်ထားတာလဲ" မုန့်ချန်သည် မသိစိတ်တွင် အနည်းငယ်စိတ်ပျက်နေသည် ။
'ဖေးယွင် သေသင့်တဲ့ကောင်မလေး၊ ဒီကိစ္စကို လောင်ဟယ်ကိုပြောပြီး လက်စားမချေသင့်ဘူးလေ၊ဟုတ်တယ်မလား။' ဖေးယွင်ကဲ့သို့ တုံးအသောမိန်းကလေးသည် အဆုံးတွင် အလုပ်မပြီးမြောက်သွားကြောင်း သူမ သဘာဝကျကျပင်သိခဲ့သည်၊ မဟုတ်ပါက ကျုံးယို့ယို့သည် မြို့နယ်ပထမနေရာကို မည်သို့ရနိုင်မည်နည်း။ ကျုံးယို့ယို့၏အဆင့်ကိုမြင်သောအခါ မုန့်ချန်မည်မျှစိတ်ရှုပ်ထွေးသွားခဲ့သည်ကို ဘုရားသခင်သာ သိလိမ့်မည်ပင်။
ကျုံးယို့ယို့ကို သူမ ပြုစုပျိုးထောင်ခဲ့ပြီး အမှတ်တကယ်ပင် အဆင့်ကောင်းကောင်း ရခဲ့ဖူးသည်။ သို့သော် ကျုံးယို့ယို့သည် ကျုံးအိမ်သို့ပြန်သွားပြီးနောက် ပုန်ကန်ထကြွတတ်လာပြီး နားရွက်များဖောက်ကာ မကောင်းသောသူများနှင့်လည်း ပေါင်းသင်းပြီး အဆင့်များကျသွားကြောင်း သူမကြားလိုက်ရသည်။ ကျုံးယို့ယို့သည် သုံးနှစ်သင်အထက်တန်းကျောင်းမှ ထွက်ရပြီး အဆင့်ကောင်းကောင်းများရသည့် မူလ ကျုံးယို့ယို့အဖြစ်သို့ ဘယ်တော့မှပြန်မဖြစ်နိုင်တော့ဟု သူမထင်ခဲ့သည်။သို့သော် ဤသို့သောသုံးလတာ ကာလတိုလေးအတွင်း ကျုံးယို့ယို့ စာမေးပွဲကို ကောင်းကောင်းပြန်ဖြေလိမ့်မည်ဟု သူမ မည်သို့ထင်မိမည်နည်း။ မြင့်မားသော အဆင့်ရလဒ်များလည်း အပါအ၀င်ပင်။
မြို့နယ်ပထမ။
မုန့်ချန်သိသလောက်တော့ သူမ၏မုန့်ရှစ်ရွှမ်သည် ဤမျှမြင့်မားသောရမှတ်ကို တစ်ခါမျှ မရရှိခဲ့ပေ။ သူမ မနာလိုရမည်လား၊ မုန်းတီးရမည်လားပင် မသိပါချေ။သို့သော် အတိုချုပ်ပြောရလျှင် ထိုနေ့က ကျုံးယို့ယို့ သူမအား ဘာလုပ်ခဲ့သည်နှင့် ကျုံးကော်ချန်း၏ အေးစက်စက်နှင့် ခံစားချက်မရှိသောမျက်၀န်းများကို တွေးမိသွားရသည်။ အသားထဲ ဆူးစူးနေသကဲ့သို့ သူမ၏နှုတ်ခမ်းကို နာကျင်စွာ ကိုက်လိုက်မိသည်။
"မင်းရဲ့စက်ရုံ အလုပ်ဆင်းချိန်က ငါးနာရီ၊ ငါ မင်းအတွက် ပေါ့ပါးတဲ့အလုပ်ပဲ အထူးတလည်စီစဉ်ပေးခဲ့တာ ဘာလို့ မင်းအခုပြန်လာတဲ့အချိန်က ကိုးနာရီထိုးနေတာလဲ" ဟယ်ချုန်ရှန်းက ရုပ်ဆိုးသည့်မျက်နှာနှင့် မေးလာ၏။
မုန့်ချန်သည် ရုတ်တရက် ဒေါသထွက်သွားပြီး "ဘာတွေပြောနေတာလဲ၊ အလုပ်ပြီးရင် စားသောက်စရာတောင် သွားဝယ်လို့မရဘူးလား၊ ကျွန်မက တခြားယောက်ျားတစ်ယောက်နဲ့ ရှင့်ကိုလှည့်စားနေတယ်လို့ သံသယရှိနိုင်သေးတယ်ပေါ့"
"အဲ့လိုမဟုတ်ဘူး" ဟယ်ချုန်ရှန်းသည် သူမကိုင်ထားသည့် လေးလံသည့်စားသောက်စရာများကို ကြည့်ပြီး သူ့အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း ရုပ်ဆိုးနေဆဲပင်။
"ငါမေးမယ်၊ မင်း ဖေးယွင်ကို ဘာလုပ်ဖို့ လှုံ့ဆော်ခဲ့တာလဲ ဖေးယွင် အဲ့ဒီကောင်မလေးက အသက် ၁၈နှစ်ပဲရှိသေးတယ်၊ ဘာမှနားမလည်သေးလို့ သတ္တိလည်းအရမ်းရှိတယ် မင်း သူ့ကို ကျောင်းမှာ လုပ်ခိုင်းခဲ့တဲ့ကိစ္စကို မင်း မှတ်မိသေးလား"
မုန့်ချန် ဒေါသတကြီး တွေးလိုက်၏။ 'အဲ့ဒီကောင်မလေးက တုံးအပြီး ဘာမှလည်း ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာ မဟုတ်ဘူး။'သို့သော် သူမသည် ဟယ်ချုန်ရှန်း၏ဘေးရှိ တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် "ကျွန်မ ခဏလောက် ဒေါသထွက်သွားရုံပဲ"
ဟယ်ချုန်ရှန်းသည် သူမကို စိုက်ကြည့်ရင်း "မင်း ဖေးယွင်ကို လှုံ့ဆော်ခိုင်းခဲ့တဲ့ ကျောင်းသူနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ၊ မင်းတို့ကြားမှာ ဘယ်လို မုန်းတီးမှုတွေ ရှိနေတာလဲ၊ မင်း သူမအကြောင်း ပြောတာရော ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
သူမသည် သူမ၏အတိတ်အကြောင်း ဟယ်ချုန်ရှန်းကို တစ်ခါမျှ မပြောခဲ့ဖူးပေ။ ဟယ်ချုန်ရှန်းသည် သူမ ယခင်က အိမ်ထောင်တစ်ကြိမ်သာပြုဖူးပြီး ခင်ပွန်းဖြစ်သူနှင့် အဆင်မပြေသည့်အခါ ကွာရှင်းပြတ်စဲခဲ့သည်ဟု ထင်ခဲ့သည်။ သူကဲ့သို့ပင် သူမ၏အရင်အိမ်ထောင်က အရမ်းရိုးရှင်းလှသည်။
သဘာ၀ကျကျပင် မုန့်ချန်က သူမ၏အတိတ်ကို ဖုံးကွယ်ထားရမည်ဖြစ်သည်။ မဟုတ်ပါက *မျက်နှာကိုသာနှစ်သက်သည့် ရိုးသားသည့်ဟယ်ချုန်ရှန်းက သူမအား မောင်းထုတ်ပစ်မည်ကိုစိုးပါ၏။(ဒီနေရာမှာ မျက်နှာကိုသာနှစ်သက်တယ်ဆိုတာက ဂုဏ်သိက္ခာကိုပဲ အလေးထားတယ်လို့ဆိုလိုချင်တာပါ)
"ဘယ်လိုမုန်းတီးမှုမျိုး ရှိနိုင်မှာလဲ၊ ကျွန်မ သူမကို လုံး၀မသိဘူး အဲ့ဒီကိုသွားတဲ့အချိန်တုန်းက သူမနဲ့သူမရဲ့ အတန်းဖော်အချို့က အကြောင်းပြချက်မရှိဘဲ ကျွန်မကို အရှက်ခွဲကြတယ် သူတို့က ဂန်းစတားအုပ်စုတွေပဲ အဲ့ဒီတုန်းက ကျွန်မ တကယ်ကို ဒေါသထွက်ခဲ့တယ် ဒါကြောင့် လက်စားချေချင်ခဲ့တာ၊ ရှင် ကျွန်မကို ဘယ်လိုတောင်မယုံနိုင်ရတလဲ ကျွန်မက ပုံမှန်ဆို အဲ့လိုလူမှမဟုတ်တာ အဲဒီနေ့က ကျွန်မ တကယ်ကို ဒေါသထွက်လို့ခိုင်းမိသွားတာ"
ဟယ်ချုန်ရှန်းသည် ရိုးသားသူတစ်ဦးဖြစ်ပြီး ကံကောင်းမှုနှင့်အတူ ဟယ်ကျားချွင်းမှလာသော ညီအစ်ကို/မများ၏အကူအညီကြောင့် သူ၏လုပ်ငန်းသည် ပိုမိုကြီးထွားလာခဲ့သည်။ သူကိုယ်တိုင်က ပညာမတတ်ဘဲ စိတ်ထားက ရိုးရှင်း၏။ ထို့ကြောင့် မုန့်ချန်၏ရှင်းပြချက်ကို နားထောင်ရသည့်အခါ သူတကယ်ယုံသွားခဲ့သည်။