အပိုင်း ၃၈
Viewers 12k

Chapter 38


မနက်စာစားပြီးသောအခါတွင် ကျန်းရွှိသည် ပုံမှန်အတိုင်းပင် လေ့လာကာ အလုပ်ကိုလုပ်နေ၏။ ရှန့်ဖန်းယွိ ရောက်လာသောအခါကတည်းက ကျန်းရွှိ၏ အလုပ်စားပွဲမှာ နှစ်ပိုင်းကွဲသွားပြီး လူနှစ်ယောက်စာအတွက် အလုပ်ခန်းဖြစ်လာခဲ့သည်။

သို့သော် သူ အလုပ်ပြီးသွားသည်အထိ ရှန့်ဖန်းယွိရောက်လာတာကို မမြင်မိသေးပေ။
ကျန်းရွှိက သူ၏နာရီကိုကြည့်လိုက်သောအခါမှာတော့ မွန်းတည့်ချိန်ရောက်ပြီဖြစ်‌ကြောင်း သိလိုက်ရပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ရှန့်ဖန်းယွိ၏ အလွန်အမင်းအလုပ်ကြိုးစားသည့်စရိုက်က သူ့ထက်အနည်းငယ်မျှ လျော့နည်းခြင်းရှိမနေပါချေ။ သူအိမ်တွင်ရှိနေသရွေ့ ရှန့်ဖန်းယွိသည် အိပ်ချိန်မှလွဲ၍ အလုပ်လုပ်ဖို့အတွက် တုံ့ဆိုင်းခြင်းအလျင်းမရှိသူဖြစ်၏။

တစ်မနက်ခင်းလုံး ရှန့်ဖန်းယွိဘာလုပ်နေသလဲဆိုတာကို သိချင်တာမို့ သူတံခါးကိုဖွင့်ကြည့်လိုက်သည့်အခါတွင်တော့ ရှုပ်ပွနေသည့်မီးဖိုချောင်နှင့် အမည်မသိအမဲရောင်အတုံးကြီးရှိတဲ့ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားသော ရှန့်ဖန်းယွိကို တွေ့လိုက်ရသည်။

ကျန်းရွှိ : "...."
သူ ဖန်းယွိကို ဒီလောက်အထိ ဇွဲကောင်းလိမ့်မည်လို့ လုံးဝမမျှော်လင့်ထားမိပါချေ။

"မင်းလာပြီလား" ရှန့်ဖန်းယွိက ပြောလာသည်။ "ငါမင်းကို ခေါ်တော့မလို့ပဲ" သူ၏လက်ထဲက ပန်းကန်ပြားကို ချပြီး လက်ညိုးထိုးပြကာ"အဲ့ဒါက အိုးထဲကနေထွက်လာတာ၊ ငါ့ရဲ့ masterpieceကို ကြည့်ပါဦး"
သူသည် ကျန်းရွှိကို တူတစ်စုံပေးလိုက်ပြီး သူမျက်နှာတွင်တော့ ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် "ငါ့ကိုချီးကျူးစမ်းပါ" ဆိုသည့် စကားလုံးပင် မျက်နှာပေါ်တွင်‌ အတိုင်းသားရေးထားသလိုပင်။

ဤအရာမျိုးကို masterpiece ဟု မျက်နှာအမူအရာ၊ နှလုံးခုန်သံ တစ်ချက်မှမပြောင်းလဲဘဲ ခေါ်ရဲသော ရှန့်ဖန်းယွိ၏ယုံကြည်ချက်ဟာ ဘယ်ကနေရလာသလဲဆိုတာကို ကျန်းရွှိမသိတော့ပေ။

ပြီးခဲ့သည့်အခေါက်တွင် ရှန့်ဖန်းယွိပြောသည့် "Hell Bar" ဆိုသောအရာက ကြည့်မကောင်းသောကြောင့် ကျန်းရွှိသည် ဖန်းယွိက အလှတရားခံစားတတ်‌သော ရသပညာရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ ရှန့်ဖန်းယွိ၏မျက်လုံးနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း သူယုံကြည်သွားခဲ့တော့သည်။

"ဒါကဘာလဲ?" နောက်ဆုံးတော့ မနေနိုင်‌မထိုင်နိုင်ပဲ သူမေးမိသွားသည် "ဗုံးတစ်လုံးလား?"

"မင်းမမြင်ဘူးလား?" ရှန့်ဖန်းယွိက ပြန်ဖြေသည်။ "ကျားအရေခွံနဲ့တူတဲ့ငရုတ်ပွစိမ်းကြော်လေ"

လူတွေ၏ ကျားအရေခွံငရုတ်ပွစိမ်းပေါ်တွင် အမဲရောင် အစင်းကြောင်းများရှိပြီး အာဖရိကန် ကျားများတွင်တော့ တူညီပြီး သပ်ရပ်သည့်အရောင်မရှိပါပေ...

ကျန်းရွှိသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ နေ့လည်စာပါဆယ်ဝယ်ရန်အတွက် စီစဉ်လိုက်သည်။

ရှန့်ဖန်းယွိမှာ ကျန်းရွှိက သူ၏အချက်အပြုတ်စကေးကို မကြိုက်ကြောင်း စိုးစဉ်းမျှ သတိမပြုမိဘဲ ကျန်းရွှိ၏ခွက်ထဲသို့ ကျားအရေခွံပုံစံ ငရုတ်ပွစိမ်းကို ညှပ်ထည့်ပေးပြီး "ဟင်းခတ်အမွှေးအကြိုင်နဲ့ ရေပမာဏက အင်တာနက်ပေါ်က ချက်ပြုတ်နည်းအတိုင်း တိတိကျကျပဲ ချိန်တွယ်ထားတယ်။ ဒဿမနှစ်နေရာလောက်ထိတောင် တိကျတာမို့ အရသာကောင်းမှာသေချာတယ်"

ဒဿမတစ်‌ရာနေရာအတွက် တိကျခဲ့လျှင်တောင် မီးကို ထိန်းချုပ်စွမ်းရည်က အတော်ညံ့ဖျင်းလွန်းလှသည်။ ၎င်းကိုစားပြီး ကောင်းကင်ဘုံမတက်နိုင်တော့မှာကို ကြောက်မိ၏။

"မင်းမြည်းကြည့်ချင်လို့လား" ရှန့်ဖန်းယွိက မျှော်လင့်တကြီးဖြင့် သူ့ကိုကြည့်လာသည်။

ကျန်းရွှိသည် ပန်းကန်လုံးထဲက အမဲရောင်အတုံးကြီးကို စိုက်ကြည့်ပြီး "မင်းအရင် စားပါ" လို့ သတိထားပြီး ပြောလိုက်၏။

"ကောင်းပြီလေ"

ရှန့်ဖန်းယွိသည် သူ့စကားအတိုင်း တစ်ဖဲ့ကိုယူကာ အကြီးကြီးတစ်ကိုက်ကိုက်ပြီး ခဏကြာအောင် အရသာခံပြီးသည့်နောက်တွင်တော့ သူ၏မျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်းအေးခဲသွားသည်။

ရှန့်ဖန်းယွိ၏ မျက်နှာပေါ်က ယုံကြည်မှုကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏အမူအရာသည် အနည်းငယ်ပင် ထိတ်လန့်သွားကြောင်းကို ကျန်းရွှိသည် အကူအညီမဲ့စွာ ကြည့်နေမိသည်။

ကံကောင်းထောက်မစွာဖြင့် ရှန့်ဖန်းယွိသည် မျက်လုံးတွင်သာ ပြဿနာရှိပြီး လျှာကတော့ ကောင်းနေခဲ့သည်။

ကျန်းရွှိ သက်ပြင်းတစ်ချချလိုက်သည်။

"ဘာကြီးလဲ" ရှန့်ဖန်းယွိသည် တစ်ဝက်စားထားသည့် ကျားအရေခွံပုံစံ ငရုတ်ပွကြော်ကို မယုံနိုင်စွာ ကြည့်ပြီးနောက် ကျန်းရွှိမေးခဲ့သော မေးခွန်းကို ထပ်ခါတလဲလဲပြန်မေးနေ၏။

"ကျားအရေခွံပုံစံ ငရုတ်ပွစိမ်းကြော်" ကျန်းရွှိက သူ့အမူအရာကို အကဲခတ်ပြီး ဖြည်းညှင်းစွာ ဆက်ပြောလာ၏။
"မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ"

ရှန့်ဖန်းယွိသည် တိတ်ဆိတ်သွားခဲ့သည်။ သူသည် သူ၏ပါးစပ်ထဲကအရာကို တစ်သျှူးပေါ်သို့ ထွေးထုတ်ပြီး ကျားအရေခွံငရုတ်ပွစိမ်းကို ကျန်းရွှိပန်းကန်လုံးထဲသို့ ပြန်လောင်းထည့်ကာ ပန်းကန်ပြားပေါ်တွင်ရှိသော အမည်မသိအရာများအားလုံးကို အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။

"ဒါက သိပ်အရသာမရှိဘူး" ရှန့်ဖန်းယွိသည် အမှိုက်ပုံးရှေ့‌တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး ပြောသည်။ "ဒါကသိပ္ပံနည်းကျမှမဟုတ်တာ ငါကျောင်းတက်တုန်းကဆို လက်တွေ့အတန်းမှာ အမြဲတမ်း အမှတ်ပြည့်ရတယ်လေ"

"Concentrated sulfuric acid dehydrationဖြစ်ခြင်းနဲ့ carbonization ဖြစ်ခြင်း စမ်းသပ်ချက်တွေလား?" ကျန်းရွှိသည် ရှန့်ဖန်းယွိကို ပေါ့ပေါ့ပါးပါး လှောင်ပြောင်လိုက်ပြီးသည့်နောက် သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သော်လည်း မရခဲ့ပေ။ ယခုပင် စိတ်အားထက်သန်နေသော အမျိုးသားသည် ကြီးမားသောထိုးနှက်ချက်ကို ခံလိုက်ရသကဲ့သို့ စိတ်ပျက်လက်ပျက် မလှုပ်မယှက်နှင့် အမှိုက်ပုံးကို စိုက်ကြည့်နေသည်။

ကျန်းရွှိသည် ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူအရမ်းများလွန်သွားသလား။

သူ၏ပါးစပ်ထဲပေါ်လာသော ကြမ်းတမ်းသည့် စကားတွေကို တလှုပ်လှုပ်နှင့် ပြန်မြိုချပစ်လိုက်သည်။ သူသည် ရှန့်ဖန်းယွိထံသို့ လျှောက်သွားပြီး သူ၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်စကားများ ရှာဖွေရန် စိတ်နှစ်ထားလိုက်သည် "တကယ်တော့..."

"ကျန်းရွှိ ငါ့ကိုစောင့်နေဦး" ရှန့်ဖန်းယွိသည် ရုတ်တရက်ထလိုက်ပြီး "ငါ ထပ်လုပ်မယ်"

ကျန့်ရွှိသည် ကြောက်လန့်တကြား နောက်ပြန်ဆုတ်ကာ သူ့မျက်နှာပေါ်တွင် question mark တွေနဲ့ "မင်းဘာပြောလိုက်တယ်?" ဟု မေးလိုက်သည်။

"မင်းခဏစောင့် ငါထပ်လုပ်မယ်" ရှန့်ဖန်းယွိက ထပ်ခါတလဲလဲ ပြောလာ၏။ဓာတ်ခွဲခန်းတွင်ရှိစဉ်အခါက မရေမတွက်နိုင်သောအကြိမ်များကလိုပင် ရှန့်ဖန်းယွိသည် မျက်မှောင်ကြုတ်ပြီး "ပြဿနာက ဘာလဲဆိုတာ ငါသိမယ်ထင်တယ်" ဟုပြောသည်။

သေချာသည်က ရှန့်ဖန်းယွိသည် ကိုယ်ချင်းစာတရားနှင့် မထိုက်တန်ပါချေ။

ကျန်းရွှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အစာအိမ်က မစောင့်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။ အနည်းငယ် အပြစ်ရှိသောစိတ်က ချက်ချင်းပျောက်ကွယ်သွားကာ မြိုချခဲ့သော ကြမ်းတမ်းသော စကားလုံးများသည် နောက်ဆုံးတွင် ချောချောမွေ့မွေ့ ထွက်ပေါ်လာသည် "ငါ နောက်ထပ် နှစ်နည်းနည်း အသက်ရှင်ချင်သေးတယ်"

"ဒါပေမယ့်..."

"မင်းရဲ့ သမီးကလည်း နောက်ထပ် နှစ်နည်းနည်း နေချင်ဦးမှာပဲ" သူ၏ အခက်အခဲကို မျက်နှာအမူအရာမဲ့စွာ ပြောလိုက်သည်။

ရှန့်ဖန်းယွိ : "...."

ကျန်းရွှိ၏စကားများက ရှန့်ဖန်းယွိအား နှိုဆွပေး‌လိုက်သည်လား သို့မဟုတ် ရှန့်ဖန်းယွိ ကိုယ်တိုင်ကပင် သူ့တွင် ဟင်းချက်ရန် အရည်အချင်းများစွာမရှိသည်ကို သတိရသွားသည်လားမသိ ရှန့်ဖန်းယွိသည် သက်‌ပြင်းအရှည်ကြီးတစ်ချက်ချကာ "သွားရအောင်! အပြင်မှာသွားစားကြမယ်!" ဟု ကျန်းရွှိအား ပြောလိုက်သည်။

သူတို့နှစ်ယောက် အိမ်နားက ကုန်တိုက်ရှိ သာမန်စားသောက်ဆိုင်လေးကို ရှာတွေ့ပြီးထိုတွင်သာ နေ့လည်စာ မြန်မြန်စားလိုက်ကြသည်။ ကျားအရေခွံ ငရုတ်ပွကြောင့် နာကျင်ခံစားခဲ့ရသည့် ကျန်းရွှိ၏ မျက်လုံးနှင့် နှလုံးသားသည် နောက်ဆုံးတွင်တော့ အနည်းငယ် သက်သာရာရသွားခဲ့သည်။

"စားလို့ကောင်းလား" ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ ဗလာဖြစ်နေသော ပန်းကန်များနှင့် ပန်းကန်လုံးများကို မကျေနပ်ချက်ဖြင့် ကြည့်ပြီးပြောသည်။

ကျန်းရွှိသည် ခဏတာတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြသည်။

ရှန့်ဖန်းယွိက ရုတ်တရက်ထလိုက်သည်။ ကျန်းရွှိသည် ရှန့်ဖန်းယွိ၏လက်ကို ဆွဲရန် သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး "မင်းဘာလုပ်မလို့လဲ" ဟု သတိကြီးကြီးနှင့် မေးလိုက်သည်။

"ဟင်းချက်တဲ့ ပညာကို လေ့လာမလို့"

"..." ကျန်းရွှိသည် ချက်ချင်းထရပ်လိုက်ပြီး စားသောက်ဆိုင်ထဲကနေ သူ့ရှေ့ကလူကို ဆွဲထုတ်ကာ "ရှန့်ဖန်းယွိ မင်းမှာ မရှိတဲ့အရည်အချင်းအတွက် အတင်းလုပ်ယူဖို့ မလိုဘူး" ဟု တည်တည်ကြည်ကြည် ပြောလိုက်သည်။

သူ့ မီးဖိုချောင်ကို ဖောက်ခွဲပစ်လိုက်ရင်တောင် အဆင်ပြေသေးသည်။ သို့သော် သူများ၏ စားသောက်ဆိုင်အနောက်ဖက်က မီးဖိုချောင်ကို ဖောက်ခွဲပစ်မိရင်တော့.... ကျန်းရွှိ social media သတင်းတွေမှာတော့ မပါလာချင်ပါ။

"ကျန်းရွှိ" ရှန့်ဖန်းယွိက လက်လျှော့ပုံမရပါ။ "မင်း ယုံလားမယုံဘူးလား၊ အနှေးနဲ့အမြန်ပဲ မင်းအကြိုက်ဆုံးဟင်းလျာကို ငါချက်ပေးမယ်။ မင်းအဲဒီဟင်းလျာရဲ့ နာမည်ကြားတာနဲ့ ငါ့ကိုသတိရသွားမိစေတဲ့ ဟာမျိုး"

ကျန်းရွှိက အိမ်တွင်းပရိဘောဂဆိုင်ကို လက်ညှိုးညွှန်ပြပြီး "မင်း ခေါင်းအုံးကောင်းကောင်းဝယ်ဖို့ ငါအကြံပြုပါရစေ"

မင်းအိပ်မက်မက်နေတာလား။

ရှန့်ဖန်းယွိ သူ၏လက်နောက်သို့ လိုက်ကြည့်မိသည့်အချိန်တွင် သူ၏အကြည့်များ ရုတ်တရက်အေးခဲသွားပြီး အချိန်အတော်အတန်ကြာပြီးနောက် သူ၏မျက်လုံးများ တလက်တလက်တောက်ပလာကာ "ကျန်းရွှိ ကြည့်ပါအုံး!" ရှန့်ဖန်းယွိသည် ပရိဘောဂစတိုးဆိုင်ဘေးတွင်ရှိ ဆိုင်ကို ရွှင်ပျစွာ ညွှန်ပြလာသည်။

ကျန်းရွှိက စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး သူ အသိစိတ်ဝင်လာချိန်မှာတော့ သူတို့နှစ်ယောက်သည် ကလေးသုံးကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို အမှန်တကယ်ပင် လျှောက်လှမ်းလာနေခဲ့သည်။

ဒီစတိုးဆိုင်ကသစ်ဖွင့်ထားခြင်း ဖြစ်မည်။ ပန်းခြင်းမျိုးစုံသည် စတိုးဆိုင်အပြင်ဘက်တွင် ထားရှိထားပြီး ဆိုင်ကို အရောင်းမြှင့်တင်သည့် အရောင်းသမားများလည်း ရှိသည်။ မှန်ပြတင်းပေါက်မှတစ်ဆင့် အတွင်းဖက်တွင်ရှိသော ချစ်စရာအရုပ်ကလေးများ၊ အဝတ်အစားသေးသေးလေးများ အားလုံးကို မြင်တွေ့နိုင်သည်။ ၎င်းသည် လီလီပွတ် (Lilliput) ကမ္ဘာလေးလိုပင်။

*Lilliput ဆိုသည်က ဂါလီဗာ၏ ခရီးစဉ် စာအုပ်ထဲတွင်ပါရှိသော သေးငယ်သောလူများနေထိုင်သည့် စိတ်ကူးယဉ်ကျွန်းလေးတစ်ကျွန်း ဖြစ်သည်။

Chapter 34.2

ရှန့်ဖန်းယွိသည် ကျန်းရွှိအား "မင်းကြည့်ချင်လား?" ဟုမေးသည်။

ကျန်းရွှိဘဝတွင် ဤသို့သော စတိုးဆိုင်မျိုးကို တစ်ခါမျှမသွားဖူးပါပေ။

သူတို့သည် ကလေးယူရန် ဆုံးဖြတ်ပြီးသားဖြစ်နေ၍ ဤဆိုင်ကိုသွားကြည့်ခြင်းက ကောင်းပါသည်။ သို့သော် အနည်းငယ်ထူးဆန်းနေသလိုပင်။ အထူးသဖြင့် အခြားလူတစ်ယောက်နှင့် လိုက်သွားခြင်း။

သို့သော်လည်း စိတ်လှုပ်ရှားနေသော ရှန့်ဖန်းယွိသည် သူ၏အမူအရာကို သတိမထားမိပေ။

ခဏကြာတဲ့အချိန်မှာတော့ အရောင်းဝန်ထမ်းတစ်ဦးက စိတ်အားထက်သန်စွာဖြင့် သူ့ကိုနှုတ်ဆက်ပြီး စတိုးဆိုင်အကြောင်း စပြောနေပြီဖြစ်သည်။ ရှန့်ဖန်းယွိသည် စတိုးဆိုင်သစ်၏ ပရိုမိုးရှင်းများအကြောင်း သူမကိုပင် ပြောဆိုနေခဲ့သည်။

ကျန်းရွှိသည် စကားပြောနေသော ရှန့်ဖန်းယွိကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရောင်းဝန်ထမ်းသည် ကျန်းရွှိအား ချက်ချင်းပင် အကြောင်းအရာထဲ ဆွဲထည့်လာသည်။

"ရှင်တို့နှစ်ယောက်က အတူတူလာတာလား?"

ရှန့်ဖန်းယွိ ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းကောင်းတယ်။ တူညီတဲ့ ထုတ်ကုန်တစ်ခုကို နှစ်ခုဝယ်ရင် ၁၂% လျှော့ဈေးရမှာပါ" အရောင်းဝန်ထမ်းက အပြုံးလေးဖြင့် ပြောသည်။
"သူတို့ရဲ့ ကလေးတွေအတွက် ပစ္စည်း‌တွေဝယ်ပေးဖို့ အတူလာကြတဲ့ အမေတွေအများကြီးတော့ ရှိတယ်။ အဖေနှစ်ယောက် ပစ္စည်းအတူတူလာဝယ်တာကိုတော့ ကျွန်မပထမဆုံး ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ရှင်တို့ထဲက တစ်ယောက်က ကြိုက်တာ တစ်ခုခုကိုတွေ့မယ်ဆိုရင် လျှော့ဈေးရမှာပါ။ ရှင်တို့ ကလေးတွေအတူတူဆော့ကြတဲ့အခါလည်း ပျော်ကြမှာ၊ အဲ့ဒါကြောင့် အရုပ်တွေတွေ့ရင် ယူဖို့မကြောက်ပါနဲ့နော်"

သူမစိတ်ထဲတွင်တော့ ရှန့်ဖန်းယွိနှင့် ကျန်းရွှိတို့သည် အခြား အမေများကဲ့သို့ သူတို့၏ ကလေးအသီးသီးအတွက် ပစ္စည်းလာဝယ်ပေးကြသည်ဟုပဲထင်ခဲ့သည်။

ရှန့်ဖန်းယွိသည် သတိထားမိပြီး အပြုံးလေးဖြင့် ရှင်းပြသည်။
"ကျွန်တော်တို့က ကလေးတစ်ယောက်တည်းအတွက်ပဲ လာဝယ်ကြတာပါ"

"အို ကျွန်မအထင်လွဲမိသွားတယ်" အရောင်းဝန်ထမ်းလေးက မြန်မြန်ဆန်ဆန် ပြန်ပြောသည်။ "ဒါဆို ရှင်တို့ ဘယ်သူ့အတွက် ဝယ်ပေးကြမှာလဲ?"

သူမအမြင်တွင် သူတို့နှစ်ယောက်လုံးက တော်တော်ငယ်ပုံရသည်။ "ဆွေမျိုးသားချင်းများလား၊ ဒါမှမဟုတ် မွေးချင်းအတွက်လား? ဒုတိယကလေးနဲ့ တတိယမြောက်ကလေးပြီးရင် နောက်ထပ် ကလေးတွေက သူတို့မွေးချင်းတွေ အရွယ်ရောက်ပြီးမှပဲ မွေးတတ်ကြတယ်"

"ကျွန်ဝော့်သမီးလေးပါ" နှစ်ယောက်လုံး တညီတညွတ်တည်း ပြောကြသည်။

အရောင်းဝန်ထမ်းမလေးက အံ့အားသင့်သွားပြီး ဇာတ်ကွက်က အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေကြောင်း သတိပြုမိသည်။ သူမ၏ လျှာကို အမြန်ကိုက်ပြီး ထွက်ကျလာမယ့် အဓိပ္ပာယ်မဲ့တဲ့ အရာတွေကို ပြန်မြိုချလိုက်သည်။"ရှင်တို့ရဲ့ သမီးလေးက တစ်ယောက်တည်းလား?"

သူမသည် ဝတ်ကောင်းစားလှဝတ်ထားသည့် သွယ်လျသော အမျိုးသားနှစ်ယောက်ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်မှာပင် သူတို့သည် အထက်တန်းလွှာကလူများနှင့် တူသည်။ ထို့နောက် သူမသည် ချုံယောင်ဒရမ်မာထဲ၌ အမျိုးသားနှစ်ဉီးလက်ကို ကိုင်ထားသည့် မင်းသမီးပြောသည်ကိုသတိရသွားသည်။ "ရှင်တို့နှစ်ယောက်လုံးက ကျွန်မကလေးရဲ့ အဖေတွေပဲ" (ဒရမ်မာထဲက မင်း‌သမီးပြောသောစကားဖြစ်သည်) ထို့နောက် သူမတိတ်ဆိတ်သွားခဲ့သည်။

*Qiong Yao ဒရမ်မာများသည် ထိုင်ဝမ်စာရေးဆရာ၊ ထုတ်လုပ်သူ Chen Ce ထုတ်လုပ်သည့် ရုပ်ရှင်များဖြစ်သည်။ (Qiong Yaoက သူမ၏ကလောင်နာမည်ဖြစ်သည်)

ဒီလိုယောက်ျားကောင်းနှစ်ယောက်ကို အ‌ပြေးအလွှား သူ့ကလေး၏ အဖေဖြစ်အောင် ဘယ်လိုအမျိုးသမီးမျိုးက လုပ်နိုင်လဲဟု သူမသိချင်မိသည်။

ရှန့်ဖန်းယွိသည် သူမ၏အတွေးများကို မသိဘဲ သူ၏အာရုံအားလုံးကို ကျန်းရွှိထံသို့ ပုံအပ်ထားခဲ့သည်။ စစ်မြေပြင်အသစ်ဟာ ချက်ပြုတ်ဖို့ ရှုံးနိမ့်ခဲ့သည့် မကျေနပ်ချက်များမှ ထွက်‌ပေါ်လာခဲ့ခြင်းပင်။

"မင်းမဝင်ရင် ငါဝင်ပြီး ကိုယ့်ဘာသာ ကြည့်မယ်" ရှန့်ဖန်းယွိ၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့် ထပ်မံလောင်ကျွမ်းနေသည်။
"နောက်ဆုံးတော့ ငါက သူ့ကို အချစ်ဆုံး အဖေပါပဲ"

ကောင်းတယ်၊ တကယ်ကောင်းတယ်။ ငါတို့ကြည့်ကြတာပေါ့။

ကျန်းရွှိသည် ရှန့်ဖန်းယွိက ကလေးကို ကိုင်ပြီး "မင်း ဒီအဖေကိုချစ်လား၊ ဟိုအဖေကိုချစ်လား" ဟုမေးနေသည်ကို မြင်ယောင်မိလိုက်သည်။

အရမ်း ယုံကြည်စိတ်ချဖို့ကောင်းတယ်။

ဘာကြောင့်များ ဒီကလေးက သူနဲ့ ရှန့်ဖန်းယွိကလေးဖြစ်ခဲ့တာလဲ။

ကျန်းရွှိက "မဖြစ်နိုင်တာ" ဟု အမူအရာမဲ့စွာပြောပြီး စတိုးဆိုင်ထဲသို့ နောက်ပြန်လှည့်ခြင်းမရှိပဲ ဝင်သွားတော့သည်။ ချက်ချင်းပင် ဈေးအကြီးဆုံး တွန်းလှည်းထံသို့ သွားလိုက်၏။

သူသည် သူ့သမီးကိုအချစ်ဆုံးဖြစ်သည်။ ပြီးတော့ ယခုအချိန်တွင် ရှန့်ဖန်းယွိဆီမှာ လုံးဝအရှုံးမခံနိုင်ပါ။

အရောင်းဝန်ထမ်းမလေးသည် သူမ၏ ပန်းပွင့်ကဲ့သို့စကားများဖြင့်ပင် စတိုးဆိုင်သို့ဝင်ရောက်ဖို့ ဆွဲဆောင်ရန်ရှုံးနိမ့်ခဲ့သည့်ထိုလူသည် စကားလုံးအနည်းငယ်ကြောင့် ရှန့်ဖန်းယွိအား ပြန်လှန်တိုက်ခိုက်ပြီး စတင်ဝယ်ယူတော့သည်ကို မြင်လိုက်ရပြီးနောက် အံ့အားသင့်ကာ သက်ပြင်းချမိသည်။

မိသားစု၏ ကံဆိုးမှုလား၊ နှစ်ထပ်ကွမ်း ကံကောင်းခြင်းလား ဟု သူမတွေးနေမိသည်....

ဖခင်နှစ်ဦးသည် ပစ္စည်းဝယ်ယူရန် ပြိုင်ဆိုင်နေကြပြီး ဝယ်ယူမှုတွင် သူမမှာ မည်သည့်အားထုတ်မှုမျှမလိုပဲ ရံဖန်ရံခါ စာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်းရှင်းပြရန်သာ လိုသည်။

"ဒါကောင်းတယ်" ဟု အရောင်းဝန်ထမ်းမလေး တွေးမိသည်။ သူတို့ ပစ္စည်း‌တွေအပေါ်မှာ ငွေသုံးချင်နေသရွေ့ သူတို့ ဦးထုပ်အစိမ်းဆောင်းထားခြင်းက အရေးမကြီးပါ။ သူတို့ပျော်ရွှင်ဖို့သာ လိုပါသည်။

ဈေးဝယ်ခြင်းတောင်းထဲသို့ ပစ္စည်းများ အရူးအမူးထည့်နေကြသော ကျန်းရွှိနှင့် ရှန်းဖန်ယွိတို့သည် အရောင်းဝန်ထမ်းမလေး၏ အတွေးကို မသိဘဲ ဘယ်အဖေက ကလေးကို ပိုချစ်လဲဆိုပြီး ယှဉ်ပြိုင်နေကြသေးသည်။

ပထမအချီတွင် ရှန့်ဖန်းယွိသည် ဘာဘီအရုပ်စင်ရှေ့သို့သွားပြီး နောက်ဆုံးဆန်ကာတင်များကို ရွေးထုတ်ကာ သူတို့ရဲ့ ပွဲဦးထွက်အတွက် တစ်ယောက်ပြီးတစ်ယောက် ဈေးဝယ်လှည်းထဲသို့ ထည့်လိုက်သည်။ သူလှည့်ကြည့်‌လိုက်သောအခါ ကျန်းရွှိသည် အဆောက်အဦအတုံးများ၊ လင့်ကိုးချောင်း၊ Rubik ကုဗတုံးနှင့် Kong Ming Lockအရုပ်များ စသည့် ပညာပေးအရုပ်များကို ကောက်ယူပြီး မိနစ်ပိုင်းအတွင်း ဈေးဝယ်လှည်း၏ တစ်ဝက်ပြည့်သွားသည်ကို တွေ့လိုက်ရသည်။

ဒုတိယအချီတွင် ရှန့်ဖန်းယွိသည် လက်ရာမြောက်သော မင်းသမီး ရဲတိုက်များကို သူ၏ဈေးဝယ်လှည်းထဲသို့ ထည့်လိုက်သည်။ သူမော့ကြည့်လိုက်ပြီး ကြီးမားသောပဟေဠိသေတ္တာကြီးကို ဖြုတ်နေသည့် ကျန်းရွှိအား ဝင်တိုက်မိသွားသည်။

တတိယအချီတွင်တော့ ရှန့်ဖန်းယွိမလှုပ်နိုင်ခင်မှာ ကျန်းရွှိစင်ပေါ်ကနေ ရွှေ့ထားသည့် အစောပိုင်းပညာရေးစာအုပ်များကို တွေ့လိုက်ရသည်။

အနက်ရောင်လိုင်းများ ပြည်နှက်နေသည့် ရှန့်ဖန်းယွိသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ "မင်းဘာလို့ စာအုပ်တွေအများကြီးဝယ်နေတာလဲ" ဟုမေးလိုက်သည်။

"အသိဉာဏ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုဖို့" ကျန်းရွှိကပြောသည်။ "သူ မင်းလိုမျိုး တစ်ခုခုဖြစ်လာမှာစိုးလို့"

"ဟေး ငါ့ရဲ့ ဉာဏ်ရည်က ဘာဖြစ်နေလို့လဲ" ရှန့်ဖန်းယွိက ပြန်ပြောသည်။ "ငါငယ်ငယ်တုန်းက ဒီလိုစာအုပ်တွေမဖတ်ခဲ့ပေမယ့် ကစားတိုင်း အမြဲတမ်းထိပ်ဆုံးနေရာတွေကို ရယူနိုင်ခဲ့တယ်"

"ပြီးတော့ ဒီအသိပညာပေးအရုပ်တွေကိုကြည့်ပါအုံး" ရှန့်ဖန်းယွိသည် ပဟေဠိသေတ္တာကို ကောက်ယူလိုက်ပြီး ၎င်းပေါ်က နံပါတ်အကြီး "၁၀၀၀" ကို ညွှန်ပြကာ ကျန်းရွှိအား "တစ်ထောင်ရှိတဲ့ ဂျစ်ဆာပဟေဠိ မင်းက မင်းရဲ့သမီးကို ငိုစေချင်‌တာလား"

ပြီးနောက် သူသည် ထိုစာအုပ်များကို ညွှန်ပြပြန်ပြီး "ဘယ်ကလေးမှ ဒါမျိုးတွေ မကြိုက်ဘူး။ ပြီးတော့ မင်းကိုယ်တိုင် ဒါတွေကို တစ်ခြားနေရာမှာ မထားခဲ့ဘူးဆိုရင် ငါတစ်ယောက်တည်းကပဲ သူ့ကိုတကယ်ချစ်တယ်လို့ဆိုလိုတာပဲ"

ကျန်းရွှိသည် ရှန့်ဖန်းယွိအား မျက်လုံးများလှည့်ပြလိုက်ပြီး "ဒါက သနားငဲ့ညှာ‌ပေးတာလို့ ခေါ်တယ်"
ပြောပြီးသည့်နောက်တွင် သူသည် စာအုပ်ကိုများများထပ်ယူကာ ဈေးဝယ်လှည်းထဲသို့ ထည့်လိုက်သည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံး၏ မူးဝေစရာကောင်းသည့် ပြိုင်ဆိုင်မှု လေထုငြိမ်သက်သွားသောအခါ ဈေးဝယ်လှည်းသည် အရုပ်များနှင့် စာအုပ်မျိုးစုံတို့ဖြင့် ပြည့်နေပြီဖြစ်သည်။ ရှန့်ဖန်းယွိသည် ခေါင်းလောင်းလေးများ တွဲလောင်းကျနေသည့် လျှပ်စစ်ကားတစ်စီးကိုပင် ကောက်ထည့်ထားသေးသည်။

.......