Chapter 126
(အဘိုးထံ အပ်နှံထားသည်)
ဝေ့ရွှယ် စကားတွေက လှသည်။ သူမသည် အမေဝေ့ အမှားကိုထောက်ပြရုံသာမက စုမုန့်ကိုလည်း နှိမ့်ချခဲ့သည်။တစ်ချိန်တည်းမှာပင် သူမကိုယ်ကို ဂုဏ်မြှင့်တင်၍ ပြောဆိုသည်။တစ်ကယ့်ကို စကားပြောကောင်းသူတစ်ယောက်ပင်။ ယခုတော့ စုမုန့် ဘာပဲပြောပြော၊သူမက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေသည့်အလားပင်။
သို့သော် စုမုန့် လုံးဝမထိတ်လန့်သွားပေ။သူမ၏ စူးရှပြင်းထန်သော မျက်လုံးများကို ဖုံးကွယ်ရန် ခေါင်းကိုအနည်းငယ် ငုံ့ထားရင်း
“ဒီကိစ္စရဲ့ နောက်ဆုံးအမှားက ကျွန်မ ဖြစ်မယ်ဆိုတာ သိပါတယ်...ဒါကြောင့် အဲဒီနေ့က ဖုန်းrecordကို မဖျက်ခဲ့ပါဘူး...အဘိုး၊ လူတိုင်းနားထောင်ရဖို့ ဖွင့်ပြရင် ဘယ်လိုလဲ"
စုမုန့်က ဖုန်းဖြင့် record လုပ်ထားသည်ကိုကြားသော်၊ ဝေ့ရွှယ် နှင့် အမေဝေ့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
အမေဝေ့က ချက်ချင်း စကားဝိုင်းကို ရပ်လိုက်သည်။
“ငါတို့အားလုံးက မိသားစုတွေပါ..နင် ဘာတွေပြောနေတာလဲ...ဒီကိစ္စက ငါ့အမှားဆိုတာ အမှန်ပဲ... အဲဒီအချိန်မှာ ဒေါသတွေထွက်နေလို့ ငါ နည်းနည်းလွန်သလိုဖြစ်မိတာပါ...အဲဒီတုန်းက နင့်ကို ငါကသာ မှန်မှန်ကန်ကန် ပြောခဲ့မယ် ဆိုရင် နောင်မှာ ဒီလောက် ဒုက္ခများစရာတွေ ရှိလာမှာ မဟုတ်ဘူး…စုမုန့် ...နင် ဆက်ပြီး ဒီကိစ္စကို ဆက်ပြောချင်မနေနဲ့တော့"
ထိုစကားကိုပြောပြီးနောက် သူမသည် ဝေ့ရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။ ဝေ့ရွှယ်ကလည်း ချက်ချင်းနားလည်သဘောပေါက်ပြီး
“ဟုတ်ပါတယ်…စုမုန့်…ငါတို့က မိသားစုပါ…ဒီကိစ္စက နားလည်မှုလွဲတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မေ့ထားပစ်လိုက်တာ ကောင်းပါတယ်…စိတ်ထဲထားမနေပါနဲ့"
ဒီကိစ္စကို ဘယ်သူကရော အမြဲ ပြောနေမှာလဲ... စုမုန့် စိတ်ထဲမှာ တွေးလိုက်မိသည်။သို့သော်လည်း အပြင်မှာတော့ အမေဝေ့၏ စကားကို ရက်ရက်ရောရော သဘောတူလိုက်သည်။
“အန်တီဝေ့ တောင်းပန်တာကို ကျွန်မဘက်က လက်ခံပါတယ်...ဒါဆိုရင်တော့ အဆင်ပြေပါတယ်... နောက်လည်း အခုလို နားလည်မှုလွဲတာမျိုး မရှိနိုင်ဘူးလို့မျှော်လင့်ပါတယ်... ဒီ record နဲ့ ပတ်သက်ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း မဖြေရှင်းချင်ဘူးဆိုတော့ အဘိုးကို ကိုင်တွယ်ခွင့်ပေးလိုက်တာ ပိုကောင်းမယ်လို့ ဆုံးဖြတ်ထားပါတယ်”
“အဲဒီအခြေအနေမျိုးမှာ နောက်ဆို တစ်ခုခုဖြစ်ရင်တောင် ဒီကိစ္စကို ကျွန်မတို့ ဆွေးနွေးထားပြီးသားဆိုတော့ ဆက်ပြီး ပြန်ဆွနေမှာ မဟုတ်ပါဘူး...သဘောမတူဘူးလား… အန်တီဝေ့…အဘိုးပြောတာကို နားမထောင်ချင်ဘူးလား”
စုမုန့် ခေါင်းညိမ့်ပြီး ဟန်ပါပါနှင့် အမေဝေ့ကို မေးသည်။
"ဘယ်လိုလုပ်ပြီး သဘောမတူရမှာလဲ...."
အမေဝေ့ ဘာပြောနိုင်ဦးမလဲ... သဘောတူရုံပဲ ရှိတော့တာပေါ့..
အဘိုးဝေ့က ခေါင်းညိတ်ပြီး
“ကောင်းပြီ မိန်းကလေးမုန့်.... ပြီးရင် အဘိုးဆီ အသံသွင်းဖိုင် ပို့လိုက်ပါ...ဘယ်လိုနားလည်မှုလွဲတာလဲဆိုတာ နားထောင်ကြည့်မယ်"
သူမ ကလည်း ချိုသာစွာ သဘောတူလိုက်သည်။
“ကောင်းပြီ အဘိုး၊ စိတ်မပူပါနဲ့...ကျွန်မ အဲဒါကို ဘာမှ မဖြတ်ထားပါဘူး...အစကနေ အဆုံးထိပါပါတယ်"
'အစကနေအဆုံးထိ' ဟုပြောသောအခါ သူမသည် လေသံကို တမင်တကာ တစ်လုံးချင်းစီခွဲပြောကာ အမေဝေ့ကို ပြုံးပြသည်။
စုမုန့်၏မျက်နှာအမူအရာကိုမြင်သောအခါ အမေဝေ့၏မျက်နှာသည် ဒေါသနှင့် နီရဲလာရ၏။
စုမုန့်သည် သူမ၏ တောင်းပန်စကားကို ရှင်းရှင်းလင်းလင်း လက်ခံခဲ့သော်လည်း အသံသွင်းဖိုင်ကိုမူ အဘိုးဝေ့ထံ လွှဲပြောင်းပေးမည်ဟုဆိုသည်။ မျှော်လင့်ထားသည့်အတိုင်း၊သူမသည် လူကြားထဲ တိုးဖူးပုံမရသော မိသားစုငယ်လေးမှ ဖြစ်ချေတော့သည်။လူတစ်ယောက်အား စေ့စေ့စပ်စပ် အပြစ်ရှာကာ ယုံကြည်မှုဆိုတာ ဘာမှန်းမသိသူပင်။
အမေဝေ့ မကျေမနပ်ဖြစ်သော်လည်း လောလောဆယ်မှာတော့ ဘာမှပြန်မပြောနိုင်သေး။သူမ စုမုန့်ကိုသာ စိုက်ကြည့်နေပြီး ရွံမုန်းမှုများက စိတ်ထဲမှာ ပို၍ကြီးထွားလာသည်။
စုမုန့် သည် အမေဝေ့ကို ကြည့်ရင်း ဖျတ်ခနဲ ပြုံးလိုက်သည်။သူမ အမေဝေ့ အကြည့်တွေကို ဂရုမစိုက်ချေ။ အဘိုးဝေ့မှလွဲ၍ သူမအတွက် ဝေ့မိသားစုတွင် ဘယ်သူကမှ အရေးမကြီး။
သူတို့ စကားဝိုင်းက နည်းနည်းအသံကျယ်နေပြီး ပတ်ဝန်းကျင်မှာလည်း လူတော်တော်များများ ရှိနေသည်။ နီးနီးနားနားရှိ လူများသည် သူတို့စကားကို ကြားပြီး ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။
ဝေ့မိသားစုဆီရောက်လာပြီးနောက် အတင်းအဖျင်းတွေ အများကြီးကြားရဖို့ သူတို့ မမျှော်လင့်ထားပေ။ သူတို့လည်း သဘောကျကာ ပိုကောင်းသော အတင်းအဖျင်းတွေ ထက်သိရစေဖို့ အချင်းချင်း ပြောချင်ဆိုချင်စိတ် ဖြစ်လာကြရ၏။ သို့သော် သူတို့သည် ဝေ့မိသားစု၏ အိမ်၌ လောလောဆယ်ရှိနေကြသောကြောင့် လောလောဆယ် ထိန်းထားကြရသည်။
လက်ရှိ ဧည့်သည်များအားလုံးတွင် နောက်ခံအခြေအနေကြီးသူများ ရှိကြသည်။မည်မျှပင် စီးပွားရေး အခြေအနေနည်းသူဆိုလျှင်တောင်၊သာမန်လူများ မဟုတ်ကြ။အားလုံးက လူချမ်းသားချည်းသာ။သူတို့သည် အဖေဝေ့နှင့်အမေဝေ့ကို ဂရုမစိုက်သော်လည်း အဘိုးဝေ့ကိုတော့ လေးစားကြရသည်။
ထို့ကြောင့် သူတို့ ယခု ဘာမှ မပြောသော်လည်း ဝေ့မိသားစုမှ ထွက်ခွါသွားသောအခါ သို့မဟုတ် အဘိုးဝေ့ ထွက်သွားပြီးလျှင် သူတို့ ထိုကိစ္စကို ဆက်ပြောကြလိမ့်မည်။
အမေဝေ့သည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ မျက်နှာအမူအရာကိုကြည့်လိုက်သည်။ သူမ ဤကိစ္စကို လူသိရှင်ကြား ထုတ်ပြဖို့ မတွေးထား၍ စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ယခုတော့ သူမအတွက် ပြင်ဆင်ဖို့ နည်းလမ်းတစ်ခုခု တွေးဖို့ နောက်ကျသွားရပြီ။
အဘိုးဝေ့က သူ့ပတ်ဝန်းကျင် အခြေအနေကို သတိထားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအကြောင်းတွေကို နောက်မှပြောမယ်....အခုလောလောဆယ်တော့ ပွဲအတွက် သေချာပြင်ဆင်ထားလိုက်ရအောင်”
အဘိုးဝေ့သည် နောက်ဆုံးတွင် ဤကိစ္စကို ဆက်ပြောမည်မဟုတ်ကြောင်းကြားသိရသဖြင့် အမေဝေ့ စိတ်သက်သာရာရသွားကာ စတင်ပြင်ဆင်ရန် အစေခံများကို အမြန်ပြောလိုက်သည်။ ပွဲစ,သည်နှင့်အမျှ သူမ လုပ်စရာမရှိတော့။ထိုအချိန်တွင်၊ သူမသည် ဤအရာများကို အဘိုးဝေ့အား ကောင်းစွာရှင်းပြနိုင်ဖို့နှင့် အခြားကိစ္စများထဲ မဝင်နိုင်စေရန် စဉ်းစားရပေမည်။
အမေဝေ့ မထွက်သွားမီ၊ သူမသည် ဝေ့ရွှယ်အား အဘိုးဝေ့ နှင့် အတူရှိရန် ပါးစပ်က လှုပ်ရုံသာ ပြောလိုက်သည်။ ဝေ့ရွှယ် ကလည်း နားလည်သည်ဆို၍ သူမ ကျေနပ်စွာနှင့် ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ သမီးဖြစ်သူကို စိတ်ထဲကပါ ချီးမွမ်းမိတော့သည်။ထင်ထားသည့်အတိုင်၊သမီးဖြစ်သူမှာ ထက်မြက်ပြီး ကြင်နာတတ်သည်။ထိုရိုင်းစိုင်းသော မိန်းကလေး စုမုန့် ထက် များစွာသာလွန်သည်။
"အဘိုး...ကျွန်မ ကူညီပါရစေ… အားလုံး စောင့်နေကြတယ်"
ဝေ့ရွှယ် သည် အဘိုးဝေ့ မတ်တတ်ထရပ်သည်ကို မြင်သောအခါ စုမုန့် အား ချက်ချင်းပင် ဘေးသို့ တွန်းလိုက်ပြီး အဖိုးဝေ့အား ပြုံးပြလိုက်သည်။ သို့သော်လည်း အဘိုးဝေ့သည် သူမ၏အကူအညီကို ငြင်းပယ်ခဲ့ပြီး စုမုန့်ကို
"မိန်းကလေးမုန့်...ငါ့နားမှာ ထိုင်ပါ... ဝေ့ထင် လာတဲ့အခါ မင်းဘေးမှာ ထိုင်ခိုင်းလိုက်ပါ...မင်းတို့နှစ်ယောက်ကို အဘ်ိုးမတွေ့တာတောင် ကြာပြီဆိုတော့ နှစ်ယောက်လုံး ငါ့နားကပ်လာထိုင်"
စုမုန့် သည် ပွဲစနေပြီကို မြင်လိုက်ရပြီး အဘိုးဝေ့ ကို ဝေ့ရွှယ် က ကူညီမည်ဖြစ်၍ သူမ မတ်တပ်ထရပ်ကာ ထွက်သွားချင်သော်လည်း အဘိုးဝေ့က တားနေသည်။
“ဟုတ်... အဘိုး”
စုမုန့် ခြေလှမ်းတွေကို ရပ်လိုက်ပြီး ချိုချိုသာသာ ပြန်ဖြေလိုက်သည်။သူမသည်ထိုင်ရမည့်နေရကို ဂျီးမများသော်လည်း တချို့လူတွေက လက်မခံနိုင်ကြ။ ယခု သူမသည် ဝေ့မိသားစုဝင်တိုင်း၏ မျက်နှာသာ အပေးမခံရကြောင်း သူတို့ သိထားကြလေသည်။
(သူတို့ ပြောသည့်အဘိုးဝေ့အကြောင်း)
သူမ ဝေ့ရွှယ်ကို ကြည့်လိုက်သည်။ ဝေ့ရွှယ်သည် အဘိုးဝေ့ က သူမအား ခေါ်လာသည့်အခါ မနာလိုဖြစ်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဝေ့ရွှယ် နားမလည်နိုင်။သူမသည် အဘိုးဝေ့၏မြေးဖြစ်သည်မှာ ထင်ရှားပြီး စုမုန့်သည် အပြင်လူသာဖြစ်သည်။ ဘာလို့ အဘိုးဝေ့က သူ့မြေးထက်တောင် စုမုန့်ကို ပိုကောင်းပြီးး ဆက်ဆံရတာလဲ... ဤမြေးအရင်းသည် အပြင်လူများ၏အမြင်တွင် အထင်ကြီးစေသူ၊ဖြစ်ရမည်။
"ဝေ့ထင် ဘယ်မှာလဲ... သူဘာလို့ ဒီမှာမရှိတာလဲ…မိန်းကလေးမုန့် ရောက်နေတာတောင် သူမလာဘူး... တခြားသူတွေက လှောင်ရယ်အောင် လုပ်နေတာလား"
အဘိုးဝေ့ ဝေ့ထင်ကို လှမ်းကြည့်သော်လည်း မတွေ့သဖြင့် မကျေမနပ် မေးသည်။
ဝေ့ရွှယ် က "အဘိုး...သူက... သူက ဓါတ်မတည့် သွားလို့ပါ...သူ့အခြေအနေက အရမ်းပြင်းထန်တယ်...ဆေးထိုးထားတယ် နေမှာပါ”
သူမ၏ မှန်းဆချက်သာဖြစ်သော်လည်း ဓာတ်မတည့်မှု ဖြစ်နေခြင်းက အမှန်ဟုဆိုရမည်။
"အဖေ…အဓိကထိုင်ခုံမှာ ထိုင်ဖို့ ကျွန်မ ကူညီပေးမယ်"
အဘိုးဝေ့ မသွားသေးသဖြင့် အမေဝေ့ ရောက်လာပြန်သည်။
အဘိုးဝေ့ သက်ပြင်းချလိုက်သည်။ဘာလို့ အိမ်မှာတစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာလဲ... အမြဲလိုလို မတော်တဆမှုတွေကြုံနေကြရတယ်...သူ့ကို တစ်ကယ် စိတ်ပူစေသည်။
သူ အိမ်မှာမရှိသည့်အချိန်တွေမှာ ဘယ်လိုအရှုပ်အထွေးတွေ ဖြစ်လာမှန်းမသိတော့။ယခုအချိန်မှာ အရေးကြီးဆုံးက မွေးနေ့ပွဲပင်။ဧည့်သည်များစွာကို စောင့်ခိုင်း၍ မရပေ။ဤကိစ္စတွေ ပြီးသွားလျှင် အားလုံကို သေချာဖြေရှင်းသင့်သည်။ ဝေ့ထင် ဘေးတွင် သီးသန့်ဆရာဝန်အမြဲရှိသောကြောင့် သူ ဝေ့ထင်ကို စိတ်မပူပေ။ ဝေ့ထင် တစ်ခုခု တစ်ကယ်ဖြစ်ခဲ့လျှင် အိမ်က ဤမျှအထိ တိတ်ဆိတ်နေမှာမဟုတ်ပေ။
"မိန်းကလေးမုန့်… သွားရအောင်"
အဘိုးဝေ့က စုမုန့် ကို ခေါ်လိုက်သည်။
စုမုန့် သည် အဘိုးဝေ့၏ နံဘေးသို့ လျှောက်သွားရင်း ဝေ့ရွှယ်က မဖယ်ပေးသေး၍ သူမကို တစ်ဖက်သို့ ကျွမ်းကျင်စွာ တွန်းလိုက်သည်။
“ရှောင်ရွှယ်...အဘိုးက ငါ့ကို သူ့ဘေးမှာ ထိုင်စေချင်တယ်တဲ့...ငါ သူ့ကို ကူညီလိုက်မယ်...နင် မြန်မြန်သွားစား… ဒီမနက်ကတည်းက ဘာမှမစားရသေးဘူးမလား...နင် ဟိုသွားဒီသွားနဲ့ ဗျာများနေတာမလား"
စုမုန့်သည် ဝေ့ရွှယ် ၏ကိစ္စရပ်အကြောင်းကို မရည်ရွယ်ဘဲ ပြောပြလိုက်သည်။ဝေ့ရွှယ် ခဏလောက် ထိတ်လန့်သွားပြီး သူမနောက်ကို အမြန်လိုက်သည်။
"စုမုန့် ...နင်က ငါ့ကို အရမ်းဂရုစိုက်တတာပဲ...ဒါဆိုလည်း အဘိုးကို နင်ပဲ စောင့်ရှောက်လိုက်ပါ... ငါအရင်သွားစားလိုက်မယ်"
“မြန်မြန်သွား...အများကြီး စားနော်...နည်းနည်းပဲစားရင် နင် မူးလဲလိမ့်မယ်”
စုမုန့်က တစ်ခုခုကို ရည်ညွှန်းသလိုပင်။ဝေ့ရွှယ် စုမုန့် နှင့် စကားဆက်မပြောရဲတော့။မနေ့ညက ဆေးရုံမှာ လုပ်ခဲ့သည့် လုပ်ရပ်အတွက် အဖော်ထုတ်ခံရမှာ သူမ ကြောက်မိသည်။ ထို့ကြောင့် အဘိုးဝေ့အား အလျင်စလို နှုတ်ဆက်ပြီး အမေဝေ့ဆီသို့ လျှောက်သွားလိုက်သည်။သူမ မသွားခင် စုမုန့်ကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်သည်။
....
အဘိုးဝေ့က စုမုန့်ကို တွဲစေပြီး ထမင်းစားပွဲဆီသို့ လျှောက်လာရင်း အသံတိုးတိုးဖြင့်ပြောသည်။
“မိန်းကလေးမုန့် မွေးနေ့ပွဲပြီးရင် ထိုင်ပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို အဘိုးကို သေသေချာချာ ပြောပြ…အဲဒီလူတွေက အဘိုးရှေ့မှာ အမှန်အတိုင်း မပြောဖူးဘူးကွ…ငါက သူတို့ကို ကိုက်စားမလိုပဲ"
“အဘိုးက လူတွေကို မစားပါဘူး၊ ဒါပေမယ့် အဘိုးရဲ့ ဩဇာက ပြင်းထန်လွန်းတော့ အားလုံးက ကြောက်နေကြတာပါ... စိတ်မပူပါနဲ့၊ ပြီးသွားရင်တော့ ကောင်းကောင်းစကားပြောဖို့ အချိန်ရမှာပါ”
စုမုန့်က ပြုံးပြီးပြန်ဖြေသည်။
အဘိုးဝေ့ မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်သည်။
“ငါ့ကို ကြောက်လို့လား....ဟင် ငါသိတာတော့ သူတို့က ရဲတင်းလွန်းတာ... သူတို့ဘာမဆိုလုပ်ရဲတယ်၊ ဘယ်မှာငါ့ကို ကြောက်တာလဲ… သူတို့ အမြဲငါ့ကို ဆန့်ကျင်ချင်နေတာ ပဲ”
နှစ်ယောက်သား စကားစမြည်ပြောရင်း ထမင်းစားပွဲဆီသို့ လျှောက်သွားကြသည်။ခန်းမထဲတွင် စားပွဲအများအပြားရှိသော်လည်း၊ အဘိုးဝေ့သည် စုမုန့် ကို ပင်မထိုင်ခုံဆီသို့ ခေါ်ဆောင်လာခဲ့သည်။
“ဒီနေ့ ငါ့မွေးနေ့ပွဲကို ဝေ့မိသားစုဆီ လာလည်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်…ငါက အသက်ကြီးနေပြီဆိုပေမယ့် လူတိုင်းက ငါ့ကို တရေးတယူ လုပ်ကြဖို့မမျှော်လင့်ထားပါဘူး..ငါ အရမ်းပျော်ပါတယ်"
အဘိုးဝေ့ မတ်တတ်ထရပ်ပြီး ပြောသောအခါ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကြသည်။ထိုစဉ် ဆံပင်ဖြူနှင့် သိက္ခာရှိသော မျက်နှာထားရှိသည့် အဘိုးအိုက ပြုံးပြီးပြောသည်။
“အဘိုးဝေ့ကလည်း ပြောနေပြန်ပါပြီ... ဒီလူတွေဟာ အရင်တုန်းခင်ဗျားရဲ့ကျေးဇူးတွေကို အနည်းအများ ယူခဲ့ကြတာပဲ..လူတိုင်းက ကျေးဇူးတင်လို့ လာကြတာလေ...ဒီအချိန်မျိုးမှာ ခင်ဗျားအတွက် အရမ်းကိုဂုဏ်ပြု ချင်နေကြတာ"
ဘေးနားက တစ်ယောက်ယောက်က
“ဟုတ်ပါတယ်…အစ်ကိုဝေ့...အစ်ကိုက အရမ်း လေးစားစရာကောင်းပြီး နိုင်ငံရပ်ခြားကိုလည်း သွားနေတာဆိုတော့ အစ်ကို့ကို တွေ့ခဲတယ်လေ… အခု ကျွန်တော်တို့မှာ အခွင့်အရေးရှိတုန်း လာကြရတာမလား"
“မှန်ပါတယ် အစ်ကိုကြီးရဲ့မွေးနေ့ပွဲကို လာခွင့်ရတာ ဂုဏ်ယူပါတယ်”
တစ်ယောက်ပြီး တစ်ယောက် စကားစမြည်ပြောပြီးနောက် ကျန်လူများက အော်ဟစ်ကြသည်။သူတို့ပြောခဲ့သည့် စကားတွေထဲမှာ အဘိုးဝေ့ကို ရိုးသားစွာ ကျေးဇူးတင်သူတွေလည်း ရှိသလို အဘိုးဝေ့နှင့်၊ အဆက်အသွယ်လုပ်ချင်၍ လာကြသူများလည်း ရှိသည်။
အဘိုးဝေ့သည် ဝေ့မိသားစု၏ အကြီးအကဲဖြစ်၍ လူတိုင်းက ဝေ့မိသားစုကို လိုလားတောင့်တကြလျှင် များသောအားဖြင့် အဖေဝေ့ဆီသာ သွားကြသည်။သို့သော်လည်း အဘိုးဝေ့သည် အဖေဝေ့အား ကုမ္ပဏီကို စီမံခန့်ခွဲရန်သာ တာဝန် ပေးထားပြီး တစ်ကယ့် အာဏာကိုင်ထားသူက အဘိုးဝေ့ဖြစ်ကြောင်း သိသူများကတော့ အဘိုးဝေ့ကိုသာ ကပ်ကြသည်။
xxxxx