အပိုင်း ၁၃၁
Viewers 15k

Chapter 131

(သူမက ဖုန်းရွှေပညာရှင်ဖြစ်ခဲ့တာ)


စုမုန့်မှာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသည်ကို အဘိုးဝေ့ မြင်သောအခါ၊စောစောက စိတ်ကောင်းကလေးမှာ အနည်းငယ် ဒေါသထွက်လာသည်။ပထမတော့ ရှောင်ရှောင် သည် စုမုန့် အတွက် အခက်အခဲတွေဖြစ်အောင် ကြိုးစားနေပြီး ခဏကြာလျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့တာကြောင့် သူ တိတ်တိတ်လေး နေခဲ့ခြင်းသာ။ ထိုကလေးမက အရိပ်အကဲမသိတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူမကြောင့် ဧည့်ခံပွဲက မည်မျှကြာအောင် နှောင့်နှေးခဲ့ရသည်ကို မသိဘဲ၊ဆက်မေးနေသေးသည်။


ရှောင်မိသားစုသည် ဝေ့မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို မလိုလားပုံရသည်။


စုမုန့်သည် အဘိုးဝေ့၏ အတွေးများကို မြင်ပြီး အမြန်နှစ်သိမ့်လိုက်သည်။  


“အဘိုး၊ စိတ်မပူပါနဲ့၊ ကျွန်မ ကိုယ်တိုင် ထိန်းနိုင်ပါတယ်…ကျွန်မကိုယုံပါ… လာ၊ ကံဆိုးမှုက ဝေးသွားအောင် လက်ဖက်ရည်ပူပူတစ်ခွက်သောက်လိုက်"


စုမုန့် ပေးသော လက်ဖက်ရည်ခွက်ကို အဘိုးဝေ့ ယူပြီး ခေါင်းညိတ်သည်။  


“သမီး အတင်းသတ္တိရှိဖို့ ကြိုးစားစရာ မလိုဘူး...သမီး လုပ်ချင်တာကို လုပ်ပါ...အဘိုးက သမီး ကောင်းကင်ကို ဆန့်ကျင်ရင်တောင် သမီးကို အားပေးမှာပါ”


စုမုန့် ပြုံးပြီး ခေါင်းညိတ်သည်။  “ကောင်းပါပြီ”  


ထိုစကားကိုပြောပြီးနောက် သူမထရပ်ပြီး ရှောင်ရှောင်ဆီသို့ လျှောက်သွားလိုက်သည်။


ရှောင်ရှောင် သည် စုမုန့်ရောက်ရှိလာသောအခါ သူမအား တစ်ခုခုလုပ်ချင်သည်ဟု ထင်လိုက်သည်။သူမ ဦးနှောက်က ချက်ချင်း နိုးကြားလာပြီး လက်တုံ့ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ထို့အတူပင်၊အားလုံးကလည်း စုမုန့် စိတ်တိုလာပြီး ရန်ဖြစ်ချင်နေသည်ဟု ထင်ကြသောကြောင့် အားလုံးအသက်ရှုကြပ်ကာ ကြည့်ကြသည်။


 ဤနေရာ၌ စိတ်အလှုပ်ရှားဆုံးလူမှာ ဝေ့ရွှယ် ဖြစ်သည်။သူမ စိတ်ထဲမှ 'ရန်ဖြစ်လိုက်ကြ၊ရန်ဖြစ်လိုက်' ဟု အော်ဟစ်နေခဲ့သည်။ စုမုန့် ဒေါသထွက်ပြီး ရူးသွပ်နေသရွေ့ သူမ၏ အစီအစဉ် မအောင်မြင်လျှင်တောင် သူမ ပျော်ရွှင်နေမှာပင်။


မြင်ကွင်းက ခဏတာ တင်းမာနေပြီး ဘယ်သူမှ စကားမပြောတော့။အခန်းထဲတွင် သာယာနာပျော်ဖွယ် စန္ဒယားတီးခတ်သံကိုသာ ကြားနိုင်သည်။သို့သော် အံ့သြတကြီး အော်ဟစ်သံတစ်ခု ထွက်လာတာကြောင့် တင်းမာသောလေထုမှာ ပြိုပျက်သွားခဲ့သည်။


 လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။


 “စုမုန့်က ဖုန်းရွှေပညာရှင်ပဲ... ငါ အခုမှ မှတ်မိတယ်...သူမက ကျိုးမိသားစုနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဖုန်းရွှေပညာရှင်ပြိုင်ပွဲရဲ့ ချန်ပီယံမဟုတ်လား...မင်းက ဝေ့မိသားစုရဲ့ သခင်မလေးဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး"


 ဤလူ၏စကားသည် မီးပွားများက မီးဖိုးထဲကျ၍ မီးတောက်လာသလို ခန်းမတစ်ခုလုံးကို ချက်ချင်းလင်းစေသည်။ ထိုလူ၏ အံ့အားသင့်သွားသော အော်ဟစ်သံကိုကြားလျှင် တခြားတစ်ယောက်က စုမုန့်ကို ချက်ချင်းမေးလိုက်သည်။


"မစ္စစု၊ တစ်ကယ်ပဲ မင်းက ကျိုးမိသားစုနဲ့ စာချုပ်ချုပ်ထားတဲ့ ဖုန်းရွှေပညာရှင်လား"


စုမုန့်သည် သူမ၏ လမ်းကိုပိတ်ရပ်ကာ မေးခွန်းမေးနေသူကို ကြည့်ကာ နေရာတွင် ရပ်လိုက်သည်။ထို့နောက် သူမက ပြုံးပြီး ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်”


သူမ ငြင်းစရာ မလိုပေ။သူမအား အနည်းအကျဉ်း အာရုံစိုက်မိသူက သိနိုင်ပေမည်။


ဖုန်းရွှေပညာရှင် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် မိသားစုများသည် ဆောက်လုပ်ရေးလုပ်ငန်း သို့မဟုတ် စတိုးဆိုင်များနှင့် ဟိုတယ်များ ဖွင့်လှစ်ထားကြသည်။ ယခု လာရောက်သော ဧည့်သည်များမှာ  အဝတ်အထည်လုပ်ငန်း သို့မဟုတ် စားသောက်ကုန်ကုမ္ပဏီများသာ လုပ်ကိုင်ကြသောကြောင့် သူမအား သူတို့ မသိရခြင်းဖြစ်သည်။ များသောအားဖြင့် သူတို့သည် ဖုန်းရွှေပညာရှင်တွေနှင့် ဆက်ဆံဖို့ မလိုအပ်တာကြောင့် သူတို့မသိခြင်းက သဘာဝဟု ဆိုနိုင်၏။


 ....


 တူညီသော စီးပွားရေးလုပ်သူများသည် ဖုန်းရွှေပညာရှင်ပြိုင်ပွဲကိုအတူတကွကျင်းပရခြင်းအကြောင်းရင်းမှာ၊ ဖုန်းရွှေပညာရှင် အနည်းငယ်သာရှိသောကြောင့်ဖြစ်သည်။ ဖုန်းရွှေပညာရှင်များ ရှားပါးခြင်းကြောင့်၊ ဒုက္ခမရောက်စေရန်အတွက် ရံဖန်ရံခါ မိသားစုတစ်စုတည်းက ပြိုင်ပွဲကျင်းပရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ကျန်မိသားစုများသည် ဧည့်သည်တော်များ သို့မဟုတ် ဒိုင်လူကြီးများအဖြစ် ပါဝင်မည်ဖြစ်သည်။အနိုင်ရသူသည် အိမ်ရှင်မိသားစုထံ ရောက်သွားမည်ဖြစ်သည်။


 ဤနည်းအားဖြင့်၊ မိသားစုတိုင်းသည် သူတို့၏ကိုယ်ပိုင် ဖုန်းရွှေပညာရှင်ကိုရရှိနိုင်သည်။ သို့ဆိုလျှင်၊သူတို့၏ ဖုန်းရွှေပညာရှင်ကို လုယက်ခံရတော့မည် မဟုတ်ပေ။


 ပွဲသို့လာရောက်ကြသူများသည် မိသားစုကြီးများနှင့် ပူးပေါင်းစီစဉ်သော ဖုန်းရွှေပညာရှင် ပြိုင်ပွဲအကြောင်း ကြားသိခဲ့ရသည်။ချန်ပီယံဆုကို ဆွတ်ခူးနိုင်သူတွေ အားလုံးဟာ အရည်အချင်းရှိသည့် ပုဂ္ဂိုလ်တွေမှန်း သူတို့လည်း သိ၏။ထိုပညာရှင်တို့သည် သာမန်လူများနှင့် ထိတွေ့နိုင်သော လူများမဟုတ်ပေ။


ကျိုးမိသားစုနှင့် စာချုပ်ချုပ်ထားသည့် ဖုန်းရွှေပညာရှင်မှာ စုမုန့် ဆိုသည့်အကြောင်းကို၊ ရောက်ရှိလာသောလူများက မမျှော်လင့်ထားခဲ့ကြပေ။ ချက်ချင်း သူမကို သူတို့ကြည့်သည့်ပုံစံက ပြောင်းသွားသည်။


ယုတ္တိနည်းအရပြောရလျှင် သူမလို အဆင့်ရှိသူကို၊ များသောအားဖြင့် မိသားစုကြီးများက အကာအကွယ်ပေးကြသည်။သာမာန်လူတွေက သူတို့ကို တွေ့ခွင့်မရနိုင်။ယနေ့ သူမလိုချန်ပီယံပညာရှင်မျိုးကို တွေ့နိုင်သည်အထိ  ကံကောင်းမည်ဟု သူတို့ မမျှော်လင့်ထားပေ။


စုမုန့် အကြောင်းအနည်းငယ်သိသူများသည် သူမအား သဘောကျစပြုလာသည်။ သို့သော်လည်း ရှောင်ရှောင် ကတော့ နားမလည်ခဲ့ပေ။ ဖုန်းရွှေပညာရှင်များသည် ရှေ့ဖြစ်ဟောဆရာများဟု သူမ အမြဲတွေးခဲ့သည်။ သူမကလည်း လူကဲခတ်မတော်ပေ။သို့မဟုတ်ပါက၊စုမုန့်ကို ယခုလို သူမ အနေခက်အောင် လုပ်မိမှာမဟုတ်။


စုမုန့် အပေါ် လူတိုင်း၏ သဘောထားသည် ယခင်ကထက် ပြောင်းလဲသွားသည်ကို သူမ သတိမထားမိပေ။ သူမက ဆက်ပြီး


 “မစ္စစုဆိုတာ တစ်ကယ်နာမည်ကြီးတဲ့ ဖုန်းရွှေပညာရှင်ဆိုတာ ငါတကယ်မသိခဲ့ဘူး...ကြည့်ရတာ နင်က လူတွေရဲ့ကံကြမ္မာကို ဖတ်ဖူးလိမ့်မယ်လို့ ထင်တယ်...နင်က  တစ်ကယ်ပဲ အစွမ်းထက်တဲ့သူဆိုရင် ရှေ့လျှောက် ငါ့ဘဝက ဘယ်လိုပုံစံလဲဆိုတာကြည့်ပြီး ရှေ့ဖြစ်ဟောလို့ရမလား"


စုမုန့် ပြုံးပြီးပြောသည်။


"ငါက ရှေ့ဖြစ်မဟောတတ်ဘူး... ဒါပေမယ့် နင် တစ်ကယ်သိချင်ရင် နင့်ကံလမ်းကြောင်းကို ကြည့်ပေးနိုင်တယ်"


ရှေ့ဖြစ်ဟောခြင်းသည် ကောင်းကင်ဘုံကို အံတုသော အရာဖြစ်သည်။စုမုန့် လုပ်နိုင်သော်လည်း၊ သူမ မလုပ်ပေ။ပိုက်ဆံနည်းနည်းလောက်ရဖို့အတွက် သူမ အသက်ကို အဆုံးရှုံးမခံချင်ပေ။ယခင်က သူမသည် လူတို့၏ကံလမ်းကြောင်းကို မဖတ်ပေးဖူး။သို့သော်လည်း၊သူမအတွက် အလွန်ရိုးရှင်းသည့် ကိစ္စမျိုးပင်။


ရှောင်ရှောင်က သူမ ဘာကိုဆိုလိုမှန်း နားမလည်ဘဲ မျက်မှောင်ကြုတ်ကာ မေးသည်။


“လူတွေရဲ့ ကံလမ်းကြောင်းကို ဖတ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ… အတူတူပဲမဟုတ်လား…နင် လုပ်နိုင်ရင်လည်း၊လုပ်နိုင်တယ်၊မလုပ်နိုင်ရင်လည်း မလုပ်ဘူးလို့ ပြောပါ”


(အမေဝေ့ကို စော်ကားပြန်တယ်)


ရှောင်ရှောင် တွေးခြင်းက အံ့သြစရာတော့ မဟုတ်။ပြင်ပလူများအတွက် ရှေ့ဖြစ်ဟောခြင်းနှင့် ကံလမ်းကြောင်းက ဆင်တူသည်။စုမုန့် ရှင်းပြခဲ့လျှင်တောင် သူမ နားမလည်နိုင်ပေ။ထို့အပြင် စုမုန့်သည် သူမအတွက် အခက်အခဲဖြစ်စေသူအား ရှင်းပြရန် မရည်ရွယ်ထားချေ။


 သူမ ရှောင်ရှောင် ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်နေပြီးနောက်တွင်  အံ့အားသင့်ပြီး ဝမ်းနည်းသည့်မျက်နှာထားမျိုး ဖြစ်သွားရ၏။သူမ မျက်နှာကို မြင်ရလျှင် ရှောင်ရှောင်က မျက်မှောင်ကြုတ်ပြီး 


"နင်က ကြည့်တတ်သလား..နင့်မျက်နှာထားက ဘာကို ဆိုလိုတာလဲ”


စုမုန့်က ခဏလောက်စဉ်းစားပြီး ပြုံးကာ "နောက်ရက် နည်းနည်းကြာတဲ့အထိ နင် အပြင်မထွက်ရင် အကောင်းဆုံးလို့ ထင်တယ်…အိမ်မှာနေတာ ပိုလုံခြုံတယ်…အပြင်ထွက်ရမယ်ဆိုရင်တော့ အဖော်နည်းနည်းခေါ်သွားတာက အကောင်းဆုံးပါပဲ… တစ်ယောက်တည်း အပြင်မထွက်ပါနဲ့…မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်"


စုမုန့် အသေးစိတ်အချက်အလက်တွေကို မပြောတော့။ရှောင်ရှောင်သည် သူမ၏ ဧည့်သည်မဟုတ် ၊ သူမအတွက် တမင်ခက်ခဲအောင် လုပ်နေသူသာ။သူမကို  သတိပေးခြင်းကပင် သဘောကောင်းနေပြီဟု ဆိုရမည်။ရှောင်ရှောင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊သူမနှင့်ဘာမှမဆိုင်ပေ။


 သို့သော် ရှောင်ရှောင် သည် စုမုန့် စကားကို ရှင်းရှင်းလင်းလင်း မယုံကြည်ခဲ့ပေ။ သူမ စုမုန့် ကို စုန်ချည်ဆန်ချည် ကြည့်ကာ 


"ဒါက ဘာကိုဆိုလိုတာလဲ…နင်ငါ့ကို တစ်ခုခုလုပ်ချင်တယ်လို့ မပြောနဲ့"


စုမုန့်က ပြုံးပြီးပြောသည်။


 “နင် အကြောက်လွန်‌နေပုံရတယ်…နင့်ကို ငါ လုံးလုံး မသိပါဘူး… ငါတို့ကြားမှာလည်း ရန်ငြိုးတွေ မရှိဘူး…ငါက နင့်ကို ဘာလို့ တစ်ခုခုလုပ်ရမှာလဲ..နင်ပဲ နင့်ရဲ့ကံကြမ္မာကို ဖတ်ခိုင်းတာမဟုတ်ဘူးလား"


ရှောင်ရှောင်က သံသယဖြစ်စွာ မေးသည်။ "ဒါပဲလား…ဖတ်ပြီးပြီလား"


“ရလဒ်တွေကို ငါပြောပြီးပြီ...ယုံတာ၊မယုံတာက ငါနဲ့ မဆိုင်ပါဘူး”


ထိုစဉ် သူမတို့ဘေးက တစ်စုံတစ်ယောက်မှ အနှောင့်အယှက်ပေးသည်။


 "မစ္စ ရှောင်ရှောင်၊ ငါ စစ်ဆေးပြီးပြီ… စုမုန့်က ဖုန်းရွှေပညာရှင် အသိုင်းအဝိုင်းမှာ အရမ်းကျော်ကြားတယ်.. လူတိုင်းက သူမကို အရမ်းလေးစားကြတယ်…သူမက ငယ်ရွယ်ပေမယ့် သူမရဲ့အဆင့်က ဆရာအဆင့်ထိပါ ရောက်နေပြီ…ပြီးတော့ သူမက ကျိုးမိသားစုက ရွေးချယ်ထားတဲ့ ဖုန်းရွှေပညာရှင်ပါ….သူမမှာ အရည်အချင်းအစစ်အမှန်ရှိတာကြောင့် သူမကိုယုံသင့်ပါတယ်”


သို့သော်၊ယခုထိ ရှောင်ရှောင်က စုမုန့်ကို မယုံသေးဘဲ လိမ်နေသည်ဟု ဆက်ထင်ခဲ့၏။


သူမ အထင်အတိုင်းသာဆိုလျှင်၊ ထိုဖုန်းရွှေပညာရှင်များက သူမ၏ မွေးသက္ကရာဇ်ကို တောင်းကြသော်လည်း စုမုန့်က ဘာမှ မတောင်းပေ။ သူမကို တစ်ချက်သာကြည့်ပြီး အန္တရာယ်ရှိနေပြီဟု ပြောခဲ့သည်။ ဘယ်လိုဖြစ်နိုင်မှာလဲ…ယနေ့ သူမက အနေခက်အောင် လုပ်ထား၍  သူမကို ခြောက်လှန့်နေခြင်းဖြစ်နိုင်သည်။


ရှောင်ရှောင် ဆက်ပြောချင်သော်လည်း၊ သူမ အနားက လူတော်တော်များများက မကျေမနပ်ဖြစ်နေကြလေပြီ။

 မူလက အဘိုးဝေ့၏ မွေးနေ့ပွဲသို့ လူတိုင်း လာခဲ့ကြသည်။နောက်ဆုံးတွင်၊ ပွဲမစမီ လူငယ်တစ်ယောက်ကြောင့်၊ အချိန်အတော်ကြာအောင် နှောင့်နှေးခဲ့ရသည်။ယခုဆို လူတိုင်းကလည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးလာကြသည်။


 ....


"သူမက မိသားစုငယ်လေးကနေ လာပြီး အရိပ်အကဲမသိတတ်ဘဲ ပြောချင်ရာစွတ်ပြောနေပါလား"


" သူမက အရမ်းရိုင်းတာပဲ..ဒီနေ့ ဘယ်သူက ဧည့်ခံနေလဲဆိုတာ မသိဘူးလား…အာရုံစိုက်ခံချင်နေတယ်ဆိုတာ ထင်ရှားတယ်…ဥက္ကဌဝေ့နဲ့ မစ္စစုတို့က အိမ်ထောင်ကျနေပြီကို သူမက ဒုက္ခပေးနေတယ်…  စုမုန့်ကို ဆွဲထုတ်ပြီး သူက သခင်မလေးရာထူးယူဖို့ ကြိုးစားနေတာလား...ကိုယ်နဲ့  ထိုက်တန်ရဲ့လားဆိုတာ မမြင်ဘူးလား"


 “မစ္စစုက မိသားစုကြီးတစ်ခုက မဟုတ်ပေမယ့် အဘိုးဝေ့ ရွေးချယ်ခံရဖို့ ထိုက်တန်တယ်…သူမကို အရှက်လာခွဲတဲ့သူကိုတောင် မတုန်လှုပ်ဘဲ ဖြေရှင်းနိုင်တယ်…ဒါကိုကြည့်ရုံနဲ့ သူမရဲ့အကျင့်စရိုက်ကို သိနိုင်တယ်...အဘိုးဝေ့ သဘောကျတာမဆန်းပါဘူး"


 သူမ၏ ပတ်ဝန်းကျင်မှဆွေးနွေးမှုတွေက ပျော့ပျောင်းညင်သာမှု မရှိချေ။  အားလုံးက ရှောင်ရှောင်ကို အပြစ်တင်ပြီး လှောင်ပြောင်နေကြ၏။ သူမ စိတ်ထဲမှာ ပြောချင်တာတွေ အများကြီး ရှိနေဆဲပင်။သို့‌သော်လည်း သူမ ဘယ်လောက်ပဲ မိုက်မဲနေပါစေ၊ဆက်ပြော၍မဖြစ်တော့မှန်း သိလိုက်သည်။မဟုတ်ပါက၊ သူမကို လူတိုင်းက မုန်းတီးနေကြလိမ့်မည်။ယခုအချိန်တွင် သူမ စုမုန့်ကို ဆွဲချ၍မရနိုင်တော့ပေ။ ထိုအစား သူမကိုယ်သူမ လျော်ကြေးပေးရမည်ဖြစ်သည်။


ရှောင်ရှောင် သဘောပေါက်သွားပြီး   စုမုန့်အတွက် အခက်အခဲတွေ ထပ်မဖြစ်အောင် သူမ ဆုံးဖြတ်လိုက်သည်။သူမက မထိုင်ခင် ကိုယ့်ကိုယ်ကို ရေရွတ်သလိုလိုနှင့် အားလုံးကို ပြောလိုက်သည်။


 "မစ္စစု ဟာ ဝေ့မိသားစုရဲ့သခင်မလေး ဖြစ်ထိုက်ပါတယ်…သူမက ကျွန်မ မေးခွန်းတွေကို ကောင်းကောင်း ဖြေခဲ့ပါတယ်... သူမကမိသားစုရဲ့ သခင်မဆိုတဲ့ ဂုဏ်အင်လက္ခဏာတွေနဲ့လည်း ပြည့်စုံတယ်... ကောင်းပြီ၊ ကျွန်မ မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...မစ္စစု ဆက်ပြောပါ... အဆင်ပြေပါတယ်"


ရှောင်ရှောင် ပြောပြီးသည်နှင့် သူမသည် စုမုန့်ကို ပြုံးပြပြီးထိုင်လိုက်သည်။


သူမ၏စကားများသည် အခြားလူကို ဒေါသထွက်စေခဲ့သည်ကိုတော့ သူမသတိမထားမိခဲ့ပေ။ အမေဝေ့သည် မူလက အသာကြည့်ရင်း ထိုင်နေခဲ့သော်လည်း ရှောင်ရှောင် ၏ 'အိမ်၏သခင်မ' ဆိုသည့်စကား သူမကို ချက်ချင်း သတိပြန်ဝင်လာစေသည်။


 သူမ မျက်မှောင်ကြုတ်ကာ ရှောင်ရှောင် ကို ကြည့်လိုက်သည်။ ဝေ့မိသားစု၏သခင်မဖြစ်သူ သူမသည် ဤနေရာတွင်ထိုင်နေလျက်၊ရှောင်ရှောင်က စုမုန့်သည် ဤအိမ်၏သခင်မဖြစ်ကြောင်းပြောရဲသည်။


သူမလည်း မသေသေးဘဲနဲ့...သူမကို ဘယ်မှာထားလိုက်တာလဲ…


 ဘေးမှာရပ်နေသည့် ဝေ့ရွှယ်လည်း  ရှောင်ရှောင် စကားကိုကြားသည်။ယခု အမေဝေ့၏ မျက်နှာထားကိုမြင်ပြီး ရှောင်ရှောင် စကားကြောင့် အမေဝေ့ ဒေါသထွက်နေမှန်း ချက်ချင်းသဘောပေါက်သွားရသည်။သို့ဆိုလျှင်၊အမေဝေ့ရှေ့မှာ ရှောင်ရှောင်ကို သူမ ပုတ်ခတ်ပြောဆိုလိုက်လျှင်လည်း ကြောက်စရာမလိုဟု ဆိူလိုခြင်းသာ။



xxxxxx