အပိုင်း ၁၃၂
Viewers 15k

Chapter 132

(ဝေ့ရွှယ်၏ ရန်စမှုများ)


သူမက အမေဝေ့ထံသို့ ချဉ်းကပ်ကာ “မေမေ၊ ရှောင်ရှောင်က မျက်စိကန်းနေတာလား...အ‌မေက  ဝေ့မိသားစုရဲ့ သခင်မမှန်း သိပေမယ့် စုမုန်လို့ပဲပြောခဲ့တယ်မလား...ဒါက လွန်လွန်းတယ်…သူမ အရမ်းစိတ်ပျက်ဖို့ ကောင်းတာ အံ့သြစရာမရှိပါဘူး”


အမေဝေ့က ခေါင်းညိတ်ပြီး ပြောသည်။


 “ရှောင်မိသားစုက အရမ်းကိုသေးငယ်တဲ့ မိသားစုတစ်ခုပါ...သူတို့ ကလေးတွေကိုလည်း ဒီလိုဖြစ်အောင် သင်ပေးထားမှာပဲ...အစက နင့်အဘိုးရဲ့ မွေးနေ့ပွဲတက်ဖို့‌ ရှောင်မိသားစုကို မဖိတ်ခဲ့ပေမဲ့ ‌အမေရှောင်က အတင်း အရှက်မရှိ ငါ့ဆီမှာ ဖိတ်စာလာတောင်းခဲ့တယ်…တစ်ခါ တစ်လေ ငါ ဈေးဝယ်ထွက်ရင် လိုက်ကူပေးလို့ ငါကလည်း ပေးခဲ့တာ...သူ့မိသားစုလိုက်ကြီး ခေါ်လာပြီး သူ့သမီးကိုလည်း ပွဲမှာ ရိုင်းစိုင်းတဲ့ စကားတွေကို ပြောခွင့်ပြုမယ်လို့ ငါ မမျှော်လင့်ထားဘူး...ကြည့်ရတာ နောက်ဆို ငါတို့နဲ့ ဝေးဝေးနေချင်ပုံရတယ်”


"ဟုတ်တယ် အမေက သနားတတ်တာကို အခွင့်ကောင်းယူတာ.... ဘယ်လို ကျေးဇူးတင်ရမှန်း မသိတဲ့အပြင် အမေ့ကိုလည်း အရှက်ရစေတယ်... လွန်လွန်းတယ်…,နောင်မှာလည်း သူတို့နဲ့ သမီး ဝေးဝေးနေပါ့မယ်"


ဝေ့ရွှယ် ၏စကားများသည် အမေဝေ့ အကြိုက်များချည်း ဖြစ်၍ သူမက ဝေ့ရွှယ် လက်ကို ကျေနပ်စွာ ပွတ်သပ်လိုက်ပြီး


 “အမေ့ကို နားလည်ပေးတဲ့သူဆိုလို့ ဒီအဖိုးတန်သမီးလေးပဲ ရှိတယ်…အမြဲ သမီးကို အမေက ချစ်နေရတာ"  


အမေဝေ့၏ ချီးမွမ်းသံကိုကြားတော့ ဝေ့ရွှယ် သူမကို အားကိုးတကြီးနှင့် ပြော၏။


 "အမေက သမီးအတွက် အကောင်းဆုံးပါ…အမေမုန်းတဲ့သူကို သမီးလည်း မုန်းမယ်"


 ရှောင်ရှောင်သည် သူမအား ဝေ့ရွှယ် သစ္စာဖောက်ခဲ့ကြောင်း မသိခဲ့ပေ။ယခုဆို၊သူမကပင် ဝေ့ရွှယ်ကို ကျေးဇူးတင်နေသေးသည်။ ဝေ့ရွှယ်သည် စုမုန့်နှင့်သူမ စကားပြောဆိုရာတွင် ကူညီပေးခဲ့သည်။ဆိုလိုသည်မှာ သူမအား ဝေ့ရွှယ် က ယောက်မအဖြစ် ကြိုတင်လက်ခံထားခြင်းဖြစ်သည်။ယနေ့အဖြစ်အပျက်က၊ စုမုန့် ကို အများကြီး မထိခိုက်စေသော်လည်း၊ တစ်နေ့မှာ စုမုန့်ကို ဝေ့မိသားစု၏ သခင်မလေး ရာထူးကနေ သေချာပေါက် ဆွဲချရာမှာ ကူညီနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထား၏။


စုမုန့် ဖုန်းရွှေပညာရှင်အဖြစ် ထင်ရှားလာသောအခါ ဤစကားဝိုင်းသည် ပြီးဆုံးသွားသည်။ မူလက သူမအား မကြိုက်သူတွေကလွဲလျှင် အားလုံးက သူမကို ပိုလေးစားလာကြသည်။ ရှောင်ရှောင်က သူမအား မနှောင့်ယှက်တော့သဖြင့် စုမုန့်လှည့်ပြီး ထိုင်ခုံဆီကို လျှောက်သွားသည်။ မူလက၊ သူမသည် ရှောင်ရှောင် တစ်ယောက်တည်းနှင့် စကားပြောချင်၍ အနားကိုလာရခြင်းပင်။ အကြောင်းမှာ သူမတို့နှစ်ဦး၏ စကားဝိုင်းက လူတိုင်းကို ထိခိုက်နေပြီဖြစ်သည်။ ယခုဆို ရှောင်ရှောင် ဆက်မမေးတော့ဘဲ လက်လျှော့လိုက်ပုံရသဖြင့် သူမ ပြန်သွားသင့်သည်။


 မွေးနေ့ပွဲသည် နောက်ဆုံးတွင် တရားဝင်စတင်ပြီဖြစ်သည်။အားလုံးက သူတို့ယူလာသည့် လက်ဆောင်တွေကို အဘိုးဝေ့အား ပေးကြသည်။ဧည့်သည်များသည် မိသားစုကြီး အသီးသီးမှ ဖြစ်သည်။သူတို့အတွက် အားနည်းချက်က ချမ်းသာခြင်းပင်။ထို့ကြောင့် သူတို့ပေးသောလက်ဆောင်များသည် စျေးသက်သက်သာသာဆို၍ တစ်ခုမှ မပါ။  ရှေးဟောင်းပစ္စည်းများ သို့မဟုတ် လက်ဝတ်ရတနာများဖြစ်သည်။ တဖြည်းဖြည်း လက်ဆောင်တွေက ပိုတန်ဖိုးကြီးလာကြပြီး၊ ရှောင်မိသားစု၏ လက်ဆောင်များကပင် ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိ ပန်းချီကားများဖြစ်သည်။


 သို့သော် စုမုန့် ရယ်စရာကောင်းသော အရာတစ်ခု တွေ့သွားရ၏။ယင်းမှာ၊ စောစောက သူမကို  အခက်တွေ့စေခဲ့သည့် မိန်းကလေးမှာ ရှောင်မိသားစု၏ သခင်မလေးဆိုသည်ကို သိလိုက်ရ၏။


....


ထို့ကြောင့် သူမသည် ရှောင်ရှောင် ကို အာရုံစိုက်ကြည့်ခဲ့ပြီး တစ်ချိန်တည်းတွင် ရှောင်ရှောင်၏ မိဘများကိုလည်း သေချာကြည့်မိသည်။ လက်ဆောင်မပေးခင် ရှောင်ရှောင် ၏အမေမျက်နှာထားက ပျက်ယွင်းနေကာ နှမြောနေပုံလည်းရသည်။ ယင်းကြောင့် ရှောင်မိသားစုသည် ထင်သလောက် မချမ်းသာကြောင်း သူမ မှန်းဆခဲ့သည်။ဤကဲ့သို့သော အဖိုးတန်လက်ဆောင်ကို ပေးကမ်းခြင်းသည် ရှိုးထုတ်ခြင်း သက်သက်ဖြစ်သည်။သူမမှာလည်း ပိုက်ဆံမရှိ၍၊ ရှောင်မိသားစုမှာ ပိုက်ဆံမရှိသည့်အချက်ကို သူမ မရယ်မိပေ။သူမ ရယ်ချင်သည်က၊ ရှောင်မိသားစုမှာ အထက်တန်းလွှာတွေကြားမှာ ဝင်ဆံ့ဖို့အတွက် ချမ်းသာဟန်ဆောင်ထားတာကြောင့်ပင်။သူတို့သည် ဤအသိုင်းအဝန်းနှင့် မသက်ဆိုင်သော်လည်း အတင်းအကျပ် ရောနှောရန် ကြိုးစားခဲ့သည်။ သို့သော်၊နောက်ဆုံးတွင်၊ ကျိန်းသေပေါက် သူတို့နေရာသူ ‌ပြန်ရောက်သွားမည်ဖြစ်သည်။သို့သော် ဤအရာအားလုံးသည် စုမုန့် နှင့်မသက်ဆိုင်ပေ။


 လက်ဆောင်ပေးနေသည့် မြင်ကွင်းက အသက်ဝင်ကာ တက်ကြွနေသည်။အပေါ်ယံမှာ လူတိုင်းက အဖိုးဝေကို ကောင်းချီးပေးနေကြသော်လည်း၊ လက်တွေ့ကမူ သူတို့ကိုယ်သူတို့ နှိုင်းယှဥ်ကြည့်နေခြင်းပင်။ဝေ့မိသားစုသည် သစ်ပင်ကြီးတစ်ပင်ဖြစ်သည်။ထို့ကြောင့် ဝေ့မိသားစုနှင့် ဆက်ဆံရေးကောင်းတစ်ခုကို လူတိုင်းက တည်ဆောက်ချင်ကြသည်။ အဘိုးဝေ့ကို စိတ်ကျေနပ်အောင် အစွမ်းကုန်ကြိုးစားပြီး ပြိုင်ဘက်တွေကို ဖယ်ထုတ်ပစ်ချင်ကြ၏။


စုမုန့် သည် အဘိုးဝေ့ဘေးတွင် ထိုင်ကာ လက်ဆောင်ပေးရန် တစ်ယောက်ပြီးတစ်ယောက် လာကြသည်ကို ကြည့်နေသည်။ဤမြင်ကွင်းက တီဗီထဲမှာလို၊ ဝန်ကြီးတွေ တရားရုံးထဲသို့ သွားနေကြပုံနှင့် တူလှသည်။ သူမ နားမလည်နိုင်စွာ စိတ်ထဲကရယ်မောနေမိသည်။


လက်ဆောင်တွေ လက်ခံချိန်က အချိန်သိပ်မကြာပေ။နောက်ဆုံးတွင် ဝေ့မိသားစုသည် အဘိုးဝေ့အား လက်ဆောင်များပေးခဲ့သည်။ ဝေ့ရွှယ် သည်လည်း အဘိုးဝေ့အတွက် လက်ဆောင် ပေးသည်။  ၎င်းသည် အုတ်ဂူဖောက်သူထံမှ သူမ ဝယ်ခဲ့သော ကြွေထည်လက်ရာများဖြစ်သည်။  ကြွေထည်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ကနုတ်ပန်းထိုးများကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ကြည့်ကောင်းသော်လည်း ကံမကောင်းသည့်အရာတစ်ခုပင်။


အဘိုးဝေ့အား ပေးသည့် လက်ဆောင်ကို စုမုန့် မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိ၏။


ဝေ့ရွှယ် သည် သင်္ချိုင်းတွင်းမှထုတ်လာသော ပစ္စည်းအား အဘိုးဝေ့ကို ပေးလိမ့်မည်ဟု စုမုန့် မထင်ထားပေ။သူမ တကယ်မသိတာလား.. ဒါမှမဟုတ် အဘိုးဝေ့ကို အန္တရာယ်ပြုဖို့ တမင်ကြိုးစားနေသလား…


သူမ ဝေ့ရွှယ် ကိုသတိထားနေခြင်းက။အပြစ်မဆိုသာပေ။ဝေ့ရွှယ် စရိုက်က ထိုအတိုင်းပင် ဒုက္ခဖြစ်‌စေတတ်သမို့ သူမဘက်က အတတ်နိုင်ဆုံး

ခုခံရပေမည်။သို့သော် ယခု လူများစွာရှိနေသောကြောင့် သူမ ဘာမှ မပြောနိုင်ပေ။ ဝေ့ရွှယ် ပေးခဲ့သည့် ကြွေထည်ကို အဘိုးဝေ့ မယူစေဖို့ မွေးနေ့ပွဲပြီးသည့်အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်၏။


(လက်ဆောင်များ)


 ကံကောင်းထောက်မစွာ၊ အဘိုးဝေ့သည် ဤအရာများကို စိတ်မဝင်စားခဲ့ပေ။ တစ်ယောက်ယောက်က လက်ဆောင်တို့ကို အပ်လိုက်သည့်အခါ သူက ပြုံးပြပြီး အနားရှိ အစေခံအား လက်ဆောင်ပစ္စည်းများကို စနစ်တကျ ထားခိုင်းလိုက်၏။


အားလုံးလက်ဆောင်တွေ ပေးပြီးချိန်မှာ၊ စုမုန့် တစ်ယောက်သာ ပေးဖို့ ကျန်တော့သည်။အဘိုးဝေ့က ကျေးဇူးတင်စကား အနည်းငယ်ပြောပြီးနောက် အားလုံး စားသောက်ဖို့ပြင်နေချိန်၌ ဝေ့ရွှယ်က ပြောသည်။


 “စုမုန့် နင် အဘိုးကို သူ့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ဘာလို့ မပေးတာလဲ...နင် ဒါကို အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့တယ်မလား...ဘာလဲ ရှက်လို့ မပေးချင်တော့ဘးတာလား" 


စုမုန့်က ဝေ့ရွှယ်ကိုကြည့်ပြီး ဘာမှပြန်မပြော။အခြားသူများကလည်း ဝေ့ရွှယ်ကိုကြည့်ကြသည်။ လူများစွာ၏ စိုက်ကြည့်ခြင်းကို ခံရသော်လည်း ဝေ့ရွှယ် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ သူမသည် အရူးမ ရှောင်ရှောင်နှင့်မတူ။ခိုင်လုံသော အကြောင်းပြချက်များဖြင့် စုမုန့်ကို သတိပေးနေခြင်းဖြစ်ပြီး သူမအတွက် အနေခက်စေမည့် စကားတစ်ခွန်းမှ မပါ။ထို့အပြင်၊ လူငယ်အနေဖြင့် သူမသည် အသက်ကြီးသူများကို လက်ဆောင်များပေးသင့်သည်၊ 


ထို့ကြောင့် ဝေ့ရွှယ်သည် စုမုန့်ကို အမှန်တကယ် စိတ်ပူနေသကဲ့သို့ ပြောလျက်ရှိသည်။သူမ စုမုန့်ကို သတိပေးရသည့် အကြောင်းရင်းက စုမုန့် မသိခင် သေတ္တာလေးကို ခိုးယူထားတာကြောင့်ပင်။ မှန်ပါသည်၊ သေတ္တာကိုခိုးယူခြင်းအတွက် အခြားအကြောင်းပြချက်မရှိချေ၊ စုမုန့် တစ်ယောက်တည်း ယောင်ချာချာနှင့်အရှက်ခွဲခံရသည်ကို  ​​ မြင်ချင်ရုံပင်။


 သေတ္တာထဲက ပစ္စည်းတွေကို ကြည့်ဖို့ သူမ အချိန်မရှိခဲ့။မွေးနေ့ပွဲ ပြီးဆုံးပြီးနောင် ဘယ်သူမှ မတွေ့နိုင်သော နေရာကို ရှာရပေမည်။ အခုအချိန်မှာ အရေးကြီးဆုံးက စုမုန့် စကားမတည်ဖြစ်ရပြီး မျက်နှာစေချင်နေသည်ပင်။


 လူတိုင်းက အဘိုးဝေ့ကို လက်ဆောင်ပေးခဲ့ပြီး စုမုန့်အား အဘိုးဝေ့က အကာအကွယ်ပေးခဲ့သည်။ထို့အပြင် သူမသည် ဝေ့မိသားစု၏ သခင်မလေးဖြစ်၍ အဘိုးဝေ့အား လက်ဆောင်မပေးလျှင် အားလုံး ရယ်နေမှာ သေချာ၏။


 ရောက်ရှိလာသူအားလုံးက စုမုန့် ကို တိတ်တဆိတ်ကြည့်နေကြသည်။  ထိုအချိန်တွင် သူတို့၏ အတွေးများသည် ဝေ့ရွှယ် အတွေးများနှင့် အတူတူပင်။ အဘိုးဝေ့က စုမုန့်ကို ကာကွယ်ပေးနေပုံကိုကြည့်၍ သူမကသာ လက်ဆောင်မပြင်ဆင်ခဲ့လျှင် သူမ အတော်သိက္ခာမဲ့လွန်းနေလိမ့်မည်။


 "မိန်းကလေးမုန့်က ငါ့ကို လက်ဆောင်အကြီးကြီးပေးပြီးပါပြီ… အဲဒါဘာတွေလဲ ဆိုတာကိုတော့ လောလောဆယ် မပြောတော့ပါဘူး…  သူမ ထပ်ပေးရင် အရမ်းဝန်လေးနေလိမ့်မယ်…ငါက လောဘမကြီးပါဘူး”  


အဘိုးဝေ့ သည် စုမုန့် နေရာတွင် မလှုပ်မယှက် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူမကို ကူညီရန် ပြောလိုက်သည်။သို့သော် ဝေ့ရွှယ် က သူမကို အလွတ်မပေးဘဲ ဆက်ပြော၏။


 “အဘိုး မသိဘူးလား…စုမုန့်က အဘိုးလာလည်တာကို လက်ဆောင်ပြင်ဆင်ဖို့ အများကြီး ကြိုးစားခဲ့တာ...အစ်ကိုတောင်မှ သူမကိုကူညီခဲ့တာ…ကျွန်မဘေးကနေ မြင်တယ်... စုမုန့် ဟုတ်တယ်မဟုတ်လား... အဘိုးကို မပေးရင် လက်ဆောင်က အလဟဿ မဖြစ်သွားဘူးလား”


 "ဟုတ်ပါတယ်...သူမက အဘိုးအတွက် လက်ဆောင်တစ်ခုပေးထားပြီးတာ ဖြစ်နိုင်ပေမယ့်လည်း အထူးလက်ဆောင်တစ်ခု ထပ်ပြင်ဆင်ထားသေးတာ... ပြီးတော့ ဒီလက်ဆောင်က အလွယ်ရတာမဘူးထင်တယ်…အရမ်းစျေးကြီးပုံရတယ်”


ဝေ့ရွှယ်က ပြုံးပြီး သဘောကောင်းဟန်ဆောင်ကာ စုမုန့်ကို သတိပေးသည်။  


“ယောင်းမက အဘိုးကို လျှို့ဝှက်ပြီးပေးမယ်လို့ တွေးထားတာတော့ မဟုတ်ဘူးမလား... ဒါမှမဟုတ် နင်က ငါတို့ကို ပြဖို့ ဆန္ဒမရှိတာလား...ဒါပေမဲ့ ယောင်းမက ဒီလောက်ကပ်စေးနှဲတဲ့သူ မဟုတ်ဘူးဆိုတာ ငါသိတယ်... ဒီမှာရှိတဲ့လူတိုင်းက အရမ်းသိချင်နေကြတာ...ငါတို့သိချင်တာကို ဘာလို့မပြတာလဲ"


စုမုန့် ဝေ့ရွှယ်ကို ခဏလောက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ဝေ့ရွှယ်သည် သူမ အရှက်ကွဲသွားဖို့ တမင်သက်သက်လုပ်နေတာ...သူမ မသိဘဲနေမှာလဲ...


"နင်က တော်တော်တက်ကြွနေပါလား...သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" 


သူမ ပြောရင်း တစ်စုံတစ်ခုကို ရှာရန် အိတ်ကပ်ထဲသို့လက်နှိုက်လိုက်သည်။သို့သော် သူမ စမ်းလိုက်ချိန်မှာ အိတ်ကပ်ထဲတွင် ဘာမှမရှိမှန်း တွေ့လိုက်ရ၍ သူမ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားရ၏။


စုမုန့်က စိုးရိမ်တကြီးနှင့်


“ဟေ့ ငါ အဲ့ဒါကိုအိတ်ကပ်ထဲ ထည့်ထားတာ မှတ်မိတယ်...ဘာလို့ မရှိတော့  တာလဲ"


ဝေ့ရွှယ် ထိုအဖြစ်ကိုမြင်လျှင် သူမ ပိုပျော်သွားလို ခံစားလိုက်ရသည်။သို့သော်၊အပေါ်ယံမျက်နှာကတော့ စိုးရိမ်ဟန်ဆောင်ကာ 


“အိုက်ယာ…အဲဒါ အဘိုးအတွက် အစ်ကိုဝေ့ထင် ကိုယ်တိုင်ပြင်ဆင်ထားတဲ့ လက်ဆောင်မလား...နင် ဘယ်လိုဖြစ်ပြီး ပျောက်ရတာလဲ…အစ်ကိုဝေ့ထင် သိသွားရင် သူ အရမ်းစိတ်ဆိုးမှာ မဟုတ်ဘူးလား… ဒါပေမယ့် အဆင်ပြေပါတယ်…နင့်အဖြစ်ကို အစ်ကို့ကို ငါ ကူပြောပေးမယ်...သူ နင့်ကို အပြစ်မတင်အောင် ငါကူညီပေးမယ်"


စုမုန့် ပစ္စည်းပျောက်သွား၍ စိုးရိမ်သွားသော ပုံစံသည် တမင်တကာလုပ်နေခြင်းပင်။သို့သော် ဝေ့ရွှယ်ကတော့ အဟုတ်ကြီးထင်ကာ ယုံစားနေပုံပင်။


စုမုန့် လက်ဆောင် ပျောက်သွား၍ တစ်ကယ် စိတ်ပူနေသာ်ဟု ထင်လိုက်၍ ဝေ့ရွှယ်က


"ယောက်မ…နင်က တကယ်ကို တစ်ခုခုပဲ…နင်ကိုယ်တိုင်ကျတော့လည်း လက်ဆောင်မပြင်ဆင်ခဲ့ဘဲနဲ့၊ နင့်အတွက် အစ်ကိုဝေ့ထင်ပြင်ဆင်ထားတဲ့ လက်ဆောင်ကိုတောင်  ပျောက်အောင်လုပ်တယ်...တော်သေးတာပေါ့...ငါ သိနေလို့...ဒါကြောင့် အစ်ကိုနဲ့ စကားပြောပြီး နင့်ကို ကူညီနိုင်မယ့် နည်းလမ်းကို ငါစဉ်းစားကြည့်မယ်"


ဧည့်သည်များသည် ဝေ့ရွှယ် ၏ စကားကိုကြားသောအခါ စုမုန့် သည် အဘိုးဝေ့အတွက် လက်ဆောင်ပြင်ဆင်ရန် မစဉ်းစားခဲ့ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် သူမ၏ ပညာရပ်ကြောင့် ဖြစ်တည်လာသော၊ အကောင်းမြင်စိတ်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည် ။


 ဘာပဲဖြစ်​ဖြစ်​ လူတစ်​​ယောက်​က၊ တစ်​​ယောက်​ကို တစ်ကယ်​ဂဂရုစိုက်လျှင်​ လက်ဆောင်​ပေးဖို့ ​မေ့​နေမှာမဟုတ်​။ စုမုန့် သည် ကိုယ်တိုင် လက်ဆောင်ကို မပြင်ဆင်ခဲ့ရုံသာမက၊ ဝေ့ထင် က သူမအတွက် ပြင်ဆင်ထားသည့် လက်ဆောင်ကိုတောင် ဖျောက်ပစ်လိုက်သလိုပင်။




xxxxxx