Chapter 87
ကျုံးယို့ယို့နှင့် ချင်းယောင်တို့ နေ့လည်စာစားရန် ထွက်သွားကြသည့်အခါ ယွီစစ်ရွှယ်သည် ဖြူဖျော့စွာဖြင့် မတ်တပ်ရပ်ကျန်နေခဲ့သည်။
လမ်းမကိုဖြတ်ပြီး စားသောက်ဆိုင်သို့သွားရာလမ်းတွင် ကျုံးယို့ယို့သည် ပြုံးနေခဲ့ပြီး သူမမျက်လုံးကိုပင့်ကာ ချင်းယောင်ကိုကြည့်နေခဲ့၏။ ထိုသို့လုပ်ခြင်းကြောင့် ချင်းယောင်သည် နားရွက်များ နီရဲနေသော်လည်း တည်ငြိမ်သယောင်ပြုမူနေခဲ့သည်။
စားသောက်ဆိုင်၏ ပြတင်းပေါက်နားက ခုံနေရာအလွတ်၌ သူတို့နှစ်ယောက်၀င်ထိုင်လိုက်ကြသည်။ ချင်းယောင်က မီနူးစာအုပ်ကို ကောက်ယူလိုက်ပြီး
" ဘာတွေကြည့်နေတာလဲ ကိုယ့်မျက်နှာမှာ တခုခုရှိနေလို့လား "
ကျုံးယို့ယို့သည် သူမလက်တစ်ဖက်ကို သူ၏ညာဘက်ပါးပေါ်တင်ပြီး သူမလက်ချောင်းလေးများဖြင့် သူ၏မေးစိကိုထိတွေ့ခဲ့ပြီး အပြုံးလေးဖြင့် ပြောသည်။
" မဟုတ်ပါဘူး ရှင်က ခါတိုင်းထက် ဒီနေ့ပိုပြီး ခန့်ညားနေတယ်လို့ တွေးမိရုံလေးပါ "
ချင်းယောင်သည် ထိတ်လန့်သွားပေမဲ့ ၎င်းကိုမပြသခဲ့ပါ။ သူသည် သူ၏လက်ကို စားပွဲခုံအောက်၌ထားကာ ထိန်းမရနိုင်သည့်ပျော်ရွှင်မှုတွေ ထွက်ပေါ်မလာအောင် အတတ်နိုင်ဆုံးကြိုးစားနေလေသည်။
သူကတည်ငြိမ်စွာဖြင့်မေး၏ ။
" မင်းဘာစားချင်လဲ "
ဤစားသောက်ဆိုင်မှ အမှာအားလုံးသည် အခွံပျော့ပင်လယ်လိပ်၊ဘဲစသည့် သက်ရှိတိရစ္ဆာန်များကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လို့ရ၏။ ဤအရာသည် စားသောက်ဆိုင်၏ ထူးခြားချက်ဖြစ်ပြီး ပိုလတ်ဆတ်သည့်အရာက အရသာပိုရှိသည့် သဘောဖြစ်သည်။
ကျုံးယို့ယို့ ပြုံးပြီး မီနူးကို ငုံကြည့်လိုက်ကာ ဟင်းပွဲအချို့ကို ရွေးချယ်လိုက်သည်။ ချင်းယောင်သည် မီနူးစာအုပ်ကို သူမဆီမှယူ၍ စားသောက်ဆိုင်၏ ကောင်တာသို့ လျှောက်လှမ်းသွားခဲ့သည်။
ကျုံးယို့ယို့သည် စောင့်ဆိုင်းနေရင်း ပျင်းရိလာချိန်မှာတော့ သူမကို တစ်ယောက်ယောက်ခေါ်လိုက်သည်အား ရုတ်တရက် ကြားလိုက်ရသည်။
" အတန်းဖော် ကျုံးယို့ယို့ မင်းလည်း ဒီမှာစားနေတာပဲလား "
သူမသည် လှည့်ကြည့်လိုက်ပြီး အတန်းထဲမှ ယောင်္ကျားလေးနှစ်ယောက်ဖြစ်သည်ကို တွေ့ပြီး တစ်ယောက်က ရှစ်ယိမုန့်ဖြစ်လေသည်။ သူက ကျုံးယို့ယို့ တစ်ယောက်တည်းထိုင်နေသည်ကို မြင်သည့်အခါ သူ၏ မျက်နှုအမူအရာသည် ခဏတာ ဗလာဖြစ်သွားခဲ့ပြီး မသိလိုက်မိဘဲ ရပ်တန့်သွားခဲ့သည်။
ရှစ်ယိမုန့်နှင့် ပေါင်းသင်းနေသည့် နောက်တန်းမှ ယောင်္ကျားလေးအုပ်စုသည် သူ၏အတွေးများကို သိ၏။ ဒီအသက်အရွယ် ဆယ်ကျော်သက်တစ်ယောက်သည် မိမိ၏အတွေးများကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သည်ဟု ထင်ကြသည်။ သို့သော် လူတိုင်းက အတန်းထဲမှာ သူ ကျုံးယို့ယို့ကို မျှော်ကြည့်တတ်မှန်း သိကြသည်။
နောက်ဆုံးခုံတန်းမှ ဘော်ဒါတွေအားလုံး ဤအကြောင်းကိုသိကြသည်။
ဤသည်ကိုမြင်သောသူ၏ သူငယ်ချင်းရွှီမင်က မကူညီဘဲ မနေနိုင်ကာ
" ကျုံးယို့ယို့ ငါတို့ကို ခုံနေရာမျှပေးလို့ရမလား ငါတို့အတူထိုင်ကြရင် ဘယ်လိုလဲ "
"အဲ့ဒါက သိပ်ပြီးအဆင်မပြေဘူး"
ကျုံးယို့ယို့ကပြောသည်။
" ငါနဲ့မျက်နှာချင်းဆိုင်မှာ တစ်ယောက်ရှိတယ် "
သူမစကားဆုံးသည်နှင့် ချင်းယောင်သည် စားသောက်ဖွယ်ရာများ မှာယူပြီး၍ ပြန်ရောက်လာခဲ့သည်။ သူက ရှစ်ယိမုန့်နှင့် တခြားကောင်လေးတစ်ယောက်တို့ကို ကြည့်လိုက်ပြီး ဘာစကားမှမဆိုခဲ့ချေ။
သူက ကျုံးယို့ယို့နှင့် မျက်နှာချင်းဆိုင်၌ ထိုင်ချလိုက်ပြီး မေးလိုက်သည် ။
"မင်းအတန်းဖော်တွေလား "
ကျုံးယို့ယို့က ခေါင်းငြိမ့်လိုက်သည်။
ရွှီမင်က လှည့်ထွက်သွားသည့် ရှစ်ယိမုန့်ကို ဖျက်ခနဲကြည့်လိုက်သည်။ သူသည် လျင်မြန်စွာ ရှစ်ယိမုန့်ကို လှမ်းဆွဲလိုက်၏ ။ ရွှီမင်သည် ရှစ်ယိမုန့်က တကယ်ပင် ဂွကျသည်ဟု ခံစားရသည်။ သူသည် အတန်းထဲ၌ ဗိုလ်ကျသူတစ်ယောက်ဖြစ်ပြီး တစ်ဖက်က ကျောင်းအလှလေးကို ချစ်မိနေကြောင်း ပြောတောင် မပြောရဲပေ။ ယခုပင် ကျုံးယို့ယို့ကို တခြားယောက်ျားတစ်ယောက်က လုယူသွားလေပြီ။
သူသည် ရှစ်ယိမုန့်ကို ကူညီရန် ဆုံးဖြတ်ကာ စိတ်ထဲက လှိုက်လှိုက်လှဲလှဲပြုံးရင်း မေးလိုက်သည်။
" ဒီခန့်ညားတဲ့အကိုရေ ကျွန်တော်တို့အတူပေါင်းထိုင်လို့ရမလား ကျုံးယို့ယို့က ကျွန်တော်တို့နဲ့အတန်းဖော်လေ ဒီစားသောက်ဆိုင်မှ တခြားထိုင်စရာနေကလည်း ရှာလို့မတွေ့တာ...."
စားသောက်ဆိုင်သည် တကယ်ပင် လူရှုပ်နေ၏။ သူတို့ လိုက်လံနေရာရှာသေးပေမဲ့ တစ်နေရာလေးတောင် မတွေ့ခဲ့ပါ။
ဘယ်သူသိမှာလဲ ...
" မရဘူး " ချင်းယောင်သည် အေးစက်စွာဖြင့် ပြောလိုက်သည်။
" ဒါက လေးယောက်စားပွဲမဟုတ်ဘူးလား ကျွန်တော်တို့လည်း ဖြစ်ချင်တော့ လေးယောက်ကွက်တိပဲလေ "
ရှစ်ယိမုန့်သည် ရွှီမင်အား မျက်နှာဗလာဖြင့် ဆောင့်ဆွဲလိုက်သည်။ ရွှီမင်သည် လက်မခံနိုင်သေးပေ။
' ပြိုင်ဘက်က အတော်လေး ကပ်စီးတယ်ကုတ်ပါလား။ သူတို့ကို သူမနှင့် ထိုင်ခွင့်လေးတောင် မပြုဘူး '
ချင်းယောင်သည် ဒေါသထွက်ဟန်မျက်နှာပြုလုပ်ထားပြီး သူ၏လက်ကို ဆန့်ထုတ်ကာ စားပွဲပေါ်၌ ဂဏန်းတစ် ေကာင်ကဲ့သို့ တင်ထားလိုက်သည်။
" ငါ့ရဲ့ လက်တွေက အတော်လေးရှည်လျားလို့ နှစ်ယောက်စာနေရာ ထိုင်ရမှ အဆင်ပြေတယ် "
ရွီမင် "......"
ရှစ်ယိမုန့် "......"
ကျုံးယို့ယို့သည် လက်ဖက်ရည်တစ်ငုံသောက်ရင်း သီးတော့မလို ဖြစ်သွားကာ အသက်မရှုနိုင်တော့သည်အထိ အကြာကြီး ရယ်မောနေပြီးနောက် ပြောလာသည်။
" ဟုတ်တယ် ငါတို့အတူထိုင်လို့မရလောက်ဘူး ငါ့မိသားစုက သူရဲ့ ပခုံးတွေက ကျယ်ပြီး လက်တွေကလည်း အရမ်းရှည်တယ် "
သူသည် ချင်းယောင်ဆီမှ ထွက်ပေါ်လာနေသည့် အူတိုသည့်ရှာလကာရည်နံ့များကြောင့် သေတော့မလို ရယ်မောနေသည်။ ဘေးပတ်၀န်းကျင်၌ လူတွေအများကြီးသာ ရှိမနေဘူးဆိုလျှင် သူမ တကယ် ချင်းယောင်ဆီသို့ သွားကာ သူ၏မျက်နှာလေးကို ပါးဖောင်းဖောင်းလေးဖြစ်နေမလား သိရအောင် ပွတ်သပ်ချင်မိသည်။
ရှစ်ယိမုန့်သည် ချင်းယောင်၏ ရှေ့၌ နိုင်လိုစိတ်ပြင်းပြသည်ဟု မခံစားရပါ။ သူ၏စိတ်ထဲ၌သာ တိတ်တဆိတ် အစီအစဉ်ဆွဲနေခဲ့သည်။ သို့သော် ရွှီမင်က ပြဿနာရှာလိမ့်မည်ဟု မည်သူကသိထားမည်နည်း။ ထို့အပြင် ကျုံးယို့ယို့သည် ချင်းယောင်ကိုသာ ကာကွယ်ရန် ဆန္ဒရှိသည်။ သူ၏နှလုံးသားထဲမှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့ပြီး ရွှီမင်ကို ဆွဲကာ မြန်မြန်ဆုတ်ခွာခဲ့သည်။
ကျုံးယို့ယို့သည် ပြုံးလိုက်ပြီး ချင်းယောင်က သူမကို ဗလာဖြစ်စွာကြည့်ရင်း " ရယ်စရာကောင်းလား " ဟုမေးခဲ့သည်။
စားသောက်နေစဉ်တစ်လျှောက်လုံး ချင်းယောင်သည် စိတ်ဓာတ်ကျနေသည်။
ကျုံးယို့ယို့က မေးသည်။
" အစားအသောက်တွေက အရသာမရှိဘူးလား ရှင့်အကြိုက်နှင့် မကိုက်ဘူးလား "
ချင်းယောင်သည် ညင်သာစွာ ဖြေလိုက်သည်။
" မဟုတ်ပါဘူး "
ကျုံးယို့ယို့သည် သူ သ၀န်တိုနေပြီး ဒေါသထွက်နေတာဖြစ်ရမည်လို့ ခံစားရပြီးနောက် ပြုံးကာ ပြောလိုက်သည်။
" ကျွန်မရှင့်ကို ခဏနေ လက်ဆောင်တစ်ခုပေးမယ် "
ချင်းယောင်သည် သူ၏ခေါင်းကို ထမင်းစေ့အား တူဖြင့်ညှပ်ရန် ငုံ့နေခဲ့ပြီး သူ၏နားရွက်တွေသည် ချက်ချင်း ထောင်တက်သွားကာ သူ၏မျက်လုံးများသည်လည်း လင်းလက်သွားသည်။
' လက်ဆောင်၊ဘာလက်ဆောင်လဲ၊ '
ကျုံးယို့ယို့သည် သူ့အား ဘာလက်ဆောင်မှ မပေးခဲ့သေးဘူးပါ။ သို့သော် သူသည် ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ကာ တီးတိုးပြောလိုက်သည်။
" အွန်း "
စားပြီးသွားသည့်နောက် သူတို့နှစ်ယောက်သည် စားသောက်ဆိုင်မှ ထွက်လာခဲ့ကြပြီး မီးစိမ်းသည့်အခါ လမ်းမကိုဖြတ်ကူး၍ ကားထဲသို့ ၀င်သည်။
ကျုံးယို့ယို့သည် သူမလွယ်အိတ်ထဲမှ လေးထောင့်ကျသည့် လက်ရာမြောက်သော ပါကင်ဘူးတစ်ခုကို ထုတ်ယူခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်လုံး ချင်းယောင်သည် သူမကို ကျောင်းသို့ အသွားအပြန်လုပ်ပေးနေခဲ့သည်ကို သူမ အမှတ်ရသွားသည်။ သူသည် အလုပ်အရမ်းများသော်လည်း သူမကို အရမ်းချစ်ပေး၏။ သူမက သူ့အား ဘာမှမပေးခဲ့ဖူးခြင်းမရှိသည့်အတွက် လည်စည်းပ၀ါတစ်ထည်ကို အထူးမှာယူခဲ့သည်။
ရာသီဥတုက ဆောင်းဦးနှောင်းပိုင်းရောက်နေပြီဖြစ်ရာ လည်စည်းပဝါလေးနှင့်ဆိုလျှင် ပိုမိုနွေးထွေးစေလိမ့်မည်။ ချင်းယောင်သည် ပုံမှန်အားဖြင့် အရောင်ရင့်သော ကုတ်အင်္ကျီရှည်များကို ဝတ်ဆင်လေ့ရှိပြီး သူမသည် မည်သည့်အရောင်ကို ရွေးရမှန်းမသိသောကြောင့် အမည်းရောင်ကိုသာ ရွေးချယ်ခဲ့သည်။
"ကြည့် ဒါက ဆိတ်အမွှေးနဲ့လုပ်ထားတာ အရမ်းနွေးတယ် "
ကျုံးယို့ယို့သည် ချင်းယောင်ထံသို့ ၎င်းကို ရတနာတစ်ပါးအလား လှမ်းပေးလိုက်သည်။
ချင်းယောင်၏ မျက်လုံးများက လင်းလက်နေသော်လည်း သူသည် မတည်ငြိမ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားစိတ်လျော့ထားလေသည်။ ထို့နောက် အသာလေးဖျက်ခနဲကြည့်လိုက်ပြီး တည်ငြိမ်စွာ ယူလိုက်သည်။
" အင်း ကောင်းပါတယ် "
" မဆိုးဘူးဆိုရုံပဲလား " ကျုံးယို့ယို့က ပြောသည်။
"ညီမက အဲ့ဒါကို ရွေးရတာ နာရီ၀က်ကျော်တယ် ညီမမျက်လုံးတွေက သေချာတောင် အာရုံမစိုက်နိုင်တော့တဲ့အထိ "
ချင်းယောင်က လည်စည်းပဝါကို ယူလိုက်ပြီး သူ၏လက်ထဲမှာ အပေါ်အောက်လှန်ကြည့်ပြီး အနည်းငယ် မနှစ်မြို့သည့် မျက်နှာအမူအရာဖြင့် "အရောင်ကသာမန်ပါပဲ "
ကျုံးယို့ယို့သည် သူမ၏ လက်ကို ၎င်းအား ပြန်ယူဖို့ရန် ဆန့်ထုတ်လိုက်သည်။
"မကြိုက်ဘူးဆို ပြန်ပေးတော့ "
" ပေးပြီးတာက ပေးပြီးတာပဲ ဘယ်လိုလုပ် ပြန်လိုချင်ရတာလဲ"ချင်းယောင်သည် လျင်မြန်စွာ သူ၏ အနောက်ဘက်၌ ထိုအရာကို လျှို့ဝှက်အပ်သည့် ရတနာသဖွယ် ဖွက်ထားလိုက်သည်။
ချင်းယောင်ဆီမှ ဆွဲမယူနိုင်သည့်အခါ ကျုံးယို့ယို့သည် ဒေါသထွက်သကဲ့သို့ ဟန်ဆောင်နေခဲ့ပြီး သူမရင်ထဲမှာတော့ ပျော်ရွှင်နေခဲ့သည်။
' ဟန်ဆောင် နေဦးပေါ့ လှည့်စားတတ်တဲ့ ငါ့အချစ်လေး '
ချင်းယောင်သည် ဘေးဘက်ကို စောင်းငဲ့၍ မကြည့်ဘဲ ကားကို မောင်းနှင်ခဲ့ပြီး သူ့လည်ချောင်းသည် တင်းကျပ်နေခဲ့သည်။ ဤအချိန်၌ သူ၏နှလုံးသားထဲမှ ပျော်ရွှင်မှုသည် မြက်ခင်းရိုင်းများကဲ့သို့ အထိန်းအကွပ်မဲ့ ကြီးထွားနေပြီး ပျံ့နှံ့နေသည်။
သို့သော် သူ၏ ရင်ဘတ်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကာ ဘယ်လောက်တောင် ၀င်းလက်တောက်ပနေပါစေ တည်ငြိမ်ရမည်ဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။ ယို့ယို့က သူမ ကြိုက်သည့်ပုံစံက အေးစက်ပြီး တည်ငြိမ်သည့်သူဟူ၍ ပြောခဲ့လေသည်။
သူသည် ကျုံးယို့ယို့ကို တိုက်ခန်းဆီသို့ ပြန်ပို့ပေးခဲ့ပြီး သူမ ဓာတ်လှေကားထဲ ၀င်သွားသည်ကို ကြည့်ခဲ့၏။ ချင်းယောင်သည် ကားမောင်းထိုင်ခုံဆီသို့ ပြန်လာခဲ့ပြီး စက္ကန့်အနည်းငယ် ရပ်တန့်သွားခဲ့သည်။ ကျုံးယို့ယို့က ပြန်ဆင်းမလာတော့မှန်း သေချာအောင် အတည်ပြုပြီးမှ ဘူးလေးကိုဖွင့်ကာ လည်စည်းပဝါကို မြန်မြန်ထုတ်ယူလိုက်ပြီး သူ၏လည်ပင်း၌ ဂရုတစိုက်၀တ်လိုက်လေသည်။
သူသည် ဤအရာမျိုး မ၀တ်ဆင်ဖြစ်တာကြာခဲ့ပြီဖြစ်ကာ သူ၏လည်ပင်း၌ နှစ်ပတ်လောက် ပတ်ရုံသာ ပတ်တတ်သည်။ သို့သော် ထိုသို့ဆိုရင်တောင်မှ ချင်းယောင်၏ နှလုံးသားက ချိုမြိန်သည့်ရေကိုသောက်ရသလိုမျိုး ပျော်ရွှင်နေခဲ့သည်။
သူသည် အိမ်ရာ၀န်းထဲမှာ မောင်းထွက်သွားခဲ့ပြီး ဂိတ်စောင့်တံခါး၀ကို ဖြတ်ကျော်ခါနီးတွင် ကားကို တမင်တကာ ရပ်တန့်လိုက်၏ ။
ဂိတ်အခန်းထဲမှ ဦးလေးကြိီးသည် ခေတ္တခဏ ကြောင်အသွား၏။ ပုံမှန်အားဖြင့် လူတွေသည် ၀င်ထွက်သွားလာကြပြီး လုံခြုမှုအတွက် ဤအိမ်ရာ၀င်းထဲမှာ သူဖြစ်သည်ကို အတည်ပြုရန် ကားမှန်တံခါးချကာ သူတို့၏ မျက်နှာကို ပြရလေ့ရှိသည်။ သိုသော် ဤဇိမ်ခံကားပိုင်ရှင်က အမြဲတမ်း တိုက်ရိုက်မောင်းနှင်၀င်ရောက်ခွင့်ရှိထားလေသည်။
သူသည် ယခုထက်ထိ ထိုဇိမ်ခံကားပိုင်ရှင်က မည်သူဖြစ်သည်ကို မမြင်ခဲ့ဖူးချေ။သို့သော် ယနေ့၌ ထိုကားက သူ၏ရှေ့မှာ တကယ်ရပ်သွားခဲ့သည်လား။
သူက မြန်မြန်ထွက်လာကာ မေးလိုက်သည်။
" လူကြီးမင်း လာကိစ္စရှိလို့ပါလဲ "
ချင်းယောင်သည် ကားမှန်ကို ချလိုက်ပြီး သူ၏မေးကို အသာလေးမော့ကာ လည်ပင်းပေါ်က လည်စည်းပဝါကို ထုတ်ပြလိုက်ရင်း ပြောလိုက်သည်။
" ကျွန်တော့် ချစ်သူက ပေးခဲ့တာလေ "
"....." တံခါးစောင့်ဦးလေးကြီး၏ အကြည့်တွေသည် သူ၏လည်ပင်းပေါ်သို့ ကျရောက်သွားပြီး အကြည့်တွေက အားကျမှုလေးရှိနေခဲ့သည်။
ချင်းယောင်သည် ဂုဏ်ယူစွာဖြင့် ကားကိုမောင်းသွားခဲ့သည်။
ကုမ္ပဏီ၌ ထူကျစ်ဖန်နှင့် ရှောင်ကျောက်တို့အပြင် တခြားသူတို့အုပ်စုသည် အချိန်ပိုဆင်းနေကြသည်။ သူတို့သည် ဤတခေါက်ပရောဂျက်နှင့် ပက်သက်ပြီး အလုပ်ရှုပ်နေကြသည်။ ထူကျစ်ဖန်သည် ချင်းယောင်က ချမ်းသာသည့် မိသားစုနောက်ခံရှိခြင်းကို မညည်းတွားဘဲ မနေနိုင်ခဲ့ပါ။ သူတို့က ပြင်းပြင်းထန်ထန် ပိုက်ဆံရှာနေရပြီး မိသားစုကို ထောက်ပံ့နေချိန် ချင်းယောင်သည် ချမ်းသာသောကြောင့် သူ့ချစ်သူလေးအား ကျောင်းမှ သွားကြိုနေခဲ့သည်။
ထို့နောက် ဓာတ်လှေကားမှ ဒင် ဟူသော အသံကိုကြားရပြီး အလုပ်ဆင်းသွားပြီဖြစ်သည့် ချင်းယောင်က ရုတ်တရက် ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။
ထူကျစ်ဖန်သည် အနည်းငယ် အံ့ဩသွားပြီး ရှောင်ကျောက်သည် ပိုပြီး အံ့ဩနေခဲ့သည်။
" မစ္စတာချင်း ကျွန်တော်တို့နဲ့ အချိန်ပိုဆင်းမလို့လားဗျ ဒါမှမဟုတ် ကျွန်တော်တို့ဖို့ စဉ်းစားပေးပြီး ညလယ်စာတွေများ ၀ယ်လာပေးတာလား "
သို့သော် ချင်းယောင်၏ လက်ထဲတွင် ဗလာဖြစ်နေရာ ညလယ်စာ ၀ယ်လာတာက မဖြစ်နိုင်ပါ။
"ဘာညလယ်စာမှမရှိဘူး အလုပ်ဆက်လုပ်ကြ "
ရှောင်ကျောက်သည် စိတ်ဓာတ်ကျသွားပြီး သူ့ကိုအသုံးချသွားသည့် အရင်းရှင်ကျိုးကို တိတ်တိတ်လေးဆဲဆိုနေခဲ့သည်။
အချိန်ပိုအလုပ်ဆင်းနေကြသည့် ၀န်ထမ်းတချို့သည် ချင်းယောင် ဘာကြောင့် ဤနေရာ၌ ရှိနေသလဲ မသိကြချေ။ ဟာသများဖြင့် ပြည့်နေသည့်လေထုက သူဌေးရောက်လာသည်နှင့်ချက်ချင်းဆိုသလို အလွန်အမင်းငြိမ်သက်သွားခဲ့သည်။ သို့သော် ချင်းယောင်သည် ၀န်ထမ်းများအချိန်ပိုဆင်းေနသည့် အစည်းအဝေးခန်းမထဲ၌ လှည့်လည်သွားနေခဲ့ပြီး နောက်ဆုံး၌ စာရွက်စာတမ်းများကို ဖတ်ရှုရန် ဆိုဖာပေါ်၌ ထိုင်လိုက်သည်။
ကုမ္ပဏီအတွင်း၌ အပူပေးစက်များရှိကာ အပူချိန်ကလည်း မြင့်လေသည်။ များသောအားဖြင့် ကုမ္ပဏီသို့ ရောက်သည့်အခါ လူတိုင်းက သူတို့၏ အပေါ်၀တ်များ၊လည်စည်းပဝါများနှုင့် ဦးထုပ်များကို ချွတ်ပစ်ကြသည်။ သို့သော် ယခု၌မူ ချင်းယောင်သည် အပြင်အင်္ကျီကို ချွတ်ခဲ့ပြီးသော်လည်း သူ၏လည်ပင်းတွင် လည်စည်းပဝါထူထူကို ၀တ်ထားဆဲဖြစ်ပြီး မကြာခဏ ချောင်းခြောက်ဆိုးလေ့ရှိပြီး တမင်တကာ လည်စည်းပဝါကို သူ၏လက်များဖြင့် ကိုင်နေလေ့ရှိသည်။
ထူကျစ်ဖန်သည် အတော်ကြာကြည့်နေခဲ့ပြီး သိချင်စိတ်များကာ
" ချင်းယောင် မင်း လည်ပင်းထိခိုက်ထားတာလား ဘာလို့ လည်စည်းကို၀တ်ထားသေးတာလဲ "
ချင်းယောင်သည် စာမျက်နှာတစ်မျက်နှာလှန်လိုက်ပြီး တည်ငြိမ်ပြီးစိတ်အေးလက်အေးဖြစ်နေပုံပေါ်ေသာ်လည်း သူ၏ မျက်ခုံးများကြားမှာမူ ဂုဏ်ယူဝံ့ကြားမှု အရိပ်အယောင်က ရှိနေသည်။
" နည်းနည်းအေးလို့လေ ပတ်ထားလို့မရဘူးလား "
လူတိုင်း "......"
ရှောင်ကျောက်သည် ဉာဏ်အကောင်းဆုံးသောသူမဟုတ်ပေမဲ့ ဒီအချိန်မှာတော့ ရှားပါးတဲ့နားလည်သဘောပေါက်မှုရှိကာ ချက်ချင်း ချင်းယောင်ကို ကပ်ဖားခဲ့သည်။
" မစ္စတာချင်း လည်စည်းပဝါလေးက အတော်လေးကောင်းတဲ့ပုံပဲ ဘာတံဆိပ်လဲဗျ ဘယ်ကနေ၀ယ်လာခဲ့တာလဲ "
ချင်းယောင်သည် ရှောင်ကျောက်ကို သဘောကျစွာကြည့်လိုက်ပြီး ဖြေးညင်းစွာဖြင့် ရိုးရိုးသားသားပြောလိုက်သည်။
" ငါ့ကောင်မလေးဆီကလေ "
" ဝေါင်း " ရှောင်ကျောက်က အာမေဍိတ်သံပြုသည်။
" သူဌေးချစ်သူက တကယ် အမြင်ရှိတာပဲ "
ချင်းယောင်သည် သူ့ကို ဖျက်ခနဲကြည့်လိုက်ပြီး
" မင်းကတကယ်တော်တာပဲ ဒီနှစ်၏ အကောင်းဆုံး၀န်ထမ်းက မင်းပဲ "
လူတိုင်း "......"
' ကောင်းပြီ 'ထူကျစ်ဖန်သည် ထိုင်ခုံပေါ်
ပစ်ထိုင်ပြီး စိုးရိမ်တကြီးတွေးလိုက်သည်။ အခု ကုမ္ပဏီတစ်ခုလုံး သူနှင့်အတူ ခွေးစာတွေ စားကြရတော့မည်။