အပိုင်း ၄၂
Viewers 11k

Chapter 42



သို့သော်လည်း ကျန်းရွှိစာရိုက်၍မပြီးခင်မှာပင် စာကြည့်ခန်းထဲမှ ရုတ်တရက် အသံတစ်သံထွက်လာခဲ့သည်။ ခပ်စူးစူးဖုန်းမြည်သံက စက္ကန့်ပိုင်းမျှအကြာတွပ်ရပ်သွားခဲ့သည်။ကျန်းရွှိနှင့်သူ့အမေသည် တယောက်မျက်နှာတယောက်ကြည့်လိုက်ကာ သူတို့မျက်နှာပေါ်တွင်လည်းတူညီသော မေးခန်းများအားတွေ့လိုက်ကြရသည်။

စာကြည့်ခန်းထဲတွင် ရှန့်ဖန်းယွိ အသံတိုးနိုင်သမျှတိုးကာ ဖုန်းပြောလိုက်သည်။ "ကျန်းချန် လား?"

"မင်းဘယ်မှာလဲ …ဘာလို့အသံတိုးတိုးလေးနဲ့ပြောနေရတာလဲ…" ဟူ၍ မေးပြီး "နောက်ဆုံးတခေါက်တုန်းကမင်းကိုငါမေးထားတဲ့အစီရင်ခံစာက အချိန်ကျော်သွားပြီ…မင်းငါ့ကို နောက်ထပ်ကူးထားတာလေး ထပ်ပို့ပေးလို့ရမလား" ဟူ၍ လိုရင်းကို တန်းပြောသည်။

"ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ မက်ဆေ့ခ်ျပဲ ပို့လို့မရဘူးလား…ဖုန်းဆက်ဖို့လိုလို့လား…"

ကျန်းချန်နှင့် ရှန့်ဖန်းယွိသည် ကောလိပ်မှာကတည်းက သူငယ်ချင်းများဖြစ်၍ အလွန်ရင်းနှီးကြသည်။ထို့ကြောင့်သူကချက်ချင်း ရယ်လျက်နောက်လိုက်သည်။
" ဘာလဲ မင်းကောင်မလေးနဲ့ ရုပ်ရှင်အတူတူကြည့်နေလို့လား"

ကျန်းရွှိသူ့ကို စာကြည့်ခန်းထဲပိတ်ထားခဲ့စဉ်က သူထိတ်လန့်နေတုန်းပင်ဖြစ်သည်။တုံ့ပြန်ချိန်ပင်မရလိုက်ပေ။သူစိတ်လျှော့၍ ပြန်တွေးကြည့်သည့်အခါ ပိုပိုပြီးတွေးကြည့်သည့်အခါ တစ်ခုခု မှားနေသည်ကို သူခံစားမိလာသည်။ကျန်းရွှိ မိဘများရှေ့တွင် သူအဆင်ပြေစွာ ရှိနေခဲ့သင့်ပြီး ဒီကို ပျင်း၍လာလည်သည်ဖြစ်ဖြစ် ခဏလာနေသည်ဖြစ်ဖြစ် ပြောခဲ့သင့်သည်ဟုတွေးမိသည်။ ယခု သူ့မှာ ပုန်းနေခဲ့မိသည်။အကယ်၍များ သူ့ကို တွေ့သွားခဲ့ကြလျှင် တစ်ခုခုကိုဖုံးကွယ်ထားသကဲ့သို့ဖြစ်နေတော့မည်။

အတင်းဖုံးကွယ်ဖို့ကြိုးစားနေကြသကဲ့သို့…။

သို့သော်လည်း သူ့မှာ ယခုစာကြည့်ခန်းထဲတွင် ပိတ်ခံထားရသည်မို့ ရှန့်ဖန်းယွိအတွက်တော့ ကျန်းရွှိကအကုန်ဖြေရှင်းနိုင်ပါမှာဟူ၍ မျော်လင့်နေရုံမှအပ လုပ်နိုင်စရာဘာမျှမရှိတော့ပေ။

ရုတ်တရက်ကြီးဖုန်းထမြည်လာမှ သူ့ဖုန်းကို အသံမပိတ်ထားရသေးမှန်းသတိရလိုက်သည်။သူစက္ကန့်ပိုင်းမျှ တွေဝေပြီးနောက် ဖုန်းမြည်နေသည်ကိုမကိုင်ပဲထားလိုက်မည်။ထို့နောက် ကျန်းရွှိကလာ၍ သူ့ရဲ့တခြားဖုန်းနံပါတ်ဟု လာပြောသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်သည်။သို့သော် ဖုန်းခေါ်နေသူမှာ ကျန်းချန်ဖြစ်နေသည်မို့ ဆေးရုံမှ လူနာ တစ်ခုခုဖြစ်သွားမည်စိုး၍ ဖုန်းကိုင်လိုက်သည်။

နောက်ဆုံးမှာ တာဝန်သိတတ်သော ဆရာဝန်၏အသိစိတ်ဓာတ်ဖြင့်ဖုန်းကိုင်ဖို့ရွေးချယ်လိုက်သော်လည်း ကျန်းချန်က သူ့ဆီမှစာရွက်စာတမ်းတောင်းမည့်ကိစ္စဟု မထင်ထားခဲ့ပေ။

ဒေါသကြောင့် အသက်ရှူရပ်မတတ် ဖြစ်နေသော ရှန့်ဖန်းယွိသည် ကျန်းချန်၏ နောက်ပြောင်နေမှုများကြားထဲမှပင် ဖုန်းကိုကောက်ကိုင်ကာစာတမ်းများကို မက်ဆေ့ခ်ျမှ လှမ်း၍ပို့လိုက်ရင်း စာကြည့်ခန်းအဝင်တံခါးကို ငေးကြည့်ကာဆုတောင်းနေမိတော့သည်။

သူဖုန်းကို အမြန်ကိုင်ပြီးပြန်ဖြေလိုက်သောကြောင့် ကျန်းရွှိမိဘများ သူ့ဖုန်းမြည်သံကို မကြားနိုင်လောက်ပါဟုတွေးလိုက်သည်။

သို့သော်လည်း ယခုချိန်ဆုတောင်းနေခြင်းသည် ညဘက်အချိန်တွင်ဘုရားသခင်ကို ဝတ်ပြုဆုတောင်းနေရသကဲ့သို့ပင်ဖြစ်နေသည်။ မိမိကိုယ်ကိုနှစ်သိမ့်ပေးသော စိတ်ပိုင်းဆိုင်ရာလှည့်စားမှုထက် အနည်းငယ်မျှတော့ သက်ရောက်မှုရှိနိုင်သေးသည်။

ကျန်းရွှိသည် သော့ပေါက်ကိုခက်ခက်ခဲခဲဖြင့် ကလစ်ကနဲ လှည့်ဖွင့်လိုက်ပြီး မိဘများ၏စိုက်ကြည့်နေမှုအောက်တွင် စာကြည့်ခန်းတံခါးကိုဖွင့်လိုက်သည်။

တံခါးအပြင်ဘက်ရှိ ဇနီးမောင်နှံနှစ်ဦးနှင့် အခန်းထဲရှိ လူငယ်လေးတို့ တယောက်ကိုတယောက် ကြည့်လိုက်ကြပြီးနောက် သူ့ပါးစပ်တွင်အပြုံးတစ်ခုကောက်ဆွဲလိုက်ပြီး ကျန်းရွှိ၏မိဘနှစ်ပါးအား လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်္ဂလာပါ"

"ရှန့်ဖန်းယွိ လား…" အမေဖြစ်သူက မေးချလိုက်သည်။
ရှန့်ဖန်းယွိသည် ဧည့်ခန်းထဲမှ စကားဝိုင်းအကြောင်းမသိသည်မို့ အံ့ဩစွာဖြင့်မေးလိုက်သည်။
"အန်တီက ကျနော့်ကို သိတာလား"

သူ၏ လူမှုရေးအသိုက်အဝန်းသည်အတော်အတန်ကျယ်ပြောသော်လည်း အဓိကအားဖြင့် A မြို့ ၏ ဆေးဘက်ဆိုင်ရာ အသိုင်းဝိုင်းတွင်ပို၍ရှိသည်။ ထို့ကြောင့် B မြို့ ရှိ အမျိုးသမီးကြီးပင်လျှင်သူ့ကိုသိသည် အထိ သူ့ကိုယ်သူရေပန်းစားလျက်ရှိပါလားဟု တွေးလိုက်သေးသည်။

သို့သော်လည်း အမေဖြစ်သူ က ဘာမျှပြန်မဖြေပဲ မျက်လုံးများကို နောက်သို့လန်ကာ အဖေ့လက်မောင်းပေါ်သို့ လဲခွေကျသွားတော့သည်။

အမေဖြစ်သူ သည် အနည်းငယ်စိတ်လှုပ်ရှားနေပြီးကံကောင်းစွာဖြင့် သူမ၏နှလုံးတွင် ဘာအမှားအယွင်းမျှမဖြစ်ခဲ့ပေ။ဖြစ်ဖြစ်ချင်းနေရာတွင်ဆရာဝန်နှစ်ဦးက အရင်ဆုံးအကူအညီပေးခဲ့သောကြောင့်သိပ်မကြာခင်တွင် အမေသည် စိတ်ငြိမ်သွားပြီး ကျန်းရွှိ၏နှာခေါင်းတည့်တည့် သို့လက်ညှိုးထိုးကာ "မင်း…မင်း…"

ကျန်းရွှိသည် ဤအချိန်တွင် ကိုယ့်ကိစ္စကိုယ်ဖုံးဖိရန်အတွက်ကြိုးစားလိုက်သည်။ "ကျွန်တော် သူနဲ့ဘာမှ မသက်ဆိုင်ပါဘူး…အမေမယုံရင် အိပ်ခန်းထဲလိုက်ကြည့်လို့ရပါတယ် …သူက အမြဲကြမ်းပြင်ပေါ်မှာပဲအိပ်တာပါ"

အမေက သူ့နှလုံးနေရာကို ဖိထားရင်း ပြောသည်။
"ငါမသွားဘူး"

ကျန်းရွှိက လွန်ခဲ့သောတစ်နာရီခန့်ကပင် သူ့အမေ သူ့အခန်းထဲ ဝင်မည်စိုး၍ တားခဲ့သည်ကို သတိရသွားပြီး နောင်တများရကာ သူ့အူများအခွေလိုက်လိမ်သွားတော့မတတ် ခံစားလိုက်ရသည်။သူသာကြိုသိခဲ့ပါလျှင် အမေ့အား အခန်းထဲဝင်ခွင့်ပေး၍ အိပ်ခန်းထဲမှ အိပ်ယာ နှစ်ခုကို မြင်စေကာ အသေအချာ နားဝင်အောင် ရှင်းပြမည်ဖြစ်သည်။

ရှန့်ဖန်းယွိသည် သူ့စိတ်အားချုပ်ကိုင်ရန် မွေးဖွားလာသည်လားဟု သူတွေးမိသည်။ရှန့်ဖန်းယွိနှင့်အတူ ရှိနေသမျှ ကာလပတ်လုံးသူ၏အတွေးနှင့်စိတ်များသည် ရှင်းရှင်းလင်းလင်း ရှိနိုင်မည်မဟုတ်ပေ။

ရှန့်ဖန်းယွိက နှစ်ဘက်အခြေအနေတွင် တစ်ခုခု လွဲနေသည်ကို သတိပြုမိသွားသည်။သူသည် သူ၏လက်ကို ခေါင်းအုံးနှင့်ကွယ်၍ ကျန်းရွှိဆီသို့ အလျင်အမြန် မက်ဆေ့ခ်ျတစ်စောင်ရိုက်ပို့လိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲ"

ကျန်းရွှိတယောက်ဖုန်းမြည်သံကြား၍ လှမ်းယူကာတချက်ကြည့်သည်။

"ဘာကိုကြည့်နေတာလဲ" အမေက ကျန်းရွှိအား စူးစူးရဲရဲမျက်လုံးများနှင့်ကြည့်ကာမေးသည်။

"ဆေးရုံမှာ တစ်ခုခုဖြစ်နေလို့ပါ" ကျန်းရွှိက စိတ်လျှော့ကာ ခပ်အေးအေးပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းရွှိသည် ဖုန်းနံပါတ်မှတ်သည့်နေရာတွင် ရှန့်ဖန်းယွိနာမည်အား အလျင်အမြန်ဖျက်ပစ်ကာ ဆေးဘက်ဆိုင်ရာကိုယ်စားလှယ် ကျန်း ဟူ၍ နာမည်ပြောင်းမှတ်လိုက်ပြီး မက်ဆေ့ခ်ျကို စာထပ်ပြန်လိုက်သည်။

"ငါ့အမေက မင်းနဲ့ငါ တွဲနေတာလို့ ထင်နေတာ"

ရှန့်ဖန်းယွိလက်များတုန်သွားကာ သူ့ဖုန်းသည်လည်း ဆိုဖာပေါ်သို့ လွတ်ကျသွားသည်။ထိုင်နေသော အဖေဖြစ်သူကျန်းက သူ့ကို လှမ်းကြည့်လိုက်သောအခါ သူ့ကျောများအေးစက်သွားသလို ခံစားလိုက်ရလေသည်။ သူ၏ ဖုန်းကိုပြန်ကောက်လိုက်ကာ မျက်စိတွေစုံမှိတ်လိုက်ပြီးစာအလျင်အမြန် ရိုက်လိုက်သည်။

"မင်းအဖေတယောက်ယောက်ကို ရိုက်နှက်ပြီဆိုရင် တော်တော်နာလား…ငါအရိုးအကြောအထူးကုဆီမှာ ကြိုတင်ရက်ချိန်းယူထားရမလား…ကုသမှုခံယူဖို့ နောက်မကျအောင်လေ"

"မသိဘူးလေ ငါတော့အရိုက်မခံဖူးဘူး"
ထို့နောက် ကျန်းရွှိက စာတိုတစ်စောင်ထပ်ပို့ပြန်သည်။

"ငါ့ဦးလေးကတော့ လူမိုက်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်"

"…" ရှန့်ဖန်းယွိက အတောက်ပဆုံးပြုံးပြလိုက်ရင်း "ဦးလေး…အန်တီ…အထင်လွဲနေကြတာနေမယ်…ကျွန်တော်နဲ့ကျန်းရွှိက သာမန်လုပ်ဖော်ကိုင်ဖက်တွေပါ…ကျွန်တော် အကြွေးတွေတင်နေတာမို့ အိမ်ရောင်းပြီးဆပ်လိုက်ရတာ နေစရာနေရာမရှိတော့တဲ့အတွက် ကျွန်တော့်ကိုသူ့အိမ်မှာ နေခွင့်ပေးဖို့ပြောထားတာပါ…ကျွန်တော့်မှာသွားစရာနေရာမရှိတဲ့အတွက် ကျန်းရွှိက သဘောထားကြီးကြီးနဲ့ ကျွန်တော့်ကို ဒီမှာ ခေါ်ထားပေးတာပါ"

"သာမန်လုပ်ဖော်ကိုင်ဖက်ဆိုပြီး ကျန်းရွှိက ဘာလို့အဲ့လောက်ထိကူညီပေးနေရတာလဲ"
အမေကတကယ့်ကို ပေါင်ချင်းထန် နှင့် စုံထောက် ဒီရန်ဂျီ ဇာတ်လမ်းတွဲများ အကြည့်များသောသူဖြစ်မည်။သူမက ရှန့်ဖန်းယွိ၏ စကားလုံးများကြားထဲမှ လွတ်ဟာမှုများကိုပင် သေချာ ရှာဖွေနေသည်။

ရှန့်ဖန်းယွိက သူ့ကိုယ်သူ ရေညစ်ပတ်များနှင့်လောင်းချလိုက်ပြီး "ကျွန်တော့်မှာ အကြွေးတွေ အများကြီး တင်နေတာပါ…အိမ်ရောင်းထားပေမယ့် ပိုက်ဆံကအကုန် အကြေမရသေးတာမို့ ကြွေးရှင်တွေက ဆေးရုံထိလိုက်လာကြရင်း အဲ့မှာ ကျန်းရွှိက တွေ့သွားတာပါ"

"အဲ့ဆိုအခု မင်းကကျန်းရွှိနဲ့အတူတူနေတော့ အကြွေးရှင်တွေက ငါ့သားအခန်းဝ ထိရောက်လာကြရင်ဘယ်လိုလုပ်မလဲ" အမေက ရှန့်ဖန်းယွိကိုကြည့်ရင်း သူ့သားဖြစ်သူကျန်းရွှိအတွက်စိတ်အလွန်ပူပန်သွားသည်။

"စိတ်မပူပါနဲ့ ကျန်းရွှိက အတိုက်အခိုက်တော်ပါတယ်…အဲ့လူတွေ ကျန်းရွှိကို နိုင်အောင် မချနိုင်ပါဘူး" ရှန့်ဖန်းယွိကပြန်ပြောသည်။

ထို့နောက်သူ၏အိတ်ကပ်လေးထဲမှ အဝါရောင်စက္ကူအပိုင်းအစလေးများကို ထုတ်ကာ ကျန်းရွှိ၏အမေဆီ ကမ်းပေးလိုက်သည်။ ကျန်းရွှိချက်ချင်းမှတ်မိသွားခဲ့သည်။ထိုစာရွက်လေးသည် ရှန့်ဖန်းယွိက အမှတ်တရအနေနှင့်သိမ်းဆည်းထားခဲ့သော လက်မှတ်ဖြတ်ပိုင်းလေးဖြစ်သည်။

"သိပ်မကြာသေးခင်က လူနာရဲ့ မိသားစုဘက်ကနေ ကျန်းရွှိကို မကျေနပ်လို့ အနိုင်ကျင့်ဖို့ကြိုးစားကြတာလေ ဒါပေမယ့် ကျန်းရွှိကပြစ်ဒဏ်ခံရတာတွေကို ဘေးဖယ်ထားပြီး သူပြန်ပြီးခုခံတိုက်ခိုက်ခဲ့တယ်…သူကမှန်ကန်တဲ့ဘက်ကပဲ ရပ်တည်တဲ့သူပါ ကျွန်တော့်ကိုအဲ့ဒီအကြွေးရှင်တွေ အနိုင်ကျင့်နေမှာကို ကျန်းရွှိက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး အဲ့တာကြောင့်လည်း သူ့နေရာမှာ ကျွန်တော့်ကို နေခွင့်ပေးခဲ့တာပါ…ကျွန်တော့်တို့ ဌာနက လူတော်တော်များများလည်း အဲ့အကြောင်းကို သိကြပြီး ကျန်းရွှိရဲ့ ကြင်နာ သနားတတ်တဲ့အကြောင်းကိုလည်း ချီးကျူးနေကြပါသေးတယ်"

"…" ကျန်းရွှိအသံတိတ်နေလိုက်သည်။
ရှန့်ဖန်းယွိက အနိုင်ကျင့်ခံရသည်လား…။
သူကဇာတ်လမ်းဖန်တီးတဲ့နေရာတွင် တော်သည်…။

"ဒါဆို မင်းတို့ဌာနက သူတွေအကုန်လုံး မင်းတို့၂ယောက်အတူတူနေကြတာကို သိကြတယ်ပေါ့…" အမေက အနည်းငယ်စိတ်ချသွားသကဲ့သို့ မေးသည်။

"ကျွန်တော်လည်း သူတို့အကုန်လုံးကိုတော့ မသိပါဘူး။ နည်းနည်းတော့ ခင်ကြပါတယ်" ရှန့်ဖန်းယွိက ဤလိမ်ဆင်သည် လွန်လွန်ကြူးကြူး မဖြစ်သင့်ကြောင်းကြိုတွေးမိသည်။

"အမှန်ဆိုကျွန်တော်လည်း မျက်နှာရချင်တာပေါ့ ဒါပေမယ့် ဒီကိစ္စကို လူသိများပြီး မပျံ့စေချင်လို့ပါ…ပြီးတော့ ကျွန်တော့်အကြွေးတွေရဲ့အတော်များများကို ပြန်ဆပ်ထားပြီးပါပြီ …ဆေးရုံရဲ့ တစ်ယောက်အိပ်အဆောင်လည်း လျှောက်ထားပါသေးတယ်…မကြာခင်အဲဒီကိုပြောင်းတော့မှာပါ"

ထို့နောက်သူက ကျန်းရွှိ၏ အမေအား အရင်ကမှတ်တမ်းဖိုင် တစ်ခုပြလိုက်သည်။

"ဒီမှာပါ…ကျွန်တော်သာ ကျန်းရွှိနဲ့ တွဲနေရင် ဘယ်လိုဖြစ်ပြီး ဒီကနေ ပြောင်းဖို့ထွက်သွားနိုင်မှာလဲ…"

**(ထိုမှတ်တမ်းသည် အိမ်ရောင်းသည့်အချိန်တုန်းက အဆောင်လျှောက်ထားခဲ့သည့်မှတ်တမ်းကို ဆိုလိုခြင်းဖြစ်မည်။)

ထိုမှတ်တမ်းကိုဖတ်ပြီးနောက် အမေက ဖုန်းကို အဖေ့ဆီသို့ ကမ်းပေးလိုက်သည်။သူကမျက်မှန်ကိုချွတ်လိုက်ပြီး ထိုမှတ်တမ်းအားသေချာဖတ်ကြည့်သည်။ ကျီဟွား ဆေးရုံမှ မှတ်တမ်းဖြစ်သည်ကို တွေ့ရသည်နှင့် အဖေက ပိုပြီးကြည်သာသော မျက်နှာအနေထားဖြင့် ဖုန်းကို ရှန့်ဖန်းယွိဆီသို့ ပြန်ပေးသည်။
အဖေက ကျန်းရွှိကိုပြောသည်။
"မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကိုကူညီတာ ကောင်းတဲ့ကိစ္စလေ…ဘာလို့ အဲ့လောက်ထိဖုံးကွယ်လျှို့ဝှက်နေရတာလဲ"

ရှန့်ဖန်းယွိက ကျန်းရွှိ၏ ပါးစပ်မဟခင် အလျင်အမြန်နှင့် အရင်ဖြေလိုက်သည်။
" သူက ဦးလေးတို့ နှစ်ယောက်သူ့ကို ဆူညံပူညံလုပ်ပြီး ဘယ်မိဘက သူတို့ ရဲ့ သားကို အကြွေးတွေအများကြီး တင်နေတဲ့ သူစိမ်းတစ်ယောက်နဲ့ အတူတူ နေတာကို ကြိုက်မှာလဲ ဘာညာဆိုပြီး ဆူမှာစိုးလို့ပါ…ဟုတ်တယ်နော်"

သူကစကားကိုရပ်လိုက်ပြီး ချီးမွမ်းစကားထပ်ပြောသည်။
"လူတွေက သူတို့ဘဝတွေ ဒုက္ခတွေရောက်ကြမှာကို စိုးရိမ်ကြတာချည်းပါပဲ အဲ့တာကြောင့်သူတို့ရဲ့ကလေးတွေကို ဘဝမှာ နေတတ်ထိုင်တတ်အောင်သင်ပေးကြရုံပါ…ဦးလေးတို့လို မိဘတွေကောင်း တွေလည်း အခုခေတ်မှာ ရှားပါးပါတယ်"

သေချာသည်မှာ ထိုစကားကိုကြားပြီး နောက် အမေဖြစ်သူမျက်နှာပေါ်တွင် အပြုံးတစ်ခုကို မြင်လိုက်ရသည်။သူမက အဖေ့ဘက်သို့ပင်လက်ညှိုးထိုးကာ
"ရေနစ်နေတဲ့ အထက်တန်းကျောင်းသူလေးကို သူ့အဖေက သတ္တိရှိရှိကယ်ခဲ့တာလေ…ခရိုင်မှူးကတောင်သူ့ကို ချီးကျူးခဲ့သေးတာ"

"တကယ်…?" ရှန့်ဖန်းယွိက ကျန်းရွှိအား အံ့ဩစွာလှမ်းကြည့်လိုက်သည်။

ကျန်းရွှိက ရှန့်ဖန်းယွိ၏ ဖန်တီးထားသော ဇာတ်လမ်းအကြောင်းကိုသာတွေးနေမိပြီး သူ့အဖေဖြစ်သူတို့ ဘာပြောခဲ့သည်ကို မကြားလိုက်သောကြောင့် စကားတွေအား မတုံ့ပြန်ပဲ ခေါင်းသာ တဆတ်ဆတ်ညိတ်သည်။

သို့သော် အမေက "ဒါဆို ဘာဖြစ်လို့ မင်းက သူ့ကြောင့် လက်မထပ်တော့ဘူးလို့ပြောရတာလဲ" ဟုပြောသည်ကိုတော့ ကျန်းရွှိ သေချာကြားလိုက်သည်။

"…"
သူ့အမေ၏ အချက်အလက်တူးဖော်နိုင်စွမ်းသည် အံ့မခန်းပင်…။ဘာတွေဖြစ်သွားသည်လဲ…ရှန့်ဖန်းယွိကဲ့သို့ လုပ်ကြံဇာတ်လမ်းလည်း ကျန်းရွှိ မဖန်တီးတတ်ပေ။
ကျန်းရွှိ သည် ရှန့်ဖန်းယွိအား အလျင်အမြန်ကြည့်လိုက်သည်။ သူလည်း အံ့ဩစွာငြိမ်သက်နေသည်။

ကျန်းရွှိ လက်မထပ်သည့်ကိစ္စက သူနှင့်ဘာဆက်နွယ်နေသည်လဲ…။

သို့သော်လည်း ထိုအချိန်တွင် သူ့မှာ တွေးတောရန် အချိန်မရှိတော့သဖြင့် ခေါင်းထဲပေါ်ရာကို ကောက်ကာငင်ကာဖြေလိုက်သည်။
"သူက ကျွန်တော့်ကို ဆင်ခြေတစ်ခုအနေနဲ့ပဲ အသုံးချနေတာပါ…လက်ထပ်ဖို့ဖိအားပေးခံရတဲ့ ဘယ်သူမဆို ရှောင်လွဲဖို့ ကြောင်းပြချက်တွေပေးတတ်ကြတာပဲလေ သူလည်း ကျွန်တော့်ကို မြင်မိပြီး အကြောင်းပြချက်အဖြစ် နာမည်တပ်လိုက်ရုံပါ"

အမေက ခေါင်းကို တဖြည်းဖြည်းညိတ်ပြလိုက်သည်။သူပြောပြသည်မှာ အလွန်ကျိုးကြောင်း သင့်လျော်သည်။

ရှန်ဖန်းယွိက ယခုမှ အသက်ရှူချောင်သည်တော့သည်။အဖေကလည်း မည်သည့်မေးခွန်းမျှထပ်မမေးတော့ပေ။သို့သော် ရှန့်ဖန်းယွိ စိတ်ချလက်ချဖြစ်တော့မည့်အချိန်တွင် အဖေက တစ်ခုခုကို သတိရပြီး မရဲတရဲ မေးလာပြန်သည်။
"ဒီအခန်းထဲက ကလေးအသုံးဆောင်ပစ္စည်းတွေကရော မင်းတို့ဟာတွေလား…"

အမေဖြစ်သူကစောစောမူးလဲသွားသောကြောင့် သူမသည် ထိုပစ္စည်းများကို ဘာမျှမမြင်လိုက်ရပေ။ယခုတော့ သူမ အလွန်ပဟေဠိဖြစ်သွားပြီး "မင်းမှာ ကလေးရှိတာလား…"

မဖြစ်နိုင်ပေ။ရှန့်ဖန်းယွိ အလွန်ထိတ်လန့်သွားသည်။

မိဘများတံခါးမှ ဝင်မလာခင် အခန်းထောင့်ကိုပြေးသွား၍ ပစ္စည်းများကိုပလတ်စတစ်အိတ်ဖြင့်ဖုံးထားခဲ့သည်။ထို့အပြင် အမေက မူးလဲသွား၍ အားလုံးကမောက်ကမဖြစ်နေခဲ့သော်လည်း အဖေက အဲ့ပစ္စည်းများအား တွေ့ဖြစ်အောင်တွေ့သွားခဲ့သေးသည်။

"မင်းအဖေရဲ့ မျက်စိတွေက တော်တော်လျင်တာပဲ"
ရှန့်ဖန်းယွိ တယောက် ကျန်းရွှိကို ကြည့်ရင်းပြောလိုက်သည်။
ကျန်းရွှိက လေသံနှိမ့်ကာပြန်ပြောသည်။
"ငါ့အဖေက အကောင်းဆုံး အတန်းပိုင်ဆရာအဖြစ် နှစ်တိုင်း သတ်မှတ်ခံရတာ"

"…"
"ငါသဘောပေါက်ပါတယ်…အဲ့တော့ အမြင်အာရုံကောင်းကောင်းနဲ့ ဆိုးသွမ်းတဲ့ကျောင်းသားတွေကို အကုန် တောက်ထောက်ကြည့်ဖမ်းနိုင်တာပေါ့"

သူအသက်ပြင်းပြင်းရှူလိုက်ပြီး "အဲ့တာ ကျွန်တော့်ဟာတွေပါ ကျွန်တော့်သမီးအတွက်ဝယ်လာတာတွေပါ …အကြွေးရှင်တွေသူ့ကို ဒုက္ခပေးမှာစိုးလို့ အခုတော့ သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ခဏသွားပို့ထားတာပါ….ဒီဟာတွေသွားပေးဖို့လည်း အချိန်မရသေးလို့ပါ"

အမေက သက်ပြင်းချလိုက်ပြီး သူမရဲ့ စိုးရိမ်ပူပန်မှုများ အားလုံးကို လွှတ်ချလိုက်သည်။ကလေးရှိသည့်သူတယောက်နှင့် သူမ၏သားဖြစ်သူသည် ဘယ်လိုမျှ မရှင်းမရှင်းဆက်ဆံရေး အခြေအနေတော့ မဖြစ်နိုင်လောက်ပါ။

သို့သော်လည်း အဖေက ချီတုံချတုံဖြစ်ကာ အနည်းငယ်ထပ်မေးသည်။
"ဘာလို့အဲ့လောက်အများကြီးဝယ်တာလဲ…မင်းပိုက်ဆံတွေစုသင့်တယ်မဟုတ်ဘူးလား"

ရှန့်ဖန်းယွိ အသံခပ်ခြောက်ခြောက်ဖြင့် ရယ်လိုက်ပြီး
"ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ ကလေးကိုတော့ မထိခိုက် မခံစားစေချင်ကြဘူးလေ ဟုတ်တယ်မလား"

အမေက သူ့စိတ်နှလုံး ပြေလျော့သွားကာ ကြင်နာသောအသံဖြင့် "ရှောင်ရှန့် မှန်တယ်" ဟူ၍ ပြောကာ စိုးရိမ်စိတ်နှင့် ခေါင်းညိတ်ပြပြီး

"ကလေးအမေကော…ကလေးကို ဂရုမစိုက်ဘူးလား"

"သူကဆုံးသွားပါပြီ" ရှန့်ဖန်းယွိက မဆိုင်းမတွပြန်ဖြေသည်။

လူသေသည် စိတ်အချရဆုံး ကြံရာပါဖြစ်သည်။သို့သော် သူ ပိုကျိုင်ကိတ် ဝယ်စဉ်က သူ့အမျိုးသမီး သည် သေသွားခဲ့ပြီးပြီ။ ဒုတိယအကြိမ်တော့ မနာကျင်လောက်တော့ပါ။

အဖေနှင့်အမေက ရုတ်တရက်အားနာသွားကာ မေးခွန်းတွေ ထပ်မေးရသည်မှာ အဆင်မပြေသည့်အတွက် စာနာသောစိတ်ဖြင့် ကြည့်ကာ"တောင်းပန်ပါတယ် ရှောင်ရှန့် ငါတို့မင်းကို အထင်လွဲသွားခဲ့တယ်" ဟုပြောသည်။

ရှန့်ဖန်းယွိက လက်ကို မြန်မြန်ဝှေ့ယမ်းလိုက်ပြီး

"ရပါတယ် ရပါတယ်"ဟုပြောကာ ခေါင်းကို အလှည့်တွင် ကျန်းရွှိ၏ နားမလည်နိုင်ဖြစ်နေသော အမူအရာကို တွေ့လိုက်ရသည်။

ရှန့်ဖန်းယွိ သူ့ကို ကြည့်နေသည်ကိုမြင်တော့ ကျန်းရွှိက သူ့ပါးစပ်ထောင့်နားကိုလှုပ်ပြီး သူ့စကားကို ထပ်ပြောသည်။

"သေပြီလား…"

ရှန့်ဖန်းယွိက လေးနက်စွာပြန်ပြောသည်။
"ဟုတ်တယ် ဒါပေမယ့် သူနောက်တခါထပ်မသေနိုင်တော့ဘူး"

ကျန်းရွိက သူ့ခွက်ထဲမှ လက်ဘက်ရည်တွေနှင့် ရှန့်ဖန်းယွိမျက်နှာကို ပက်လိုက်သည်။

"ရှောင်ရွှိ မင်း ဘာလုပ်လိုက်တာလဲ ဘာလို့အဲ့လောက်ရိုင်းရတာလဲ" အမေက သူ့ကို အမြန်ထ၍တားသည်။
"ဘာလို့ ရှန့်ဖန်းယွိရဲ့ အနာဟောင်းတွေကို ဆားသိပ်နေရတာလဲ…"

"ကျနော် မရည်ရွယ်ပါဘူး " ကျန်းရွှိက အေးဆေးစွာပြောသည်။ "ကျနော်က သူ့အမျိုးသမီးအစား လက်စားချေပေးလိုက်တာပါ"