အပိုင်း ၄၃
Viewers 11k

Chapter 43




ကျန်းရွှိမိဘများသည် ကျန်းရွှိအိမ်တွင် ၃ရက်ကြာမျှနေထိုင်ခဲ့သည်။ A မြို့၏ အိမ်ရာစျေးနှုန်းသည် အလွန်ကြေးကြီးသည်။ကျန်းရွှိ၏တိုက်ခန်းသည် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း နှင့်ရေချိုးခန်းတစ်ခန်းသာပါသော်လည်း လူကြိုက်လူနေ များသည့်အမျိုးအစားဖြစ်သည်။

အိပ်ခန်းနှစ်ခန်းထဲမှ တစ်ခန်းအား ကျန်းရွှိ၏ စာကြည့်ခန်းအဖြစ်သို့ ပုံစံပြောင်းလဲထားသည်။ထို့ကြောင့် အိပ်ရန်အတွက် အိပ်ခန်းတစ်ခန်းသာရှိတော့သည်။သူ့မိဘများ သူ့ဆီသို့ လာလည်သည့်အခါတိုင်း သူ့အခန်းအား မိဘများအိပ်စေရန် ဖယ်ပေးပြီး သူကိုယ်တိုင်ကမူ ဆိုဖာပေါ်တွင်သာ သွားအိပ်လေ့ရှိသည်။

အစက ရှန့်ဖန်းယွိသည် သူ့တိုက်ခန်းသူပြန်အိပ်ချင်သော်လည်း သူက ညဘက်တွင် ကျန်းရွှိတယောက်တည်း အဆင်မပြေဖြစ်နေမှာစိုးသည်။ထို့ပြင် ကျန်းရွှိမိဘများအား လိမ်ထားပြီးဖြစ်သောကြောင့် ဧည့်ခန်းရှိ ကြမ်းပြင်ပေါ်မှာပင် အိပ်လိုက်တော့သည်။

ဧည့်ခန်းသည် အလွန်ကျယ်သည်။ထို့ပြင် ကြွေပြားကြီးများကပ်ထားသောကြောင့် သစ်သားပါကေးခင်းထားသော အိပ်ခန်းကြမ်းပြင်ထက်ပို၍ အေးသည်။ကျန်းရွှိသည် ရှန့်ဖန်းယွိအား အလွယ်တကူ အအေးမိနိုင်ကြောင်းအကြိမ်ပေါင်းများစွာ ဖြောင်းဖျပြောပြသော်လည်း ရှန့်ဖန်းယွိက နားမထောင်ပေ။

"ငါအအေးမမိတာ ဆယ်နှစ်တောင်ကျော်နေပြီ…အအေးမိဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်တော့ဘူး"ဟုသာပြန်ဖြေသည်။

မိဘများက ကျန်းရွှိတို့၏ ကျန်းမာရေးနှင့်နေထိုင်မှု ပုံစံအား သေချာ ကြည့်ကြပ်၍ ည ၁၀နာရီထိုးသည်နှင့် အနားယူရန် ကျန်းရွှိအားမှာကြားကြသည်။

ပထမ၂ရက်တာတွင် ကျန်းရွှိသည် တပတ်လုံးလုံး ပင်ပန်းခဲ့သောကြောင့် အလွယ်တကူ အိပ်ပျော်ခဲ့သည်။သို့သော် တတိယမြောက်နေ့တွင်သူစောစော အိပ်မပျော်တော့ပေ။
သူ၏ ဇီဝကမ္မလည်ပတ်မှုက နောက်ကျမှ အိပ်ယာဝင်သော အကျင့်အား အချိန်အတော်ကြာ ကျင့်သားရနေခဲ့ခြင်းကြောင့်ဖြစ်ပေမည်။

အကြိမ်ပေါင်းများစွာ လူးလှိမ့် လှန်မှောက် ပြီးသည့်အခါတွင် ကျန်းရွှိတယောက် သူ့ကိုယ်သူ အိပ်ပျော်ရန်ကြိုးစားနေခြင်းမှ ရပ်တန့်လိုက်သည်။ သူ၏မျက်လုံးများကို ဖွင့်ကာ မျက်နှာကျက်ပေါ်သို့ တခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်များသည် တဖြည်းဖြည်းနှင့် ရှန့်ဖန်းယွိမျက်နှာပေါ်သို့ရောက်သွားသည်။

သူ၏အိမ်တွင်ရှိသော ဆိုဖာများသည် နိမ့်ပြီး အိပ်ယာလောက်ပင်မမြင့်ပေ။ထို့ကြောင့် ဆိုဖာပေါ်တွင်အိပ်နေရရသည်မှာ ရှန့်ဖန်းယွိနှင့်အလွန်နီးကပ်နေသည်ဟု ခံစားရပြီး ကျန်းရွှိခေါင်းလှည့်ကြည့်ရုံမျှနှင့် ရှန့်ဖန်းယွိမျက်နှာကိုအနီးကပ်မြင်ရသည်။

လရောင်က ဝရန်တာမှတဆင့်ဖြာထွက်လာပြီး ရှန့်ဖန်းယွိမျက်နှာပေါ်သို့ ကျနေသည်။သူသည် အိပ်ပျော်နေပုံရကာ လုံးဝ လှုပ်ရှားမနေပဲအသံလည်းသိပ်မထွက်ပေ။ လရောင်က သူ၏နှာတံဖျားအောက်တွင် အရိပ်ထင်စေပြီး ချောမောခန့်ညားသော ရုပ်ကို ပိုပြီးပေါ်လွင်စေလေသည်။

ကျန်းရွှိလက်ဆန့်ထုတ်လိုက်ကာ သူ့နှာခေါင်းအားညှစ်လိုက်သည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ…ငါ့ကိုသတ်ဖို့လား…"
ရှန့်ဖန်းယွိက ကျန်းရွှိ၏ လက်ကို ဖမ်းဆုပ်ရင်း သူ့ကိုကြည့်ရန် မျက်လုံးများကို ဖွင့်လိုက်သည်။

"ဒါဆိုမင်းပါးစပ်တွေပါ အုပ်ထားပစ်ရမယ်။မဟုတ်ရင် မင်းစိတ်ပျက်သွားမှာ"

ကျန်းရွှိက ရုတ်တရက်လန့်သွားပြီး သူ့လက်များကို ရုန်းလိုက်ကာ ပြောသည်။
"မင်း ခုထိမအိပ်သေးဘူးလား"

ရှန့်ဖန်းယွိက သူ့လက်များကိုဖမ်းဆွဲထားသော်လည်း လွှတ်မပေးသေးပေ။
"မင်းအိပ်မပျော်သေးရင် ငါလည်း အိပ်မရဘူး …ဒေါက်တာကျန်းက ငါ့ကိုစိတ်ဆိုးနေတာလေ…ငါ့အသက်အတွက် လန့်ရတယ်"

ကျန်းရွှိက ရှန်းဖန်းယွိအား လက်ဘက်ရည်နှင့် ပက်လိုက်သည့်အကြောင်း ကိုပြောနေသည်ကို သိသည်။

ရှန့်ဖန်းယွိက မရည်ရွယ်ပဲ သဘောရိုးနှင့်ပြောလိုက်သည်ကို သိသော်လည်း သူယခုချိန်ထိ စိတ်ဆိုးနေဆဲဖြစ်သည်။

ရှန့်ဖန်းယွိဘက်ကကြည့်လျှင် ကျန်းရွှိသည် ကလေး၏ တစ်ဖက် မိဘဖြစ်သည်။ ကလေး၏မိခင်သေသွားသည်ဆိုသည်မှာ သူသေသွားသည်ဟုပြောသည်နှင့် ဘာကွာခြားသွားသနည်း။
သူမတတ်နိုင်သော်ငြားပြောရသည်။
"မင်းကဆရာဝန်လေ လူတွေကိုအဲ့လို ဘယ်လိုအခြေနေမဆို သေပြီပြောဖို့ စဉ်းစားနေတာ သင့်တော်ရဲ့လား"
ရှန့်ဖန်းယွိက အကျိုးကြောင်းထောက်ပြသလိုမေးသည်။
"ငါက ငါ့အမျိုးသမီး အကြောင်းပြောလိုက်တာပါ။ မင်းက ငါ့အမျိုးသမီးလား…"

ကျန်းရွှိအသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရပြီး သူ့ကို စိတ်တိုအောင်လုပ်သည့် သူအားမကြည့်တော့ပဲ တစ်ဖက်သို့လှည်ကာ နောက်ကျောပေးထားလိုက်ပြီး ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

ရှန်းဖန်းယွိအသာစီးရသွားသဖြင့် မျက်ခုံးတွေကို မြှင့်ပြလိုက်သည်။ကျန်းရွှိလက်တွေအား ကိုင်ထားခဲ့စဉ်က သူ၏ ဖုန်းကို ယူကာ ညဘက်မြင်နိုင်သည့် စနစ်အားဖွင့်ပြီး သူတို့နှစ်ဦး၏လက်များအား ဓာတ်ပုံရိုက်ခဲ့သေးသည်။ထိူ့နောက် ဖုန်းအား ကျန်းရွှိရှေ့သို့ ခါပြရင်းပြောလိုက်သေးသည်။
"အဲ့ဒါ လူသတ်ဖို့ ကြိုးစားတာပဲ…ငါသက်သေတွေ စုပြီးပြီ"

ကျန်းရွှိ သက်ပြင်းချလိုက်သည်။ သူ့အား ပိုပြီး အဖက်လုပ်လေ သူကပိုပြီး အပူကပ်လေဖြစ်သည်။ထို့ကြောင့် လက်ကိုလည်း မရုန်းတော့ပေ။

ရှန့်ဖန်းယွိက ပုံကို ခဏမျှ သဘောတကျကြည့်ပြီးနောက် ဖုန်းကို ဘေးသို့ချထားလိုက်သည်။ခဏအကြာတွင် သူသည် ကျန်းရွှိ၏လက်အားကိုင်ထားဆဲဖြစ်ကြောင်းသတိရသွားပြီး ကျန်းရွှိကလည်း လက်ကို မဖြုတ်ထားပေ။

လေပြေညင်းကပြတင်းပေါက်အဟ ကြားမှတဆင့်ဝင်ရောက်လာပြီး သူတို့ နှစ်ဦး၏ လက်ကို လာ၍ထိသည်။နှစ်ဦးစလုံး၏ လက်တွဲက မဖြုတ်ထားသောကြောင့် ဤပုံစံသည် သူငယ်ချင်းတွေအကြား ရယ်စရာမဟုတ်သော်လည်း ချစ်သူရည်းစားများအဖို့ ကြည်နူးဖွယ်ရာရင်းနှီးမှုလေးသဖွယ် ဖြစ်နေသည်။

ကျန်းရွှိ၏ မိခင်ပြောသွားသည့်စကားများ ခေါင်းထဲပြန်ရောက်လာသည့်အခါ ရှန့်ဖန်းယွိအနည်းငယ်ရှက်ကိုးရှက်ကန်းခံစားလိုက်ရပြန်သည်။

သူမပြောခဲ့သည်က ကျန်းရွီိသည် ရှန်းဖန်းယွိကြောင့် လက်မထပ်ချင်သေးဘူး ဟူ၍…။

ထိုစာကြောင်းက သူ့အားဒွိဟဖြစ်စေသည်။ရှန့်ဖန်းယွိအားခေါင်းနောက်စေပြီး အတွေးများ ဗရပွဖြစ်စေသည့်အပြင် သူဘာတွေးသည်ကိုပင်မပြောနိုင်တော့ပေ။

သူသည် စောနက ကျန်းရွှိအား စနောက်ကျီစယ်ချင်ခဲ့သည်။ထို့ကြောင့် ကျန်းရွှိအနေနှင့်သူ့အား ပြန်တုံ့ပြန်ရန် ပျင်းနေသည်ကို မြင်သည့်အချိန်က စိတ်လျှော့ပြီး သူ့လက်အားလွှတ်ပေးလိုက်ခဲ့ သင့်သည်။သို့သော် ကျန်းရွှိအမေဖြစ်သူ ကျန်းမူ၏ စကားများကို ပြန်တွေးမိသောအခါ သူရုတ်တရက် လက်မလွှတ်ပေးချင်ခဲ့တော့ပေ။

ကျန်းရွှိ၏လက်ကောက်ဝတ်ရိုးများသည် အလွန်ထင်းနေပြီး အသားအရေသည် အလွန်နူးညံ့သည်။

သူသည် အာလူးပူပူတစ်လုံးကို ကိုင်ထားရသကဲ့သို့ခံစားရပြီး လွှတ်ချရမည်လား…ဆက်ကိုင်ထားရမည်လား…ဝေခွဲမရတော့ပေ။ ထို့ကြောင့် သူ၏လက်ဖမိုး အပူချိန်အား တဖြည်းဖြည်းသာ မြင့်တက်စေပါတော့သည်။

ကျန်းရွှိသည်လည်း ရှန့်ဖန်းယွိက သူ့လက်တွေအားမလွှတ်ပေးလောက်ပါဟု တထစ်ချမမျှော်လင့်ထားခဲ့ပေ။

ညအချိန် ဧည့်ခန်းထဲတွင်…သူတို့နှစ်ဦး စကားလုံးများမဲ့ကာ တိတ်ဆိတ်နေကြသည်။သူတို့နှစ်ဦး၏ လက်များကမူ မြဲမြဲဆုပ်ကိုင်ထားကြဆဲ…။ကျန်းရွှိသည် သူ၏ နှလုံးခုန်လိုက်တိုင်း သူ့သွေးကြောလေးများက ရှန့်ဖန်းယွိ၏ လက်ချောင်းထိပ်လေးများအား သွားထိနေသည်ကိုပင် ခံစားမိသည်။

ကျန်းရွှိက သူ၏လက်အပူချိန်တဖြည်းဖြည်း ပို၍ ပူလာသည်ကိုခံစားရသည်။သူ ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး တိတ်ဆိတ်မှုကိုဖြိုခွင်းဖို့ရာ စကား စ ရှာသော်လည်း ရှန့်ဖန်းယွိကပါ တိုက်ဆိုင်စွာ သူနှင့်တပြိုင်နက်စကားသံ ထွက်လာခဲ့သည်။

"မင်း ပူနေလို့လား…" / " မင်းအိပ်မပျော်လို့လား…"
…..အဓိပ္ပာယ်မရှိသော မေးခွန်းများသာဖြစ်သည်။

"ငါမပူပါဘူး" ရှန့်ဖန်းယွိကပြောသည်။

ကျန်းရွှိက အသံခပ်အက်အက်ဖြင့်
"အို့….ဒါဖြင့်အိပ်တော့လေ"

"ငါမအိပ်ချင်ဘူး" ရှန့်ဖန်းယွိက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ဆိုဖာပေါ်သို့ ခေါင်းမှီကာ ထိုင်နေသည်။ထို့ကြောင့်သူ၏ မျက်လုံးများသည် ကျန်းရွှိမြင်ရသည့်မြင်ကွင်းများအတိုင်း အတူတူမြင်နေရသည်။ သူ့မျက်လုံးများအောက်ရှိ ပိုးလုံးကောင် သဖွယ် မျက်အိတ်ကကွေးတက်နေပြီး လရောင်သာသာ အောက်တွင် ထင်းနေသည်။

"မင်း အိပ်ရေးအပျက်ခံရပြီးတောင် တွေးနေရတာဆိုဆော့ ဘာအကြောင်းတွေများလဲ…"
ကျန်းရွှိက သူ့အားတချက်မျှ လှမ်းကြည့်ပြီး ဘာမျှတော့ မပြောပေ။

ရှန့်ဖန်းယွိက ကျန်းရွှိလက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ
"ကလေးအကြောင်းတွေးနေတာလား…အဲ့အကြောင်းကို မင်းက လျှို့ဝှက်ထားချင်လို့လား…"

ကျန်းရွှိက ခဏတာမျှ အသံတိတ်နေပြီးနောက်
"အဲ့ကိစ္စကို အခုကစပြီး လျှို့ဝှက်ထားရအောင်"

သူ့မိဘများသည် ရှန့်ဖန်းယွိကဲ့သို့ ဆေးပညာအကြောင်းကို နားမလည်ကြပါ။ရှန့်ဖန်းယွိက ကျန်းရွှိ၏ကိုယ်ဝန်နှင့်ပတ်သက်၍သူ၏ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်ပဲ ရောဂါတမျိုးမျိုးခံစားနေခဲ့ရသကဲ့သို့ဖြစ်နေသည်ကို သိရှိနားလည်လက်ခံပေးနိုင်သည်။သို့သော် သူ၏မိဘများ အနေနှင့် နားလည်ပေးနိုင်ပါ့မည်လား သူမသိတော့ပါ။

ရှန့်ဖန်းယွိက ခေါင်းငြိမ့်လိုက်သည်။ ယခုအချိန်သည် ထိုကိစ္စအကြောင်းပြောရန် အချိန်ကောင်းမဟုတ်သေးကြောင်း နားလည်သောကြောင့်
"မင်းအဆင်သင့်ဖြစ်တဲ့အချိန်မှ ငါတို့ အဲ့ကိစ္စအကြောင်း သူတို့ကို ပြောကြတာပေါ့…ပြီးတော့ ငါ့မိဘတွေနဲ့ပတ်သက်ပြီးလည်း မစိုးရိမ်နဲ့…ငါဖြေရှင်းနိုင်ပါတယ်"

ကျန်းရွှိ၏ မျက်တောင်များ လှုပ်ခတ်သွားပြီး သူ၏မျက်လူံးအောက်မှ မှဲ့သေးသေးလေးသည်လည်း နေရာရွေ့သွားသည်။

သူ့ရှေ့တွင်ရှိသော လူငယ်အားကြည့်ရင်း သူ့နှလုံးသားသည် အနည်းငယ်ခုန်ပေါက်နေခဲ့သည်။
"ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းတော်တော်ပင်ပန်းခဲ့မှာပဲ…"
သူက ရှန့်ဖန်းယွိအား ရုတ်တရက် ပြောလိုက်သည်။

ရှန့်ဖန်းယွိသည် သူ့ထက် လအနည်းငယ်မျှပိုငယ်သည်။သို့သော် သူသည် ဘဝ၏ အသေးအဖွဲလေးကအစ ပြဿနာအကြီးကြီးများအထိသူ၏အသက်နှင့်မျှပင် မလိုက်အောင် ဖြေရှင်း နိုင်သည်။အရာရာကို ဖြေရှင်းပြီး အတည်တကျဖြစ်စေသောကြောင့် သူသည် တစ်ဖက်သားအမြင်တွင် လူထူးလူဆန်းပုံပေါက်နေသော်လည်း တစ်ဖက်တွင်မူ သူသည် အလွန် စိတ်ချရပြီး အေးချမ်းသော သူဖြစ်သည်။

အိမ်တွင် ကျန်းရွှိမိဘများ ရှိနေသည့် ကာလပတ်လုံး ရှန့်ဖန်းယွိသည် အကောင်းဆုံးကြိုစားခဲ့သည်။ သူသည် အလုပ်များနှင့်ရှုပ်ခဲ့သော်လည်း ဂရုစိုက်မှုများနှင့်ကျင့်သားရနေသော ကျန်းရွှိအား အနေခက်အောင်လုပ်နေသည့် မိဘဖြစ်သူများနှင့် ရအောင် အတူရှိနေ ပေးသေးသည်။

ရှန့်ဖန်းယွိသည် နေ့လည်စာအား ကြိုမှာထားလိုက်ပြီး အိမ်တွင်ရှိသော ကျန်းရွှိမိဘများထံသို့ တန်းမှာပို့ပေးလိုက်သည်။ညနေဘက် အလုပ်မှပြန်မလာခင်တွင်လည်း ကျန်းရွှိ၏အမေဖြစ်သူအား မည်သည့်ဟင်းချက်အမယ်များ ယူလာရမည်ကို မေးလေ့ရှိသည်။ဟင်းသီးဟင်းရွက်များဆေးကြော လှီးဖြတ်သည့်အခါတွင်လည်း အမေဖြစ်သူနှင့် စကားပြောလေ့ရှိသည်။

ကျန်းရွှိမိဘများသည် ပန်းပွင့်ဖဲကတ်များ ဆော့ရသည်ကို အလွန်သဘောကျကြသည်။သို့သော် ကျန်းရွှိက အလွန်ပျင်းသောကြောင့် မသင်ယူခဲ့ပေ။ရှန်းဖန်းယွိကမူ မမျှော်လင့်ပဲ စိတ်ရှည်ရှည်နှင့်သင်ယူပြီး မိဘများနှင့်အတူ ညတိုင်း ဂိမ်းများ ကစားသည့်အပြင် မိဘများအားကတ်များပင် ဝေပေးကာ ရယ်မောနေကြပြီး အမေဖြစ်သူအား ညတိုင်း ငွေများနိုင်အောင်ပင် ကူညီပေးနေသေးသည်။

ရှန့်ဖန်းယွိက အဖေဖြစ်သူသည် လက်ရေးမူ လှလှရေးခြင်းအတတ်ပညာ ကို စိတ်ဝင်စားကြောင်း သိရသည့်အခါ A မြို့ရှိ အကောင်းဆုံး လက်လုပ် စုတ်တံဆိုင်သို့သွားကာ စုတ်တံတစ်ချောင်းအားအမြန်မှာယူခဲ့သေးသည်။ဆိုင်ရှင်ဆရာကြီးမှာ အလွန်ကျော်ကြားပြီး တယောက်ယောက်က သူနှင့်တွေ့ချင်လျှင်ပင် လပေါင်းများစွာ ကြိုတင်ရက်ချိန်းယူထားရသည်မျိုး ဖြစ်သည်။ထို့ကြောင့်ကျန်းရွှိသည် ဘယ်အရာက ရှန့်ဖန်းယွိအား ထိုသို့ ကြိုးစားသွားစေသည်ကို သိချင်မိပြန်သည်။

သားဖြစ်သူထက်ပင် သူက ပို၍ ဂရုစိုက်ပေးနေသည်….။

မနက်ဖန်ဆိုလျှင် မိဘများက B မြို့သို့ပြန်ကြတော့မည်ဖြစ်၍ ရှန့်ဖန်းယွိက လက်ဆောင် နှင့် အထူးထုတ်ကုန်များကို မိဘများအတွက်အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ပေးသည်။ကျန်းရွှိက ရှန်းဖန်းယွိသည် နဂိုကပင် အလွန်ဂရုစိုက်တတ်သူဖြစ်ကြောင်းသိသော်လည်း မတားနိုင်ပဲ သူ့ရင်ထဲသို့ထိရှခဲ့သည်။

ကျန်းရွှိက သူ့မိဘများသည် လွန်ခဲ့သော ၂ရက်ကထက်ပို၍ ရယ်မောပျော်ရွှင်နေကြသည်ဟု ခံစားရပြီး သူတို့ ပါးစပ်မှ အမြဲလိုလို ရှန့်ဖန်းယွိနာမည်ချည်း ထွက်နေသည်ကိုလည်း သတိ ထားမိသည်။သူ့အား သူတို့၏ ခေါင်းကိုင်သားအဖြစ်မှတ်ယူနေကြတော့မည့်ပုံစံပင်…။

"မင်းမိဘတွေ နောက်ဆုံးတော့ရောက်လာခဲ့ကြပြီပဲ…သူတို့ကလည်း လန့်နေကြတော့ သူတို့စိတ်ပြေဖို့အတွက် ငါတို့ အရာရာ အစွမ်းကုန်ကြိုးစားကြရမှာပေါ့"
ရှန့်ဖန်းယွိက ရှင်းပြသည်။

"မင်းမိဘတွေလည်း မင်းကို သဘောကျသင့်တာကို…"
ကျန်းရွှိက အမှတ်မထင် ပြောသည်။

ရှန့်ဖန်းယွိက ထိုအကြောင်းဘာမျှပြန်မပြောပဲ ပြုးပြသည်။ထို့နောက် သူ့ခေါင်းအားလှည့်လိုက်ပြီး
"မင်းအိပ်မပျော်ဘူးဆိုတော့ ငါတို့ ရုပ်ရှင်ကြည့်ကြမလား…"

ကျန်းရွှိပြန်မဖြေခင်တွင် မလှမ်းမကမ်းမှ ကလစ်ဟူသော အသံတစ်သံပေါ်ထွက်လာသည်။ပွင့်နေသော အိပ်ခန်းတံခါးဆီမှ အသံဖြစ်သည်။

ကျန်းရွှိသူ့လက်အားရုတ်တရက် ရုတ်သိမ်းလိုက်ပြီး စောင်ထဲသို့ခေါင်းနှစ်နေလိုက်ကာ မျက်စိများ ပိတ်ထားလိုက်သည်။ တကယ်တမ်း အမေဖြစ်သူက ရေချိုးခန်းသို့သွားပြီး အိပ်ခန်းသို့ပြန်လာခြင်းသာဖြစ်သည်။ သူသည် စောင်ကို ပြန်ဆွဲချကာ မျက်စိများကို ပြန်ဖွင့်လိုက်ပြီးနောက် ရှန့်ဖန်းယွိ၏ ပြုံးပြနေသော မျက်လုံးများကို မြင်လိုက်ရသည်။

"ဘာကိုရယ်နေတာလဲ"
ကျန်းရွှိ ရင်ခုန်သံများ အနည်းငယ်ပိုမြန်လာသည်။သူသည် ရှန့်ဖန်းယွိအား စိုက်ကြည့်လိုက်သည်။ အမေဖြစ်သူကြားမည်စိုး၍ သူ့အသံအားတမင်တိုးလိုက်ပြီး လေသံသာသာဖြင့် မာန်ဖီကာပြောသည်။

"ဘာကိုရယ်နေတာလဲ"

ရှန့်ဖန်းယွိက လေးလေးနက်နက်ပိုပြုံးပြလိုက်ပြီး တိုးတိုးလေးပြန်ပြောသည်။
"ဘာမှမဟုတ်ပါဘူး….မင်းပုံစံက ချစ်ဖို့ကောင်းလို့…..မင်းကတကယ်ချစ်ဖို့ကောင်းတာပဲ"

ကျန်းရွှိက ရှန့်ဖန်းယွိအား မျက်လုံးများလှန်၍ကြည့်လိုက်သည်။သူ့အသံကတိုးလွန်း၍ သေချာ မကြားရသော်လည်းရှန့်ဖန်းယွိ၏ နှုတ်ခန်းများကို ပို၍ ကွေးတက်သွားစေသည်။

လူကြီးဆန်ဆန် ဆယ်ကျော်သက်အဖြစ်နှစ်ပေါင်းများစွာ နေလာပြီးသည့်နောက် ထိုကဲ့သို့ မဝံ့မရဲ အမူအရာလေးများသည် အထူးအဆန်းဟု ခံစားရသည်။

နှစ်ဦးသား အချိန်အတော်ကြာ စကားတိုးတိုးပြောနေကြသည်။တစ်ဦးကအမှန်အကန် စိတ်တိုနေပြီး အခြားတစ်ဦးကမူ စိတ်တိုနေသောတစ်ယောက်မောပြီးရပ်သွားသည်အထိ ဇာတ်လမ်းကို ပျော်ပျော်ကြီးကြည့်နေသည်။ ထို့နောက် သူ့၏ လက်ညှိုးအား စိတ်တိုနေသည့် တယောက်၏ နှုတ်ခမ်းပေါ်သို့ တင်ကာ သူ့ဆူညံသံများအားရပ်တန့်သွားစေသည်။

ရုပ်ရှင်ကောင်းကောင်း ကြည့်ရအောင်…။

ကျန်းရွှိက သူ့အခြားလက်တစ်ဘက်နှင့် ရှန့်ဖန်းယွိ၏တက်ဘလက်အားယူလိုက်ကာ ပြည်တွင်း ဗွီဒီယိုပြန်ကြည့်ရှုသည့် ဆော့ဖ်ဝဲအားဖွင့်လိုက်သည်။

မမျော်လင့်ထားပဲ ကြည့်ရှုထားသည့် ဗွီဒီယိုစာရင်းတွင် ခွဲစိတ်မှု ဗွီဒီယိုများဖြင့်သာ ပြည့်နေသည်။

"…"
"အဲ့လိုအမူအရာလုပ်ပြမနေပါနဲ့ …ငါလည်း မင်းက ခွဲစိတ်မှုဗွီဒီယိုတွေအပြင်တခြားဟာတွေပါ ဒေါင်းလုတ်ဆွဲထားမယ်လို့မထင်ပါဘူး…"

"အို့…ပြဿနာက အဲ့ကိစ္စမဟုတ်ဘူးထင်တယ်"
ရှန့်ဖန်းယွိက အဓိပ္ပာယ်အပြည့်နှင့် ပြန်ပြောသည်။

"ငါက အဲ့လို ဟာတွေ မကြည့်ပါဘူးနော်…"
ကျန်းရွှိက သူ့မျက်နှာ ကို တစ်ဖက်သို့လှည့်လိုက်သည်။

"ဘယ်လိုဟာတွေကိုလဲ…"
ရှန့်ဖန်းယွိက သူ့နှုတ်ခမ်းထောင့်စွန်းကို တွန့်ပြကာ မေးသည်။

သူပြောသည်က တခြားသဘောသက်ရောက်သွားမှန်းသိလိုက်ရသောအခါ ကျန်းရွှိက
"…"

ရှန့်ဖန်းယွိက သူ့မျက်နှာအမူအရာအားစိုက်ကြည့်ပြီး ထပ်၍ စနောက်ပြန်သည်။
"မင်းကဂျပန်ကားနဲ့ ကိုရီးယားကားတွေကြိုက်လား…ဒါမှမဟုတ် ဥရောပနဲ့ အမေရိကန်ဇာတ်ကားတွေ ကြိုက်လား…ဒါမှမဟုတ် ပြည်တွင်းဇာတ်ကားတွေကြိုက်လား…"

ကျန်းရွှိက ခပ်လေးလေးပြန်ဖြေသည်။
"ငါ ဘာကားမှမကြိုက်ဘူး"

"ဒါဆိုငါတို့ဘာကားတွေကြည့်သင့်လဲ…"
ရှန့်ဖန်းယွိက အက်ပလီကေးရှင်းစတိုး ကိုနှိပ်ကာ ရုပ်ရှင်ကြည့်၍ရသည့် အက်ပလီကေးရှင်းများစွာကို ထောက်ပြပြီး ကျန်းရွှိကို ထပ်မေးသည်။
"မင်းတစ်ခုခုရွေးရမယ်နော် ဟုတ်ပြီလား…"

"မင်းက ရုပ်ရှင်တွေကိုပြောတာလား"
"ဟုတ်တယ်လေ တခြားဘာဖြစ်ရမှာလဲ…"

နှစ်ကြိမ်တိုင်တိုင် စနောက်ခံလိုက်ရသော ကျန်းရွှိသည် စိတ်တိုသွားသည်။အက်ပလီကေးရှင်းသို့တန်းနှိပ်ဝင်ကာ ဒေါင်းလုတ်ဆွဲလိုက်ပြီး ရှန့်ဖန်းယွိ၏ အကောင့်နှင့် ငွေပေးချေလိုက်သည်။ထို့နောက် သရဲကားဇာတ်လမ်းများထဲသို့ဝင်ကာ တစ်ကားရွေးချယ်လိုက်ပြီး နားကြပ်ကို ရှန့်ဖန်းယွိနားထဲသို့အတင်းထိုးထည့်လိုက်သည်။

"…အဲ့လောက်မလိုဘူးလေ…အဲ့လောက်ထိ လုပ်ဖို့မလိုဘူးလေလို့…" ရှန့်ဖန်းယွိက သူ့လက်ကို ထပ်ခါထပ်ခါ ယမ်းပြသည်။

သို့သော်လည်း ကျန်းရွှိက ရှန့်ဖန်းယွိအားနောင်တရဖို့ အခွင့်ရေးပင်မပေးပဲ သူ့အနားကို ကပ်၍ထိုင်စေပြီး လက်ကို တင်းကျပ်စွာဆွဲကိုင်ထားပြီး သူထထွက်ရန်ကြိုးစားသည်နှင့် တပြိုင်နက် သူ့ဘဝကို ဖျက်ဆီးတော့မည့်ပုံစံမျိုးနှင့် ကြည့်နေသည်။

ရှန့်ဖန်းယွိသည် နောက်ဆုံးတွင် သူ၏တက်ဘလက် အား စိတ်ပျက်စွာ ကြည့်လိုက်သည်။မမျှော်လင့်ပဲနှင့် သူခေါင်းငုံ့လိုက်သည်နှင့် သရဲမမျက်နှာအား တွေ့လိုက်ရသည်။သူ အလွန်ထိတ်လန့်သွားကာ သူ့မျက်နှာများပင် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး သူ့ရက်ဘတ်အား လက်ဖြင့်ဖိထားလေသည်။ တစ်ဖက်မှ ကျန်းရွှိက ခပ်တိုးတိုးရယ်နေသည်။ရှန့်ဖန်းယွိက မျက်ခုံးပင့်ကြည့်သည်။

"အဲ့သရဲက အစောကြီးပေါ်လာတာ မဟုတ်ဘူးလား.."
ရှန့်ဖန်းယွိက အားလျော့စွာပြောသည်။

ထို့နောက် ကျန်းရွှိ၏ အငြိုးက မပြီးပြတ်သေးကြောင်း သူသဘောပေါက်လိုက်သည်။

ဤသရဲကားဇာတ်လမ်းသည် အလယ်တန်းစာမေးပွဲနှင့်ပင်ဆက်နွယ်သကဲ့သို့ရှိသည်။စာမေးပွဲ အဆင့်သတ်မှတ်ချက်များသည် သေခြင်းတရား ကဲ့သို့ လူအများမကြုံချင်သည့်ဖြစ်စဉ်မျိုးအတွက် အဆုံးအဖြတ်ပေးနိုင်သည်။
ပထမ၊ဒုတိယ၊တတိယ စသဖြင့်တယောက်ပြီးတယောက် ဝမ်းနည်းစွာသေဆုံး သွားကြသည်။အရာရာတွင် ပထမနေရာအတွက်နှစ်ပေါင်းများစွာ အမြဲတမ်းကြိုးစားလာသော ရှန့်ဖန်းယွိ တယောက် ဖြူဖတ်ဖြူရော်ဖြစ်သွားပြန်တော့သည်။