Chapter 134
(ထူးဆန်းသောလူ)
ဝေ့ရွှယ်က စုမုန့်နှင့် ရှန့်ကျန်းတို့၏ ဆက်ဆံရေးကို ပိုပိုလိုလိုလေး ရှင်းပြခဲ့သည်။စုမုန့်သည် ထိုလူကြောင့် ဝေ့မိသားစုကို ဆန့်ကျင်ခဲ့ကြောင်းလည်း သူမက အလေးပေးပြောခဲ့သည်။ သေချာသည်က၊သူမ ပြောပြီးနောက်မှာ အဖေဝေ့သည် ရွံရှာဖွယ်မျက်နှာထားမျိုး ဖြစ်သွားလေ၏။
အဖေဝေ့က စုမုန့်ကို နားလည်မှု လွဲနေပြီဟု ထင်လိုက်သည်။သူမကို သူ အထင်မကြီးသင့်။စောစောက သူ အတွေးလွန်နေပုံရသည်။သူ သက်ပြင်းချလိုက်မိသည်။ အဘိုးဝေ့ကို စုမုန့်က ချော့ပေါင်းနေခြင်းဖြစ်နိုင်၏။ထို့ကြောင့် အဘိုးဝေ့သည် စုမုန့်၏ ဇာတိရုပ်ကို မြင်နိုင်စေရန် နည်းလမ်းရှာရလေမည်။ မဟုတ်လျှင် အဘိုးဝေ့က ဝေ့ထင်နှင့် စုမုန့်တို့ ကွာရှင်းဖို့ကိစ္စအား တားမှာသေချာသည်။
"သွားတော့... ရှောင်ရွှယ်၊ ဒါပေမယ့် အခု ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့...ဒါက ဝေ့မိသားစုရဲ့ မိသားစုအရှုပ်တော်ပုံဆိုတာ သမီး သိထားသင့်တယ်...တခြားသူတွေ သိသွားရင် ဝေ့မိသားစုကို ရယ်ကြလိမ့်မယ်”
ဝေ့ရွှယ် က သူ့ကို “စိတ်မပူပါနဲ့ အဖေ...သမီးက ဘာပြောရမယ်၊ မပြောသင့်ဘူးဆိုတာ သိပါတယ်… ဝေ့မိသားစုကို သမီး အရှက်မရစေရပါဘူး"
ထို့နောက်မှာတော့ အဖေဝေ့က စိတ်သက်သာရာရစွာ ပြုံးပြီး ချီးမွမ်းလိုက်သည်။
“သမီးက ထင်ထားတဲ့အတိုင်း အရမ်းတွေးတတ်တာပဲ… စုမုန့်ရဲ့ ပင်ကိုယ်စရိုက်က သမီးရဲ့ တစ်ဝက်လောက် ကောင်းနေတယ်ဆိုရင် အဖေတို့ သူမကို သိပ်စိတ်ဆိုးမှာ မဟုတ်ဘူး”
ဝေ့ရွှယ် သူ့အဖေကို ရှက်ကိုးရှက်ကန်းနှင့် နှစ်သိမ့်စကားဆိုလိုက်သည်။
"အဖေက သမီးကို ချီးကျူးတာ ဝမ်းသာပေမယ့် စုမုန့်က လူကောင်းတစ်ယောက်ပါ...သူမနဲ့ သူ့ဆရာနဲ့က တစ်ယောက်ကိုတစ်ယောက် အမြဲအားကိုးပြီးနေကြတာ... သူမကို ဆုံးမဖို့ မိဘတွေ မရှိတော့ သူမဒီလိုဖြစ်သွားမယ်ဆိုတာ နားလည်ပါတယ်... အဖေ၊ စုမုန့်ကို စိတ်မဆိုးပါနဲ့…သူ စကားပြောချင်စိတ်ရှိလာတဲ့အခါ စကားပြောကြည့်ပါဦးမယ်”
အဖေ့ဝေ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ဝေ့ရွှယ်သည် အဖေဝေ့၏ လက်မောင်းကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ပျော်ရွှင်စေခဲ့သည်။
“အဖေ၊ သမီးကို အရမ်းချစ်ကြတဲ့ မိဘတွေကို ပိုင်ဆိုင်ထားရတဲ့ သမီးလောက် ဘယ်သူမှ ကံမကောင်းဘူး သိလား…အဖေတို့ကြောင့်သာမဟုတ်ရင် သမီး ပျက်စီးသွားလိမ့်မယ်...ဟုတ်တယ််မလား"
ဝေ့ရွှယ်၏ စကားတို့က အလွန်ချိုမြိန်သဖြင့်၊ မျှော်လင့်ထားသည့်အတိုင်း အဖေဝေ့အားရယ်မောစေခဲ့သည်။သူက ဝေ့ရွှယ် ခေါင်းထိပ်ကိုပုတ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့်ပြောသည်။
"ငါတို့ ရှောင်ရွှယ်က ငယ်ငယ်ကတည်းက ကြင်နာတတ်တယ်…သမီး အမေနဲ့ အဖေက သမီးကို ဂရုမစိုက်ဘူးဆိုရင်တောင် သမီးက လူကောင်းလေးဖြစ်နေမှာပါ...သမီးက စိတ်ထားလေးကောင်းတော့ စုမုန့်ကို ကောင်းကြောင်းတွေ ပြောနေပေမယ့် သူမက အဲ့ဒါကို လုံးဝ သဘောမပေါက်ဘူး"
“ဘာပဲဖြစ်ဖြစ် စုမုန့်က ဝေ့မိသားစုကနေ မကြာခင်မှာ ထွက်ခွာတော့မယ်ဆိုပေမယ့် သူမလည်း ဝေ့မိသားစုဝင်ဖြစ်ခဲ့ဖူးတယ်လေ...သမီးတို့အားလုံးက မိသားစုမို့လို့ သမီး သူမကို ကောင်းကောင်းဆက်ဆံတာ မှန်တယ်”
ဖခင်ဝေသည် ဝေ့ရွှယ် စကားကို သဘောကျစွာ ကြည့်လိုက်ပြီး သမီးကောင်းတစ်ယောက်ကို မွေးထားသည်ဟု တွေးကာ စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။
ဝေ့ရွှယ်နှင့် အဖေဝေ့တို့ စကားပြောပြီးနောက် သူတို့ထိုင်ခုံတွေဆီကို မြန်မြန်ပြန်သွားကြသည်။ ထိုစဉ် စုမုန့်ကတော့ ဗီလာထဲက ထွက်လာပြီး ခြံဝင်းထဲမှာ ရှိနေသည်။သူမ လှည့်ပတ်ကြည့်သော်လည်း အဘိုးဝေ့ကို မတွေ့။အဘိုးဝေ့ မျက်နှာက အပြင်မထွက်ခင် မကောင်းနေ၍ သူမ စိတ်ပူနေမိသည်။သူမ နေရာအနှံ့လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်ပြီး ဗီလာနောက်ဘက်သို့ လျှောက်သွားလိုက်သည်။
ဝေ့မိသားစု၏ အိမ်ကြီးသည် အလွန်ကြီးသည်၊ ခြံက ပိုကျယ်သည်။ ကံကောင်းစွာဖြင့်၊ သူမ ဤနေရာကို ရင်းနှီးသောကြောင့်၊သူမ အတွက် မခက်ခဲပေ။နေရာအနည်းငယ် ရှာဖွေပြီးနောက်လည်း အဘိုးဝေ့ကို မတွေ့သေး။သူမ တစ်ခြားနေရာကို သွားကြည့်မည်ပြုစဉ် သူမဆီသို့ တစ်စုံတစ်ယောက် လျှောက်လာနေသည်ကို သိလိုက်၏။သူမ ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ထိုလူသည် သူမထွက်သွားတော့မည်ကို သတိပြုမိပုံရကာ သူမဆီသို့ အမြန် ပြေးလာသော်လည်း သူမက သူ့ကို မမြင်ချင်ယောင်ဆောင်ကာ အမြန် လျှောက်လိုက်သည်။သို့သော်၊ သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးသည့်အတွက် ခြေလှမ်းလိုက်လျှင် ဒဏ်ရာများကနာကျင်သွားကာ အမြန်လမ်းမလျှောက်နိုင်၍၊ ထိုလူက အမီလိုက်နိုင်သွားရ၏။
“မစ္စစုက ဒီမှာကိုး…အထဲမှာ မင်းကို ရှာမတွေ့လို့ လိုက်လာတာ"
ထိုလူက စုမုန့် ရှေ့မှာ ရပ်လိုက်ပြီးပြုံးပြသည်။
စုမုန့် သူဘယ်သူမှန်း မသိသော်လည်း၊လူမှုရေးအရ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “လေကောင်းလေသန့်ရှူဖို့ ထွက်လာတာပါ...ဘာဖြစ်လို့လဲ"
"ကိုယ် မင်းကိုပြောစရာရှိတယ်၊ ဒါပေမယ့် မင်း တစ်ခုခုကို ရှာနေတာထင်တယ်...ကိုယ်လည်း ကူရှာပေးမယ်လေ... ပြောကြည့်ပါလား"
ထိုလူသည် ရှေ့သို့ နောက်ထပ် နှစ်လှမ်း လှမ်းလာခဲ့သည်။ ထိုလူ၏စကားတို့က ယဉ်ကျေးသော်လည်း စုမုန့် နှင့် နီးကပ်လာသောအခါ သူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။သူတို့ ထိလုနီးပါး ဖြစ်ချိန်မှာပဲ ထိုလူက ခြေလှမ်းရပ်သွား၏။
ထို့နောက် သူက သူ့ကိုယ်သူ ထင်သော အလှဆုံးအပြုံးကို ပြုံးလိုက်သည်။ တစ်ကယ်တမ်း၊သူက ချောတာမှန်သော်လည်း၊သူ၏ အကြည့်တို့က ရီဝေမှုန်မိုင်းကာ နည်းနည်း မသတီစရာ ကောင်းနေ၏။
စုမုန့် သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်ပြီး နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ အဆင်ပြေပါတယ်...ဟိုဒီ လျှောက်ကြည့်တာပါ... ရှင် တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်မ အနားတော့မယ်… အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမ လှည့်ထွက်သွားသော်လည်း ထိုလူက သူမကိုတားရန် သူ့လက်ကို ဆန့်လိုက်သည်။
(ရင်းနှီးချင်သူ)
စုမုန့် မျက်မှောင်ကြုတ်ပြီး သူ့ကို အေးစက်စွာ မော့ကြည့်လိုက်သည်။
"လူကြီးမင်း... ဘာကိစ္စရှိလို့လဲ…တခြားဘာကိစ္စမှမရှိရင် ကျွန်မပြန်တော့မယ်"
ထိုလူက သူမကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေ၍ သူမအား အလွန်စိတ်မသက်မသာဖြစ်စေသည်။ သို့သော်လည်း သူမသည် ဒဏ်ရာရရှိထား၍ အမြန်လမ်းမလျှောက်နိုင်ခဲ့ပေ။ထိုသူသာ တစ်ကယ်တစ်ခုခုလုပ်မည်ဆိုလျှင် သူမကို အလွယ်တကူ လိုက်ဖမ်းနိုင်သည်။ထို့ကြောင့် သူမ ပြေးနေလည်း အသုံးမဝင်ပေ။ သူမသည် ထိုလူ၏ မကောင်းသော ရည်ရွယ်ချက်များကို ခံစားနိုင်သော်လည်း ဤသည်မှာ ဝေ့မိသားစုပိုင်နက်ဖြစ်သည်။သူ့မှာ နည်းနည်းလေး ဆင်ခြင်တုံတရားရှိလျှင် လှုပ်ရှားဝံ့မှာ မဟုတ်။
ထိုလူက ပြုံးပြီး သူမ ပုခုံးပေါ် လက်တင်ရန် လက်ဆွဲလိုက်သော်လည်း စုမုန့် ရှောင်ထွက်သွားလိုက်သည်။ထို့နောက် သူမ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ထိုလူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် သိကြတယ်မထင်ဘူး"
သူမ အမူအရာကိုမြင်လျှင် ထိုလူက ပြုံးပြီး “မစ္စစု စိတ်မပူပါနဲ့…ကိုယ်က လူဆိုးမဟုတ်ဘူး၊ မင်းကြောက်စရာမလိုဘူး…ကိုယ်က မင်းကို မကောင်းတာလုပ်ချင်လို့ ဒီကိုလာတာမဟုတ်ပါဘူး… ဒါပေမယ့် မင်းကိုပြောစရာရှိတယ်"
သူမ မျက်လုံးများ မှေးကျဉ်းသွားပြီး "လူဆိုးတွေက သူတို့ကိုယ်သူတို့ လူဆိုးလို့ ဘယ်တော့မှ မပြောဘူး"
ထိုလူ"…"
ထို့နောက် သူမကပင် ဆက်ပြောသည်။ “ကျွန်မက ရှင် ဘာကိစ္စနဲ့ လာတာလဲဆိုတာ အကြိမ်ကြိမ် မေးပြီးပြီ...ပြော...မပြောရင် ကျေးဇူးပြုပြီး လမ်းနည်းနည်းဖယ်ပေးပါ…ကျွန်မ သွားတော့မယ်"
စုမုန့် စိတ်မရှည် ဖြစ်နေသည်ကိုမြင်လျှင် ထိုသူက သူမအား နောက်မပြောင်ဖို့ ဆုံးဖြတ်လိုက်သည်။
"မစ္စစု ကျွန်တော့်ကိုယ်ကို မိတ်ဆက်ပါရစေ...ကျွန်တော့်နာမည် ရှောင်ချမ်ပါ...ပွဲအစကတည်းက မင်းကို ကိုယ် အာရုံစိုက်နေခဲ့တာ... မင်းကို ပထမဆုံးစတွေ့ချိန်ကတည်းက တခြားသူတွေနဲ့ မတူတဲ့ ခံစားချက်ကို ပေးခဲ့တယ်...ပွဲထဲမှာ မင်းဟာ အရမ်းတောက်ပနေတယ်လေ..မင်း ကိုယ်နဲ့ သူငယ်ချင်းလုပ်ချင်လားမသိဘူး"
"သူငယ်ချင်းလုပ်မယ် ဟုတ်လား"
သူမ ပြန်မေးလိုက်သည်ကိုရှောင်ချမ် ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။
“အခု မစ္စစုက နာမည်ကြီးတစ်ယောက်ပါ...ကိုယ် တစ်ယောက်တည်းမဟုတ်ပေမယ့် လူတော်တော်များများက မင်းနဲ့အဆင်ပြေချင်ကြတယ်… အထူးသဖြင့် မင်း ထက်ငယ်တဲ့ ဖုန်းရွှေပညာရှင်တွေ အများကြီးမရှိဘူးမလား...မင်းက အသက်ငယ်ငယ်လေးနဲ့ ဖုန်းရွှေပညာရှင် ဖြစ်နေတာဆိုတော့ အရမ်းထူးခြားတယ်လေ"
ရှောင်ချမ် ပြုံးပြကာ လူကြီးလူကောင်းတစ်ယောက်လို ပြုမူနေသော်လည်း စုမုန့် သူ့တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည် ငုံ့ကြည့်ကာပြောလိုက်၏။
"ရှင်က ရှောင်ချမ်လား...ရှောင်ရှောင်နဲ့ ရှင်က ဘာတော်သလဲ"
ရှောင်ချမ် စကားအများကြီးပြောသွားသော်လည်း စုမုန့်ကမူ သူ့နှင့် ရှောင်ရှောင်ကြားက ပတ်သတ်မှုကိုသာ အာရုံစိုက်လျက်ရှိသည်။ မွေးနေ့ပွဲမှ ဧည့်သည်တွေက နာမည်ကြီး မိသားစု ကြီးတွေချည်းပင်။ ရှောင်ချမ်၏ မျိုးရိုးအမည်မှာ ရှောင်ဖြစ်သောကြောင့် သူနှင့် ရှောင်ရှောင်တို့သည် မိသားစုတစ်စုတည်း ဖြစ်ပုံရသည်။
သူမ ရှောင်ချမ် မျက်နှာပေါက်ကို အနီးကပ်ကြည့်ရှုလိုက်ရာ၊ သူသည် ရှောင်ရှောင် နှင့် တူညီနေရသည်။
"အိုး ရှောင်ရှောင်က ကိုယ့်ညီမပါ...ကိုယ် မင်းကိုရှာဖို့ လာရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုလည်း ဟုတ်ပါတယ်…စိတ်မကောင်းပါဘူး… ညီမလေး ငယ်ငယ်ကတည်းက မိသားစုက အလိုလိုက်ထားတော့ သူ့စိတ်နေစိတ်ထားအတိုင်း မဆင်ခြင်ဘဲ လုပ်တတ်တယ်… ဒီနေ့ သူမက မင်းကို စော်ကားခဲ့တဲ့အတွက် သူမကိုယ်စား တောင်းပန်ပါတယ်"
ထို့နောက် သူက စုမုန့်ကို သေသေချာချာကြည့်ကာ ဆက်ပြောသည်။
"မစ္စစု၊ မင်းနေမကောင်းဘူးလား... ဆေးရုံပို့ ပေးရမလား...မင်းကြည့်ရတာ အရမ်းအားနည်းနေသလိုပဲ"
"ဒါဆို ရှင်က ရှောင်ရှောင်ရဲ့ အစ်ကိုလား…ရှင်တို့နှစ်ယောက် အရမ်းတူနေတာ မဆန်းပါဘူး...ကဲ ရှင့်ရဲ့တောင်းပန်မှုကို ကျွန်မလက်ခံတယ်…ရှင့်မှာ တခြားဘာကိစ္စမှ မရှိဘူး ဆိုရင် ကျွန်မ သွားတော့မယ်...ကျွန်မမှာ လုပ်စရာတွေ ကျန်နေသေးလို့ ရှင်နဲ့ စကားမပြောနိုင်တော့ဘူး"
စုမုန့် ရှောင်ချမ်ကို ခေါင်းညိတ်ပြပြီး ထွက်သွားမည်ပြုလိုက်သည်။သို့သော် ရှောင်ချမ် သည် သူမကို လက်ဖြင့်တားထား၍ လမ်းပိတ်ပြန်သည်။စုမုန့် ခြေလှမ်းရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရှောင်ချမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
"မစ္စတာရှောင်…ကျွန်မ သွားမယ့်လမ်းကို ထပ်ခါထပ်ခါ ပိတ်နေတာ ယဉ်ကျေးတဲ့ လုပ်ရပ်မဟုတ်ဘူး…ရှင်က ကျွန်မနဲ့ သူငယ်ချင်းဖြစ်ချင်တယ်ဆိုပြီး... ဒါရှင့် ရိုးသားမှုဟုတ်ရဲ့လား"
သူမ၏ အသံသည် အေးစက်လာပြီး စိတ်မရှည်တော့ပေ။
ရှောင်ချမ် က အမြန်ရှင်းပြရှာ၏။
"မစ္စစု၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့…တခြားဘာမှ မဆိုလိုပါဘူး… အမှန်တော့ ကိုယ့်ကုမ္ပဏီက ဖုန်းရွှေ လုပ်ချင်လို့ ဖုန်းရွှေပညာရှင်ကို ရှာနေတာ...ဒါပေမယ့် အချိန်အကြာကြီး ရှာ နေတာတောင် ဘယ်သူ့ကို အားကိုးလို့အားကိုးရမှန်းမသိသေးဘူး…မစ္စစုကအရမ်းအံ့သြစရာကောင်းတဲ့ ဖုန်းရွှေပညာရှင်ဆိုတာ အခုမှ သိလိုက်ရတော့ မင်းကိုခေါ်ချင်တာပါ"
စုမုန့်က သူ့ကို ငြင်းမှာကြောက်၍ ရှောင်ချမ် ဆက်ပြောသည်။ "ငွေအတွက် စိတ်မပူပါနဲ့ မစ္စစု… ပေါက်ဈေးထက် ပိုပေးပါ့မယ်”
ရှောင်ချမ်က စုမုန့်ကို ပြုံးပြုံးလေး ကြည့်နေသည်။သူ မထွက်လာခင် စုမုန့် ပိုက်ဆံကြိုက်သည်ဟု ဝေ့ရွှယ်ဆီက သိရသည်။
စုမုန့်သည် မိသားစုမှ သခင်မလေးဖြစ်သောကြောင့် ဘာကြောင့် ငွေရှားပါးနေရမှန်း သူနားမလည်သော်လည်း သူ့အတွက် ကောင်းသွားသည်။ သူမနှင့်နီးဖို့အတွက် သူပိုက်ဆံသုံးနိုင်သည်ဟုဆိုခြင်းပင်။
xxxxxx