အပိုင်း ၁၃၅
Viewers 15k

Chapter 135

(ဝေ့ရွှယ် ပြသနာရှာပြန်သည်)


စုမုန့်က တုံ့ပြန်မှုသိပ်မရှိပါဘဲ ရှောင်ချမ်ကိုကြည့်ကာ "ဈေးကွက်ပေါက်ဈေးထက် ပိုပေးမယ် ဟုတ်လား" 


ရှောင်ချမ် ခေါင်းညိတ်ပြီး 'ဝေ့ရွှယ် ပြောတာမှန်တယ်' ဟုတွေးလိုက်မိသည်။ စုမုန့်က ငွေကြေးအပေါ်မှာ အာရုံစိုက်နေသူပင်။ သူ့အတွက်၊သူလိုချင်သည့် ဘယ်မိန်းမမ‌ဆို ငွေဖြင့်ဖြေရှင်းနိုင်၍ လွယ်ကူသည်။ သို့သော် စုမုန့် သည် အေးစက်ပြီး မာနကြီးသော မိန်းကလေးဟု အစတွင် ထင်ထားခဲ့သောကြောင့် သူမကို အလွန်စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်သည်။သို့သော် ယခု သူမစကားကြောင့် သူ အနည်းငယ် စိတ်ပျက်သွားမိသည်။ စုမုန့်ကိုလည်း စိတ်ဝင်စားမှု နည်းနည်းလျော့သွားရသည်။


စုမုန့် သည် ခေါင်းငုံ့ကာ ခဏစဉ်းစားပြီးမှ ရှောင်ချမ် ကို မော့ကြည့်လိုက်ကာ ပြုံးပြီးပြောလိုက်၏။


 "ကောင်းပြီ၊ မစ္စတာရှောင်က ကျွန်မနဲ့ ရိုရိုးသားသား အလုပ်တွဲလုပ်ချင်တယ် ဆိုတော့ ရက်ချိန်းယူဖို့ ဒီနံပါတ်ကို ဖုန်းဆက်လို့ရတယ်…ကျွန်မ  ကူညီနိုင်တယ်...သူငယ်ချင်း ဖြစ်ချင်တယ် ဆိုတဲ့အနေနဲ့ကတော့ ကျွန်မက ကိုယ့်ဖောက်သည်တွေကို သူငယ်ချင်းလို ဆက်ဆံတယ်…ဒါပေမယ့် တစ်ခုရှိတာက သူငယ်ချင်းဆိုတာ သူငယ်ချင်းပဲ၊ ဒါပေမယ့် စီးပွားရေးကိစ္စဆိုရင် သူငယ်ချင်းဆိုတဲ့ အကန့်မထာားဘူး" 


စုမုန့် သည် အိတ်ကပ်ထဲမှ လိပ်စာကတ်ကို ထုတ်ယူပြီး ရှောင်ချမ် အား ပေးလိုက်သည်။သူမသည် မကြာသေးခင်ကမှ ဆေးရုံတက်ခဲ့ရသော်လည်း၊ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် လိပ်စာကတ်ကို အမြဲဆောင်ထားဆဲပင်။


 ငွေရှာဖို့ အခွင့်အလမ်းရလေ၊ပိုကောင်းလေပဲလေ... အမြန်မလိုသော ဖောက်သည်များဆိုပါက၊ အချိန်ကို နောက်ဆုတ်ကာ စီစဉ်ပေးသည်။သူမ နေပြန်ကောင်းလာပြီး ဆေးရုံကဆင်းပြီးသည်နှင့်၊ ချက်ချင်း အလုပ်ပြန်ဝင်ရမည်ဖြစ်သည်။


ရှောင်ချမ်က လိပ်စာကတ်ကိုယူကာ ငုံ့ကြည့်လိုက်သည်။  'စန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်' ဟူသော စာလုံးနှင့်အတူ ကတ်တွင် ကြိုးဖုန်းနံပါတ်တစ်ခုသာရှိပြီး အခြားဘာမျှမရှိပေ။သူ တစ်ချက်အံ့ဩရ၏။


 "မစ္စစု၊ ဒါလေးပဲ ကိုယ့်ကို ပေးမှာလား"


စုမုန့် ခေါင်းညိတ်လိုက်သည်။  "တစ်ခြားဘာများရှိရဦးမှာလဲ..ကိစ္စရှိရင်  စိတ်မပူပါနဲ့...ဒီနံပါတ်ကို ခေါ်လိုက်ပါ... ဆွေးနွေးတာရော၊အလုပ်ကိစ္စကိုရော ပြီးပြည့်စုံရစေမယ်လို့  အာမခံပေးပါတယ်…  စကားမစပ်၊ လောလောဆယ်တော့ အလုပ်အပ်လို့ မရသေးဘူး..ကျွန်မတို့ ရှေးဟောင်းပစ္စည်းဆိုင်မှာ ကိစ္စတစ်ခုဖြစ်သွားလို့ အခုက ပြန်ပြုပြင်နေတုန်းမို့ပါ…အလုပ်က အလျင်လိုမနေဘူးဆိုရင် ရက်နည်းနည်းကြာမှဖုန်းဆက်ရင် ပိုကောင်းပါတယ်"


စုမုန့်သည် လက်ပေါ်တွင်၊ မရှိသော ဖုန်မှုန့်များကို ပွတ်သပ်ခါချပြီး “ကောင်းပြီ၊ ကျွန်မ ရှင့်ကို ဆက်သွယ်ဖို့ အချက်အလက်တွေ ပေးခဲ့ပြီးပြီ၊ ရှင့်ရဲ့ တောင်းပန်စကားကိုလည်း ကျွန်မ လက်ခံတယ်ဆိုတော့  အားလုံးအဆင်ပြေပြီ မဟုတ်လား…ကျွန်မ အခု တစ်ကယ်သွားပြီ"


သူမ ရှောင်ချမ်ကို လက်ပိုက်ထားလျက် ခပ်တည်တည်ပြောလိုက်သည်။


 တစ်ချိန်တည်းမှာပင် ဗီလာ၏ ခန်းမထဲတွင်။


ဝေ့ရွှယ်သည် ရှောင်ချမ်က စုမုန့်နောက်သို့ လိုက်သွားသည်ကို မြင်လိုက်ရသည်။ သူမ အပြင်ထွက်ကြည့်ချင်သော်လည်း ဘာအကြောင်းပြချက် သုံးရမှန်းမသိ။သူမပတ်ဝန်းကျင်က ဧည့်သည်တွေအားလုံးက သူမကို သိနေတာကြောင့် ရုတ်တရက် မေးလိုက်မည်ဆိုလျှင် သူမ ရှင်းပြနိုင်တော့မှာ မဟုတ်ပေ။ခဏ စဉ်းစားပြီးနောက် သူမသည် အဝေးမှာ အကင်စားနေသော ရှောင်ရှောင်ကို ကြည့်လိုက်သည်။


 "မေမေ၊ ရှောင်ရှောင်ကို သမီး ပစ္စည်းတစ်ခုပေးဖို့ မေ့သွားတယ်…သမီး အခု သွားပေးလိုက်မယ်"  သူမ အမေဝေ့ကို တိုးတိုးပြောလိုက်သည်။


ဝေ့ရွှယ်က ရှောင်ရှောင်အကြောင်းကို ပြောလာသောအခါ အမေဝေ့ မျက်နှာမှာ ချက်ချင်း ရွံရှာသည့်အမူအရာမျိုး ဖြစ်သွားသည်။သူမက မျက်မှောင်ကြုတ်ကာ “ဒါဆို မြန်မြန်သွား...ပြီးတာနဲ့ တန်းပြန်လာခဲ့.…အဲဒီကောင်မလေးက အရမ်းမိုက်ရိုင်းတယ်...နင် သူမနဲ့ မတွဲတာ ပိုကောင်းတယ်"


 “သိပါတယ် အမေရဲ့…စိတ်မပူပါနဲ့”


ဝေ့ရွှယ် ချိုသာစွာ သဘောတူလိုက်ကာ အမေဝေ့ကို နှုတ်ဆက်ပြီးနောက် ရှောင်ရှောင်ဆီသို့ တိတ်တဆိတ် လျှောက်လာခဲ့သည်။


 ပွဲရှိလူတိုင်းနီးပါး အချင်းချင်း ကြည်နူးစရာတွေပြောဆိုနေကြသော်လည်း၊ ရှောင်မိသားစုကို ဘယ်သူမှ စကားမပြောကြချေ။ရှောင်ရှောင်သည် အခုလေးတင် အဘိုးဝေ့ ကို စော်ကား မော်ကားပြောထားတာကြောင့်မို့ ဘယ်သူမှ သူတို့မိသားနှင့် သိပ်နီးကပ်မနေရဲကြချေ။သို့သော်၊ ဤအရာသည် ဝေ့ရွှယ် အတွက် အဆင်ပြေသွားသည်။


ဝေ့ရွှယ် သည် ရှောင်ရှောင် နံဘေးသို့ တိတ်တဆိတ် လျှောက်လာပြီး ထိုင်လိုက်သည်။ ရှောင်ရှောင် က စိတ်ရှုပ်ထွေးစွာနှင့် သူမကိုကြည့်ကာ "ဘာဖြစ်နေတာလဲ ရှောင်ရွှယ်"


 "ငါ နင့်ကို ပေးစရာရှိတယ်...ဒါပေမယ့် ငါ ခုနက မေ့သွားလို့…နင် အခုချက်ချင်းလိုက်ယူချင်လား"  ဝေ့ရွှယ် ပြောရင်း ရှောင်ရှောင် လက်ကို လှမ်းဆွဲလိုက်သည်။


 သို့သော် ရှောင်ရှောင် က မလှုပ်မယှက်နေရာတွင်ထိုင်ပြီး အကင်တစ်ပိုင်းကို ပါးစပ်ထဲသို့ တခြားလက်ဖြင့်ထည့်ကာ 


“ရှောင်ရှောင်... နင်က ငါ့ကိုလက်ဆောင်ပေးမယ် ဟုတ်လား... ဒါပေမယ့် ငါထမင်းစားပြီးတဲ့အထိ နင် ခဏစောင့်နိုင်မလား… ဒီမနက်က ငါ ဘာမှမစားရသေးလို့ အရမ်းဗိုက်ဆာနေတာ"


ရှောင်ရှောင် ၏မျက်လုံးထဲတွင် အစားအသောက်သာရှိနေသည်ကို မြင်လိုက်ရသဖြင့် ဝေ့ရွှယ် စိတ်အချဉ်ပေါက်သွားသည်။သူမ စိတ်ထဲကတော့ ဘာကိုမှအာရုံမစိုက်နိုင်လောက်အောင် အစားမက်နေသော ရှောင်ရှောင်အား ဆဲနေမိသော်လည်း အပြင်ပန်းကမူ ဟန်ဆောင်ထားသည်။ထို့နောက် သူမက နူးညံ့ကြင်နာစွာ ပြုံးပြပြီး “နေပါဦးဟယ်...နင်ပဲ ဝိတ်ချမယ်ဆို… လျှော့စားလည်း အဆင်ပြေတယ်မလား...သွားကြစို့…မဟုတ်ရင် ငါတို့နောက်ကျလိမ့်မယ်"


 "ဘာပဲဖြစ်ဖြစ် ငါပြောနေတာက နင့်ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲနော်...နင် ငါနဲ့ မလိုက်ဘူး ဆိုရင် လက်ဆောင်ကို ငါပဲယူလိုက်တော့မယ်...လက်ဆောင်က ပြင်သစ်နာမည်ကြီးဒီဇိုင်နာတစ်ဦးက ဒီဇိုင်းထုတ်ထားတဲ့ Limited Edition လည်ဆွဲ… ငါတောင် သူများကို ဝယ်ပေးပါလို့ မရမက ပြောထားရတာ...နင်  မလိုချင်ရင်လည်း နေတော့"


ဝေ့ရွှယ်က စကားဆုံးသောအခါတွင် အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။


(အကြံအောင်ဖို့ သိမ်းသွင်းရသည်)


စျေးကြီးသောပစ္စည်းဖြစ်ကြောင်း ကြားလိုက်သောအခါ ရှောင်ရှောင် မျက်လုံးများ တောက်ပလာသည်။ သူမ ခက်ရင်းကို ချလိုက်ပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။ထို့နောက် ဝေ့ရွှယ် လက်ကိုဆွဲကာ အပြင်သို့လမ်းလျှောက်ရင်း


“ကောင်းပြီ၊ ငါမစားတော့ဘူး...ငါသာ အရမ်းမစားရင် အဆီကျသွားမယ်ထင်တယ်... ရှောင်ရွှယ် နင် ငါ့ကိုသတိပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်တယ်…မဟုတ်ရင် ငါ ဝိတ်မချဖြစ်ပဲ နေမှာ... ဘယ်မှာလဲ… ငါ့ကို လိုက်ပြ"


ရှောင်ရှောင် ရုတ်တရက် စိတ်အားထက်သန်လာသည်ကို မြင်လိုက်ရတော့ ဝေ့ရွှယ် စိတ်ထဲတွင် ရယ်မောလိုက်သည်။ကမ္ဘာကြီးကို မမြင်ဖူးသေးသည့် မိသားစုငယ်လေးတစ်စု၏ သမီးငယ်လေးက မျှော်လင့်ထားသလိုပင်။ အဖိုးတန်ပစ္စည်း တစ်ခုခုရှိသည်ဟု ကြားတာနှင့်ပင် သူမ စိတ်ဓာတ် တက်ကြွလာသည်။ စောစောကေလေးတင် ထပ်စားဦးမယ်လို့ ပြောနေတာမလား... ကြောင်သူတော်.မ..


 "ငါ့နောက်လိုက်ခဲ့၊ ငါ့အခန်းထဲမှာရှိနေတယ်"  


အချိန်မဖြုန်းမိစေရန်အတွက် ဝေ့ရွှယ် ဤကိစ္စကို မငြင်းခုံဘဲ ရှောင်ရှောင်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်သည်။ထို့နောက် သူမ အခန်းထဲသို့သွားကာ တံခါးဖွင့်လိုက်သည်။ သူမ ပထမဆုံးလုပ်ခဲ့သည်က ရှောင်ရှောင် အတွက် လည်ဆွဲယူဖို့မဟုတ်ဘဲ ပြတင်းပေါက်တစ်ခုဆီ လမ်းလျှောက်သွားပြီး အပြင်ကို တစ်ချက်အရင်ကြည့်လိုက်သည်ပင်။


 ဤသည်မှာ ဝေ့ရွှယ် ၏အခန်းကို ရှောင်ရှောင် ပထမဆုံးအကြိမ်‌ ရောက်ဖူးခြင်းးဖြစ်သည်။အခန်းထဲတွင် ဇိမ်ခံဈေးကြီးပစ္စည်းများဖြင့် ၊အလှဆင်ထားသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်အံ့သြသွားမိသည်။ဝေ့ရွှယ်၏အခန်းတွင် တန်ဖိုးကြီးသော လက်ဝတ်ရတနာများနှင့် မိတ်ကပ်ဘူးများ တင်မက၊အိပ်ယာခင်းပေါ်ရှိ ပုလဲဆိုင်းကြိုး၊ အလှဆင်ကြိုးများကိုလည်း တစ်ကယ့် ကျောက်မျက်ခရစ်စတယ်များဖြင့် ပြုလုပ်ထားသည်။အလှဆင်ထားသည့် ရတနာအားလုံးသည် သေးငယ်သော်လည်း များပြားပြီး အနည်းဆုံး ယွမ်သန်းဆယ်ဂဏန်းတန်ကြေးရှိ၏။


ဝေ့ရွှယ်သည် မင်းသမီးလေးလို ဘဝမျိုးတွင် အမြဲနေထိုင်ခဲ့သည်။ဝေ့မိသားစု၏ သခင်မလေးမှာ မျှော်လင့်ထားသည့်အတိုင်း ခမ်းနားလှ၏။သူမ၏ နေထိုင်မှုအဆင့်အတန်းသည် ဝေ့ရွှယ်နှင့်နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံနှင့် မြေကြီးတမျှ ကွာခြားလှသည်။


ရှောင်ရှောင် ဝေ့ရွှယ်ကို မနာလိုဖြစ်မိသည်။သူမ၏ မိသားစုနောက်ခံသည် သာမန်လူများနှင့် ယှဉ်လျှင် မဆိုးပေ၊ သို့သော် ဝေ့ရွှယ်နှင့်ယှဉ်ပါက၊ ဝေးလွန်းလှသည်။အနည်းဆုံးတော့ သူမ၏ မိဘများက သူမကို အိပ်ခန်းအလှဆင်ဖို့ စျေးကြီးပစ္စည်းတွေ ဝယ်ခွင့်မပေးထားပေ။ သူမသည် ဝေ့ရွှယ်၏အိပ်ခန်းကိုသာ သဘောကျနေပြီး လည်ဆွဲကိစ္စအား ခဏတာပင် စိတ်ထဲမေ့သွားရ၏။ ဝေ့ရွှယ်က သတိပေးသည့်အချိန်မှပင် သူမလည်း မှတ်မိသွားသည်။ 


ဝေ့ရွှယ် သည် ပြတင်းပေါက်နားမှာထိုင်ရင်း၊ သေတ္တာထဲက ပစ္စည်းကို ရှာဖို့ပြင်လိုက်သည်။အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် သူမက ရုတ်တရက် အံ့အားသင့်သွားဟန်ဖြင့် "အိုး၊ အဲဒါ ငယောင်းမနဲ့ နင့်အစ်ကို မဟုတ်ဘူးလား… ဘာလို့ သူတို့က အတူတူရှိနေကြတာလဲ"


 "ဘယ်သူလဲ"  လက်ဝတ်ရတနာတွေကို ကြည့်ရင်း အလုပ်ရှုပ်နေသည့် ရှောင်ရှောင်တစ်ယောက် ဝေ့ရွှယ် စကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ သူမ ထပ်မေးပြီး ဝေ့ရွှယ်ရှိရာသို့ လျှောက်သွားသည်။


 “နင့်အစ်ကိုနဲ့ ငါ့ယောင်းမတို့က အရမ်းရင်းနှီးနေပုံရတယ်…ဘာတွေဖြစ်နေတာလဲ"


ရှောင်ရှောင် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ဝေ့ရွှယ် ပြနေသည့် နေရာကို ကြည့်လိုက်သည်။အောက်ထပ် ခန်းမနှင့်သိပ်မဝေးသည့် ခြံဝင်းတစ်နေရာမှာ စုမုန့်နှင့် ရှောင်ချမ်တို့ အလွန်နီးကပ်စွာရပ်ပြီး တစ်စုံတစ်ခုကို ပြောနေကြတာပင်။ ရှောင်ချမ် အပြုံးကိုပင် မြင်လိုက်ရတာကြောင့် နှစ်ယောက်သား စကား ကောင်းကောင်းပြောနေပုံရ၏။


 "သူမက ငါ့တတိယအစ်ကိုနဲ့ ဘယ်တုန်းက ဒီလောက်ရင်းနှီးလာတာလဲ"  ရှောင်ရှောင် မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။


ဝေ့ရွှယ် တိတ်တဆိတ် ပြုံးလိုက်ပြီးမှ တစ်ဖန်မျက်နှာထားကို ပြန်တည်ကာ "ကြည့်စမ်း၊ ငါပြောတယ်မလား...ငါ့ယောင်းမက ဆိုးပါတယ်လို့...သူမ အိမ်မှာလည်း ယောက်ျားတစ်ယောက်ရှိနေပြီ၊ ခုလည်း နင့်အစ်ကိုနဲ့ တစ်ခုခုဖ့စ်နေပြီ"


ဝေ့ရွှယ် စကားကိုရုတ်တရက် ရပ်လိုက်ပြီး ရှောင်ရှောင်အား လှည့်ကြည့်လိုက်သည်။ " ရှောင်ရှောင်.... တောင်းပန်ပါတယ်…ငါ တခြားဘာမှ မဆိုလိုပါဘူး...နင့်အစ်ကိုက ဒီလိုလူမဟုတ်ဘူးဆိုတာ ငါသိတယ်…ငါ…”


 "ရှောင်ရွှယ်.. နင် တောင်းပန်စရာ မလိုဘူး… ငါ့အစ်ကိုက ဒီလိုလူပဲ…ငါတို့က နှစ်အတော်ကြာအောင် သူငယ်ချင်းဖြစ်လာခဲ့တာပါ... နင် သူ့အကြောင်းကို သိတယ်မလား"  ထို့နောက် ရှောင်ရှောင်က စုမုန့် ကို အထင်အမြင်သေးစွာ ကြည့်ပြီး " ငါ့အစ်ကိုက ငါ့မိဘတွေကို ဘယ်တုန်းကမှ ကောင်းမပေးခဲ့ဘူးဆိုတာ နင်သိပါတယ်...ဘာလို့လဲဆိုတော့ သူက တစ်နေကုန်လုံး မိန်းမတွေနဲ့ ပရောပရီလုပ်နေလို့ပဲ"


 “သူ အပျိုမိန်းကလေးတွေနဲ့သာ တွဲရင် မပြောလိုပါဘူး...


ငါ့မိဘတွေက သူ့ကို သိပ်ပြီး မထီမဲ့မြင်ပြုမှာမဟုတ်ဘူး…  ဒါပေမယ့် သူက အပျိုတွေနဲ့တင် စိတ်မကျေမနပ်ဘူး...အိမ်ထောင်ရှင်မိန်းမတွေကိုပါ လွတ်မပေးဘူး…တစ်ခါက အဖေ သူ့ကိုဒေါသအရမ်းထွက်ပြီး ဆေးရုံတက်လိုက်ရပေမယ့်လည်း နောက်ဆုံးမှာတော့ သူ ဘာမှမပြောင်းလဲခဲ့ဘူး… အဲဒီအချိန်ကစပြီး ငါ့မိဘတွေက သူ့ကိုလှည့်မကြည့်တော့ဘူး…ငါတို့ မိသားစုမှာ ကလေး လေးယောက်ထဲက သူ့ကိုပဲ ငါ့မိဘတွေကို စွန့် လွှတ်လိုက်တာ”


ရှောင်ရှောင် သည် စုမုန့်ကို ခဏလောက် စိုက်ကြည့်ကာ ဆက်ပြောသည်။


"အင်းလေ...နင့်လို နူးညံ့ ကြင်နာတတ်တဲ့ လူတစ်ယောက်ကတောင် နင့်ယောင်းမကို မကြိုက်တာ အံ့သြစရာ မရှိပါဘူး...သူမက အကျင့်ပျက်ပြားနေတာပဲ…သူမနဲ့ ငါ့အစ်ကိုကြားမှာ တစ်ခုခုတော့ရှိရမယ်...အဲ့ဒါ​ကြောင့်​ သူတို့ စကားပြောနေကြတာဟဲ့"


ဝေ့ရွှယ် သည် ထိုစကားကိုကြားသောအခါတွင် သူမစိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်စွာ ရယ်မောနေသော်လည်း မျက်နှာကမူ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူမက ရှောင်ရှောင် လက်ကို စိတ်အားထက်သန်စွာဆွဲကိုင်လိုက်ပြီး "ငါတို့ဘာလုပ်မလဲ ရှောင်ရှောင်… အစ်ကို့နောက်ကွယ်မှာ ယောင်းမက တစ်‌ခြား ယောက်ျားတစ်ယောက်နဲ့ ရောနေတာကိုသာ အစ်ကိုသိရင် ကွာရှင်းပြတ်စဲဖို့ သေချာနေပြီး ညှိနှိုင်းမနေလောက်တော့ဘူး…တစ်ကယ်လို့ နောက်တစ်ခါ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာတင်လိုက်ရင်၊ ငါ့အစ်ကိုက ငါ့ယောင်းမကို တစ်ကယ်မုန်းသွားလိမ့်မယ်"


သူမသည် ရှောင်ရှောင် အား အရိပ်အမြွက်ပေးထားပြီးဖြစ်သော်လည်း ကံမကောင်းစွာပင် ရှောင်ရှောင် ဘာမှမပြောဘဲ သူမကပင် ပြန်ဆရာလုပ်နေသေးတော့သည်။


"အဲဒါ မကောင်းဘူးလား… ဘာပဲဖြစ်ဖြစ် နင့်ယောင်းမက နင့်ကို ကောင်းကောင်းမဆက်ဆံဘူးဆို..ဒီအကြောင်းကို လူတွေသိရင် သူမကို နင့်အစ်ကိုက ကွာရှင်းလိမ့်မယ်မလား…ပြီးတော့ နင့်ကို ကောင်းကောင်းဆက်ဆံတဲ့ ယောင်းမတစ်ယောက်လောက် နင့်အစ်ကိုကို ထပ်ရှာပေးလိုက်ပေါ့"



xxxxxx