အပိုင်း ၁၃၆
Viewers 15k

Chapter 136

( ငါ့ကို လှည့်စားမယ့်သူ လာပြီ)


ရှောင်ရှောင်က ဘာမှတုံ့ပြန်သဖြင့် ဝေ့ရွှယ် ဒေါသထွက်လာကာ မူးဝေလုနီးပါး ဖြစ်သွားရ၏။ သူမလို တုံးတဲ့ ငတုံးမျိုးကို ဘယ်ကရှာလာမိတာလဲ... နောက်ဆို လူရွေးချယ်ရာတွင် သူမ အလွန်သတိထားရမည့်ပုံပေါက်သည်။အလွန်တုံးပြီး နားမလည်တတ်သူများကို သူမ မရွေးချယ်သင့်ပေ။လောလောဆယ်  သူမတွင် ရွေးချယ်စရာမရှိ။ သူမ၏ ကိုယ်ပိုင်အစီအစဉ်အတွက် စကားကို ပိုမိုရှင်းလင်းစွာ နားလည်သွားအောင်သာ လုပ်ဆောင်ရမည်ဖြစ်သည်။သူမ သက်ပြင်းချလိုက်ပြီး သနားဟန်ဆောင်သည်။ 


 "နင်က ငါ့အစ်ကို့ကို မကြိုက်ဘူးလား…တကယ်တော့ နင်ကလွဲရင် ငါ့အစ်ကိုကို မျက်စိကျတဲ့ မိန်းကလေးတွေ အများကြီးပဲနော်…သူတို့က အစ်ကို့ကို သဘောကျလွန်းလို့ အမေ့ကို စိတ်ကျေနပ်အောင် လုပ်ပေးကြသေးတာ"


 "ငါ့အစ်ကိုနဲ့ ငါက ဝေ့မိသားစုမှာ မောင်နှမတွေဆိုတာ နင်သိတယ်မလား...ငါ့အစ်ကိုက ငါ့အမေရဲ့တစ်ဉီးတည်းသောသားမို့ သူ့ကို အရမ်း ချစ်တယ်...တကယ်တော့ ငါ့အမေက စုမုန့်ကို အစ်ကိုနဲ့ ကွာရှင်းစေချင်နေတာကြာပြီ၊ ဒါပေမယ့် စုမုန့်က မကွာချင်တာနဲ့ အခုလိုနောက်ကျနေတာ... အမေက ခုဆို အကြောင်းပြချက်ကောင်းမျိုး လိုချင်နေတာလေ... စုမုန့်နဲ့ အမြန်ကွာရှင်းရဖို့"


 “တစ်ယောက်ယောက်ကများ စုမုန့်က တခြားယောက်ျားနဲ့ ရင်းနှီးနေတဲ့ပုံကို ရိုက်ပြီး အမေ့ကို ပေးလိုက်ရင် သေချာပြီ...သူတို့ကွာရှင်းဖို့ ဆင်ခြေအကြီးစား ရပြီ.. အဲဒီအခါ သူမကို ကူညီခဲ့တဲ့သူကို သူမ အရမ်းအထင်ကြီးသွားမှာ သေချာတယ်... ပြီးရင် သူမကို ကူညီပေးတဲ့သူကို သေချာပေါက် အခွင့်အရေးတစ်ခုတော့ ပေးလိမ့်မယ်"


ဝေ့ရွှယ် ပြောပြီး သက်ပြင်းချလိုက်သည်။  "ဟင်း...ငါ စောစောက နင့်ကို လာခေါ်တုန်းက ရှေ့မှာကောင်မလေးနှစ်ယောက် အပြင်ထွက်ရင်း ပြောနေကြတာ...အဲဒါ သူတို့လည်း တွေးနေတာလို့ ထင်တယ်…သက်သေဓါတ်ပုံရိုက်ဖို့ သွားကြတာထင်တယ်”


ဝေ့ရွှယ်က သူမကို အလေးအနက်ထားသလို ပြောလိုက်တာကြောင့် ရှောင်ရှောင် သဘောနည်းနည်းပေါက်လာသလိုရှိသည်။သူမလည်း အမေဝေ့ဆီမှ မျက်နှာသာရအောင်လုပ်ပြီး ဝေ့ထင်နှင့် လက်ထပ်ဖို့ ကြိုးစားရမည်ဖြစ်သည်။

သူမလည်း ဝေ့ရွှယ် သတိပေးပြီးနောက်မှ ချက်ချင်း အကြံတစ်ခုရခဲ့သည်။ သူမ တိတ်တိတ်လေး စုမုန့်တို့ကို ဓာတ်ပုံရိုက်ပြီး အမေ့ဝေကို သွားပြလျှင်ရနိုင်သည်။


 သို့သော်လည်း သူမ ဝေ့ရွှယ်ကို ခဏစဉ်းစားပြီး ပြောလိုက်သည်။ "ရှောင်ရွှယ်…နင့်ရဲ့အကူအညီလိုတစ်ခု ငါ လိုတယ်" 


 “ပြောလေ” ဝေ့ရွှယ်က ပြောသည်။


ရှောင်ရှောင်သည် သူမကိုယ်တိုင် ဓာတ်ပုံရိုက်မည့်အကြောင်းကို ဝေ့ရွှယ်အား ပေးမသိလိုပေ။အကြောင်းမှာ ဝေ့ရွှယ် သည် အမြဲတမ်းကြင်နာတတ်သူ ဖြစ်၍၊ အကွက်ချောင်းနေသည့် သူမအား တစ်မျိုးထင်သွားမှာစိုးတာကြောင့်ပင်။ထို့ကြောင့် သူမ ပြဿနာတစ်ခုအား တွေးမိကာ သေချာစဉ်းစားပြီးမှ မေးလိုက်၏။


"ရှောင်ရွှယ် ငါ စိတ်ပူတာတစ်ခုရှိတယ်… တစ်ယောက်ယောက်က စုမုန့် နဲ့ ငါ့အစ်ကိုကို ဓာတ်ပုံရိုက်လိုက်တယ် ဆိုပါတော့....ငါ့အစ်ကိုက ဒီကိစ္စမှာ ပါဝင်ခဲ့မယ်ဆိုရင် ရှောင်မိသားစုရဲ့ ကုမ္ပဏီကို ထိခိုက်မှာလား... ငါက ဘယ်လိုတားရမှာလဲ"


ရှောင်ရှောင်၏ ဆိုလိုရင်းကို ဝေ့ရွှယ် ချက်ချင်း နားလည်သွားသည်။ရှောင်ရှောင်သည် ကိုယ်တိုင် ဓာတ်ပုံရိုက်ချင်သော်လည်း ရှောင်ချမ်က ဓာတ်ပုံထဲမှာပါလာမှာစိုးနေ၍ ပြောနေခြင်းသာ။


 “တစ်ခြားနည်းလမ်း မရှိဘူးဟ… တစ်ကယ်လို့ တစ်ယောက်ယောက်က တိတ်တိတ်လေး ဓာတ်ပုံရိုက်ခဲ့ရင် ငါ့အမေဆီကို ပေးချင်ပေးမယ်...ဒါမှမဟုတ် အွန်လိုင်းမှာ တင်မယ်ဆိုတာ သေချာတယ်...အင်တာနက်မှာ တင်ရင် အရေးမကြီးပါဘူး… ငါ့အစ်ကို့ကုမ္ပဏီမှာ ဟက်ကာတွေ အများကြီးရှိတယ်.ငါသူတို့ကို အကူအညီတောင်းလိုက်မယ်"


"အမေ့ကိုကျတော့ ဒီနည်းအတိုင်းလုပ်ရအောင်…ဘာပဲဖြစ်​ဖြစ် ငါက​တော့ အ​မေ့နားမှာ အမြဲရှိနေတယ်လေ... တစ်ယောက်ယောက်က သူမဆီကို ကပ်မယ့်အရိပ်အယောင်တွေ့ရင် ငါ နင့်ကို လာပြောပြမယ်...ကူညီမယ်…နင့်အစ်ကို နာမည်ကိုကျ ဓာတ်ပုံ ရိုက်ပြီးပြီဆိုရင် မျက်နှာကိုဖျက်လိုက်တာ၊ဒါမှမဟုတ် နာမည်မပြဘဲ တင်လိုက်တာက ပိုကောင်းမယ်…ဒီလိုနည်းနဲ့ဆို ဒါက ရှောင်မိသားစုနဲ့ ဆက်နွယ်နေတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး”


ရှောင်ရှောင်သည် အကင်းမပါးတတ်သူပီပီ၊ ဝေ့ရွှယ်၏ တိုက်တွန်းစကားများအား ယုံကြည်လျက်ရှိပေသည်။ယခုဆို၊ဝေ့ရွှယ်သည် ဓာတ်ပုံရိုက်ရန်အတွက် သူမ၏ ဖုန်းထဲမှ ကင်မရာအက်ပ်ကို ဖွင့်နေ၍ နောက်ဆုံးတော့ သူမ ဘာလုပ်ရမှန်း သိသွားသည်။သူမလည်း ဖုန်းထုတ်လိုက်ပြီး ဝေ့ရွှယ်ကို လှည့်ကြည့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်က မြင်ကွင်းကို ဓာတ်ပုံရိုက်ယူလိုက်သည်။ရှောင်ရှောင်သည် ပြီးပြည့်စုံအောင် လုပ်ပြီးပြီဟုထင်နေသော်လည်း ကြိုးကိုင်ခြယ်လှယ်သူမှာ သူမ၏ သူငယ်ချင်း ဝေ့ရွှယ်မှန်း မသိသေးပေ။


အကြံအောင်သူ ဝေ့ရွှယ်သည် အမှုတွဲထဲ သူမ မပတ်သက်ချင်တာကြောင့်၊ ဆွဲကြိုးရှာမတွေ့ဘူးဟု ဟန်ဆောင်ပြီး ရှောင်ရှောင်ကို ပြောလာသည်။


 "ရှောင်ရှောင်... ငါ အမှတ်မှားတာ ထင်တယ်...လည်ဆွဲက ဒီအခန်းထဲမှာ မရှိဘူး...တခြားအခန်းမှာ ရှာကြည့်မယ်…နင် ငါ့ကို ဒီမှာစောင့်နေမှာလား ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မှာလား"


"ငါ နင့်ကို ဒီမှာစောင့်နေမယ်လေ...  ရပါတယ်…အေးဆေးရှာပါ"


ဝေ့ရွှယ် ထွက်သွားပြီးနောက်၊ နောက်ဆုံးတွင် ရှောင်ရှောင် ဓာတ်ပုံများအား သေချာရိုက်လိုက်သည်။


ရှောင်ချမ် မသိလိုက်သည်က၊ သူ၏ညီမ အကောင်းစားလေးက ဝေ့ထင်အား လက်ထပ်ခွင့်ရဖို့အတွက် သူ့ကိုတောင် လှည့်စားခဲ့တာကိုပင်။ စုမုန့် ပေးထားသော လိပ်စာကတ်ကို သူ ငေးကြည့်နေမိပြီး သူမအား ဘယ်လိုအနိုင်ယူရမလဲဆိုတာကို စဉ်းစားနေမိသည်။ တစ်ကယ်တော့ သူက စုမုန့်ကို တခြားအကြောင်းပြချက် တစ်ခုကြောင့် လာရှာရခြင်းပင်။စုမုန့်၏အကျင့်နှင့်  ပတ်သက်ပြီး ဝေ့ရွှယ်ဆီက အချက်အလက် လုံလောက်စွာ မရခဲ့ပေ။ထို့ကြောင့် သူမကို သူကိုယ်တိုင်တွေ့ချင်မိသည်။


ဝေ့ရွှယ်၏အဆိုအရ စုမုန့် သည် ခင်ပွန်းရှိနေလျက်၊ အခြားယောက်ျားတစ်ဦးနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံသည် ဆိုသောကြောင့် ပေါင်းသင်းဆက်ဆံ၍ အလွန်လွယ်ကူမည့်သူဟု ထင်ခဲ့သည်။သို့သော် စုမုန့် က ထူးခြားသည်။သူသာ သူမကို အနိုင်ယူနိုင်ခဲ့လျှင် စိတ်ဝင်စားစရာကောင်းပေမည်။ထို့ကြောင့် သူကိုယ်တိုင် စမ်းကြည့်ချင်၏။


 သို့သော် စုမုန့် က သူ့ကို တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ရှောင်ချမ် သည် ကမ္ဘာပေါ်တွင် အချောဆုံးလူမဟုတ်သော်လည်း သူ့ကိုယ်သူတော့  ချော‌မောကြောင်း ဂုဏ်ယူသည်။သူ့ပတ်ဝန်းကျင်မှ မိန်းကလေးတွေ အများကြီးကလည်း၊သူ့တိုက်ခိုက်မှုတွေကို ဘယ်သူမှ ခံနိုင်ရည်မရှိသလောက်ပင်။ စုမုန့် ကသာ သူ့အတွက် အလွန်အေးစက်သော ပထမဆုံး မိန်းကလေးဖြစ်သည်။


( ပိုစိတ်ဝင်စားလာတယ်..)


စုမုန့်က သူ့ကို ပိုက်ဆံမျက်နှာနှင့် ပိုကောင်းအောင် ဆက်ဆံမည်ဟု သူထင်ခဲ့သော်လည်း၊ သူ့အတွေးမှားနေမှန်း သိလိုက်ရ၏။ ဟား...စိတ်ဝင်စားစရာပဲ...သူတော့ လူရွေးမှန်သွားပြီ...


သူ့အနေနှင့် စုမုန့်ကို အနိုင်ယူဖို့ စိတ်ဝင်စားဖို့ကောင်းလှသည်။တွေးနေရင်း ရှောင်ချမ် ပါးစပ်က ပြုံးလာရသည်။သူ့အနေနှင့်၊ ငါးကြီးကြီးမိချင်လျှင် ငါးမျှားကြိုး ရှည်ရှည်ချထားရမှာပင်။သူ အလျင်လိုနေ၍မဖြစ်၊မဟုတ်ပါက စုမုန့် ရိပ်မိသွားလျှင် ခက်သွားနိုင်၏။


 “ဟုတ်ပါတယ် မစ္စစု... မစ္စစု အချိန်အားတဲ့အထိ ကိုယ် စောင့်နေမယ်…ငွေအတွက်က စိတ်ပူစရာမလိုပါဘူး...ကဲ ကိုယ့်မှာပြောစရာမရှိတော့ပါဘူး…မင်းလုပ်စရာရှိတာ ဆက်လုပ်လို့ရပါတယ်"  


ထွက်သွားဖို့ ကြိုးစားနေသည့် သူမကို  ရှောင်ချမ် နောက်ဆုံးတော့ ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ တစ်ဘက်ကို တိုးပြီး သူမအတွက် လမ်းဖယ်ပေးလိုက်လေသည်။


စုမုန့် သတိမထားမိသည့်အချက်ကတော့ ရှောင်ချမ် ၏ခြေဖဝါးများမှာ၊ သူတို့စကားပြောစဥ်က အကြိမ်အနည်းငယ်လှုပ်သွားတာကိုပင်။


 !!


 “နောက်လည်း ကျွန်မတို့ ကောင်းကောင်း လက်တွဲနိုင်မယ်လို့ မျှော်လင့်ပါတယ်” 


စုမုန့် ပြောပြီး ထွက်သွားပါတော့သည်။သို့သော် စကားပြောနေရ၍ သူမ ခြေထောက်ကို အာရုံမစိုက်မိလိုက်ပေ။သူမ ရှေ့ကိုလှမ်းထထွက်ဖို့ ပြင်လိုက်ရာ ဘာကို တက်နင်းမိမှန်းမသိဘဲ ချော်လဲပြီး ဟန်ချက်ပျက်သွားသည်။သူမ လုံးဝ ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော်၊သူမ လဲကျမလာခင်မှာ၊ သူမ စိတ်ထဲကနေ အသံကျယ်ကြီးနှင့် အားကနဲ အော်ဟစ်နေမိသည်။အကြောင်းမှာ၊ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ပြန်ပွင့်လာသလို နာကျင်လာတာကြောင့်ပင်။သူမ လန့်ဖျပ်ကာ မျက်လုံးတွေကို အလိုလိုမှိတ်ထားသော်လည်း၊ သူမမျှော်လင့်ထားသလို၊ မလဲကျသွားခဲ့။သူမ ကိုယ်လုံးကလေး ယိုင်နဲ့သွားသည့်အခိုက်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် သူမ၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ရှောင်ချမ်၏ ပြုံးနေသောမျက်နှာကို မြင်လိုက်ရသည်။သူမ သူ့ကိုကြည့်နေသလို၊ ရှောင်ချမ် ကလည်း အေးအေးဆေးဆေးကြည့်နေသည်။


စုမုန့်: ဟီးဟီး...


 သူမ လဲကျသွားတာကမှ ကောင်းဦးမယ်...


 "မစ္စစု မင်းသတိထားရမယ်လေ... ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်တာ မကောင်းပါဘူး”


ရှောင်ချမ် က တိုးတိုးလေး သတိပေးသည်။ယခုဆို စုမုန့် မတ်တပ်ရပ်နေပြီဖြစ်သော်လည်း သူက သူမကို လက်မလွှတ်သေးပေ။


 "ကျေးဇူးတင်ပါတယ်"


သူမ အနည်းငယ် ရုန်းကန်ပြီး နောက်ပြန်ဆုတ်ချင်သော်လည်း ရှောင်ချမ် သူမကို လွှတ်ရန် အစီအစဉ်မရှိပေ။  သူ့လက်က သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။


 "မစ္စတာရှောင်...ရှင် ကျွန်မကို မလွှတ်သင့်ဘူးလား"  


သူမ သူ့ကို သတိပေးပြီး သူ့ပခုံးပေါ်  လက်တင်ကာ အတင်းဆွဲဖယ်ထုတ်ဖို့ ကြိုးစားလိုက်သည်။


 “မစ္စစု စိတ်မပူပါနဲ့...မင်းကြည့်ရတာ နေကောင်းပုံမပေါ်ဘူး...မင်းမှာ  ဒဏ်ရာရှိနေသလား"  


ရှောင်ချမ် သည် စုမုန့် တစ်စုံတစ်ခု ဖြစ်နေသည်ကို သတိပြုမိသည်။သူမ၏ ပခုံးပေါ်ရှိ အဝတ်မာမာတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ ဖြူဖျော့သောမျက်နှာကိုလည်း ပို၍ သတိထားမိလိုက်၏။ ထို့ကြောင့် သူမ ဒဏ်ရာရထားကြောင်း ချက်ချင်း ရိပ်မိသွားသည်။


 “မင်း ဒဏ်ရာရထားရင် သိပ်ပြီး လှုပ်ရှားလို့ မရဘူးလေ..ဒဏ်ရာကို ထပ်ပြီး ပိုမပြင်းလာအောင် သတိထားပါ...မစ္စစု စိတ်မဆိုးရင် မင်းကို ကိုယ့်ကားနဲ့ ဆေးရုံပို့ပေးမယ်ဆို ဘယ်လိုလဲ”  ရှောင်ချမ်ကတော့ လုံးဝ လက်မလွှတ်သေးချေ။


"သူမကိုလွှတ်လိုက်စမ်း"


 ထိုအချိန်တွင် ဝေ့ထင်သည် မည်သည့်နေရာမှန်းမသိ၊ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့နှစ်ဦးဆီသို့ အမြန်လျှောက်သွားခဲ့သည်။ ပြီးလျှင်၊သူက ရှောင်ချမ် လက်ကို ဆုပ်ကိုင်လိုက်ပြီး ဆွဲဖယ်ပစ်လိုက်သည်။ထို့နောက် စုမုန့်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


 "မင်းအဆင်ပြေရဲ့လား"  ဝေ့ထင် ခေါင်းငုံ့ပြီး သူ့ရင်ခွင်ထဲက စုမုန့်ကို မေးလိုက်သည်။


စုမုန့် အဆင်ပြေကြောင်းကို ခေါင်းယမ်းပြလိုက်သည်။ သို့သော် သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီး အခြေအနေကောင်းနေပုံမရပေ။သူမကို ကြည့်ပြီး ရှောင်ချမ် သူမအား တစ်ခုခုလုပ်လိုက်သည်ဟု ဝေ့ထင် ထင်လိုက်၏။သူ့မျက်လုံးများသည် အန္တရာယ်ရှိသော အရိပ်အမြွက်တစ်ခုထွက်လာကာ ကျဉ်းမြောင်းသွားသည်။  သူ စုမုန့်ကို လက်တစ်ဖက်နှင့် ပွေ့ဖက်ထားပြီး ရှောင်ချမ်အား ကျန်တစ်ဖက်ဖြင့် လက်ရွယ်လိုက်သော််လည်း၊ စုမုန့်က သူ့ကို တားဆီးလိုက်၏။


စုမုန့်သည် ဝေ့ထင် ဘာလုပ်ချင်နေမှန်း ချက်ချင်း သိပြီးပြောလိုက်သည်။ 


“ကျွန်မ အဆင်ပြေပါတယ်...  ဒဏ်ရာက မတော်တဆ ပြဲသွားတာ နည်းနည်းနာသွားတယ်”


ရှောင်ချမ်သည် ဒေါပွနေသည့် ဝေ့ထင် သူ့ကို ရန်မူတော့မည်ဖြစ်ကြောင်း မြင်လိုက်ရ၍  “သခင်လေးဝေ့… နားလည်မှုမလွဲပါနဲ့…အခုပဲ မစ္စစု ဟန်ချက်ပျက်ပြီး လဲကျသွားတာပါ...ကျွန်တော် သူမကို ကူညီခဲ့တာပါ...ကျွန်တော်က မစ္စစုနဲ့  စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ဒီကို ရောက်နေတာပါ"


“ဒါဆို မစ္စစု...သခင်လေးဝေ့ ရောက်လာပြီဆိုတော့ ကိုယ့်အကူအညီလိုမယ်မထင်ဘူး..ဒါ ကိုယ့်ရဲ့လိပ်စာကတ်ပြားပါ…နောက်ဆို လိုအပ်တာရှိရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်...ကဲ သွားပြီ...နောက်မှတွေ့မယ်"


ရှောင်ချမ် သည် သေခြင်းတရားကို လုံးဝမကြောက်သူလိုပင်။ ဝေ့ထင် သူ့ရှေ့မှာ ရောက်နေသော်လည်း စုမုန့်ကို သူ့လိပ်စာကတ် ပေးနေတုန်းပင်။


တစ်ဆက်တည်း၊ ဝေ့ထင်၏ မျက်နှာသည် မည်းမှောင်လာသည်ကို မြင်လိုက်ရသည်နှင့် ရှောင်ချမ် စုမုန့်ထံသို့ လိပ်စာကတ်ပြားကို အမြန်ပေးကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ဝေ့ထင်သည် စုမုန့်ကို မည်မျှပင် မကြိုက်မနှစ်သက်သည်ဖြစ်စေ၊ သူ့ရှေ့တွင်ဆို စုမုန့်ကို ထိ၍မရကြောင်း အထာနပ်သွားရပြီ။ ဝေ့ထင်နှင့်စုမုန့်တို့ဟာ အကြင်လင်မယားတွေမို့ လေးစားသမှုလေး ထားကြခြင်းဖြစ်နိုင်သည်။

 

စုမုန့်ကိုတော့ ရှောင်ချမ် ယုံကြည်မှုအပြည့်နှင့် ပြုံးပြခဲ့သည်။မည်သို့ပင်ဆိုစေ၊ စုမုန့်က ဝေ့ထင်ကို မကြာခင် ကွာရှင်းတော့မည်ဟု ဝေ့ရွှယ် ပြောထားသည်။ ထိုအချိန်ကျလျှင်၊ သူ့အနေနှင့် လှုပ်ရှားဖို့က သိပ်နောက်ကျမှာ မဟုတ်ပေ။


(စုမုန့် ပြုံးသည်)


ရှောင်ချမ် ၏နောက်ကျောကိုကြည့်ရင်း ဝေ့ထင် မျက်ခုံးတွေက တွန့်ချိုးကာ သူ့ရင်ထဲက မကျေနပ်မှုတွေမှာလည်း သူ့မျက်နှာပေါ်တွင် ရေးထွင်းထားသလိုဖြစ်ရသည်။သူ ရှောင်ချမ် ဘယ်လိုလူလဲဆိုတာ သိပြီးသားပင်။


ရှောင်ချမ် ၏မျက်လုံးကို ဖမ်းစားထားသည့် ဘယ်လိုမိန်းကလေးမျိုးကိုမဆို၊ အိမ်ထောင်သည်ဖြစ်စေ၊လူလွတ်ဖြစ်စေ၊သူသည် မည်သည့်နည်းလမ်းကို အသုံးပြုရပြုရ သူမကို ရအောင်လိုက်မည်ဖြစ်သည်။အရှက်မရှိသူပင်။ယခု စုမုန့် ကိုကြည့်သည့် ရှောင်ချမ် အကြည့်ကို မြင်လိုက်သည်နှင့် သူ ဘာကိုဆိုလိုမှန်း ဝေ့ထင် သိပြီးသားပင်။ သူ့မိန်းမကိုပင် လာထိရဲသည်။


သူ ရှောင်ချမ် နောက်ကျောပြင်ကို ကြည့်ကာ အန္တရာယ်ရှိသောအရိပ်အငွေ့များဖြင့် ကြည့်လိုက်၏။သူ့ဇနီးကို လာထိသော အကျိုးဆက်များကို မကြာခင် ရှောင်ချမ် သိစေမည်ဖြစ်သည်။ သူ ယခုပင် ပညာပြချင်သော်လည်း စုမုန့် မျက်နှာက ရှိသေးသည်။ စုမုန့် သည် ယခု ရှောင်ချမ်ကို ဖောက်သည်တစ်ဦးအဖြစ် ဆက်ဆံခဲ့သဖြင့် ထိုအတွေးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။


စုမုန့်က အလုပ်ကို တခြားအရာတွေထက် ပိုတန်ဖိုးထားသည်။သူသာ သူမ၏ဖောက်သည်တွေနှင့် ရှုပ်လိုက်လျှင် သူတို့ ဆက်ဆံရေးက နောက်တစ်ဖန် အက်ရာထင်သွားနိုင်သည်။


ဝေ့ထင် သည် ရှောင်ချမ်၏ နောက်ကျောကို ကြည့်ကာ မလှုပ်သေးပေ။ထိုစဉ်၊ စုမုန့် သည် ခွန်အားအနည်းငယ် သုံးပြီး ဝေ့ထင် လက်ထဲမှ ရုန်းထွက်သွားသည်။သူမ သူ့မျက်နှာကိုကြည့်ပြီး ရယ်ချင်မိသည်။  ဤမျှ အေးစက်ပြီး အရာရာကို လျစ်လျူရှုတတ်သူသည် ယခု သူ့မျက်နှာပေါ်က ခါတိုင်းနှင့်မတူဘဲ ထူးခြားနေရ၏။ ထို့ကြောင့် သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။


ဝေ့ထင် ရယ်နေသည့် စုမုန့်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသော်လည်း၊ စိတ်ထဲကပါ ပျော်ရွှင်နေပုံပေါ်သဖြင့် သူ၏ မျက်ခုံးမွှေးများ ပြေလျော့သွားသည်။


 "ဘာဖြစ်လို့လဲ"  ဝေ့ထင်က မေးလိုက်၏။


စုမုန့် ပြုံးပြီး ခေါင်းခါလိုက်သည်။  “ရှင့်ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးလို့ ရယ်စရာ ဖြစ်နေတာပါ...စကားမစပ်၊ ရှင် ဘယ်က ရောက်ချလာတာလဲ...စောစောက ရုတ်​တရက်​ကြီး ရှင့်ကို ဘာလို့ မတွေ့ရတာလဲ"


ဝေ့ထင်က ဗီလာ၏ နောက်ဖေးတံခါးကို ညွှန်ပြပြီးပြောသည်။ "ကိုယ် ဗီလာနားမှာ လျှောက်သွားနေတာ… မင်း လမ်းလျှောက်နေတာကိုတွေလို့ လာတာ... ဘာကိစ္စရှိလဲလို့ လာမေးတာ"


စုမုန့် နားလည်သွားပြီး ဝေ့ထင်ကို "ကျေးဇူးတင်ပါတယ်"


 ....


ရှောင်ချမ်သည် ဝေ့မိသားစုတွင်ရှိနေသည့် သူမကို ဘာမှလုပ်မည်မဟုတ်ကြောင်း သိသော်လည်း သူ၏အပြုအမူသည် အတော်လေး လက်ရဲဇက်ရဲနိုင်လှ၏။သူမ ခန္ဓာကိုယ်က အခြေအနေ မကောင်းသည့်အတွက် ခုခံဖို့ အခွင့်အရေးတောင် မရှိခဲ့။ထို့ကြောင့် သူမ နေအမြန်ကောင်းအောင်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။သို့မဟုတ်ပါက၊ လူတိုင်းက သူမကို အနိုင်ကျင့်တော့မလို ခံစားရသည်။


ဝေ့ထင် မျက်နှာထားက သိပ်မကောင်းသေး။ သူက စုမုန့်ကို လေးလေးနက်နက် ကြည့်ပြီး “ဟင်း" ဟု မကျေမနပ်ဆိုကာ တခြားဘာမှပြန်မပြော။




xxxxxx