အပိုင်း ၁၃၇
Viewers 15k

Chapter 137

(မြေအောက်ခန်း)


စုမုန့် အတွက်တော့ ဝေ့ထင် သည် အမြဲတစ်ခုမဟုတ်တစ်ခု ဒေါသထွက်နေသူမို့၊ရုတ်တရက် သဘောထားပြောင်းသွားသည့်အတွက် သူမ အံ့သြမိပါရဲ့။  သူက သူမကို ကြည့်ကာ တစ်ခုခုပြောချင်ပုံဖြင့်၊ပါးစပ်ကို အနည်းငယ်ဖွင့်ထားသော်လည်း အဆုံးတွင် သူဘာမှပြန်မပြောပေ။


စုမုန့်သည် သူ့ရှေ့တွင် တစ်ခါမှခုလို စိတ်လက်ရှည်ရှည်၊ မျက်နှာထားကြည်ကြည်ကလေးနှင့် မရှိခဲ့ဖူး၍ ဝေ့ထင် ရင်ထဲတစ်မျိုးတစ်ဖုံ ကြည်နူးလာသည်။ဤအခွင့်အရေးကို အသုံးချချင်သော်လည်း၊ နှစ်ယောက်ကြားက ငြိမ်းချမ်းသည့်အငွေ့အသက်တွေ ပျက်စီးသွားမှာကို ကြောက်တာကြောင့် သူ့စကားတွေကို မျိုချလိုက်ပြီး အချိန်ကောင်းကိုသာ စောင့်ဖို့ တွေးလိုက်မိသည်။


“မင်း အဓိက ခန်းမမှာ စားသောက်နေရမယ့်အစား ဒီမှာ ဘာလုပ်နေတာလဲ”


သူက သူမကို မေးလိုက်သည်။


စုမုန့် ဟိုဟိုဒီဒီကြည့်ရင်း “အဘိုးကိုရှာဖို့ ထွက်လာခဲ့တာ...သူ့အခြေအနေက သိပ်ကောင်းပုံမပေါ်ဘူး…သူ့ကို နည်းနည်း စိတ်ပူတယ်"


 "သူ ဘာဖြစ်သွားတာလဲ"


 “ကျွန်မ ပေးခဲ့တဲ့ လက်ဆောင်ကို သူမြင်ပြီး သူဒီလို ဖြစ်သွားတာ... ဒေါသထွက်တာလား၊ဝမ်းနည်းတာလားမသိဘူး...သူ တစ်ခုခုဖြစ်သွားမှာကိုကြောက်လို့ သူ့ကိုလိုက်ရှာဖို့ ထွက်လာခဲ့တာ”


 "လက်ဆောင်လား"  


စုမုန့် က လက်ဆောင်ဟု ဆို၍ ဝေ့ထင် အကြောင်းပြချက်ကို ချက်ချင်းသိလိုက်သည်။ စုမုန့် အဘိုးဝေ့ကို ပေးသောလက်ဆောင်သည် သူမကို သူပေးထားသည့်လက်ဆောင်ဟု သူ ထင်လိုက်၏။


 “အဆင်ပြေပါတယ်...ကိုယ်နဲ့လိုက်ခဲ့ပါ"  


ဝေ့ထင် သည် စုမုန့် လက်ကောက်ဝတ်ကို ဆွဲပြီး ဗီလာဆီသို့ လျှောက်သွားလိုက်သည်။ စုမုန့် သူ့နောက်ကို အလိုလို လိုက်သွားမိသည်။ဒီတစ်ခါတော့ သူမ မတားခဲ့ပါလေ။ ဝေ့ထင်လည်း သူမ မတားတာကို သတိထားမိကာ ပြုံးပြီး ရှေ့ကို ဖြည်းညှင်းစွာ ခေါ်သွားသည်။


သူက အိမ်အောက်ထပ်ကို ခေါ်သွားခြင်းပင်။စုမုန့်သည် မြေအောက်ခန်းတံခါးကို အံ့သြစွာကြည့်လိုက်သည်။သူမသည် ဝေ့မိသားစု၏ အငြိုအငြင်ခံနေရသော်လည်း ဝေ့မိသားစု၏ဗီလာထဲက ဘယ်‌နေရာကိုမဆို သူမ သွားရဲ၏။


ဝေ့မိသားစုအိမ်ကြီးတွင် မြေအောက်ခန်းကျယ်ကြီးတစ်ခုရှိသည်ကို သူမသိသည်။ သူမ အမှားလုပ်မိသည့်အခါ အမေဝေ့က သူမအား အကြိမ်ပေါင်းများစွာ သော့ခတ်ထားဖူးတာကြောင့် မြေအောက်ခန်းနှင့် ရင်းနှီးခဲ့ရသည်။


သို့သော် ဝေ့ထင် သူမကို ခေါ်လာခဲ့သည့် မြေအောက်ခန်းသည် ယခင်က သူမ ရောက်ဖူးသည့်နေရာနှင့် မတူပေ။  အဝင်ပေါက်သည် အတွင်းထဲတွင် အဖိုးတန်အရာတစ်ခုကို သိမ်းဆည်းထားသကဲ့သို့ စကားဝှက်ဖြင့် သော့ခတ်ထားသော အခန်းတစ်ခုဖြစ်သည်။သူမ အံ့သြသွားသော်လည်း ဘာမှမမေးခဲ့ပေ။ သူမ ဝေ့ထင် နောက်သို့ လိုက်သွားပြီး တံခါးဖွင့်ရန်သာ စောင့်ဆိုင်းနေခဲ့သည်။


ဝေ့ထင် သည် စုမုန့် မြင်မှာကိုစိတ်မ၀င်စားသလိုပင် စကားဝှက်ကို ပေါ့ပေါ့တန်တန်ရိုက်ထည့်လိုက်သည်။


မကြာမီ သော့ကို အောင်မြင်စွာဖွင့်နိုင်ပြီး တံခါးပွင့်သွားပြီး စုမုန့် သူ့နောက်ကို လိုက်သွားမိသည်။လှေကားထစ်တွေက ရှည်လျားပြီး အောက်အထိကို လှည့်ပတ်ဆင်းသွား၍ သူမ ခဏလောက် လမ်းလျှောက်ပြီး မူးဝေလာရ၏။


သူတို့နှစ်ယောက်သား လှေကားအဆုံးမရောက်မီ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ခဲ့ရသည်။အောက်ခြေတွင် သာမာန်အခန်းတံခါးတစ်ပေါက်ရှိနေသည်ကို စုမုန့် သတိပြုမိလိုက်၏။


ဝေ့ထင် တံခါးကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်လိုက်သည်။သူမ ဝေ့ထင်နောက်သို့ လိုက်သွားခဲ့သည်။မြေအောက်ခန်းသည် အပြင်ဘက်လှေကားနှင့် မတူ။ စောစောက လှေကားထစ်များသည် မီးမှိန်မှိန်ကြောင့် သေချာ ဂရုတစိုက်ကြည့်ပြီးမှ ဆင်းခဲ့ရသည်။သို့သော် မြေအောက်ခန်းသည် နေ့ခင်းဘက်ကဲ့သို့ပင် လင်းချင်းတောက်ပနေသည်။


 မြေအောက်ခန်းက တောက်ပလွန်းတာကြောင့် သူမ အခန်းတွင်းကို သေချာကြည့်လိုက်သည်။ယခုလို အလားတူ မြင်ကွင်းများကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် မြင်ခဲ့ရသော်လည်း တုန်လှုပ်နေဆဲဖြစ်သည်။


မြေအောက်ခန်း၏ အလယ်တွင်၊ မီတာဝက်ခန့်ကျယ်သော ရေကန်နှစ်ကန်က အပြည့်နီးပါးဖြစ်နေသည်။ရေကန်နှစ်ခုသည် ကောင်းခြင်းယင်စွမ်းအင်ရှစ်မျိုး အစီအရင်ကို ဖွဲ့စည်းထားခြင်းပင်။ရေကန်တစ်ခုမှာ koi ငါး အနီရောင် တစ်ကောင်နှင့် အဖြူတစ်ကောင်ရှိသည်။ငါးတွေက အစီအရင်၏ မျက်လုံးဟု ထင်ရသည်။ ရေကန်ကို လှပစွာ အလှဆင်ထားသည်။အထဲမှာပစ္စည်းများစွာ ရှိသော်လည်း သက်ရှိကတော့ ငါးနှစ်ကောင်သာ ရှိသည်။


ရေကန် အစွန်းကို အင်းရွက်အဝိုင်းကြီးဖြင့် ဖုံးအုပ်ထားသည်။ ခေါင်မိုးဘက်တွင် ကြီးမားသော အဝါရောင် အင်းစာရွက်ကြီးတစ်ခု တွဲကျလာကာ ရေကိုပါ ထိလုနီးပါးဖြစ်နေသည်။ ထို့ကြောင့် koiငါးသည် ရေပေါ်ကိုပျံတက်သောအခါတိုင်း၊ ရေသည် တရုတ်ဘာသာဖြင့်ဆွဲသားသည့် အင်းစာရွက်များပေါ်သို့ စင်သွားရသည်။


ထို့အပြင် ရေကန်ပတ်လည်တွင် ခေါင်းလောင်းများတွဲလောင်း ချိတ်ထားသော အနီရောင်ကြိုးများစွာရှိသည်။ ဤသည်မှာ အစီအရင်တစ်ခုဖြစ်ပြီး၊ တားမြစ်ထားသည့် နည်းပညာတစ်ခုဆိုတာ ရှင်းပေသည်။


စုမုန့် ဤအစီအရင်နှင့် အလွန်ရင်းနှီးသည်။ ယခင်က သူမ၏ ဆရာ့မှတ်စုထဲမှာ မြင်ဖူးသည်။၎င်းသည် တားမြစ်ထားသောနည်းပညာဖြစ်သောကြောင့် သူမ အနာဂတ်တွင် လိုအပ်ပါကသုံးနိုင်ရန် ၎င်းကို အလွတ်ကျက်ထားခြင်းဖြစ်သည်။ သူမကိုယ်တိုင် မလုပ်ဖူး။ဝေ့မိသားစုအိမ်ကြီးတွင် သူမပင် မတွေးဖူးသော ကြီးမားသော အစီအရင်ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။


သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ၊ မြေအောက်ခန်း၏ နံရံများကို အလှဆင်ပစ္စည်းများ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။ဤအရာတွေက သူမ၏ အာရုံခံစားနိုင်စွမ်းကို ပိတ်ဆို့နေမှန်း သူမ သဘောပေါက်လိုက်သည်။


ဤအစီအရင်အပြင် အခန်းထောင့်တွင် စားပွဲတစ်လုံးနှင့် ဆုံလည်ကုလားထိုင်တစ်ခုရှိသည်။ စုမုန့် စားပွဲကို ကြည့်လိုက်သည်။ဓားပွဲပေါ်တွင် အဖြူအမည်း ဓာတ်ပုံတစ်ပုံရှိသည်။  ဓာတ်ပုံထဲက အမျိုးသမီးမှာ နုပျိုလှပနေပုံရပြီးမျက်နှာမှာလည်း နူးညံ့သည့်အပြုံးတစ်ပွင့် ခိုတွဲလျက်ရှိသည်။ထို့ကြောင့် ၎င်းသည် ကွယ်လွန်သူ၏ ပုံတူဖြစ်သော်လည်း ကြည့်ရှုသူများကို ကြောက်လန့်စေခြင်းမရှိပေ။


 ....


အဘိုးဝေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။လူလာနေသံ ကြားလိုက်သော်လည်း၊သူ မထဘဲ ကုလားထိုင်ကို လှည့်လိုက်သည်။စိတ်အနှောင့်အယှက်ဖြစ်ခြင်းကြောင့် သူ့မျက်နှာမှာ မကျေမနပ်ဖြစ်နေသည်။သို့သော် စုမုန့် နှင့် ဝေ့ထင်ကို မြင်လိုက်သောအခါ၊သူ့မျက်နှာပေါ်ရှိ စိတ်မရှည်မှုများ ချက်ချင်းပျောက်ကွယ်သွားပြီး အံ့သြသွားသည်။


 "မင်းတို့ဘာလို့ဒီကိုရောက်နေတာလဲ"  


အဘိုးဝေ့ အမြန်ထကာ သူတို့နှစ်ဦးအား မြေအောက်ခန်းထဲမှ တွန်းထုတ်ရန် ကြိုးစားရင်း လျှောက်သွားလိုက်သည်။သူ ဝေ့ထင်ကို အစွမ်းကုန်တွန်းလိုက်သော်လည်း၊ဝေ့ထင် တစ်ချက်မှမလှုပ်ပေ။ စုမုန့် ကိုတော့ သူ အားသိပ်မသုံး၍ သူမလည်း မရွေ့သွားပေ။


သူတို့နှစ်ယောက်သား အပြင်ထွက်ဖို့ ရည်ရွယ်မထားမှန်းသိ၍ သူ ချက်ချင်း ဒေါသထွက်သွားသည်။ သူက ဝေ့ထင်ကို ကြည့်ပြီး 


"မင်းဘာကိစ္စရှိလို့လဲ… ရှောင်မုန့်ကို မင်းဘယ်လိုခေါ်လာတာလဲ…ဒီနေရာက ဘာနေရာလဲ သိလား…သူမကျန်းမာရေးမကောင်းဘူး… သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"


ထို့နောက် သူက စုမုန့် ဘက်လှည့်ပြီး "မိန်းကလေးမုန့် …မင်းလည်း စကားနားထောင်…အပြင်ထွက်…"


အဘိုးဝေ့၏ အပြစ်တင်စကားကို ဝေ့ထင် မတုန်လှုပ်။သူက အဘိုးဝေ့ နောက်က အစီအရင်နေရာကို တစ်ချက်ကြည့်လိုက်ပြီး ‌ပြောလေသည်။


“အဘိုး သူမအတွက် စိတ်ပူစရာ မလိုပါဘူး…ဒီလိုကိစ္စမျိုးမှာ သူမက အဘိုးထက်ကို ပိုတော်တယ်"


 “ဒီပွဲမှာ လက်ဆောင်ရပြီးနောက်ပိုင်း အဘိုး စိတ်မကောင်း ဖြစ်သွားတယ်လို့ သူမက ပြောပါတယ်…အဘိုး တစ်ယောက်တည်း အပြင်ထွက်သွားမှာကို စိတ်ပူတာနဲ့၊သူမ အဘိုးကိုရှာလိုက်သေးတယ်..ဒါပေမယ့် သူမ တစ်ယောက်တည်း ရှာမတွေ့ ဖြစ်နေလို့ ကျွန်တော် ဒီကို ခေါ်လာခဲ့တာ"


ဝေ့ထင်သည် အဘိုးဝေ့အား စိတ်ရှည်စွာ ရှင်းပြသည်။ သူသည် များသောအားဖြင့် သူ့မိဘများကို အေးတိအေးစက်နှင့်၊ လျစ်လျူရှုထားသော်လည်း အဘိုးဝေ့တစ်ယောက် အပေါ်မှာသာ တစ်မျိုးဆက်ဆံသည်။  အဘိုးဝေ့ကို အံ့အားသင့်စရာကောင်းအောင်ပင် သည်းခံခဲ့သည်။


စုမုန့် က သူ့အတွက် စိတ်ပူနေသည်ဟုဆို၍ အဘိုးဝေ့ မျက်နှာကကျေနပ်သွားသယောင်ပင်။


“မိန်းကလေးမုန့်က မင်းနဲ့မတူဘူးကွ... ငါ့အတွက် အကောင်းဆုံး မြေးမပဲ…ပွဲစတုန်းက မင်းတောင် မလာဘူးမလား… စကားမစပ် ရှောင်ရွှယ် ပြောတာက မင်းဓာတ်မတည့်မှုဖြစ်လို့ ဆေးထိုးရတာဆို...ဘာလို့ ဓာတ်မတည့်မှုဖြစ်ရတာလဲ…အခု နေကောင်းပြီလား...မင်း မပြောလည်း မင်းအခု အရမ်းတက်ကြွနေတာပဲ... ကောင်းနေပါပြီ"


ဝေ့ထင်က စုမုန့်ကို တစ်ချက်စိုက်ကြည့်ပြီး ဘာမှပြန်မပြော။ 


စုမုန့် သည် သူတို့မြေးအဘိုး စကားကိုနားထောင်ပြီး၊ မနက်ခင်းက ဝေ့ထင်အား ဆရာဝန်ပြကြည့်သောအခါ ဓါတ်မတည့်သည့် တုံ့ပြန်မှုမျိုး ပြနေပုံရသည်ကို ရုတ်တရက် သတိရသွားသည်။ထိုအချိန်က သူမသည် ဝေ့ရွှယ် ကို အလွန်အာရုံစိုက်နေခဲ့၍၊သူ့အဖြစ်ကို သတိမထားမိပေ။


ယခုတော့ သူမ တွေးလိုက်မိသည်မှာ ဝေ့ထင်သည် ရေသောက်ပြီးသည့် အစပိုင်းမှာ အဆင်ပြေသော်လည်း ရုတ်တရက် ဓါတ်မတည့်သည့် တုံ့ပြန်မှုတစ်ခု ဖြစ်သွားခြင်းပင်။ သူ ဘာနဲ့ ထိတွေ့မိတာလဲ… မကြာမီ စုမုန့်သည် မနက်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်အမှတ်ရလာပြီး ဝေ့ရွှယ် ၏ရေတစ်ခွက်ကို ရုတ်တရက် တွေးမိလိုက်၏။


(ဝေ့ရွှယ်အကြောင်းပေါ်သွားပြီ)


စုမုန့်က ဝေ့ထင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ဝေ့ထင် လည်း ဝတ်မှုန်နှင့် ဓါတ်မတည့်ဘူးလား...


 "ဒါဆို ရှင်က ဝတ်မှုန်နဲ့ ဓါတ်မတည့်ဘူးလား"


ဝေ့ထင်သည် စုမုန့်ကိုကြည့်ကာ သူ့မျက်လုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။သူ စက္ကန့်အနည်းငယ်ကြာပြီးနောက် ခေါင်းညိတ်လိုက်သည်။


"ဝေ့ထင်မှာ တခြားပြဿနာမရှိပါဘူး"


 အဘိုးဝေ့က သူ့ကိုယ်စား ပြောသည်။ 


“သူက နှင်းဆီပန်းနဲ့ မတည့်တာ...အဲဒါက အခုလောလောဆယ် တို့တွေအားလုံး သိကြတာပါ...သူက ပန်းတွေ၊ဘာတွေလည်း မကြိုက်တော့... တခြားပန်းတွေနဲ့ ဓါတ်မတည့်ဘူးလား၊တည့်လားတော့ မသိဘူး"


ထို့နောက် သူက ဆက်၍“မင်းက အရွယ်ရောက်နေပြီ…ဒါပေမယ့် မင်းကိုယ်မင်း ဂရုစိုက်ရကောင်းမှန်း မသိသေးဘူးလား…ပန်းဝတ်မှုန်ကို မင်းခန္ဓာကိုယ်က sensitiveဖြစ်မှန်းသိရက်နဲ့၊သွားပြီးထိလိုက်တာလား… ဒီတစ်​ခါ​တော့ မင်း များကြီးမထိလို့ အဆင်ပြေနေတာဖြစ်ရမယ်...မင်းအရမ်းကြီး ထိတွေ့မိရင် အသက်ဆုံးရှုံးနိုင်တယ်"


အဘိုးဝေ့၏ မရည်ရွယ်ဘဲ ပြစ်တင်ရှုံ့ချစကားကို စုမုန့် ကြားလိုက်ရသည်။ထိုအခါ သူမ စိတ်ထဲမှာ အချိန်အတော်ကြာအောင် စိတ်အနှောင့်အယှက်ဖြစ်စေသည့် မေးခွန်းတစ်ခု ပေါ်လာရ၏။ ဝေ့ထင်မွေးနေ့မှာ ဝေ့ရွှယ်က သူမအား ဝေ့ထင်သည် နှင်းဆီပန်း အကြိုက်ဆုံးဟု ပြောခဲ့တာကို ရုတ်တရက် သတိရသွားမိသည်။ထို့ကြောင့် ဝေ့ထင် အံ့အားသင့်စေရန်အတွက် သူမကိုယ်တိုင် နှင်းဆီပန်းနှင့် ဓာတ်မတည့်မှု ဖြစ်နေသည့်ကြားမှပင် အတင်းကြိတ်မှိတ်ပြီး သူ့အတွက် အိမ်အပြည့်နှင်းဆီပန်းများအလှဆင်ထားခဲ့သည်။


ထိုအချိန်က၊ ဝေ့ထင်သည် သူမကို အဖက်မလုပ်ဂရုမစိုက်သောကြောင့် အသည်းကွဲနေခဲ့ရသေးသည်။သူ့အတွက် ဂရုတစိုက်ပြင်ဆင်ထားသည့် လက်ဆောင်ကိုတွေ့သော်လည်း၊ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားခဲ့၏။


 ဒါဆို သူဒီလိုလုပ်ရတဲ့ အကြောင်းရင်းက နှင်းဆီနဲ့ ဓါတ်မတည့်လို့လား...


 သို့သော် သူမ မျက်လုံးကို အတင်းမှိတ်ထားလိုက်သည်။သူက နှင်းဆီနှင့်ဓာတ်မတည့်ဘူးဆိုလျှင်တောင် သူမနှင့်ဘာမှမဆိုင်။သူမတို့နှင့်အတူ ဝေ့ရွှယ်လည်း ရှိနေသေးသည်။သူ နှင်းဆီပန်းဝတ်မှုန်နှင့် ဓာတ်တည့်လျှင်လည်း၊ သူမကို မချစ်၊ဝေ့ရွှယ်ကိုသာ ချစ်သည်။ယခုလိုတွေးလိုက်လျှင်၊သူ နှင်းဆီပန်းနှင့် တည့်သည်ဖြစ်စေ၊မတည့်သည်ဖြစ်စေ၊ရလဒ်ကအတူတူပင်။


သူမ စိတ်ထဲမှအေးစက်စွာ ရယ်မောလိုက်သည်။ဝေ့ရွှယ်သည် သူမ ဝတ်မှုန်နှင့်မတည့်ကြောင်းသိသောကြောင့် သူမကိုထိခိုက်စေရန် ဝတ်မှုန်အား အသုံးပြုခဲ့သည်။သို့သော် သူမသည် ဝေ့ရွှယ်၏ အကြံအစည်ကို သိထားမည်ဟု မျှော်လင့်ခဲ့ဟန်မတူပေ။ သူမ ရေကို မသောက်ဘဲ၊ ဝေ့ထင်ကို တိုက်ခဲ့သည်။


ဝေ့ရွှယ် ထိုအချိန်က၊အလွန်အမင်း တုန်လှုပ်သွားသည်မှာ အံ့သြစရာမဟုတ်ပေ။သူမက ဝေ့ထင်အား မသန့်သောရေတိုက်၍ ဝေ့ရွှယ် အလွန်စိတ်လှုပ်ရှားနေသည်ဟု ထိုအချိန်က၊ သူမ တွေးနေမိသည်။


စုမုန့် ဤကိစ္စကို ရှင်းရှင်းလင်းလင်း သိသွားသည့်အတွက် ဝေ့ထင်ကို မော့ကြည့်လိုက်သည်။သို့သော် ယခု ဝေ့ရွှယ်သည် သူမအား တိုက်ကွက်တစ်ကွက်ထုတ်သုံးရန် ပေးနေပြီဖြစ်သည်။  အကယ်၍ သူမသာ ထုတ်သုံးပါက၊ဝေ့ရွှယ်၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချနိုင်မည်ဖြစ်၏။


 ....


 "အဲဒီရေတစ်ခွက်ကို ရှောင်ရွှယ်က ကျွန်မကို ပေးခဲ့တာပါ… ဒါပေမယ့် အဲဒီအချိန်က ကျွန်မ ရေမဆာတဲ့အတွက် မသောက်ခဲ့ပါဘူး... ဒါဆို သူမက ဝတ်မှုန်ကို ရေထဲထည့်လိုက်တာလား...ရှင် ပန်းဝတ်မှုန်နဲ့ ဓါတ်မတည့်တာကို သူမသိလို့လား...အဲဒီတုန်းက သူမက ရှင်ရေသောက်နေတာကို ကြည့်ပြီး ဘာမှလည်း မတားဘူးလေ”


စုမုန့် စကားကိုကြားတော့ အဘိုးဝေ့ နှင့် ဝေ့ထင် မျက်မှောင်ကြုတ်သွားကြသည်။


 "ဟုတ်တယ်၊ ရှောင်ရွှယ်က သူဝတ်မှုန်နဲ့မတည့်ဘူးဆိုတာ သိတယ်" အဘိုးဝေ့က မကျေမနပ် ပြောလေသည်။  


"ဝေ့ထင် ငယ်ငယ်တုန်းက ဝတ်မှုန်ဓာတ်မတည့်မှုကြောင့် သေတော့မလို ဖြစ်ခဲ့တာ…အဲ့ဒီတုန်းက ရှောင်ရွှယ် အရမ်းငယ်သေးတယ်...သူမကပဲ သူ့အစ်ကိုကို တစ်ချိန်လုံး စောင့်ကြည့်ပေးခဲ့တာလေ...  ဒီကလေး ဘာဖြစ်နေတာလဲ… ဓါတ်မတည့်မှန်းသိတာတောင် ဘာလို့မတားတာလဲ"


အဘိုးဝေ့သည် ဝေ့ထင် ၊ စုမုန့် နှင့် အခြားသူများအကြောင်းကိုပင် များများစားစားမသိသူပင်။ ထို့အပြင် ဝေ့ရွှယ်သည် သူမကိုယ်သူမ ကောင်းစွာ ပိပိရိရိ ဟန်ဆောင်ကောင်းသောကြောင့်တခြားဘာကိုမျှ မတွေးတောပေ။


စုမုန့်က ဝေ့ထင်ကို ပြုံးပြပြီး ဘာမှပြန်မပြောပေ။ သူမအနေနှင့် ဘာမှ ထပ်ပြောဖို့ မလိုတော့။ ဝေ့ထင် မအ,ဘူးဆိုလျှင်၊ ဝေ့ရွှယ် ဘာတွေလုပ်နေသလဲဆိုတာ သူသိမှာ သေချာ၏။


ဝေ့ထင်က စုမုန့်ကို ကြည့်လိုက်ပြီး ဘာမှပြန်မပြောသေး။ စုမုန့် နှင့် သူ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဝေ့ထင် ၏မထုံတတ်သေးဟန်ပန်ကြောင့် စုမုန့် ရင်ထဲတစ်ခုအတွေးပေါက်မိသည်။သူ အားလုံးကို ခန့်မှန်းပြီး၍၊အဖြေကို သိပြီးသား‌ဖြစ်သော်လည်း၊ဤကိစ္စကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ချင်နေတာလား...ဝေ့ရွှယ် အတွက်နဲ့လေ…


ထိုသို့တွေးပြီး သူ့ကိုကြည့်နေသည့် သူမ အကြည့်တွေက တဖြည်းဖြည်း အေးစက်လာခဲ့သည်။


 "သွားကြစို့၊ ကိုယ်တို့ အရင်ထွက်မယ်"



xxxxxx