Chapter 138
(ကောင်းခြင်းယင်စွမ်းအင်ရှစ်မျိုး )
ဝေ့ထင် သည် ခဏမျှ တိတ်ဆိတ်သွားပြီး စုမုန့် လက်ကို ဆွဲယူရန် ပြင်လိုက်သည်။သို့သော်၊ စုမုန့် လျင်မြန်စွာ သူ့လက်ကို ရှောင်လိုက်သည်။တစ်ချိန်တည်းမှာရွှေ့ပင် သူမ ဘေးဘက်သို့ ခြေလှမ်းနှစ်လှမ်း ကာ အဘိုးဝေ့ထံသို့ လျှောက်သွားခဲ့သည်။
အဘိုးဝေ့က ဝေ့ထင်ကို မကျေမနပ်ဖြင့် ကြည့်သည်။
"မင်း ကောင်စုတ်လေး... မင်းကို ငါခိုင်းတုန်းက ထွက်မသွားဘူး… အခု မိန်းကလေးမုန့် အကြောင်းမေးချင်တဲ့အခါကျမှ မင်းက အပြင်ထွက်ချင်တာ...ဘာလဲ မင်း ငါ့ကို ဆန့်ကျင်တာလား"
"မင်းနေကောင်းနေတာ ဆိုတော့ သွားထိုင်…ငါ မိန်းကလေးမုန့် နဲ့ စကားနည်းနည်းပြောမယ်"
အဘိုးဝေ့က ဝေ့ထင်ကို စိတ်ဆိုးသလိုမျိုး လေသံနှင့် ပြောလိုက်သည်။တစ်ဖန် သူက စုမုန့်ဘက်သို့ လှည့်ကာ ကြင်နာသော အမူအရာဖြင့် ပြောလိုက်သည်။စုမုန့် ရယ်ချင်သွားရ၏။ အများအားဖြင့် လေးနက်သော အဘိုးဝေ့သည် ကလေးကဲ့သို့ ပြုမူတတ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူ့ပုံစံက နည်းနည်းလေး ချစ်ဖို့ကောင်းနေသည်။
“အဘိုးမှာ မေးစရာရှိရင် ကျွန်မကိုပြောပါ… ကျွန်မသိသမျှကို ပြောပြမယ်" သူမက နာခံစွာပြောလိုက်၏။
အဘိုးဝေ့က ကျေနပ်စွာ ခေါင်းညိတ်ပြီး “မိန်းကလေးမုန့်က အသိဉာဏ်အရှိဆုံးပဲ…မိန်းကလေးမုန့်၊ အဘိုးက မင်း ကို ဖုန်းရွှေပညာရှင်လို့ မမျှော်လင့်ထားဘူး…ဒီအစီအရင်ကို မင်း သိလား"
အဘိုးဝေ့သည် အခန်းလယ်ရှိ အစီအရင်ကို ညွှန်ပြလိုက်သည်။
စုမုန့် အနေခက်မှာစိုး၍ သူက ပြောသည်။ “ရပါတယ်၊ မင်းမသိရင်လည်း အဆင်ပြေပါတယ်… မင်းက ငယ်သေးတယ်၊ မင်း အစီအရင်တော်တော်များများကို မသိတာက ပုံမှန်ပါပဲ"
စုမုန့်က သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သူမသည် အစီအရင်ကို ကြည့်ကာ ရေကန်အတွင်းရှိ ငါးနှစ်ကောင်ကို စိုက်ကြည့်နေသည်။
“ဒီအစီအရင်ကို ကောင်းခြင်းယင်စွမ်းအင်ရှစ်မျိုးကျိန်စာလို့ ခေါ်တယ်”
၎င်းကို အသက်ရှင်သောသူနှင့် သေလွန်သူများကြား ဆက်စပ်မှုကို ထူထောင်ရန် ရည်ရွယ်ထားသော်လည်း သူမ ထို အကြောင်းကို မပြောခဲ့ပေ။ ဤအစီအရင်သည် ကောင်းမွန်သောအရာမဟုတ်ပေ။တားမြစ်ထားသောနည်းပညာတစ်ခုဖြစ်သည်။ဖုန်းရွှေပညာရှင် တော်တော်များများ သိထားသော်လည်း၊ လူအနည်းငယ်ကသာ လုပ်နိုင်ကြ၏။ဤအစီအရင်သည် အလွန်ကောင်းမွန်စွာလုပ်ဆောင်ထားသဖြင့် အလွန်အစွမ်းထက်သောပညာရှင်ကသာ လုပ်ထားပုံရသည်။
သို့သော် စုမုန့်သည် အရာတစ်ခုကို အလွန်သိချင်နေခဲ့သည်။ဤအစီအရင်ကို စနစ်ထည့်သွင်းခြင်းသည် ပြုလုပ်သူ နှင့် ပစ်မှတ်နှစ်ခုစလုံးအပေါ် နောက်ပြန်ဆုတ်၍မရနိုင်သော အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
ဟုန်စစ်သည် တားမြစ်ထားသော နည်းပညာ၏ တုန့်ပြန်မှုကြောင့် မျက်စိကွယ်သွားခဲ့သည်။ကံကောင်းထောက်မစွာပင်၊ သူ့ပြဿနာက အထူးမပြင်းထန်သေး။ အစီအရင်ပျက်သွားသရွေ့ သူ့မျက်လုံးတွေက သဘာဝအတိုင်း ပြန်ကောင်းလာမှာပင်။ သို့သော် ဤအစီအရင်၏ အကျိုးသက်ရောက်မှုများကို လုံးဝဖယ်ရှားနိုင်မည်မဟုတ်။အဖိုးဝေ့ခမျာ ဤအကြောင်းကို သိထားဟန်မတူပေ။
စုမုန့် အဘိုးဝေ့ကို စူးစိုက်ကြည့်နေမိသည်။ သူ့ဘဝတစ်လျှောက်လုံး ရွှေရောင်အလင်းတန်းတွေနှင့် လင်းလက်ဖြာတောက်နေပြီး ကြီးကြီးမားမား ပြဿနာတွေ မရှိဘဲ ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ထား၍၊ ကြီးကြီးမားမား ဘေးဒုက္ခတွေ မကြုံရဘူးဟု ဆိုနိုင်ပါသည်။သူ၏ အသက်လမ်းကြောင်းမှာလည်း ထိခိုက်မှုမရှိပေ။ ထို့ကြောင့်ဖြစ်နိုင်ခြေနှစ်ခုရှိသည်။တစ်ခုကတော့ အစီအရင်မှာ သူနှင့်ဘာမှ မသက်ဆိုင်သလို သူ့ကို ထိခိုက်မှာ မဟုတ်။ ဒုတိယအကြောင်းရင်းမှာ ဖုန်းရွှေပညာရှင်သည် အစီအရင်၏ဆိုးကျိုးအားလုံးကို ခံယူထားသောကြောင့် အဘိုးဝေ့ကို မထိခိုက်စေခဲ့ခြင်းပင်။
သို့သော် ထိုထင်မြင်ယူဆချက်နှစ်ခုစလုံးက ယုတ္တိမရှိ။ ပထမဆုံးအနေနှင့်ဤအစီအရင်ဟာ အဘိုးဝေ့ နှင့် တစ်ကယ်မသက်ဆိုင်ဘူးဆိုလျှင်၊အဘိုးဝေ့သည် သူမနှင့်ဝေ့ထင် ဝင်လာသည်ကို မြင်ရုံနှင့် အတင်းပြန်လွှတ်ဖို့ မဖြစ်နိုင်ပေ။သို့ဆိုလျှင်၊အစီအရင်က ကောင်းသည့်အရာမဟုတ်မှန်း သူလည်း သိသည်။
ဒုတိယအနေနှင့်၊ ဖုန်းရွှေပညာရှင်တစ်ယောက်တည်းက၊ အကျိုးဆက်များကို တစ်ယောက်တည်း ခံယူရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဘယ်ဖုန်းရွှေပညာရှင်က သူများအတွက်နဲ့ သူ့အသက်ကို စွန့်စားမှာလဲ...ပိုက်ဆံဘယ်လောက်ပဲ ပေးပေး မဖြစ်နိုင်ပေ။သူတို့မှာ ပိုက်ဆံရှိနေလည်း၊ အသက်ရှင်ဖို့ မဖြစ်နိုင်ပါက အကြောင်းမထူးချေ။
စုမုန့် အတွေးနယ်ချဲ့နေခိုက်၊ တစ်ယောက်ယောက်က သူမ ပခုံးကို ပုတ်လိုက်သည်။ သူမ သတိဝင်လာကာ၊လှည့်ကြည့်လိုက်မှ အဘိုးဝေ့မှန်း တွေ့ရသည်။
အဘိုးဝေ့က သူမကို စိုးရိမ်တကြီးမေးသည်။ "မိန်းကလေးမုန့်...မင်း ဒီအစီအရင်ကို ကြောင်စီစီကြီး စိုက်ကြည့်နေပါလား...အဲ့ဒါက ဘာမှားလို့လဲ…အစီအရင်မှာ ပြဿနာရှိနေတာလား...မင်း အဆင်မပြေရင် ဝေ့ထင်နဲ့အတူ ပြန်တက်တော့မလား"
ထို့နောက်၊ သူက စုမုန့်ကို ကောင်းခြင်းယင်စွမ်းအင်ရှစ်မျိုး ကျိန်စာက ဘာကိုဆိုလိုသလဲဆိုသည်ကို အကြိမ်ကြိမ် မေးခဲ့သော်လည်း၊ စုမုန့် မတုံ့ပြန်ခဲ့ပေ။ သူမက ရေကန်နှစ်ခုအား စိုက်ကြည့်နေသည်ကို၊ သူမ တစ်ခုခုဖြစ်သွားပြီထင်ပြီး အဘိုးဝေ့က စိုးရိမ်နေခြင်းဖြစ်သည်။
စုမုန့် သတိပြန်ဝင်လာပြီး အဘိုးဝေ့ကို ပြုံးပြလိုက်သည်။
“အဘိုးကို မေးစရာရှိတယ်… မသင့်တော်ဘူးထင်ရင် ကျွန်မဘယ်တုန်းကမှ မမေးခဲ့ဘူးလို့ သဘောထားပေးနော်"
....
အဘိုးဝေ့က ခေါင်းညိတ်သည်။
"ဒီအစီအရင်ကို တည်ထောင်ဖို့ လူတစ်ယောက်ကို ရှာခဲ့သလား"
"တောင်းပန်ပါတယ် မိန်းကလေးမုန့်" အဘိုးဝေ့က လန့်ဖျပ်စွာပြောသည်။
"အဘိုး မင်းကိုတစ်ကယ်မဖြေနိုင်ဘူး…ဒီအစီအရင်နဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ၊ဘယ်သူ့ကိုမှ မပြောပါဘူးလို့ အဲဒီလူကို ကတိပေးခဲ့တယ်”
အဘိုးဝေ့ သူမ၏မေးခွန်းကို မဖြေသော်လည်း၊ သူ့စကားကို နားထောင်ကာ အဖြေကို အကြမ်းဖျင်း တွေးတောမိခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဤအစီအရင်သည် အဘိုးဝေ့နှင့် မသက်ဆိုင်ပေ။ဒါကို တခြားတစ်ယောက်က စီရင်ထားတာ...ဘာလို့ စီရင်ထားတာလဲ... အကြောင်းရင်းက ဘာလဲ..
သူမ စားပွဲပေါ်ရှိ ဓာတ်ပုံကို ကြည့်လိုက်သည်။ဓာတ်ပုံထဲကလူကို သူမ မသိသလို၊ တစ်ခါမှမမြင်ဖူးဘူးဆိုတာလည်းသေချာသည်။သို့သော်လည်း ဓာတ်ပုံကို စားပွဲပေါ်မှာ သေချာတင်ထား၍၊သူမသည် အဘိုးဝေ့အတွက် အလွန်အရေးကြီးကြောင်း သိလိုက်သည်။ သူ့မိန်းမဖြစ်နိုင်လား… ဒါပေမယ့် သူမ တစ်ကယ်ပဲ ဝေ့ထင် ရဲ့ အဖွားဖြစ်ခဲ့ရင် ဝေ့မိသားစုရဲ့ဗီလာမှာ သူမ ဓာတ်ပုံကို ဘာလို့ မချိတ်ထားတာလဲ…
အဘိုးဝေ့ သည် စုမုန့် အတွေးနွံထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖုံးကွယ်မနေတော့ဘဲ ဓာတ်ပုံထဲကလူကို မိတ်ဆက်ပေးလိုက်သည်။
"သူမက အဘိုးရဲ့ မိန်းမ... ဝေ့ထင် ရဲ့ အဘွားပါ"
သူ့မိန်းမအကြောင်းပြောရင်း အဘိုးဝေ့မျက်နှာက တစ်ခါမှမမြင်ဖူးသည့် နူးညံ့သိမ်မွေ့မှုတို့ ထင်ဟပ်နေ၏။
စုမုန့် အတွေးမှန်သွားသည်။ “ဒါပေမယ့် ဘာလို့...”
"မင်း မေးချင်တာက အိမ်မှာ သူမ ဓာတ်ပုံတွေ ဘာလို့မရှိတာလဲ ဟုတ်တယ်မလား...ဒါက ပြောရရင် အရှည်ကြီးပဲ”
အဘိုးဝေ့သည် ဘေးနားရှိ ကုလားထိုင်တစ်ခုဆီသို့ လှမ်းထိုင်လိုက်သည်။သူ ကိုယ်ပေါ်က ဒဏ်ရာဟောင်းကြောင့် အကြာကြီး မရပ်နိုင်ခဲ့။ခဏထိုင်ကာ သူ့ခန္ဓာကိုယ်ကို ပြေလျော့စေပြီးနောက် သူက ဆက်ရှင်းပြသည်။
"ဝေ့မိသားစုရဲ့ လုပ်ငန်းတွေကို အဘိုးလက်နဲ့ တည်ဆောက်ခဲ့တာ..လုပ်ငန်းတွေ မလုပ်နိုင်ခင်က အဘိုးနဲ့ဇနီးက အရမ်းဆင်းရဲခဲ့တာလေ…သူမက အဘိုးအတွက် အများကြီး နစ်နာခဲ့ရတယ်"
(ရန်သူသည် အသက်ရှင်ဆဲ)
“အဲဒီတုန်းက အဘိုးက ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမယ့် သူမက မတူပါဘူး...သူမက အရမ်း ချမ်းသာတဲ့ မိသားစုက သမီး..ဒါပေမယ့် နောက်ပိုင်းမှာ သူမတို့ မိသားစုရဲ့ ကုမ္ပဏီက ကောင်းကောင်းမလည်ပတ်နိုင်တော့ဘဲ ဒေဝါလီခံရခါနီးဖြစ်သွားတယ်..သူ့မိဘတွေက ကုမ္ပဏီကိုပြန်လည်ပတ်နိုင်ဖို့ သူမကို သူဌေးနဲ့လက်ထပ်စေချင်ကြတယ်”
“ဒါပေမယ့် အဲဒီအချိန်က အရေးတကြီးဖြစ်နေတော့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလုပ်ဖို့ အခွင့်အရေး မရှိခဲ့ကြဘူး...ချမ်းသာပြီး သြဇာကြီးမားတဲ့ မိသားစုတစ်စုကလည်း သူတို့သားအတွက် ဇနီးတစ်ယောက် ရွေးချယ်နေကြတာ...သူမရဲ့ မိဘတွေက ဒါကိုမြင်ပြီး သားရှင်နဲ့ချိတ်တာ...ဟိုဘက်ကလည်း မမျှော်လင့်ထားလောက်အောင် မြန်မြန်သဘောတူတယ်…ဒါနဲ့ ရက်နည်းနည်းအတွင်းမှာပဲ နှစ်ဖက်မိဘတွေ လက်ထပ်ဖို့ စတင်ဆွေးနွေးကြတယ်”
“အဲ့ဒီ တစ်ဖက်က သင့်တင့်တဲ့ရုပ်ရည်ရှိပြီး အကျင့်ကောင်းတဲ့ သာမန်လူတစ်ယောက်ဆိုရင် အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် သူမရဲ့ မိဘတွေ ရှာထားတဲ့လူက ရုပ်ဆိုးပြီး စာရိတ္တပိုင်းကလည်း မကောင်းဘူး...လူမှုရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်…အိမ်ထောင်ပြုဖို့က နီးစပ်နေပြီ၊ ဒါပေမယ့် အဲဒီလူက ကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တာ...သူတို့က သူဌေးဆိုတော့ ဒီကိစ္စကို ဖုံးထားချင်ကြတယ်… နောက်ပိုင်းမှာ ပြုကျင့်ခံရတဲ့မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး အမှုအခင်းဖြစ်သွားခဲ့တယ်... သူမလည်း သိသွားပြီးတော့ အိမ်ထောင်ရေးကို မစီစဉ်စေချင်ပေမယ့် မိဘတွေက သဘောမတူဘူး...ယောက်ျားလေးဖက်ကနေ ငွေတွေလက်ခံထားလို့ သူမတို့ ကုမ္ပဏီက တဖြည်းဖြည်း ကောင်းမွန်လာတယ်လေ…ဒါကြောင့် သူမကို အိမ်ထောင်ပြုရမယ်လို့ သတိပေးထားတယ်”
စုမုန့် ဒေါသထွက်လာပြီး မနေနိုင်ဘဲ ပြောမိတော့သည်။
“အဲဒီလူက မကြာခင် မိန်းမယူတော့မှာကို အဲ့ဒီလိုမျိုး လုပ်ရသလား... ရွံမုန်းဖို့ကောင်းတယ်"
တစ်ဖန် သူမက ဝေ့ထင်ကိုကြည့်ရင်း “ရည်ရွယ်ထားတဲ့ မိန်းမရှိနေရက်နဲ့ တခြားမိန်းကလေးကို မက်မောနေတယ်ဆိုကတည်းက၊သူ အသက်ရှင်ဖို့ မထိုက်တန်ဘူး”
စုမုန့် အကြည့်ကြောင့် ဝေ့ထင် စိတ်ရှုပ်သွားကာ သူမကို ကြည့်နေသည်။ သို့သော်၊စုမုန့် က သူနှင့်စကားမပြောလာဘဲ တစ်ဖက်လှည့်သွား၏။
ဝေ့ထင် : “…”
စုမုန့်က သူ့အကြောင်းပြောနေသလိုမျိုး ဘာကြောင့်ခံစားရတာလဲ။
အဘိုးဝေ့က သက်ပြင်းချပြီး “အရင်ခေတ်က အခုနဲ့ မတူဘူး… ဒီလိုသာဖြစ်ခဲ့ရင် အဲ့ဒီ မုဒိမ်းကောင် ခုခေတ်ကြီးမှာ ထောင်အကြာကြီး ကျမှာပဲ...သူ တစ်သက်လုံး ထွက်လာနိုင်မှာ မဟုတ်ဘူး”
“ဒါပေမယ့် အဘိုး မိန်းမရဲ့ မိဘတွေကလည်း အလိုတူ ဖြစ်နေတာပါ… အဘိုး၊ ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်း ပြောမိလို့ အပြစ်မတင်ပါနဲ့… ဒါပေမယ့် သူတို့လုပ်တာက သမီးကို ရောင်းစားတာနဲ့ မတူဘူးလား…တစ်ဖက်က ဘယ်လိုလူလဲဆိုတာ သိပေမယ့် သူတို့သမီးကို အတင်းလက်ထပ်ခိုင်းနေတာလေ"
စုမုန့် တကယ်ကို ဒေါသထွက်သွားသည်။သူမ၏ ပင်ကိုယ်စရိုက်ကြောင့် အဘိုးဝေ့ ရှေ့တွင် ဤကဲ့သို့ ကြမ်းတမ်းသော စကားများကို ခါတိုင်းဆိုလျှင် ပြောမှာမဟုတ်။ယခုလို ပြောခြင်းက သူမဒေါသထွက်နေမှန်း သိသာ၏။
အဘိုးဝေ့က သူမ၏စကားကိုစိတ်မ၀င်စားဘဲ ဆက်ပြောသည်။
“အဲဒီနောက်တော့ အဘိုး မိန်းမက သည်းမခံနိုင်တော့ဘဲ လက်ထပ်တဲ့ ပထမဆုံးနေ့မှာ ထွက်ပြေးသွားတယ်...အဘိုး သူမကိုတွေ့တော့ အရမ်းကို သူမ အဝတ်အစားတွေကလည်း စုတ်ပြတ်သတ်နေပြီး စိတ်မကောင်းဖြစ်စရာ ကောင်းနေတယ်…သူမက အိမ်ခြေယာမဲ့တဲ့…အိမ်မရှိဘူးလို့တောင် အဘိုးကို လိမ်ခဲ့တယ်…အဲဒီတုန်းကတော့ သူမရဲ့ သနားစရာကောင်းတဲ့ ပုံစံကိုမြင်ပြီး အဘိုး ယုံကြည်တဲ့အတွက် သူမကို ခေါ်သွားခဲ့တယ်”
“အဲဒီတုန်းက အဘိုးတို့ လင်မယား အရမ်းဆင်းရဲတယ်…အဘိုး တစ်ယောက်တည်း နေထိုင်စားသောက်ရင်တော့ လုံလောက်ပေမယ့် မိသားစုဝင် ရှိလာမယ်၊ပါးစပ်တစ်ပေါက်တိုးလာတော့ နည်းနည်းတော့ ခက်ခဲတယ်... ဒါကြောင့် ပိုကောင်းတဲ့ ဘဝတစ်ခု ရဖို့အတွက် သူမရဲ့ လမ်းညွှန်မှုအောက်မှာ အဘိုး လုပ်ငန်းတစ်ခုကို စတင်ခဲ့တယ်… အခုပြန်တွေးကြည့်တော့ ဟိုတုန်းက အဘ်ိုးက အရမ်းတုံးတာ... သူမက အားလုံးကို သိပြီး စီးပွားရေးကိစ္စတွေကို တစ်ခုမကျန် နားလည်တယ်...သူမက သေချာသင်ပေးခဲ့တောင် အဘိုး သူမကို သံသယမဖြစ်ခဲ့ဘူး"
အဘိုးဝေ့သည် သက်ပြင်းချကာ ကူကယ်ရာမဲ့သူ တစ်ယောက်လို၊ပြုံးလိုက်သည်။
“သူမက အရမ်းဉာဏ်ကောင်းတယ်…သူမအကူအညီနဲ့ တို့နှစ်ယောက် သုညကနေစပြီး နောက်ဆုံးမှာ လုပ်ငန်းတစ်ခု စတင်နိုင်ခဲ့တယ်… ဒါပေမယ့် နောက်ပိုင်းမှာ…”
ထိုအချိန်တွင် အဘိုးဝေ့ ရုတ်တရက် စကားရပ်သွားသည်။စုမုန့် ဂရုတစိုက် နားထောင်နေရင်း အဘိုးဝေ့ စကားရပ်သွားသဖြင့် “ဒါဆို ဘာဖြစ်သွားတာလဲ”
....
အဘိုးဝေ့၏ မျက်နှာအမူအရာသည် တစ်စုံတစ်ခုကို တွေးတောရင်း မျက်နှာပျက်သွားခဲ့သည်။ သူက ခေါင်းယမ်းပြီး
“ဘာမှမဟုတ်ပါဘူး… အဲဒါပြီးရင် ဘာဖြစ်သွားလဲဆိုတာ မပြောဘဲနေရအောင်... နောက်ပိုင်း ဝေ့ထင်ရဲ့ အဖေကို ကိုယ်ဝန်ရှိခဲ့တယ်… လုပ်ငန်းစထားတော့ ပင်ပန်းလွန်းပြီး ကလေးမွေးတဲ့နေ့မှာ သူမက ကျန်းမာရေးချို့ယွင်းလို့ ဆုံးပါးသွားတာ”
အဘိုးဝေ့သည် သူ့ဇနီးသေဆုံးမှုအကြောင်းပြောသောအခါ စိတ်ဆိုးနေသလိုမျိုး ဖြစ်နေသည်။စုမုန့် သူ့ကိုကြည့်နေရင်း ဝမ်းပါနည်းလာရ၏။
ထိုအချိန်တွင် ဘေးမှ နှုတ်ဆိတ်နေသော ဝေ့ထင် က ရုတ်တရက် အေးစက်စွာပြောသည်။
"အဘွားက ကျန်းမာရေးမကောင်းလို့ သေတာမဟုတ်ပါဘူး...သူမကို လူတစ်ယောက်က မကောင်းကြံတာလေ...အဲဒီတုန်းက သူမကို နာကျင်အောင် လုပ်ခဲ့တဲ့လူက အခုထိ အသက်ရှင်နေပြီး ကောင်းကောင်းနေသေးတာပဲ”
ဝေ့ထင် ၏ စကားကိုကြားလျှင်၊ စုမုန့် နှင့် အဘိုးဝေ့တို့ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အဘိုးဝေ့က သူ့လမ်းလျှောက်တုတ်ကောက်ကို မြေကြီးပေါ်ရိုက်ချလိုက်ပြီး ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။
“ဘာလဲ...မင်း ဟိုတုန်းက ဘာဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းကြည့်ထားတာလား”
စုမုန့် နားမလည်တာက အဘိုးဝေ့က ဘာလို့ ဒေါသထွက်နေတာလဲ…သူ့ရန်သူ အသက်ရှင်နေသေးရင် အဘိုးဝေ့က သူ့ကိုဘာလို့ ဘာမှမလုပ်တာလဲ… ရန်သူ့ကို ဘာကြောင့် ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးခဲ့တာလဲ…ပြီးတော့ ဝေ့မိသားစုရဲ့အရှိန်အဝါနဲ့ဆို ဘယ်သူ့ကိုမဆို တစ်ခုခုလုပ်ပစ်ဖို့က အလွယ်လေးမဟုတ်လား…
အဘိုးဝေ့၏ ဆူပူကြိမ်းမောင်းမှုကြောင့် ဝေ့ထင် မတုန်လှုပ်ဘဲ သူက ဆက်လက်၍ပြော၏။
“ဒီလိုကိစ္စမျိုးကို စုံစမ်းရတာ လွယ်ပါတယ်… အများကြီး အားထုတ်စရာမလိုပါဘူး… နောက်ပြီး အဘိုးဘာတွေ စိတ်ပူနေလဲဆိုတာ ကျွန်တော်သိတယ်... ဝေ့မိသားစုက ဘယ်လောက်ပဲ ချမ်းသာပါစေ၊မိသားစုဝင်တိုင်းက သာမန်စီးပွားရေးသမား တွေချည်းပဲ၊ဒါပေမယ့် အဲဒီလူရဲ့ နောက်ခံမိသားစုအသိုင်းအဝန်းက စီးပွားရေး လောကထဲမှာတင်မကဘူး၊ အစိုးရအသိုင်းအဝန်းထဲမှာလည်း ပါတယ်မလား”
xxxxxxxx