Chapter 139
(မရုန်းနဲ့...)
အဘိုးဝေ့သည် ဝေ့ထင် စိတ်အားထက်သန်လွန်ပြီး၊ အမှားတစ်ခုခုလုပ်မိမှာကို ကြောက်နေမိသည်။
“အဲဒီလူရဲ့ နောက်ခံမိသားစုကို သိလို့ မင်းကို ဒေါသတကြီး အဆောတလျင် မလုပ်ဖို့ ငါပြောနေတာ...မင်းအဘွားမသေခင် မှာသွားတဲ့ နောက်ဆုံးဆန္ဒက ဝေ့မိသားစုရဲ့သားသမီးမြေးမြစ်တွေ ကျန်းမာပြီး ဘေးကင်းဖို့ပဲ... ဒီစုံစမ်းစစ်ဆေးမှုကြောင့် မင်းထိခိုက်သွားရင် မင်းအဘွားကို ငါဘယ်လိုဖြေရမလဲ"
အဘိုးဝေ့ နှင့် ဝေ့ထင် နှစ်ယောက်စလုံးက တစ်ဖက်ရန်သူမှာ ဘယ်သူမှန်းသိသော်လည်း စုမုန့်ကတော့ ဘာမှမသိပေ။ သူမ အချိန်အတော်ကြာအောင် စဉ်းစားနေမိသည်။
ဒါဆို ဝေ့မိသားစုရဲ့ရန်သူက ဝေ့မိသားစုထက်တောင် ပိုအားကောင်းနေသလား...ဒါကြောင့် သူတို့ကို မနိုင်တာလား...
သူမ အစီအရင်ကို တစ်ချက်ကြည့်လိုက်ကာ တစ်ခုခုကို တွေးနေမိသည်။
ဝေ့ထင်၏စကားကြောင့် အဘိုးဝေ့ ယခုဆို အနည်းငယ် တုန်လှုပ်သွားလေသည်။ဝေ့ထင်က စိတ်အားထက်သန်စွာ တစ်ခုခုလုပ်မှာ ကြောက်၍ သူ့ကို ထပ်ပြီး သတိပေးပြန်၏။
"ငါ မင်းကို မဆင်မခြင် မလုပ်ဖို့ ပြောနေတာနော်... မင်း ဒုက္ခတစ်ခုခု ကြုံလာရင် မင်းကို ခွင့်မလွှတ်ဘူး...ငါ ပြောတာကြားရဲ့လား"
ဝေ့ထင် သည် အဘိုးဝေ့ကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ထားကာ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေခဲ့သည်။ အဘိုးဝေ့က သူ့ကို ဘာဒုက္ခမှ မဖြစ်စေဖို့ ပြောထားတာကြောင့် ၊သူသာ တိတ်တိတ်လေး ဖြေရှင်းနိုင်ရင် ကန့်ကွက်မှာ မဟုတ်ပေ။
အဘိုးဝေ့ ဤကိစ္စကို မပြောချင်တော့။သူ့ရင်ထဲက မုန်းတီးနာကျည်းမှုကို စွန့်လွှတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။သူ အချိန်တစ်ခုကို တစ်သက်လုံးစောင့်နေခဲ့တာပင်။ယခုအချိန်က မှန်ကန်သော အချိန်မဟုတ်သေးပေ။ ထို့ကြောင့် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"မိန်းကလေးမုန့် ဒီကြွေထည်ပိုင်းကို ဘယ်မှာတွေ့တာလဲ…နှစ်အတော်ကြာအောင် မတွေ့ခဲ့ရတော့ နောက်ထပ်မတွေ့ရတော့ဘူးလို့ အဘိုး တွေးမိခဲ့တာ... နောက်ပြီး ဒီကိစ္စကို မင်းဘယ်လိုသိလဲ"
စုမုန့် က ပြုံးပြီးပြောသည်။
"အဘိုး၊ ကျွန်မတို့ ပထမဆုံးစတွေ့တုန်းက အဘိုးရဲ့ပုံကို ပြခဲ့တာမေ့သွားပြီလား...ကျွန်မ ဒီဟာကို ရှာတွေ့ဖို့ သူငယ်ချင်းကို အကူအညီတောင်းခဲ့တာ...ဒါပေမယ့် ကျန်တဲ့တစ်ဝက်ကို ဘယ်လိုရှာရှာ မတွေ့ခဲ့ပါဘူး..."
ထိုစဉ်၊ ဝေ့ထင်သည် အဘိုးဝေ့ လက်ထဲရှိ ပစ္စည်းကိုမြင်ပြီး အံ့ဩသောအမူအရာဖြင့်ပြောသည်။
"ဒါက.. ဘယ်လိုဖြစ်လာတာလဲ"
စုမုန့်က ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြန်မေးသည်။
"ဘာဖြစ်နေလို့လဲ…ဘာကိုဆိုလိုတာလဲ"
ဝေ့ထင် မျက်မှောင်ကြုတ်ပြီး ဘာမှမပြောဖြစ်။ စုမုန့် စိတ်မရှည်တော့ဘဲ
“မစ္စတာဝေ့...ကျေးဇူးပြုပြီး ရှင် ပြောချင်တာကို ဆက်ပြောလို့ရမလား…ကျွန်မကို စိတ်တိုအောင် မလုပ်နဲ့...ရှင် မပြောရင် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မက ဘယ်လိုသိမလဲ…ကျွန်မက အကုန်သိနေရအောင် ရှင့်ဗိုက်ထဲက သန်ကောင်မဟုတ်ဘူး"
သူမ၏ စကားထဲတွင် ရန်လိုစိတ် ပြင်းထန်လွန်းသဖြင့် အဘိုးဝေ့ပင် တုန်လှုပ်သွားသည်။
....
အဘိုးဝေ့က ဝေ့ထင်ကို ကြည့်ကာ "မိန်းကလေးမုန့် ဒေါသထွက်နေတာကို မင်း မမြင်ဘူးလား…ပြောစရာရှိရင် မြန်မြန်ပြောလိုက်စမ်း... ကျောက်ရုပ်လုပ်မနေနဲ့"
စုမုန့် ကလည်းခေါင်းညိတ်ထောက်ခံသည်။မျှော်လင့်ထားသည့်အတိုင်း အဘိုးဝေ့ကလည်း သိချင်နေပုံပင်။
ဝေ့ထင် ခဏစဉ်းစားပြီးမှ "မင်း အဘိုးကို ဒီသေတ္တာပေးခဲ့တာလား"
အဘိုးဝေ့ က စုမုန့်ကို မေးသည်။
"ဘာသေတ္တာလဲ...မိန်းကလေးမုန့် ပေးခဲ့တဲ့ဟာက အလုံပိတ်အိတ်ပါ... ဘာတွေဖြစ်နေတာလဲ... ရှောင်ရွှယ် ပြောတဲ့ အတိုင်းဖြစ်နေတာလား...မင်းက မွေးနေ့လက်ဆောင်တစ်ခုကို မိန်းကလေးမုန့်ကနေတစ်ဆင့် ငါ့ကိုပေးခိုင်းတာလား"
ဝေ့ထင် မဖြေဘဲ စုမုန့် ဘက်လှည့်ပြီး မေးလိုက်သည်။
"ကိုယ် ပေးလိုက်တဲ့ သေတ္တာကို မင်းမပေးဘူးဆိုရင် သေတ္တာက ဘယ်မှာလဲ"
စုမုန့်က ပခုံးတွန့်ပြီး “လူခိုးသွားပြီ...ဒါပေမယ့် အခုထွက်သွားရင် ရှာတွေ့နိုင်တယ်…လေ့ကျင့်ထားတဲ့ ခွေးတစ်ကောင် ရှာနိုင်ရင် အဲဒါကို ရှာရတာ လွယ်နိုင်တယ်”
ဝေ့ထင်၏ စကားအသုံးအနှုန်းအရ သေတ္တာသည် အလွန်အရေးကြီးပုံရသည်။စုမုန့်သည် သေတ္တာ ဘယ်မှာလဲဆိုတာ သိသော်လည်း၊သူမသာပြောလိုက်လျှင်၊သူမ လိုချင်သော အကျိုးသက်ရောက်မှုကို ရနိုင်မှာ မဟုတ်ပေ။ သူမ ဝေ့ထင်ကိုသေတ္တာအကြောင်း သတိပေးဖို့ ပြင်နေခဲ့သော်လည်း၊ဝေ့ထင် ကိုယ်တိုင်ပင် ဦးစွာ မေးလာသည်။တော်သေးသည်။သူမ စကားအစဖော်ပေးနေစရာမလိုတော့။
“ဒါက ရှင်းပါတယ်...အရင်အပြင်ထွက်ရအောင်။"
ဝေ့ထင် ပြောရင်းဆိုရင်း စုမုန့် လက်ကို ကိုင်ကာ သူမနှင့်အတူ ထွက်လာခဲ့သည်။ စုမုန့် ရုန်းကြည့်သော်လည်း၊ ဝေ့ထင်က သူမကို ရုန်းဖို့ပင် အခွင့်အရေးမပေးခဲ့ချေ။ သူမလက်တစ်ဖက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်က သူမခါးကနေ ထိန်းကာ ပွေ့ချီသွားတော့သည်။
ပြီးလျှင်၊ဝေ့ထင် အိမ်အောက်ထပ်မှ အမြန်ထွက်လာပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ထို့နောက် သူက စုမုန့်ကို လှေကားထစ်ပေါ်အထိ ပွေ့သွားလေ၏။
အရာအားလုံး မြန်ဆန်လွန်းသဖြင့် အဘိုးဝေ့နှင့် စုမုန့်တို့ ဘာမှပြောဖို့ပင် အချိန်မရှိပေ။ သူတို့ ကြောင်စီစီဖြစ်နေချိန်မှာ ဝေ့ထင်က စုမုန့်ကို မြေအောက်ခန်းထဲက ပွေ့ခေါ်ပြီးသွားလေပြီ။
အဘိုးဝေ့သည် ပွင့်ရာမှ ပိတ်သွားသော တံခါးကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
“သူတို့ ဆက်ဆံရေးက ငါ ကြားထားသလောက် မဆိုးပါဘူး...ဝေ့ထင်ရဲ့ လှုပ်ရှားမှုတွေက မြန်ပေမယ့် အရမ်းနူးညံ့ပြီး စုမုန့်ကိုလည်း ကြင်နာမဲ့ပုံ"
ဝေ့ထင် ရုတ်တရက် သူမကို ပွေ့ချီလိုက်သည့်အခါ စုမုန့် ထိတ်လန့်သွားသည်။ သူမ အတင်း ကိုယ်ကို လူးလွန့်ရုန်းကန်ရင်း “ဝေ့ထင် ဘာလုပ်နေတာလဲ.. အောက်ချပေး"
ဝေ့ထင်က ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။
“မင်းဆက်ပြီးရုန်းရင် မင်းခန္ဓာကိုယ်က ဒဏ်ရာတွေ ပြန်ပွင့်ထွက်လာလိမ့်မယ်”
(ဒါက ငါ့အလုပ်ပဲ...)
ဝေ့ထင်၏ စကားကိုကြားမှ စုမုန့်သည် သူမ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပွင့်လာသည်ကို စတင်ခံစားလာရသည်။ စောစောက ခြံထဲမှာရှိစဥ်က၊ လဲကျလုနီးပါးဖြစ်ချိန်မှာ ဒဏ်ရာကို တစ်ခါ သွားဖိမိသည်။နောက်တစ်ကြိမ် ထပ်ပြီး ထိမိလျှင် ဒဏ်ရာက သေချာပေါက်ပွင့်လာပြီး ပြန်ကောင်းလာဖို့ အချိန်အကြာကြီး လိုပါလိမ့်မည်။ထိုအတွေးဖြင့် စုမုန့် ရုန်းကန်တာကို ရပ်လိုက်ပြီး ဝေ့ထင် ရင်ခွင်ထဲကို နာခံစွာမှီထားကာ လှေကားထစ်ပေါ်သို့တက်ရာတစ်လျှောက် အသာငြိမ်နေလိုက်၏။
သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိသည်။ ဝေ့ထင် အပွေ့ခံရတာ ကောင်းတယ်မလား...ဘယ်လိုပဲဖြစ်ဖြစ် သူမ မမောတော့ဘူးပေါ့... နောက်ဆုံးတွင် လှေကားထစ်များစွာကို လှမ်းတက်ခဲ့သည့် ဝေ့ထင်ကသာ ပင်ပန်းနွမ်းနယ်နေပေလိမ့်မည်။
ဆင်းလာသောအခါတွင် သူမ ခြေထောက်များ နာကျင်နေခဲ့သော်လည်း၊အတက်တွင် ဝေ့ထင်က သူမအား ချီပိုးထား၍ အထူးပင် ပေါ့ပါးလန်းဆန်းလာသည်။
ဝေ့ထင်က စုမုန့်ကို အသက်တောင်ပြင်းပြင်းတစ်ချက်မရှူဘဲ လှေကားထစ် တစ်လျှောက် ပွေ့ခေါ်သွားသည်။
စုမုန့် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။သက်တောင့်သက်သာရှိသည့် ဘဝကို ဖြတ်သန်းနေသူ CEO တစ်ယောက်က ယခုလိုကိုယ်ခံအားကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ထို့ကြောင့်လည်း ၊သူက တိုက်ရာခိုက်ရာမှာ တော်ခြင်းဖြစ်မည်။
ဝေ့ထင်က စုမုန့်ကို မြေအောက်ခန်းထဲမှ ပွေ့ချီကာ အိမ်ထဲသို့ရောက်လာပြီးသော်လည်း၊ယခုထိ အောက်ချဖို့ ရည်ရွယ်ချက် မရှိသေး။ သူမကို ဆက်ပြီးပွေ့ခေါ်လာခဲ့၏။
စုမုန့်သည် သူမတို့၏ ဆက်ဆံရေးကို လူတွေ အထင်လွဲသွားမှာ ကြောက်၍ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရင်း သူမက ပြောလိုက်သည်။
"ကောင်းပြီလေ.. အပေါ် ရောက်နေပြီလေ... ချပေးတော့"
ဝေ့ထင်သည် သူမ၏ဖြူဖျော့နေသော မျက်နှာကိုကြည့်ပြီး အေးအေးဆေးဆေး မေးသည်။
"မင်းမျက်နှာပျက်မှာက ပိုအရေးကြီးသလား ဒါမှမဟုတ် မင်းကျန်းမာရေးက ပိုအရေးကြီးသလား"
စုမုန့် နှုတ်ခမ်းစူကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်လေ...လူက အရေးကြီးတာပေါ့...မျက်နှာပျက်လည်း ပိုက်ဆံရမှာမှ မဟုတ်တာ...ကျန်းမာမှ ပိုက်ဆံရမှာ"
"ဒါဆို ဒီမှာပဲ ငြိမ်ငြိမ်လိုက်ခဲ့"
စုမုန့်သည် တစ်ဖက်သားကို အံ့ဩရလောက်အောင် စကားတတ်သူဖြစ်လေသည်။သို့သော်၊ဝေ့ထင်ကလည်း သူမအကြောင်းကို သိပြီး၍ သဘောပေါက်ကာ ထုံးစံလိုဖြစ်နေပြီးသားပင်။သူမ၏ နောက်ဆုံးစကားတစ်ခွန်းကို ဘာမှပြန်ပြောမနေတော့။
နှစ်ယောက်သား အခန်းထဲက ထွက်လာရာ၊ဝေ့ရွှယ်နှင့်ရှောင်ရှောင် သူတို့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။
ဝေ့ရွှယ် သည် ချက်ချင်း ဝေ့ထင် က စုမုန့်အား ပွေ့ထားသည်ကို သတိပြုမိလိုက်သည်။သူတို့နှစ်ဦးသည် အလွန်ရင်းနှီးပုံရပြီး ယခင်ထုံးစံအတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မရဘဲ လျစ်လျူရှုထားပုံနှင့် လုံးဝမတူပေ။
သူတို့ဘယ်တုန်းက ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးမျိုးရှိခဲ့တာလဲ...ဝေ့ရွှယ် စိတ်ထဲမှာ ရေရွတ်လိုက်ရင်း မျက်တောင်မခတ်ဘဲ စုမုန့်ကို စိုက်ကြည့်နေသည်။သူမ၏မျက်လုံးထဲတွင် မနာလိုစိတ်က မီးဟုန်းဟုန်းတောက်လောင်တော့မည်။
....
ဝေ့ရွှယ်သည် စုမုန့်ကို အလွန်အာရုံစိုက်နေမိ၍ နှုတ်ဆက်ရန် မေ့သွားကာ မျက်နှာအမူအရာကိုလည်း ထိန်းချုပ်ဖို့ မေ့သွားခဲ့သည်။ယခုဆို သူမ၏ မျက်နှာက အလွန်အမင်း ညိုမဲနေ၏။
တစ်ဖက်တွင်၊ ရှောင်ရှောင်သည် ဝေ့ထင်ကြောင့် စုမုန့်ကိုပင် အနေခက်အောင် လုပ်ထားသူပင်။သို့သော်၊သူမသည် ဝေ့ထင်ကိုဂရုမစိုက်သလို၊စုမုန့်ကိုလည်း လျစ်လျူရှုကာ သူမ လက်ထဲတွင်ရှိသော သေတ္တာကိုသာ အာရုံစိုက်နေသည်။ကနုတ်များက လက်ရာမြောက်ပြီး ဈေးကြီးပုံပေါက်သည်။ရှောင်ရှောင် အပြုံးကို မဖုံးကွယ်နိုင်ခဲ့ပေ။ ဝေ့ထင်နှင့် စုမုန့်၏ ရင်းနှီးသော အပြုအမူများကို မြင်လိုက်ရသောအခါ သူမ ဝမ်းသာအားရဖြစ်ပြီး သူတို့အတွက် လမ်းဖွင့်ပေးလိုက်သည်။ သူတို့နှစ်ဦးကြားက ရင်းနှီးမှုကို သူမ လုံးဝ စိတ်မ၀င်စားသလိုပင်။သူမသည် မကြာသေးမီကပင် စုမုန့်အား အလွန်မုန်းတီးခဲ့သည်ကိုပင် မေ့သွားပုံရသည်။
ဝေ့ရွှယ် သည် စကားမပြောဘဲ စုမုန့်ကိုသာ စိုက်ကြည့်နေသည်ကို ဝေ့ထင် မြင်သည်။ သူက ခြေလှမ်းကိုရပ်လိုက်ပြီး “လမ်းဖယ်ပေး... နောက်မှလာတွေ့ချင်တွေ့လို့ရတယ်"
ဝေ့ထင်၏ စကားကြောင့် ဝေ့ရွှယ် နောက်ဆုံးတွင် သတိဝင်လာရတော့သည်။
"အစ်ကို ဝေ့ထင်၊စုမုန့်၊ နင်တို့ ဘာလုပ်နေတာလဲ"
ချက်ချင်းပင်၊ စုမုန့် သည် ဝေ့ထင် ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချစ်ခင်စွာ ရစ်ပတ်ထားလိုက်သည်။ ထို့နောက် ဝေ့ရွှယ်ကိုကြည့်ကာ သူမ၏ ရာထူးကို ကြေငြာနေသကဲ့သို့
"နင့်အစ်ကိုက ငါလမ်းလျှောက်ရတာ ပင်ပန်းမှာကြောက်လို့ ငါ့ကို ပွေ့ချီလာပေးတာလေ...ဟင်း... အရမ်းဂရုစိုက်ခံရတာလည်း ပြဿနာပဲ"
ထို့နောက် စုမုန့်က ဝေ့ထင်ကို လှည့်ကြည့်သည်။ "ကြည့်စမ်း ဒီမှာ ရှင့်ညီမ ရှိနေတယ်လေ... အပြင်လူတစ်ယောက်လည်းရှိတယ်...ဖယ်ဖယ်... ကျွန်မဘာသာလမ်းလျှောက်မယ်"
စုမုန့်၏ သရုပ်ဆောင်ချက်မှာ မသိပါက၊တစ်ကယ်ပြောနေသလိုပင်။သို့သော်၊ဝေ့ထင်ကတော့ ယခင်ကလည်း အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသလို၊အနီးနားတွင် ဘယ်သူမှ မရှိသောအခါတွင် သူမက တစ်ဖန်ပြန်ပြီး အေးစက်သွားတတ်သည်။သူကလည်း သူမလို လိုက်သရုပ်မဆောင်လျှင် အရူးကြီးသဖွယ် ကြောင်နန ဖြစ်ကျန်နေတတ်သည်။ သို့သော် သူမကသရုပ်ဆောင်နေခြင်းဖြစ်သော်လည်း ဝေ့ထင် သဘောကျနေဆဲဖြစ်သည်။
သူ့ပါးစပ်ထောင့်က အနည်းငယ် ကြွလာကာ ၊အံ့သြစရာကောင်းစွာပင် သူပါ သူမနောက်ကို အသင့်လိုက်ပြောမိခြင်းပင်။သူက စုမုန့်ကို ငုံ့ကြည့်ပြီး
"မင်းကို ပွေ့ချီပေးတာ၊ဂရုစိုက်တာက ကိုယ့်အလုပ်လေ... တခြားသူတွေ ဘယ်လိုထင်လဲ ဆိုတာကို ဂရုစိုက်နေဖို့ မလိုပါဘူး”
ဟုတ်ပါတယ်... သူ့ နှလုံးသားထဲက စကားတွေကို ပါးစပ်က ထုတ်ပြောနေခြင်းပင်။
ဝေ့ထင်သည် ယခင်က ယခုလို နူးညံ့သိမ်မွေ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ၏တုံ့ပြန်မှုက ဝေ့ရွှယ် နှင့် စုမုန့် နှစ်ယောက်စလုံးကို ထိတ်လန့်သွားစေပြီး၊သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ဝေ့ထင်သည် စုမုန့်နှင့် တွေ့ဆုံပြီးကတည်းက ယခုလို နူးနူးညံ့ညံ့ ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။အမြဲတမ်း အေးစက်ပြီး ဘာမှမထူးခြားသည့် သူက စုမုန့်ကို နူးညံ့စွာ ပြောလာမည်ဟု ဝေ့ရွှယ် မထင်ထားခဲ့ပေ။သူမကိုယ်လုံးကလေးပင် အနည်းငယ် တုန်လှုပ်သွားရကာ မနာလိုဖြစ်မိသည်။
ဝေ့ထင်ကသာ သူမကို ပွေ့ဖက်ပြီး ဒီလိုပြောရင် ဘယ်လောက်ကောင်းလိုက်မလဲ...ထိုသို့တွေးရင်း စုမုန့်ကို သူမပို၍မုန်းတီးလာပြန်သည်။ဝေ့ထင်ကို သူမထံမှ ပြောင်မြောက်စွာ လုယူဝံ့သောကြောင့် ၊ နောက်ပိုင်းမှာ သူမက မရိုးသားသော နည်းလမ်းများကို အသုံးပြု၍ ပြန်လုပါက အပြစ်တင်နေစရာမလိုချေ။
xxxxxxxxx