Chapter 140
(လျှို့ဝှက်ခန်းကို ရှာဖွေတွေ့ရှိခြင်း)
ဝေ့ထင်သည် စုမုန့်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း ဒီနေရာမှာဆက်နေရန် အစီအစဉ်မရှိပေ။ သူစကားပြောပြီးသောအခါ ဝေ့ရွှယ်ကို လျစ်လျူရှုကာ စုမုန့် အားသူ့အခန်းထဲခေါ်သွားခဲ့သည်။
ဝေ့ရွှယ်သည် ထွက်ခွာသွားသော သူတို့နှစ်ယောက်ကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်ရာ လက်သည်းများက အသားထဲသို့ ဖောက်ဝင်လုနီးပါး ဖြစ်နေသည်။
အရူးလို တခစ်ခစ်ရယ်နေခဲ့သော ရှောင်ရှောင်သည် ယခုမှပင် သတိပြန်ဝင်လာသည်။သူမလည်း ဝေ့ရွှယ် အကြည့်နောက်လိုက်ကာ အံ့သြစွာမေးလိုက်သည်။
"ရှောင်ရွှယ်၊ နင့်အစ်ကိုနဲ့ စုမုန့်တို့ ဆက်ဆံရေးက မကောင်းဘူးလို့ နင်ပဲ ပြောတာမဟုတ်ဘူးလား…အခု သူက ဘာလို့ စုမုန့်ကို ပွေ့ထားတာတုန်း…နင့်အပြောနဲ့ သူတို့လုပ်ရပ်နဲ့က တခြားစီပဲ"
ဝေ့ရွှယ်က ရှောင်ရှောင်ကို စိုက်ကြည့်နေသည်။သူမ မျက်နှာက စူပုပ်ပုပ်ဖြစ်နေသော်လည်း လေသံကတော့ အလွန်ပင် နူးညံ့လျက်ရှိသည်။
"ရှောင်ရှောင်၊ သူတို့သရုပ်ဆောင်နေတယ်ဆိုတာ နင် မသိဘူးလား… ဝေ့မိသားစုက မိသားစုကြီးလေ...ပြီးတော့ ငါ့အစ်ကိုနဲ့စုမုန့်က မကွာရှင်းသေးဘူး... သူတို့ကြားမှာ ပြဿနာရှိမှန်း တခြားသူတွေ သိသွားရင် အဲဒါ လုံးဝ လှောင်စရာကြီးဖြစ်နေမှာပေါ့"
!!
သူမ ပြောပြီးသည်နှင့် ဝေ့ထင်ထွက်လာသည့်အခန်းကို ပြန်လှည့်ကြည့်လိုက်သည်။ထိုအခန်းက အဘိုးဝေ့၏ အခန်းပင်။ ဝေ့ရွှယ် သည် တံခါးပေါက်ကြားမှ ချောင်းကြည့်သော်လည်း အခန်းထဲတွင် မည်သူမျှ မရှိ။
အဘိုးဝေ့ အခန်းထဲမှာ မရှိရင် ဝေ့ထင်နဲ့ စုမုန့်က ဘာလို့ အဲ့ဒီမှာ ရှိနေတာလဲ...အဲဒီမှာ သူတို့ဘာလုပ်ကြတာလဲ…
ဝေ့ရွှယ် နှင့် ရှောင်ရှောင်တို့သည် အခန်း အနီးနားတွင် အချိန်အတော်ကြာအောင်နေခဲ့သော်လည်း အခန်းတွင်းမှ လှုပ်ရှားမှုကို မကြားရပေ။ အခန်းထဲက ဘယ်သူမှ မထွက်လာတာကြောင့် အခန်းထဲမှာ ဝေ့ထင်နှင့်စုမုန့်တို့သာ ရှိခဲ့မှာ သေချာသည်။ ဝေ့ထင်နှင့် စုမုန့်တို့ကြားက ဆက်ဆံရေးသည် သူမကို အလွန်ထူးဆန်းသော ခံစားချက်မျိုး ဖြစ်စေ၍၊သူမ ပို၍ပင် သိချင်လာခဲ့သည်။ယခင်က၊သူတို့နှစ်ယောက်သည် မီးနှင့်ရေလို မလိုက်ဖက်သော စုံတွဲပင်။အခု သူတို့ ဘာကြောင့် ဒီလောက် လိုက်ဖက်ညီပြီး ရင်းရင်းနှီးနှီး ဖြစ်နေရတာလဲ...
ဝေ့ရွှယ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။တစ်ကယ်က ဒဏ်ရာကြောင့် ပွေ့ခေါ်တာလား...ဒါပေမယ့် သူမဘာမှ မလုပ်ခဲ့ဘဲ ဒဏ်ရာက ရုတ်တရက်ပွင့်သွားခဲ့တာလား…
ဝေ့ထင်၏ ပျော်ရွှင်နေသော မျက်နှာထားကို တွေးလိုက်သောအခါ ဝေ့ရွှယ်၏ စိတ်ထဲတွင် အလွန်ဆိုးရွားသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာရသည်။ဒီနှစ်ယောက်က အတွင်းထဲမှာ ရန်ဖြစ်ခဲ့တာလား...
သူမ အတွေးမဆုံးခင်မှာ ထိုအတွေးကို ချက်ချင်းပယ်ချလိုက်သည်။စုမုန့်သည် သိက္ခာရှိသူမဟုတ်သော်လည်း ဝေ့ထင်ကတော့ ထိုလုပ်ရပ်မျိုးကို လုံးဝမလုပ်ပေ။သူမ သူ့ကို ယုံကြည်သည်။သူမ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးပြီးနောက် စိတ်ကလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ဝေ့ရွှယ် အခန်းကို စိုက်ကြည့်နေသည်ကို ရှောင်ရှောင်က မြင်လိုက်သည်။ အခန်းထဲမှာ တစ်ယောက်မှမရှိသော်လည်း၊ရှေ့မှာတင် ဝေ့ရွှယ်က ဝင်သွား၏။ ဘာကြောင့်ဝင်သွားမှန်း သူမနားမလည်သောကြောင့် ဝေ့ရွှယ်ပခုံးကို ပုတ်ကာ မေးလိုက်သည်။
"ရှောင်ရွှယ် ဘာကြည့်နေတာလဲ… ငါတို့ပြန်သင့်ပြီ”
ဝေ့ရွှယ် ရုတ်တရက် သူမကို လာပုတ်သဖြင့် ချက်ချင်းပင် အသစိတ်ပြန်ဝင်လာသည်။ ရှောင်ရှောင်က သူမကို ပြုံးပြနေသည်ကိုတွေ့ရသဖြင့် သူမ စိတ်ထဲက မနှစ်မြို့ဖွယ်ခံစားချက်များကို ချေဖျက်ဖို့ အကောင်းဆုံးကြိုးစားပြီး
"ငါ အဆင်ပြေပါတယ်...သွားကြရအောင်"
ဝေ့ရွှယ် အခန်းထဲကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။ အခန်းထဲက ကုတင်ပေါ်ရှိ အိပ်ယာခင်းကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားပြီး တွန့်ရာတစ်ခုမှ ရှိမနေပေ။ထိုမှသာ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ တော်သေးတယ်...သူမစိုးရိမ်နေတဲ့အရာက ဖြစ်မလာဘူးပဲ...
ရှောင်ရှောင်နှင့်အတူ သူမ ဧည့်ခန်းသို့ ပြန်သွားတော့မည့်အခိုက်၊အဘိုးဝေ့၏ အခန်းထဲတွင် လှုပ်ရှားမှုအချို့ကို ကြားလိုက်ရ၏။
ဝေ့ရွှယ် ခေါင်းကိုလှည့်ကြည့်လိုက်ရာ အခန်းထဲက နံရံတစ်ခုကို အတွင်းကနေ တွန်းဖွင့်နေတာကို တွေ့လိုက်ရသည်။ထို့နောက် အဘိုးဝေ့ထွက်လာကာ တံခါးကို မျက်နှာမူလျက် သော့ခတ်နေပုံရသည်။သူမ အနီးကပ် သေချာကြည့်လိုက်လျှင်၊နံရံတွင် တံခါးတစ်ချပ်ရှိနေသည်ကို တွေ့ရ၍ အံ့အားသင့်သွားမိသည်။နံရံမှာ တစ်ပြေးတည်း၊တစ်ရောင်တည်းဖြစ်နေသလို၊တံခါးလက်ကိုင်လည်း မရှိသောကြောင့် လုံးဝမမြင်ရပေ။
သေချာမမြင်ရသော ထိုတံခါးချပ်နောက်တွင် စကားဝှက်ဖြင့်ဖွင့်ရသည့် တခြားတံခါးပေါက်ရှိပြီး အဘိုးဝေ့ စကားဝှက်ကို ပြန်ပိတ်နေလျက်ရှိ၏။
အဘိုးဝေ့၏ အခန်းမှာ လျှို့ဝှက်ခန်းတစ်ခုရှိမှန်း သူမ မသိခဲ့ပေ။ဒါဆို စုမုန့်နဲ့ ဝေ့ထင်တို့ အခန်းထဲမှာရှိနေရက် အခန်းက ပုံမှန်ဖြစ်နေခြင်းက လျှို့ဝှက်ခန်းထဲမှာ ရှိနေလို့လား...
အဘိုးဝေ့သည် တံခါးနှစ်ပေါက်ကို ဂရုတစိုက်ပိတ်ကာ ဘေးပတ်၀န်းကျင်ရှိပစ္စည်းများကို ပြန်လည်ပြင်ဆင်ခဲ့ပြီးမှ အပြင်ထွက်ရန် ပြင်နေသည်။
ထိုအခါ ဝေ့ရွှယ်က ရှောင်ရှောင်ကို ဆွဲပြီးထောင့်တစ်ခုဆီ ပြေးကပ်ပုန်းနေလိုက်သည်။အဖိုးဝေ့၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးသည်။ ဝေ့ရွှယ်ကလည်း သူ အခန်းတွင်းမှ ဖြည်းညှင်းစွာ မထွက်ခင်အထိ ပုန်းအောင်းနေခဲ့သည်။
အဖိုးဝေ့သည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာဖြင့် တံခါးကို ညင်သာစွာပိတ်ပြီး တစ်ဘက်သို့ လှည့်လိုက်သည်။
ရှောင်ရှောင်သည် ဝေ့ရွှယ်နှင့် လက်ထဲကလည်ဆွဲကိုသာ အာရုံစိုက်နေ၍ အခန်းထဲက အဘိုးဝေ့ကို သတိမမူမိသေး။ ဝေ့ရွှယ်က သူမကို ပုန်းဖို့ ဆွဲခေါ်သွားပြီး မကြာမီ အခန်းထဲမှ ထွက်သွားသည့် အဘိုးဝေ့ကို တွေ့ရပြန်၏။ထို့နောက် သူမက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။
"ရှောင်ရွှယ်... နင့်အဘိုးနဲ့တွေ့တာကို ဘာလို့ ပုန်းနေတာလဲ... နင် သူ့ကို နှုတ်ဆက်သင့်တယ် မဟုတ်ဘူးလား"
ထိုမှသာ ဝေ့ရွှယ်သည် သူမ၏ အလျင်စလိုလုပ်ရပ်များကို ရှောင်ရှောင် မြင်သွားကြောင်း သိလိုက်ရသည်။ သူမ စိတ်ထဲတွင် အကြောင်းပြချက်တစ်ခု အမြန်တွေးလိုက်ကာ ပြုံးပြပြီး ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည်။
“အာ အခုလေးတင် အစ်ကိုတို့ကိုကြည့်ပြီး နည်းနည်းလန့်သွားတာလေ...အခု အဘိုး ထွက်လာတာကို မြင်တော့ အလိုလို ပုန်းနေမိတာပါ...ငါက ခဏခဏ လန့်တတ်တယ်လေ...ရပါတယ် ငါ နောက်မှ အဘိုးကို ဆင်းပြီး နှုတ်ဆက်လိုက်မယ်"
(အခန်းလေး ပျက်ဆီးသွားပြီ)
ရှောင်ရှောင်သည် ထိုကဲ့သို့ယုတ္တိမရှိသော၊ဆင်ခြေမျိုးကို သံသယမဝင်ဘဲ ယုံကြည်နေ၏။သူမက ဝေ့ရွှယ်စကားကိုပင် လိုက်ထောက်ပေးသည်။
"နင် ဖြစ်နေတာ စုမုန့်ကြောင့်လား...ငါ သူမကိုမြင်ကတည်းက တော်ရုံလူမဟုတ်ဘူးဆိုတာ ရိပ်မိသားပဲ...သူမ ဝေ့မိသားစုအိမ်မှာရှိတုန်းက နင့်ကို အနိုင်ကျင့်တယ်မလား..."
ဝေ့ရွှယ်က ဝမ်းနည်းနေသည့်မျက်နှာလေးနှင့် ခေါင်းကိုငုံ့ထားကာ ဘာမှမပြော။သူမလုပ်ရပ်က ဘာစကားတစ်ခွန်းမှ မဆိုသော်ငြား၊ရှောင်ရှောင်၏ စကားကို ထောက်ခံနေသည့်သဘောပင်။
"ရှောင်ရွှယ်…စုမုန့်က လူကောင်းမဟုတ်ဘူးပဲ…" ရှောင်ရှောင်က စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေ၏။ "ငါသာ နင့်ယောင်းမဖြစ်ရင်လေ ငါနင့်ကို အရမ်းကောင်းပေးမှာသေချာတယ်…"
သူမစကားကို ဝေ့ရွှယ် စိတ်ထဲက မထီမဲ့မြင်ပြုလိုက်သော်လည်း၊ သေချာဟန်ဆောင်၍ ပြောလိုက်သည်။
“နင်သာ ငါ့ယောင်းမဖြစ်နိုင်ရင် ငါအရမ်းပျော်နေမှာပါ… ငါတို့က သူငယ်ချင်းအရင်းတွေမို့ နင်ကလည်း ငါ့ကို ကောင်းကောင်းဆက်ဆံမှာ သေချာတယ်မဟုတ်လား"
!!
"ဟုတ်တာပေါ့" ရှောင်ရှောင်မှ ဂုဏ်ယူစွာပြောလိုက်သည်။
ထို့နောက် ပထမထပ်ရှိ ခန်းမဆီသို့ သူတို့နှစ်ယောက် စကားစမြည်ပြောရင်း လျှောက်သွားကြသည်။
တစ်ဖက်တွင် ဝေ့ထင်သည် စုမုန့်ကို ပွေ့ချီကာ သူမ၏ အခန်းတံခါးဆီသို့ လှမ်းသွားလိုက်သည်။သို့သော် စုမုန့်သည် ယခုထိ သူ့ကို စိုက်ကြည့်နေဆဲပင်။သို့ဖြစ်၍၊သူက ထိတ်လန့်စွာ ပြူးကျယ်နေသော သူမ၏ မျက်လုံးများကို ငုံ့ကြည့်ကာ ရယ်ချင်ပက်ကျိဖြစ်သွား၏။
“ရောက်ပြီ...ဆင်းချင်လား" ဝေ့ထင်က သူမကို မေးသည်။
ဝေ့ထင် စကားပြောသံကြားလျှင်၊ စုမုန့် ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာသည်။သူမ ဝေ့ထင် ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ဒီတစ်ခါတော့ ဝေ့ထင်က သူမကို မတားဘဲ ညင်သာစွာ ချပေးလိုက်သည်။
သူမ အနည်းငယ်ရှက်ရွံ့သွားသော်လည်း သူ့ရှေ့မှာ ထုတ်မပြချင်ပေ။ သူမ ချောင်းတစ်ချက်ဟန့်ပြီး ဂရုမစိုက်ဟန်ဆောင်သည်။
"ရှင်က ဒီလိုကောင်းပေးမယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး"
"ဘာလို့လဲဆိုတော့ မင်းမလို့ ကိုယ်က ကောင်ပေးနေတာပါ"
ဝေ့ထင်က တိုးညှင်းသော လေသံဖြင့် ပြောပြီး စုမုန့်၏အခန်းတံခါးကို ဖွင့်လိုက်သည်။ဝေ့ထင်၏အသံသည် ပျော့ပျောင်းညင်သာလွန်းသဖြင့် စုမုန့် ရှင်းရှင်းလင်းလင်း မကြားရ၍ ထပ်မေးလိုက်၏။
“ရှင် ဘာပြောလိုက်တာလဲ”
သို့သော် ဝေ့ထင်က ဘာမှထပ်ပြောဖို့ လမ်းစမမြင်တော့။ထို့ကြောင့် သူမလည်း ထပ်မေးမနေတော့ပေ။
အခန်းတံခါး ပွင့်သွားသော်လည်း ဝေ့ထင်သည် အတွင်းဘက်တွင် ရှိနေသည့်အရာများကို မြင်သောအခါ သူ၏ ရှားပါးသော အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ စိတ်တိုသွားသလိုမျိုးပင်။
"ဘာလို့လဲ"
စုမုန့်သည် ဝေ့ထင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားသော်လည်း ပြန်လည်တည်တံ့သွားသည်။
စုမုန့်၏အခန်းကို ပစ္စည်းသိုလှောင်ခန်းအဖြစ်သို့ ပြောင်းလဲထားသည်မှာ အံ့သြစရာပင်။စားပွဲနှင့် ကုတင်များ မရှိတော့ဘဲ အမှိုက်ပုံးများသာ ကျန်ရှိတော့သည်။တစ်ခန်းလုံး ရှုပ်ပွနေပြီး အတွင်းထဲမှာ ဖုန်မှုန့်တွေ အများကြီးရှိနေသည်။
ဝေ့ထင် မပြောခင် စုမုန့်က ပြုံးပြီး ဘာမှ ဂရုမစိုက်သလို ပြောသည်။
“အင်း၊ ဒါဟာ ကျွန်မ မမျှော်လင့်ထားပေမယ့် သင့်တော်ပါတယ်လေ...ကျွန်မတို့က ကွာရှင်းရတော့မယ်မဟုတ်လား...ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ကျွန်မ သုံးခဲ့တဲ့ ပစ္စည်းတွေကို အတင်းအပြင်ထုတ်ချင်နေတာပဲ...ကျွန်မ ပြန်လာမှာကို ကြောက်လို့ ချက်ချင်းပစ္စည်း သိုလှောင်ခန်းအဖြစ် လုပ်လိုက်တာ"
သူမ လှည့်ပြီး ခန်းမဆီသို့ လျှောက်သွားလိုက်ရင်း ဝေ့ထင်ကို
“အခန်းလည်း မရှိတော့တဲ့အတွက် ခန်းမထဲကိုသွားကြရအောင်...ပွဲပြီးရင် ကျွန်မ ပြန်ရမယ်"
ထိုသို့ပြောပြီးနောက် သူမ တိုးတိုးလေးပြောလိုက်ပြန်၏။
“ကံကောင်းတာက၊ကျွန်မ အပြီးမထွက်ခင် အရေးကြီးပစ္စည်းတွေကို ကျွန်မနဲ့အတူ ယူသွားနိုင်ခဲ့တာကိုပဲ... မဟုတ်ရင် အမှိုက်တောထဲက ပြန်ရှာရမှာ သေချာတယ်...အဲဒီလိုဖြစ်ရင် အလကားပိုက်ဆံကုန်မိလိမ့်မယ်... ကောင်းတယ်၊ကောင်းတယ်"
ဝေ့ထင် သည် စုမုန့် ၏ နောက်ကျောပြင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ထွက်လာလေသည်။စုမုန့် ကတော့ တစ်ကယ်ကို စိတ်ဆိုးပုံမပေါ်၊ ပစ္စည်းတွေ သူမ အပြီးယူနိုင်ခဲ့၍ ဝမ်းသာနေပုံတောင်ရသေးသည်။
“ကိုယ်တို့ ကွာရှင်းဖို့ မစဉ်းစားစမ်းနဲ့... ပစ္စည်းတွေ ဘယ်သူသယ်ထုတ်တာလဲတော့ ကိုယ် မသိဘူး…ကိုယ်လည်း အိမ်ပြန်မလာတာ တော်တော်ကြာပြီ...ဒီကိစ္စကို သေချာစုံစမ်းရမယ်"
ဝေ့ထင် ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် သူမကို မီသွားသည်။သို့သော်၊ သူ့စကားကို သူမက စိတ်မ၀င်စားဘဲ ငြင်းဆိုလိုက်ပြီး
“မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်.... ဒါကျွန််မအိမ် မဟုတ်ဘူးလေ....ကျွန်မ အခန်းကို သူတို့ကြိုက်သလို လုပ်လို့ရတယ်…ကျွန်မမှာ စွက်ဖက်ပိုင်ခွင့် မရှိပါဘူး…ပွဲပြီးရင် ကတိပေးထားတဲ့အတိုင်း ရှင် သိထားတဲ့ အချက်အလက်တွေ ပေးရမယ်နော်...ဒါဆို ကျွန်မတို့ သဘောတူထားတာ ပြီးပြီလေ"
သူမ လေသံမှာ ငြိမ်သက်လျက်ရှိသည်။သူမ မထွက်ခွာခင်မှာ သူမနှင့် ဝေ့မိသားစုကြားတွင်၊ ပြတ်သားစွာစည်းတားထားတာမို့ ရင်ထဲဘယ်လိုမှမနေတော့။ထို့ကြောင့် သူမ အနည်းငယ် အံ့သြသွားသော်လည်း ဒေါသမထွက်ပေ။
ဝေ့ထင်မှာ ပိုအရေးကြီးသည့် ပြောစရာရှိနေ၍ သူမ၏စကားကို ပြန်မပြော။
"ထိုင်ပြီး စကားကောင်းကောင်းပြောရအောင်"
သူက စုမုန့်ကို ပြောလေသည်။
xxxxx