အပိုင်း ၁၄၁
Viewers 15k

Chapter 141

(ဆွေးနွေးဖို့ သဘောတူသည်)


စုမုန့် သူ့ကို နားလည်မှုလွဲနေသလို ဝေ့ထင် ခံစားရသည်။ ထို့ကြောင့် အသေးစိတ်ကို သူသိဖို့လိုသည်။ယခင်က သူမ သူ့ကို စကားတောင် မပြောခဲ့။ အခုတော့ သူ့အပေါ်ထားရှိသော သဘောထားတွေ ပြောင်းလဲလာသည့်အတွက် ဤအခွင့်အရေးကိုသုံး၍ ရှင်းရှင်းလင်းလင်း သိချင်၏။


စုမုန့်သည် ဝေ့ထင် စကားကို ကြားပြီး လမ်းလျှောက်နေရင်း ခြေလှမ်းရပ်သွားသည်။ သူမ လှည့်ပြီး ဝေ့ထင်၏ မျက်လုံးများကို ကြည့်လိုက်သည်။ ဝေ့ထင်သည် အရပ်ရှည်လွန်းပြီး သူမနှင့် အလွန်နီးကပ်စွာ ရပ်နေသဖြင့် သူ့ကို မော့ကြည့်ရန် လည်ပင်းကိုအတင်း မြှောက်ထားရသည်။ ထို့ကြောင့် သူမ၏ ဟန်ပန်အမူအရာက မသိနားမလည်သည့်ကလေးတစ်ယောက်လိုမျိုး ချစ်ဖို့ကောင်းလျက်ရှိသည်။ဝေ့ထင်၏ မျက်လုံးများကို သူမ ခဏတာစိုက်ကြည့်မိသည်။သူ့မျက်နှာထားသည် တည်ငြိမ်လေးနက်ပြီး သူမနှင့် စကား‌ကောင်းကောင်းပြောချင်သလိုလို ဖြစ်နေသည်။


ဝေ့ထင် ဘာမှ မပြောဘဲ စုမုန့်အား သူ့ကို ကြည့်ခွင့်ပေးလိုက်သည်။သူမက ခဏလောက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။


"ကောင်းပြီ ဒါဆိုလည်း ထိုင်ပြီး စကားပြောကြရအောင်...ကျွန်မတို့စကားပြောဖို့ဆုံးဖြတ်ပြီးကတည်းက၊အမှန်အတိုင်းပြောမှရမယ်... လိမ်တာက အဓိပ္ပါယ်မဲ့လွန်းပါတယ်...ရှင်ဘယ်လိုထင်လဲ"


သူမ၏ သဘောတူညီချက်ကို ကြားသောအခါ ဝေ့ထင် မျက်နှာကရွှင်ပျလာသလိုရှိသည်။ ယခု သူ့အတွက် အရေးကြီးဆုံးအချက်မှာ ဝေ့ရွှယ်နှင့် အခန်းကိစ္စကို မပြောဆိုမီ၊စုမုန့်နှင့် ကိစ္စများအား ရှင်းရှင်းလင်းလင်းပြောရန်ဖြစ်သည်။


ဝေ့ထင် နှင့် စုမုန့်တို့သည် ပွဲခန်းမသို့ အတူတူပြန်လာကြသည်။အားလုံးက စားပွဲမှာထိုင်ပြီး အေးအေးဆေးဆေး စားသောက်နေကြဆဲပင်။ ရံဖန်ရံခါ သူတို့ဘေးနားက လူတွေနှင့် စကားပြောဖြစ်ကြသည်။ဧည့်ခံ မြင်ကွင်းက အလွန်အသက်ဝင်လျက်ရှိ၏။မကြာမီ၊လူတစ်ယောက်က ဝေ့ထင်ကိုတွေ့ပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို ပြောပြလိုက်ရာ၊လူတိုင်းက ဝေ့ထင်ကို ချက်ချင်းကြည့်လိုက်ကြသည်။


ဤသည်မှာ အဘိုးဝေ့၏မွေးနေ့ပွဲဖြစ်သော်လည်း၊ ဝေ့ထင်အတွက်ကြောင့် လူတော်တော်များများ ရောက်လာကြခြင်းပင်။ ဝေ့ထင် နှင့် ပြောဆိုရင်းနှီးလိုက်ပါက၊သူတို့ ကုမ္ပဏီတွေကလည်း အနာဂတ်မှာ တိုးတက်နိုင်မှာပင်။


ဝေ့ထင်သည် ယခု ဝေ့မိသားစုတွင် တစ်ဦးတည်းသော အာဏာရှိသူဖြစ်သည်။အဘိုးဝေ့ နှင့် အဖေဝေ့တို့မှာလည်း အာဏာများစွာရှိကြသော်ငြား၊တစ်ယောက်က အိမ်မှာသာနေပြီး၊တစ်ယောက်က ကုမ္ပဏီသို့ရံဖန်ရံခါမှသာ သွားနေသောကြောင့် အာဏာမရှိသည်နှင့်၊ အတူတူပင်။


ဝေ့ထင်သည် သူ့ကို လူတိုင်းနီးပါးက စောင့်ကြည့်နေကြသော်လည်း ဂရုမစိုက်ပေ။ သူ လျစ်လျူရှုပြီး စုမုန့်ကို သူ့ထိုင်ခုံအနီးသို့ ဆွဲခေါ်သွား၏။


ထိုစဉ်၊အမေဝေ့ဘေးမှာ ထိုင်နေသည့် ဝေ့ရွှယ်က စုမုန့်တို့အားတွေ့လိုက်ရာ၊   ဒေါသထွက်နေသည့်မျက်နှာဖြင့် သူမကို ကြည့်နေတော့သည်။


သူမကို ဝေ့ရွှယ် မုန်းတီးစိတ်များ တဖွားဖွားဖြစ်ပေါ်နေမှန်း သိသာထင်ရှားသော်လည်း စုမုန့် မမြင်ချင်ယောင်ဆောင်လိုက်သည်။သူမက ဝေ့ထင် ဆွဲခေါ်ရာနောက်ကို၊ရှက်ရွံ့နေသည့်မျက်နှာထားလေး လုပ်ကာ အလိုက်သင့်ပါလာ၏။ကိုယ့်မျက်နှာကိုယ် မမြင်ရသော်လည်း၊သူမ မျက်နှာက ဟန်လုပ်ထားရသူပီပီ၊အမြင်ကတ်ရင်းစွဲရှိသူ ဝေ့ရွှယ်အဖို့ အတော်ရွံစရာကောင်းနေမှာ သေချာသည်။မျက်နှာပြောင်တိုက်ပြီး ဟန်ဆောင်နေရတာ အတော်မလွယ်ပါ့လား...  


 သူတို့နှစ်ယောက် စားပွဲနားရောက်ခါနီးတွင် စုမုန့် ရုတ်တရက် ရပ်လိုက်သည်။ ထိုအခါ ဝေ့ထင်က လှည့်ပြီးမေးသည်။ "ဘာဖြစ်လို့လဲ"


ထိုအခါ သူမက ဝေ့ထင်နှင့် ရင်းနှီးနေသလိုမျိုး၊ဟန်ဆောင်ကာ သူ့နားရွက်နားကို ကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။ 


"ရှင် ကျွန်မကို ပေးခဲ့တဲ့ သေတ္တာကလေ ပင်မခန်းမထဲမှာ ပျောက်သွားတာ... ရှာမတွေ့ဘူး...အဲဒီတုန်းက ရှင်ပြောပုံကိုကြည့်ရတာ... သေတ္တာက အရမ်းအရေးကြီးတယ်လို့ ကျွန်မ ခံစားရတယ်... အဲဒါကို ရှင် ရှာချင်သလား"


စုမုန့်သည် သူ့အနားကို မှီပြီးပြောခြင်းဖြစ်၍၊ လေပူများက ဝေ့ထင်နားထဲသို့ ဝင်လာရသည်။သူ့နှလုံးသားမှာ ချက်ချင်းပင် နွေးထွေးမှုနှင့်အတူ ကဆုန်ပေါက်သွားပြီး မျက်လုံးများ မှိတ်လိုက်မိသည်။ ယခု သူမကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ချင်စိတ်ဖြစ်လာရ၏။


 “ကောင်းပြီ” 


သို့သော် သူ့ရင်ထဲက အတွေးတစ်ခုမျှသာ ဖြစ်ခဲ့သည်။ စုမုန့် စကားကို ငြိမ်သက်စွာ နားထောင်ပြီးနောက် သူ ခေါင်းညိတ် သဘောတူလိုက်သည်။


 သူတို့နှစ်ဦးသည် သေတ္တာအကြောင်း ပြောနေကြသော်လည်း ပွဲသို့ ရောက်ရှိလာသူများ၏ မျက်လုံးထဲတွင် ဝေ့ထင်နှင့် စုမုန့်သည် ထူးထူးခြားခြား ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။ ဝေ့ထင်က စုမုန့်နှင့် ကွာရှင်းကြတော့မည်ဟု သူတို့ သိထားကြသော်လည်း၊ကြည်နူးနေသည့် သူတို့နှစ်ယောက်ကို မြင်လိုက်ရချိန်မှာ ကောလဟလများအဖြစ် သံသယဝင်လာကြသည်။


စုမုန့်သည် စကားဆုံးသောအခါ ဝေ့ရွှယ်ကို ပြုံးပြုံးကြီးကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း၊ ဝေ့ရွှယ်သည် ယင်ကောင်ကိုစားမိသလိုမျိုး မျက်နှာထားက ပျက်ယွင်းလျက်ရှိပေ၏။ဤအခွင့်အရေးကောင်းဖြင့် ဝေ့ရွှယ်ကို မကလိလိုက်ရပါက၊သူမကိုယ်သူမ အပြစ်တင်လို့ဆုံးမှာမဟုတ်တော့။သူမ တွေးနေရင်းဖြင့်၊ဝေ့ထင်ကို ထားခဲ့ပြီး ဝေ့ရွှယ်ဆီလျှောက်သွားလိုက်သည်။


 "ရှောင်ရွှယ် ငါဒီမှာထိုင်လို့ရရဲ့လား...နင် သဘောတူလား"


သူမက ဝေ့ရွှယ်ကို နူးညံ့သော အပြုံးဖြင့် မေးသည်။


ဝေ့ရွှယ်သည် ရှောင်ရှောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမအကြည့်က ရှောင်ရှောင်အား တစ်ခုခုဝင်ပြောဖို့ အရိပ်ပြလိုက်ခြင်းဖြစ်သော်လည်း၊ရှောင်ရှောင်ကတော့ ကြောင်စီစီဖြစ်နေ၏။  သူမ စိတ်ထဲမှ ရှောင်ရှောင်ကို ကျိန်ဆဲလိုက်သည်။


မိသားစုငယ်လေးရဲ့ သမီးလေးက ထင်ထားတဲ့အတိုင်းသိပ်အ,တာပါပဲလား...သူမ ကြည့်ရတာ ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ ငတုံးမလေးလိုပဲ...ယွမ်ငွေ တစ်သိန်းတန် လည်ဆွဲ ပေးလိုက်တာနဲ့ အပျော်လွန်နေလိုက်တာများ…ရှက်ရကောင်းမှန်းတောင် မသိတော့ဘူး...


ရှောင်ရှောင်သည် ဝေ့ထင်ကို သဘောကျပြီး လက်ထပ်ချင်သည်ဟု ပြောခဲ့သော်ငြား၊ စုမုန့်ကို တွေ့ချိန်မှာ ဘာတုံ့ပြန်မှုမှ မပြသေးပေ။သူမ လုံးဝမရိုးသားချေ။ သို့သော်လည်း အခြားသော ရှုထောင့်မှကြည့်လျှင် ရှောင်ရှောင်သည် ငွေနောက်ကိုလိုက်ချင်သူသာ ဖြစ်သည်။ ယခင်က ဝေ့ထင်ကို အရူးအမူးလိုက်ခဲ့သော စုမုန့်နှင့်မတူပေ။သူမလိုလူမျိုးကို ထိန်းချုပ်ရတာ ပိုလွယ်သလို၊နောက်ဆိုလည်း ငွေသာရလျှင် ဝေ့ထင်ကိုလိုက်ကပ်နေမှာမဟုတ်ပေ။ထိုသို့တွေးရင်း ဝေ့ရွှယ် အနည်းငယ် သက်တောင့်သက်သာဖြစ်လာရသည်။ ယခု စုမုန့်ကို သူမကိုယ်တိုင်ပင် ကိုင်တွယ်ရပေမည်။


ဝေ့ရွှယ်သည် ကြင်နာသော အပြုံးလေးဖြင့် စုမုန့် ထိုင်ရန် ဘေးသို့ရွှေ့လိုက်သည်။  


"စုမုန့်ကလည်း ငါက ဘာလို့ မထိုင်စေချင်ရမှာလဲ...အမှန်တော့၊ ဒီမှာရှိတဲ့လူတိုင်းက ဧည့်သည်တွေလေ...အိမ်ရှင်‌ဆိုတာ ဧည့်သည် သဘောကျလိုက်ရတာမလား"


(ငါ့သူငယ်ချင်းကောင်း ဝေ့ရွှယ်)


ဝေ့ရွှယ်က သူမကိုယ်သူမ ဝေ့မိသားစု၏သခင်မဖြစ်ကြောင်း စတင်ကြေငြာခဲ့သည်။ဤသည်ကို အမေဝေ့ဘေးနားက နားထောင်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။အမေဝေ့က ဝေ့ရွှယ်ကို သဘောကျကျေနပ်စွာ ကြည့်လိုက်သည်။ဝေ့ရွှယ်သည် မိခင်ဖြစ်သူထံမှ ကျေနပ်သည့် အရပ်အကဲကို သဘောပေါက်ပြီး စိုးရိမ်စိတ်နည်းပါးသွားခဲ့သည်။


ထိုစဉ်၊ အစေခံတစ်ယောက်က စုမုန့် ထိုင်နေသည်ကိုတွေ့လျှင်၊ ဘာသောက်ချင်သလဲဟု မေး၏။ စုမုန့် ရေတစ်ခွက်တောင်းပြီး ဝေ့ရွှယ် နှင့် စကားစမြည်ဆက်ပြောသည်။  


"ရှောင်ရွှယ်၊ နင့်အစ်ကို ငါ့ကို ပေးခဲ့တဲ့ သေတ္တာကို တွေ့လား...ငါ့မှာ ဘယ်လိုမှ ရှာလို့မတွေ့ဘူး…ကြည့်ရတာ အစေအစေခံတွေက အမှိုက်​ထဲ ထည့်မပစ်ပါဘူးနော်"


ဝေ့ရွှယ်က မသိဟန်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။  


“ဖြစ်နိုင်တယ်...သေတ္တာက သိပ်ပြီးလည်း တန်ဖိုးရှိပုံမရဘူးလေ...ဒါပေမယ့် အစေခံတွေ သိမ်းထားပေးရင်တော့လည်း တစ်မျိုး ကောင်းတာပေါ့...မပူနဲ့  ပွဲပြီးရင် ငါ ကူညီရှာပေးပါ့မယ်...ပြီးတော့ အမှိုက်တွေကို ဒီလောက်မြန်မြန်ကြီး မစွန့်ပစ်နိုင်ပါဘူး”


စုမုန့်က ခေါင်းညိတ်လိုက်ပြီး ကူကယ်ရာမဲ့ သက်ပြင်းချရင်း ဆိုလိုက်၏။


 "ရှောင်ရွှယ်၊ နင်မသိဘူးနော်...နင့်အစ်ကိုက အဲ့ဒီသေတ္တာက အရမ်းအရေးကြီးတယ်လို့ ပြောတယ်…အခု ပျောက်သွားတယ်ဆိုတာ သိလိုက်ရတော့လေ သူက ငါ့ကို ပြောဆိုလိုက်တာများ...ရှောင်ရွှယ်ရယ်. ဘာလို့ ငါက ကံမကောင်းရတာလဲ… ဒီလိုအသေးအမွှားလေးတောင် ငါကလည်း မလုပ်တတ်တော့ နင့်အစ်ကို အရမ်းစိတ်ဆိုးနေတယ်"


ချက်ချင်း စုမုန့်သည် ဝေ့ရွှယ် ၏လက်ကိုဆွဲကာ သနားစရာကောင်းသောလေသံဖြင့်


 "ရှောင်ရွှယ်၊ ငါ့ယောက်မလေး...နင်က ငါ့အတွက် အမြဲတမ်းအကောင်းဆုံး သူငယ်ချင်းဆိုတာ ငါသိတယ်...ဒါကြောင့် နင် ငါ့ကို ဒီတစ်ခါကူညီပေးရမယ်နော်...နင့်အစ်ကိုက ငါ့ကို ဒေါသအရမ်းထွက်နေတော့ နင် ငါ့အစား ကူပြောပေးပါလား"


စုမုန့်က ဟန်ဆောင်ကာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောသော်လည်း ဝေ့ရွှယ်သည် လိမ်ညာဖို့ လွယ်ကူသူမဟုတ်ပေ။စုမုန့်၏စကားကိုကြားပြီးနောက် သူမက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာသည်။


“အစ်ကို ဝေ့ထင်က နင့်ကို အရမ်းစိတ်ဆိုးနေတယ် ဟုတ်လား...ဒါပေမယ့် အခုလေးတင် နင်တို့နှစ်ယောက် အရမ်းရင်းနှီးနေတာကို ငါမြင်ပါတယ်...နင်တို့ကြည့်ရတာ ရန်ဖြစ်ထားပုံလည်းမပေါ်ဘူး"


 'နင် ဒီလောက်ထိ တွေးတတ်မယ်လို့ ငါ မထင်ထားမိဘူ' စုမုန့် စိတ်ထဲက ဝေ့ရွှယ်ကို အမြင်ကတ်စွာ တွေးမိသည်။


"ငါ အခု နင့်အစ်ကိုကို ချော့နေတာလေ… သေချာပေါက် ရှာတွေ့မှာပါလို့... သူ စိတ်ပူစရာ မလိုဘူးလို့ ပြောနေရတာ ..စောနက ငါ့ခန္ဓာကိုယ်က ဒဏ်ရာတွေပွင့်လာပြီး လမ်းမလျှောက်နိုင်လောက်အောင် နာနေလို့ သူက ငါ့ကို ပွေ့သွားတာပါ...သူက ငါ့ကို သက်သက်ကူညီပေးတာ"

 

စုမုန့်က မျက်မှောင်ကြုတ်ပြီး သနားစရာကောင်းသည့် လေသံနှင့်ပြောလိုက်သည်။သူမစကားကိုသာ တခြားသူတွေ ကြားလျှင်၊သူမက ဝေ့ထင်ကို တစ်ကယ်ကြောက်ရသည်ဟု  ထင်ကောင်းထင်နိုင်၏။


စုမုန့်စကားသည် လေးနက်လွန်းသောကြောင့် ဝေ့ရွှယ် သူမကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ရာ၊လိမ်နေပုံမပေါ်ကြောင်း သိလိုက်ရသည်။စောစောက စုမုန့်သည် ဝေ့ထင်နားနားကိုကပ်၍ တိုးတိုးလေးပြောနေစဉ်က၊ဝေ့ထင် မျက်နှာထားမှာ တည်တံ့လျက်ရှိသည်။ကြည်နူးနေသည့်မျက်နှာမျိုးမဟုတ်။ထို့ကြောင့် သူမ စုမုန့်ကို ယုံကြည်လိုက်သည်။


"စိတ်မပူပါနဲ့… စုမုန့်...ငါတို့က သူငယ်ချင်းကောင်းတွေမလား... ငါ နင့်ကို သေချာ ကူညီပေးမှာပါ”


 စုမုန့်ကလည်း ဝေ့ရွှယ်ကိုကြည့်ပြီး မေးလိုက်သည်။ "ရှောင်ရွှယ် သေတ္တာ ဘယ်မှာရှိမှန်း နင်မသိဘူးဆိုတာ သေချာလား"


ဝေ့ရွှယ်၏ဆံပင်များသည် စုမုန့် အကြည့်အောက်တွင် ရှိန်းကနဲ မိုးပေါ်ထောင်သွားသလိုပင်။စုမုန့် အကြည့်က သူမရင်ထဲထိ ထိုးဖောက်နိုင်စွမ်းသော အကြည့်စူးစူးမျိုးပင်။သို့သော် တစ်ခဏချင်း၊ ပြန်တွေးကြည့်လိုက်မှ၊ စုမုန့် အကူအညီတောင်းကတည်းက၊သေတ္တာသည် သူမနှင့်အတူရှိနေကြောင်း သိနေပုံမရပေ။သိနေရင် စုမုန့်ဘာလို့ငြိမ်နေမလဲ...အားလုံးရှေ့မှာ သူမကို အရှက်ခွဲမှာပေါ့...သူမ ချက်ချင်းပင် ပြန်ပြောနိုင်မည့် နည်းလမ်းကို တွေးနေမိသည်။


ထို့နောက် သူမ စုမုန့်ကို တစ်လှည့်ကြည့်ပြီး ဝေ့ထင်ကို လှည့်ကြည့်လိုက်သည်။  ဝေ့ထင်က သူ့ဖုန်းကိုကြည့်ရင်း မျက်နှာထားက အေးစက်လျက်။သူတစ်ကယ် စိတ်မကောင်းဖြစ်နေပုံရသည်။ သူ သေတ္တာပျောက်သွားသည့်အတွက် အမှန်တစ်ကယ် စိတ်ဆိုးနေပြီထင်သည်။ထို့ကြောင့် စုမုန့် လိမ်နေခြင်းမဟုတ်နိုင်။ 


သူမ တွေးနေရင်းနှင့်၊ ရုတ်တရက် စိတ်ထဲအကြံတစ်ခု ပေါ်လာရ၏။သူမသည် စုမုန့်ကို ခေါင်းမှခြေဖျားအထိ စုန်ချည်ဆန်ချည်ကြည့်ကာ အံ့သြဟန်ဆောင်သည်။   


"စုမုန့်၊ ဒီနေ့ နင် အရမ်းကြည့်ကောင်းနေပါလား...အရမ်း လှနေတာနော်...ကြည့်ရတာ နင့်ခန္ဓာကိုယ်က လုံးဝပြန်ကောင်းလုနီးပါးဖြစ်နေပြီ မလား... ယာဉ်တိုက်မှုဖြစ်တဲ့နေ့ကထက် မျက်နှာကလန်းနေတယ်"


ဝေ့ရွှယ်၏ချီးမွမ်းသံကိုကြားလျှင်၊ဝေ့ရွှယ်မှာ နောက်ထပ်မကောင်းသည့် အကြံအစည်တစ်ခုပေါ်လာပြီဖြစ်ကြောင်း စုမုန့် သိလိုက်သည်။ သို့သော်၊ဝေ့ရွှယ် စကားက ရိုးသားသည်ဖြစ်စေ မရှင်းသည်ဖြစ်စေ၊သူမကို ချီးကျူးနေခြင်းဖြစ်တာကြောင့် လက်ခံရသည်။ 


 "တစ်ကယ်လား" သူမက ရယ်လျက်...


“ငါလည်း ငါအရမ်းပိုကြည့်ကောင်းလာတယ်လို့ ထင်တယ်...ရှောင်ရွှယ် နင့်ကိုလေ...ငါက ဝေဖန်ချင်တာမဟုတ်ဘူးနော်...နင့်မျက်နှာကို အခုပဲကြည့်စမ်း...သနားစရာကောင်းလိုက်တာ…နင် မကြာသေးခင်က၊ ကောင်းကောင်းမအနားမယူရဖူးလား...ဟင်း...နောက်ဆိုငါ့လိုမျိုးကောင်းကောင်း အနားယူပြီး အိပ်ရေးဝဝ အိပ်ဖို့ ငါ့ဆီက သင်ရမယ်နော်... မဟုတ်ရင် နင် အရွယ်မတိုင်ခင် အသက်ကြီးလိမ့်မယ်"


စုမုန့်၏စကားကိုကြားသောအခါ ဝေ့ရွှယ်အပြုံးသည် အေးခဲသွားသည်။သူမ အထင်က စုမုန့်သည် ​​နှိမ့်ချပြီး သူမကိုလည်း တစ်ဖန်ပြန်ချီးမွမ်းပေးမည်ဟု ထင်ခဲ့၏။ သို့သော်၊ သူမကို လာပြီး လှောင်ပြောင်ဖို့ မမျှော်လင့်ထားချေ။ မျှော်လင့်ထားသည့်အတိုင်း၊စုမုန့်တွင် EQ မရှိ။ဝေ့ထင်က သူမကို မကြိုက်တာလည်း မဆန်းပေ။


ဝေ့ရွှယ် အားယူပြုံးပြရင်း "ဟုတ်တယ်... နောက်ဆို နင့်ဆီကနေ ငါ အများကြီးသင်ရဦးမှာ"


ဤစကားလုံးများသည် သူမ၏ သွားကြားများမှ ညှစ်ထုတ်ကာ ပြောလိုက်သော်လည်း သူမ မျက်နှာပေါ်မှာတော့ အပြုံးတစ်ပွင့်ရှိနေဆဲပင်။ 


စုမုန့်သည် ဝေ့ရွှယ်၏ အတုအယောင်အမူအရာကို ကြည့်ပြီး ရယ်စရာကောင်းသည်ဟု ခံစားမိ၏။ နူးညံ့သိမ်မွေ့ပြီး အကျင့်သိက္ခာရှိသူ တစ်ယောက်လို ဟန်ဆောင်ဖို့ ဝေ့ရွှယ် အတော်ကို ကြိုးစားနေရှာသည်။သူမကတော့ ဝေ့ရွှယ်အစား ပို၍ပင် ပင်ပန်းနေမိလေသည်။




xxxxxx