Chapter 145
(ဝေ့ထင်ကို ပိုင်ဆိုင်လိုခြင်း)
ဝေ့ထင်က စုမုန့် လုပ်ခဲ့သည့်ကိစ္စကို စိတ်မ၀င်စားသလိုမျိုး မထီမဲ့မြင်ပြုကာ အထောက်အထားအား ဖျက်ပစ်ဖို့တောင် ကူညီခဲ့သဖြင့် အမေဝေ့ အံကြိတ်ကာ ပြောလိုက်သည်။
"ဝေ့ထင်၊ မင်းက ဒီမိန်းမအတွက် ဒီအတိုင်းအတာအထိ သွားချင်နေတာလား…သူမ ချစ်သူရှာနေတာကို မင်း စိတ်မဆိုးဘူးလား"
ပထမတော့ အမေဝေ့က စုမုန့် ကို ခြိမ်းခြောက်ဖို့ အသုံးချချင်ခဲ့တာပင်။ သို့သော်၊ဝေ့ထင် သည် ဤအတိုင်းအတာအထိ ရောက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ဗီဒီယိုကိုတောင် ဖျက်ပစ်လိုက်တယ်ပေါ့…
စုမုန့်၏ အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုင်ရာ အထောက်အထားများ ရှိနေသရွေ့ ဝေ့မိသားစုထံမှ ပိုင်ဆိုင်မှုများကို သူမ မျှဝေခံစားနိုင်မည် မဟုတ်ပေ။သို့သော် သူတို့နှစ်ဦး ငြိမ်းချမ်းစွာ ကွာရှင်းလိုက်လျှင် စုမုန့်က အမွေလိုကြောင်းပြောပါက၊ ဝေ့မိသားစုဘက်မှ ကန့်ကွက်၍ရမည်မဟုတ်။ ဝေ့မိသားစု၏ ပိုက်ဆံတွေဟာ စုမုန့် နှင့် ဘာမှမဆိုင်သည့်အတွက် အမေဝေ့ သူမကို မပေးချင်ပေ။
ဝေ့ထင် ဒေါသထွက်နေသော အမေဝေ့ကို ဂရုမစိုက်ဘဲ ပြောလေသည်။
“ကျွန်တော်မြင်တာကိုပဲ ယုံတယ်…နှလုံးသားရှိသူမှန်သမျှ ဒီလိုမျိုး ဘယ်သူမဆို လုပ်နိုင်ပါတယ်…နောက်ဆို သူများကိုသွားပြီး မခြိမ်းခြောက်ချင်ပါနဲ့”
ထို့နောက် သူက ရှောင်ရှောင် အား အေးစက်စွာ ကြည့်လိုက်သည်။သူ့လက်ထဲက ဖုန်းမှာ ရှောင်ရှောင်၏ဖုန်းဖြစ်ကာ၊သူမပုံစံကလည်း မူပျက်နေသဖြင့် ဗီဒီယိုကို သူမရိုက်ခဲ့ခြင်းဖြစ်မည်။ ယခုလို ခိုးကြောင်ခိုးဝှက် ရိုက်ထားသည်ကို သူ့စိတ်ထဲမှာပင် ရှက်စရာကောင်းသလို ခံစားရ၏။
ရှောင်ရှောင်သည် ဗီဒီယိုကြောင့် ထိတ်လန့်နေပြီဖြစ်ပြီး ယခုလည်း ဝေ့ထင်က အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသောကြောင့် ခြေထောက်များ ပျော့သွားမတတ် အလွန်ကြောက်သွားသည်။သူမ၏ ခန္ဓာကိုယ်မှာ အားနည်းလာ၍ ထိုင်ချလိုက်မိသည်။ကံကောင်းထောက်မစွာ၊ သူမ အနောက်မှာ ကုလားထိုင်တစ်လုံးရှိနေပေသည်။မဟုတ်ပါက၊ သူမ ကြမ်းပြင်ပေါ်လဲကျသွားလိမ့်မည်။
ဝေ့ထင်သည် သူ့အကြည့်ကို တစ်ဖက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး
“ကျွန်တော့် အလုပ်မှာ ဘယ်သူမှ ဝင်စွက်ဖက်ဖို့ မလိုပါဘူး...ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်… ဒီတစ်ကြိမ်ပဲနော် နောက်တစ်ကြိမ် မရတော့ဘူး”
ဝေ့ထင် အမှန်တကယ် ဒေါသထွက်နေမှန်း သိလိုက်ရသဖြင့် ဝေ့ရွှယ်ခမျာ သူမအား ပြောလာမှာကို စိုးရိမ်နေလေသည်။သူမ ဤကိစ္စကို ဆက်၍ မပြောဝံ့သောကြောင့် စကားကို အမြန်ပြောင်းလိုက်သည်။
"အစ်ကိုဝေ့ထင်၊ ညီမကို တစ်ခုခုရှာစေချင်တယ်လို့ ပြောတယ်မလား...အစ်ကို လိုအပ်တာ ရှိလား"
"မင်း ငါနဲ့ လိုက်ခဲ့"
ဝေ့ထင်က သူမကို တစ်ချက်စိုက်ကြည့်ပြီးနောက် ထွက်သွားသည်။
ယခုအချိန်တွင် ဝေ့ရွှယ်သည် မနက်ခင်းတွင် သူမ လုပ်ဆောင်ခဲ့သမျှအား ပေါ်သွားရသည်ကို မသိသေးပေ။ဝေ့ထင်က စုမုန့် အကြောင်းကို သူမအား မေးမြန်းကာ၊ ဘယ်လိုသဘာဝကျကျ အပြစ်ပေးရမလဲဆိုသည်ကို မေးချင်သည်ဟုသာ ထင်မိသည်။
ဝေ့ထင် အခန်းထဲမှထွက်လာသည်။ ဝေ့ရွှယ်က သူ့နောက်မှ အလွန်ပျော်နေဟန်ဖြင့် လိုက်လာသည်။ဝေ့ထင်သည် လွတ်နေသော ထောင့်တစ်နေရာသို့ လျှောက်သွားပြီး တည်ငြိမ်နေသည်။ ဝေ့ရွှယ်မှာ သူ့နောက်ကို အလွန်နီးကပ်စွာ လိုက်လာရာမှ၊ရုတ်တရက် ရပ်သွားတာကြောင့် သူ့နောက်ကျောကို ထိလုနီးပါး ဖြစ်သွားခဲ့သည်။ ဝေ့ထင်၏ ကျောပြင်ကျယ်ကြီးမှာ အတော်လေး ကျစ်လျစ်နေသည်ကိုမြင်ပြီး သူမ မျက်နှာက ချက်ချင်းပင် နီရဲလာသည်။ အကယ်၍ သူမသည် တစ်နေ့တွင် ဝေ့ထင်နှင့် လက်တွဲနိုင်ခဲ့ပါက ဤကဲ့သို့ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကိုလည်း သူမ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။တွေးကြည့်ရုံနှင့် သူမ အတော်စိတ်လှုပ်ရှားသွားရသည်။
"အစ်ကိုဝေ့ထင် ညီမကို ဘာအတွက် ခေါ်တာလဲ"
ဝေ့ရွှယ်က အနည်းငယ်နီနေသော မျက်နှာကို ငုံ့ထားကာ မေးလိုက်သည်။ ဝေ့ထင်သည် သူမ ရှက်နေတာကို ဂရုမစိုက်ပေ။သိလည်းသိပုံမရဘဲ သူမကို တစ်ချက်ကြည့်ပြီး
"မနက်က ရေခွက်ထဲမှာ မင်း ပန်းဝတ်မှုန်ထည့်ခဲ့တာလား"
ဝေ့ထင်၏လေသံက ယခင်ကလို မပြောင်းလဲပေ။အလွန် တိုးလျသာယာသော်လည်း ဝေ့ရွှယ် နားထဲတွင် လျှပ်စီးလက်ပြီး မိုးချိမ်းလိုက်သည့်နှယ် အကျယ်ကြီးကြားနေရသည်။တစ်ပြိုင်တည်း သူမ ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။
သူမ ဒါကိုလုပ်တယ်ဆိုတာ ဝေ့ထင် ဘယ်လိုဖြစ်ပြီးသိနေတာလဲ.. သူမကို လှည့်စားဖို့ ကြိုးစားနေတာလား… သို့သော် ဝေ့ထင်သည် သက်သေမရှိဘဲ လူတစ်ယောက်ကို အပြစ်တင်မည့်သူမျိုး မဟုတ်ပေ။သူမကို တိုက်ရိုက်မေးလာခြင်းဖြစ်၍၊ တစ်ခုခုတော့ သိပြီးသားဖြစ်မှာပင်။သူမ အမှိုက်ပုံးအနီးမှာများ သူမ၏ပစ္စည်းတစ်ခုခုကျန်ခဲ့ခြင်းလားဆိုသည်ကို ပြန်တွေးကြည့်မိသည်။ထိုအချိန်တွင်၊ CCTVကင်မရာသည် အပေါ်ထောင့်၌ ရှိနေသောကြောင့် အမှိုက်ပုံးအနီးတွင် သူမ ရပ်နေသည်ကိုသာ မြင်နိုင်ပြီး သူမလုပ်သမျှကို မရိုက်မိနိုင်ပေ။စုမုန့် ကလည်း ထိုအချိန်တွင် ဝက်တစ်ကောင်လို အိပ်ပျော်နေခဲ့သည်။သူမနောက်မှာ ဘာအထောက်အထားမှ မချန်ထားခဲ့ပေ။
"အစ်ကိုဝေ့ထင် ဘာတွေပြောနေတာလဲ ဆ်ိုတာ ညီမ နားမလည်ဘူး..ဝတ်မှုန်... ဝတ်မှုန်နဲ့ ညီမက ဘာလုပ်ရမှာလဲ"
ဝေ့ရွှယ်က ဝေ့ထင်ကို နားမလည်ဟန်ဆောင်ကာ ကြည့်လိုက်သည်။
ဝေ့ထင်က ဝေ့ရွှယ်ကို ဘာသိဘာသာ ကြည့်နေသည်။ သူမ တစ်ကယ်ပင် ဘာမှ သိပုံမပေါ်သဖြင့် သူ အံ့ဩသွားသည်။ ဝေ့ရွှယ် ဟန်ဆောင်တာက ကောင်းလွန်းသလား၊ ဒါမှမဟုတ် သူမ တစ်ကယ်မသိခဲ့တာလား…
စုမုန့်က သူ့ကို ရေတစ်ခွက် ပေးခဲ့တယ်။စုမုန့်သည် ယနေ့မတိုင်မီအထိ၊ သူက ဝတ်မှုန်နှင့်မတည့်သည်ကို မသိကြောင်း သေချာသည်။သူမသာ သိခဲ့လျှင် သူမအသက်ကိုပင် စွန့်စားပြီး နှင်းဆီပန်းတွေနှင့် အိမ်တစ်ခုလုံးအပြည့်အလှဆင်ထားဖို့ မဖြစ်နိုင်ပေ။သို့ဖြစ်ပါ၍၊ စုမုန့် မဟုတ်မှန်း သေချာသည်။
ဝေ့ရွှယ်ကလည်း မလုပ်ဘူးဆိုရင် ဒီရေခွက်က ဘယ်လိုဖြစ်တာလဲ… ဆေးရုံကလည်း လူနာအတွက် ဒီလိုရေခွက်မျိုး ပြင်ဆင်ပြီး ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး…
ဝေ့ထင်သည် စုမုန့်ကို လုံးဝသံသယမရှိခဲ့ပေ။စုမုန့်သည် တစ်ယောက်ယောက်ကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ၊ယခုလို ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းမျိုးကို သုံးမှာမဟုတ်။ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ဤကိစ္စက ဝေ့ရွှယ်နှင့် သက်ဆိုင်သည်ဆိုတာပင်။
(ဝေ့ရွှယ်အကြောင်း ပေါ်သွားပြီ…)
ထိုကဲ့သို့တွေးပြီး ဝေ့ထင်က ဝေ့ရွှယ်ကို လေးလေးနက်နက် စိုက်ကြည့်ရင်း အေးစက်စက် မေးလိုက်၏။
“စုမုန့်ဟာ ပန်းတွေနဲ့ မတည့်ဘူးဆိုတာ မင်း သိလား”
ဝေ့ရွှယ် နှလုံးက ဒုန်းစိုင်းပြေးမတတ်ပင်။သူမ အဖြစ်မှန်ကို မတော်တဆ ထုတ်ဖော်ပြောပြမိမှာကို ကြောက်နေမိသည်။အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမက
“အစက သိခဲ့ပေမယ့် နောက်ပိုင်းမှာ မေ့သွားခဲ့တာ…အဲဒီနေ့က ဆေးရုံမှာတုန်း ကပဲ မှတ်မိသွားတယ်...အစ်ကိုက ဒီအတွက် စိတ်ဆိုးနေတာလား…ညီမ တစ်ကယ်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး… ညီမက စုမုန့်ကို ရန်ငြိုးထားတာမျိုး မရှိပါဘူး… ဘာလို့ သူမကို ထိခိုက်နစ်နာအောင် ဝတ်မှုန်ကို တမင်တကာ သုံးရမှာလဲ”
သို့သော် ဝေ့ထင်သည် ဤကိစ္စကို စိတ်မ၀င်စားဘဲ တခြားအရာတွေကို မေးတးသည်။
"စုမုန့်က ဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဆေးရုံတင်ထားရတယ်ဆိုတာ မင်းသိခဲ့ရဲ့သားနဲ့ မင်းငါ့ကို ဘာလို့ပြန်မပြောတာလဲ"
ဝေ့ထင်သည် အရင်က အဖြစ်ဟောင်းများအား ပြန်အစဖော်နေ၍၊ဝေ့ရွှယ် စိတ်ထဲမှ စုမုန့်အား ကျိန်ဆဲလိုက်သည်။ သူမကလည်း သူမပင်။ထိုနေ့ကတည်းက ဝေ့ထင်ကို သူမ တစ်ခုခုပြောခဲ့သင့်သည်။ ယခုတော့ ရုတ်တရက်ကြီး သူ့အပြုအမူတွေက ထူးခြားလာ၏။ သူမ စိတ်ထဲကနေ အကြောင်းပြချက်တစ်ခုကို အမြန်စဉ်းစားပြီး စက္ကန့်အနည်းငယ်အကြာမှာ ပြောလိုက်ရ၏။
“ဒါက စုမုန့်ကလေ အစ်ကို့ကို မပြောစေချင်ဘူးတဲ့... အစ်ကို စုမုန့်ကို သိတယ်မလား…သူမက တစ်ခါတစ်လေ အရမ်းထူးဆန်းတယ်...အဲဒီနေ့က အစ်ကိုတို့နှစ်ယောက်ကြားမှာ ဘာဖြစ်သွားမှန်း ညီမ တစ်ကယ်မသိဘူး၊ ဒါပေမယ့် သူမ အရမ်းဒေါသထွက်ပြီး အစ်ကို့ကိုထပ်မတွေ့ချင်တော့ဘူးလို့ပြောတယ်"
***
စုမုန့် သူတို့နှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ဝေ့ထင် သည် ဝေ့ရွှယ်နှင့် ဝတ်မှုန်တို့မှာ ဆက်စပ်နေကြောင်းကို သိထားပြီးဖြစ်သော်လည်း နှစ်ယောက်တည်း သီးသန့်ခေါ်ပြောနေသည်။တခြားသူတွေ သိသွားပြီး ဝေ့ရွှယ်အား ထိခိုက်မှာကို သူ ကြောက်နေပုံရသည်။ ဝေ့ရွှယ်ကို ကာကွယ်ဖို့ ကြိုးစားနေခြင်း ဖြစ်နိုင်၏။သူ့ညီမလေးအတွက်ဆို၊သူ အတော်လေး အတွေးအခေါ်ကောင်းလှသည်။
စုမုန့် သူတို့နှစ်ယောက် ထွက်သွားရာဘက်ကို လှည့်ကြည့်လိုက်သည်။ထို့နောက် မတ်တပ်ထရပ်ကာ အမေ့ဝေနှင့် တခြားမိန်းကလေးများကို လျစ်လျူရှုပြီး သူမ ထိုင်ခုံဆီသို့ ပြန်လာခဲ့သည်။သူမ လောလောဆယ် စိတ်အဆင်မပြေဖြစ်နေ၍၊ဘာမှပြောဆိုချင်စိတ်မရှိတော့။
ထိုစဉ်၊ အမေဝေ့သည် စုမုန့် နံဘေးသို့ လျှောက်သွားပြီး ခေါင်းငုံ့ကာ နားရွက်နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်၏။
"နင် ငါ့ကို ကတိပေးထားတာကို မမေ့နဲ့...နင် ငါ့စကားကို နားထောင်တာအကောင်းဆုံးပဲ...မဟုတ်ရင် နင့်ရဲ့ဆရာကို နေစရာမရှိအောင် ငါလုပ်ပစ်လိုက်မယ်"
စုမုန့် စိတ်ထဲမှာ ဆရာဖြစ်သူက တခြားအရာအားလုံးထက် ဦးစားပေးထားသည်ကို အမေဝေ့သိသည်။သူမ၏ ဆရာကို ခြိမ်းခြောက်ပါက၊အစီအစဥ်အောင်မြင်မှာ သေချာသည်။ထို့အပြင် စုမုန့်သည် ယခု ဝေ့မိသားစုတွင်ရှိနေပြီဖြစ်သောကြောင့် တော်ရုံ နှုတ်လှန်မထိုးရဲပေ။သူမ ဝေ့မိသားစုဝင် တစ်ယောက်က်ိုရဲစခန်း ဘယ်တော့မှ မပို့နိုင်တော့။
အမေဝေ့သည် သူမ၏ ဆရာနှင့် ခြိမ်းခြောက်နေသည်ကို ကြားသောအခါ စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူမ အစကတည်က၊ စိတ်ဆိုးနေပြီဖြစ်သလို၊ ယခုလည်း အမေဝေ့က သူမကို ဆက်တိုက်ရန်လာစနေသောကြောင့် သူမ သည်းမခံနိုင်တော့ဘဲ အမေဝေ့ကို အေးစက်စွာကြည့်ကာ
“ကောင်းပြီ… အန်တီဝေ့က ထောင်ထဲမှာနေရတာ မကျေနပ်သေးလို့ နောက်ထပ် ဆက်နေချင်သေးတာကိုး...စိတ်မပူပါနဲ့၊ ကျွန်မကလည်း အန်တီပြန်ဝင်ရအောင်လို့ ကူညီပေးပါဦးမယ်"
စုမုန့်က ထောင်ကျသည့် အဖြစ်အပျက်ကို ပြောပြလာသဖြင့် အမေဝေ့ သူမကို စိုက်ကြည့်ပြီး လှည့်ထွက်သွားသည်။
စုမုန့်သည် ရေနှစ်ငုံ သောက်ပြီး လက်ထဲက ဖန်ခွက်ကို ကြည့်လိုက်၍ ဝေ့ရွှယ် အား ချောက်ချရမည့် နည်းလမ်းများကို စတင်စဉ်းစားခဲ့သည်။ ခဏနေလျှင်၊ သူမ ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ ဆရာဖြစ်သူထံမှ ဖုန်းဖြစ်၏။သူမ ရုတ်တရက် တုန်လှုပ်သွားသည်။ ဝေ့မိသားစုထံ သူမ လိုက်သွားဦးမည်ဟု ဆရာ့ကို မပြောခဲ့ပေ။ သူမ ဒီကိုလာတာကို သိနေတာလား...သူမကို ဆူတော့မှာလား…
စုမုန့် သည် ချက်ချင်းပင် အမေဝေ့နှင့် စကားပြောစဥ်ကလို မောက်မာရိပ်များ ချက်ချင်း ပျောက်သွားသည်။ ဖုန်းမကိုင်ခင်မှာ စိတ်ကို တည်ငြိမ်အောင်ထား၍ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ကံကောင်းထောက်မစွာ၊ ကောရှန်းက သူမအား အပြစ်တင်ဖို့ မဟုတ်။
"ဆရာ တစ်ကယ်တောင်းပန်ပါတယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်က အလုပ်များလွန်းလို့ မင်းကို လာမတွေ့ဖြစ်ဘူး.... မင်း အခုဘယ်လိုနေသေးလဲ"
ကောရှန်းက စိတ်ပူနေပြီး သူမ အခြေအနေကို အရင်မေးသည်။
“ဆရာ စိတ်မပူပါနဲ့… နေကောင်းပါတယ်…ဆရာ ပြန်တဲ့နေ့မှာပဲ ကျွန်မ လွတ်လွတ်လပ်လပ် လှုပ်နိုင်ရှားနိုင်ခဲ့တာလေ...အခု ဘာမဆိုလုပ်နိုင် နေပြီ...ဆရာ စိတ်ပူစရာမလိုပါဘူး...တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပါတယ်… ဒီရက်ပိုင်းအတွင်း ဆေးရုံက ဆင်းနိုင်မယ်ထင်တယ်”
ကောရှန်းသည် စုမုန့် စကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် စုမုန့်ကို စိုးရိမ်တကြီး မေးနေသေးသည်။
"ဒါဆို မုန့်အာရေ... ရှောင်ပိုင်ကို ထိန်းနိုင်ပါ့မလား…ဒါမှမဟုတ် သူ့ကို ပြုစုစောင့်ရှောက်နိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းများ ရှိလား…ငါ့မှာ ရုတ်တရက် အရေးပေါ်အခြေအနေ ကြုံလာလို့ အိမ်က ခဏလောက် ထွက်သွားဖို့ လိုတယ်…ငါ ရှောင်ပိုင်ကို ဆက်ပြီး ထိန်းလို့ မရတော့ဘူး"
“အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ပို့ရတာလည်း မလုံခြုံသလို ခံစားရတယ်… တစ်ကယ်အဆင်မပြေရင် ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာကိုပဲ ပို့လို့ရမယ်"
ကောရှန်း ၏ လေသံမှာ စိုးရိမ်ပူပန်နေပြီး ဖုန်းချဖို့အလျင်လိုနေသလိုမျိုး မြန်မြန်ပြောလေ၏။
ကောရှန်းကို အမေဝေ့က ခြိမ်းခြောက်ဖို့ လုပ်ခဲ့သည်ကို စုမုန့် သတိရသွားပြီးစိုးရိမ်စိတ်ဖြစ်လာရသည်။သူမ ဆရာ့ကို စိတ်မပူဘဲ မနေနိုင်တော့။
“ဆရာ…ဘာကိစ္စဖြစ်သွားလို့လဲ...ကျွန်မကို စောင့်ပါဦး... မကြာခင် ဆရာ့ဆီ ရောက်မယ်"
သူမ ပြောရင်းဆိုရင်း မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်သွားလေတော့သည်။
xxxxxxx