Chapter 146
(ငတုံးလုံခြုံရေး)
ကောရှန်းက စုမုန့် လာမည်ဆိုသည်ကို ကြားလျှင်၊ သူက အမြန်ရှင်းပြသည်။
"ဆရာ ဒုက္ခရောက်နေတာ မဟုတ်ပါဘူး... ငါ့ သူငယ်ချင်းဟောင်းတစ်ယောက် ဒုက္ခရောက်နေတာ…သူ ငါ့အကူအညီလိုတယ်…စိတ်မပူပါနဲ့ ဆက်ပြီး ဆေးကုဦး…မင်း ရှောင်ပိုင်ကို ခဏလောက် စောင့်ရှောက်ပေးနိုင်မလားလို့ မေးချင်တာပါ"
ကောရှန်း ၏ပြဿနာမဟုတ်ကြောင်းကြားမှ စုမုန့် စိတ်သက်သာရာရသွားသည်။
“ရပါတယ်၊ ကျွန်မက သီးသန့် လူနာဆောင်မှာ နေနေတာ…ရှောင်ပိုင်ကို သော့နဲ့ခတ်ထားပြီး ဘယ်မှ ပြေးမရအောင် လုပ်ထားရင် အဆင်ပြေပါတယ်"
စုမုန့် သည် ရှောင်ပိုင်ကို ဂရုစိုက်နိုင်သည်ကို မြင်လိုက်ရသဖြင့် ကောရှန်းက သက်ပြင်းချလိုက်သည်။
"အဲဒါကောင်းတယ်…ငါ ရှောင်ပိုင်ကို အခုပဲ လာပို့လိုက်မယ်…ရှန့်ကျန်းကို အကူအညီ တောင်းချင်ပေမယ့် ဒီကလေးက သူ့ဟာသူတောင် ဂရုစိုက်နိုင်တာမဟုတ်ဘူး...စကားမစပ်၊ မင်းပြန်ကောင်းလုနီးပါးဖြစ်နေပြီဆိုတော့ အချိန်ရရင် သူ့ကိုသွားပြုစုလိုက်ပါ... သူက မင်းကိုကယ်ဖို့ကြိုးစားရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမလား”
"စိတ်မပူပါနဲ့ ကျွန်မသိပါတယ်"
စုမုန့်က သဘောတူလိုက်ပြီးနောက် ဘေးဘီကိုလှည့်ပတ်ကြည့်ရှုပြီး ကောရှန်း အား သူမဘယ်မှာရှိနေသည်ကို ပြောပြလိုက်၏။
"အဘိုး...ကျွန်မ အခု ဆေးရုံမှာ မဟုတ်ဘူး.. ဝေ့မိသားစုရဲ့ ဗီလာမှာ"
ကောရှန်း သည် စုမုန့် စကားကိုကြားသောအခါ စကားခဏရပ်သွားသည်။အချိန်အတော်ကြာပြီးနောက် သူက သူမကို လေးနက်စွာ မေးသည်။
"ကောင်မလေး... မင်း သူ့ကို မလွှတ်နိုင်သေးဘူးလား…ဒါပေမယ့် မပူပါနဲ့ ဆရာက မင်းကို အတင်းအကြပ်မလုပ်ခိုင်းပါဘူး…ဒီကာလတစ်လျှောက်လုံး မင်းက အရမ်းရင့်ကျက်လာပြီဆိုတာကို ဆရာ သဘောပေါက်ပါတယ်...မင်း ဘာလုပ်ရမယ်ဆိုတာ သေချာသိတယ်မလား... စိတ်မပူပါနဲ့၊လုပ်သာ လုပ်လိုက်… တစ်ခုခုဖြစ်ရင် ဆရာ မင်းနောက်မှာ ရှိနေမယ်”
ယခုတော့ ကောရှန်းက သူမကို မတားခဲ့ဘဲ အားတောင်ပေးနေသေးသည်။ စုမုန့် ကျေးဇူးတင်စိတ်ဖြစ်လာကာ၊လည်ချောင်းထဲမှာ အကျိတ်အခဲတစ်ခုလို စို့တက်လာသလိုမျိုး ငိုချင်စိတ်ဖြစ်လာရ၏။ထို့ကြောင့် သူမ ကောရှန်းကို နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ…တောင်းလည်း တောင်းပန်ပါတယ်"
"မင်း ကိုယ့်ဆရာကို အပြင်လူလို ဘာလို့ ဆက်ဆံနေတာလဲ...ငါ့ဇနီးလည်း အသက်ရှင်နေသေးရင် သူမလည်း ငါ့လို ပြောမှာပဲ"
ကောရှန်းက ရယ်ကာမောကာ ပြောလိုက်သည်။ နွေးထွေးသောလေထုသည် ခဏတာမျှသာ တည်တံ့နေခဲ့ပြီး မကြာမီ ကောရှန်းက စိုးရိမ်တကြီးပြောသည်။
"ကောင်းပြီ...ဆရာ မင်းနဲ့ စကားပြောဖို့ အချိန်မရှိတော့ဘူး… တစ်ခုခုဖြစ်ရင် ဆရာ ပြန်လာရင်ကြည့်ရှင်းလိုက်မယ်..အခု ဝေ့မိသားစုရဲ့ ဗီလာဆီ လာနေပြီ...ဆရာ အဲဒီကိုရောက်ရင် ရှောင်ပိုင်ကို မင်းဆီအပ်ပြီး ဆရာ ထွက်သွားမှာပါ"
"ကောင်းပါပြီ…ဆရာ"
စုမုန့် သည် ကောရှန်းကိုစောင့်ဖို့ ဗီလာအဝင်ဝမှာ ရပ်နေသည်။အချိန်အတန်ကြာလာ၍၊ သူမ ငြီးငွေ့လာပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ထိုအခါ ဝေ့ရွှယ် နှင့် ဝေ့ထင်တို့ စကားပြောနေတာကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်က မှောင်ရိပ်နည်းနည်းကျသည့် နေရာတွင် ရှိနေ၍ သူတို့မျက်နှာကို သေချာ မမြင်နိုင်သလို၊ သူတို့ပြောနေသည်ကိုလည်း မကြားနိုင်ပေ။သို့သော် ဝေ့ရွှယ် နှင့်ဝေ့ထင်၏ ကိုယ်ဟန်မူရာများကိုတော့ အရိပ်ထဲမှာမြင်နေရသည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် ဝေ့ရွှယ် သည် ဝေ့ထင်ကို ထိဖို့ကြိုးစားသော်လည်း၊ဝေ့ထင်သည် အချိန်တိုင်း သူမကို ရှောင်သွားခဲ့သည်။
“သူတို့နှစ်ယောက် ရန်ဖြစ်နေပုံရတယ်”
သူမ ရေရွတ်လိုက်မိသည်။
ဝတ်မှုန်ကိစ္စ ဝေ့ရွှယ်နဲ့ ဆက်စပ်နေတယ်ဆိုတာကို ဝေ့ထင် သိသွားလို့ ရန်ဖြစ်နေတာလား... သူမ ဘာဖြစ်နေမှန်းကို မသိဘဲ စိတ်ထဲမှသာ မှန်းဆနေမိသည်။ သူမ၏ ဆရာကလည်း မရောက်လာသေးသလို၊အားနေသောကြောင့် နေရာတွင်ရပ်ကာ ဝေ့ရွှယ် နှင့် ဝေ့ထင်တို့ အပြန်အလှန်ပြောနေကြသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
သူမ ပုံစံကပဲ သိသာလွန်းနေတာလားမသိ၊မကြာမီ ဝေ့ထင်က သူမကို တွေ့သွားသည်။ ဝေ့ထင် သူ့လက်ကို ဝှေ့ယမ်းပြသည်။ သူဘာကိုဆိုလိုမှန်း မသိသော်လည်း၊သူမ လက်ပြန်ပြလိုက်၏။
????
ချက်ချင်း ဝေ့ထင်က သူမဆီ တည့်တည့်လျှောက်လာနေ၏။ သူတို့နှစ်ယောက်သားမှာ တော်တော်ဝေးဝေးမှာရှိနေသဖြင့်၊ဝေ့ထင်က သူမဆီလျှောက်လာချိန်မှာ၊ ကောရှန်းလည်း ကားနှင့်ရောက်လာ၏။
ကောရှန်း သည် ရှောင်ပိုင်ကို ကားထဲမှ ထုတ်ကာ အထဲသို့ဝင်ရန်ပြင်လိုက်ရာဝင်ပေါက်ရှိ လုံခြုံရေးအစောင့်က တားထားသည်။ လုံခြုံရေးအစောင့်မှာ ရုပ်ရည် တော်တော်ကြည့်ကောင်းသည်။အသားဖြူ၊အရပ်လည်းရှည်သည်။သို့သော် သူ့မျက်လုံးများက မနှစ်မြို့ဖွယ်ကောင်းသဖြင့် သူ့မျက်နှာကို ကြည့်ရဆိုးသွားစေ၏။
“သူက ကျွန်မ ဆရာပဲ… ကျွန်မကို ပစ္စည်းတစ်ခု ပေးဖို့အတွက်လာတာ… သူ မကြာခင် ထွက်သွားမှာပါ”
စုမုန့်က ရှင်းပြပြီး လုံခြုံရေးအား ဝင်ခွင့်ပြုဖို့ပြောလိုက်သည်။
သို့သော်လည်း လုံခြုံရေးအစောင့်သည် လူတစ်ယောက်၏ စရိုက်လက္ခဏာကို အကဲဖြတ်တတ်သူပင်။စုမုန့်ကို ဝေ့မိသားစုက မျက်နှာသာမပေးမှန်း၊သူသိတာမို့ စုမုန့် စကားကို ဂရုမစိုက်ဘဲ သူက စိတ်မရှည်စွာဖြင့်
“သခင်မလေးက ဝေ့မိသားစုဝင်ဖြစ်လို့ ဆန္ဒရှိသလို ဝေ့မိသားစုကို ဝင်ထွက်သွားနိုင်တယ်… ဒါပေမယ့် သူက…”
လုံခြုံရေးအစောင့်က ကောရှန်း ကို အထင်အမြင်သေးသလိုမျိုးကြည့်ကာ ဆက်ပြောသည်။
"ဒီလူက ဝေ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး…ဖိတ်စာလည်း မရှိဘူး၊ ဒါကြောင့် သူ့ကို ခွင့်မပြုရဲဘူး…လူတွေကို ပေါ့ပေါ့တန်တန် ဝင်ထွက်ခိုင်းပြီး ဝေ့မိသားစုမှာ တစ်ခုခု ပျောက်ရှသွားရင် ကျွန်တော့်မှာ ပေးစရာ ပိုက်ဆံမရှိဘူး.…ဒါကြောင့် သခင်မလေးပဲ တစ်ယောက်တည်း အပြင်ထွက်ရပါမယ်"
လုံခြုံရေးအစောင့်က စုမုန့်ကို လုံးဝအလေးအနက်မထားချေ။ စုမုန့်သည် ဝေ့မိသားစု၏ သခင်မလေး မဟုတ်တော့ဘဲ၊ သာမန်ဧည့်သည်တစ်ဦး ဖြစ်နေလျှင်ပင် လုံခြုံရေးအစောင့်က သူမအား ဤကဲ့သို့ ဆက်ဆံ၍ မရချေ။
( မရည်ရွယ်ပါဘူး...)
ကောရှန်းက ရှောင်ပိုင်ကို စုမုန့်ဆီထားခဲ့ဖို့ အလျင်လိုနေတာကြောင့် လုံခြုံရေးအစောင့် ပြောတာကို စိတ်မ၀င်စားပေ။သို့သော်၊စုမုန့်ကတော့ အတော်ဒေါပွသွားသည်။သူမကို သူများတွေ ဘယ်လို ဆက်ဆံသလဲဆိုသည်ကို ဂရုမစိုက်သော်လည်း၊ဆရာ့ကို စော်ကားခြင်းကိုတော့ သူမ သည်းမခံနိုင်တော့ပေ။
လုံခြုံရေးအစောင့်ရဲ့ စကားက ကောရှန်း ကိုသူခိုးလို့ ပြောနေတာ မဟုတ်လား… စုမုန့်သည် ကောရှန်း မျက်နှာထားက စိုးရိမ်ပူပန်ပုံပေါ်နေ၍၊ဤကိစ္စအား ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ လောလောဆယ် သူမ၏ ဆရာ့ကိစ္စက ပိုအရေးကြီးသည်။သူမ လုံခြုံရေးအစောင့်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး တံခါးအပြင်ဘက်သို့ ထွက်သွားလိုက်သည်။
ကောရှန်း သည် ရှောင်ပိုင် ကို သူမအား ပေးပြီး ကားပေါ်သို့ အမြန်ပြန်တက်ခဲ့သည်။ကားစက်မနှိုးခင်မှာ သူက
“ မင်း လုံးဝပြန်ကောင်းမလာသေးဘူး နော်...ကိစ္စတစ်ခုခုရှိရင် ဆရာပြန်လာပြီး မင်းကို ဂရုစိုက်ပေးပါ့မယ်...အခုတော့ ရှောင်ပိုင်ကို ကောင်းကောင်း ဂရုစိုက်ဖို့ပဲ လိုတာပါ"
စုမုန့် ပြန်မဖြေခင် ကားက အရှိန်ပြင်းပြင်းနှင့် ထွက်သွားတော့သည်။ရှောင်ပိုင် သည် အလွန်လိမ္မာသည်။ ကောရှန်းက သူမကို ပေးပေးချင်း၊ရှောင်ပိုင်မှာ သူမ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်သွားလေသည်။ချစ်စရာကောင်းသော ရှောင်ပိုင်ကိုကြည့်ရင်း သူမ စိတ်ကြည်သွားရသည်။
သူမ တံခါးဝတွင်ရပ်ကာ ကောရှန်း ထွက်သွားရာဘက်ကို ကြည့်လိုက်သည်။ထိုအခါ တံခါးပိတ်ဖို့ စောင့်နေသည့် လုံခြုံရေးအစောင့်က စိတ်မရှည်တော့။
“သခင်မလေး၊ အဲ့ဒီလူလည်း ပြန်သွားပြီဆိုတော့ အခုအိမ်ထဲကို ဝင်သင့်တယ်…ပြန်လာဖို့မစီစဉ်ရင် ကျွန်တော်တံခါးပိတ်လိုက်မယ်"
လုံခြုံရေးအစောင့်က တိုက်တွန်းနေသော်လည်း စုမုန့် မဝင်သေးဘဲ မေးလိုက်၏။
"ဝေ့မိသားစုမှာ ရှင်အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
လုံခြုံရေးအစောင့်သည် သူမတို့အကြောင်းကို သိပ်မသိပုံထောက်လျှင်၊ အခုမှရောက်လာခြင်းဖြစ်မည်။သူမ ဝေ့မိသားစုမှ မထွက်ခွာမီတွင် တခြားလုံခြုံရေးအစောင့်တစ်ဦး အလုပ်လုပ်နေကြောင်း ပြန်လည်သတိရမိသည်။အရင် လုံခြုံရေးအစောင့်ဟောင်းက၊ခပ်ဝဝနှင့်အရပ်သိပ်မရှည်သော်လည်း မျက်နှာထားက ချိုနေသည်။သူက အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်ပြီး သူမကိုလည်း ယဉ်ကျေးစွာဆက်ဆံ၏။ထိုကောင်လေးသည် ဤဘဝတွင် သူမနှင့် များစွာ ထိတွေ့ဆက်ဆံမှု မရှိခဲ့သော်လည်း၊ယခင်ဘဝတုန်းက သူမအား အကြိမ်အနည်းငယ် ကူညီပေးခဲ့သည်။ဝတ္ထုဇာတ်လမ်းအရ သူလည်း လုံခြုံရေးအစောင့်အဖြစ် ဆက်လက် လုပ်ကိုင်နေသင့်သော်လည်း၊ ယခုအခါတွင် သူ့အား အစားထိုးလိုက်ပြီဖြစ်သည်။သူမ စောစော ထွက်သွားခြင်းသည် ဇာတ်ဝင်ခန်းများအား အပြောင်းအလဲ ဖြစ်စေသည်ဟု ထင်ရသည်။
လုံခြုံရေးအစောင့်က စုမုန့်၏မေးခွန်းကို သေချာကြားလိုက်ရသည်။သူမသည် ယခုထိ ဝေ့မိသားစုဝင်တစ်ယောက်ဖြစ်နေဆဲပင်။ သူမကို တခြားမိသားစုဝင်များက ဘယ်လောက်ပဲ နှိမ့်ချဆက်ဆံပါစေ၊သူကမူ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံရမည်ဖြစ်ပေသည်။
“လွန်ခဲ့တဲ့ နှစ်လက ဒုတိယသခင်မလေးက ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်” လုံခြုံရေး အစောင့်က ပြန်ပြောသည်။
သူ ဒီလောက် မယဉ်ကျေးတာ မဆန်းပါဘူး... စုမုန့် ချက်ချင်း သဘောပေါက်သွားရသည်။ထို့နောက် သူမသည် လုံခြုံရေးအစောင့်၏ ကံကြမ္မာကို ကြည့်လိုက်ရာ အနက်ရောင် အလွှာပါးလေးတစ်ခုရှိနေသည်ကို တွေ့ရသည်။သူမ အထင်မှန်လျှင်၊လုံခြုံရေးအစောင့်သည် လူသတ်မှုတစ်ခုကျူးလွန်ခဲ့သည်။သူ့လိုလူကို အိမ်မှာ လုံခြုံရေးအစောင့်အဖြစ် ထားလျှင်၊ နောင်တစ်ချိန်မှာ ဒုက္ခရောက်မှာမလွဲပေ။
သူမ ပြုံးလိုက်သည်နှင့် စိတ်ထဲမှ မကျေနပ်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမ ဘာမှလုပ်စရာမလို၊ပွဲကိုသာ စောင့်ပြီးကြည့်ဖို့ပဲလိုသည်။ သူမတို့ နှစ်ယောက် စကားစမြည်ပြောနေချိန်မှာ၊ ဝေ့ထင်နှင့် ဝေ့ရွှယ်တို့ လျှောက်လာကြသည်။
ဝေ့ရွှယ် သည် ဝေ့ထင် နောက်မှလိုက်လာပြီး စုမုန့်ကို မကျေမနပ်ဖြင့် ကြည့်နေလေသည်။သူမ ဝေ့ထင်နှင့် ကောင်းကောင်း စကားစမြည်ပြောနေချိန်မှာ၊ စုမုန့်ပေါ်လာ၍ ဝေ့ထင်က သူမကို လျစ်လျူရှုခဲ့သည်။အတော်ဆိုးတဲ့မိန်းမ...
လုံခြုံရေးအစောင့်သည် ဝေ့ထင် နှင့် ဝေ့ရွှယ် ကိုတွေ့လျှင်၊ သူ့မျက်နှာအမူအရာက ချက်ချင်းပြောင်းသွားသည်။သူက ခေါင်းညိတ်ပြပြီး ဝေ့ထင်ကို နှုတ်ဆက်သည်။
"မင်္ဂလာပါ သခင်လေးဝေ့နဲ့... ဒုတိယ သခင်မလေး"
ဝေ့ရွှယ်က ပြုံးပြီးခေါင်းညိတ်ပြသော်လည်း ဝေ့ထင်သည် လုံခြုံရေးအစောင့်၏ နှုတ်ဆက်စကားကို မကြားသလို လျစ်လျူရှုခဲ့သည်။ထို့နောက် သူက စုမုန့်ဆီကို လျှောက်သွား၏။
ဝေ့ထင် ဘာမှမပြောခင် စုမုန့်က မပျော်မရွှင် ဖြစ်နေသည့် သူတို့မောင်နှမ မျက်နှာတွေကိုကြည့်ပြီး
"ဘာဖြစ်နေတာလဲ…ရှင်နဲ့ရှင့်ညီမ ပြန်တွေ့တာကို ကျွန်မက နှောင့်ယှက်မိလို့ လာမေးချင်တာလား"
ဝေ့ရွှယ် သည် စုမုန့် ၏ ရွဲ့စောင်းသော စကားကို ကြားသောအခါ၊ ဝေ့ထင် ကိုယ်စား ရှင်းပြရန် ခြေလှမ်းပြင်လိုက်သည်။
" စုမုန့်၊ အစ်ကိုဝေ့ထင်ကို နင် ဘယ်လိုမျိုး ထင်ရက်တာလဲ…ငါတို့ အခုပဲ စကားပြောနေတာနင်ကလည်း ငါတို့ကို မနှောင့်ယှက်ဘူးလေ…ငါတို့ စကားပြောပြီးတာနဲ့ နင့်ဆီ ရောက်လာတယ်…နင့်ကို အပြင်မှာ တစ်ယောက်တည်းထားလိုက်ရင်၊ စောစောကလို အိမ်နောက်ဖေးမှာ တစ်ခြားယောက်ျားလေး တစ်ယောက်က နင့်ကို စကားလာပြောလို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ပြောပြီးမှ၊ ဝေ့ရွှယ် သည် မပြောသင့်သောအရာများကို ပြောခဲ့ကြောင်း သဘောပေါက်သွားသည်။ သူမ အလျင်အမြန် ဟန်ဆောင်ကာ စုမုန့် ကိုပြောလိုက်သည်။
“အို စုမုန့် တောင်းပန်ပါတယ်…ငါ မပြောသင့်တာကို ပြောမိသွားတာပဲ… တော်သေးတာပေါ့...ဒီနေရာမှာ ဘယ်သူမှမရှိလို့…နင် ငါ့ကိုအပြစ်မတင်ဘူးမဟုတ်လား"
စုမုန့်က ဝေ့ရွှယ် ၏ အတုအယောင်လုပ်ထားသည့် မျက်နှာကို ကြည့်ပြီး ပြုံးကာ သူမကို အတုခိုး၍ လိုက်ပြော၏။
"နောက်ဆို နင်လည်း သတိထားရမယ်နော်... တခြားယောက်ျားတွေနဲ့ အိပ်နေတာကို ဓာတ်ပုံအရိုက်မခံရဖို့လေ…"
ပြောပြီးမှ၊ စုမုန့်က ဝေ့ရွှယ် ကဲ့သို့ သူမ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ တောင်းပန်လိုက်သည်။
"အိုး ရှောင်ရွှယ် ငါ့ပါးစပ်ကလည်းလေ…ငါက နင့်ကို စေတနာနဲ့သတိပေးချင်တာကို၊နင် ယောက်ျားတစ်ယောက်နဲ့ အိပ်တာကို ဓာတ်ပုံရိုက်ခံရတဲ့အကြောင်း ပြောမိသွားတာ...ငါ တစ်ကယ်ကို မရည်ရွယ်ပါဘူး...နင် ငါ့ကိုအပြစ်မတင်ဘူးမဟုတ်လား"
xxxxxx