Chapter 147
ထိုအဖြစ်အပျက်သည် ဝေ့ရွှယ်၏ နှလုံးသားထဲတွင် အမြဲနာကျင်နေစေခဲ့သည် ။ အဘယ်ကြောင့်ဆိုလျှင် ထိုကိစ္စအတွက် သူမ အမြဲလှောင်ပြောင်ခံနေရသောကြောင့်ပင် ။ နောက်ပိုင်းတွင် သူမ အိမ်အပြင်ကိုတောင် မထွက်ရဲတော့ပေ ။ ထိုအရာများအားလုံးသည် စုမုန့် ကြောင့်သာဖြစ်ပြီး သူမ ထိုအရာကို ပြောဖို့ အာရုံရှိနေတုန်းပင် ဖြစ်သည် ။
ဝေ့ရွှယ် ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်သည် ။ လုံခြုံရေးအစောင့်များမှ လွဲ၍ ထိုနေရာတွင် မည်သူမျှမရှိပေ ။ ဝေ့ရွှယ် ကြည့်နေသောအခါတွင် လုံခြုံရေးအစောင့်သည် သူ၏ခေါင်းကိုတစ်ဖက်သို့လှည့်သွားခဲ့သည် ။ သူ ကောင်းကင်ကိုကြည့်လိုက် ၊ မြေပြင်ကိုကြည့်လိုက် နှင့် ဘာမှမကြားခဲ့သလိုသာ ဟန်ဆောင်နေခဲ့သည် ။
လုံခြုံရေးအစောင့်က စဥ်းစားဉာဏ်ရှိသည်ကိုတွေ့ရသောအခါ ဝေ့ရွှယ် စိတ်သက်သာရာရသွားခဲ့သည် ။ကံကောင်းစွာဖြင့် မည်သူမှ သူပြောသည်ကို မကြားလိုက်ရပေ ။ လုံခြုံရေးအစောင့်မှာ သေးငယ်သော ဇာတ်ကောင်သာဖြစ်သည် ။သူ့အား အာရုံစိုက်နေရန် မလိုအပ်ချေ ။
သို့သော် သူမ မမြင်လိုက်သည်မှာ လုံခြုံရေးအစောင့်သည် သူ၏ ခေါင်းအားငုံ့လိုက်သောအခါ မျက်နှာသည် မှောင်မဲနေခဲ့သည် ။ သူမော့လိုက်ပြီး ဝေ့ရွှယ်ကို တိတ်တဆိတ်ခိုးကြည့်နေခဲ့သည် ။ ထို့နောက် ခေါင်းပြန်ငုံ့လိုက်ပြီး ဘေးနားသို့ဆက်ကြည့်မနေတော့ပေ ။
ဝေ့ရွှယ် အသက်ပြင်းပြင်းရှူလိုက်ကာ စုမုန့်ကို ပြုံးပြလိုက်သည် ။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အစ်မစုမုန့် နင်အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး အမျိုးသားတစ်ယောက်နဲ့ဖက် ဓါတ်ပုံရိုက်ခံရပြီးတော့ လူတွေအများကြီးသိသွားတဲ့ နင့်လောက် ငါက အရေးမကြီးပါဘူး ..."
ဝေ့ထင် နှစ်ယောက်ကြားရှိ ပြောစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်မိသွားသည် ။ နှစ်ယောက်သား ပြောပြီးသွားသောအခါ သူ စုမုန့်ကိုပြောလိုက်သည် ။
" အခန်းကိုပြန်ပြီးတော့ အသေးစိတ်ပြောရအောင် "
ရှောင်ပိုင်သည် စုမုန့်၏ လက်မောင်းထဲတွင် အိပ်ပျော်နေသည် ။ အကြောဆန့်ပြီးသွားသည့်နောက်တွင် သူသည် ဝေ့ထင် နှင့် ဝေ့ရွှယ်ကို ကြည့်နေခဲ့သည် ။ထို့နောက် အင့်ခနဲ ညည်းလိုက်ကာ မျက်လုံးမှိတ်ပြီး ပြန်အိပ်သွားခဲ့သည် ။
စုမုန့်သည် ရှောင်ပိုင်၏ ကိုယ်လေးကို နူးနူးညံ့ညံ့ထိတွေ့လိုက်သည် ။ သူသည် အလွန်ကို နူးညံ့ပြီး သက်သောင့်သက်သာ ဖြစ်နေခဲ့သည် ။ သူမ အကြိမ်အနည်းငယ်ထိတွေ့လိုက်ပြီးနောက် ဝေ့ထင်အား သဘောတူညီဟန် ခေါင်းငြိတ်ပြလိုက်သည် ။
" သေချာတာပေါ့ ၊ ဒါပေမယ့်..."
သူမနောက်သို့လိုက်ဖို့လုပ်နေသော ဝေ့ရွှယ်အား ကြည့်ကာ စုမုန့်ပြောလိုက်သည် ။
" ငါတို့လူကြီးတွေက စီးပွားရေးအကြောင်းပြောမလို့ ရှောင်ရွှယ် နင်ငါတို့နောက်ကို လိုက်ဖို့မလိုဘူး ..."
ဝေ့ရွှယ် ပြန်ကန့်ကွက်လိုက်သည်။
" ငါက ကလေးမဟုတ်တော့ဘူး ငါ့အသက်တော်တော်ကြီးနေပါပြီ အဲ့ဒီမှာ ငါနားထောင်လို့မရတာ ရှိလို့လား ..."
သူမ ဝေ့ထင်အားကြည့်ကာ သူ့ဘက်မှ သူမကို အတူ လိုက်ဖို့ သဘောတူညီလာရန် မျှော်လင့်နေခဲ့သည် ။ စုမုန့် ဘာပြောမလဲဆိုသည်ကို သူမဂရုမစိုက်ပေ ။ဒီအတိုင်း သူတို့နှစ်ယောက်ထဲရှိနေမည်ကိုသာ သူမ မလိုချင်ခြင်းဖြစ်သည် ။ အကယ်၍ သူမအရှက်မရှိ အရေထူနေရမည် ဆိုလျှင်တောင် သူတို့၏ကိုယ်ပိုင်အချိန်များကို နှောင့်ယှက်နေနိုင်သ၍ သူမဂရုမစိုက်ပေ ။
မမျှော်လင့်ထားစွာပင် ဝေ့ထင်သည် သူမ၏ အကြည့်တို့အား လုံးဝ လျစ်လျူရှူထားခဲ့သည် ။ လေးနက်သော အသံဖြင့် သူပြောလိုက်သည် ။
" ပြန်သွားတော့ ငါတို့ချင်း သီးသန့်ဆွေးနွေးရမယ့်ကိစ္စရှိသေးတယ် ..."
ထို့နောက် သူ မုန့်အာ၏ လက်မောင်းအားဆွဲကိုင်လိုက်ပြီး ဗီလာသို့ လျှောက်သွားခဲ့သည် ။
သီးသန့်ကိစ္စတဲ့လား ...ဝေ့ထင် နဲ့ စုမုန့်ကြားမှာ ဘယ်လို သီးသန့်ကိစ္စမျိုးရှိနိုင်မှာ မို့လို့လဲ ...
ဝေ့ထင် စုမုန့်၏လက်မောင်းအား ဆွဲသွားသည်ကို သူမတွေ့လိုက်ရသည် ။ သို့သော်လည်း စုမုန့်က သူ့ကို လုံးဝငြင်းဆန်လိုက်သည့်ပုံ မပေါ်ပေ ။ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် လုံးဝပြောင်းလဲသွားပုံရသည်ဟု သူမခံစားမိသည် ။
" အစ်ကိုဝေ့ထင် "
သူမ နောက်မှလိုက်သွားချင်ခဲ့သော်လည်း ဝေ့ထင်၏ သတိပေးနေသော အကြည့်များဖြင့် ခြောက်လှန့်ခံလိုက်ရသည် ။
ယခင်က ဝေ့ထင်၏ မျက်လုံးများသည် မည်သည့်အခါကမှ အေးစက်ခြင်းမရှိခဲ့ဘူးပေ ။ ဝေ့ထင် သူမအား ထိုကဲ့သို့ ကြည့်လာသည်မှာ ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည် ။
အဲ့တာက စုမုန့်ကြောင့်များလား ...
ဝေ့ရွှယ်သည် သူတို့၏ နောက်ကျောအား ကြည့်နေကာ အံကြိတ်နေခဲ့သည် ။ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် စုမုန့်ရောက်လာသည်နှင့် သူမအပေါ်
ဝေ့ထင်၏ အပြုအမူများ ပြောင်းလဲသွားခဲ့သည် ။
"သူမက တကယ်ကို ငါဘယ်လိုလုပ်လုပ် ခွာထုတ်ပစ်လို့မရတဲ့ စေးကပ်ကပ်သကြားလုံးလိုပဲ ..."
ဝေ့ရွှယ်သည် အသံတိုးတိုးဖြင့် ကျိန်ဆဲနေခဲ့သည် ။
တစ်ချိန်ထဲတွင်ပင် ထိန်းချုပ်ထားနိုင်ရန် သူမသည် အချိန်အနည်းငယ်လောက် ကိုယ့်ကိုယ်ကို နှစ်သိမ့်နေခဲ့သည် ။ စုမုန့် ဝေ့မိသားစုမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ အစီစဥ်များသည် ချက်ချင်းစတင်လိမ့်မည် ။ ထို့နောက် ၊ စုမုန့်သည် ဝေ့ထင်နှင့် အတူရှိနေချင်လျှင်တောင် သူသဘောတူလိမ့်မည်မဟုတ်တော့ပေ ။
' စုမုန့် ၊ ဝေ့မိသားစုထဲဝင်ဖို့ ရည်မှန်းချက်ကြီးနေတာက နင်တစ်ယောက်ထဲ မဟုတ်ဘူး ... ဘာတွေပဲ ဖြစ်လာပါစေ ဘယ်သူ့ကိုမှ နင်အပြစ်တင်နေလို့မရဘူး '
သူမ စုမုန့်အား သတိပေးထားခဲ့ပြီး ဖြစ်သည် ။ ဒါပေမယ့်သူမ နားမထောင်ခဲ့ပေ ။
ထိုနေရာတွင် မည်သူမှ မရှိသည်နှင့် ဝေ့ရွှယ်သည် သူမ၏ မုန်းတီးမှု နှင့် မနာလိုမှုတို့အား ဒီတစ်ကြိမ်တွင် ဖုန်းကွယ်မနေတော့ပေ ။ ထိုအရာတို့သည် သူမ၏ မျက်နှာပေါ်တွင် အကုန်ပေါ်လွင်နေခဲ့သည် ။တစ်ဖက်တွင်ရှိနေသော လုံခြုံရေးသည် ဝေခွဲမရဖြစ်နေခဲ့သည် ။ သူသည် ဝေ့ရွှယ်အား အပြုံးဖြင့် မေးလိုက်သည် ။
" ဒုတိယသခင်မလေး ဘာဖြစ်လို့လဲ ... အခက်အခဲတစ်ခုခုများရှိလို့လား ကျွန်တော့် အကူအညီများ လိုအပ်သေးလား .... "
ဝေ့ရွှယ် လုံခြုံရေးအား စိတ်မရှည်သလိုကြည့်လိုက်ကာ သူမ၏ ဒေါသအား တတ်နိုင်သမျှ ဖိနှိပ်ရန် ကြိုးစားလိုက်သည် ။
" ကျွန်မ အဆင်ပြေပါတယ် အနိုင်ကျင့်ခံရပြီးတော့ ဒီအတိုင်း ခံစားချက်မကောင်းလို့ပါ ...ရှင်သွားပြီး အလုပ်ပြန်လုပ်နေပါ ... "
" အနိုင်ကျင့်ခံရတာလား အဲ့ဒါက သခင်မလေးလုပ်တာလား ... "
သူသည် မဝံ့မရဲမေးလိုက်သည် ။
လုံခြုံရေးအစောင့်သည် စုမုန့်အား ' သခင်မလေး' ဟုခေါ်လိုက်သည်ကို ကြားရသောအခါ ဝေ့ရွှယ်သည် သူမ၏ မျက်နှာအမူအရာအား ပုံမှန်ဆက်မထိန်းထားနိုင်တော့ပေ ။ လုံခြုံရေးအစောင့်အား စိတ်ဆိုးမာန်ဆိုးကြည့်ကာ ဘာမှမပြောဘဲနေခဲ့သည် ။
လုံခြုံရေးသည်လည်း အကင်းပါးသောသူပင် ဖြစ်သည် ။ဝေ့ရွှယ်၏ တုံ့ပြန်ပုံအား သူမြင်လိုက်ရသောအခါ သူအမှားပြောလိုက်မိသည်ကို ချက်ချင်းသဘောပေါက်သွားခဲ့ပြီး စကားလုံးတို့အား ပြောင်းပြောလိုက်သည် ။
" ဒုတိယသခင်မလေး ကျွန်တော် ထုံထိုင်းသွားတာ ခွင့်လွှတ်ပါ ကျွန်တော့်အထင်တော့ မမလေးစု နဲ့ ဝေ့သခင်ငယ်လေးတို့က လုံးဝမလိုက်ဖက်ဘူး မမလေးစုက အခုထိ လိုအပ်ချက်ရှိနေတုန်းပဲ ... "
လုံခြုံရေးအစောင့်သည် သူ၏အနေအထားကိုသိပေသည် ။ သူသာ ဝေ့ရွှယ်ကို ကျေနပ်အောင်လုပ်ပေးချင်လျှင် သူပြောသောစကားများသည် စည်းကျော်နိုင်မည်မဟုတ်ပေ ။ သူ့အား ဝေ့ရွှယ်မှ အလုပ်ခန့်ခဲ့ခြင်းဖြစ်သည် ။ နောက်ဆုံး သက်တော်စောင့်သည် အလုပ်ဖြုတ်ခံခဲ့ရသည် ။ အဘယ်ကြောင့်ဆိုလျှင် သူသည် စုမုန့် နှင့် ရင်းနှီးစွာနေခဲ့သောကြောင့်ဖြစ်သည် ။
သေချာပေါက် ထိုစကားများကို ဝေ့ရွှယ်က သူ့ထံတိုက်ရိုက်ပြောခဲ့ခြင်းမရှိပေ ။ သို့သော် အမူအရာများကို ဘယ်လိုဖတ်ရမလဲ သူသဘောပေါက်သောကြောင့် ဝေ့ရွှယ်မပြောဘဲနှင့် ထိုအရာအားသူနားလည်နေခဲ့သည် ။
ဝေ့မိသားစုထဲတွင် စုမုန့်သဘောကျခြင်းမခံရသည်ကို လုံခြုံရေးအစောင့် သိနေခဲ့သောကြောင့် သူမအတွက် ခက်ခဲစေမည့်အရာများကို မသမာစွာ ပြုလုပ်ခဲ့သည် ။ ဝေ့ရွှယ်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းသည် ကိစ္စတစ်ခုဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင်တော့ ထိုကဲ့သို့လုပ်ရခြင်းမှာ အခြားရည်ရွယ်ချက်တစ်ခုရှိနေသေးသည် ။
လုံခြုံရေးအစောင့်သည် ဝေ့ရွှယ်အား ငေးစိုက်ကြည့်နေခဲ့ပြီး အကြည့်မလွှဲခဲ့ပေ ။
ပထမတွင် ဝေ့ရွှယ်ဂရုစိုက်မနေဘဲ လုံခြုံရေးအစောင့်ကို သူမအတွက် အမှန်တကယ်စိတ်ပူနေခြင်းဖြစ်မည်ဟုသာ တွေးခဲ့သည် ။ သို့သော် သူမစကားပြောပြီးသွားသည့်နောက်တွင် ထိုလုံခြုံရေးအစောင့်မှ အကြည့်လွှဲသွားခြင်းမရှိသေးပေ ။
ထိုလုံခြုံရေးအစောင့်သည် သူမအား အမှန်ပင် စိုက်ကြည့်နေရဲသည် ။ ဝေ့ရွှယ် သူမ၏ ရင်ထဲတွင် ကတောက်ကဆတ်ဖြစ်လာပြီး စိတ်မရှည်မှုများသည် မျက်နှာတွင် ဖော်ပြနေခဲ့ပြီး ဖြစ်သည် ။ သူမ သည်းမခံနိုင်စွာပင် ပြောလိုက်သည် ။
" ရှင် ဘာလို့စိုက်ကြည့်နေတာလဲ... "
ဝေ့ရွှယ်ဆီမှ မေးခွန်းထုတ်ခံရပြီးနောက်တွင် လုံခြုံရေးအစောင့်သည် အသိပြန်ဝင်သွားခဲ့သည် ။ ကြည့်ရသည်မှာ သူ၏ အပြုအမူများက မသင့်လျော်သွားကြောင်းကို သတိထားမိသွားပုံပေါ်ပြီး ခြောက်ကပ်ကပ်အပြုံးဖြင့် ရှင်းပြလိုက်သည် ။
" အဲ့ဒါ... ဒုတိယသခင်မလေးရဲ့ မျက်နှာမှာ ကျွန်တော်တစ်ခုခုတွေ့လိုက်လို့ပါ ကြည့်ရတာ ကျွန်တော်မျက်စိလျှမ်းသွားတဲ့ပုံပဲ ဒါပေမဲ့ ခဏလောက်ကြည့်ပြီးတော့ အဲ့ဒီမှာဘာမှရှိမနေတော့ဘူး ... "
ဝေ့ရွှယ် လုံခြုံရေး၏စကားအား သံသယမဝင်ခဲ့ပေ ။ သူမ၏ အာရုံများသည် ထွက်သွားသော ဝေ့ထင် နှင့် စုမုန့်ထံတွင်သာရှိနေခဲ့သည် ။ လုံခြုံရေး၏စကားတို့အား ကြားပြီးချိန်တွင် သူမနားလည်ကြောင်းပြကာ ထွက်သွားခဲ့သည် ။
ဝေ့ရွှယ်ထွက်သွားပြီးနောက်တွင် ထိုနေရာ၌ လုံခြုံရေးအစောင့် ရပ်နေဆဲဖြစ်ပြီး သူ၏ အမူအရာသည် အေးစက်နေပြီး မျက်လုံးများသည် မည်းမှောင်နေသည် ။ သူ၏ပုံစံသည် မကြာခင်က သူမအား မျက်နှာချိုသွေးနေခဲ့သော ပုံစံနှင့် လုံးဝကွဲပြားသွားသည် ။ အကယ်၍ ဝေ့ရွှယ်သာ သူ့အား ဤအခြေအနေတွင်တွေ့လိုက်ရလျှင် သူမကြောက်ရွံ့သွားနိုင်လောက်သည် ။
သူမ မြင်ကွင်းမှ မပျောက်ကွယ်သွားခင်အထိ သူမ၏ နောက်ကျောအား သူစိုက်ကြည့်နေခဲ့သည် ။ ထို့နောက်မှသာ လုံခြုံရေးစောင့်နေရာသို့ ပြန်လျှောက်သွားခဲ့သည် ။
စုမုန့်အား ဗီလာထဲသို့ ဝေ့ထင်ဆွဲခေါ်သွားခဲ့သည် ။ ပထမထပ်မှ လူများအား ရှောင်ရန် ဘေးဘက်အထပ်ထဲသို့ဆွဲခေါ်သွားခဲ့သည် ။ စုမုန့် နောက်လှည့်ကြည့်လိုက်သောအခါ ဝေ့ရွှယ်မရှိတော့သည်ကို တွေ့လိုက်ရသည် ။ သူမ ဝေ့ထင်၏ လက်အား ဖယ်ထုတ်လိုက်ချင်သော်လည်း ဝေ့ထင်သည် တင်းတင်းကြပ်ကြပ်ကိုင်ဆုပ်ထားခဲ့ပြီး မလွတ်မြောက်နိုင်ခဲ့ပေ ။
" မစ္စတာဝေ့ ရှင်လွှတ်ပေးဖို့ အချိန်ကျပြီ ကျွန်မတို့ အပြင်မှာလည်း ပြောလို့ရပါတယ် အထဲထိဝင်သွားဖို့ မလိုအပ်ဘူး ..."
စုမုန့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။
ဝေ့ထင်၏ ပင်ကိုယ်စရိုက်သည် ပြောင်းလဲလွယ်သည် ။သူမ၏ စကားများသည် သူ့အား ရန်စနေသကဲ့သို့ ဖြစ်နေလျှင် မည်သို့ဖြစ်မည်နည်း ။ သို့သော် အခန်းထဲတွင်တော့ သူမ ထွက်ပြေးချင်လျှင်တောင် ပြေးလို့မရပေ ။ သူမသည် သတ်ဖြတ်ခံရဖို့ကို စောင့်နေသော သိုးငယ်လေးကဲ့သို့ ဖြစ်နေပေလိမ့်မည် ။
မည်သို့ပင်ဖြစ်စေ စုမုန့်လွတ်မြောက်နိုင်မည့် အခွင့်လမ်းကို ဝေ့ထင်မပေးခဲ့ပေ ။ စုမုန့်၏လက်မောင်းအား ဆွဲလိုက်ပြီး ဒုတိယထပ်ရှိ အခန်းထဲသို့ ခေါ်သွားခဲ့သည် ။ အထဲသို့ ဝင်သွားပြီးနောက်တွင် သူတံခါးပိတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ စုမုန့်ကို စိုက်ကြည့်လိုက်သည် ။
" ဝေ့ထင် ရှင်နဲ့စကားပြောပါ့မယ်လို့ ကျွန်မကတိပေးထားတယ် ...ဒါပေမယ့် ရှင့်အခန်းထဲမှာ ပြောပါ့မယ်လို့တော့ ကတိမပေးထားဘူး ...ကျွန်မတို့ အပြင်မှာ ပြောလို့ရတယ် ..."
စုမုန့် ဝေ့ထင်၏ အခန်းအား ကြည့်လိုက်သည် ။ ပြင်ဆင်ပုံများသည် သူမ ထွက်သွားသည့်အချိန်ကနှင့် အတူတူပဲ ဖြစ်သည် ။ စားပွဲ ၊ အိပ်ယာ ၊ အခြားမရှိမဖြစ်အသုံးအဆောင်များမှလွဲ၍ အခန်းထဲ၌ တစ်ခြားဘာမှမရှိပေ ။ တစ်ခန်းလုံးသည် အေးမြသောအရောင်ဖြစ်ပြီး အေးစက်ပြီး ကွဲပြားပုံပေါ်သည် ။
အခန်း၏ ပြင်ဆင်ပုံအား စုမုန့်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် အေးစက်စွာ လှောင်ပြောင်နေမိသည် ။ ဤအခန်းထဲတွင် ယခင်က ဝေ့ရွှယ်ရှိခဲ့ဖူးလောက်သည် ။ ဝေ့ထင်သည် အမှန်တကယ်ကို ဟန်ဆောင်ကောင်းပေသည် ။
" ထိုင် "
စုမုန့်ထိုင်ရန် ဝေ့ထင်လက်ဟန်အမူအရာဖြင့် ပြလိုက်သည် ။သို့သော် စုမုန့် လုံးဝမရွေ့ချေ ။ သူမသည် သူ့အား ဒီအတိုင်း ကွဲပြားစွာကြည့်နေခဲ့သည် ။
" ကျွန်မက ရှင်းရှင်းလင်းလင်းကြိုက်တဲ့သူပဲ ရှင့်မှာ ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ပြောသာပြောချလိုက် အခွင့်အရေးကို လွတ်သွားရင် အနာဂတ်မှာ ကျွန်မ နဲ့စကားထပ်ပြောဖို့ ရှင့်မှာအခွင့်အရေးမရှိတော့ဘူး... "
စုမုန့်၏ မျက်နှာသည် အေးစက်နေခဲ့သည် ။ သူမ၏ လက်ထဲတွင် ရှောင်ပိုင်အား ပွေ့ထားကာ အခန်းအလယ်တွင် ဘာမှထိတွေ့လိုခြင်းမရှိသကဲ့သို့ ရပ်နေခဲ့သည် ။
သူမ ဝေ့ထင်အား ဤအခွင့်အရေးကို ပေးခဲ့ခြင်းသည် ကားမတော်တဆမှုကြောင့်သာဖြစ်သည် ။ ဝေ့ထင်တွင် ကျယ်ပြန့်သော ကွန်ရက်ရှိပြီး သူသာလိုချင်လျှင် မည့်သည့်အရာမဆို အလွယ်တကူ စုံစမ်းနိုင်သည်ကို သူမသိသည် ။ ဤနေရာတွင် သူ့အား သူမလုံးဝမယှဥ်ပြိုင်နိုင်ပေ ။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် အချက်အလက်များ လဲလှယ်လိုက်ပါက ညီမျှပေလိမ့်မည် ။ ထိုအရာသည် မျှတမှုရှိပေသည် ။
စုမုန့် နည်းနည်းမှ မလှုပ်သလို ဝေ့ထင်လည်း ထို့အတူပင် ဖြစ်သည် ။ သူ တံခါးအရှေ့တွင်သာရပ်နေခဲ့ပြီး စုမုန့်အား မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည် ။
" ငါနဲ့လုပ်ရမယ့်အရာတွေကို မင်းတကယ်ပဲ မုန်းနေတာလား ...."
ဝေ့ထင် နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည် ။ဝေ့ထင်၏ စကားလုံးများအား ကြားရသောအခါ စုမုန့်အံကြိတ်ထားမိသည် ။
" ကျွန်မက ရှင့်ကို စက်ဆုပ်နေတာလား ... ရှင်ကသာ ကျွန်မကို စက်ဆုပ်နေပြီး ကျွန်မနဲ့ခပ်ဝေးဝေးမှာ နေချင်တာမဟုတ်ဘူးလား ...ရှင်နဲ့သက်ဆိုင်တာ မှန်သမျှ ကျွန်မထိမှာမဟုတ်ဘူး ...အဲ့ဒါကို ရှင်ဘာမကျေမနပ်ဖြစ်နေသေးတာလဲ ..."
" မင်းကို ငါနဲ့ ဝေးဝေးမှာနေဖို့ ငါဘယ်တုန်းက ပြောခဲ့မိလို့လဲ ..."
ဝေ့ထင် မျက်မှောင်ကြုတ်လိုက်သည် ။
" ရှင်တိုက်ရိုက်တော့ မပြောခဲ့ပါဘူး ...ဒါပေမယ့် အဲ့ဒီလိုမတွေးခဲ့ပါဘူးလို့ရော ရှင်ပြောရဲလား ...ရှင့်ရဲ့ နှလုံးသားထဲမှာ ကျွန်မကို အတော်လေး စက်ဆုပ်နေပြီးသားဖြစ်နေမှာကိုတောင် ကြောက်ရတယ် ... "
စုမုန့် အေးစက်စွာပြောလိုက်သည် ။စုမုန့် ဘာတွေတွေးနေလဲဆိုသည်ကို ဝေ့ထင်မသိခဲ့ပေ ။ သူခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် စုမုန့်အားကြည့်ကာ ပြောလိုက်သည် ။
" ငါမင်းကို ဘယ်တော့မှ မမုန်းခဲ့ဘူး ...ပြီးတော့ မင်းငါနဲ့ ဝေးဝေးမှာ နေမှာကိုလည်း ငါဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးဘူး ...ငါအခုလည်း မတွေးခဲ့သလို အတိတ်မှာတုန်းကလည်း မတွေးခဲ့ဖူးဘူး ..."
သူပြောခဲ့ပြီးနောက်တွင် အမှန်တရားများပြောနေသကဲ့သို့ ဝေ့ထင်၏ အမူအရာသည် အလွန်အလေးအနက်ဖြစ်နေခဲ့သည် ။
အကယ်၍ အတိတ်ဘဝတွင် စုမုန့်၌ အတွေ့အကြုံများစွာမရှိခဲ့ပါက ဝေ့ထင်၏ အမူအရာကြောင့် သူမလှည့်စားခံနေရလောက်သည် ။
ဘယ်လိုတောင် သနားစရာကောင်းလိုက်သနည်း ။သူမ မသေခင်က ဘာဖြစ်ခဲ့လဲ ဆိုသည်ကို တွေးမိပြီး စုမုန့်စိတ်ငြိမ်သွားခဲ့သည် ။ ထိုယောကျ်ား၏ ပါးစပ်ထဲတွင် ဝိညာဥ်ရှိနေသည်ကိုပင် သူမ ယုံလိုက်ဦးမည် ။ သူမ၏ အတိတ်အကြောင်း တွေးလိုက်သောအခါတွင် သူမရုတ်တရက် ရှင်းလင်းစွာ တွေးခေါ်နိုင်သွားသည် ။
xxxxxx